This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ဆောင်းပါး. Show all posts

Thursday, October 7, 2010

ရဟန်းဘ၀အမြင်

“အရှင်ဘုရား…..တပည့်တော်တို့မှာတော့ စားဝတ်နေရေးအတွက်ရှာဖွေရတာ နေ့စဉ်မိုးသောက်ပါပဲ၊ မျက်စိနှစ်လုံးပွင့်လာက တည်းက ရှာဖွေကြရပါတယ်။ဒီလိုရှာဖွေရတဲ့အခါမှာ အဆင်ပြေတဲ့အခါဆိုတော်ပါရဲ့ဘုရား၊ အလုပ်အကိုင်အဆင်မပြေတဲ့အခါမျိုးဆိုရင် စိတ်ဖိစီးမှုတွေ၊စိတ်ဆင်းရဲမှုတွေနဲ့ များစွာကြုံရပါတယ်ဘုရား၊ ဒါကြောင့်လဲ ပြည်ပမှာအချို့သူများဟာ စိတ်ဖိစီးမှုများတဲ့အတွက် မခံနိုင်လို့ ထွက်ပေါက်အဖြစ် ကိုယ့်ကိုယ်ကို သတ်သေကြတဲ့အထိတောင်ဖြစ်ကြရတယ်ဘုရား။ဒါဟာ လူသားတွေရဲ့ နေ့စဉ် တွေ့ကြုံရတဲ့ ပရိယေသန ဒုက္ခတွေပါဘုရား၊ အရှင်ဘုရားတို့မှာတော့ အေးဆေးလိုက်တာ အချိန်ကျရင် ဆွမ်းက အဆင်သင့်ပဲ၊ စားဝတ်နေရေးအတွက် ပူစရာမလိုဘူး လို့ထင်ပါတယ်ဘုရား။ တပည့်တော်တို့နဲ့နှိုင်းယှဉ်ရင် အရှင်ဘုရားတို့ရဲ့ရဟန်းဘ၀ဟာ အေးချမ်းလှပါတယ်ဘုရား” ။

အထက်ပါစကားများဟာ ပြည်ပနိုင်ငံမှာ အလုပ်လုပ်နေရှာတဲ့ ရင်းနှီးတဲ့အမျိုးသမီးတစ်ဦးထံက အီးမေးလ်ပို့လာတဲ့ စာထဲမှ အချို့ဖြစ်ပါတယ်။ လူ့ဘ၀နဲ့ရဟန်းဘ၀ဟာ မတူညီတာမှန်ပေမဲ့လို့ လူ့ဘ၀အနေတတ်ရင် အထက်တန်းရောက်နိုင်သလို၊ ရဟန်းဘ၀မှာ မနေတတ်ရင် အဆင့်အတန်းနိမ့်ကျပြီး အပါယ်ငရဲကျရောက်ရပါလိမ့်မယ်။ တကယ်တော့ ရဟန်းဘ၀ဆိုတာ စားဝတ်နေရေးအတွက် ပင်ပင်ပမ်းပမ်းမရှာဖွေရဘူး ဆိုပေမဲ့ ဓါးသွားပေါ်လမ်းလျှောက်နေရတဲ့ဘ၀ အနေခက်လှတယ်ဆိုတာ သိစေချင်ပါတယ်။ ရဟန်းတို့စောင့်ထိန်းရတဲ့ သီလကိုကြည့်မယ်ဆိုရင် သိက္ခပုဒ်ပေါင်း ၂၂၇ပုဒ်ရှိတဲ့အပြင် အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော်ရှိပါ တယ်။ ဒီသိက္ခာပုဒ်တွေကို သတိကြီးစွာထားပြီး စောင့်ထိန်းကြရပါတယ်။ စာဖတ်သူများသိအောင် ရဟန်းဘ၀အမြင်ကို တင်ပြပေးလိုပါတယ်။
အခါတစ်ပါး ဘုရားရှင်ဟာ ရဟန်းသံဃာတော်များနဲ့အတူ ကုရုတိုင်းကြီးအတွင်း ဒေသစာရီကြွချီတော်မူခဲ့ရာ ကုရုတိုင်းသူ-တိုင်းသားတို့နေထိုင်ရာ ထုလ္လကောဌိက နိဂုံးကြီးတစ်ရွာကို ရောက်ရှိတော်မူပါတယ်။ ဘုရားရှင်ဟာ နောက်ပါသံဃာတော်များစွာနဲ့အတူ ထိုနိဂုံးရွာကြီးရဲ့မနီးမဝေး တောအုပ်ကြီးအတွင်း သီတင်းသုံးနေတော်မူပါတယ်။ ဘုရားရှင်ဟာ ခရီးတစ်ခုကို ကြွတော်မူတယ်ဆိုတာ အကြောင်းရှိလို့သာကြွတာပါ၊ အကြောင်းမဲ့မကြွတတ်ပါဘူး။ အခုလဲ ဒီထုလ္လကောဌိကနိဂုံးရွာမှာ နေထိုင်တဲ့ သူဌေးသား တစ်ယောက်ကို အကြောင်းပြုပြီး ကြွတော်မူခဲ့တာပါ။ သူဌေးသားရဲ့နာမည်က ‘ရဋ္ဌပါလ’ ဖြစ်ပါသတဲ့။ ဒါကိုကြည့်ခြင်းဖြင့် ဘုရားရှင်ဟာ ကျွတ်တန်းဝင်မဲ့သူ တစ်ဦးလောက်ပဲရှိစေဦးတော့ ထိုသူရှိတဲ့နေရာဆီသို့ ကိုယ်တော်တိုင်အပင်ပမ်းခံကာ ကြွတော်မူခဲ့ပါတယ်။ ဒါဟာ ဘုရားရှင်ရဲ့ အတုမရှိ ကရုဏာမေတ္တာတော်တွေပါပဲ။
ဘုရားရှင်ဟာ ထုလ္လကောဌိကနိဂုံးရွာသူ-ရွာသားများအား တရားဟောတော်မူပါတယ်။ တရားနာပရိသတ်ရဲ့အစွန်ဆုံးမှာ ရဋ္ဌပါလသူဌေးသားလဲတရားလာနာပါတယ်။ တရားအဆုံးမှာ ရဋ္ဌပါလသူဌေးသားဟာ ဘုရားရှင်ဟောတော်မူခဲ့တဲ့တရားတော်အပေါ် သူ့အမြင်ကို သုံးသပ်တယ်။ ဘုရားရှင်ဟောတော်မူတဲ့တရားအရဆိုရင်တော့ လူ့ဘောင်မှာနေလို့မသင့်၊ ရဟန်းဘောင်တက်ပြီး ကျင့်မှဖြစ် မယ်ဆိုတာကို သဘောပေါက်တယ်။ဒါနဲ့ အမိအဘများထံခွင့်ပန်တယ်၊ ဒီနေရာမှာတိုတိုပဲပြောရအောင်။ ရဟန်းပြုခွင့်ရတယ်ဆိုရင်ပဲ ဘုရားရှင်ထံပြန်လာပြီး ရဟန်းပြုပါတယ်။ဒီလိုနဲ့ ရဋ္ဌပါလရဟန်းတော်ဟာ ဘုရားရှင်နဲ့အတူ သာဝတ္ထိမြို့ကို လိုက်ပါလာခဲ့ပါတယ်။
သာဝတ္ထိမြို့ဇေတ၀န်ကျောင်းတော်ရောက်တယ်ဆိုရင်ပဲ အရှင်ရဋ္ဌပါလဟာ တစ်ပါးတည်း ဆိတ်ငြိမ်တဲ့နေရာကို သွားပြီး တရားအားထုတ်လိုက်တာ ရက်အနည်းငယ်အတွင်း အာသဝေါကင်းကွာရဟန္တာဖြစ်တော်မူခဲ့ပါတယ်။ တစ်နေ့ ရဟန်းတော်ဟာ ဘုရားရှင်ထံခွင့် ပန်ကာ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်တဲ့ ထုလ္လကောဌိကနိဂုံးရွာကို ပြန်ကြွတော်မူလာခဲ့တယ်၊ ကုရုတိုင်းရဲ့တစ်နေရာရောက်တော့ မင်းရဲ့ ဥယျာဉ်တော်အတွင်း နေ့သန့်စင်တော်မူနေပါတယ်။ ထိုအခိုက် ဥယျဉ်မှုးက သူဌေးသားရဟန်းတော် ဥယျာဉ်တော်အတွင်း ရောက်နေပါကြောင်း ကောရဗျမင်းအား အကြောင်းကြားလိုက်ပါတယ်။
ကောရဗျမင်းဆိုတာက ကုရုတိုင်းကို အစိုးရတဲ့ရှင်ဘုရင်ဖြစ်တယ်။ ဘုရင်ကြီးဟာ ရဋ္ဌပါလသူဌေးသား ဘာ့ကြောင့်ရဟန်းပြုတယ် ဆိုတာနဲ့ပတ်သက်ပြီး စိတ်ဝင်စားနေပါတယ်။ မင်းကြီးအံ့သြမယ်ဆို လဲအံ့သြစရာပါပဲ။ အရွယ်ကြည့်ပြန်ရင်လဲ ငယ်ရွယ်သူဖြစ်သလို သူဌေးသားလဲဖြစ်တော့ ကာမဂုဏ်တွေကို အလိုရှိတိုင်းသုံးဆောင်နိုင်တဲ့အခွင့်အရေးလဲရှိနေတယ်။ ကျန်းမာရေးကလဲကောင်းနေတယ်၊ ဒီလို လောကီစည်းစိမ်မျိုးကို ဘယ်သူမှ အဆုံးရှုံးခံမှာမဟုတ်ဘူး။ အခုတော့ ရဋ္ဌပါလသူဌေးသားဟာ သူထင်ထားတာနဲ့တစ်ခြားစီ ကာမဂုဏ်စည်းစိမ်အားလုံးကိုစွန့်ပြီး ရဟန်းပြုသွားတယ်။ ဒါနဲ့စပ်ပြီး ဘုရင်ကြီးဟာ သူဌေးသားအပေါ် အရမ်းစိတ်ဝင်စားနေတာကြောင့် ရဟန်းကိုတွေ့မြင်သူရှိရင် အကြောင်းကြားရမယ်လို့ အမိန့်တော်ရှိထားတာဖြစ်တယ်။
ဒါကြောင့်လဲ ဥယျာဉ်စောင့်တဲ့လူဟာ ရဟန်းကိုမြင်လို့ ဘုရင်ကြီးအား လျှောက်ခြင်းဖြစ်တယ်။ ကောရဗျမင်းလဲ ချက်ချင်းဆိုသလို မင်းဥယျာဉ်တော်သို့ ရောက်လာကာ ရဋ္ဌပါလရဟန်းတော်အား ရှိခိုးဦးချပြီး “အရှင်ဘုရား…. လောကမှာ ကံမကောင်းအကြောင်းမလှ ဒုက္ခရောက်လို့ပဲဖြစ်စေ၊ အနာရောဂါ ထူပြောပြီး ကျန်းမာရေးမကောင်းလို့ပဲဖြစ်စေ၊ စီးပွားဥစ္စာများဆုံးပါးကာ ဘ၀မှာ ရစရာမရှိအောင် ဆင်းရဲသွားလို့ပဲ ဖြစ်စေ၊ အိုမင်းမစွမ်းလို့ပဲဖြစ်စေ အကြောင်းကြောင်းကြောင့် ရဟန်းပြုကြတာ တွေ့ရပါတယ်ဘုရား၊ အခုတော့အရှင်ဘုရား မှာ အရွယ်ကလဲငယ်ူ၊ကျန်းမာရေးကလဲကောင်း၊ စီးပွားဥစ္စာများလဲ ချမ်းသာနေပါရက်နဲ့ ဘာ့ကြောင့် ရဟန်းပြုရတာလဲဘုရား”… လို့ ရဟန်းတော်အားမေးလျှောက်ပါတယ်။
ထိုအခါ ရဟန်းတော်ဟာ သူလူ့ဘ၀ဖြစ်စဉ်တုန်းက ရဟန်းဘ၀သို့ မရောက်ရောက်အောင်တွန်းပို့ပေးလိုက်တဲ့ ဓမ္မသဘာဝတရား လေးမျိုးကို ဘုရားရှင်ထံမှ နာယူခဲ့ရတဲ့အတိုင်း ပြန်လည်မိန့်ကြားတော်မူပါတယ်။
(၁) “ဒကာတော်မင်းကြီး…..သတ္တလောကကြီးအတွင်း ရှိကြတဲ့ လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးဟာ သတ္တ၀ါရယ်လို့ ဖြစ်လာကတည်းက စက္ကန့်၊ မိနစ်၊နာရီ ၊ နေ့၊ ရက်၊ လ၊ နှစ် တဖြေးဖြေးနဲ့ကြီးရင့်လာကြတယ်။ ဒါဟာ မွေးလာကတည်းက အိုခြင်းတရားကြီးဟာ အချိန်နဲ့အမျှ ကြီးရင့်အောင် တွန်းပို့ ခံနေကြရတာပါ။ ဒါတင်မက နောက်ဆုံးဘ၀တစ်ခုရဲ့အဆုံးနိဂုံ်းဖြစ်တဲ့ သေခြင်းတရားဆီကိုလဲ တွန်းပို့ခံနေကြ ရပါတယ်။ ဒါကြောင့်လဲ သတ္တ၀ါတွေဟာ အိုမှု သေမှု အဆင့်ဆင့်တွန်းပို့ခံနေကြရတဲ့အတွက် မတည်မြဲကြဘူး၊ ဘာ့ကြောင့်ဆိုရင် ကြီးရင့်မှုမရှိတဲ့ဘ၀၊ သေခြင်းမရှိတဲ့ဘ၀ရယ်လို့ မရှိလို့ပါပဲ။
ကျုပ်ဟာ လူ့ဘ၀တုန်းက ချမ်းသာတယ်၊ငယ်ရွယ်တယ်၊ ကျန်းမာရေးကောင်းတယ်ဆိုပေမဲ့ ကြီးရင့်ခြင်း၊သေခြင်းဆိုတဲ့ သဘာဝ တရားတွေရဲ့ အတွန်းပို့ကိုခံနေရသူတစ်ဦးပါ။ ကျုပ်သာမဟုတ် အရှင်မင်းကြီးလဲ ထို့အတူပါပဲ၊ သူဌေးသား၊ဆင်းရဲသား၊ကုန်သည်၊လယ်လုပ် စတဲ့အလွှာအသီးသီးမှာ ရှိနေကြတဲ့ သူများအားလုံး ကြီးရင့်ခြင်း၊သေခြင်းတရားတွေရဲ့ အတွန်းအပို့ကို မခံချင်ဘဲခံနေကြရပါတယ်။ ထိုမျှသာမက သုံးဆယ့်တစ်ဘုံရှိ လူနတ်ဗြဟ္မာသတ္တ၀ါအားလုံးလဲ ထိုနည်းတူစွာပါပဲ။
သတ္တ၀ါများဟာ အထက်ကပြောခဲ့သလို အဆင့်ဆင့်တွန်းပို့မှု ခံနေကြရတာဟာ ဘာ့ကြောင့်လဲဆိုရင် ကိလေသာတဏှာတရား ကြောင့်လို့ပြောရပါလိမ့်မယ်။ ဓမ္မစင်္ကြာသုတ်တော်မှာ အကြင်ကိလေသာတဏှာတရားဟာ ဘ၀အသစ်ကို တစ်ဖန်ဖြစ်စေတတ်တယ် လို့ဆိုထားပါတယ်။ ဒါကြောင့်မို့လို့ လက်သည်တရားခံဖြစ်တဲ့ ကိလေသာတရားတွေကို အရင်ရှင်းမှာရပါ့မယ်။ ကိလေသာကသုံးမျိုးရှိတယ်။ (က) ၀ိတိက္ကမကိလေသာ…တဲ့။ ၀ိတိက္ကမကိလေသာဟာ ကိုယ်နဲ့နှုတ်လွန်ကျုးတဲ့ အကြမ်းစား ကိလေသာဖြစ်တယ်။ ဒီဝိတိက္ကမ ကိလေသာကိုတော့ သီလနဲ့ပယ်ရပါတယ်။ (ခ) ပရိယုဋ္ဌာနကိလေသာ..တဲ့။ ပရိယုဋ္ဌာနကိလေသာက စိတ်ထဲမှာ ထကြွသောင်းကျန်းတဲ့ အလတ်စားကိလေသာ ဖြစ်တယ်။ ထိုပရိယုဋ္ဌာနကိလေသာကိုတော့ သမာဓိနဲ့ပယ်ရပါတယ်။ (ဂ) အနုသယကိလေသာ…တဲ့။ အနုသယကိ လေသာဟာ ဘ၀သံသရာအဆင့်ဆင့်က ကိန်းအောင်လာခဲ့တဲ့ ကိလေသာတွေပါ။ ဒါဖြင့် ဒီအနုသယကိလေသာတွေက ဘယ်နားမှာ ကိန်း အောင်းနေပါလဲလို့မေးကြည့်မယ်ဆိုရင် ဥပမာ မီးဟာ မီးချစ်ဆံမှာလဲမရှိဘူး၊ မီးခြစ်ကျောက်မှာလဲ မရှိပါဘူး၊ မီးခြစ်ဘီးမှာလဲမရှိပါဘူး။ ဒါပေမဲ့ အားလုံးတိုက်ဆိုင်စွာ ခတ်မိတဲ့အခါမှသာ မီးပွင့်လာရသလို အနုသယကိလေသာတွေဟာ အကြောင်းတိုက်ဆိုင်မှုရှိမှ ဖြစ်ပေါ်လာကြတာပါ။ လောဘ၊ဒေါသ ဖြစ်ဖွယ်ရာအာရုံတွေနဲ့ကြုံတဲ့အခိုက်မှာသာ လောဘ၊ဒေါသကိလေသာတွေဟာ ဘွားကနဲပေါ်လာကြ တာပါ။ အကြောင်းမတိုက်ဆိုင်ဘူးဆိုရင် ကိုယ့်သဏ္ဍာန်မှာ အနုသယအနေနဲ့ပဲကိန်းအောင်းနေပါတယ်။ ထိုအနုသယကိလေသာတို့ကိုတော့ ပညာနဲ့ပယ်မှရပါတယ်။
ဒါကြောင့် အိုခြင်း၊ သေခြင်း ဆိုတဲ့ ဓမ္မသဘာဝတရားတွေကနေ လွတ်ငြိမ်းချမ်းသာခွင့်ရအောင် တရားခံဖြစ်တဲ့ကိလေသာတွေကို ပယ်သတ်ဖို့အတွက် ရဟန်းဘ၀ဟာ အသင့်တော်ဆုံးပါ။ ရဟန်းဘ၀မှာ အိုမှု၊နာမှုမှ ထွက်မြောက်ကြောင်း ကောင်းမြတ်တဲ့ သီလ၊သမာဓိ၊ပညာတရားများကို အပြည့်အ၀ကျင့်သုံးနိုင်ပါတယ်။ ဒီလိုကျင့်သုံးနိုင်အောင်ဖို့အတွက် “ထောင်မြင်ရာစွန့်”ဆိုတဲ့အတိုင်း တန်ဖိုးနည်းတဲ့ကာမဂုဏ်စည်းစိမ်ချမ်းသာတွေကို စွန့်လွတ်ကာ ရဟန်းဝတ်လာခဲ့ရခြင်းဖြစ်တယ်”…။
(၂)ဒကာတော်မင်းကြီး…သတ္တ၀ါတွေဟာ ဘေးရောဂါဆိုးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အားကိုးစရာရှာကြတာ သဘာဝပါ။ ဒါပေမဲ့ သတ္တ၀ါတွေမှာ ရောဂါဆိုးကြီးတွေမှ ကင်းလွတ်အောင် စွမ်းဆောင်ပေးနိုင်တဲ့သူ အားကိုးရတဲ့သူကိုရှာဖွေလို့ မတွေ့ရတဲ့အတွက် အားငယ်နေကြရသူတွေပါ။ ဒါကြောင့်လဲ ဘုရားရှင်က လောကမှာမိဘသားသမီးမကယ်နိုင်တဲ့ဘေးဆိုးကြီးတွေဆိုတာရှိတယ်။ အဲဒါကို “အမာတာ ပုတ္တိကဘယာတိနာမ” လို့စာပေကဆိုပါတယ်။ အိုမှု နာမှု သေမှုတွေနဲ့ရင်ဆိုင်ရပြီဆိုရင် မိဘကလဲသားသမီးကို မကယ်နိုင်သလို သားသမီးကလဲ မိဘကို မကယ်နိုင်ကြ။ တောင်မင်းကို မြောက်ကမင်းမကယ်နိုင်ဆိုသလိုပါပဲ။
ပြီးတော့ ဒီလို အို နာ သေဆိုတဲ့ဘေးဆိုးကြီးတွေကို မရင်ဆိုင်ချင်လို့ ရင်ဆိုင်ရမှာကြောက်လို့ဆိုပြီး တောင်အောက်လှိုဏ်ဂူမှာပဲ ပုန်းပုန်း၊ သမုဒ္ဒရာရဲ့အနက်ရှိုင်းဆုံးကြမ်းပြင်အောက်မှာပဲ ပုန်းပုန်း၊ ကောင်းကင်ပေါ်မှာပဲပုန်းပုန်း၊ ဘယ်လိုပဲပုန်းပုန်း ဒီဘေးဆိုးတွေက ပြေးလို့လွတ်မှာ မဟုတ်ဘူး။ ဒီလိုပါပဲ ကျုပ်လဲ သူဌေးသားဆိုပေမဲ့ ဒီဘေးဆိုးကြီးတွေနဲ့ရင်ဆိုင်ရအုံးမှာအမှန်ဖြစ်တယ်။ဒါကြောင့် ဒီဘေးဆိုးကြီးတွေနဲ့ မရင်ဆိုင်ရလေအောင် ဘေးဆိုးတွေကလွတ်ရာလွတ်ကြောင်း ကောင်းမြတ်တဲ့မဂ္ဂင် အကျင့်တရားတွေကို ကျင့်သုံးဖို့ မြတ်ဘုရားထံမှာ ရဟန်းဝတ်ခဲ့သူဖြစ်ပါတယ်..”။
(၃)ဒကာတော်မင်းကြီး…..သတ္တ၀ါတွေမှာကိုယ်ပိုင်ဥစ္စာ မရှိကြဘူး။ ကိုယ်ပိုင်ဆိုင်တယ်လို့မှတ်ထင်နေတဲ့အရာတွေကို မပြောက်ပျက်သွား အောင် ဆုတ်ကိုင်ထားလို့မရပါဘူး။ တစ်နေ့ကျရင် ကိုယ်ချစ်လှတဲ့ သက်ရှိသက်မဲ့အရာမှန်သမျှကို စွန့်ခွါသွား ကြရမှာအမှန်ပါ။ ဒါကြောင့် ယခုလက်ရှိဘ၀မှာ ကိုယ့်သဘောအတိုင်းဆုတ်ကိုင်ထားလို့မရတဲ့ပစ္စည်းဥစ္စာတွေကို ကိုယ်ပိုင်ဖြစ်အောင် စွန့်ကြဲပေးကမ်းလှူဒါန်းမှုနဲ့ ပြောင်းလဲယူရမှာပါ။ မိမိနဲ့ပတ်သက်တဲ့ ဇနီးမယား၊သမီးသား၊ လင်သားဆွေညာများဟာ ဘယ်လောက်ပဲ ချစ်ခင်ပါတယ်ပြောပြော၊ မခွဲနိုင်ဘူးလို့ပဲပြောပြော၊ တစ်နေ့ကျရင် ကိုယ့်ကိုယ်စွန့်ခွာသွားကြမြဲဖြစ်တယ်ဆိုတာ လက်ရှိဖြစ်ပျက်နေတာတွေကိုကြည့်ပြီး ငြင်းစရာမရှိ တော့။ ကိုယ်နဲ့ပတ်သက်တာတွေကို မပိုင်ဆိုင်သလို၊ မိမိကိုယ်ကိုလဲ မပိုင်ဆိုင်ပါ၊ ဒီလိုအကြောင်းအရာတွေကို ဘုရားရှင်က လမ်းကြောင်းညွန်ပြတော်မူခဲ့တဲ့အတွက် အသိအမြင်တိုးတက်လာရခြင်းဖြစ်တယ်။ ဒီလိုနဲ့ ကျုပ်လဲ တစ်နေ့မှာ အားလုံးကို စွန့်ခွာပြီး ဘ၀ခန္ဓာဟောင်းကို စွန့်ခွာသွားကြရမှာဖြစ်တဲ့အတွက် ကျုပ်ဟာ ရဟန်းဘ၀ရောက်လာရခြင်းဖြစ်ပါတယ်..”။
(၄)ဒကာတော်မင်းကြီး…. သတ္တ၀ါတွေဟာ ဘယ်လောက်ပဲ ပြည့်စုံတယ်ပြောပြော လိုချင်မှုတရားတွေကို ထိန်းချုပ်လို့မရပါ။ တစ်ထောင်ရသူက တစ်သိန်းလိုချင်တယ်၊တစ်သိန်းရလာသူက တစ်သန်းလိုချင်တယ်၊ ရသမျှနဲ့မရောင့်ရဲနိုင်ဘူး။ အမြဲတမ်းလိုချင်နေ ပါတယ်။ တဏှာကခိုင်းတဲ့အတိုင်း အငြင်းသာ လုပ်ဆောင်ပေးနေရတဲ့အတွက် သတ္တ၀ါအားလုံးဟာ တဏှာ့ကျွန်တွေချည်းပါပဲ၊ အားလုံးဟာ တဏှာဆိုတဲ့ အရှိန်ဝါရှိတဲ့သူရဲ့ ခိုင်းစေမှုကို အမြဲတမ်းလိုက်နာကာ လုပ်ဆောင်ပေးနေကြရတာပါ။ ဘာလေးစားချင်တယ်ဆိုရင် ကိုယ်တိုင်ပဲ ရအောင်ရှာဖွေပြီး စားရတယ်၊ ပူတယ်ဆိုရင် ရေချိုးပေးရတယ်။ မကျန်းမာဘူးဆိုရင် ဆေးခန်းသွားပေးရပြန်တယ်။ ဘာလေးဝတ်ချင် တယ်ဆိုရင် တန်ဖိုးကြီးတာပဲဖြစ်ပါစေ ပင်ပမ်းခံရှာဖွေပြီး ရအောင် ၀တ်ပေးရပြန်တာပဲ။ ကျုပ်လဲ သူဌေးသားဖြစ်ပေမဲ့ လိုချင်မှုတဏှာရဲ့ကျွန်အဖြစ်ခံခဲ့ရသူပါ။ တဏှာရဲ့အလိုအကြိုက်လိုက်ကာ ရွက်ဆောင်ပေးခဲ့ရပါတယ်။ ဒီလိုရွက်ဆောင်ပေးမှုဟာ အရင်ဘ၀များစွာကလဲ ရွက်ဆောင်ပေးခဲ့ရပြီ၊ အခုလဲ ရွက်ဆောင်ပေးရမြဲ၊ နောင်လဲ ဘ၀မပြတ်သမျှ ရွက်ဆောင် ပေးနေရဦးမှာပါ။ ဒီလို တဏှာကျွန်အဖြစ်မှ လွတ်အောင်ရုန်းချင်တဲ့အတွက် ကျုပ်ရဟန်းပြုလာရတာဖြစ်တယ်” လို့ ရဋ္ဌပါလရဟန်းတော်က ကောရဗျမင်းအားမိန့် တော်မူခဲ့တယ်ဆိုတာ ပြောရင်း ငယ်ရွယ်စဉ်က သြ၀ါဒတက်စဉ် ဆိုခဲ့ရတဲ့သံဝေဂလင်္ကာလေးကိ ကြားယောင်လာမိပါတော့တယ်။
ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည် ။တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည်။ ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွာသွားရမည်၊ ခဏမစဲ အိုစမြဲ ကိုယ်လဲသေဘက်နီးခဲ့ပြီ၊ ဇရာမီးတောင် အိုမင်းလောင် သေအောင်မြိုက်တော့သည်။ မသေရခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
ဦးကောဝိဒ(မြိတ်)

Thursday, August 12, 2010

အမြတ်များများရချင်ရင် ဘယ်လိုကုသိုလ်မျိုးပြုမလဲ

လောကမှာ အလုပ်တစ်ခုလုပ်တယ်ဆိုရင် အကျိုးရှိမှ ကောင်းပါတ်ယ်၊ အကျိုးမရှိရင် သဲထဲရေသွန်ဆိုသလို လုပ်သမျှ မောရုံသာ အဖတ်တင်မှာပါ။ လောကရေးရာမှာပဲဖြစ်ဖြစ်၊ ဓမ္မရေးရာမှာပဲဖြစ်ဖြစ် အကျိုးရှိဖို့ အရေးကြီးပါတယ်။ ဒီလိုပါပဲ ဘ၀တိုးတက်မှုအတွက် ကုသိုလ် ကောင်းမှုတွေ ပြုလုပ်တဲ့အခါ ရလာတဲ့အကျိုးတရားက အလွန်နည်းနေတယ်ဆိုရင် အဆင်မပြေပါ။ ပြုလုပ်လိုက်တဲ့ကုသိုလ်အတွက် ထိုက်ထိုက်တန်တန် လိုချင်ကြမှာပါ။ ဒါကြောင့် အကျိုးအမြတ်များများ ရနိုင်တဲ့ အလှူဒါနတစ်ခု ပြုလုပ်ချင်တဲ့သူများအတွက် ဘုရားရှင်လမ်း ညွန်ထားတာရှိပါတယ်။
ထိုအကြောင်းနဲ့စပ်လို့ ဟောတော်မူထားတဲ့ သုတ္တန်ရဲ့အမည်က “ဒါနသုတ်” ဖြစ်ပါတယ်။ ဒီတရားတော်ကို အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်ပါဠိတော်၊ ဒေ၀တာသုတ်မှာ လာရှိပါတယ်။

အခါတစ်ပါး သက်တော်ထင်ရှား မြတ်စွာဘုရားရှင်ဟာ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူပါတယ်။ ဒီအချိန်မှာ ဝေဠုကဏ္ဍကမြို့အတွင်း နန္ဒမာတာ အမည်ရှိတဲ့ အမျိုးကောင်းသမီးကြီးတစ်ဦးဟာ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် အမှူးရှိတဲ့ နောက်ပါသံဃာများစွာတို့ကို အိမ်မှာပင့်ပြီး ဆွမ်းဖြင့် ပြုစုလုပ်ကျွေးနေပါတယ်။ ဒီမှာထူးခြားတာက နန္ဒမာတာအမျိုးကောင်းသမီး ပြုလုပ်နေတဲ့ဒါနဟာ အင်္ဂါခြောက်တန်နဲ့ပြည့်စုံတဲ့ဒါနဖြစ်နေတာကို ဘုရားရှင်က ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ သိမြင်တော်မူပါတယ်။
ဒါကြောင့်ဘုရားရှင်ကလဲ သာဝတ္ထိမြို့၊ဇေတ၀န်ကျောင်းတော်ရှိ တရားနာပရိသတ်များအား ဆဠင်္ဂသမ္ပန္နဂတဒါန အင်္ဂါခြောက်ပါးနဲ့ ပြည့်စုံတဲ့အလှူ တရားတော်ကို ဟောကြားတော်မူပါတယ်။ နန္ဒမာတာ ပြုလုပ်တဲ့ကောင်းမှုရဲ့အကျိုးဟာ သမုဒ္ဒရာရေတွေ မရေမတွက်နိုင်သလို ကုသိုလ်အကျိုးဟာလဲ မရေမတွက်နိုင်အောင်ပါပဲ လို့ ဘုရားရှင်မိန့်တော်မူခဲ့ပါတယ်။
အင်္ဂါခြောက်ပါးအလှူဆိုတာက အလှူပေးတဲ့ အလှူ့ရှင်မှာ အင်္ဂါ သုံးပါး ပြည့်စုံရပါမယ်၊ အလှူခံပုဂ္ဂိုလ်မှာလဲ အင်္ဂါသုံးပါး ပြည့်စုံရမယ်။ အလှူပေးအလှူခံပေါင်းလိုက်တော့ ခြောက်ပါးရတယ်။ဒါကိုပဲ အင်္ဂါခြောက်ပါးနဲ့ပြည့်စုံတဲ့အလှူလို့ ပြောပါတယ်။
အလှူပေးတဲ့ဒါယကာနဲ့စပ်လို့ ပြည့်စုံရမဲ့ အချက်သုံးချက်က… (၁)ပုဗ္ဗစေတနာ- မလှူမီရှေ့အဖို့ ကျေနပ်နှစ်သက်ဝမ်းမြောက် နေရမယ်။ (၂) မုဉ္စစေတနာ-လှူတုန်းလှူဆဲမှာလဲ ကြည်ရွှင်နှလုံး ပျော်မဆုံးရှိနေရမယ်။ (၃) အပရစေတနာ-လှူပြီးနောက်လဲ အစဉ်လဲ အမြဲဝမ်းမြောက်ကြည်နူး နေရပါမယ်။
ပုဗ္ဗစေတနာ
ဒီစေတနာရဲ့သဘောက မလှူခင် ၀မ်းမြောက်ကျေနပ်နေရပါမယ်။ ဆက်ပြောပါ့မယ်။်
မလှူမီ အလှူကောင်းမှုအတွက် ကြိုတင်ပြင်ဆင်မှု ၀တ္ထုကြေးငွေပြည့်စုံမှုစတဲ့ ပြင်ဆင်မှုတွေလုပ်ရပါတယ်။ ဒီလို အချင်းချင်းတိုင်ပင်တဲ့အခါ အချင်းချင်း အတ္တ မာန ခ၀ါချပြီး ဆွေးနွေးတိုင်ပင်ရတယ်။ ‘ငါ့မှာရှိလို့ ငါလုပ်တာ မင်းတို့နဲ့ဘာဆိုင်လဲ၊ မင်းတို့အလှူအတွက် မထည့်လဲအရေးကြီးဘူး၊ ငါတစ်ယောက်ထဲလုပ်မယ်’ စတဲ့ မလှူခင်မှာကို ပြဿနာတက်နေပီဆိုရင် ပုဗ္ဗစေတနာ မပြည့်စုံနိုင်တော့။ တစ်ခါက စာရေးသူထံ ဇနီးမောင်နှံနှစ်ဦး ကျောင်းရောက်လာပြီး ဇနီးဖြစ်သူက မနက်ဖန် အလှူအတွက် အိမ်ကို ကြွဖို့အကြောင်း ၀မ်းသာအားရလျှောက် တယ်။ ဒါကို အနီးရှိ ယောင်္ကျားဖြစ်သူက ဒီကိစ္စသူ့ကို မတိုင်ပင်ရကောင်းလား ဆိုကာ နှစ်ဦးသား စာရေးသူရှေ့မှာ တစ်ခွန်းတစ်စ ပြောကြပါလေရော။ဒီလိုဆိုတော့ ပုဗ္ဗစေတနာ ပျက်ယွင်းသွားတာပေါ့။ ယောင်္ကျားဖြစ်သူက မတိုင်ပင်လဲ ပုဗ္ဗစေတနာအထ မြောက်အောင် နားလည်ပေးလိုက်ရင်လဲ ဖြစ်ပါတယ်။ အလှူနဲ့ပတ်သက်ပြီး ပုဗ္ဗစေတနာမချို့ယွင်းမိဖို့ အထူးသတိထားရပါမယ်။ တကယ်လို့ ပုဗ္ဗစေတနာချို့ယွင်းပီဆိုရင် ဖြစ်လေရာဘ၀ ချမ်းသာသော်လဲ အရုပ်ဆိုးအကျည်းတန် တတ်ပါတယ်။ ဘုရားအလောင်းတော် မင်းကုသာဟာ ဘုန်းတံခိုးအာဏာကြီးတဲ့ဘုရင်တစ်ပါးဖြစ်ပေမဲ့ သူ့ရဲကမျက်နှာဟာ ဘီလူးတစ်ကောင်အလား အရုပ်ဆိုးကျည်းတန်လှတယ်။ဒါဟာ ပုဗ္ဗစေတနာ ချို့ယွင်းခဲ့လို့ပါ။ စာရှည်သွားမှာစိုးတဲ့အတွက် အတိတ်သာဓက ပြန်မပြတော့ပါဘူး။
အပရစေတနာ
ဒီစေတနာရဲ့သဘောက လှူပြီးနောက် ၀မ်းမြောက်ပျော်ရွှင်ရပါမယ်။ ပျံလွန်တော်မူပြီးဖြစ်တဲ့ မစိုးရိမ်ဆရာတော်ဘုရားကြီးက သူ့ရဲ့တပည့် ဒကာ/ဒကာမများအား “မင်းတို့ အလှူလုပ်တဲ့အခါ ‘အ’ တဲ့အလှူ မဖြစ်စေနဲ့” လို့ မိန့်တော်မူခဲ့တယ်။ဒါဟာ အပရစေတနာအားကောင်းအောင် တွန်းအားပေးလိုက်တဲ့ ဆုံးမစကားပဲ ဖြစ်တယ်။ ဆက်လက်ပြောပါဦးမယ်၊ မိမိလှူလိုက်တဲ့အလှူဟာ အသုံးဝင်နေရမယ်။ ကျောင်းကြီးတစ်ဆောင် ဆောက်လှူထားတယ်ဆိုပါစို့၊ လှူထားတဲ့ကျောင်းဟာ ရဟန်းသံဃာတော်များ အသုံးချမှုလဲမရှိ၊ အမြဲတမ်း သော့ခတ် ထားမယ်ဆိုရင် အလှူရှင်က ဒါကိုကြည့်ပြီး ၀မ်းမြောက်မှုမရနိုင်တော့ ၀မ်းမြောက်မှုမရှိရင် ‘အ’တဲ့အလှူဖြစ်သွားပါတယ်။ စာမကြည့်ဖြစ်တဲ့ ကျောင်းမှာ ပိဋကတ်သုံးပုံ သွားလှူထားမယ်ဆိုရင် ဘာမှအသုံးမ၀င် အလှပြရုံသက်သက်မို့လို့ လှူရတဲ့သူမှာ ဒါကိုကြည့်ပြီး ၀မ်းမြောက်နိုင်ဘူး၊ တကယ်လို့ စာသင်တိုက်တွေမှာ လိုအပ်တဲ့ စာအုပ်စာတမ်းတွေ တကယ်အသုံးလိုနေတဲ့စာအုပ်တွေကို လှူလိုက်လို့ရှိရင် ထိုစာအုပ်အလှူအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်နေမှာပါ။ဒါဟာ အလှူ့ရှင်အတွက် အပရစေတနာ အထမြောက်သွားတာပါပဲ။ ဒါကြောင့် လှူတဲ့အခါ “အ” တဲ့အလှူမျိုး မဖြစ်အောင် အသုံးဝင်တဲ့ ပစ္စည်းများကိုသာ လှူရမှာဖြစ်တယ်။ ဒါဆိုရင် အပရစေတနာနဲ့စပ်လို့ သဘောရှင်းလောက်ပါပြီ။
မုဉ္စစေတနာ
ဒီစေတနာရဲ့သဘောက လှူတုန်းလှူဆဲမှာ ၀မ်းမြောက်မှုရှိရပါမယ်။ ကောင်းမှုပြုတဲ့အခါ လှူဆဲမှာလဲ အလွန်အရေးကြီးပါတယ်။ ပေးလှူတုန်း မှာ ကာမတရား၊ ဘ၀တရားတွေကို မက်မောတတ်တဲ့ တဏှာလောဘကို ကျော်လွှားနိုင်ရမယ်။ ဒါမှလဲ မုဉ္စစေတနာအောင်မြင်မယ်။ ကောင်းမှုအလှူနဲ့စပ်လို့ ဆုတောင်းတဲ့အခါ တစ်ချို့ရှိကြတယ်။ ဇောတိလ၊ဇဋိလသူဌေးတို့လို ချမ်းသာရပါလို၏။ ရှင်သာရိပုတ္တရာတို့လို ပညာကြီးရပါလို၏၊ ရှင်မဟာမောဂ္ဂလာန်တို့လို တန်ခိုးကြီးရပါလို၏ အနာထပိဏ်သူဌေး၊၀ိသခါတို့လို ဖြစ်ရပါလို၏၊ အရှင်ဗာကုလလို အနာရောကင်းပြီး ချမ်းသာရပါလို့၏ လို့ ဆုတောင်းကြပါတယ်။ ကောင်းမှုတစ်ခုလုပ်ပြီး လိုချင်လိုက်တဲ့ဆုတွေက တအားများနေတယ်၊ အားလုံးတစ်ကြိမ်တည်းဖြစ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘုရားလက်ထက်တောက ရှင်သာရိပုတ္တရာဆိုတာ ဘုရားရှင်ပြီးရင် ဒီအရှင်တွေပဲရှိကြ တယ်။ ရှင်သာရိပုတ္တရာတို့တောင်မှာ ရထားတဲ့ဆုက ပညာဧတဒဂ် ဆိုတဲ့ ဆုတစ်ခုတည်းပါ။ ဒါကို လောကရှိသမျှ ကောင်းတဲ့ဆုတွေ အကုန်လုံးလိုချင်လို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါဟာ လောဘတဏှာဦးစီး လှူတာဖြစ်တော့ ပါရမီအဆင့်ကိုတောင် မမီပါဘူး။ ဒါဖြင့်ဘယ်လိုဆုတောင်းမလဲ၊ ဆွမ်းလှူတဲ့သူဟာ ဆွမ်းအကျိုးကတော့ မတောင်းလဲရ၊တောင်းလဲရပီးသားပါ၊ မိမိရည်ရွယ်ရမှာ ဆင်းရဲကင်းတဲ့ နိဗ္ဗာန်ချမ်းသာ အထောက်အပံ့ဖြစ်ပါစေဆိုရင် ပါရမီအဆင့်ရောက်သွားပါတယ်။ လိုရင်းပြောရင် ကိုယ့်အကျိုးမကြည့်ဘဲ အလှူခံရဲ့အကျိုးကို မျှော်ပြီး လှူလိုက်ရင် အဲဒီအလှူဟာ ပါရမီအဆင့် ပြည့်မီသွားပါတယ်။ ဒါ့အပြင် ပေးလှူဆဲမှာလဲ ၀မ်းမြောက်ကြည်နူးမှု များဖြစ်နေမယ်ဆိုရင် မုဉ္စစေတနာအောင်မြင်သွားပါတယ်။ ဒါကို မှတ်လွယ်အောင် ဆောင်ပုဒ်လေးကို လိုက်မှတ်ထားလိုက်ကြပါ
(ပေးလှူသူမှာ ၊ စေတနာ၊ သုံးဖြာစုံရမည်)
အလှူပေးတဲ့ဒါယကာမှာ အခုပြောခဲ့တဲ့ အင်္ဂါသုံးချက်တော့ ပြည့်စုံပါပြီ၊ ဒီလိုပြည့်စုံရုံနဲ့မပြီးသေးဘူး။ အလှူခံပုဂ္ဂိုလ်ဘက်မှာလဲ အင်္ဂါသုံးချက်ပြည့်စုံရမှာပါ။ အလှူခံဆိုတာ ကိလေသာ ကင်းပြီးနေရမယ်။ရဟန္တာဖြစ်ရမယ်လို့ ဆိုလိုပါတယ်။ ဒါပေမဲ့ ကိလေသာ မကင်းသေး ဘူးဆိုရင်တော့ လောဘနည်းအောင်၊ဒေါသနည်းအောင်၊မောဟနည်းအောင်ကျင့်နေတဲ့သူဖြစ်ရမယ်။ ဒါဟာ အလှူခံမှာပြည့်စုံရမဲ့အင်္ဂါသုံးချက် ပါပဲ။ မေးစရာရှိတာက ကိလေသာနည်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဆိုလိုပါသလဲ၊ ဘယ်လိုသိရမလဲ လို့ မေးစရာရှိ တယ်။ဒါနဲ့ပတ်သက်ပြီး ဥပမာတစ်ခု ရွေစစ်-မစစ်ဆိုတာကို မှတ်ကျောက်တင်ပြီး စစ်ရပါတယ်။ဒီလိုပါပဲ လောဘစတဲ့ကိလေသာနည်းအောင် ကျင့်နေတဲ့ပုဂ္ဂိုလ်ကိုလဲ စံထားပြီး မှတ်ကျောက်တင်ရပါမယ်။ ဘယ်လိုစံပြုမလဲဆိုရင်…
ဂေါတမဘုရားရှင်လက်ထက်မှာ စက္ခုပါလမထေရ်၊ ကဿပဘုရားရှင်လက်ထက်မှာ ကပိလရဟန်းတို့ဟာ ဘုရားရှင်ကို မေးဖူးပါတယ်။ “အရှင်ဘုရား ဘုရားရှင်ရဲ့သာသနာတော်မှာ ၀င်ရောက်ခုံလှုံလာရင် ဘာလုပ်ငန်းများ လုပ်ကိုင်ပေးရမလဲဘုရား” လို့မေးတယ်။ ထိုအခါ ဘုရား ရှင်က သာသနာတော်မှာ အလုပ်ငန်းနှစ်မျိုးရှိတယ်၊ အဲဒီနှစ်မျိုးအနက် တစ်မျိုးမျိုးကို ပြုလုပ်နေရမယ်။ (၁)ဂန္ထဓုရ၊ ဘုရားဟောစာပေတွေကို သင်အံကျက်မှတ် ပို့ချတာတွေပြုလုပ်နေရမယ်၊ တရားဟောတာတွေလဲအတူတူပဲ၊ ၀ိပဿနာဓုရ ဆိုရင်တော့တရားအားထုတ်ခြင်း၊ တရားပြသခြင်းစတဲ့ သာသနာ့တာဝန်တွေပါ၊ဒီလုပ်ငန်းနှစ်ရပ်အနက် တစ်မျိုးမျိုးကို စွမ်းနိုင်သလောက်ပြုလုပ်နေမယ်ဆိုရင် လောဘစတဲ့ကိလေသာနည်းအောင်ကျင့်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ ဘုရားရှင်ချမှတ်ခဲ့တဲ့လုပ်ငန်းနှစ်ရပ်ပါ။
ဒီလုပ်ငန်းနှစ်ခုကသွေဖီပြီး ရဟန်းဖြစ်ပါလျှက် ဆေးကုခြင်း၊ ဗေဒင်တွက်ခြင်း၊ ဓါတ်ရိုက်ယတြာချေခြင်း၊ဓါတ်ကူးပေးခြင်း၊ ချဲဂဏန်းပေးခြင်း၊ဘောလုံးပွဲလောင်းခြင်းစတာတွေကို ပြုလုပ်နေကြမယ်ဆိုရင် ဒါဟာ လောဘတိုးပွားကြောင်း၊ ဒေါသတိုးပွားကြောင်း အကျင့်တွေပဲ ဖြစ်လာတော့မှာပါ။ ဘာ့ကြောင့်ဆိုရင် ဆေးကုတယ်ဆိုတာလဲ လာဘ်လာဘကို မျှော်တာပါပဲ၊ ဗေဒင်တွက်ခြင်း ချဲဂဏန်းပေးခြင်း၊ ဘောလုံးပွဲလောင်းခြင်းစတဲ့ အလုပ်တွေလဲ အတူတူပါပဲ။ ဒီလိုလာဘ်လာဘမှီပြီးဖြစ်လာမှတော့ လောဘတိုးပွားအောင် လုပ်တဲ့အလုပ်တွေပဲ ဖြစ်တယ်။
ပီးတော့ ထိုလုပ်ငန်းနှစ်ရပ်အနက်တစ်ခုခု ပြုလုပ်နေတိုင်းလဲ လောဘနည်းအောင်ကျင့်တယ်လို့ မခေါ်ဆိုနိုင်ဘူး။ ဒါနဲ့စပ်လို့ စံနှစ်ခုကိုရှိတယ်၊ ဒါနဲ့စပ်လို့ မြစကြာဆရာတော်ရဲ့ အဆိုအမိန့် ကောင်းလွန်းလို့ ဒီနေရာမှာ ထည့်သွင်းပြောပြပါ့မယ်။ (၁) မိမိလုပ်တဲ့လုပ်ငန်း မှန်ကန်မှုရှိရတယ်၊လမ်းကြောင်းမှန်ရမယ်။(၂)စေတနာ မေတ္တာ ရည်ရွယ်ချက်ကောင်းရမယ်။ ဒီ စံနှစ်ချက်နဲ့ကိုက်ညီမှ လောဘနည်းအောင် ကျင့်တာလို့ခေါ်ပါတယ်။
ဆိုပါစို့…ဂန္ထဓုရအတွက် စာသင်တိုက်ထောင်တယ်ဆိုတာ နောက်မျိုးဆက်သစ်လေးတွေ ထွန်းကားပြီး သာသနာဆက်လက်ပြုသွား နိုင်အောင်၊ သာသနာဆက်လက်တည်တန့်နေအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာဆိုရင်တော့ ကောင်းပါတယ်။ အလုပ်လဲမှန်တယ်၊ စေတနာ မေတ္တာ ရည်ရွယ်ချက်လဲ မှန်ကန်တယ်။ ဒါဆိုရင် လောဘနည်းကြောင်းကျင့်နေတဲ့ အကျင့်လို့ ပြောနိုင်ပါတယ်။
ဒီလိုမှမဟုတ်ဘဲ စာသင်တိုက်ထောင်တာ ငါ့အတွက် ကျော်ကြားဖို့၊ နာမည်ကြီးဖို့၊ နိုင်ငံသာမက ကမ္ဘာကျော်ဖို့ ဆိုတဲ့ မှားယွင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်ကြပါတယ်။ နာမည်ကြီးချင်၊ ကမ္ဘာကျော်ချင်တယ်။ဒီရည်ရွယ်ချက်နဲ့စာသင်တိုက်ထောင်တယ်။ ဒါဟာ လုပ်ငန်းမှန်ကန်မှုရှိတယ်။ ဒါပေမဲ့ ကျော်ကြားချင်တယ်ဆိုတဲ့ လောဘဦးစီးနေတဲ့အတွက် လောဘ တိုးပွားကြောင်းအကျင့် ဖြစ်သွားတယ်၊ ဒေါသတိုးပွာကြောင်းအကျင့်ဖြစ်သွားပါတယ်။ တရားဟောတာလဲဒီအတိုင်းပဲ လာဘ်လာဘငှြဲ့ပီး တရားဟောရင်တော့ လောဘတိုးပွား ကြောင်းပေါ့၊ လူတွေအသိဥာဏ်တိုးပီး လိမ္မာယဉ်ကျေးစေချင်တဲ့စိတ်ကောင်းနဲ့ ဟောတာဆိုရင်တော့ ဒါ လောဘနည်းကြောင်းအကျင့်ပေါ့။ ဘာသာရေးစာရေးဆရာတွေလဲဒီလိုပါပဲ၊ အမြတ်ရအောင်၊ နိုင်ငံကျော်အောင် ရည်ရွယ်ချက်နဲ့ စာပေရေးသားတယ်ဆိုရင် လုပ်ငန်းကမှန်တယ်။ဒါပေမဲ့ စိတ်စေတနာက လောဘဦးစီးနေတဲ့အတွက် လောဘတိုးပွားကြောင်းဖြစ်နေပါတယ်။
ဝိပဿနာဓုရနဲ့ပတ်သက်ပြီးတော့လဲ ဒီလိုပါပဲ၊ ရိပ်သာထောင်တယ်ဆိုတာ သတ္တ၀ါဝေနေယျအများ ကိလေသာငြိမ်းကြောင်းအကျင့် တွေကို ကျင့်နိုင်အောင် လမ်းပြပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆိုရင်တော့ ကောင်းပါတယ်။ လုပ်ငန်းလဲမှန်တယ်၊ စိတ်စေတနာ ရည်ရွယ်ချက်လဲကောင်းတဲ့အတွက် လောဘနည်းကြောင်း၊ဒေါသနည်းကြောင်းအကျင့်လို့ ပြောနိုင်ပါတယ်။
ဒီလိုမှမဟုတ်ပဲ ရိပ်သာထောင်တာ ငါ့အတွက် နာမည်ကြီးချင်လို့ ကမ္ဘာကျော်ချင်လို့၊ ပရိသတ်အခြွေအရံများအောင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲု့ ရိပ်သာတည်ထောင်ကြတယ်။ဒါဟာ လုပ်လိုက်တဲ့လုပ်ငန်းတော့ မှန်ကန်မှုရှိပါတယ်။ဒါပေမဲ့ စေတနာ မေတ္တာ ရည်ရွယ်ချက် မှန်ကန်မှု မရှိ ပါဘူး။ ကျော်ကြားလိုတဲ့စိတ်နဲ့ဆိုတော့ လောဘဦးစီးတဲ့အတွက် လောဘတိုးပွားကြောင်းအကျင့်လို့ ပြောနိုင်ပါ တယ်။
လိုရင်းက လောဘ၊ဒေါသ၊မောဟနည်းအောင်ကျင့်နေတယ်ဆိုရင် အလှူခံပုဂ္ဂိုလ်ရဲ့ အင်္ဂါသုံးချက်ပြည့်စုံ ပါပြီး၊ဒါဆိုရင်အင်္ဂါခြောက်ပါးပြည့်စုံတဲ့ အလှူရဲ့အကျိုးတရားဟာ ရေတွက်လို့မရနိုင်အောင်ပါပဲ အကျိုးသက်ရောက်မှု များလှတယ်ဆိုတာပြောရင်း…….
ရွှင်လန်းချမ်းမြေ့ကြပါစေ
ဦးကောဝိဒ(မြိတ်)
၁၂.၈.၂၀၁၀၊ ကြာသပတေးနေ့၊
ညနေ ၂း၃၇ နာရီ

Friday, August 6, 2010

အလှူနဲ့စပ် သိမှတ်ဖွယ်ရာ

“ပါရမီအစ ဒါနက” ဆိုတဲ့အတိုင်း ရှေးရှေးဘုရားအလောင်းသူတော်ကောင်းတို့ ပါရမီကို စတင်ဖြည့်ကျင့်တဲ့အခါမှာ ဒါနပါရမီကို စတင်ဖြည့်ကျင့်တော်မူကြရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်အများစုဟာ အလှူဒါနကို စွမ်းအားရှိသလောက် ရက်ရက်ရောရော ပေးလှူနေကြ ခြင်းဖြစ်တယ်။ ဒီလိုပေးလှူတဲ့အခါမှာ မိမိအလှူကို တန်ဖိုးရှိချင်ကြတယ်၊ လက်ရှိဘ၀မှာဖြစ်စေ၊သံသရာမှာဖြစ်စေ အလှူရဲ့အကျိုးကို ခံစားချင်ကြပါတယ်။ သို့ပေမဲ့ အလှူဒါနအချို့ဟာ မိမိဖြစ်ချင်သလို မဖြစ်လာဘူး။ ဒါဘာကြောင့်လဲ…………။
တစ်နေ့ စာရေးသူတို့ကျောင်းမှာကျေးဇူးများတဲ့အမျိုးသမီးတစ်ဦးက “အရှင်ဘုရား….တပည့်တော် ဒီတစ်ခေါက် အရှင်ဘုရားကျောင်းအပါအ၀င် တစ်ခြားကျောင်းတွေမှာပါ သိန်းသုံးဆယ်ကျော်လောက် အလှူလုပ်ဖြစ်လိုက်တယ်ဘုရား၊ ဒီအကြောင်းကို ရန်ကုန်ရောက်တော့ တပည့်တော်အဖွားကို ၀မ်းသာအားရပြောပြပါတယ်၊အဖွားက အလှူဒါနလုပ်တယ်ဆိုတာ အကောင်းဆုံးဖြစ်အောင် သိမ်လှူရတယ်၊ ဘာ့ကြောင့်ဆိုရင် ရဟန်းအစ သိမ်က ဆိုတဲ့အတိုင်း သိမ်ရှိမှ ရဟန်းဖြစ်တာ၊ရဟန်းဖြစ်မှ သာသနာတော်ကြီး အရှည်တည်တန့်လို့ပါပဲ။ သိမ်မရှိရင် ရဟန်းမဖြစ်နိုင်ပါဘူး။ဒါကြောင့် သိမ်အလှူဟာ အကောင်းဆုံးအလှူဖြစ်သလို အကျိုးအရှိဆုံးအလှူလဲဖြစ်တယ် လို့ တပည့်တော်အဖွားက ပြောပါတယ်။ တပည့်တော် အခုတစ်ခေါက်လှူခဲ့တာတွေကလဲ သိမ်တစ်လုံးမှ မပါဝင်ပေမဲ့ လိုအပ်တဲ့နေရာလေးတွေမှာ ဖြည့်ပေးလိုက်ရတဲ့အတွက်လဲ တပည့်တော်ဝမ်းသာနေပါတယ်။ တပည့်တော်အဖွားပြောတဲ့ စကားနဲ့ပတ်သက်လို့ တပည့်တော်မရှင်းဘူးဘုရား၊ အလှူထဲမှာ ဘာလှူရင်အကောင်းဆုံးလဲ အကျိုးအများဆုံးရနိုင်လဲ ဆိုတာသိချင်ပါတယ် ဘုရား” လို့ စာရေးသူအား လျှောက်ထားလာပါတယ်။ ဒါကိုအကြောင်းပြုပြီး အလှူဒါနဲ့စပ် သိမှတ်ဖွယ်ရာများကို တင်ပြပေးသွားပါ့မယ်။

အလှူနဲ့စပ်သိမှတ်ဖွယ်ရာအဖြာအဖြာကို ဘုရားရှင်ဟောကြားတော်မူထားတဲ့တရားတော်များရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး အနီးစပ်ဆုံး တရားကို ပြောရရင် ဘုရားရှင်ဟာ သာဝတ္ထိ၊ ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေခိုက် ညဥ့်တစ်ညဉ့်ရဲ့သန်းခေါင်ယံအချိန်မှာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပလျှက်ရှိတဲ့ နတ်သားတစ်ဦးက ဘုရားရှင်ထံပါး ရောက်လာပါတယ်။ သူသိလိုတဲ့အချက်အလက်တွေကို ဘုရားရှင်အားမေးလျှောက်ပါ တယ်။ မေးလျှောက်ရတဲ့အကြောင်းအရင်းက သူလိုလားတဲ့အရာတွေရှိနေလို့ပါပဲ၊ ဒါတွေက ခွန်အားကြီးချင်တယ်။ အရုပ်ချောချင်တယ်။ ချမ်းသာချင်တယ်။ မျက်စိအားကောင်းချင်တယ်။ အရာအားလုံးကို လိုချင်တဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒီအတွက် ဘာလုပ်ရမလဲဆိုတာ လမ်းညွန်ပေးဖို့ ဘုရားရှင်အား လျှောက်ထားပါတယ်။
နတ်သားရဲ့မေးခွန်းကို ဘုရားရှင်က တုံ့ဆိုင်းမနေ ချက်ခြင်းပဲ ဖြေကြားတော်မူလိုက်တယ်။ “နတ်သား…အားကောင်းချင်ရင် အစာရေစာပေး လှူပါ ။ အရုပ်ချောချင်တယ်ဆိုရင်တော့ အ၀တ်၊သင်္ကန်းစတာတွေကို ပေးလှူပါ၊ ချမ်သာချင်တယ်ဆိုရင် ထီး၊ဖိနပ်စတဲ့ယဉ်အလှူကို လူဒါန်းရတယ်။ မျက်စိ အမြင်ကောင်းအောင်ကတော့ ဆီမီးအလှူကို လှူဒါန်းရတယ်။ အထက်ကဆိုခဲ့တဲ့အရာအားလုံးကို လိုချင်ရင်တော့ နေထိုင်သီတင်းသုံးရာ ကျောင်းကို လှူရပါတယ်။
ဘုရားရှင်က ရှေ့ဆက်ပြီး ဘယ်သူမှမမေးပေမဲ့ လိုအပ်နေတဲ့အရာတစ်ခုကို မိန့်တော်မူခဲ့ ပါတယ်။ စာပေပို့ချမှုတွေ၊ စာပေသင်ယူမှုတွေ၊ အမေးပုစ္ဆာများရှင်းလင်းဖြေကြားပေးတာတွေ ၊ကမ္မဋ္ဌာန်းတရားပေးတာတွေ ၊ သွန်သင်ဆုံးမလမ်းပြပေးတာတွေဟာ သံသရာဝဋ်က လွတ်ရာလွတ်ကြောင်းဖြစ်တဲ့အတွက် အမြိုက်နိဗ္ဗာန်ကို လှူရာရောက်ပါတယ်။ နားလည်အောင်ပြောရရင် သာသနာ တော်ရဲ့တာဝန်များဖြစ်တဲ့ ပရိယတ္တိ၊ပဋိပတ္တိလုပ်ငန်းများ အောင်မြင်အောင် တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ပေးတာ ၊ လှူဒါန်းပေးတာ တွေဟာ အမြိုက်နိဗ္ဗာန်ကို လှူရာရောက်ပါတယ်။ တနည်းပြောရင် ဓမ္မဒါန တရားအလှူ လို့ ခေါ်ပါတယ်။
ဒါကြောင့် ဓမ္မပဒပါဠိတော် ၊တဏှာဝဂ်၊ သက္ကပဥှသုတ်မှာ “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” အလှူတကာ့အလှူထဲမှာ တရားအလှူဟာ အကောင်းဆုံးအမြတ်ဆုံး လို့ ဘုရားရှင် ဟောတော်မူထားပါတယ် လို့ ပြောလိုက်တော့…
ထိုအမျိုးသမီးက “ အရှင်ဘုရား……တပည့်တော်သဘောပေါက်ပါပြီဘုရား။ တပည့်တော်က ပရဟိတ အားသန်တယ်ဘုရား၊ ဒုက္ခရောက်နေသူကိုလဲ မကြာခဏ အကူအညီပေးပါတယ်။ ဒီလိုအကူအညီပေးလိုက်ရလို့ သူတို့လေးတွေ အဆင်ပြေသွားတာကို ကြည့်ပီး တပည့်တော်မ ပီတိဖြစ်ခဲ့ရတာလဲ ရှိပါတယ်ဘုရား။ ဒါကိုကော အကောင်းဆုံးအလှူလို့ ပြောလို့ရပါသလားဘုရား” လို့ မေးလျှောက်လာပြန် ပါတယ်။ သာသနာအတွက် တစ်ဖက်တစ်လမ်းက အားပေးထောက်ပံ့နေတဲ့ သူမအတွက် အတွေးသံသယတွေ ပယ်ဖျောက်ပေးဖို့အတွက် ဘာသာရေးခေါင်းဆောင်များဖြစ်တဲ့စာရေးသူတို့ရဲ့ တာဝန်ပါ။
သူမအပြောအရ လူသားချင်းစာနာတဲ့စိတ်ရှိတယ်ဆိုတာ အလွန်ကောင်းတဲ့စိတ်ထားပါ။ ပရဟိတ သူတစ်ပါးအကျိုးကို ကြည့်တဲ့စိတ် ဓါတ်လေ၊ အလွန်မွန်မြတ်တဲ့စိတ်ဓါတ်ပေါ့။ ဒီလိုစိတ်ဓါတ်မျိုးဟာ ရှေးရှေးဘုရားအလောင်းသူတော်ကောင်းများ နှလုံးသွင်းမြဲဖြစ်တဲ့ စိတ်ဓါတ်မျိုးပါ။ ဒီလိုပဲ ကိုယ့်အကျိုးမဖက် သူတစ်ပါးအကျိုးငှဲ့ပီး ပေးကမ်းစွန့်ကြဲ တယ်ဆိုတာ သူတော်ကောင်းတွေပြုလေ့ရှိတဲ့ဒါနမျိုးပါ။ ဒါကိုပဲ ဒါနပါရမီ လို့ ကျမ်းဂမ်များမှာ နာမည်တတ်ထားပါတယ်။ ဒီဒါနမျိုးဖြစ်ဖို့အတွက် အလှူခံပုဂ္ဂိုလ်နဲ့ပတ်သက်ပြီး အယုတ်၊ အလတ်၊အမြတ်မရွေးရဘူး၊ အလှူခံက ဘာပဲဖြစ်နေနေ ကိုယ့်အလှူဒါနမြောက်ဖို့အရေးကြီးပါတယ်။
ထိုအခါ အမျိုးသမီးက “အရှင်ဘုရား….ဒါဆိုရင် အလှူခံက သီလမစင်ကြယ်ဘူးဆိုရင် ကိုယ့်အလှူဟာ အကျိုးပေးနည်းတယ်၊ အလှူခံကို ရွေးချယ်စိစစ်ပြီး လှူရမယ်ဆိုတာလဲ တပည့်တော် ကြားဖူးပါတယ်ဘုရား၊ အဲဒါက ဘယ်လိုပါလဲဘုရား” လို့ လျှောက်ထားလာတယ်။
ခုတလော ဒီမေးခွန်းမျိုး အတော်မေးကြတယ်။ ဒါနဲ့ပတ်သက်ပြီး အကျယ်ရှင်းပြချင်ပါတယ်၊ဒါမှလဲ နားလည်သဘောပေါက် နိုင်မှာမို့လို့ပါ။
ပါဠိတော်မှာ “၀ိစေယျ ဒါနံ ဒါတဗ္ဗံ ယတ္ထဒိန္နံ မဟပ္ဖလံ” အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ပြီး လှူရမယ်ဆိုတာ ဟုတ်ပါတယ်။ ဥပရိပဏ္ဏာသပါဠိတော်မှလာတဲ့ သာဓကတစ်ခု ထုတ်ပြပါ့မယ်။
ဘုရားရှင်လက်ထက်က ဣန္ဒကနတ်သားနဲ့အင်္ကုရနတ်သားဆိုတာရှိတယ်။ မယ်တော်မိနတ်သားကို အကြောင်းပြုလို့ တာဝတိံသာမှာ ၀ါတွင်းသုံးလ အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပါတယ်။ စကြ၀ဠာများစွာ နတ်ဗြဟ္မာတွေလဲ တရားနာဖို့ လာကြပါတယ်။ဒီအထဲမှာ ဣန္ဒကနတ်သားနဲ့ အကုင်္ရနတ်သားတို့က ရှေ့ဆုံးကတော့ ဘုရားရဲ့အနီးဆုံးနေရာမှာ နေရာယူနေကြတယ်။ တဖြေးဖြေးနဲ့ တန်ခိုးကြီးတဲ့နတ် တွေ ရောက်လာတော့ အင်္ကုရနတ်သားက နေရာဖယ်ပေးရတယ်။ တန်ခိုးကြီးတဲ့ နတ်ဗြဟ္မာများကြောင့် အင်္ကုရနတ်သားဟာ (၁၂)ယူဇနာ ဝေးတဲ့အရပ်ကနေ တရားနာကြားရတယ်။ ဒါပေမဲ့ ဣန္ဒကနတ်သားကတော့ အရင်နေမြဲတိုင်းဖြစ်တဲ့ ဘုရားရဲ့အနီးဆုံးနေရာမှာပဲ နေပြီး တရားနာနေပါတယ်။ ဣန္ဒကနတ်သားနဲ့ အင်္ကုရနတ်သားတို့ နတ်ဖြစ်တာခြင်းအတူတူ ဘာ့ကြောင့် တစ်ဦးက တန်းခိုးကြီးပြီး ကျန်တစ်ဦးက တန်ခိုးနည်းပါးရပါသလဲဆိုရင် အကုင်္ရနတ်သားက သာသနာပမှာ သီလမရှိတဲ့သူများကိုသာ ကာလကြာမြင့်စွာ ပေးလှူခဲ့ရတဲ့အတွက် တန်းခိုးကြီးတဲ့နတ် မဖြစ်လိုက်ဘူး။ ဣန္ဒကနတ်သားကတော့ သာသနာတွင်းမှာ အရှင်အနုရဒ္ဓာမထရ်ကို ဆွမ်းတစ်ဇွန်းမျှ လောင်းလှူလိုက်ရတဲ့ အတွက် နတ်ပြည်မှာတန်ခိုးကြည့်တဲ့နတ်ဖြစ်ရတယ်။ ဒါဟာ အလှူခံပုဂ္ဂိုလ် အယုတ်အလတ်အမြတ်ကို အခြေခံပြီး အကျိုးသက်ရောက်မှု ကွာခြားပုံပါ။ ဒါကြောင့်လဲ ဘုရားရှင်က အလှူခံကို ရွေးချယ်စိစစ်ပြီး လှူကြဖို့ ဟောကြားတော်မူခဲ့ပါတယ်။ (ဥပရိပဏ္ဏာသပါဠိတော် ဒက္ခိဏ၀ိဘင်္ဂသုတ်)
မဟာဗုဒ္ဓ၀င်မှာကျတော့ အလှူပုဂ္ဂိုလ်တို့ကို အယုတ်၊အလတ်၊အမြတ်မရွေး ပေးလှူရမယ်လို့ ဟောတော်မူထားပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ဒါနပြုရင် အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်စရာမလိုပါ။ ထင်ရှားအောင် သာဓကထုတ်ပြရရင်….
ဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးရဲ့ဖြစ်စဉ်မှာ မင်းကြီးဟာ ဒါနမြောက်ဖို့အတွက် သားတော်နဲ့ သမီးတော်ကို သီလမရှိတဲ့ ဇူဇကာပုဏ္ဏားအား ပေးလှူလိုက်ပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ဘုရားရှင်ဟာ အလှူခံကို မကြည့်ဘဲ သူ့ရဲ့အလှူဒါနမြောက်ဖို့သာ ပြတ်သားစွာ တွေးခဲ့ပြီး လှူဒါန်းလိုက်တာဖြစ်တယ်။ ဒါကိ မဟာဗုဒ္ဓ၀င်မှာ တိပိဋကဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဦးဝိစိတ္တာသာရာဘိဝံသရဲ့ ကျမ်းညှိထားတာ လေးကို ဖေါ်ပြပါ့မယ်။
အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ပီးလှူရမယ်ဆိုတာက သာမည လူနတ်တို့ရဲ့ရည်ရွယ်ချက်က အကောင်းဆုံး လောကီစည်းစိမ်ချမ်းသာ ကို တောင့်တကြတာဖြစ်တဲ့အတွက် အကောင်းဆုံးအလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဥပရိပဏ္ဏာသပါဠိတော်မှာ ဟော တော်မူထားတဲ့နည်းလမ်းက သာမညနတ်လူတို့အတွက် ရည်ရွယ်ပြီး ဟောတော်မူခဲ့ခြင်း ဖြစ်တယ်လို့ မှတ်ယူရပါမယ်။
တစ်ဖန် ဘုရားအလောင်းသူတောင်ကောင်းတို့ ပါရမီဖြစ်ကျင့်တဲ့အခါမှာ သဗ္ဗညုတဥာဏ်တော်ရရှိရေးအတွက် အလှူခံပုဂ္ဂိုလ် ရွေးချယ်နေစရာမလိုဘဲ ဒါနပါရမီမြောက်အောင် လှူဒါန်းရမယ် လို့ မိန့်တော်မူခဲ့တာဖြစ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အလှူဒါနနဲ့ပတ်သက်ပြီး နှစ်မျိုးဖြစ်နေတော့ အလှူလုပ်တဲ့အခါ ဒီနှစ်မျိုးစလုံးပါသွားအောင် ဘယ်လိုလုပ်ရမလဲဆို တာစဉ်းစားရမယ်။ ဒါနဲ့စပ်ပြီး စစ်ကိုင်းမြို့ မြစကြာဆရာတော်ရဲ့ “စိတ်ထားစင်ကြယ် စွမ်းအားကြွယ်”ဆိုတဲ့စာအုပ်မှာ သုံးသပ်ပြထားတာ အတော်ကောင်းပါတယ်။ ဒါလဲ စာချစ်သူများသိသင့်တယ်ထင်လို့ ဖေါ်ပြပေးလိုက်ပါတယ်။
စာချစ်သူများသတိထားရမှာက အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ရမယ်ဆိုတာကိုပဲဆုပ်ကိုင်ထားပြီး၊ အမြဲတမ်း အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ပြီးနေတယ်ဆိုရင် နစ်နာမှုရှိနိုင်ပါတယ်။ ပါရမီဖြစ်ဖို့မလွယ်ဘူး။ အချို့ပုဂ္ဂိုလ်များကျတော့ အယုတ်၊အလတ်၊အမြတ်မရွေး လှူဒါန်းပါဆိုတဲ့အယူကို ဆုပ်ကိုင်ပြီး လှူဒါန်းတယ်။ဒါဆိုရင် အဆိပ်ပင်ရေလောင်းတဲ့သဘောမျိုးတွေ ဖြစ်တတ်တယ်။သတိထားစရာကောင်း ပါတယ်။ ဒီနှစ်ခုကို ညှိပြပါ့မယ်။ တောင်မြို့မဟာဂန္ဓရုံကျောင်းအစ်မ ဒေါ်ကျင်သန်းဆိုတာရှိတယ်။ သူ့ကို တောင်မြို့၊မဟာဂန္ဓာရုံဆရာတော်က ဆုံးမဖူးတဲ့စကားရှိတယ်။
ဆရာသမားအဖြစ်နဲ့ဆည်းကပ်ကိုးကွယ်တဲ့အခါမှာ နှလုံးလှတဲ့ဆရာသမား၊ပရိယတ်၊ပဋိပတ်စွယ်စုံလှတဲ့ဆရာသမားမျိုး ဖြစ်ရပါမယ်။ ဒါ့ပြင် သီလလဲလုံခြုံအောင်ထိမ်းမယ်၊ အားလုံးအတွက်အနစ်နာခံတယ်၊ မေတ္တာတရားပြည့်ဝတဲ့နူညံ့တဲ့နှလုံးသားပိုင်ရှင်ဖြစ်ရမယ်၊ ဒကာဒကာမ များနဲ့ဆက်ဆံတောင်မှ ရလိုမှုကြောင့်မဟုတ်ဘူး။ ဒီလိုဆရာသမားမျိုးဟာ သမာဓိအားကောင်းတယ်လို့ ဆိုရပါမယ်။ ပီးတော့ ပညာပြည့်ဝတဲ့ ဆရာသမားများကိုလဲ ဆည်းကပ်ရပါမယ်။ ဒီလို သီလ၊သမာဓိ၊ပညာ ရှိတဲ့ဆရာသများအား ဆည်းကပ်ကိုးကွယ်ကြရမယ်။ ဆည်းကပ်ဆိုတဲ့အထဲမှာ နောက်ကွယ်က လှူဒါန်းမှုတွေလဲပါဝင်သွားတယ်။ ဒါဆိုရင် သီလာ သမာဓိ ပညာ ရှိတဲ့သူကို လှူဒါန်းပူဇော်မှုအားလုံး ပါဝင်သွားပါတယ်။
ပြီးတော့ မဟာဂန္ဓာရုံဆရာတော်ကြီးက ပေးကမ်းရုံသက်သက်ဆိုရင်တော့ အယုတ်၊ အလတ်၊အမြတ် မရွေးပါနဲ့ ဒုက္ခရောက်တဲ့ပုဂ္ဂိုလ် မှန်သမျှ ကူညီလှူဒါန်းပါလို့ မိန့်တော်မူခဲ့ပါတယ်။ ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်အားလုံးကို ကူညီပံ့ပိုးပေးတာဟာ ပါရမီဖြည့်တာပါပဲ။ အိမ်မိုးမလုံတာကို မိုးလုံအောင်လုပ်ပေးတယ်။ သဘာဝဘေးအန္တရာယ်နဲ့ တွေ့ကြုံခဲ့ရတဲ့ နာဂစ် ဒုက္ခသည်တွေကို စားဝတ်နေရေးကူညီပံ့ပိုးပေး တာတွေဟာ ကိုယ့်အကျိုးမကြည့် ဒုက္ခသည်အကျိုးသာကြည့်တဲ့အတွက် မွန်မြတ်သန့်ရှင်းတဲ့ပေးကမ်းမှုပါ။
အချူပ်ပြောရင် ဆရာသမားအဖြစ်နဲ့ ဆည်းကပ်ကိုးကွယ်လိုတယ်ဆိုရင် ပညာပြည့်ဝနှလုံးလှတဲ့ပုဂ္ဂိုလ်မျိုးကို ဆည်းကပ်ကိုးကွယ် ပူဇော်ရပါမယ်။ ပေးကမ်းရုံသက်သက်ဆိုရင်တော့ အယုတ်၊အလတ်၊အမြတ်မရွေး ပေးကမ်းလှူဒါန်းပါတယ်ဆိုတာပါပဲ။ မေးခွန်းမေးလာတဲ့ အမျိုးသမီးနဲ့တကွ စာချစ်သူများအားလုံး အလှူနဲ့စပ်ပြီး ရှင်းရှင်းလင်းလင်းသိကာ အမျိုးဘာသာ သာသနာကို ဆထက်တံဘိုး ထမ်းဆောင်နိုင်ပါစေလို့ဆန္ဒပြုရင်း…………..။
လိုရာဆန္ဒပြည့်ဝကြပါစေ
ဦးကောဝိဒ(မြိတ်)
၆.၈.၂၀၁၀၊ နံနက်-၇း၁၅နာရီ၊

Tuesday, August 3, 2010

အကောင်းကြိုက်သူများအတွက် အကောင်းဆုံးဓမ္မ

လောကမှာ အကောင်းမွန်ဆုံး အမြတ်ဆုံး အကောင်းဆုံး ဆိုတဲ့အရာတွေကို လူသားများ စိတ်ဝင်စားလေ့ရှိကြတယ်။ နားလည်အောင် ပြောရရင် စားစရာနဲ့ပတ်သက်လို့ အကောင်းဆုံးအစားအစာဆိုရင် စိတ်ဝင်စားတယ်၊ မြည်းစမ်းကြည့်ချင်တယ်။ ထိုအစားအစာရှိတဲ့နေရာကို မရောက်ရောက်အောင်သွားပြီး ၀ယ်ယူစားသောက်ကြတယ်။အကြိုက်တွေ့ပြီဆိုရင် ဘယ်လောက်ဈေးကြီးကြီး ၀ယ်စားလေ့ရှိကြတယ်။ အ၀တ်အထည်နဲ့စပ်လို့လဲ ဒီလိုပါပဲ၊ အညံ့စားအ၀တ်အထည်တွေဆို မ၀တ်ချင်ကြ၊ အချို့က ပိုက်ဆံမတတ်နိုင်လို့သာ ညံ့တဲ့အ၀တ်အထည် တွေကို ၀တ်ကြရတယ်။ ဒါပေမဲ့ ဖြစ်နိုင်ရင် အကောင်းဆုံးအ၀တ်ပဲလိုချင်ကြတယ်။ နေစရာအိမ်တွေလဲ ဒီလိုပါပဲ၊ အိမ်ကောင်းကောင်း နဲ့ နေချင်ကြတာ ဓမ္မတာပါ။
ဒါကြောင့်လဲ ဘုရားမြတ်စွာဟာ လူတို့ရဲ့စိတ်သဘောသဘ၀ကို သိတော်မူတဲ့အတွက် “ဓမ္မ” ကို လူတို့စိတ်ဝင်စားလာအောင် အဆန်းတကြယ်ဟောကြားတော်မူခဲ့တာဖြစ်မှာပါပဲ လို့ တွေးမိပါတယ်။ ဒါကြောင့် အကောင်းဆုံးကြိုက်ကြတဲ့သူများအတွက် မြတ်စွာဘုရားဟော ကြားတော်မူခဲ့တဲ့ တရားတော်များထဲမှ အမြတ်ဆုံးဖြစ်တဲ့ ဓမ္မတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။

အထက်ကဆိုခဲ့တဲ့အတိုင်း လူတွေမှာ အကောင်းဆုံးလာဘ်လာဘတွေကို ရရှိခံစားသုံးဆောင်ကြရပြီဆိုရင် သဘောတွေ မနောခွေ့ပြီး အကြိုက်တွေ့နေတတ်ကြပါတယ်။ ဒီအကောင်းဆုံးလာဘ်လာဘတွေဟာ ရရှိတဲ့ခဏမှာတော့ ပျော်ရွှင်ကြတာပါပဲ။ ဒါပေမဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတာက ရရှိလာတဲ့လာဘ်လာဘတွေကို ထိန်းသိမ်းရ၊ မပျောက်ပျက်အောင် ကြောင့်ကြစိုက်ရနဲ့ ရတက်မအေး သောကပူဆွေးခဲ့ရ တယ်။ဒါဟာ လာဘ်လာဘနဲ့ပတ်သက်ပြီး ဖြစ်ရတဲ့ ပူဆွေးမှု၊စိတ်ဆင်းရဲမှု၊ရတက်မအေးမှုတွေပါ။ဒါကြောင့် ရရှိလာတဲ့လာဘ်လာဘတွေဟာ အကောင်းဆုံး လာဘ် လို့ မဆိုနိုပါဘူး။ ဒါဖြင့် အကောင်းဆုံးလာဘ်က ဘာများဖြစ်နိုင်မလဲ…။
(၁)“အာရောဂျ ပရမာ လာဘာ” လောကမှာ အကောင်းဆုံးလာဘ်ဟာ အနာရောဂါကင်းခြင်း ဖြစ်တယ် လို့ ဘုရားရှင် မိန့်တော်မူခဲ့ပါတယ်။ ဆက်ပြောပါအုံးမယ်။ လူများဟာ ငယ်စဉ် ကျန်းမာရေးကောင်းခဲ့တုန်းက ကျန်းမာရေးအတွက်ဂရုစိုက်စရာမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စာ နေထိုင်လာခဲ့ကြတယ်။ဒါပေမဲ့ ကျန်းမာရေးချို့ယွင်းလာတဲ့အခါ ပေါ့ပေါ့ပါးပါးမဖြစ်တော့၊ လုပ်ချင်တာမလုပ်ရတော့၊စားချင်တာမစားရတော့ပါ။ ထင်ရှားအောင်ပြောရရင် အုန်းထမင်းဟာ ရောဂါမရှိသူများအတွက် အာဟာရဖြစ်ရုံမက ခွန်အားလဲဖြစ်စေပါတယ်။ ဒါပေမဲ့ သွေးတိုးရောဂါရှိသူ များအတွက်တော့ အုန်းထမင်းဟာ အဆိပ်စားသလိုပါပဲ။ ဘာ့ကြောင့်ဆိုရင် သွေးတိုးပြီးသေဆုံးနိုင်တဲ့အထိ ဖြစ်တတ်လို့ပါပဲ။ ပီးတော့ ကောက်ညှင်းပျက်၊ စပွန်ဆာအချိုရည်များစတာတွေဟာ ရောဂါမရှိသူတို့အတွက် အားကိုဖြစ်စေပေမဲ့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိသူများ အတွက်တော့ သွေးတိုးနိုင်၊ဆီးချိုတက်နိုင်တဲ့အတွက် အဆိပ် ပင်သဖွယ်ပါပဲ။ ပူအိုက်တဲ့အခါဆိုရင် အအေးဓါတ်ရရှိဖို့အတွက် အဲယားကွန်းနဲ့ နေလေ့ရှိကြတယ်။ ရောဂါမရှိသူအတွက်တော့ကောင်းတာပဲ၊ဒါပေမဲ့ အဆုတ်သမားတွေအတွက်တော့ ထိုအအေးဟာ အန္တရာယ်ပါ။
ဒါကြောင့် လောကမှာ အကောင်းဆုံးလာဘ်ဟာ အနာရောဂါကင်းခြင်း လို့ ဘုရားရှင် မိန့်တော်မူခဲ့တာ ဖြစ်မှာပါ။
(၂) “သန္တုဋ္ဌီ ပရမံ ဓနံ”လောကမှာ အကောင်းဆုံးဥစ္စာဟာ ရောင့်ရဲနိုင်ခြင်းပါပဲ။
လူတွေဟာ ရောင့်ရဲနိုင်မှုမရှိတဲ့အတွက် အလိုရမက်ကြီးစွာနဲ့ မဆုံးနိုင်တဲ့လောဘနောက်လိုက်နေရတဲ့အတွက် ပူပင်သောကရောက် ကြရတယ်။ စိတ်ဆင်းရဲကြရတယ်၊ ငြိမ်းချမ်းမှုဆိုတာတော့ ဝေလာဝေးပါပဲ။ အလိုကြီးတဲ့သူကို ပါဠိလို မဟိစ္ဆ လို့ခေါ်ပါတယ်။ အလိုကြီးတဲ့သူ သုံးဦးရှိပါတယ်။ (က) အတြိစ္ဆ။ (ခ) မဟိစ္ဆ။ (ဂ) ပါပိစ္ဆ တို့ဖြစ်တယ်။ ရသင့်တာထက် ပိုလွန်ပြီး ရယူချင်၊လိုချင်တဲ့သူကို “အတြိစ္ဆ” လို့ခေါ်ပါတယ်၊
ထင်ရှားအောင်ပြောရရင် သူတစ်ပါးက အားကြိုးမာန်တက် ကြိုးစားပီးမှ ရရှိလာတဲ့ပစ္စည်းဥစ္စာတွေကို မစွမ်းနိုင်တဲ့ကိုယ်က လိုချင်နေတယ်ဆိုရင် ရသင့်တာထက်ပိုလိုချင်တာဖြစ်တဲ့အတွက် “အတြိစ္ဆ” ပုဂ္ဂိုလ်လို့ခေါ်ပါတယ်။
(ခ)အလိုကြီးတဲ့ပုဂ္ဂိုလ်ကို “မဟိစ္ဆ” လို့ခေါ်ပါတယ်။ သူ့ရဲ့သဘောက ကိုယ့်ရှိတဲ့ဂုဏ်ကို မလိုအပ်ဘဲ ကြွားဝါပြီး ပြောဆိုတာပါ။ လိုအပ်တဲ့အခါ ကိုယ့်ရှိတဲ့ဂုဏ်ကို ထုတ်ဖေါ်ပြောသင့်ရင် ပြောရမှာပါ။ မလိုအပ်ဘဲနဲ့ မသင့်တော်မှန်းသိရက်နဲ့ လူတကာရှေ့ သူများအထင်ကြီးအောင် ကိုယ့်ဂုဏ်ကို ဖေါ်ပြီး ကြွားဝါခြင်းဖြစ်တယ်။ ဒါ့အပြင် သူတစ်ပါးပစ္စည်းပေးလို့ ယူတဲ့အခါမှာ အတိုင်းမရှည်မသိဘဲ ယူတဲ့အလေ့ရှိတယ်။ ကိုယ့်မှာ ပြည့်စုံနေရင် ငါ့မှာတော့ ပြည့်စုံနေတယ်။ ဘယ်သူ့မှာဖြင့် လိုအပ်နေတဲ့အတွက် ဘယ်သူ့ကို သွားပေးပါဆိုပြီး လမ်းညွန်ရင်တော့ ထိုသူဟာ အပ္ပိစ္ဆ အလိုနည်းတဲ့သူလို့ ဆိုနိုင်တယ်။ ဒီအရည်အချင်းတွေမရှိဘူးဆိုရင်တော့ အလိုရမက်ကြီးတဲ့ မဟိစ္ဆပုဂ္ဂိုလ်ဖြစ်သွားပါပြီ။
(ဂ) ယုတ်မာပြီး အလိုဆိုးရှိတဲ့ပုဂ္ဂိုလ်မျိုးကို “ပါပိစ္ဆ” လို့ခေါ်ပါတယ်။သူကျတော့ ကိုယ့်ထင်ရှားမရှိတဲ့ဂုဏ်ကို သူတကာကို ပြောဆိုတာပါ။ ဆိုပါစို့၊ ကိုယ့်မှာ လုပ်ငန်းတစ်ခုရရေးအတွက် လျှောက်လွှာတင်တဲ့အခါ လိုအပ်တဲ့အရည်အချင်း၊ ဘွဲ့ထူးဂုဏ်ထူးတွေကို လျှောက်လွှာအတွင်း ရေးဖြည့်ပြီးတင်ရပါတယ်။ ဒီလိုတင်တဲ့အခါမှာ လုပ်ငန်းရရှိအောင်ဆိုပြီး ကိုယ့်မရှိတဲ့ အရည်အချင်းတွေ ဘွဲ့တွေဂုဏ်ထူးတွေကို ရေးဖြည့်ပြီးတင် ကြတယ်။ဒါဟာ ယုတ်မာပြီး အလိုဆိုးရှိတဲ့ ပါပိစ္ဆ ပုဂ္ဂိုလ်ပါပဲ။ အလိုကြီးတဲ့သူများထဲမှာ အယုတ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်။
ပြောခဲ့တဲ့ပုဂ္ဂိုလ်သုံးဦးဟာ အလိုရမက်ကြီးကြတဲ့အတွက် သူတို့သန္ဆာန်မှာ မဖြစ်သေးတဲ့အကုသိုလ်တရားများ အဖြစ်များလာပြီး၊ ဖြစ်ပြီးတဲ့ကုသိုလ်တရားများ ဆုတ်ယုတ်လာပါတော့တယ်။ ဒါကြောင့် အလိုကြီးတာဟာ ဆင်းရဲမှုကို အပြည့်အ၀ပေးပြီး ရသမျှနဲ့ရောင့်ရဲတာဟာ ငြိမ်းချမ်းမှုကို အပြည့်အ၀ပေးနိုင်ပါတယ်။
တစ်ခါက လယ်ပိုင်ရှင်သူဌေးတစ်ဦးဟာ သူ့အပေါ်ကျေးဇူးများတဲ့ လယ်သမားတစ်ယောက်ကို လယ်မြေတွေ ပေးဖို့အတွက် လယ်သမားကို ပန္နက်ရိုက်ခိုင်းပါတယ်။ လယ်သမားက ပထမပန္နရိုက်ရမဲ့နေရာမှာ မရိုက်သေးဘဲ ပေးထားတဲ့လယ်ကွက်ထက် ပိုပြီးလိုတဲ့ အတွက် နောက်တစ်ကွက်ကိုရောက်သွားပြန်တယ်။ ဒီအကွက်ရောက်တော့လဲ ထပ်လိုပြန်တဲ့အတွက် တစ်ကွက်ပြီးတစ်ကွက် တိုးသွားလိုက်တာ နောက်ဆုံး လယ်သမားဟာ ပန္နမရိုက်ရတော့ဘဲ အမောဆို့ကာ သေဆုံးသွားခဲ့တယ်။ တကယ်လို့ လယ်သများဟာ တစ်ကွက်နှစ်ကွက်လောက် ပေးသမျှနဲ့တင်းတိမ်ရောင့်ရဲနိုင်ခဲ့မယ်ဆိုရင် အသက်မသေနိုင်တဲ့အပြင် လယ်ကွက်တောင်ပိုင်ဆိုင်သွားအုံးမှာပါ။ ဒါကြောင့် ပစ္စည်းဥစ္စများဟာ ဆင်းရဲပူပန်မှုအပြင် အသက်ပါသေဆုံး နိုင်တဲ့အတွက် အမြတ်ဆုံးဥစ္စာ လို့ မဆိုနိုပါဘူး။

ရသမျှနဲ့ရောင့်ရဲတင်းတိမ်မှုမရှိဘဲ ရသင့်တာထက်ပိုပြီး လိုချင်တယ်၊ အလိုကြီးတယ်၊ ယုတ်မာတဲ့အလိုဆိုးရှိကြတဲ့သူများဟာ ကာမဂုဏ်အပေါ်မှာခံစားချင်တဲ့ အာသာဆန္ဒက များနေတဲ့အတွက်သူတို့ရဲ့သန္တာန်မှာ စိတ်ချမ်းသာမှု မရှိနိုင်သလို ငြိမ်းအေးမှုလဲ မရရှိနိုင်ပါ။ ရှေးရှေးဘုရားလောင်းသူကောင်းများဟာ ကာမဂုဏ်နဲ့ပတ်သက်ပြီး အတတ်နိုင်ဆုံး ရှောင်ရှားတော်မူကြတဲ့အတွက် သူတို့ရဲ့စိတ်ဟာ လွတ့်လပ်ပေါ့ ပါးပြီး ငြိမ်းချမ်းမှုကို ရယူနိုင်ကြခြင်ဖြစ်ပါတယ်။
ဒါကြောင့် လောကမှာ အမြတ်ဆုံးဥစ္စာဟာ တင့်တိမ်ရောင့်ရဲမှုလို့ ဘုရားရှင် မိန့်တော်မူခဲ့တာ ဖြစ်မှာပါ။
(၃) “၀ိဿဿ ပရမာ ဥာတိ” လောကမှာ အမွန်မြတ်ဆုံး ဆွေမျိုးဆိုတာ အကျွမ်းဝင်မှု ပါပဲ..လို့ ဘုရားရှင်မိန့်တော်မူပါတယ်။
သွေးသားတော်စပ်တိုင်းလဲ ဆွေမျိုးလို့ မခေါ်ဆိုနိုင်ပါ။ တစ်ချို့ဆွေမျိုးများဆိုရင် ပေါင်းသင်းရတာ သူစိမ်းထက်တောင် ဆိုးပါသေးတယ်။ အကျိုးရှိမှ ခေါ်ပြောတယ်။ သာမန်အချိန်ဆို မသိတဲ့အတိုင်းနေကြတယ်။ အနစ်နာမခံနိုင်ဘူး။ မိမိသက္ခာကျအောင် ဆုတ်ယုတ်အောင် မပြောသင့်တဲ့အရာတွေကို လူများအား ပြောဆိုလေ့ရှိတယ်။ မိမိ အခက်ကြုံလာတဲ့အခါ မကူညီတဲ့အပြင် အပြစ်တောင်ပြော လိုက်သေးတယ်။ မိမိအဆင်ပြေနေတဲ့အခါတုန်းကတော့ ပြောဆိုနေသေး၊ အဆင်မပြေတဲ့တစ်နေ့ လုံးဝအပြောအဆို မရှိတော့။ ထိုသူများဟာ ဆွေးမျိုးတော်စပ်သော်လဲ ဆွေးမျိုး လို့မခေါ်နိုင်ပါ။
သို့သော်လဲ လောကမှ သွေးသားတော်စပ်မှု လုံးဝမရှိသော်လဲ သွေးသွားရင်းချာတစ်ယောက်လို အားကိုးရတဲ့သူတွေရှိတယ်။ ထိုသူများရဲ့အလေ့အထက မိမိကို ပေါင်းသင်းတဲ့နေရာမှာ မိမိအကျိုးကိုပဲကြည့်ပြီး ပေါင်းသင်းတယ်။ မိမိရဲ့သိက္ခာကျစရာ၊ လျှို့ဝှက်ရမဲ့အရာတွေကို လူတွေမသိအောင် အထူးလျှို့ဝှက်ပေးတယ်။ မိမိဘေးဒုက္ခကြုံလာတဲ့အခါ အရှေ့ဆုံးကနေ အကူအညီပေးပေးတယ်။ ချမ်းသာတဲ့အခါမှာလဲ ပေါင်းသင်းသလို ဆင်းရဲတဲ့အခါမှာလဲ မပြောင်းလဲဘဲ ပေါင်းသင်းမြဲဖြစ်တယ်။ ကုသိုလ်ရေးနဲ့ပတ်သက်လာရင် မိမိကုသိုလ်ရအောင် ကြံဆောင်ပေးတတ်တယ်။ ဒီလိုလူမျိုးဟာ မိမိအတွက် အမြတ်ဆုံးဆွေမျိုး လို့ပြောနိုင်ပါတယ်။
(၄) “နိဗ္ဗာနံ ပရမံ သုခံ” နိဗ္ဗာန်ဟာ အမြတ်ဆုံးချမ်းသာပါပဲ တဲ့။ နိဗ္ဗာန်ဆိုတာ စာချစ်သူများလဲသိကြမှာပါ။ တကယ်တန်း သူ့ရဲ့အနက်ကို ဘာသာပြန်တော့ နိဗ္ဗာန =နိ + ၀ါန ၊ နိ -မရှိ၊ ၀ါန-ကိလေသာ၊ ပေါင်းလိုက်တော့ ကိလေသာမရှိခြင်း၊ကိလေသာကင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကိလေသာမရှိရင် အချမ်းသာဆုံးဆိုတော့ ကိလေသာရှိနေရင် အဆင်းရဲဆုံးလို့ ဆန့်ကျင်ဘက် ယူလို့ရပါတယ်။ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတရား များပြားနေရင် ဘယ်တော့မှ မချမ်းသာနိုင်ပါဘူး။ ဥပမာ.. လူတစ်ယောက်က မိမိနှစ်သက်တဲ့ ပစ္စည်းတစ်ခုကို မိမိအား လာပေးတယ်ဆိုပါစို့၊ ပစ္စည်းမရခင်တုန်းကတော့ အကောင်းသား၊ မိမိနှစ်သက်တဲ့ပစ္စည်းရလိုက်တော့မှ ပစ္စည်းအပေါ် ပျက်စီးသွားမှာစိုးလို့ ကြောင့်ကြစိုက်ရ ၊ ထိန်းသိမ်းရနဲ့ စိတ်ဟာ မလွတ်လပ်တော့။ စိတ်ချမ်းသာတာတွေ အဘယ်မှာလာနိုင်တော့မလဲ။ ထို့အတူ ဒေါသထွက်နေတဲ့ သူများဟာလဲ စိတ်ဆင်းရဲလှပါတယ်။ စိတ်တွေကျဉ်းကြပ်လွန်းလှပါတယ်။ ဒါကြောင့် လိုချင်မှု တဏှာလောဘ၊ မခံသာမှု ဒေါသတရားတွေ မသိမှုဆိုတဲ့မောဟကိလေသာတွေရှိတဲ့သူများဟာ စိတ်ဆင်းရဲလှတာ ထင်ရှားလှပါတယ်။ ကိလေသာတွေ အနှောင်အဖွဲ့ရှိနေသမျှကာလ ပတ်လုံး ဘယ်တော့မှ ချမ်းသာမှာမဟုတ်ပါ။ အဲ…စိတ်ချမ်းသာချင်တယ်ဆိုရင်တော့ ကိလေသာတွေက အနှောင်အဖွဲ့ကင်းအောင် နေတတ်ဖို့လိုပါတယ်။ ဒီလိုသာနေတတ်သွားပီဆိုရင် အမြတ်ဆုံးချမ်းသာကို ပိုင်ဆိုင်သွားတော့မှာပါ။
သဂါထာဝဂ္ဂသံယုတ်ပါဠိတော်မှာလာတဲ့ သုဗြဟ္မာနတ်သားအကြောင်းလေးကို ဒီနေရာမှာ အလျင်းသင့်လို့ ပြောပါအုံးမယ်။ တာဝတိံသာနတ်ပြည်မှာ သုဗြဟ္မာနတ်သားဆိုတာရှိတယ်၊ နတ်သမီးတစ်ထောင်အခြံအရံရှိတယ်။ တစ်နေ့မှာ သူ့တို့ရဲ့အရှင်သခင်နတ်သား ပန်းပန်ဖို့အတွက် နတ်သမီးငါးရာက နတ်ပြည်မှာပေါက်တဲ့သစ်ပင်ပေါ်မှာ သီချင်းဆိုပြီး ပန်းခူးနေကြတယ်။ ကျန်တဲ့နတ်သမီးငါးရာက အပင်အောက်ရောက် လာတဲ့ ပန်းတွေကို သီကုံးပေးကာ သီချင်းသီဆိုနေကြပါတယ်။ ဒီအချိန်မှာပဲ မမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခု…သစ်ပင် ပေါ်က နတ်သမီးငါးရာ ပျောက်ချင်းမလှပျောက်သွားတယ်။ နတ်သားကလဲ နတ်တို့မျက်စိနဲ့ကြည့်လိုက်တော့ နတ်သမီးငါရာ သေပြီး ငရဲကျခံနေရတာကို မြင်တယ်။သူတို့လဲ မကြာခင်သေဆုံးကာ ငရဲကျရမယ်ဆိုတာကို သိလိုက်တယ်။ ဒီလိုသိလိုက်တော့ နတ်သားခမျာ နတ်သားဘ၀ကိုလဲ မစွန့်လွတ်နိုင်မှုဆိုတဲ့ လောဘတဏှာ၊ သေရင်ငရဲကျမှာစိုးရိမ်ပူပန်ရတဲ့ ဒေါသကိလေသာများဖြစ်ကာ စိတ်ဆင်းရဲနေပါတယ်။ ဒီအပူကို ငါ့အားငြိမ်းပေးနိုင်တဲ့သူဟာ လောကမှာ ဘုရားရှင်မှတစ်ပါး အခြားမရှိ၊ ဘုရားထံ အမြန်သွားမှာဆိုပြီး ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ နတ်တို့ရဲ့အဘိညာဉ်နဲ့ ဘုရားရှင်ထံရောက်တော့ ဘုရားရှင်က နညတြ ဗောဇ္ဈတပသာ စတဲ့ ဆင်းရဲငြိမ်းကြောင်းတရားများကို ဟောတော်မူပါတယ်။ အဓိပ္ပါယ်က သတ္တ၀ါတွေ ကိလေသာကင်းပြီးချမ်းသာဖို့အတွက် ဗောဇ္ဈင်တရား၊ ဣနြေ္ဒတရားများမှ တစ်ပါး အခြားတရားကို ငါဘုရား မြင်တော်မမူဘူး……တဲ့။
ဗောဇ္ဈင်တရားဖြစ်အောင်ဆိုတာ သတိပဋ္ဌာန်လေးပါးတရားကိုပဲ လက်တွေ့ကျင့်သုံးကြရမှာဖြစ်တယ်။ သတိပဋ္ဌာန်တရားတော်အရ ကျင့်သုံးရင် မဂ်ဖိုလ်နိဗ္ဗာန်ကို ထိုးထွင်းသိနိုင်တဲ့ သတိ၊ပညာ၊ ၀ီရိယ၊ပီတိ၊ပဿဒ္ဓိ၊သမာဓိ၊ဥပေက္ခာဆိုတဲ့ တရားတွေ ဖြစ်လာမှာပါ။ ထိုတရားများ ကိုယ့်သန္တာန်မှာပြည့်စုံပြီဆိုရင် ကိလေသာတွေလဲကင်းသွားပါပြီ။ ကိလေသာတွေကင်းပြီဆိုရင် အမြတ်ဆုံးချမ်းသာပါပဲ။ ဒါကြောင့် လောကမှာ ကိလေသာကင်းခြင်းဟာ အမြတ်ဆုံးချမ်းသာ ပါပဲ လို့ ဘုရားရှင်မိန့်တော်မူခဲ့တာ ဖြစ်မှာပါ။
အချူပ်ပြောရရင် ရောဂါကင်းခြင်းဆိုတဲ့ အမြတ်ဆုံးလာဘ်၊ ရောင့်ရဲခြင်းဆိုတဲ့ အမြတ်ဆုံးဥစ္စာ၊ အကျွမ်းဝင်ခြင်းဆိုတဲ့ အမြတ်ဆုံး ဆွေမျိုး၊ ကိလေသာကင်းခြင်းဆိုတဲ့ အမြတ်ဆုံးချမ်းသာကို စာချစ်သူများ ရရှိနိုင်ကြစေဖို့ ဆန္ဒပြုရင်း………..

လိုရာဆန္ဒပြည့်ဝကြပါစေ
ဦးကောဝိဒ(မြိတ်)
၃.၈.၂၀၁၀၊ ညနေ ၅ နာရီ

Tuesday, April 6, 2010

ပတ်ဝန်းကျင်က မြတ်ဓမ္မ

လွယ်အိတ်
“ဒီလူဟာ လွယ်အိတ်ပဲ” လို့ အချို့လူများကို လွယ်အိပ်နဲ့ ပမာတင်စားပီး ပြောဆိုသံများ တစ်ခါတစ်ရံ ကြားကြရပါတယ်။ ဘာကြောင့် လွယ်အိပ်ခေါ်ကြတာလဲမသိ၊ တစ်ယောက်နဲ့တစ်ယောက်အယူအဆမတူကြ၊ အချို့က စကားပြောတဲ့အခါ ကိုယ်လိုရာဆွဲပြောတတ်ကြတယ်၊ အခြားသူများအပေါ်မှာလဲ နားလည်မှုနည်းပါးလှပြီး၊ စကားကို အလိုက်သင့်မပြောဘဲ ဘေးတိုက်ပြောတတ်ကြတယ်။ ဒီလိုဘေးတိုက်ပြောကြ တာကို ရည်ရွယ်ပြီး “လွယ်အိတ်ပဲ” လို့ လူကိုတင်စားပြောဆိုကြပါတယ်။ ဘေးတိုက်ဆိုတာက အမှန်တရားပြောလာရင် အနိုင်လိုတဲ့အတွက် အမှန်သိပေမဲ့ အမှားပြောတတ်ကြပါတယ်။ အလိုက်သင့်မဟုတ်တဲ့အတွက် ဘေးတိုက် လို့ ဆိုရခြင်းဖြစ်ပါသတဲ့။
လိုရင်းကတော့ ဘေးတိုက်မို့ လွယ်အိတ် လို့ခေါ်ကြတာပါပဲ။

လွယ်အိတ်နဲ့ပတ်သက်ပြီး စာရေးသူတွေးမိတာတစ်ခုရှိပါသေးတယ်။ နံဘေးမှာလွယ်ထားရလို့ ဘေးတိုက်ဆိုပေမဲ့ လွယ်အိတ်ဆိုတာ ထည့်ချင်တာ အကုန်ထည့်လို့ရပါတယ်။ ရသမျှကောင်းကောင်းဆိုးဆိုး အကုန်ထည့်တတ်ကြတဲ့အတွက်လဲ ‘အရူးလွယ်အိတ်လိုပါပဲ’ ဆိုပြီး ပြောတတ်ကြပါတယ်။ရူးသွပ်နေတဲ့သူများဟာ သူ့မှာလွယ်အိတ်ရှိရင် ကောင်းတာမကောင်းတာသူမသိ အကုန်ထည့်တော့တာပါပဲ ဒါကြောင့် အရူးလွယ်အိတ်လို့ခေါ်ကြတာပါ။ ဒါဖြင့်ရင် လူကောင်းတွေက ဘာတွေထည့်ကြတာလဲ၊ သူတို့လဲ အကောင်း အဆိုးအကုန် ထည့်တတ်ကြ တယ်။ လူကောင်းလို့ သမုတ်ထားပေမဲ့ တကယ်တော့ ပုထုဇဉ်တွေဆိုတာ အရူးတွေပဲမဟုတ်ပါလား။ ဒီတော့သူတို့လဲ အရူးတွေပဲပေါ့။ ဒါဆိုရင် လူကောင်းတွေမှာရှိတဲ့လွယ်အိတ်ကိုလဲ အကောင်းလွယ်အိတ်လို့ ပြောလို့မရတော့။
အရူးဆိုလို့…..ပြောရအုံးမယ်။
တစ်ခါက သက်တော်ကြီးပြီဖြစ်တဲ့ တောရဆရာတော်တစ်ပါးထံ သွားဖွားမီးယပ်ပါရဂူဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ ဆေးရုံအုပ်ကြီး၊ ဓါတ်မှန်ပါရဂူ၊ စိတ်ကျန်းမာရေးဆရာဝန်စတဲ့ ကျန်းမာရေးဆရာဝန်များ သွားရောက်ဖူးမျှော်ကန်တော့ကြပါတယ်။ ဆရာဝန်များက ကိုယ့်ကိုယ်ကို အသီးသီးမိတ်ဆက်ကြပါတယ်။ ထိုဆရာဝန်များအနက် စိတ်ရောဂါကုဆရာဝန်က “တပည့်တော်ကတော့ အရူးကုတဲ့ဆရာဝန်ပါ ဘုရား” လို့ လျှောက်ထားတဲ့အခါ “ အင်း…အရူးကုဆရာဝန်ဆိုတော့ လူ့လောကကြီးမှာ ပုထုဇဉ်လူသားတွေဟာ အရူးတွေပဲဆိုတော့ အရူးကုလို့ ကုန်နိုင်ပါ့လား” လို့ ဆရာတော်က အမိန့်ရှိခဲ့ပါတယ်။ ပုထုဇဉ်မှန်သမျှ ကိလေသာထူပြောတဲ့အရူးတွေလို့ ဆရာတော်က ဆိုလိုတာဖြစ်တယ်။ ဒီကရလိုက်တာက
အော်….စာရေးသူအပါအ၀င် ပုထုဇဉ်အားလုံး အရူးတွေပါပဲလား…ကိုယ်တိုင်ကအရူးကောင်းအောင်ကုရမဲ့အပြင် အခြားလူများအားလဲ အရူးကောင်းအောင်ကုနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ…………..ဆိုတဲ့အသိလေးတစ်ခုပါပဲ။ လွယ်အိတ်အကြောင်း ဆက်လက်ပြောပါ အုံးမယ်။
လူကောင်းနဲ့လူဆိုး နှစ်မျိုးမှာ လူကောင်းက သိရက်နဲ့ ကောင်းတာ မကောင်းတာတွေကို လွယ်အိတ်ထဲထည့်တတ်ကြပြီး၊ အရူးများက အကောင်းအဆိုး ခွဲခြားမသိဘဲ ထည့်တတ်ကြပါတယ်။
ဒါကြောင့်လဲ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မကောင်းတာမှန်သမျှ မလုပ်မိကြစေနဲ့(လွယ်အိတ်ထဲမထည့်ကြပါနဲ့)၊ ကောင်းတာမှန် သမျှ ပြည့်စုံအောင်ပြုလုပ်ကြ( ပြည့်စုံအောင်ထည့်ကြ)။ စိတ်ကို ဖြူဖွေးနေတဲ့အထိ လေ့ကျင့်ပေးကြရမယ် ဆိုပြီး ဟောကြားခဲ့ပါသေးတယ်။ စာရှုသူများလဲ သတိတရားထားပြီး မကောင်းတာကို မကောင်းမှန်းသိပြီး လွယ်အိတ်ထဲမထည့်မိစေနဲ့၊ ကောင်းတာကို ကောင်းမှန်းသိပြီး ရသလောက် လွယ်အိတ်ထဲထည့်ကြဖို့ပါပဲ။
တစ်နေ့ ကျောင်းမှ ရဟန်းခံရှင်ပြုပွဲအပြီး သံဃာတော်များ ဆွမ်းခြောက်ခံကြွဖို့အတွက် ကားများလှူဒါန်းကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက် လို့ ကျောင်းမှ အကျိုးဆောင်တစ်ဦးရောက်လာပြီး “အရှင်ဘုရား….တပည့်တော်တို့ အကူအညီတောင်းထားတဲ့ ကားက အလုပ်တန်းလန်းနဲ့မို့ ခေါ်ရတာအားနာစရာကောင်းလှပါတယ်ဘုရား” လို့ စာရေးသူအားပြောလာပါတယ်။ ဒါကြောင့် ကားအလှူရှင်ကို ဖုန်းဆက်လိုက် ပါတယ်။
“ဒကာကြီး…..မနက်ဖန်အတွက် ဒကာကြီးကားကို အကူအညီတောင်းချင်လို့ ရနိုင်ပါ့မလား၊ ဒကာကြီးကားက နေ့စဉ်ပုံမှန်ရေခဲ တိုက်နေရတယ်ဆိုလို့ အဆင်ပြေပါ့မလား….”
“ အရှင်ဘုရား….တပည့်တော် နေ့စဉ်အလုပ်ရှိတာက တော့မှန်ပါတယ်။ ဒါပေမဲ့တပည့်တော်တို့မှာ ဒီလိုကုသိုလ်မျိုး အမြဲမရပါဘူး။ ကြုံတုန်းယူရမှာလေဘုရား၊ တပည့်တော်အလုပ်ပျက်တာက အရေးမကြီးဘူး၊ ကုသိုလ်ရဖို့က အရေးကြီးပါတယ်ဘုရား.. ”
လို့ပြောလာပါတယ်။
ထိုဒကာဟာ မိမိလွယ်အိတ်ထဲကို ကုသိုလ်ပစ္စည်းတွေကို လိမ္မပါးနပ်စွာ ရသလောက် ထည့်ယူနေတာကိုတွေ့ရပါတယ်။ အလှူဒါနကုသိုလ်ပစ္စည်းများကို လွယ်အိတ်ထဲထည့်လိုက်တော့ ဒီလွယ်အိတ်ဟာ ကုသိုလ်လွယ်အိတ်ဖြစ်သွားပါတယ်၊ တကယ်လို့ အဲလိုမှမဟုတ် လိုချင်တဲ့အာရုံနဲ့ကြုံတိုင်း လိုချင်မှုများစွာနဲ့ အကုသိုလ်ပစ္စည်းရသလောက် ထည့်နေမယ်ဆိုရင်တော့ အကုသိုလ်လွယ်အိတ်ဖြစ်သွားပါလိမ့်မယ်။ တနည်း ပြောရင်တော့ ‘လောဘလွယ်အိတ်’ လို့ ပြောရမှာပါ။ ဒါကြောင့် ဒါနကုသိုလ်ပြုရင် (ပစ္စည်းအပေါ် မတွယ်တာမတတ်မက်တဲ့) အလောဘလွယ်အိတ်ဖြစ်သွားပါတယ်။
ဒီလိုပါပဲ အငြိုးမပြေတေးမှတ်ခြင်း၊စိတ်ဆိုးစိတ်ပျက် ဒေါသထွက်တာတွေဟာ အကုသိုလ်ပစ္စည်းတွေပါ၊ဒါတွေကိုထည့်ရင်တော့ ဒေါသလွယ်အိတ်ဖြစ်သွားပါတယ်၊ ဆန့်ကျင်ဘက်မေတ္တာပွားရင် အဒေါသလွယ်အိတ် ဖြစ်သွားပါတယ်။ သဘာဝအမှန်အတိုင်းသိနေရင်တော့ အမောဟလွယ်အိတ် လို့ဆိုရမှာဖြစ်သလို အမှန်အတိုင်းမသိ တွေဝေနေမယ်ဆိုရင် မောဟလွယ်အိတ် ဖြစ်သွားမှာပါ။
စာချစ်သူများလဲ ကုသိုလ်လွယ်အိတ်ကိုများများ လွယ်နိုင်ကြပါစေလို့ …..ဆန္ဒပြုရင်း။

Thursday, March 11, 2010

မျိုးဆက်သစ်တို့ရဲ့ပျော်စံရာ

မျိုးဆက်သစ်တို့ရဲ့ဘာသာရေး
စာရေးသူတို့ကျောင်းမှာ ယဉ်ကျေးမှု သင်တန်းကျင်းပတာဟာ ယခုနှစ်ပါဆိုရင် ဒုတိယအကြိမ်ဖြစ်သွားပါပြီ။ ယခင်ဒီသင်တန်းကို စိတ်ကူးနဲ့ကျင်းပနေတာ ၅ နှစ်လောက်ရှိခဲ့ပြီ။ အကောင်အထည်မပေါ်ခဲ့ပါ။ ယခုမှ အကောင်အထည်ပေါ်တာ ၂-နှစ်လောက်ပဲ ရှိပါသေးတယ်။ အောင်မြင်မှုလဲ အသင့်အတင့်ရရှိခဲ့တယ်ဆိုပါတော့။ ယခင်နှစ်က သင်တန်းသား ၁၀၀-လောက်သာ လက်ခံနိုင်ခဲ့ပေမဲ့ ယခုနှစ်မှာတော့ သင်တန်းသူ/သား ၂၀၀ လောက် လက်ခံနိုင်ခဲ့တာကို ၀မ်းမြောက်ပီတိဖြစ်ရသူက စာရေးသူရယ်ပါ။
သင်တန်းဖွင့်ပွဲရက်မှာတော့ အခမ်းအနားကို အထွေအထူး မလုပ်ခဲ့ပါဘူး။ သာမဏေ၊သီလရှင်များ ပြုလုပ်ပေးကာ အရေးကြီးတဲ့သြဒ အချို့ကို ပြောဖြစ်ခဲ့ပါတယ်။ သင်တန်းဖွင့်တဲ့ရက်ကတော့ (၁.၃.၂၀၁၀) ညနေမှာဖြစ်ပါတယ်။ သင်တန်းသား/သူများရဲ့ မိဘများနဲ့ အထူးစည်ကား လှပါတယ်။ အခြေအနေကို အင်တာနက်ကနေ တစ်နာရီလောက် တိုက်ရိုက်လွင့်လိုက်ပါသေးတယ်။ နောက်တော့ လိုင်းကမကောင်းတာနဲ့ မလွင့်ဖြစ်ခဲ့တော့ဘူး။

အေးရိပ်ချောင်မဟာစည်ရိပ်သာမှာ ဒုတိယအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုအခြေခံသင်တန်း စတင်ခဲ့တာ ယနေ့ဆိုရင် ၅ ရက်မြောက်ရှိခဲ့ပါပြီ။ သင်တန်းသား/သူ သာမဏေ-သီလရှင်ရဲ့ ကျန်းမာရေးအတွက် ဆရာလေး ဒေါ်စန္ဒ၀တီ(Dr.စူးကျော်)၊ ကလေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ချိုချိုဝင်း၊ ဓါတ်မှန်ပါရဂူ ဒေါက်တာသန္တာနီ၊ ဒေါက်တာ ဒေါ်ဇာဇာဝင်း တို့က တာဝန်ယူစောင့် ရှောက်ပေးစောင့်ရှောက်ပေး ခဲ့ကြပါတယ်။
တစ်နေ့ နေမကောင်းဖြစ်နေတဲ့အတွက် ဆေးလာပြတဲ့ သင်တန်းသူတစ်ဦးအား ကလေးအထူးကုဒေါက်တာဒေါ်ချိုချိုဝင်းက “ဆရာလေး….ရေခဲမုန့် စားပါလားဘုရား” လို့ မေးလိုက်ရာ “နေလွဲနေပြီမို့ ရေခဲ့မုန့်စားရင် ငရဲကြီးလိမ့်မယ်၊ မစားတော့ပါဘူး” လို့ သင်တန်းသူ တစ်ဦး ပြန်ပြောပါတယ်။ ကလေးအထူးကုပါရဂူ ဒေါက်တာချိုချိုက “ အရှင်ဘုရား….ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းက ကလေးတွေအတွက် အလွန်တန်ဘိုးရှိတာပါပဲဘုရား၊ တပည့်တော်တို့ ငယ်ငယ်က ဘာသာရေးနဲ့ပတ်သက်တဲ့ ဒီလိုသင်တန်းမျိုး မတက်ခဲ့ဖူးပါဘူးဘုရား” လို့ ယဉ်ကျေးမှုသင်တန်းအကျိုးကြီးပုံကို အားပါးတရ လျှောက်ထားလာပါတယ်။
မှန်ပါတယ်။ ယနေ့ခေတ် မြန်မာနိင်ငံသာမက ပြည်ပနိုင်ငံများပါမကျန် ကလေးများကို ဘာသာရေးအခြေခံလေးတွေ သူတို့နှလုံးသား မှာ ကိန်းအောင်းသွားအောင် မျိုးစေ့ချပေးဖို့ လိုအပ်လှပါတယ်။
ညနေဖက် ဧည့်တွေ့ချိန်မှာ ဒကာမတစ်ဦးက သူ့သားကိုရင်ကို သတ်မှတ်ထားတဲ့နေရာမှာ လာရောက်တွေ့ဆုံပါတယ်။ အမေက သား ကိုရင်ကို တွေ့ပြီး အကြာကြီးစကားပြောမယ်လို့ အားခဲပြီးလာခဲ့တာပါ။ ဒါပေမဲ့ ကိုရင်နဲ့တွေ့တဲ့အခါမှာတော့ စကားအနည်းငယ်ပြောပြီးတဲ့အခါ မှာ “ဒကာမကြီး…..ပြောလို့ပြီးတယ်ဆိုရင် ကိုရင်သွားတော့မယ်” လို့ ကိုရင်က သူ့အမေကို ပြောလိုက်တော့ အမေ့ခမျာ စကားတအားပြောမယ် ဆိုပြီး အားခဲလာတာ၊ အခုတော့ သားဖြစ်သူရဲ့ စိမ်းကားတဲ့အဖြစ်ကို မြင်လိုက်ရတဲ့အတွက် ၀မ်းနည်းလာတယ်လို့ ဒကာမကြီးရဲ့ ခံစားချက်ကို ပြောပြပါတယ်။
ပြောလိုတာက သင်တန်းသား-သူလေးတွေဟာ သင်တန်းမှာပဲ မသိသေးတဲ့ဘာသာရေးစာပေများကို သင်ကြားရသလို သူငယ်ချင်း အသစ်များနဲ့လဲ ဆုံစည်းရတော့ သင်တန်းမှာ အပျော်ကြီးပျော်နေကြတာဖြစ်တယ်။
ညနေဖက် ဆေးခန်းပြချိန်မှာ ညနေ ၅ နာရီမှ ၆ နာရီအထိ ဖြစ်တယ်။တစ်ရက်ညနေမှာ သင်တန်းသား/သူလေးတွေကို ဆရာမများက ဦးဆောင်ပြီး ဆေးခန်းပြဖို့ ခေါ်လာကြတယ်။ ညနေဖက်ဆိုတော့ ဆေးစားတဲ့အခါမှာ အစာကို အရင်စားပီးမှ စားရမှာဆိုတော့ ဆရာဝန်က ကိတ်မုန့်စားပြီးမှ ဆေးစားဖို့ရာပြောတော့ “သမီးတို့ သီလယူထားတယ်၊ ညနေဖက်မှာ ဘာမှစားလို့မရပါဘူး” ဆိုပြီး တုံ့ပြန်အသံကို ကြားလိုက်ရ ပါတယ်။
ဝိကာလဘောဇနသိက္ခာပုဒ်နဲ့ပတ်သက်ပြီး သင်တန်းသားလေးများရဲ့ အတုယူအားကျဖွယ်ရာအချို့ကို တင်ပြလိုပါသေးတယ်။ တစ်နေ့ ဒကာမကြီးတစ်ဦး စာရေးသူထံရောက်လာပြီး “အရှင်ဘုရား…..တပည့်တော်မသမီးကို ညနေဖက် ဗိုက်ဆာနေမှာစိုးလို့ သကြားလုံးပေး လိုက်ပါတယ်။ ဖြစ်ချင်တော့ သကြားလုံးထဲမှာ ချော့ကလစ်တွေပါနေပါတယ်။ ဒါကိုပဲ သကြားလုံးမှာ ချောကလစ်ပါနေတယ်။ စားလို့မဘူး ဆိုပြီး တပည့်တော်အား ပြောလာပါတယ်။ တပည့်တော် အံ့သြလိုက်တာဘုရား၊ ကလေးတွေ အရွယ်နဲ့မလိုက်အောင်ပဲ သီလစောင့်ထိန်းနေတာ အံ့သြ ဖို့ကောင်းသလို ကြည်နူးမှုအပြည့်နဲ့ ပီတိတွေဖြာဝေခဲ့ရပါတယ်ဘုရာ။ ရှင်းရှင်းပြောရရင် တပည့်တော်တို့ တရားအားထုတ်တဲ့အခါတုန်းက ညနေဖက် ဗိုက်ဆာလို့ မုန့်တွေ ခိုးစားခဲ့ပါသေးတယ်ဘုရား” လို့ ပြောလာပါတယ်။ အော်…….ဒါဆိုရင် လူကြီးတွေက သမီးထက်ငယ်တဲ့ မေမေတွေ ဖြစ်ကုန်ပီပေါ့……….။
ဒီအကြောင်းကြားရပြန်တော့လဲ ထပ်ဆင့်ပီတိဖြာဝေခဲ့ရသူက စာရေးသူရယ်ပါ။ ဒီသင်တန်း အောင်မြင်အောင် အဖက်ဖက်က ကြောင့်ကြစိုက်ခဲ့ရလို့ ပင်ပမ်းမှုများစွာဖြစ်နေပေမဲ့ ကြည်နူးမှုပီတီတွေဖြစ်လာတဲ့အခါမှာ အမေပြောတဲ့ အမောပြေဆိုသလိုပဲ အမောကို ပြေသွား တော့တာပဲ၊ ပင်ပမ်းတာတွေလဲ ဘယ်ရောက်ကုန်တယ်မသိ။
ကလေးတွေကို ဗုဒ္ဓဘာသာယဉ်ကျေးမှု မျိုးစေ့ချပေးရတာဟာ မွန်မြတ်တဲ့လုပ်ငန်းဖြစ်သလို တန်ဖိုးမဖြတ်နိုင်တဲ့ သာသနာပြုလုပ်ငန်း တစ်ခုပါ။
သင်တန်းသားတစ်ဦးက “ကိုးကွယ်မှုပိုင်းဆိုင်ရာမှာ တကယ်တမ်းကိုးကွယ်သင့် ကိုးကွယ်ထိုက် တာတွေကို နည်းစနစ်မှန်ကန်စွာ ကိုးကွယ်တတ်အောင်သင်ပေးပါတယ်။ ကိုးကွယ်သင့်တယ်လို့ လူကြီးတွေက ယူဆထားတဲ့ ဘိုးဘိုးကြီး၊ဘိုးမင်းခေါင်၊ဘိုးဘိုးအောင်၊ မနဲလေး၊ ၃၇-မင်းနတ်စတဲ့ ပုဂ္ဂိုလ်တွေကို မကိုးကွယ်သင့်ကြောင်း သင်ပေးကြပါတယ်။ ကလေးတွေဟာ ဘာသာရေးနဲ့ပတ်သက်ပြီး သင်ပေးတာတွေကို ကြားရပြန်တော့ အိမ်မှာလူကြီးတွေ ကိုးကွယ်ပသနေကြတဲ့ ဆိုင်ရာ အကိုးကွယ်ခံတွေဟာ ကိုးကွယ်မှုအစစ် မဟုတ်ဘူး ဆိုတာ သိလာရပါတယ်။
ပိဋကတ်သုံးပုံစောင့်တာ သူရဿတီမယ်တော်လို့ လူကြီးတွေပြောကြပါတယ်။ တကယ်တော့ ပိဋကတ်သုံးပုံကို ဘုရားသားတော် သံဃာတော်များကသာ အခေတ်အဆက်ဆက် ထိန်းသိမ်းလာခဲ့ပါတယ်။ ဒါကိုသိလာရတော့ လူကြီးတွေ ကိုးကွယ်နေတဲ့သူရဿတီ မယ်တော်ဟာ ကိုးကွယ်သင့်တဲ့ အရာတစ်ခု မဟုတ်တာကို သိလာရပါတယ်။
တစ်နေ့ ဧည့်တွေ့ချိန်မှာ သားကိုရင်က “ မေမေ…………သားတို့ သေမင်းစာမေးပွဲကို နေ့တိုင်းဖြေနေကြရတယ်” လို့ အမေအဖေအား ပြောတော့ အမေက “ကိုရင်ရယ်………ကြားပဲကြားဖူးပေါင်ကွယ်… သေမင်းစာမေးပွဲလို့ ကိုရင်ပြောမှပဲ ကြားဖူးတော့တယ်” “ပီးတော့ရှိသေးတယ်၊ သားတို့ကျောင်းမှာစာမေးပွဲဖြေတော့ မြန်မာစာဘာသာ၊သင်္ချာဘာသာစတာတွေကိုဖြေရသလိုပဲ သေမင်းစာမေးပွဲမှာလဲ ကုသိုလ်ဘာသာတွေ ဖြေဆိုနေကြတယ်၊ သားတို့မှာ တကယ်လို့ မကောင်းတာကို ပြောမိ လုပ်မိ တွေးမိရင် အကုသိုလ်ဖြစ်တဲ့အတွက် စာမေးပွဲကျပါတယ်၊ကောင်းတာကို ပြောမိ လုပ်မိ တွေးမိတယ်ဆိုရင်တော့ ကုသိုလ်ဖြစ်တဲ့အတွက် စာပေးပွဲအောင်တယ် အမေရဲ့၊ ဖြေဆိုနေရတဲ့ကုသိုလ်ဘာသာက ဆယ်ဘာသာတောင်ရှိတယ်အမေရဲ့၊ ဒီအထဲမှာ သားအကြိုက်ဆုံးဘာသာကို ပြောရရင် အချောင်ရတဲ့ကုသိုလ်လေ” သားကိုရင်ရဲ့ စကားလုံးဆန်းကြောင့် အဖေအမေက “ကုသိုလ်ထဲမှာလဲ အချောင်ရတဲ့ကုသိုလ်ရှိသေးလားသားရဲ့ အမေတို့ကိုပြောပြပါအုံး” ဆိုတော့ သားကိုရင်က “ ပြောပါ့မယ်အမေရဲ့….အချောင်ကုသိုလ်ဆိုတာ သားထက်ဂုဏ်အားဖြင့် ကြီးမားကြတဲ့ လူကြီးဆရာမိဘများအရှေ့ရောက်ရင် ခေါင်းငုံ့ပြီးဖြေးဖြေးသွားတာတို့၊ ရဟန်းသံဃာများရဲ့အနားကသွားရင် လက်အုပ်ချီပြီးသွားတာတို့လေ…၊ ဒီထက်ရှင်းအောင်ပြောရရင် ကြီးသူကို ငယ်သူက ရိုသေလိုက်တာနဲ့ ငယ်ရွယ်သူမှာ ကုသိုလ်ရသွားတယ်၊ ဒီကုသိုလ်ရဲ့နာမည်က အပစာယနကုသိုလ်လို့ ခေါ်ပါတယ်။ အချောင်ရတဲ့ကုသိုလ်မို့လို့ ‘အချောင်ကုသိုလ်’ လို့လဲ ခေါ်လို့ရတာပေါ့အမေ၊ ဒီလိုအသိမြင်တွေဟာ သင်တန်းမှ ဘုန်းဘုန်းများက ပြောဟောဆုံးမလို့ သိလာရတာတွေပါအမေ” လို့ သားဖြစ်သူကိုရင်ရဲ့ စကားကိုကြားလိုက်ရတော့ အမေဖြစ်သူရဲ့ မျက်လုံးအိမ်မှာ မျက်ရည်ကြည်လေးတွေဝေ့နေပါတော့တယ်။ အော်……..ကြည်နူးမှုပီတိတွေအပြည့်နဲ့ပေါ့….။
နေ့လည်ဖက် နားနေတဲ့အချိန်မှာ “အရှင်ဘုရား….ရန်ကုန်က ဒကာတွေ ရောက်လာပါတယ်ဘုရား၊ အရှင်ဘုရားကို တွေ့ချင်လို့တဲ့ ဘုရား” လို့ ဒကာတစ်ဦးက လာရောက်လျှောက်ထားပါတယ်။
ကျောင်းပေါ်ရောက်လာတဲ့သူများအနက် အသားညိုညိုနဲ့ လူတစ်ယောက်က “အရှင်ဘုရား ….တပည့်တော် ပန်းဒကာကိုတင်မြင့်ပါ ဘုရား” လို့ ပြောလိုက်တော့ စာရေးသူမှာ မမျှော်လင့်ဘဲ တွေ့လိုက်ရတဲ့အတွက် ၀မ်းသာမဆုံးရှိခဲ့ပါတယ်။ နောက်သာသနာရေးနဲ့ပတ်သက်တဲ့ အကြောင်းတွေကို ပြောဆိုကြပြီး၊ ညဖက်ကလေးတရားပွဲမှာ ကလေးတရားဟောပေးဖို့ ပြောတဲ့အခါ ပန်းဒကာက ကြည်ဖြူစွာပဲ လက်ခံခဲ့ပါတယ်။
သို့နှင့် စာရေးသူတို့ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းမှာ ပန်းဒကာကြီးက ကလေးတရားပွဲ နှစ်ညတိုင်တိုင် ချီးမြှင့်ပေးခဲ့ပါတယ်။
ထူးဆန်းပုစ္ဆာ မေးတဲ့အခါ
“ အရှင်ဘုရား……….စိတ်ထဲရှိတာလေးတစ်ခုကို မေးချင်ပါတယ်ဘုရား၊ တကယ်လို့ တပည့်တော်မေးတဲ့အမေးက မှားနေရင်လဲ တောင်းပန်ပါတယ်ဘုရား၊ အရှင်ဘုရား….စောစောထမှ တရားရမှာလား ဆိုတာသိချင်ပါတယ်ဘုရား” တတိယဆင့်သင်တန်းသားကိုရင်တစ်ပါး က သင်တန်းဆရာအား မေးလိုက်တာပါ။
တရားဆိုတာ ပါဠိလိုက ဓမ္မ လို့ခေါ်တယ်။ အမှန်သဘာဝတရားကို သိနိုင်ဖို့အတွက် သားတို့နားလည်အောင်ပြောရရင် အခြေခံကုသိုလ်တွေ အများကြီးလိုအပ်ပါတယ်။ ကုသိုလ်တွေက ဘယ်လောက်အထိလိုအပ်သလဲဆိုရင် “ကုသလဿုပသမ္ပဒါ” ကုသိုလ်တရားကို ပြည့်စုံအောင် အားထုတ်ကြလို့မိန့်တော်မူထားတဲ့အတွက် ကုသိုလ်တရားမှန်သမျှု ရသလောက်ယူကြရမှာပါ ဘယ်အချိန်အထိဆိုရင် မဂ်ဖိုလ်နိဗ္ဗာန်ရောက်တဲ့အထိ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဘ၀ဒီခန္ဓာမှာ ကုသိုလ်တရားတွေကို ကုသိုလ်ပုံကြီး မိုးလောက်နီး ဆိုတာလို ကုသိုလ်တွေ များသထက်များအောင် ယူထားဖို့လိုပါတယ်။
ဒီလိုကုသိုလ်တွေယူဖို့အတွက် သားတို့သမီးတို့ အအိပ်နည်းကြရမှာပါ။ အိပ်ပျော်နေတဲ့သူတစ်ယောက်ဟာ ကုသိုလ်တွေ ရဖို့နည်းပါး လှပါတယ်။ အိပ်တဲ့အခါ လိုအပ်တာထက်ပိုပြီး အိပ်ရင် ထိုင်းမှိုင်းတယ်၊ အချိန်လဲကုန်လှပါတယ်။ ဒီတော့ ညဦးဘက်ကို စောစောအိပ်ရာဝင်ပြီး နံနက်ကို စောစောထကြရင် ပိုကောင်းတယ်။ မနက်စောစောထပြီး ဘုရားအာရုံနဲ့ တရားအာရုံနဲ့နေရင် စိတ်တွေချမ်းသာတယ်။ ကုသိုလ်တွေလဲ အများကြီးရပါတယ်။ တကယ်လို့ စောစောမထရင် စောစောကုသိုလ်မရဘူးဆိုတာ နားလည်ကြရပါမယ်။
တရားရဖို့အတွက် ကုသိုလ်များများယူနိုင်ဖို့ စောစောထရမှာဖြစ်တယ်။ စောစောထရတဲ့အတွက် တစ်နေကုန်စိတ်တွေ မကြည်ဘူးလို့ မှတ်ထင်တဲ့သူတွေလဲရှိတယ်။ အမှန်က စိတ်မကြည်တာဟာ စိတ်ကိုညစ်နွမ်းစေတတ်တဲ့ နိဝရဏတရားတွေကြောင့်ဖြစ်ပါတယ်။ စောစောထလို့ မဟုတ်ပါဘူးဆိုတာ နားလည်စေချင်ပါတယ်။
ဒါ့ပြင် လူတစ်ယောက် အိပ်နေတဲ့အချိန်ဟာ သေဖို့ရာ အလွန်လွယ်ကူပါတယ်။ တစ်ခါတုန်းက ဒကာမကြီးတစ်ဦးဟာ မိသားစုနဲ့အတူ ညဦးကာလအချိန်မှာ တီဗွီကြည့်ပြီး ပျော်ပျော်ပါးပါးစကားပြောဆိုနေကြပါတယ်။ ညဥ့်နက်လို့ အိပ်ယာဝင်တဲ့အခါ ည ၁၁ နာရီလောက်မှာ အိပ်မောကျနေတုန်း ဒကာမကြီးရဲ့အသက်ရှူလမ်းကြောင်းမှာ အရာတစ်ခုဝင်ပိတ်ရာကနေ အသက်သေဆုံးသွားပါတယ်။ ဆရာဝန်တောင် မမီလိုက်ပါ။ ဒါဟာ အိပ်နေတဲ့အချိန်မှာ လူတစ်ယောက်အတွက် သေဖို့အလွန်လွယ်ကူတဲ့အချိန်ပါ။ ဒါကြောင့် စောစောအိပ်လို့ စောစောထလို့ စောစောကုသိုလ်ယူကြပါစို့ လို့ ပြောရင်း သင်တန်းဆရာကိုယ်စား အဖြေပေးလိုက်ပါတယ်။
မေတ္တာတရားစွမ်းပကား
သင်တန်းစလို့ နှစ်ရက်မြောက်ရောက်တယ်ဆိုရင်ပဲ ကိုရင်တစ်ပါး အပျင်းဖျားပြီး သွေးလွန်တုတ်ကွေးရဲ့ လက္ခဏာကို တွေ့မြင်ရပါ တယ်။ သို့နဲ့ ကလေးအထူးကုဆရာဝန်ဒေါက်တာချိုချိုဝင်းက ကလေးအား အရေးကြီးတဲ့အတွက် သူမရဲ့ကားနဲ့ပဲ ကလေးဆေးရုံသို့ ပို့ဆောင် ပေးလိုက်ပါတယ်။ ဒါနဲ့ နောက်တစ်ရက်ကြာတဲ့အခါ ကလေးဟာ နှာခေါင်းကသွေးတွေလျှံတယ်။ ပါးစပ်ကလဲ သွေးတွေအံတယ်၊ အောက်ကလဲ သွေးဝမ်းတွေသွားနေတယ်။ နောက် (၃၆)နာရီအတွင်း သေနိုင်တယ်လို့ ကြားရပါတယ်။ ကလေးရဲ့ကျန်းမာရေးအခြေအနေသိပ်မကောင်းပါ။ ခန္ဓာကိုယ်ထဲရှိသွေးကြောတွေ အတော်များများပြတ်ပြီး သွေယိုစိမ့်မှုဖြစ်နေပါတယ်။ ရှင်းရှင်းပြောရရင် စိုးရိမ်ရတဲ့အခြေအနေဖြစ်နေတယ်လို့ ပြောပါတယ်။
သို့နဲ့စာရေးသူလဲ ကလေးအတွက်စဉ်းစားရင်း အိပ်မပျော်ခဲ့ပါ။ မနက်ပိုင်း ၄း၃၀ နာရီမှာ သီလခံယူဖို့နဲ့ သြ၀ါဒခံယူဖို့စောင့်နေကြတဲ့ ကလေးတွေဆီသို့ သွားကာ သီလပေးပြီးသြ၀ါဒစကားပြောခဲ့ပါတယ်။
သားတို့သမီးတို့……လူတိုင်းလူတိုင်း တစ်နေ့ သေရမဲ့သူချည်းဖြစ်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့လဲ သေနိုင်တယ်။ သေခြင်းတရားဟာ ကိုယ့်ဆီကို အချိန်မရွေးရောက်ရှိလာနိုင်ပါတယ်။ အခုလဲ သားတို့ရဲ့သင်းတန်းအဖေါ်တစ်ပါးဖြစ်တဲ့ မောင် …………….ဟာ ရောဂါတစ်ခုနဲ့ ဆေးရုံတက်နေရတယ်ဆိုတာလဲ သားတို့သမီးတို့အသိပါ။ သူဟာ အခုဆိုရင် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်။ အချိန်မရွေးသေနိုင်တယ်လို့ ဆရာဝန်များက ပြောပါတယ်။
သားတို့သမီးတို့ မေတ္တာရဲ့စွမ်းအားဟာ အားလုံးကို အောင်နိုင်တယ်လို့ ဘုရားရှင်မိန့်တော်မူထားတယ်လေ။ ဒီမှာရှိကြတဲ့ ၂၀၀လောက်ရှိတဲ့သားတို့သမီးတို့ရဲ့ မေတ္တာစွမ်းအားနဲ့ မောင်………………ကို ဘေးရန်ကင်းအောင် မေတ္တာတွေပို့ကြမယ်နော်။ သားတို့သမီးတို့ တင်ပလ္လင်ခွေထိုင်ကြမယ်။ ဘယ်ဖ၀ါးပေါ်ညာလက်ဖ၀ါးဖြန့်တင်ထား၊ ခါးကိုဖြောင့်စွာထား၊ ခေါင်းကို အသာလေးတည့်ထား၊ မျက်စိကို အသာလေးမိတ်ထားလိုက်ကြပါ။ ပီးတဲ့အခါ သားတို့သမီးတို့နဲ့ရင်းနှီးတဲ့ မောင်……………..ကို မျက်စိထဲ(အာရုံထဲ)မြင်အောင်ကြည့်နော်။
မောင်……………………သည် ကျန်းမာပါစေ ချမ်းသာပါစေ ဘေးရန်ကင်းပါစေ လို့ စိတ်နဲ့ရွတ်ပြီး အထပ်ထပ်ပွားလိုက်ကြပါသားတို့ သမီးတို့……………။
ထိုအချိန်က စာရေးသူအပါအ၀င် သင်တန်းသား/သူအားလုံး ဆယ်မိနစ်ခန့် မေတ္တာပို့ခဲ့ကြတာပါ။ တွေးမိတာက သင်တန်းသား ၂၀၀-တို့ရဲ့ မေတ္တာဟာ မနည်းပါဘူး။ အားလုံးမပို့နိုင်ဦးတော့ သင်တန်းသား နှစ်ရာလောက်ရဲ့ မေတ္တာလှိုင်းတွေဟာ ကလေးဆီ ရောက်ဖို့သေချာနေတယ်ဆိုတာကို တွေးရင်း မောင်………………..ကျန်းမာပါစေ ချမ်းသာပါစေ ဘေးရန်ကင်းပါစေ……….ရယ်လို့ စာရေးသူလဲ မေတ္တာအထပ်ထပ်ပို့ပေးနေလိုက်ပါတယ်။
ဒီလိုနဲ့ ညနေပိုင်းမှာ ကလေးဆေးရုံကို သွားကြည့်ပါတယ်။ ရောက်တော့ ကလေးရဲ့အမေက “အရှင်ဘုရား……သွေးလျှံတဲ့အတွက် သွေးရည်ကြည် သုံးပုလင်းသွင်း လိုက်ရပါတယ်ဘုရား၊ ဒါပေမဲ့ သွေးလျှံတာက ရပ်မသွားတဲ့အတွက် သွေးကိုလိုအပ်ရင် သွင်းဖို့အတွက် သွေးထပ်ရှာခိုင်းထားပါတယ်ဘုရား၊ ဒီလိုနဲ့ မကြာလိုက်ပါဘူး။ သွေးဟာ ရုတ်တရက်အံ့သြလောက်အောင်ကို တိတ်သွားလို့ သွေးလဲမသွင်းရတော့ပဲ ကျန်းမာရေးအခြေအနေကောင်း မွန်လာပါတယ်ဘုရား” လို့ ပြောပါတယ်။ ကြားလိုက်ရတဲ့စကားကြောင့် စိတ်ချမ်းသာသွားရသူက စာရေးသူပါ။
အော်……..မေတ္တာတရားရဲ့အစွမ်းထက်ပုံဟာ အံ့မခမ်းပါပဲလား……………..လို့ တွေးမိပါတော့တယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More