Saturday, December 27, 2008

ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ

အမေး။ ။အရှင်ဘုရား….အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးဟာ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ ရှိသူဖြစ်ပါသလဲဘုရား။ ဒီ ဒိဋ္ဌိဟာ ဘယ်နှစ်မျိုးရှိပါသလဲ၊ သိချင်ပါတယ်၊ အဖြေပေးတော်မူပါဘုရား။
ငြိမ်းလွင်
Moscow

အဖြေ။ ။ လက်ရှိအခြေအနေတွင် မဆင်းရဲဘဲ ချမ်းချမ်းသာသာ နေရတာ၊ ကိုယ်ချမ်းသာစိတ်ချမ်းသာ ခံစားရတဲ့ ချမ်းသာဟာ နိဗ္ဗာန်ပဲ လို့ မိစ္ဆာအယူရှိသူဟာ ‘ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ’ အယူရှိသူဖြစ်တယ်။ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ ဒိဋ္ဌိ ငါးမျိုး ရှိပါတယ်။
(၁) ကာမဘုံမှာ ကာမဂုဏ် စည်းစိမ်ကို ခံစားပြီး ကိုယ်စိတ်ချမ်းသာမှုနှင့် ပြည့်စုံနေတာဟာ နိဗ္ဗာန်ရောက်နေတာပဲ လို့ယူဆတဲ့ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ။
(၂) ပထမဈာန်နှင့် ပြည့်စုံခံစားနေရတာကိုပဲ နိဗ္ဗာန်ရောက်ပြီ လို့ ယူဆသော မိစ္ဆာအယူဝါဒ။
(၃)ဒုတိယဈာန်ချမ်းသာကို ခံစားပြီး ဒီချမ်းသာကို ရောက်နေတာဟာ နိဗ္ဗာန်ကို ရောက်နေတာပဲ လို့ ယူဆတဲ့ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ။
(၄)တတိယဈာန် ချမ်းသာကို ခံစားပြီး ဒီချမ်းသာကို ရောက်နေတာဟာ နိဗ္ဗာန်ကို ရောက်နေတာပဲ လို့ ယူဆတဲ့ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ။
(၅)စတုတ္ထဈာန် ချမ်းသိာကု ခံစားပြီး ဒီချမ်းသာကို ရောက်နေတာဟာ နိဗ္ဗာန်ကို ရောက်နေတာပဲ လို့ ယူဆတဲ့ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ။ တို့ဖြစ်ကြတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။

3 comments:

ကျေးဇူးကြီးလှပါတယ် အရှင်ဘုရား။

မင်္ဂလာပါဘုန်းဘုန်း

ဖိုးသားဒီအကြောင်းလေးကို ညကမှဖတ်လိုက်တာ။ မိုးကုတ်ဆရာတော်ဘုရားကြီးတရားတော်လေ။ ကိုဝင်းမြင့်ပြန်ရေးထားပြီး ဆရာတော်ဘုရားကို ပူဇော်ထားတာ။ အဲဒါလေးကို ဖိုးသား မူရင်းအတိုင်းပဲ comment အဖြစ်ပေးလိုက်ပါတယ်။

***ယခုဘ၀နိဗ္ဗာန်ရမည့်ပုဂ္ဂိုလ်***

အရှင်ဘုရား ယခုဘ၀ နိဗ္ဗာန်ရမယ့် ပုဂ္ဂိုလ်ဆိုတာ တပည့်တော်သိချင်တယ် ( မှန်ပါ့ ) အမယ် မေး ချက်ကတော့ကောင်းလိုက်တာ၊ မေးချက်ကတော့ သိပ်ကောင်းတယ် ဒကာ ဒကာမတို့ ( မှန်ပါ့ဘုရား ) ။

ယခုဘ၀ နိဗ္ဗာန်ရမယ့် ပုဂ္ဂိုလ်ဆိုတာ တပည့်တော်သိချင်တယ် ၊ ဟိုး … အလွယ်ကလေး ရဟန်းက တဲ့ ၊ ယခုဘ၀နိဗ္ဗာန်ရမယ့် ပုဂ္ဂိုလ်ဟာ သူ့အလုပ်စဉ်ကြည့်လိုက်ရင် သိသာပါတယ်ကွ တဲ့ ။

လာပြန်ပြီဟေ့ ဒကာစိန်က

ဝေဒနာယ စေဘိက္ခုနိဗ္ဗိဒါ ၀ိရာဂါ နိရောဓါ အနုပ္ပာဒါ ၀ိမုတ္တောဟောတိ ဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တောဘိက္ခူ တိ အလံ ၀စာနာယ

ဒိဋ္ဌဓမ္မ နိဗ္ဗာနာယ အလံဝစာနာယ - ချက်ချင်း ဒီဘ၀နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ် လို့ဆိုတယ်ဆိုတဲ့ အဓိပ္ပါယ် ရတယ် ( မှန်ပါ့ ) ဒါဘာကြောင့်တုံးဆိုတော့ ၊ ဝေဒနာယ ဝေဒနာကို၊ နိဗ္ဗိဒါ - ငြီးငွေ့ခြင်းကြောင့်၊ ၀ိရောဂါ - တပ်ခြင်းကင်းခြင်းကြောင့် ဝေဒနာ ပစ္စယာတဏှာ သေသွားတာ လိုချင်သေးရဲ့ လား ( မလိုချင်ပါဘူးဘုရား ) နိရောဓါ - ဝေဒနာ၏ ချုပ်ခြင်းကြောင့်၊ အနုပါဒါ အနုပါဒါယ - ဘယ်ဟာမှမဆက်၊ ဘယ်ဟာမှ မစွဲလမ်းမူ၍ ၊ ၀ိမုတ္တော - လွတ်သောပုဂ္ဂိုလ်ကို ဒိဋ္ဌဓမ္မနိဗ္ဗနပ္ပတ္တောတိ - ယခုဘ၀ နိဗ္ဗာန်ရမယ့် ပုဂ္ဂိုလ်ဟူ၍ ဘိက္ခု - ရဟန်း ၊ ၀စာနာယ ဆိုခြင်းငှာ အလံ သေသေချာချာထိုက်သွားတယ်ကွာ ။

တစ်ခါတည်း ခင်ဗျားတို့ ဝေဒနာရှုနေတဲ့ပုဂ္ဂိုလ်သည်တဲ့ဝေဒနာနိရောဓေါတိ ဝေဒနာကလည်း လိုချင် မှုမရှိပါဘူး ။ ဝေဒနာကလိုချင်မှုမရှိတော့ဘူး၊ ဝေဒနာကို ဘယ်ဝေဒနာကြိုက်သေးသတုံး၊ ခန္ဓာငါးပါးနဲ့ မစွဲလမ်းတော့ဘူးတဲ့ ။

ဒိဋ္ဌဓမ္မနိဗ္ဗာန ပုဂ္ဂိုလ်

တစ်ခါတည်း ဝေဒနာကို ခင်တွယ်တဲ့သမားတွေ အကုန်လိုက်မသွားသေးဘူးလား (လိုက်သွားပါ တယ်ဘုရား ) ၊ အဲဒီလိုလိုက်သွားတယ်ဆိုရင်ဖြင့် ဒိဋ္ဌဓမ္မနိဗ္ဗာန ပုဂ္ဂိုလ်၊ ဒိဋ္ဌဓမ္မက - ယခုဘ၀ ၊ နိဗ္ဗာနက ငြိမ်းအေးတယ်၊ ယခုဘ၀တွင် နိဗ္ဗာန်ရောက်တဲ့ ပုဂ္ဂိုလ်လို့ဆိုမယ်ဆိုကွာတဲ့ ။

ကိုင်း ဒကာ ဒကာမတို့ အင်မတန်အားရှိ စရာကောင်းပါလား ( ကောင်းပါတယ်ဘုရား ) အင်မတန် အားရှိစရာကောင်းပါတယ် ။

အင်မတန်အားရှိစရာကောင်းပါတယ်၊ အဲဒါကြောင့် ဒကာ ဒကာမတွေက ထင်မှာပေါ့ ၊ သြော် - ဒို့သည်ကားလို့ဆိုလို့ရှိရင် ဆရာဘုန်းကြီးကလည်း ဝေဒနာတွေချည်း ရှုခိုင်းတယ် ငြီးငွေ့ပြီလားလို့ဆိုရင် ငြီးငွေ့လာရင် အားကျလိုက်ပါ၊ ငါဒီဘ၀ကို နိဗ္ဗာန်ရမှာဟ ( မှန်ပါ့ ) ။

ဒီဘ၀နိဗ္ဗာန်ရမယ်

ဝေဒနာကြီးကိုပဲ ရကိုမရချင်တော့ပါဘူးဆိုလို့ရှိရင် အင်း - ဒါကတော့ ဖြစ်မှာ ဘုရားဟောတော်မူတဲ့ အတိုင်း ဝေဒနာလုံးဝ မရချင်လို့ရှိရင်လည်း ဒီဘ၀ နိဗ္ဗာန်ရနိုင်တယ် ။

တဏှာ၊ မာန ၊ ဒိဋ္ဌိတို့နဲ့ ဘယ်တော့မှသူတို့အပေါ်စွဲလမ်းခြင်းမရှိတော့ဘူးဆိုတော့လည်း ခင်ဗျားတို့ သန္တာန်ပေါ်လာလို့ရှိရင် ယခုဘ၀နိဗ္ဗာန်ရပြီလို့ ငါဘုရားက သူတို့အတွက်ဆိုလိုက်ပါတယ်ကွာတဲ့၊ ဆိုတော့ ဒကာ ဒကာမတို့ ယနေ့တရားက အလုပ်လုပ်တဲ့ပုဂ္ဂိုလ်အတွက်မှာဖြင့် စိတ်နှလုံးချလုံးအတော်ကောင်းပါ တယ် ။

တို့သည်ဘယ်အချိုးအစားထဲကပါလိမ့်

အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်တွေအတွက်မှာတော့ သူ့မှာ ဒါလောက် ကျေးဇူးမများဘူး၊ အလုပ်လုပ်နေတဲ့ ပုဂ္ဂိုလ်အတွက်မှာဖြင့် ၊ အင်း … တို့သည်ကားလို့ဆိုရင် ဘယ်အချိုးအစားထဲကပါလိမ့် ၊ ဘယ်ရောက်မှာပါ လိမ့်မတုံးလို့မေးတော့ ၊ ကွာတဲ့ …. ဒိဋ္ဌဓမ္မနိဗ္ဗာန ပုဂ္ဂိုလ်ဆိုတာ တခြားအောက်မေ့မနေပါနဲ့ ယခုဘ၀နိဗ္ဗာန ပုဂ္ဂိုလ်လို့ဆိုရမယ် ။

ဝေဒနာရှု၍နေခြင်းကြောင့်တဲ့ ဝေဒနာအပေါ်၌ ခင်တွယ်မှုတဏှာသေခြင်းကြောင့် ဝေဒနာချုပ်ရာ နိဗ္ဗာန်ကြီးကိုလည်း အလင်းဓာတ်ကြီးမြင်နေခြင်းကြောင့် ဝေဒနာသုံးမျိုးအပေါ် ၌ဘယ်ဟာမှမခင်တွယ်ခြင်း ကြောင့် ယခုအခြေနေမျိုးရောက်အောင် ဒကာ ဒကာမ တွေကြိုးစားလို့ရှိရင်ဖြင့် အင်း … နိဗ္ဗာန်ယခုဘ၀ရ မယ်လို့ ဟောထားပြန်တော့ ဒကာစိန်ရေ ခါးတောင်ကြိုက်မဖြုတ်နဲ့နော် ( မှန်ပါ့ဘုရား ) ။

ခါးတောင်းလည်းကြိုက် အလုပ်လည်းလုပ်ပါ

အေးအားရှိတယ်ဆိုမှ ခါးတောင်းကြိုက်ပြီး ဘာမှ မလုပ်ဘဲနေလို့လဲမဖြစ်ဘူး၊ မဟုတ်ဘူးလား၊ အင်း ခါးတောင်းကြိုက်ပြီး ဒီအတိုင်းနေလို့လည်းမဖြစ်သေးပါဘူး၊ အင်းနိုးနိုးကြားကြားနဲ့ ကြိုးကြိုးစားစားလုပ်လိုက် လို့ရှိရင် ဒိဋ္ဌဓမ္မောတိ ပစ္စက္ခောအတ္တဘာဝေါလို့ဖွင့် ထားတယ် ၊ ပစ္စက္ခော ဆိုတာ ယခုပစ္စက္ခ၊ ဒိဋ္ဌဓမ္မောတိ ပစ္စက္ခောလို့ဟုတ်လား၊ ယခုဘ၀ ပစ္စုပ္ပန္နောလို့ ဆိုလိုက်တော့ ယခုဘ၀ ၊ ယခုပစ္စုပ္ပန်ခဏ၌ကိုပင်လျှင် ဒကာ ဒကာမတို့ နိဗ္ဗာန်ရနိုင်တယ်တဲ့ ။

ဝေဒနာပေါ်၌ ငြိးငွေ့အောင်ရှု၊ မလိုချင်အောင်ရှု၊ ရှုခဲ့လို့ ရှုတုန်းတန်ပြီဆိုမှဖြင့် ယခုဘ၀နိဗ္ဗာန်ရနိုင်တဲ့ ပုဂ္ဂိုလ်လို့ ငါဘုရားကဆိုလိုပါတယ်၊ ဆိုတော့ဘယ်လောက်အားရှိစရာကောင်းလဲဟေ့ ဒကာစိန်က အားရှိစရာသိပ်ကောင်းတယ် ။

ခင်ဗျားတို့အတွက်မှာဖြင့် အင်မတန်ထူးတဲ့ကံကြောင့် ဒီလိုအားကိုးလောက်တဲ့စကားတွေ အားကိုး လောက်တဲ့တရားတွေ ဦးလှဘူးတို့ ဒကာစိန်တို့ကြားရတယ် ။

7:30 PM

လေးစားရိုသေစွာ ဦးခိုက်လျက်
ချစ်တပည့်လေး
ဖိုးသား

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More