Monday, December 1, 2008

သုံရာစုက ဘ၀ပုံရိပ်(၁၄)

ထိုအခါ အသန္ဓိမိတ္တာ မိဖုရားက “ တိရစ္ဆာန်ဖြစ်တဲ့ ဒီငှက်ရဲ့ အသံဟာ သည်လောက် ချိုမြိန်သာယာနေသေးရင် အတုမရှိ မြတ်စွာဘုရားရဲ့ အသံတော်ဟာ ဘယ်လောက်သာယာလိုက်မလဲ အတိုင်းအဆမရှိ သာယာမှာပဲ” ဟု တွေးကာ မြတ်စွာဘုရားကို အာရုံပြုမိသောအခါ ကြည်နူးနှစ်သိမ့်မှု ပီတိ များဖြစ်ပေါ်လာသည်။ ထိုဖြစ်ပေါ်လာသော ပီတိ ကို မစွန့်ခွာဘဲ ၀ိပဿနာတရားကို မပြတ်တရစပ် ပွားများခဲ့သောကြောင့် အသန္ဓိမိတ္တာမိဖုရားနှင့် အဖော်(၇၀၀)တို့သည် သောတာပတ္တိမဂ်ဖိုလ်မျက်မှောက်ပြုကာ သောတာပန် အရိယာမများအဖြစ်သို့ ရောက်ကုန်ကြလေသည်။ (မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ နှာ၂၆၃)။ မှန်နန်းမဟာရာဇ၀င်ကတော့ သုတ်မဟာဝါ အဋ္ဌကထာကို ညွန်းဆိုထားပါသည်။
ဤသို့ဖြင့် အချိန်သည် လူကို မစောင့်ဟူသည့်အတိုင်း အသန္ဓိမိတ္တာမိဖုရားကြီးသည် အကျွန်ပ် အဘိသိက်ခံပြီး နှစ်ပေါင်း (၃၀)ပြည့်သောနှစ်၊ သာသနာတော်နှစ်(၂၄၈)ခုနှစ်တွင် အသန္ဓိမိတ္တာမိဖုရားကြီး သည် သေခြင်းသဘောကို မလွန်ဆန်နိုင်သောကြောင့် အနိစ္စရောက်ခဲ့ရလေသည်။

တစ်ပင်လှဲမူ တစ်ပင်ထူ
အသန္ဓိမိတ္တာ မိဖုရားကွယ်လွန်ခဲ့ပြီးသည့်နောက်တွင် သားတော်နှင့် သမီးတော်များကလည်း သာသနာတော်ကြီးအတွက် သီဟိုဠ်သို့ ကြွသွားတော်မူခဲ့ကြပေပြီ။ ယခင်ကဆိုလျှင် မိဖုရားကြီး၊ နောင်တော်၊ညီတော်၊သားသမီးမြေးမြစ်စသည့် အခြွေအရံများကြောင့် ပျော်စရာကောင်းသည် စံနန်းအိမ်တော်ကြီးတွင် ပျော်ရွှင်စွာ နေထိုင်လာခဲ့ရပါသော်လည်း ယခုအခါတွင် တစ်ယောက်တည်း အထီးကျန်စွာ နေနေရသူက ကျွန်ပ်…………..အသောက
ကျွန်ပ်၏ အနီးတွင် အနီးကပ်ပြုစုပေးမည့်သူများ ရှိပါသော်လည်း သွေးသားရင်းချာများနှင့်မတူရေးချမတူပေ။ ညီလာခံဝင်ပြီဆိုပါက နောက်တော်ပါးက မိဖုရားကြီးက လိုက်ပါနေကျ၊ တိုင်းရေးပြည်ရာ ကိစ္စများကြောင့် စိတ်ပျက်အားငယ်နေလျှင် မိဖုရားကြီးက အားပေးနှစ်သိမ့်ခဲ့သည့်အပြင် ကျွန်ပ်အမှားမဖြစ်ရလေအောင် သတိပေးနေကျ၊ အကြံပေးနေကျ ဖြစ်သောကြောင့် မိဖုရားကြီးမရှိတော့ လက်တစ်ဖက်ပြတ်သကဲ့သို့ ဖြစ်ခဲ့ရပေသည်။ ကျွန်ပ်သည် မိဖုရားကြီး ကွယ်လွန်သည်မှ ယခုအချိန်အထိ တစ်နေ့မှ မေ့ မရခဲ့ပေ။
ဤသို့ဖြင့် သတိရလွမ်းဆွတ်မှုဖြင့် နေ့ရက်တွေ ကုန်လွန်ခဲ့ရပေသည်။ ‘အချိန်နှင့် ဒီရေသည် လူကို မစောင့်’ ဟူသည့် စကားပုံနှင့်အညီ ရက်ကိုလစား၊ လကိုနှစ်စား ဆိုသကဲ့သို့ မိဖုရားကြီး ကွယ်လွန်ခဲ့သည်မှာ လေးနှစ်တင်းတင်းပြည့်ခဲ့ပေပြီ။ ပျောက်သောသူ ရှာရင်တွေ့ သေသောသူ ကြာရင်မေ့ ဆိုသည့်စကားအတိုင်း ကျွန်ပ်သည် ‘ တိဿရက္ခာ’ ဟု အမည်ရသော မင်းသမီးကို အိမ်ထောင်ဖက် အဖြစ် ရွေးချယ်ကာ မိဖုရား မြှောက်တော်မူခဲ့ပါသည်။
သင့်တော်မည်ထင်၍ မိဖုရား မြှောက်ခဲ့သော်လည်း အတူနေဖန်များလာသောအခါ ဒုတိယမိဖုရား၏ ဇာတိရုပ်တို့သည်လည်း ဖုံးကွယ်၍ မရပဲ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလာပါတော့သည်။ ထိုမိဖုရားသည် အပေါ်ယံ ဟန်ဆောင်ထားသော်လည်း စဉ်းစား ဝေဖန် အသိဥာဏ်ကား အလွန်နည်းပါးလှသည်သာမက ဇမ္ဗူမှာ ငါ့လောက် ချောမောလှပသူ ရှိပါရိုးလား ဟုဆိုကာ အလှမာန်ယစ် လွန်းလှပေသည်။ ငြူစူစောင်းမြောင်းသည့် အကျင့်ကလည်း ၀ါသနာလောမသိ၊ အဆင့်အတန်းနိမ့်လွန်းလှသည်။
တစ်နေ့သ၌ ကျွန်ပ် မှတ်မိပါသေးသည်၊ ကျွန်ပ်၏ နန်းတော်ဦးတွင် ဗောဓိပင်ကို စိုက်ပျိုးထားခဲ့ရာ အခက်အလက်တို့ဖြင့် ဝေဆာနေပါသည်။ မြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကို အာရုံပြု၍ ထိုဗောဓိပင်အား နေ့စဉ် ရိုသေစွာ ရှိခိုးပူဇော်လာခဲ့သည်မှာလည်း ယနေ့အထိဆိုလျှင် မှားမည်မထင်ပေ။ ထိုကဲ့သို့ ကျွန်ပ် ရှိခိုးနေသည်ကို အလိုလိုနေရင်းကနေ သည်းမခံနိုင်သည်က တိဿရက္ခမိဖုရားရယ်ပါ၊ ‘ငါ့ထက် ဒီသစ်ပင်ကို ဂရုစိုက်ရ ကောင်းသလား’ ဟု တွေးကာ (အ၀ိညာဏက) အသက်မရှိသည့် ဗောဓိပင်ကို သ၀န်တိုမှုများ ဖြစ်ကာ နှလုံးသွင်းမှု မကောင်းသည့်အတွက် သူ၏ စိတ်က သူ့ကို ဆင်းရဲအောင် လုပ်နေပေတော့သည်။
သို့နှင့် မင်းကြီး ဂရုစိုက်လွန်းလှသည့် ထိုဗောဓိပင်ကို မမြင်ချင် ဟုဆိုကာ အမှုတော်ထမ်းများအား မိဖုရားအမိန့်ဖြင့် ဖျက်ဆီးစေခဲ့သည်။ ဗောဓိပင်ကို ဖျက်ဆီးပြီးမှ ကျွန်ပ်သိရသည့်အတွက် အသိနောက်ကျခဲ့ရ လေသည်။ ကျွန်ပ်မည်သို့ တတ်နိုင်မည်နည်း။ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဆိုပေမယ့် ဇမ္ဗူဒိပ်ကျွန်းတွင် မင်းဧကရာဇ် ဖြစ်သည့်အတွက် အာဏာပါဝါ ရှိသော်လည်း အိမ်ထောင်ရေးကိစ္စတွင် ယခုယူ၍ ယခုပင် ပစ်လိုက်မည်ဆိုလျှင် လူကြား၍မှ ကောင်းမည် မထင်ပေ။ ထိုသို့ မထင်မှတ်သော အရာများဖြင့် တွေ့ကြုံရလေလေ ကွယ်လွန်သွားပီဖြစ်တဲ့ မိဖုရားကြီးကို သတိရ တမ်းတလေလေ ဖြစ်ခဲ့ ပါသည်။
အချိန်သည် တရွေ့ရွေ့ကုန်ဆုန်းလာခဲ့ရာ ကျွန်ပ်သည်လည်း အိုမင်းရင့်ရော်ကာ ဇရာထောင်းခဲ့ရချေပြီ၊ ထို့ပြင် ကျန်းမာရေးလည်း ချွတ် ယွင်းလာကာ အိပ်ယာထဲတွင် လဲလျောင်းနေရပါပြီ။
ထိုအချိန်တွင် သားဖြစ်သူ ကုဏာလ မရှိတော့ပြီဖြစ်၍ ကုဏာလ၏ သားဖြစ်သူ သမ္ပဒီမင်းသား(မြေးတော်စပ်သူ)သည် ဘိုးတော်ဖြစ်သည့် သီရိဓမ္မာသောကမင်းတရားကြီး နာမကျန်းဖြစ်ကာ အိပ်ယာထဲလဲနေခိုက် (အာဏာသိမ်းပွဲ) နန်းသိမ်းပွဲခံခဲ့ပါတော့သည်။ ပို၍ ၀မ်းနည်းစရာကောင်းသည်ကား ကုဏာလ မင်းသားသည် ယခင်ကတည်းက ဂျိန်းဘာသာဝင် အမတ်ကြီးများ၏ စည်းရုံးသိမ်းသွင်းမှုကြောင့် ဂျိန်းဘာသာဝင်သို့ ကူးပြောင်းခဲ့သည်မှာ ကြာခဲ့ချေပြီ။ သို့နှင့် ဂျိန်းဘာသာဝင်အမတ်များနှင့် ဗြဟ္မဏဘာသာဝင် အမတ်များသည် ကုဏာလမင်းသားကို အားပေးထောက်ခံလျှက် ရှိကြပါသည်။ အာသောကဘုရင်သည် နန်းတော်အတွင်း၌ နေလျှက်ကပင် နန်းကျဘုရင်ဖြစ်နေရ ရှာလေပြီ။
အခြေအနေမှန်ကို မသိသော အသောကမင်းသည် မိမိထားခဲ့သည့် ကတိအတိုင်း ကုဋေတစ်ရာ ပြည့်အောင် လှူဒါန်းရန်သာ စိတ်စောလျှက် ရှိနေသည်။ (၉၆)ကုဋေ လှူဒါန်းပြီးဖြစ်၍ ကျန်နေသည့် (၄)ကုဋေကိုလည်း မသေမှီ လှူဒါန်းသွားခဲ့ချင်ပါသည်။ ထို့ကြောင့် အမတ်ချူပ်ကြီး ရာဓဂုတ္တ ကို ခေါ်တော်မူ၍ ရွှေတိုက်တော်မှ (၄)ကုဋေကို ကုက္ကုဋာရုံကျောင်းတော်သို့ လှူဒါန်းပေးပါရန် အမိန့်တော်ချမှတ်ခဲ့ပါ သည်။ ထိုစဉ် ဂျိန်းဘာသာဝင်အမတ်များက ထိုအကြောင်းသိသောအခါ ကုဏာလမင်းသားထံသွားကာ “ အရှင့်သား…ရွှေတိုက်တော်ကို အမြန် သိမ်းပိုက်တော်မူပါ၊ရဟန်းတော်များအား လှူဒါန်းလိုက်မည်ဆိုပါက တိုင်းပြည်ဘဏ္ဍာများကို တိုင်းရေးပြည်ရာအတွက် အသုံးမချရဘဲ အလဟဿ ဖြစ်သွားနိုင်ပါတယ်” ဟု အမတ်များက လျှောက်ထားကြသောအခါ မင်းသားသည် ရွှေတိုက်စိုးကို ခေါ်ကာ “ ကျွန်ပ် အမိန့်မရပါက ရွှေတိုက်တော် ထဲက အပ်တိုတစ်ချောင်းတောင်မျှ ထုတ်ခွင့်မပြုရ” ဟု အမိန့်ထုတ်လိုက်လေသည်။
ထိုအခါ ကျွန်ပ်သည် အားအင်ချိနဲ့၍ ရောဂါပြင်းထန်နေစဉ် ကျွန်ပ်ဖြစ်ခြင်သည့် အရာများလည်း မြေးမိုက် ကုဏာလကြောင့် သဲထဲရေသွန်ဖြစ်ကာ အရာမထင် ဖြစ်ခဲ့ရပါသည်။ နောက်ဆုံးအချိန်တွင် ကျွန်ပ်၏ အမိန့်သည် အခန်းထဲမှာသာ ကျန်တော့သည်။ အခန်းပြင်တောင် မရောက်နိုင်တော့။ ပိုင်ဆိုင်သမျှ သက်ရှိသက်မဲ့ပစ္စည်းဥစ္စာများသည်လည်း သူကအလျင်စွန့်၊ သူကမစွန့်လျင် ကိုယ်က အလျင်စွန့်ရမှာဖြစ်ကြောင်းကို တွေးမိရင်း ကျွန်ပ် သံဝေဂရမိပါတော့သည်။ လောကတွင် ကျွန်ပ်သာမဟုတ် လူသားအားလုံးသည်လည်း ကိုယ်ပိုင် ဆိုင်သည့် ဥစ္စာများကို တစ်နေ့ စွန့်ခွါရမှာချည်းပင်၊ ပစ္စည်းဥစ္စာသာမဟုတ်၊ ကိုယ့်ခန္ဓာကိုတောင် ထားခဲ့ရချေတော့မည်။ မသေမှီ အနှစ်များပါပါစေဖို့ အရေးကြီးသည်။ ဒါကြောင့် ကျွန်ပ်သည် တင်းထားသည့်စိတ်ကို လျှော့လိုက်ကာ…..
လေးကုဋေကို မလှူဒါန်းရလဲ ရှိစေတော့ ကျွန်ပ် ပွဲတော်တည်ခဲ့သည့် ရွှေခွက်၊ရွှေဖလား၊ရွှေလင်ပန်း တို့ကို ကုက္ကုဋာရုံကျောင်းသို့ ပို့လှူစေခဲ့ပါသည်။ နောက်တစ်နေ့သို့ ရောက်သောအခါ ကျွန်ပ်အား ငွေဖလားစတာတွေဖြင့် ပွဲတော်တည်ရန် ဆက်သကြပြန်သည်။ ထိုအခါတွင်လည်း ငွေဖလား၊ငွေလင်ပန်းစသည်များကို တဖန် ကျောင်းတော်သို့ ပို့လှူစေခဲ့ပါသည်။ ထိုနောက် ကြေးခွက်တို့ဖြင့် ပွဲတော်တည်ရန် ဆက်သလာသောအခါ ထိုကြေးခွက်တို့ကိုလည်း ကျောင်းတော်သို့ လှူဒါန်းစေခဲ့ပါသည်။ နောက်ဆုံး မြေအိုးမြေခွက်တို့ဖြင့် ပွဲတော်ဆက်သကြပြန်ပါသည်။
ကျွန်ပ်၏ အနီးတွင် ဆေးဆရာတစ်ဦးနှင့်တပည့်တစ်ဦး၊ လက်ပါးစေမောင်းမငယ်တစ်ဦးတို့သာ ဦးညွတ်ခစားလျှက် ရှိပါတော့သည်။ ထိုအချိန်က အမတ်များနှင့်စစ်သေနာပတိကြီးများ၊ မိဖုရား မောင်းမမိဿံများသည် ဘုရင်အသစ်စစ်စစ်ထံ၌သာ သူ့ထက်ငါဦးအောင် မျက်နှာလို မျက်နှာရ ခစားကြလေသည်မှာ မြင်တတ်သူ၊ ခံစားတတ်သူအဖို့ သံဝေဂယူစရာ ကောင်းလိုက်ပါဘိတော့သည်။ ကျွန်ပ်သည်လည်း ဆေးဆရာက ရောဂါအတွက် သျှစ်ရှားသီး(ဇီးဖြူသီး)တစ်လုံးကို တစ်ခြမ်းကိုက်ကာ ၀ါးလျှက် “ ယခုအခါ ငါပိုင်တဲ့ ဥစ္စာဟာ သျှစ်ရှားသီး တစ်ခြမ်းသာ ရှိတော့တယ်” ဟု သံဝေဂဖြစ်မိသည်မှာ အမှန်ဖြစ်ပါသည်။ ထို့ကြောင့် အနီးရှိလုလင်တစ်ဦးအား ထိုသျှစ်ရှာသီးတစ်ခြမ်းကို ကုက္ကုဋာရုံကျောင်းရှိ သံဃာတော်များအား လှူဒါန်းပေးပါရန် သဲ့သဲ့မျှသာ ရှိတော့သည့် လေသံဖြင့်…..
အသောကမင်း၏ နောက်ဆုံးမှာတမ်းတော်
“ အရှင်မြတ်တို့…..တပည့်တော်ရဲ့ နောက်ဆုံးဖြစ်သော ဤဒါန၀တ္ထုကို အလှူခံတော်မူကြပါဘုရား…။ အရှင်မြတ်တို့ရဲ့ ခြေတော်အစုံကို အကြိမ်ကြိမ် တပည့်တော် ရှိခိုးလိုက်ပါတယ်ဘုရား….။
ယခုပေးလှူလိုက်ရတဲ့ မြတ်ဒါနဟာ မောရိယတိုင်း ဣန္ဒိယပြည်ကြီးရှင် တပည့်တော် အသောကရဲ့ နောက်ဆုံး ပေးလှူခြင်း ပူဇော်ခြင်း ဖြစ်ပါတယ်ဘုရား…။ တပည့်တော်ရဲ့ တန်ခိုးအာဏာနဲ့ စည်းစိမ်ဥစ္စာတွေလည်း ဘာမှမရှိတော့ပါဘူး။ အသက်အရွယ်အားဖြင့် အိုမင်းပြီး ကျန်းမာသန်စွမ်းမှု မရှိတဲ့ တပည့်တော်ကို သမားတော်ကြီးများက ဆေးကုမရနိုင်တော့သဖြင့် လက်လျှော့သွားကြပါပြီဘုရား။ ရတနာသုံးပါးမှတခြား အားထားစရာ မရှိတော့တဲ့အတွက် သံဃာတော်အရှင်မြတ်များသာ အားထားကိုးကွယ်ရာ အစစ်ဖြစ်ပါတယ်ဘုရား…..။
တပည့်တော်ရဲ့ ဆရာဖြစ်တော်မူကြတဲ့ သံဃာတော်အရှင်မြတ်များဘုရား…တပည့်တော်ရဲ့ နောက်ဆုံးအလှူဖြစ်တဲ့ မြေခွက်ငယ်နှင့် သျှိသျှား(ဆီးဖြူ)သီးကို သုံးဆောင်ဘုဉ်းပေးတော်မူကြပါဘုရား….”။
ဤကဲ့သို့ မင်းချင်းယောင်္ကျား အလုပ်အကျွေးများအား မှာကြားလျှက် ကုက္ကုဋာရုံကျောင်းတော်ကြီးရှိ သံဃာတော်များအား နောက်ဆုံး မိမိ၏ အလောင်းကို မြတ်စွာဘုရားအား ရည်စူး၍ ၀ါဂွမ်းအထပ်ထပ်ပတ်ကာ ဆီးလောင်းလျှက် နောက်ဆုံးပေးလှူစေပါသည်။
မကြာမီ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အစိုးရတော်မူခဲ့ရုံမျှမက အထက်တစ်ယူဇနာ၊ အောက်တစ်ယူဇနာတိုင်အောင် အာဏာစက် ပြန့်နှံ့ခဲ့သော သီရိဓမ္မာသောက မင်းကြီးသည် သတ္တ၀ါတို့၏ သဘာဝနိယာမတရားကြီးကို မလွန်ဆန်နိုင်ရကား သာသနာတော်နှစ် (၂၅၅) ခုနှစ် မင်းကြီး အဘိသိက်ခံ နန်းစံနှစ် (၃၇)နှစ် တွင် နတ်ရွာစံခဲ့ရပါတော့သည်။
မိမိနိုင်ငံအတွင်း ပြည်သူများနှင့် အခြားနိုင်ငံသူနိုင်ငံသားများ၏ ပစ္စုပ္ပန်တမလွန်ဘ၀များအတွက် ကောင်းကျိုးကိုဖြစ်စေသည့် ပရဟိတလုပ်ငန်းများကို သူမတူအောင်ပြုလုပ်ခဲ့သည့်အပြင် မြတ်ဗုဒ္ဓသာသနာတော်ကြီးကိုလည်း မည်သူတစ်ဦးတစ်ယောက်နှင့်မျှ နှိုင်းယှဉ်၍ မရ သူမတူအောင် စွမ်းဆောင်သာသနာပြုတော်မူခဲ့သည့် ကုသိုလ်တော်လုပ်ငန်းများအရ သီရိဓမ္မာသောကမင်းကြီး၏ တမလွန်ခရီးကား ဖြောင့်ဖြူးသာယာခဲ့ပေလိမ့်မည်။ ထို့ကြောင့်လည်း……
သူပြုလုပ်ခဲ့သည့် လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေးစသည့် အများအကျိုးပြုလုပ်ငန်းတို့ဖြင့် အမျိုးဘာသာ သာသနာကို သူမတူအောင် စွမ်းစွမ်းတမံ ပြုလုပ်ခဲ့သော ကောင်းမှု ကုသိုလ်အရှိန် အာနုဘော်တို့ကြောင့် နတ်ရွာစံတော်မူသောအခါ နတ်ပြည်၌ ဖြစ်ရလေသည်။(မှန်နန်းအလို)
ဤတွင် အထူးမှတ်သားရန်အချက်ကား……. (ဦးကုလား မဟာရာဇ၀င်တော်ကြီး၌ စုတိခါနီးတွင် ပြင်းစွာ အမျက်ဒေါသရှိသဖြင့် စုတိ၏အခြားမဲ့၌ စပါးကြိးမြွေဖြစ်၍ အရှင်မဟိန္ဒမထေရ် တရားဟောသည်တွင်မှ တရားကို နှလုံးသွင်းမိသဖြင့် စပါးကြီးအဖြစ်မှ သေ၍ နတ်ပြည်၌ ဖြစ်ကြောင်းကို ဆိုလေသည်။ ထိုစကားကို ကျမ်းကြီးကျမ်းခိုင်တို့၌ လာသောစကား မဟုတ်သောကြောင့် ဤမဟာရာဇ၀င်တော်၌ မရေးသွင်းသတည်း။ ) ဟု မှန်နန်းမဟာရာဇ၀င်တော်ကြီးက သဘာဝယုတ္တိကျနစွာ နိုင်းယှဉ်ပြသောကြောင့် သီရိဓမ္မာသောကမင်းကြီးသည် နတ်ရွာစံသည်၏ အခြားမဲ့တွင် နတ်ပြည်၌ ဖြစ်ရသည်။ တစ်ချို့ကလည်း စပါးကြီးမြွေဖြစ်သည်ဟု အဘိဓမ္မာနည်းဖြင့် သုံးသပ်ပြကြပါသည်။
ဤတွင် စပါးကြီးမြွေဖြစ်/မဖြစ်ဆိုသည်ကို သမိုင်းအထောက်အထားများ ခိုင်လုံစွာမရှိသောကြောင့် မိမိတို့၏ ထင်မြင်ယူဆချက်တို့ဖြင့် တင်ပြလာကြသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ သီရိဓမ္မာသောကမင်းကြီး နတ်ရွာစံပြီးသည့်နောက် စပါးကြီးမြွေဖြစ်/မဖြစ်ဆိုသည်မှာ မည်သူမျှ တိတိကျကျ မပြောနိုင်ကြပေ။ သေချာသည်ကား… နောက်ပိုင်းတွင် တာဝတိံသာနတ်ပြည်၌ တန်ခိုးကြီးနတ်ဖြစ်ခဲ့သည်ဟုသမိုင်းကြောင်းများအရ မှတ်ယူရပါမည်။ (ဆက်ရန်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More