Friday, December 5, 2008

မြကြာဖြူရဲ့အမေး

အမေး။ ။ အရင်ဘ၀က သူတစ်ပါးကို နှိပ်စက်ညှင်းဆဲမိတဲ့ ၀ဋ်ကြွေး ရှိတယ်ဆိုရင် ဘယ်လို ကုသိုလ်တွေ ပြုသင့်ပါသလဲဘုရား။
မြကြာဖြူ
ဘန်ကောက်

အဖြေ။ ။ (ယဿ ပါပံ ကတံ ကမ္မံ ၊ ကုသလေန ပိဓီယတေ) ပြုမိခဲ့ပြီးတဲ့ (ပါဏာတိပါတ)စတဲ့အကုသိုလ်တရားတွေကို ကုသိုလ်တရားနှင့် ရိုက်ချိုးကြ၊ ဖျက်ဆီးကြ ၊ ချိုးနှိမ်ကြ ဟု ဓမ္မပဒပါဠိတော် အင်္ဂုလိမာလသုတ်မှာ ဟောတော်မူထားတဲ့အတိုင်း ဘ၀ါဘ၀များစွာက ပြုမိခဲ့တဲ့ အကုသိုလ်တွေကို ချေဖျက်နိုင်ဖို့အတွက် ကုသိုလ်တရားကို မပြတ်ပြုလုပ်ပေးဖို့လိုပါတယ်။ ထိုကဲ့သို့ အကုသိုလ်များကို မပြုမိအောင် သတိထားရှောင်ကြဉ်ပြီး၊ ကုသိုလ်တရားကို မပြတ် ပြုလုပ်ပေးမယ်ဆိုရင် ကြာလာတဲ့အခါ ပြုခဲ့တဲ့အကုသိုလ်တရားဟာ အကျိုးပေးနိုင်တဲ့ အခွင့်အလမ်း နည်းပါးသွားတဲ့အပြင် နောက်ဆုံးမှာ အဟောသိကံတောင် ဖြစ်သွားနိုင်ပါတယ်။
ဖြေရမှာက ပြုမိခဲ့တဲ့ အကုသိုလ်အတွက် ဘယ်လိုကုသိုလ်မျိုးပြုရမလဲဆိုရင် မြတ်ဘုရားက ကုသိုလ်ရနိုင်တဲ့ အရာမှန်သမျှ ပြုလုပ်ကြလို့ ဟောတော်မူထားပါတယ်။ ဒီအကြောင်းကိုလည်း ကြားဖူးပြီးသား ဖြစ်ကြမှာပါ။ မြတ်ဘုရားက (၁)အကုသိုလ်မှန်သမျှ လုံးဝရှောင်ကြဉ်ကြ။ (၂)ကုသိုလ်တရားကျတော့ ပြည့်စုံအောင် အားထုတ်ကျ။ (၃)မိမိစိတ်ကို ဖြူစင်သထက် ဖြူစင်အောင် ကျင့်သုံးကြ။ လို့ ဟောတော်မူခဲ့တာကို အကြောင်းပြုပြီး ဘုရားဟောတဲ့အတိုင်း ကုသိုလ်မှန်သမျှ အဘယ်ကုသိုလ်ရယ်လို့ မရွေးနေပဲ ပြည့်စုံအောင် ပြုနိုင်ဖို့သာ အဓိကဖြစ်ပါကြောင်း မြကြာဖြူရဲ့ အမေးကို ဖြေကြားပေးလိုက်ပါတယ်။
အမေး။ ။ အင်္ဂုလိမာလဟာ လူပေါင်းထောင်ဂဏန်းအထိ သတ်လာခဲ့တဲ့ ပါဏာတိပါတကံကို ရဟန္တာဖြစ်တော့ သူ့ရဲ့ သီလ သမာဓိ ပညာက ထိုပါဏာတိပါတကံကို ချေဖျက်လိုက်တယ်လို့ ဖတ်ဖူးပါတယ်။ ဒါ့အပြင် ရောဟိဏီမင်းသမီးဟာ အတိတ်ကပြုခဲ့တဲ့ကံကြောင့် စွဲကပ်လာတဲ့ နူနာရောဂါကို အစ်ကိုတော်သူ အရှင်အနုရုဒ္ဓါက ခိုင်းတဲ့အတိုင်း ကုသိုလ်ပြုလုပ်တဲ့အတွက် ရောဟိဏီမင်းသမီးဟာ နူနာရောဂါ ပျောက်သွားရတယ် လို့ ဖတ်ရပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဘုရားလက်ထက်က ရဟန္တာတစ်ပါး လာဘ်လာဘချို့တဲ့စွာနဲ့ ပရိနိဗ္ဗာန်စံဝင်ခဲ့ရတယ် လို့ ဖတ်သိခဲ့ရပါတယ်။ အဲဒီရဟန်းရဲ့ အတိတ်က၀ဋ်ကြွေးကို ယခုနောက်ဆုံးဘ၀ ရဟန္တာဆိုတဲ့ သီလာ သမာဓိ ပညာနဲ့ (အင်္ဂုလိမာလတို့လို) ဘာ့ကြောင့်များ မကယ်နိုင်တာပါလဲဘုရား။ သိချင်၍ အဖြေပေးတော်မူပါဘုရား။ ။
မြကြာဖြူ
ဘန်ကောက်
အဖြေ။ ။ အင်္ဂုလိမာလ၊ ရောဟိဏီမင်းသမီး၊ လောသကတိဿထေရ် တို့ဟာ သူတို့ပြုခဲ့တဲ့ ကံများက အကုသိုလ်ကံချည်းဖြစ် ပါလျှက် အင်္ဂုလိမာလနှင့်ရောဟိဏီမင်းသမီးကျတော့ သူတို့ရဲ့ သီလ သမာဓိ ပညာနဲ့ ချေဖျက်နိုင်ပြီး၊ လောသကတိဿထေရ်ကျတော့ ရဟန္တာဖြစ်သော်လည်း ဘာ့ကြောင့်များ မချေဖျက် နိုင်ရတာလဲ၊ လို့ မေးထားပါတယ်။ မေးသင့်တဲ့မေးခွန်းပါပဲ။
အင်္ဂုလိမာလနှင့် ရောဟိဏီမင်းသမီးတို့ ပြစ်မှားခဲ့တဲ့အကြောင်းကို ပြန်ကြည့်ရင် သူတို့ပြစ်မှားတာက သာမာန်လူကို ပြစ်မှားတာဖြစ်တဲ့အတွက် သူတို့ရရှိတဲ့ သီလ သမာဓိ ပညာက သူတို့ရဲ့ အကုသိုလ်အကျိုးကို ချေဖျက်နိုင်တယ်လို့ ယူဆရပါ့မယ်။
လောသကတိဿမထေရ်ကျတော့ အတိတ်ဘ၀တုံးက မနာလို ၀န်တိုဖြစ်ပြီး ရဟန္တာအရိယာပုဂ္ဂိုလ်ကြီးအပေါ် ပြစ်မှားခဲ့မိတဲ့အတွေက်ကြောင့် နောက်ဆုံးဘ၀ ရဟန္တာဖြစ်သော်လည်း လာဘ်လာဘရှားပါးခဲ့ရတယ်လို့ ယူဆမိပါကြောင်း ဖြေကြားလိုက်ရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More