Monday, December 1, 2008

သုံရာစုက ဘ၀ပုံရိပ်(၁၂)

ကျွန်ပ်ကို အမှီပြုပြီး ပါဏာတိပါတကံ ဖြစ်လာပါတယ်၊ ဒီ အကုသိုလ်ကံဟာ ကျွန်ပ်၌ ဖြစ်မဖြစ်ဆိုတာကို သိချင်ပါတယ်” ဟု တိန်ခါညင်က မေးသောအခါ ဘုရားအလောင်းရသေ့က “ တိန်ညင်ခါ……သင့်မှာ ခါများကို သတ်လိုသည့်စိတ်၊ စေတနာ မရှိဘူးဆိုလျှင် သင့်စိတ်ဟာ အကုသိုလ်မှာ မကပ်ငြိဘူး၊ သင့်မှာ အကုသိုလ်ဖြစ်ဘူး” ဟု မိန့်တော်မူ၍ တိန်ညင်ခါ ဇာတ်ကို ဟောတော်မူခဲ့ပါသည်။
ဤသို့ဖြင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်၏ တရားဟောပြမှုကြောင့် တုံလှုပ်ခြောက်ခြား၍့ မတည်မငြိမ် ဖြစ်နေသော ကျွန်ပ်သည် စိတ်ရွှင်လန်းတက်ကြွကာ တည်ငြိမ်မှုများဖြစ်လာကာ စိတ်သက်သာရာ ရခဲ့ပါတော့သည်။
သို့နှင့် ကျွန်ပ်၏ ကျေးဇူးရှင်ဆရာ တစ်ဆူဖြစ်တော်မူသည့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မဟာထေရ်အား ဥယျာဉ်တော်အတွင်း စိတ်ချမ်းသာစွာ သီတင်းသုံးတော်မူပါရန် ပင့်လျှောက်လိုက်ပါသည်။ မထေရ်သည် ဆိတ်ဆိတ်နေခြင်းဖြင့် ပင့်လျှောက်ချက်ကို လက်ခံတော်မူကာ ကျွန်ပ်၏ ဥယျာဉ်တော်တွင် သီတင်းသုံးတော်မူခဲ့ပါသည်။

ဥယျာဉ်တော်အတွင်း သီတင်းသုံးတော်မူစဉ် ထိုမဟာထေရ်သည် ကျွန်ပ်အား မြတ်စွာဘုရား၏ အယူကို ခုနှစ်ရက်တိုင်အောင် သင်ယူစေ ခဲ့ပါသည်။ ထိုသို့ ကျွန်ပ်သည် မြတ်စွာဘုရား၏ အယူကို သင်ယူရာ ခုနှစ်ရက်မြောက်နေ့တွင် ဘာသာအယူဝါဒနှင့်ပတ်သက်ပြီး မည်သည့်ဝါဒကအမှန် မည်သည့်ဝါဒက အမှား ဆိုသည်ကို ဝေဖန်တတ်လာပါတော့သည်။ သို့နှင့် ခုနှစ်ရက်မြောက်နေ့သို့ ရောက်သောအခါ မဟာထေရ်၏ စီစဉ်ညွန်ကြားမှုကို ခံယူ၍ ရဟန်းသံဃာတော်များအား အသောကာရာမကျောင်းတော်တွင် စုဝေးနိုင်ကြစေရန် ကျွန်ပ်ကတဆင့် လိမ်မာကျွမ်းကျင်သော အမတ်များကို ခိုင်းလိုက်ပါသည်။ ထိုအမတ်တို့၏ ဆောင်ရွက်ချက်အရ အသောကာရာမကျောင်းတော်တွင် ရဟန်းသံဃာတော်များကို စုဝေးစေပါသည်။
အသောကာရာမကျောင်းအတွင်း သတ်မှတ်ထားသည့်နေရာ၌ ရဟန်းသံဃာတော်များ စုဝေးရောက်ရှိတော်မူကြသောအခါ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမဟာထေရ်နှင့် ကျွန်ပ် တို့ နှစ်ဦးက ကန့်လာကာ အတွင်းတွင် နေရာယူကြပြီး အယူဝါဒချင်းတူညီကြသည့် ရဟန်းများကို အုပ်စုအလိုက်ခွဲထားလိုက်ပါသည်။ ဤသို့ဖြင့် အုပ်စုအလိုက် ရဟန်းတော်များအား မြတ်စွာဘုရားသည် အဘယ်အယူရှိသနည်း ဟု မေးလျှောက်ပါသည်။
ထိုအခါ တိတ္ထိရဟန်းတို့အနက် တစ်ချို့ရဟန်းတုများက “ ဘုရားရှင်က မြဲ တယ် ဟု အယူရှိပါတယ်” ဟု ပြောကြကုန်၏။ တစ်ချို့ရဟန်းများက “ ဘုရားရှင်က တစ်ချို့သတ္တ၀ါတို့သာ မြဲတယ် ဟု အယူရှိပါတယ်” ဟု ပြောကြ၏။ တစ်ချို့ရဟန်းတို့က “ဘုရားရှင်က အဆုံးလည်းရှိတယ်၊ တစ်ချို့လည်း အဆုံးမရှိ ဟု အယူရှိပါတယ်” ဟု ပြောကြ၏။ တစ်ချို့ရဟန်းများက “ ဘုရားရှင်ဟာ အမရာဆိုတဲ့ ငါးလို မစွဲမမြဲသော အယူ ရှိပါတယ်” လို့ ပြောကြကုန်၏။ တစ်ချို့ရဟန်းများက “ ဘုရားရှင်ဟာ အကြောင်းကင်းသော အယူရှိပါတယ်” ဟု ပြောကြကုန်၏။ တစ်ချို့ရဟန်းများက “ဘုရားရှင်ဟာ သညာ ရှိတယ်လို့ အယူရှိပါတယ်” ဟု ဖြေကြကုန်၏။တစ်ချို့ရဟန်းများက “ဘုရားရှင်ဟာ သညာ မရှိ ဘူး ဆိုတဲ့ အယူ ရှိပါတယ်” ဟုဖြေကြကုန်၏။ တစ်ချို့ရဟန်းများက “ ဘုရားရှင်ဟာ သညာရှိတာလည်း မဟုတ်၊သညာ မရှိတာလည်း မဟုတ် ဆိုတဲ့ အယူရှိပါတယ်” ဟု အသီးသီး ဖြေကြလေသည်။
ထိုအခါ ကျွန်ပ်သည် မထေရ်ထံမှ မြတ်စွာဘုရား၏ အယူကို သင်ယူခဲ့သည့်အတွက် တိတ္ထိရဟန်းများ ဖြေကြားချက်များ အယူမှားနေသည်ကိုကောင်းစွာ သိခဲ့ပါသည်။ ရဟန်းယောင်ဆောင်ထားသည့် တိတ္ထိများကို ခွဲခြားနိုင်ခဲ့ကာ တိတ္ထိရဟန်းများကို လူထွက်စေခဲ့ ပါသည်။ ထိုသို့ လူထွက်စေရာတွင်လည်း အကြမ်းနည်းဖြင့် လူမထွက်စေဘဲ၊ လွတ်လပ်၍ လူမှုရေးသဘောပါသည့် အပြုအမူတို့ဖြင့် ပြုမူ ပြောဆိုကာ လူထွက်စေခဲ့ပါသည်။
ထိုစဉ်က အယူဝါဒမတူသည့်အတွက် (ဘုရားရှင်အယူဝါဒနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည့်အတွက်)လူထွက်ရသည့် ရဟန်း များမှာ (၆၀၀၀၀) ခြောက်သောင်းခန့်ရှိပါသည်။ ဤနေရာတွင် ဘုရားရှင်ဝါဒမှတစ်ပါး တစ်ခြားအယူဝါဒကို ယူကြသည့်သူများကိုလည်း ကဲ့ရဲ့ရှုတ်ချသည့်သဘော မသက်ဝင်စေရန် အထူးသတိထားကာ ဘာသာခြားအယူဝါဒရှိသူများကိုလည်း အားပေးချီးမြောက်ခဲ့ပါသည်။
ထိုကဲ့သို့ သာသနာ့သန့်ရှင်းရေးပြီးသည်မှနောက်၌ သာသနာတော်အတွင်း ရဟန်းစစ်ရဟန်းကောင်းများသည် ညီညွတ်စွာ ဥပုသ်ပြုတော်မူနိုင်ကြလေတော့သည်။ သံဃာတော်များ ချမ်းသာစွာ ဥပုသ်ပြုနိုင်ကြသည့်အတွက် အတိုင်းမသိ ၀မ်းမြောက်ပီတိဖြစ်ခဲ့ရသူကား အကျွန်ပ် အသောက ဖြစ်ပါသည်။ ပိုသည်ဟု ဆိုချင်ဆိုတော့ ထိုစဉ်က ကျွန်ပ်၏ ရင်တွင်းကြည်နူးမှု ပီတိသည် ဗြဟ္မပြည်ကဗြဟ္မာများ၏ ပီတိ ထက်အဆတစ်ရာမက ပို၍သာသည် ဟု တင်စားလိုက်ချင်တော့သည်။
တတိယသင်္ဂယနာတင်တော်မူကြခြင်း
သို့နှင့် သာသနာတော်အတွင်း ရဟန်းကောင်းတို့ဖြင့် ပြန်လည်ဝေစည်လာခဲ့ရာ ထိုစဉ်က ဥပုသ်ပြုသော ရဟန်းသံဃာတော် များ၏ အရေအတွက်မှာ (၆၀၀၀၀၀) ခြောက်သိန်းခန့် ရှိသည်ဟု သိခဲ့ရသည့်အတွက် ကျွန်ပ်ဝမ်းသာခဲ့ရပါသည်။ ဤသို့ဖြင့် အသောကာရာမကျောင်းတော်ကြီးသည် ရဟန်းကောင်းတို့ဖြင့် ပြန်လည် ဦမော့လာခဲ့သည်ဟု ပြောလျှင် မှားမည်မထင်ပေ။
တစ်နေ့သ၌ အိန္ဒိယသာသနာတော်အရေး တွေးကာ စိတ်မအေးဖြစ်နေသည့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမဟာထေရ်သည် သာသနာတော်နောင်ရေး စိတ်အေးစေရန် ဆောင်ရွက်မှ ဖြစ်တော့မည် ဟု နှလုံးသွင်းကာ သာသနာတော်ကြီးအရှည်တည်တံ့စေရန် ရဟန်းကောင်းများကို ပင့်ခေါ်စေခဲ့ပါသည်။ ကိစ္စကား တတိယသင်္ဂါယနာတင်ရေး ဆွေးနွေးတိုင်ပင်တော်မူကြရန်ဖြစ်သည်။ ထိုစဉ်က ဆွေးနွေးပွဲကြီးတွင် ရဟန်းသံဃာတော်များချည်းမဟုတ်၊ တတ်နိုင်သည့်ဖက်က လိုအပ်လျှင် လိုအပ်သလို ဆောင် ရွက်နိုင်စေရန် အကျွန်ပ် အသောကလည်း သာသနာ့ဒါယကာအနေဖြင့် ပါဝင်ခဲ့ပါသည်။ အရှင်မဟာမောဂ္ဂလိပုတ္တ တိဿမထေရ်က “အရှင်မြတ်တို့ဘုရား…နောင်တွင် သာသနာ တော် အရှည်တည်တံ့နိုင်ရန်အတွက် ယခုအချိန်မှာ တတိယသင်္ဂါယနာ တင်ဖို့ သင့်နေပါပြီ အရှင်မြတ်များဘုရား..” ဟု စတင်ဆွေးနွေးတော်မူရာ သံဃာတော်များကလည်း အရှင်မဟာမောဂ္ဂလိပုတ္တတိဿမဟာထေရ်၏ အဆိုကို ၀ိုင်းဝန်းထောက်ခံမဲပေးတော်မူခဲ့ကြသည့်အတွက် တတိယသင်္ဂါယနာတင်ရန် ရာနှုန်းပြည့်သေချာသလောက် ရှိခဲ့ပါပြီ။ သင်္ဂါယနာတင်တော်မူကြရာ၌ သံဃာတော်များအတွက် လိုအပ်နေသည်ကား ဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေး ပစ္စည်းလေးပါးဖြစ်သည် ။ ထိုကိစ္စကို ဆရာ/ဒကာ ဆက်လက်တိုင်ပင်ကြရာ ..
ကျွန်ပ်က “ အရှင်မြတ်များဘုရား….တတိယသင်္ဂါယနာပွဲတော်ကျင်းပနိုင်ရေး အားပေးကူညီကြသည့် သံဃာတော်များအတွက် ပစ္စည်းလေးပါး ကို တပည့်တော် အသောကမင်းက တာဝန်ယူပါတယ် အရှင်မြတ်တို့ဘုရား….” ဟု ၀မ်းသာအားရစွာနှင့် သံဃာတော်များအား လျှောက်ထားခဲ့ပါသည်။ ဤသို့ဖြင့် ကျွန်ပ်သည် သင်္ဂါယနာတင်ပွဲအတွက် လိုအပ်သည့် ပစ္စည်းလေးပါးကို တာဝန်ယူခဲ့ပါသည်။
“ သာသနာတော်အတွက် သည်လို ထောက်ပံ့နိုင်တဲ့ အခွင့်အရေးရဖို့ရာ တစ်ခောတ်မှာတစ်ယောက် အခွင့်အရေး ရဖို့မလွယ်ဘူး” ဟုတွေးကာ တစိမ့်စိမ့်တွေးရင်း ပီတိဖြာဝေနေခဲ့ရသူကား ကျွန်ပ် အသောက ပဲဖြစ်မည် ဟု ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အသိပေးချင်နေမိပါတော့သည်။
ထိုဆွေးနွေးပွဲတွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမဟာထေရ်သည် စုစည်းမိသည့် ရဟန်းကောင်းများ ခြောက်သိန်းအနက် ပိဋကတ်သုံးပုံအာဂုံဆောင်သည့် ပဋိသမ္ဘိဒါပတ္တ တေ၀ိဇ္ဇ ဖြစ်ကုန်သော ရဟန္တာ တစ်ထောင်တို့ကို စီစစ်ရွေးချယ်တော်မူခဲ့ပါသည်။ ကျွန်ပ်လည်း သံဃာတော်များ တတိယသင်္ဂါယနာတင်ရာတော်မူကြရာတွင် ချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်ကြစေရန် အတွက် သီးသန့် ကျောင်းဆောင်များကို အမတ်များအား ဆောက်လုပ်စေခဲ့ပါသည်။
သို့နှင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မဟာထေရ် အမှူးပြု၍ ပဋိသမ္ဘိဒါပတ္တ တေ၀ိဇ္ဇ ရဟန္တာများတစ်ထောင်တို့ဖြင့် တတိယသင်္ဂါယနာတင်ပွဲကြီးကို သာသနာတော်နှစ်(၂၃၄)ခု၊ ပြာသိုလပြည့်နေ့မှ စတင်ကျင်းပတော်မူခဲ့ကြရာ သာသနာတော်နှစ်(၂၃၅)ခု၊ သီတင်းကျွတ်လပြည့်နေ့တွင် အောင်မြင်စွာ ပြီးစီးခဲ့ပါတော့သည်။ ထိုသင်္ဂါယနာတင်ပွဲကြီးတွင် ၀ါဒအမျိုးမျိုးတို့ကို ဖြေရှင်းနှိမ်နင်းပေးနိုင်သော “ကထာဝတ္ထုပါဠိတော်” ကို အရှင်မဟာမောဂ္ဂလိပုတ္တတိဿက ဟောပြတော်မူခဲ့ပါသည်။
တတိယသင်္ဂါယနာတင်ပွဲကြီး ပြီးဆုံးခြင်းသို့ ရောက်သည်နှင့် တပြိုင်နက် ပထ၀ီမြေကြီး အသက်ရှိသကဲ့သို့ အကြိမ်ကြိမ် လှုပ်လေတော့သည်။
ဤသို့ဖြင့်တတိယသင်္ဂါယနာတင်ပွဲကြီး ကျင်းပခဲ့သည်မှာ (၉) ကိုးလတိုင်တိုင် ကြာမြင့်ခဲ့ပါသည်။ ( ရာဇ၀င်ကြီးက သာသာနာတော်နှစ်၂၃၆ ခုတွင် သင်္ဂါယနာတင်သည်ဟုဆိုလေ၏)။
တတိယသင်္ဂါယနာတင်ပွဲကြီး ပြီးဆုံးပြီ ဖြစ်သောကြောင့် ကျွန်ပ်ကား သာသနာတော်အတွက် လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါ သည်။ သို့သော်လည်း တာရှည်ဝမ်းမြောက်ခွင့်မရလိုက်ပါ။ အကြောင်းကား ကျွန်ပ်သည် မဇ္ဈိမဒေသတွင် ဗုဒ္ဓဘာသာအန္တရာယ်များ ၀န်းရံလျှက် ရှိနေသည်ကို တွေ့မြင်နေရ၍ ဖြစ်သည်။ ယခင်ကတည်းက ကျွန်ပ်၏ မဇ္ဈိမဒေသတွင် ဂျိန်းဘာသာ၊ ဗြဟ္မဏဘာသာတို့ အင်အားကောင်းခဲ့ကာ မိရိုးဖလာ အစဉ်အဆက်က အရိုးစွဲနေခဲ့ကြသည်။ တစ်နေ့နေ့တွင် ပြန်လည်ဦးမော့လာနိုင်သည်မှာ ယုံမှားဖွယ်မရှိပေ။
ကျွန်ပ် ဘုန်းတန်ခိုးအရှိန်အ၀ါ တောက်နေသည့်အချိန်တွင် အခြားဘာသာတို့သည် ပါဋလိပုတ်ပြည်နား မကပ်နိုင်သော်ငြားလည်း ဝေသာလီ၊ ရာဇဂြိုလ်၊သာဝတ္ထိ၊နာလန္ဒ၊မထုရာစသည့် မြို့ကြီးများတွင် ခြေကုတ်ယူထားကြသည်ကို ကျွန်ပ်ကောင်းကောင်းကြီး သိပါသည်။
ထို့ပြင် ကျွန်ပ်၏ နန်းတော်တွင် ဂျိန်းဘာသာဝင်၊ဗြဟ္မဏဘာသာဝင်အမတ်ကြီး တစ်ချို့ရှိနေကြပါသည်။ ထို့ကြောင့် နန်းတွင်းသာမက မြို့တွင်းပါမကျန် “ သတ္တ၀ါတို့ကို သတ်ဖြတ်၍ ယဇ်နတ်မပူဇော်ရ” ဟု အမိန့်ထုတ်ထားရပါသည်။ ထိုကဲ့သို့ အမိန့်ထုတ်ထားသောကြောင့် ဗြဟ္မဏဟိန္ဒူဘာသာဝင်တို့အား လည်ပင်းညစ်သကဲ့ ဖြစ်နေသော်လည်း မတတ်နိုင်ပေ၊ ကျွန်ပ်၏ တိုင်းနိုင်ငံအတွင်း ဗုဒ္ဓဘာသာထွန်းကားဖို့ရန်မှာ အဓိကပင် မဟုတ်ပါလော။ ဘာသာခြားများသည် ကျွန်ပ် သေမည့်ရက်ကို လက်ချိုးရေတွက်နေမည်မှာ သေချာလောက်သည်။ ကျွန်ပ် မရှိမှသာ သူတို့ အယူဝါဒကို လွပ်လပ်စွာ ထုတ်ဖေါ်ခွင့် ရကြမည်ကိုး…..။
ထို့ထက် ကြောက်စရာကောင်းသည်မှာ နန်းတော်အတွင်းတွင် ဂျိန်းဘာသာဝင် အမတ်ကြီးများ၊ ဗြဟ္မဏ ဘာသာဝင်အမတ်ကြီးများရှိနေကြခြင်းပင် ဖြစ်သည်။ သူတို့သည် နောင်တွင် ဘုရင်ဖြစ်နိုင်လောက်သည်ဟု မှတ်ထင်ရသည့် မင်းသားများအား သူတို့အယူဝါဒသို့ သိမ်းသွင်းနေကြသည်။ သာသနာတော်၏ နောင်ရေးကား ရတက်မအေးဘွယ်ရာ ဖြစ်နေပါတော့သည်။
ကိုးတိုင်းကိုးဌာနသို့ သာသနာပြုစေလွတ်တော်မူခြင်း
အရှင်မဟာမောဂ္ဂလိပုတ္တတိဿမဟာထေရ်သည် တတိယသင်္ဂါယနာတင်သည့် ကိစ္စကို ဆောင်ရွက်တော်မူပြီးနောက် အနားယူရန် မဖြစ်သေး။ ဘာ့ကြောင့်နည်း…နောင်သောအခါ သာသနာတော်သည် မည်သည့်အရပ်တွင် တည်နိုင်မည်နည်း ဟု ဆင်ခြင်တော်မူရပါသေး သည်။ ထိုအခါ သာသနာတော်သည် ပစ္စန္တဇနပုဒ်တို့တွင် သာသနာတည် လိမ့်မည် ဟု သိမြင်တော်မူသည်ဖြစ်၍
ပစ္စန္တဇနပုဒ်ဖြစ်သော ကိုးတိုင်း ကိုးဌာနသို့ အမြော်အမြင်ကြီးစွာဖြင့် သာသနာတော် (၂၃၅)ခုနှစ်တွင် သာသနာပြုစေလွတ်တော်မူခဲ့ပါသည်။
ထိုသို့သာသနာပြု စေလွတ်တော်မူရာတွင်…. တစ်နေရာကို ရဟန်းတော်များ ငါးပါးစီ စေလွတ်တော်မူခဲ့ပါသည်။ ထိုကိုးဌာတို့အနက်….
(၁) မဇ္ဈန္တိကမထေရ်ဦးဆောင်သည့်အဖွဲ့သည် ကသ္မီရနှင့် ဂန္ဓာရတိုင်းသို့ ကြွတော်မူခဲ့ကြပါသည်။ (ကသ္မီရမှာ ယခု ကသ္မီရနှင့် ကာဗုလ် ဒေသဖြစ်၍ ပန်ဂျပ်နယ်မြောက်ပိုင်း၊ ပက်ရှဝါနှင့် ရာဝဲလ်ပင်ဒီ)။
(၂) မဟာဒေ၀မထေရ် ဦးဆောင်သည့်အဖွဲ့ကမဟိံသကမဏ္ဍလ (ယခု မိုင်ဆိုလ်နယ်)။
(၃) ရက္ခိတမထေရ် ဦးဆောင်သည့်အဖွဲ့က ၀န၀ါသီတိုင်း (ယခု တမီလ်စသည် အိန္ဒိယတောင်ပိုင်း)။
(၄) ယောနကဓမ္မရက္ခိတမထေရ် ဦးဆောင်သည့်အဖွဲ့က အပရန္တကတိုင်း( ယခု မြောက်ပိုင်း ဂူဂျရန်၊ ကတ္တိဝါ၊ကတ်ခ်ျနှင့် သိန္ဒုနယ်များ)။
(၅) မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်သည့်အဖွဲ့က မဟာရဋ္ဌတိုင်း (ယခု ဘုံဘေနယ်)။
(၆) မဟာရက္ခိတမထေရ် ဦးဆောင်သည့်အဖွဲ့က ယောနကတိုင်း (ယခု ဂရိ၊ ပါသီယန်၊တူရကီနိုင်ငံ)။
(၇) မဇ္ဈိမ်မထေရ် ဦးဆောင်သည့်အဖွဲ့က ဟိမ၀န္တာအရပ်။
(၈) သောဏမထေရ် နှင့် ဥတ္တရမထေရ် ဦးဆောင်သည့်အဖွဲ့က သုဝဏ္ဏဘူမိ (ယခုခေတ် သထုံပြည်၊ ဆူမတ်တရား၊ ဂျာဗားကျွန်း၊စင်္ကာာပူ စသည်)။
(၉) မဟိန္ဒမထေရ် ဦးဆောင်သည့်အဖွဲ့က တမ္ဗဒီပတိုင်း (ယခု သီဟိုဠ်) တို့သို့ အသီးသီး သာသနာပြု စေလွတ်တော်မူခဲ့ပါသည်။
ထိုစဉ်က ဆောင်ရွက်ချက်အရ သီရိလင်္ကာ(သီဟိုဠ်ကျွန်း)နှင့် (သုဝဏ္ဏဘူမိ)သထုံပြည်သို့ ရောက်ရှိလာသော သာသနာတော်သည် ယခုတိုင်အောင် ခိုင်မာစွာ ရပ်တည်လျှက်ရှိနေပါသေးသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More