This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, October 30, 2009

ဓမ္မဒါနအကြောင်း

အမေး။ ။ဓမ္မဒါနအကြောင်းနဲ့ပတ်သက်ပြီး တပည့်တော် သိချင်ပါတယ်၊ ဖြေကြားတော်မူပါဘုရား။
ကိုမျိုး
သြစတေးလျား

အဖြေ။ ။ဓမ္မဒါနဆိုတာ တရားအလှူပါ၊ တရားအလှူနဲ့ ပတ်သက်ပြီး ကိံ ဒဒသုတ်မှာ “အမတံ ဒဒေါ စ သော ဟောတိ၊ ယော ဓမ္မမနုသာသတိ” လို့ ဘုရားရှင် ဟောကြားထားပါတယ်။
အဓိပ္ပါယ်က ဘုရားဟောစာပေများ ပို့ချပေးခြင်း၊ သင်ကြားပေးခြင်း၊ ဘာသာရေး အမေးပြဿနာများကို ရှင်းလင်းဖြေကြားပေးခြင်း၊ ကမ္မဋ္ဌာန်းတရားပြသပေးခြင်း၊ သွန်သင်ဆုံးမ နည်းလမ်းညွန်ပြပေးခြင်းစတဲ့ တရားအလှူများဟာ သံသရာဝဋ်က လွတ်ရာလွတ်ကြောင်း လမ်းကောင်းကို ညွန်ပြပေးနေတာ ဖြစ်တဲ့အတွက်ကြောင့် အမတဒါန အမြိုက်နိဗ္ဗာန်ကို ပေးလှူရာ ရောက်ပါတယ်။
ဒါကြောင့်လည်း အလှူဟူသမျှတို့မှာ ဓမ္မဒါန ဆိုတဲ့ တရားအလှူဟာ အသာဆုံး အမြတ်ဆုံး လို့ ဓမ္မပဒပါဠိတော်၊ တဏှာဝဂ်၊ သက္ကပဥှဝတ္ထု (၆၄)မှာ ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ တဏှာက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။
တရားအလှူဟာ အလှူဟူသမျှတို့ကို အောင်နိုင်တယ်၊ (အသာဆုံးအမြတ်ဆုံးဖြစ်တယ်)။ တရားအရသာဟာ အရသာဟူသမျှတို့ကို အောင်နိုင်တယ်၊ (အသာဆုံးအမြတ်ဆုံးဖြစ်တယ်)။ တရားနဲ့ မွေ့လျော်တာဟာ မွေ့လျော်မှု ဟူသမျှတို့ကို အောင်နိုင်တယ်၊(အသာဆုံးအမြတ်အဆုံးဖြစ်တယ်)။ တဏှာကုန်ရာ နိဗ္ဗာန်တရားဟာ ဆင်းရဲဒုက္ခဟူသမျှကို အောင်နိုင်တယ်။ ဒါဆိုရင် ဓမ္မဒါနအကြောင်း သဘောပေါက်ပြီထင်ပါတယ်။

Thursday, October 29, 2009

၂၀၁၂ မှာ ကမ္ဘာပျက်မှာလား

အမေး။ ။ အရှင်ဘုရား ၂၀၁၀ ဇန်န၀ါရီလ (၁၅)ရက်နေ့မှ အကြာမြင့်ဆုံး နေကြတ်မှု ဖြစ်ပေါ်မယ်။ နေကြတ်ခြင်းကြောင့် (၂၀၁၂)ခုနှစ်၊ဒီဇင်ဘာလအတွင်းမှာ ကမ္ဘာပျက်ကိန်း ဖြစ်နိုင်ချေ ရှိတယ်လို့ နိုင်ငံကျော် ဗေဒပညာရှင်တစ်ဦးက ဟောကိန်းထုတ်ထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အင်တာနက် စာမျက်နှာပေါ်မှာ သတင်းတွေ ပြန့်နေပါပြီ ဘုရား။ တပည့်တော် သိချင်တာက ဗေဒပညာရှင်များ ပြောဆို ယူဆနေသလို (၂၀၁၂)ခုနှစ်မှာ ကမ္ဘာပျက်မယ်ဆိုတာ မှန်/မမှန် သိချင်ပါတယ်ဘုရား။
မောင်ဇော်မျိုး
ရန်ကုန်

အဖြေ။ ။ ဒီပြဿနာနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် သိစရာမှန်က မကျန်ရအောင် အလုံးစုံကို သိမြင်တော်မူပြီးဖြစ်တဲ့ သဗ္ဗညုတဥာဏ်ပိုင်ရှင် ဘုရားရှင်ရဲ့ စကားတော်အတိုင်း ဖြေကြားရမှာဖြစ်ပါတယ်။
ကမ္ဘာပျက်တာနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာရဲ့သက်တမ်းကို နှစ်ပေါင်းဘယ်လောက်ကြာမယ်ဆိုတာ ဂဏန်းသင်္ချာနဲ့ မရေတွက်နိုင်ပါ။ ကြံဆပြီး သိရမယ့်အရာသာ ဖြစ်ပါတယ်။ ဘယ်လို ကြံဆရမလဲဆိုရင်….အလျား၊ အနံ၊ အမြင့် တစ်ယူဇနာရှိတဲ့ တိုက်ခန်း ၊ ဂိုဒေါင်ကြီးအတွင်းမှာ အလွန်သေးငယ်တဲ့ မုန်ညင်းဖြူစေ့လေးတွေကို အပြည့်ထည့်ထားလိုက်ပါ။ နှစ်ပေါင်းတစ်ရာကြာရင် မုန်ညင်းဖြူစေ့ တစ်စေ့ယူထုတ်ပစ်ရပါမယ်။ ဒီလိုနည်းနဲ့ ယူထုတ်ပစ်လို့ ဂိုဒေါင်ကြီးအတွင်းက မုန်ညင်းစေ့သာ ကုန်သွားမယ်။ တစ်ကမ္ဘာရဲ့ သက်တမ်း မကုန်ဆုံးသေးပါဘူး၊ လို့ ကြံဆပြီး သိရပါ့မယ်။
ဒီအမေးအတွက် ကမ္ဘာအမျိုးအစားကို ပြောမှ ပြည့်စုံမှာပါ။ ကမ္ဘာနဲ့ပတ်သက်ပြီး ဘုရားပွင့်တဲ့ကမ္ဘာကိုတော့ အသုညကမ္ဘာလို့ ခေါ်ပါတယ်။ ဘုရားမပွင့်တဲ့ ကမ္ဘာကိုတော့ သုညကမ္ဘာ လို့ ခေါ်ပါတယ်။ဘုရားပွင့်တဲ့ အသုညကမ္ဘာက (၅)မျိုး၊ ဘုရားမပွင့်တဲ့ သုညကမ္ဘာက (၁)မျိုး ဆိုပြီး ပေါင်းလိုက်တော့ ကမ္ဘာအမျိုး (၆)မျိုး ရှိပါတယ်။
ဘုရားပွင့်တဲ့ ကမ္ဘာငါးမျိုးက ဘုရားတစ်ဆူသာ ပွင့်တဲ့ ကမ္ဘာကို သာရကမ္ဘာ လို့ ခေါ်ပါတယ်။ နှစ်ဆူပွင့်တဲ့ ကမ္ဘာက မဏ္ဍကမ္ဘာပါ။ သုံးဆူပွင့်တာက ၀ရကမ္ဘာဖြစ်တယ်။ လေးဆူပွင့်တာက သာရမဏ္ဍကမ္ဘာ ဖြစ်ပြီး၊ ငါးဆူပွင့်တာက ဘဒ္ဒကမ္ဘာဖြစ်ပါတယ်။
ယနေ့ လူသားများ နေထိုင်ကြတဲ့ ကမ္ဘာကတော့ ဘဒ္ဒကမ္ဘာ ပါ။။ ဘဒ္ဒကမ္ဘာမှ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမေတ္တေယျ၊ ဘုရား ငါးဆူ ပွင့်တော်မူပါမယ်။ ယခုအခါ လေးဆူမြောက် ပွင့်တော်မူပြီးတာက ဂေါတမမြတ်စွာဘုရားပါ။ နောင်ပွင့်မှာက အရိမေတ္တေယျ ဘုရားရှင်တစ်ဆူ ကျန်ပါသေးတယ်။ ထိုဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာပျက်မှာပါ။ ဒီကြားထဲ အရိမေတ္တေယျ ဘုရားရှင် မပွင့်သေးသမျှ ကာလပတ်လုံး ကမ္ဘာမပျက်နိုင်သေးပါဘူး။
ဒါကြောင့် ဗေဒပညာရှင်များရဲ့ အဆိုအရ ယခုလာမဲ့ (၂၀၁၂)မှာ ကမ္ဘာပျက်ကိန်း ရှိတယ်ဆိုတာ လုံးဝ မဟုတ်ပါကြောင်း ၊ ထိုသတင်းနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ လုံးဝ မရှိကြောင်း အဖြေပေးလိုက်ရပါတယ်။

Sunday, October 25, 2009

မွေးနေ့ကို မင်္ဂလာ လို့ခေါ်ပါသလား

အမေး။ ။ အရှင်ဘုရား…….လူတွေဟာ မွေးနေ့ကို မင်္ဂလာလို့ ပြောနေကြပါတယ်။ မွေးနေ့မင်္ဂလာဆိုပြီး ကြားနေရတာလည်း ကြာပါပြီဘုရား။ တပည့်တော်ထင်တာက ဘုရားအလောင်း အရိယာသူတော်ကောင်းတွေ မွေးဖွားလာမှ မင်္ဂလာလို့ ယူဆပါ တယ်ဘုရား။ သာမာန် ပုထုဇဉ်တွေ မွေးလာတာတော့ မင်္ဂလာလို့ မယူဆပါဘုရား။ တပည့်တော်သိချင်တာက မွေးနေ့ဆိုတာ မင်္ဂလာဟုတ် - မဟုတ် သိချင်ပါတယ်ဘုရား။
Dr. တင့်ဇင်ဦး
Mensfield, England

အဖြေ။ ။မေးသင့်တဲ့မေးခွန်းမို့လို့ အားလုံးအတွက် အကျိုးရှိမှာပါ။ လောကမှာ မွေးနေ့မင်္ဂလာ၊ နားထွင်းမင်္ဂလာ၊ လက်ထပ်ထိမ်းမြားမင်္ဂလာ၊ ကင်ပွန်းတတ်မင်္ဂလာ၊ လယ်ထွန်မင်္ဂလာ၊ ဘိသိက်မင်္ဂလာစတာတွေ အများကြီးပါပဲ။ ဒါတွေဟာ မင်္ဂလာ လို့ မဆိုနိုင်ပါဘူး။
မင်္ဂလာဆိုတာ “မင်္ဂလံ ပါပံ ဆန္ဒတီတိ မင်္ဂလံ” အဓိပ္ပါယ်က မကောင်းမှု အကုသိုလ်အညစ်ကျေးတို့ကို ရိတ်ဖြတ် ပယ်ဖျောက်တတ်တဲ့အတွက်အကြောင့် မင်္ဂလာ လို့ခေါ်ပါတယ်။
လောကီမင်္ဂလာဆိုတာ အကုသိုလ်နဲ့ မကင်းသေးတဲ့အတွက် မင်္ဂလာ မခေါ်နိုင်ပါဘူး။ မကောင်းမှု ကုသိုလ်အညစ်အကြေးတွေကို နည်းအောင် ပါးအောင် ကုန်သွားအောင် ရိတ်ဖြတ်နေတာကမှ မင်္ဂလာ လို့ ခေါ်ပါတယ်။ ဥပမာ လူတစ်ယောက်အတွက် ဒါန ပြုလုပ်၊ သီလဆောက်တည်၊ ဘာဝနာတစ်ခုခုကို ပွားနေတဲ့ အချိန်ဟာ (သို့) ပုညကရိယာဝတ္တုဆယ်ပါးထဲက တစ်ပါးပါး ပြုလုပ်ပွားများနေတဲ့ အချိန်ဟာ မင်္ဂလာ ရှိသော အချိန် ဖြစ်ပါတယ်။
တဖန် ဘုရားရှင်က မင်္ဂလာသုတ် မှာ မင်္ဂလာ မည်တဲ့ မင်္ဂတရားများ (၃၈)ပါးရှိတယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။
ဒါကြောင့် မေးခွန်းရှင်က မင်္ဂလာ လို့ မှတ်ထင်မိတဲ့ အရာများကို မင်္ဂလာတရား(၃၈)ပါးထဲမှာ ပါဝင်မှု ရှိ/မရှိဆို တာ ကို စီစစ်ပြီး အဖြေရှာနိုင်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

Tuesday, October 20, 2009

စာဖတ်ပရိသတ်တို့ရေ..........
ဒီနေ့ မနက် ၉ နာရီ ၊ ကော့သောင်းမြို့ကို ပိုက်ပိုက်နဲ့ပေးဝယ်ရတဲ့
လေယာဉ်ဈာန်ကြီး စီးပြီး ခရီးဒေသာစာ ထွက်ခဲ့ပါကြောင်း။
မကြာခင် ပို့စ်များ ပြန်တင်နိုင်မှာပါ။
စာဖတ်သူများအတွက် သတင်းကောင်းလေးတစ်ခု ပေးပါရစေ..
တစ်ခြားမဟုတ်ပါဘူး။ ရေဒီယိုချယ်နယ်လ် တစ်ခု ဖွင့်လှစ်လိုက်ပါပြီ။
ဒီနေရာမှာ ကလစ်ပြီး မဟာစည်ဆရာတော်ဘုရားကြီးရဲ့ တရားတော်များကို နာယူနိုင်ပါကြောင်း.......
အားလုံးကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ .....
ဦးကောဝိဒ(မြိတ်)

Type the rest of your post here.

Monday, October 19, 2009

ဘုရားရှင် ၀ါကပ်တော်မူခဲ့တဲ့နေရာများ

အမေး။ ။ အရှင်ဘုရား………တပည့်တော်များ ဘာသာရေးစာပေများကို ဖတ်တဲ့အခါ ဘုရားရှင် ၀ါကပ်တော်မူခဲ့တဲ့ နေရာများကို များစွာ တွေ့ရပါတယ်။ တပည့်တော်သိချင်တာက မြတ်စွာဘုရားသက်တော်ထင်ရှား ရှိတော်မူစဉ်က ၀ါကပ်တော်မူခဲ့တဲ့နေရာများကို စုံစုံလင်လင် သိချင်ပါတယ်။ အားလုံးလည်းသိရအောင်လို့ အဖြေပေးတော်မူပါအရှင်ဘုရား။
မနွယ်နွယ်အေး
ရန်ကုန်

အဖြေ။ ။မြတ်စွာဘုရား ဘုရားအဖြစ်သို့ ရောက်တော်မူပြီးတဲ့အခါ ပဌမဗောဓိလို့ ခေါ်တဲ့ ၀ါတော်(၂၀)အတွင်း ကျွတ်ထိုက်တဲ့ ဝေနေယျများရှိရာ နေရာအသီးသီးသို့ ကြွရောက်ကာ ၀ါကပ်တော်မူခဲ့ပါတယ်။ ဒါကြောင့် ပဌမဗောဓိဆိုတဲ့ ၀ါတော် (၂၀)အတွင်း ၀ါကပ်တဲ့နေရာဌာနများကို အနိဗဒ္ဓ ၀ါဆိုရာဌာနများ လို့ ခေါ်ဆိုရပါတယ်။
(၁) ဘုရားရှင်ဟာ ဗာရာဏသီပြည်အနီး ဣသိပတန မိဂဒါဝုန်တောမှာ ပဉ္စ၀ဂ္ဂီ ငါးဦးတို့အား တရားရေအေး တိုက်ကျွေးတော်မူပြီး၊ ဗာရာဏသီပြည်ကို ဂေါစဂံပြုကာ မိဂဒါဝုန်တော မှာ ပဌမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၂-၃-၄) ရာဇဂြိုလ်ပြည်ကို အမှီပြုပြီး ဝေဠုဝန်ကျောင်းတိုက်မှာ ဒုတိယ၀ါ ၊ တတိယ၀ါ၊ စတုတ္ထ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၅) ဝေသာလီပြည်ကို အမှီပြုပြီး မဟာဝုန်တောအုပ် အတွင်းမှာစုလစ်မွန်းချွန် အထွတ်တတ်တဲ့ ကျောင်းတော်မှာ ပဉ္စမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၆) မကုဋတောင် ချယားတောကျောင်းမှာ ဆဋ္ဌ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၇) တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ခင်းထားတဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်မှာ အဘိဓမ္မာတရားတော်များကို ဟောကြားတော်မူကာ သတ္တမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၈) ဘဂ္ဂတိုင်း သုသုမာရဂိရ ပြည်ကို အမှီပြုပြီး သားတို့ကို ဘေးမဲ့ပေးရာဖြစ်တဲ့ ပဲစင်းခုံတော (တနည်း= ဘေသကဋ္ဌာအမည်ရှိတဲ့ ဘီလူးမ စိုးအုပ်တဲ့ တောအုပ်)မှာ အဋ္ဌမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၉) ကောသမ္ဗီကို အမှီပြုပြီး ဃောသိတာရုံကျောင်းတိုက်မှာ န၀မ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၀) ပါလိလေယျကတောအုပ်(ပလလဲတောအုပ်)မှာ ပလလဲဆင်မင်းရဲ့ ပြုစုလုပ်ကျွေးမှုကို ခံယူတော်မူကာ ဒသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၁) နာဠအမည်ရတဲ့ ပုဏ္ဏားရွာကို အမှီပြုပြီး နာဠိကာရုံကျောင်းတိုက်မှာ ဧကာဒသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၂) ဝေရဉ္ဇာပြည်ကို အမှီပြုပြီး၊ နဠေရု ဘီလူးအုပ်စိုးတဲ့ တမာပင်အနီးမှာ ဒွါဒသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၃) စာလီပြည် ဇန္တုရွာကို အမှီပြုပြီး၊ စာလီယတောင်ကျောင်းမှာ တေရသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၄) ကောသလတိုင်း သ၀တ္ထိပြည်ကို အမှီပြုပြီး၊ ဇေတ၀န်ကျောင်းတိုက်မှာ စုဒ္ဒသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၅) သက္ကတိုင်း ကပိလ၀တ်ပြည်ကို အမှီပြုပြီး၊ နိဂြောဓာရုံကျောင်းမှာ ပန္နရသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၆) အာဠ၀ီပြည်ကို အမှီပြုပြီး၊ အဂ္ဂါဠ၀ နတ်ကွန်းကျောင်းတိုက်မှ သောဠသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၇) မဂဓတိုင်း ရာဇဂြိုလ်ပြည်ကို အမှီပြုပြီး၊ ဝေဠုဝန်ကျောင်းတိုက်မှာ သတ္တရသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၈-၁၉) စာလီယပြည် ဇန္တုရွာကို အမှီပြုပြီး၊ စာလီယတောင်ကျောင်းမှာ အဋ္ဌာရသမ၀ါ ၊ ဧကူန၀ီသတိမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၂၀) မဂဓတိုင်း ရာဇဂြိုလ်ပြည်ကို အမှီပြုပြီး ဝေဠုဝန်ကျောင်းတိုက်တော်မှာ ၀ီသတိမ၀ါ ကပ်တော်မူခဲ့ပါတယ်။
ဒါက ပဌမဗောဓိ ၀ါတော်(၂၀)အတွင်း ၀ါကပ်တော်မူခဲ့တဲ့နေများပါ။
(၂၁-၂၄) ၂၁ ၀ါမှစကာ ၂၄၀ါအထိ ၄၄ ၀ါတိုင်အောင် ကောသလတိုင်း သာဝတ္ထိပြည်ကို အမှီပြုပြီး၊ ဇေတ၀န်ကျောင်းတိုက်တော်နဲ့ ပုဗ္ဗာရုံကျောင်းတိုက်တော်တို့မှာ ၀ါကပ်တော်မူခဲ့ပါတယ်။
နောက်ဆုံး ၄၅ ၀ါမြောက်ကိုတော့ ပရိနိဗ္ဗာန်စံခါနီး ဝေသာလီပြည် ဝေဠုဝရွာငယ်မှာ နောက်ဆုံး ပဉ္စစတ္ထာလီသမ၀ါ ကပ်တော်မူခဲ့ပါတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
(မဟာဗုဒ္ဓ၀င်၊ တတွဲ၊ နှာ၁၆၁-၁၆၃)

အဆိုးဝါးဆုံးရောဂါ

အမေး။ ။ဒီကနေ့ခေတ် လူတွေမှာ အသဲစီပိုးရောဂါ၊ ကင်ဆာရောဂါ၊ လူတုတ်ကွေးရောဂါ စတဲ့ ရောဂါများ ခံစားကြရပါတယ်။ ခေတ်ပေါ်ရောဂါ များလို့လည်း ပြောနိုင်တာပေါ့ဘုရား။ ဒီရောဂါများနဲ့ သေဆုံးကြရတဲ့သူများလည်း ကမ္ဘာတစ်ဝန်း များပြားလှပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဒီလိုရောဂါမျိုး ဘုရားရှင်လက်ထက်က ဖြစ်ဘူးခဲ့ပါသလားဘုရား။ ဒီထက်ဆိုးတဲ့ရောဂါမျိုးကော ရှိပါသလား၊ လောကမှာ အဆိုးဆုံးရောဂါဟာ ဘာရောဂါမျိုးလဲ ဆိုတာ သိချင်ပါတယ်ဘုရား။
မနွယ်နွယ်အေး
ရန်ကုန်

အဖြေ။ ။ဘုရားရှင်လက်ထက်တော်က ဒီကနေ့ခေတ်ပေါ်ရောဂါများ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာတော့ တပ်အပ်သေခြာ မပြောနိုင်ဘူး။ ဒါပေမဲ့ အနာမျိုး(၉၆)ပါးထဲမှာတော့ ပါကောင်း ပါဝင်နိုင်ပါတယ်။ ယခုခေတ်မှာ လူတို့ရဲ့ ဖန်တီးမှုကြောင့် ရောဂါအမျိုးစုံပေမဲ့လို့လည်း ဘုရားရှင်လက်ထက်က ရောဂါလောက် ကြောက်စရာမကောင်းသေးပါဘူး။ ဒီကြောက်စရာကောင်းတဲ့ ရောဂါရဲ့နာမည်က “ယင်းနာရောဂါ” လို့ ခေါ်တယ်။ ပါဠိလိုကတော့ (အ၀ိဟာတ)ရောဂါ လို့ ခေါ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဓမ္မပဒအဋ္ဌကထာ ကုမ္ဘဃောသက ၀တ္ထုမှာ လာတဲ့အတိုင်း ဖေါ်ပြပေးပါ့မယ်။
ဘုရားရှင်လက်ထက်တော်က ရာဇဂြိုလ်ပြည်မှာ ရာဇဂြိုလ်သူဌေးဆိုတာရှိခဲ့ဖူးတယ်။ တစ်နေ့ သူ့အိမ်မှာ ကူးစက်တတ်တဲ့ (အ၀ိဟာတ) ယင်းနာရောဂါတစ်မျိုး ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဒီရောဂါ ဖြစ်စတင် ဖြစ်ပေါ်တာက တိရစ္ဆာန်က စတာပါ။ သေးငယ်တဲ့ တရစ္ဆာန်ကနေ စတင်ဖြစ်ပွားပြီး ကူးစစ်လာတာ အကောင်ကြီးတဲ့ နွားများအထိ ကူးစက်လာပါတယ်။ နွားကနေတစ်ဆင့် လူတွေဆီမှာ ကူးစက်တော့တာပဲ။ (် ၀က်တုတ်ကွေးရောဂါလို) တိရစ္ထာန်ကနေ လူကို အကူးစက်ခံခဲ့ရတာပါ။ ဒီရောဂါ ကူးစက်ခံနေရပြီ ဆိုတာကို သိလိုက်တာနဲ့ တပြိုင်နက် ပြေးနိုင် ရှောင်နိုင်မှ လွတ်မှာပါ။ တကယ်လို့ မပြေးနိုင် မရှောင်နိင်တဲ့ လူအိုများမှာတော့ မကြာခင် အချိန်တွင်းမှာ ထိုရောဂါ အကူးစက်ခံရပြီး သေဆုံးကြရပါတော့တယ်။
အဲဒီမှာ ရောဂါအကူးစက်ခံရတော့ သူဌေးကြီးနဲ့သူဌေးကတော်ကြီးတို့က မပြေးနိုင်တော့ဘဲ မျက်ရည်ကျကာ “ ချစ်သား ..ဒီရောဂါဖြစ်ပြီဆိုရင် အိမ်နံရံကိုဖေါက်ပြီး ပြေးမှ အသက်ရှင်နိုင်ပါတယ်။ ချစ်သား ငါတို့ကို မငှဲ့ဘဲ ထွက်ပြေးပါတော့၊ နေရာတစ်ခုမှာ ချစ်သား အတွက် ငါတို့ ဥစ္စာများကို မြုပ်နှံထားခဲ့တယ်၊ ရောဂါကင်းရှင်းတဲ့အချိန်ကျမှ ဒီနေရာမှာ ပစ္စည်းများ ပြန်လာယူနော်၊ သားရေး ပြေးပေတော့” လို့ သားဖြစ်သူ ကုမ္ဘဃောသကကို ပြောတော့ သားဖြစ်သူကလည်း သေဘေးကို ကြောက်လှတဲ့အတွက် အမြန်ထွက်ပြေးနိုင်ခဲ့ပြီး အသက်ချမ်းသာရာရခဲ့ပါတယ်။
ဒါဟာ ဘုရားရှင်လက်ထက်က ကြောက်စရာအကောင်းဆုံး ယင်းနာ ရောဂါဆိုးကြီးပါ။ ဒါပေမဲ့ ယင်းနာရောဂါထက် ကြောက်စရာအကောင်းဆုံး ရောဂါတစ်ခုရှိပါသေးတယ်။
ဒီရောဂါဟာ ဘုရားရှင်နဲ့တကွ လူသားများအား နေ့စဉ်နဲ့အမျှ မပြတ် နှိပ်စက်နေတဲ့ မွေးရာပါ ရောဂါဆိုးကြီးဖြစ်တယ် လို့ ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ ဒါက “ဇိဃစ္ဆာ ပရမာ ရောဂါ” ဆာလောင်မွတ်သိပ်တဲ့ ရောဂါပါ။ လူ၊သတ္တ၀ါများဟာ နေ့စဉ်ဘယ်လောက်ပဲ အစာဖြည့်ပေးနေပေမဲ့ အချိန်တန်လို့မှ အစားရရင် ဆာနာရောဂါ ခံစားကြရပြန်ပါတယ်။ ခန္ဓာရရှိနေတဲ့ကာလပတ်လုံး ဆာနာရောဂါကြီးက နှိပ်စက်နေတော့တာပါ။ ဘုရားရှင်တောင်မှ ပြေးမလွတ်ပါဘူး။ အချိန်တန်ရင် သပိတ်ပိုက်ပြီး မြို့တွင်းရွာတွင်း ဆွမ်းခံကြွတော်မူရတာဟာလည်း ဒီ ဆာနာရောဂါကြောင့်ပဲ ဖြစ်ပါတယ်။
ဒါကြောင့်လောကမှာ အဆိုးဝါးဆုံးရောဂါကို ထောက်ပြပါဆိုရင် ဆာနာရောဂါ ပါပဲ လို့ အဖြေပေးလိုက်ပါရစေ။

Sunday, October 18, 2009

စာရိုက်ခြင်းဟာ ဘယ်ကံမြောက်ပါသလဲ

အမေး။ ။အရှင်ဘုရား….အွန်လိုင်းပေါ်ကနေ စာရိုက်ပြီး လူတစ်ယောက်ကို အပြစ်တစ်ခုခု ကျူးလွန်မိရင် ဘယ်ကံ မြောက်နိုင်ပါသလဲ။ လက်နဲ့ စာရိုက်ရတော့ ကာယကံလို့ ထင်မိပါတယ်ဘုရား။ တပည့်တော်အား ကာယကံ ဟုတ်မဟုတ် ဖြေကြားပေးစေလိုပါတယ်ဘုရား။
စုမြတ်စန္ဒီ
ဝါးခယ်မ

အဖြေ။ ။ အွန်လိုင်းပေါ် စာရိုက်တယ်ဆိုတာ စာပေရေးသားတာနဲ့ အတူတူပါပဲ။ ဒီပြဿနာမှာ စာရိုက်တာဟာ စုမြတ်စန္ဒီ ပြောသလို လက်နဲ့ စာရိုက်တဲ့အတွက် ကာယကံက အနည်းငယ်တော့ ပါပါတယ်။ ဒါပေမဲ့ “ဗာဟုလ္လ၀ုတ္တိတော” ၀စီဒွါရမှာ အများအားဖြင့် ဖြစ်တတ်တဲ့အတွက်အကြောင့် စာပေရေးသားခြင်းဟာ ၀စီဒွါရမှာ အများဆုံးဖြစ်တယ်လို့ ဖြေကြားပေးလိုက်ပါတယ်။
(သဂြိုလ်ဘာသာဋီကာ၊နှာ၊၃၇၇)

ဘာသာမဲ့သူများရဲ့ ဘ၀ရှေ့ရေး

အမေး။ ။အရှင်ဘုရား….. ဘယ်ဘာသာမှ ကိုးကွယ်မှု မရှိတဲ့ လူတစ်ယောက်အနေနဲ့ လက်ရှိဘ၀မှာရော တမလွန်ဘ၀မှာ ပါ ဘယ်လိုအခြေအနေမျိုး ဖြစ်လာနိုင်ပါသလဲဘုရား။
ရန်အောင်ဖြိုး
ရုရှား
အဖြေ။ ။ဘာသာမဲ့သူများအတွက် အနာဂတ်ဘ၀ ဘယ်လိုဖြစ်သွားမလဲဆိုရင် သူရဲ့ လုပ်ရပ် အခြေအနေအပေါ် မူတည်ပြီး ဖြစ်သွားနိုင်ပါတယ်။

ဆက်ပါအုံးမယ်။ လုပ်ရပ်ဆိုတာက ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံတို့ ဖြစ်ပါတယ်။ ကောင်းတဲ့ ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံများကြောင့် ဘ၀ကြီး သာယာ ဖြောင့်တန်းသွားနိုင်သလို၊ မကောင်းတဲ့ ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံတို့ကြောင့်လည်း ဘ၀ကြီး ခက်ထန်ကြမ်းတမ်း သွားနိုင်ပါတယ်။
ဆိုလိုတာက ဘာသာမဲ့သူဖြစ်စေ၊ ဘာသာရှိသူဖြစ်စေ ဘယ်လိုပဲ ဖြစ်ဖြစ် လူတစ်ယောက်ရဲ့ ဘ၀ကို အဆိုးအကောင်း ပြောင်းလဲပေးနိုင်တာက “ံကံတရား” ပဲ ဖြစ်ပါတယ်။ ရှင်းသွားအောင် ပြောပါအုံးမယ်။
ဒီအကြောင်းနဲ့ စပ်လို့ ဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူစဉ် ဘုရားရှင်ကပုဏ္ဏားတစ်ဦးကို “အသင်ပုဏ္ဏား….သင်ဟာ ဘယ်ခုနှစ်၊ ဘယ်ရက် ဘယ်အချိန်မှာ သေမယ်၊ သေတဲ့အခါ မျောက်ဖြစ်လိမ့်မယ်” ဆိုတာကို မိန့်တော်မူလိုက်ပါတယ်။ ပုဏ္ဏားက ဗုဒ္ဓဘာသာဝင်တစ်ယောက်မဟုတ်ပေမဲ့ ဘုရားရှင် မိန့်တော်မူတာဆိုရင် မှန်တာက များပါတယ်။ မှန်လည်းမှန်တယ် လို့ သူက ယုံကြည်ထားတယ်။
ဒါနဲ့ ပုဏ္ဏားဟာ သူသေပြီးမျောက်ဖြစ်တဲ့အခါ လွယ်လွယ်ကူကူ စားနိုင်အောင် လို့ဆိုကာ သူ့ရဲ့ဥယျာဉ်ထဲမှာ စားပင် သီးပင်တွေ စိုက်ပါတော့တယ်။ စတင်စိုက်ပျိုးတုန်းကတော့ မျောက်ဖြစ်ရင် စားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ခဲ့ပေမဲ့ အသီးများ သီးလာတဲ့အခါ ခရီးသွားဧည့်သည်တွေက အသီးများကိုတောင်းစားကြတဲ့အတွက် သူက ကြည်ကြည်ဖြူဖြူ ပေးခဲ့ တယ်။
သူဟာ ကံတရားကို အယုံအကြည်မရှိပေမဲ့ သူရဲ့လုပ်ရပ်က သူတစ်ပါးများအား ကြည်ဖြူစွာ သစ်သီးပေးလှူတဲ့ ကုသိုလ်တွေက သူ့သန္တာန်မှာဖြစ်မှန်းမသိဖြစ်နေတယ်။ ဒီလိုနဲ့ သေမဲ့ရက်ကို ရောက်လာတယ်ဆိုရင်ပဲ ပုဏ္ဏားကြီးဟာ သေချိန်ကိုပဲ စောင့် ကြည့်နေတယ်။ အချိန်သာကုန်သွားတယ် ပုဏ္ဏားကြီးဟာ မသေလိုက်ဘူး။
သူမသေတဲ့အကြောင်းကို ပုဏ္ဏားကြီးက ဘုရားရှင်ထံ သွားပြီး လျှောက်ထားပါတယ်။ ဒီအခါ ဘုရားရှင်က “အသင်ပုဏ္ဏား….မသေရတဲ့အကြောင်းအရင်းက သင် မျောက်ဖြစ်ရင်စားဖို့ဆိုပြီး စိုက်ထားတဲ့ အပင်များမှ အသီးများကို ခရီးသွားဧည့်သည်များအား ကြည်ကြည်ဖြူဖြူ ပေးလှူတဲ့ ကုသိုလ်ကံ တရားကြောင့် သင်ဟာ သေချိန်ရောက်သော်လည်း မသေခဲ့ပါ” လို့ ပုဏ္ဏားအား မိန့်တော်မူပါတယ်။
ဒါကြောင့် လူတစ်ယောက်ရဲ့ ဘ၀ရှေ့ရေး အဆိုးအကောင်းကို သူပြုခဲ့တဲ့ ကံတရား က အဆုံးအဖြစ်ပေးသွားမှာပါ။ စီမံပေးသွားမှာပါ လို့ ပြောရင်း ဒီအဖြေကို အဆုံးသတ်ပါတယ်။

Wednesday, October 14, 2009

'မိမိကိုယ်ကိုယ်အားကိုးပါ' က ဘုရားစကားတော်လား

အမေး။ ။ အရှင်ဘုရား……တပည့်တော် တခါတရံ တရားအားထုတ်ဖြစ်ပါတယ်ဘုရား။ ဘုရားရှင်က မိမိကိုယ်ကို အားကိုးပါ ဆိုတာကို တပည့်တော် မယုံဘူးဆိုတာ တပည့်တော်သိနေတယ်။ မိမိကိုယ်ကို အားကိုးပါ ဆိုတာ ဘုရားပြောတဲ့စကား ဟုတ်မဟုတ် ဆို တပည့်တော် အမြင် မရှင်းဘူးပါ။ ဒီအတွက် အဖြေပေးတော်မူပါ အရှင်ဘုရား…..။
ကိုမျိုး
(Dhammaransi.net) Australia

အဖြေ။ ။ အတ္တာဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရော သိယာ၊
အတ္တနာ ဟိ သုဒန္တေန၊ နာထံ လဘတိ ဒုလ္လဘံ။
ဘုရားရှင်က ကုမာရကဿပမထေရ်ရဲ့ မယ်တော် ဘိက္ခုနီမကို အကြောင်းပြုပြီးတော့ အထက်ပါတရားတော်ကို ဟောကြားတော်မူ ခဲ့ပါတယ်။ (ဓမ္မပဒအဋ္ဌကထာ၊ အတ္တ၀ဂ်၊ ကုမာရကဿပမာတုထေရီဝတ္တု) အဓိပ္ပါယ်က..
မိမိကိုယ်ကိုသာ မိမိုအားကိုးရာ ဖြစ်ပါတယ်။ သူတစ်ပါးဟာ မိမိရဲ့ အားကိုးရာ ဘယ်မှာဖြစ်နိုင်တော့မှာလဲ။ ကိုယ်ကိုယ်တိုင် ကောင်းစွာ ယဉ်ကျေးပြီး အလွန်ရခဲလှတဲ့ အားကိုးရာအစစ် (အရဟတ္တဖိုလ်)ကို ရနိုင်ပါတယ်။
ရှင်းအောင်ပြောရရင် လူတစ်ယောက်ဟာ သူ့ရဲ့စား ၀တ် နေရေး အတွက် သူကိုယ်တိုင် ရှာဖွေစားသောက်ရမှာ ဖြစ်သလို တစ်နေရာ ကို ကိုယ်တိုင် ရောက်ချင်တယ်ဆိုရင်လည်း ကိုယ့်ကိုယ်တိုင်က မသွားဘဲနဲ့ ဘယ်လိုမှ မရောက်နိုင်ပါဘူး။ ဒါက လောကသဘာဝ ထင်ရှားတဲ့ အကြောင်းအရာတွေပါ။ ဓမ္မရှုထောင့်က ပြောရင်တော့ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုဖို့အရေး ကိုယ့်ကိုယ်တိုင်သာ အားထုတ်မှ ရမှာပါ။ ကိုယ် နိဗ္ဗာန်ရဖို့အတွက် သူတစ်ပါး အားထုတ်ပေးလို့ ရတဲ့ အရာမျိုးလည်း မဟုတ်ပါဘူး။ဒါကို ဆိုလိုတာပါ။
တဖန်……တုမှေဟိ ကိစ္စမာတဗ္ဗံ၊ အက္ခာတာရေ တထာဂတာ၊
ပဋိပန္နာ ပမောက္ခ န္တိ ၊ ဈာယိနော မာရ ဗန္ဓနာ။
သင်ချစ်သားတို့ တရားအလုပ်ကို အားထုတ်ကြပါကုန်လော့၊ အားထုတ်ဖို့အချိန်တန်နေပါပြီ၊ ငါဘုရားတို့ကတော့ နည်းပေးညွန်ပြရုံသာ ညွန်ပြနိုင်ပါတယ်။ ဒို့များနည်းပေးညွန်ပြတဲ့အတိုင်း သင်တို့က အားထုတ်ကျမယ်ဆိုပါရင် ကိလေသာနှောင်အဖွဲ့မှာ လွတ်မြောက်ကြမှာပါ။ ဆိုတဲ့ စကားတော်အတိုင်း ဘုရားရှင်အလိုတော်က ကိုယ့်ကိုယ်တိုင်သာ အားကိုးပြီး ကြိုးစားအားထုတ်ကြဖို့ လိုလားတော်မူတယ်ဆိုတာကို သတိပြုမိဖို့ပါပဲ။

Tuesday, October 13, 2009

ဘုရားရှင်ရဲ့ မုဒြာ

အမေး။ ။မြတ်စွာဘုရား ထိုင်တော်မူနေတဲ့ ပုံတစ်ခုမှာ လက်တော်နှစ်ဘက်ကို ရင်ဘတ်အရှေ့မှာ ကြက်ခြေခတ်ပုံ ယှက်ထားတာကို တွေ့ရ ပါတယ်။ လက်ညိုးနှစ်ချောင်းနှင့် လက်သန်းနှစ်ချောင်းက အပေါ်ကို ဦးတည်ထားပြီး အလယ်နှစ်ချောင်းစီက ထိလျက် အောက်ကို ဦးတည်ထားတာ တွေ့ရပါတယ်။ အဲဒါ ဘာအဓိပ္ပါယ်လဲဆိုတာ သိပါရစေဘုရား
မောင်တိုးနန္ဒ
ဆစ်ဒနီမြို့

အဖြေ။ ။မောင်တိုးနန္ဒ မေးတဲ့ ဘုရားရှင်ရဲ့ မုဒြာပုံဟာ “ဘူတဒါမရမုဒြာ” လို့ခေါ်ပါတယ်။
လက်နှစ်ဘက်ကို ရင်ဘတ် ရှေ့တည့်တည့်လောက်မှာ ယှက်ထားပြီး လက်ဝါးများကို ပြင်ဘက်သို့ လှန်ပြထားတဲ့ လက်ဟန်မျိုး ဖြစ်ပါတယ်။ လက်ထဲတွင် တစ်စုံတစ်ရာ ကိုင်ဆောင်ထားခြင်း မရှိပါ။ တခါတရံ တခုခုကို ကိုင်ထားသော်လည်း အံ့သြထူးဆန်းတဲ့ အနက်သဘောကို ဆောင်နေပါတယ်။ ဒီမုဒြာကို ဆင်တူပြုထားတဲ့ အခြား တြိလောက ၀ိဇယမုဒြာလည်း ရှိပါသေးတယ်။
ဘူတဒါမရ မုဒြာဟာ အဗ္ဘုတရသ = အံ့သြဖွယ်ရသကိုဆောင်ပါတယ်။ ၀ီရရသ= ရဲရင့်ခြင်း၊ လုံ့လကြီးခြင်း၊ မြင့်မြတ်ခြင်းသဘောကို လည်း ဆောင်ပါတယ်။ ပညာပါရမီဆိုတဲ့ မြင့်မြတ်တဲ့အသိပညာ၊ ၀ီရိယပါရမီ ဆိုတဲ့ မြင့်မြတ်တဲ့ ကြိုးစားအားထုတ်မှု များကို ညွန်ပြထားတယ်ဆို တာ ဖြေကြားပေးလိုက်ပါတယ်။
(မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ မုဒြာများ၊ စပ်ထွန်းမှတ်ဝင်း)

သူများအတွက်လား ကိုယ့်အတွက်လား

အမေး။ ။အရှင်ဘုရား... အသက်ရှင်နေတာ ကိုယ့်အတွက်လား၊သူများအတွက်လား ကိုယ့်အတွက်ရော သူများအတွက်ရောလား ဆိုတာသိချင်ပါတယ်ဘုရား
သန်းသန်းအေး
ရန်ကုန်

အဖြေ။ ။ ဒီအတွေး ဒီအမေးဟာ လူငယ်အတော်များများ တွေးတတ်၊ မေးတတ်တဲ့အရာတစ်ခုပဲ။ အသက်ရှင်နေတာဟာ ကိုယ့်အတွက်ဖြစ်သလို သူများအတွက်လည်း ပါတယ်လို့ ဆိုရပါမယ်။ သူများအတွက်ဆိုတာက အများကောင်းကျိုးအတွက် အသက်ရှင်နေတာကို ပြောတာပါ၊ တခါက ဆရာတော်ကြီးတစ်ပါးကို ဒကာတစ်ဦးက “အရှင်ဘုရား…တရားကောအား ထုတ်ရဲ့လား” လို့ လျှောက်ထားတော့ ဆရာတော်က “ အေး…ဘုန်းကြီး တရားအားမထုတ်သေးဘူး ၊ တကယ်လို့ တရားအားထုတ်လို့ မတော်တဆ ရဟန္တာဖြစ်သွားရင် အခုလုပ်နေတဲ့ ဆေးရုံလုပ်ငန်း၊ ရေအလှူလုပ်ငန်း၊ တက္ကသိုလ်လုပ်ငန်းတွေကို ဘယ်သူမှ လုပ်တဲ့သူ ရှိမှာမဟုတ်ဘူး” ဆိုပီး ပြောခဲ့ပါသေးတယ်။ ဆရာတော်ဘုရားကြီးဟာ ပရဟိတ အများကောင်းကျိုးအတွက် အလုပ်လုပ်နေတယ်ဆိုပေမဲ့ သူ့အတွက်လည်း ရပီးသား ဖြစ်သွားပါတာပါ။
“အများအကျိုးဆောင် ကိုယ့်အကျိုးအောင်” ဆိုတဲ့ စကားအတိုင်းပေါ့။ ဒါကြောင့် အသက်ရှင်နေရတာဟာ သူများအကျိုးအတွက်လည်း ဖြစ်သလို ကိုယ့်အတွက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူတစ်ပါး အကျိုးအတွက်လည်းမပါ ကိုယ့်အတွက်လည်း မပါတဲ့ အသက်ရှင်ခြင်းမျိုးတော့ လုံးဝမဖြစ်သင့်ပါ။
အသက်ရှင်ခြင်းနဲ့ ပတ်သက်ပြီး ဓမ္မပဒအဋ္ဌကထာ၊ သဟဿဝဂ္ဂ မှာ ဘုရားရှင်ဟောတော်မူထားတာ ရှိပါတယ်။ လမ်းမှန်ရောက်ဖို့အတွက် ဖေါ်ပြပေးပါ့မယ်။
သံကိစ္စသာမဏေရ၀တ္ထု
အကြင်ပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်သီလမရှိ၊ တည်ကြည်မှုမရှိဘဲ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် သီလနဲ့ပြည့်စုံပြီး၊ တည်ကြည်မှု ဈာန်တရား ရှိတဲ့သူရဲ့ တစ်ရက်၊ တစ်ခဏမျှ အသက်ရှင်ရခြင်း က ပိုမြတ်ပါတယ်။
ခါဏုကောဏ္ဍညတ္ထေရ၀တ္ထု
အကြင်ပုဂ္ဂိုလ်ဟာ ပညာမရှိ၊တည်ကြည်မှုမရှိဘဲ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် ပညာရှိ၊ တည်ကြည်မှု ရှိတဲ့သူရဲ့ တစ်ရက်၊ တစ်ခဏမျှ အသက်ရှင်ရခြင်းက ပို မြတ်ပါတယ်။
သပ္ပဒါသတ္ထေရ၀တ္ထု
အကြင်ပုဂ္ဂိုလ်ဟာ ပျင်းရိသူဖြစ်ပြီး၊ ၀ီရိယမရှိဘဲ အနှစ်တစ်ရာ အသက်ရှင်ခြင်းထက်၊ ၀ီရိယတရားမြဲမြံခိုင်ခံ့သောသူရဲ့ တစ်ရက်၊တစ်ခဏမျှ အသက်ရှင်ရခြင်းက ပိုမြတ်ပါတယ်။
ပဋာစာရာ ထေရီဝတ္ထု
အကြင်ပုဂ္ဂိုလ်ဟာ ရုပ်နာမ်သဘောရဲ့ဖြစ်မှုပျက်မှုကို မသိမြင်ပါဘဲ အနှစ်တစ်ရာ အသက်ရှင်ခြင်းထက် ရုပ်နာမ်သဘောရဲ့ ဖြစ်မှုပျက်မှုကို သိမြင် သောသူရဲ့ တစ်ရက်၊တစ်ခဏမျှ အသက်ရှင်ရခြင်းကို ပိုမြတ်ပါတယ်။
ကိသာဂေါတမီဝတ္ထု
အကြင်ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်မမြင်ဘဲ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် နိဗ္ဗာန်မြင်သောသူရဲ့ တစ်ရက်၊တစ်ခဏမျှ အသက်ရှင်ရခြင်းက ပိုမြတ်ပါ တယ်။
ဗဟုပုတ္တိကာတ္ထေရီဝတ္ထု
အကြင်ပုဂ္ဂိုလ်ဟာ ဓမ္မကို မသိမြင်ဘဲ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက်၊ ဓမ္မကို သိမြင်ပြီးသူရဲ့ တစ်ရက် တစ်ခဏမျှ အသက်ရှင်ရခြင်းက ပိုမြတ်ပါတယ်။
အချူပ်ဆိုရရင် သီလ သမာဓိ ပညာ မရှိ နိဗ္ဗာန်မမြင်၊ ဓမ္မကို မသိမြင်တဲ့ပုဂ္ဂိုလ်ဟာ အနှစ်တစ်ရာ အသက်ရှင်သော်လည်း သူ့ရဲ့အသက်ရှင်ခြင်းဟာ အချည်းအနီး၊ အကျိုးမရှိပါ။
သီလ သမာဓိ ပညာ နဲ့ ပြည့်စုံအောင် ကျင့်နေတဲ့ပုဂ္ဂိုလ် နိဗ္ဗာန် မြင်တဲ့ပုဂ္ဂိုလ် မြင်အောင်ကျင့်နေတဲ့ပုဂ္ဂိုလ်၊ ဓမ္မကို သိမြင်ပြီးသူ သိမြင်မှု ပြည့်စုံအောင် ကျင့်သုံးနေသူများဟာ တစ်ရက် တစ်ခဏလောက် အသက်ရှင်ပေမဲ့ သူ့အတွက် အကျိုးရှိတဲ့အတွက် မြတ်သော အသက်ရှင်ခြင်း မျိုး ဖြစ်တယ်။
ဒီထက်နားလည်အောင် ပြောရရင် ကုသိုလ်နဲ့နေရင် အသက်ရှင်တာ မြတ်တယ်။ အကုသိုလ်နဲ့ အသက်ရှင်နေရင် မမြတ်ဘူး၊ လောကရှုထောင့်ကနေ ကြည့်ရင် အများအတွက်လည်းပါတယ်ဆိုပေမဲ့ ဓမ္မရှုထောင့်ကနေ ကြည့်ရင် ကိုယ့်အတွက်ချည်းပါ။

Monday, October 12, 2009

တရံတခါ သောက်တာ အပြစ်ရှိလား

အမေး။ ။အရှင်ဘုရား....ယောင်္ကျားလေး တစ်ယောက်အနေနဲ့ တစ်ခါ တစ်လေ သောက်တာ စားတာ အပြစ်ရှိပါသလား၊ မေတ္တာရှေ့ထားဖြေ ကြားပေးတော်မူပါဘုရား။
ပိုင်မင်းဦး
Usa

အဖြေ။ ။အရက်ကို တခါတရံသောက်တာ မိန်းခလေးမှ မဟုတ်ဘူး၊ ယောင်္ကျားလေးလည်း အပြစ်ရှိပါတယ်။ ဘာ့ကြောင့်ဆိုရင် ဘ၀အရည်အသွေးလို့ဆိုရတဲ့ ကိုယ်ကျင့်တရား ငါးပါးသီလထဲမှာ အရက်သေစား သောက်စားတဲ့ သုရာမေရယ သိက္ခာပုဒ် ရှိပါတယ်၊ အရက်သောက်ပြီဆိုရင် ကျန်တဲ့ သူတစ်ပါးအသက်သတ်တာ၊ သူဥစ္စာခိုးတာ၊ သူ့သားမယား လွန်ကျူးတာ၊ လိမ်ပြောတာ ဆိုတဲ့ သီလလေးပါးကို ကျူးလွန်ဖို့ ၀န်မလေးတတ်ကြပါဘူး၊ ငါးပါးသီလထဲမှာ အပြစ်အကြီးဆုံးဟာ အရက်သောက်ခြင်းပါပဲ။
တစ်ခါကစာရေးသူတို့ နေထိုင်တဲ့မြို့လေးမှာ ညဦးကာလ (၇)နာရီလောက် မြို့ထဲက စာရေးသူ ပြန်အလာ ဘီယာဆိုင်တစ်ဆိုင်ထဲက ထွက်လာကြတဲ့ လူတစ်သိုက်ကို ကြည့်လိုက်တော့ မယုံနိုင်စရာပါ၊ လူတစ်သိုက်ဟာ ဆယ်ကျော်သက် အမျိုးသမီးများ ဖြစ်နေလို့ပါပဲ။
ဆိုလိုတာက ယခုခေတ် အချို့လူငယ်များဟာ ကိုးရီးယားဇာတ်လမ်းတွဲတွေကြည့်ပြီး အတုမြင်အတတ်သင်နေကြတာပါ။ ဗုဒ္ဓဘာသာနိုင်ငံမှာ အဲလို မဖြစ်သင့်ပါဘူး၊ မဖြစ်အောင်လဲ မိမိကိုယ်ကို ထိန်းသိမ်းကြဖို့ အထူးလိုအပ်နေပါပြီ၊
ဒါကြောင့် ဗုဒ္ဓဘာသာနိုင်ငံမှာ မွေးဖွားတဲ့ ဗုဒ္ဓဘာသာဝင်များပီပီ ဘုရားဟောအဆုံးအမကို လိုက်နာပြီး ယဉ်ကျေးတဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်တစ်ယောက် ဖြစ်အောင် ကျင့်သုံးနေထိုင်သွားမယ်ဆိုပါက အကောင်းဆုံးဖြစ်တယ်။ လိုရင်းပြောရင် အရက်သောက်တာဟာ တရံတခါပဲသောက်သောက် အမြဲပဲသောက်သောက် အပြစ်ရှိပါတယ်။

သိမ်အကြောင်း တစေ့တစောင်း

အမေး။ ။အရှင်ဘုရား….သိမ်နဲ့ပတ်သက်ပြီး မေးချင်ပါတယ်ဘုရား။
သိမ် ဘယ်နှစ်မျိုး ရှိပါသလဲဘုရား။ ဘာလို့ သိမ်ကွဲပြားတာလဲ၊ ခဏ္ဍသိမ်ဆိုတာ ဘာကိုခေါ်တာလဲဘုရား၊ ဘယ်သိမ်က ဘယ်လိုအာနိသင် ရှိပါလဲ၊ သိမ်ဝင်အပ်၊ ချည်တွေက ဘယ်လိုများ စွမ်းပါသလဲဆိုတာ ရှင်းပြပေးပါဘုရား။ သိမ်သမုတ်မယ်ဆိုရင် သာသနာရေးဦးစီးဌာန ခွင့်ပြုစာ မြေစာရင်း ဦးစီးဌာနတွေလည်း ပါရတယ်ဆိုတာ ကြားမိပါတယ်ဘုရား၊ ဒါနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ရှင်းပြပေးတော်မူပါဘုရား။
ခွန်မြလှိုင်
ချင်းမိုင်(ဇင်းမယ်)

အဖြေ။ ။ သိမ်အမျိုးအစားက အကျဉ်းအားဖြင့် နှစ်မျိုး ရှိတယ်။ ၄ ပါး၊ ၄ ပါးထက်များတဲ့ ရဟန်းတော်များ စုပေါင်းကာ ဥတ်ကမ္မ၀ါစာဖတ်ပြီး သမုတ်ရသောသိမ်နှင့် ဥတ်ကမ္မ၀ါစာမဖတ်ဘဲ အလိုလို ဖြစ်သော သိမ်တို့ ဖြစ်ကြပါတယ်။
ဒီနှစ်မျိုးမှာ ပဌမအမျိုးအစားက ဥတ်ကမ္မ၀ါစာဖတ်ပြီး သမုတ်ရတဲ့သိမ်ကို ဗဒ္ဓသိမ် လို့ခေါ်ပြီး၊ ဒုတိယအမျိုးအစားက ဥတ်ကမ္မ၀ါစာ မပါဘဲ ဖြစ်တဲ့သိမ်ကိုတော့ အဗဒ္ဓသိမ် လို့ခေါ်ပါတယ်။
၎င်း နှစ်မျိုးအနက် ဗဒ္ဓသိမ်မှာ (၁)ခဏ္ဍသိမ် ၊ (၂) သမာနသံဝါသကသိမ်၊ (၃)အ၀ိပ္ပ၀ါသသိမ် လို့ သုံးမျိုး ကွဲပြီး၊ အဗဒ္ဓသိမ်မှာလည်း (၁)ဂါမသိမ်၊ (၂)ဥဒကုက္ခေပသိမ်(ရေသိမ်) (၃)သတ္တဗ္ဘန္တရသိမ် လို့ သုံးမျိုး ကွဲပါတယ်။
ဗဒ္ဓသိမ်နဲ့ပတ်သက်ပြီး မဟာသိမ်ဆိုတာလည်း ရှိပါသေးတယ်။
ဖေါ်ပြပါ ဗဒ္ဓသိမ်များဟာ မြေကြီးပေါ်မှာ သမုတ်တဲ့သိမ်များဖြစ်ပါတယ်။ ဒါပေမဲ့ မြေကြီးပေါ်မှာ သမုတ်မှသာ သိမ်ဖြစ်တာမဟုတ်၊ ကျောက်ဖျာစတဲ့ နေရာတွေမှာ သုမတ်ရင်လည်း သိမ် ဖြစ်ကြပါတယ်။ ဒါကြောင့် သိမ်သမုတ်နေရာကို အစွဲပြုပြီး သိမ်အမျိုးမျိုး ကွဲပြားရပြန်ပါ တယ်။ ဒါတွေက… (၁) ကျောက်ဖျာပေါ်မှာ သမုတ်အပ်သောသိမ်။ (၂)ကျောင်းငယ်မှာ သမုတ်အပ်သောသိမ်။ (၃)လိုဏ်မှာ သမုတ်အပ်သော သိမ်။ (၄)ပြာသာဒ်မှာ သမုတ်အပ်သောသိမ်၊ (၅)တောင်ထိပ်မှာ သမုတ်အပ်သောသိမ် ရယ်လို့ သိမ် ငါးမျိုး ကွဲပြန်ပါတယ်။
မြစ်ကို လွမ်းကျော်ပြီး(ငုံပြီး) ဟိုဖက်ကမ်း ဒီဖက်ကမ်း နှစ်ဖက်စလုံးကို အတွင်းပြုပြီး သမုတ်အပ်တဲ့ သိမ်မျိုးကို နဒီပါရသိမ် လို့ ဆိုပါတယ်။
အစိုးရပိုင်း၊ အစိုးရပိုင်းမှ အာဏာပါဝါရှိတဲ့ ဌာနဆိုင်ရာတို့မှ ခွင့်ပြုချက်ရမှသာ သမုတ် လို့ရတဲ့ သိမ်ကတော့ သီးခြားရွာလို့ အဓိပ္ပါယ်ရတဲ့ ‘၀ိသုံဂါမ’ သိမ် ဖြစ်ပါတယ်။
ခဏ္ဍသိမ် ရဲ့ အဓိပ္ပါယ်ကို ပြောပါအုံးမယ်။ ခဏ္ဍ ဆိုတာ ပိုင်းဖြတ်ခြင်း အနက်ကို ဟောပါတယ်။ ဆိုလိုတာက မဟာသိမ်အပိုင်းအခြား အတွင်းမှာ သမုတ်ရတဲ့ သီးခြားသိမ်တစ်မျိုးဖြစ်ပါတယ်။ နားလည်အောင်ပြောရရင် ယနေ့ခေတ် ရဟန်းခံစတဲ့ ကံဆောင်နေကြတဲ့ သိမ်ဟာ အများအားဖြင့် ‘ခဏ္ဍသိမ်’များ ဖြစ်ပါတယ်။
သိမ်အမျိုးအစားများကွဲပြားခြင်းရဲ့အကြောင်းကို ဖြေရရင် ရှုပ်ထွေးလွန်းပါတယ်၊ ဖြေရရင်လဲ စာအုပ် တစ်အုပ်လောက် ဖြစ်နိုင်ဖွယ်ရှိပါတယ်။ ဒါကြောင့် သိမ်အကြောင်းစာအုပ်များ ကို ရှာဖွေဖတ်ရှုရင် အကောင်းဆုံးပါလို့ အကြံပေးပါရစေ။
သိမ်ရဲ့အာနိသင်အစွမ်းသတ္တိကို ပြောရရင် သိမ်ဆိုတာ ဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ကမ္မ၀ါစာနဲ့ သမုတ်ထားတဲ့အတွက် သိမ်ဝင်ပစ္စည်းများဟာ ယုံကြည်ရင် ယုံကြည်သလောက် အန္တရာယ်ကင်းခြင်းစတဲ့ အကျိုးအာနိသင်ရှိပါတယ်။ ဒါပေမဲ့ ဘုရားရှင်က သိမ်ဝင်ပစ္စည်းများ ဘာအာနိသင်ရှိတယ်၊ ဘယ်သိမ်က ဘယ်လိုစွမ်းတယ်ဆိုတာ မဟောကြားခဲ့ပါဘူး။ တစ်ခုတော့ရှိတယ်။
မင်းတုန်းမင်းလက်ထက် ဘုရင်ကြီးက ဗန်းမော်ဆရာတော်ကြီးအား ပြည်နင်ဒဏ်ပေးတဲ့အခါ ဗန်းမော်ဆရာတော်ကြီးက တစ်ခြားမသွားဘဲ၊ သိမ်ထဲမှာ ၀င်နေလိုက်ပါတယ်။ ဒါ့အတွက် ဗန်းမော်ဆရာတော်ကြီးအား ဘယ်သူမှ ဖမ်းလို့ မရတော့ပါ။ သိမ်ဆိုတာက ဘုရားရှင်အာဏာစက်ပြုထားတဲ့ သီးခြား နယ်မြေတစ်ခု ဖြစ်နေတာလည်း ပါပါတယ်။
သိမ်လှူတဲ့အကျိုးတရားက ဘုရားမှာစိန်၊ သင်္ကန်းမှာကထိန်၊ ကျောင်းမှာ သိမ် လို့ ဆိုထားပါတယ်။ ကျောင်းအလှူများအနက် သိမ်အလှူဟာ အမြတ်ဆုံးလို့ ပြောပါတယ်။ ကျောင်းလှူတဲ့သူဟာ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ ချမ်းသာခြင်း၊ မျက်စိအားကောင်းခြင်း အကျိုးတရား လေးပါးစလုံးကိုရနိုင်ပါတယ်။ သိမ်အလှူကျတော့ ဒီအကျိုးလေးမျိုးအပြင် ဘုရားသားတော်များဖြစ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ရဟန်ဖြစ်ဖို့အတွက် သိမ်မရှိရင်မဖြစ်ဘူး။ ဒါကြောင့် ကျောင်းအလှူမှာ သိမ်အလှူဟာ အမြတ်ဆုံးဖြစ်တယ်ဆိုတဲ့အကြောင်း ဖြေကြားပေးလိုက်ပါတယ်။

Sunday, October 11, 2009

(2009) ကထိန်အလှူပွဲ ဆင်နွဲခဲ့ပြီ။

ဈေးဝယ်သွားကြစို့
၁၁.၁၀.၂၀၀၉ သီတင်းကျွတ်လပြည့်ကျော်(၈)ရက်….
ကိုရွှေမိုးဟာ နံနက် (၄)နာရီ လောက်ကတည်းက အငြိုးကြီးစွာ သဲကြီးမဲကြီး ရွာချနေပါတော့တယ်။ မနက်လင်းရင် ကထိန်အလှူပွဲကို လူတွေ လာပဲလာနိုင်ကြတော့မလား လို့ တွေးနေမိပါသေးတယ်။ နံနက်စောစော ၇ နာရီတိုင်အောင် မိုးမတိတ်သေး၊ နောက်ပိုင်းမှာ မိုးစဲသွားတော့တယ်။ အဲဒီအခါကျမှ လူတွေ ကထိန်သင်္ကန်း၊ပရိက္ခရာ ကိုယ်စီကိုင်ကာ တဖွဲဖွဲ ရောက်ရှိလာကြပါတယ်။
နံနက် ၉း၃၀ နာရီခန့် ကထိန်သင်္ကန်းကပ်ရန်နဲ့ တရားချီးမြှင့်ပေးရန် လာရောက်လျှောက်ထားတော့မှ ဓမ္မ၀ိဟာရ ဓမ္မာရုံသို့ လာခဲ့ပါတယ်။ သတိရလို့ ပြောချင်ပါသေးတယ်။ (ကထိန်မှတ်တမ်းဓါတ်ပုံများကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။)
ကျောင်းတွင် ကထိန်ပွဲကျင်းပလာခဲ့တာဟာ (၂၄)ကြိမ်တိတိရှိခဲ့ပါပြီ။ နှစ်တိုင်းဆိုသလို ဘုံကထိန်ပဲ ကျင်းပခဲ့တာများပါတယ်။ ခုနှစ်ရက်သားသမီးအားလုံး ကုသိုလ်ရစေချင်တဲ့ စေတနာလည်းပါတာပေါ့။ ဒါကြောင့် ကျောင်းရဲ့ အကျိုးတော်ဆောင်များဟာ ကထိန်ပွဲ မပြုလုပ်မီ တစ်ပါတ်ခန့်အလို မြို့တွင်း ရပ်ကွက်အလိုက် အပင်ပမ်းခံကာ အလှူခံထွက်ခဲ့ကြပါတယ်။ ဒိလိုအပင်ပမ်းခံပီး အလှူခံထွက်တာဟာလဲ ခုနှစ်ရက်သားသမီးများ ကုသိုလ်ပါဝင်ခွင့်ရဖို့အတွက် ရည်ရွယ်ကြတယ်။ ဒါကြောင့် နှစ်စဉ်နှစ်တိုင်း မဟာဘုံကထိန် အလှူပဲ ကျင်းပခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ဒကာတစ်ဦးဟာ ကထိန်အလှူပွဲ ပြုလုပ်ချင်ပါတယ်၊ဧည့်သည် (၂၀၀၀)ခန့်ဖိတ်ချင်ကြောင်း ကထိန်ခင်းဖို့ ကျောင်းတွေလိုက်ကြည့်တာ အဆင်မပြေ ဒီတစ်ကျောင်းပဲ အဆင်ပြေတာ မြင်ရပါတယ်၊ ကထိန်အလှူပွဲ ပြုလုပ်တဲ့အခါ တစ်ခြား ခုနှစ်ရက်သားသမီးများက လာရောက်လှူကြတာကို သူတို့က လက်မခံလို၊ သူတို့မိသားစု နာမည်ခံပြီး ပြုလုပ်ချင်ကြောင်း လာရောက်လျှောက်ထားပါတယ်။
စာရေးသူက ကျောင်းမှာ နှစ်တိုင်း အများပေါင်းစု ကုသိုလ်ရတဲ့ ဘုံကထိန်ပဲကျင်းပလေ့ရှိကြောင်း၊ တကယ်လို့ ခုနှစ်ရက်သားသမီးများ လှူတာ လက်မခံနိုင်ဘူးဆိုရင် ကျောင်းဒကာများကလည်း လက်ခံမှာ မဟုတ်ကြောင်း ပြောပြီး၊ တစ်ဦးတည်း အလှူအတွက် ငြင်းပယ်လိုက်ပါတယ်။
(၂၄)ကြိမ်မြောက် မဟာဘုံကထိန်အလှူပွဲမှာ တရားပွဲကြီးစတင်ပါပြီ…….
ယနေ့ အေးရိပ်ချောင်မဟာစည်သာသနာ့ရိပ်သာမှာ ပုရိမ၀ါကပ်တော်မူကြတဲ့ သံဃာတော်များအား ကထိန်လျာ သင်္ကန်း ဆက်ကပ်လှူဒါန်းကြပါတယ်။ ဒီနှစ်ကထိန်ဟာ ယခင်နှစ်များလိုပါပဲ ခုနှစ်ရက်သားသမီးများအားလုံး ပါဝင်ကြတဲ့ ဘုံကထိန်အလှူဖြစ်တဲ့အတွက် ရောက်လာတဲ့ ပရိသတ်အားလုံးနဲ့ဆိုတာပါ။ ဒါကြောင့် ဒီနေ့ မဟာဘုံကထိန် အလှူပွဲဟာဟာ အခုရောက်လာတဲ့ ပရိသတ်အားလုံးရဲ့ ကထိန်ပွဲကြီးပါ။
ဒီနေ့ လာရောက်ကြတဲ့ ပရိသတ်များဟာ ဈေးသူဈေးသားများ အများဆုံးပါဝင်ကြတဲ့အတွက် လိုက်ဖက်အောင် တရားတော်ရဲ့နာမယ်ကို “ဈေးဝယ်သွားကြစို့” ဆိုတဲ့ နာမယ်ပေးထားပါတယ်။
ဒို့ဗမာနိုင်ငံမှာ ဈေးရုံတွေအများကြီး ရှိကြတယ်။ ကောင်းတဲ့ ဈေးရုံ ညံ့တဲ့ဈေးရုံ စုံလို့ပါပဲ၊ ရန်ကုန်မှာဆိုရင် စူပါမာ့ကက်တောင်ရှိလိုက်သေးတယ်။ အခုဆိုရင် စူပါမာ့ကက်ထက် ပိုပြီး အဆင့်အတန်းမြင့်တဲ့ ‘ဟိုက်ပါမာ့’ ဆိုတာ ပေါ်လာသေးတယ်။ နောင်လည်း ဒီထက် အဆင့်မြင့်တဲ့ ဈေးရုံတွေ ပေါ်လာကြအုံးမှာပါ။ အခုဦးဇင်းပြောမဲ့ ဈေးရုံကြီးက ဟိုက်ပါမာ့ထက် အများကြီးသာတဲ့အပြင် တုနှိုင်းလို့ မမီနိုင်တဲ့ ဈေးရုံကြီး ဖြစ်ပါတယ်။ လောကရှိတဲ့ ဈေးရုံကြီးတွေက တန်ဖိုး အားဖြင့် သတ်မှတ်လို့ရပါသေးတယ်။ တုနှိုင်းမမီ ဈေးရုံကြီးကတော့ ဘယ်သောအခါမှ တန်ဖိုးဖြတ်လို့ ရနိုင်မယ် မထင်ပါဘူး။
တုနှိုင်းမမီ ဈေးရုံကြီးက ဘယ်မှာလဲဆိုရင် ဝေးဝေးကြည့်နေစရာမလိုပါဘူး၊ ပရိသတ်များ နေထိုင်တဲ့ ဗမာပြည်မှာပါ။ ဈေးရုံနာမယ်က သာသနာ့ဈေးရုံ လို့ခေါ်ပြီး၊ ပိုင်ရှင်က မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဖြစ်ပါတယ်။
ယနေ့ ဒို့ပရိသတ်များ ကျောင်းကို ဘာလာလုပ်ကြတာလဲဆိုရင် သာသနာ့ဈေးရုံကြီးမှာ ဈေးလာဝယ်နေကြတာပါ။ ပကတိဈေးရုံကြီးမှာ ကုန်ပစ္စည်းအမျိုးမျိုး တင်ထားကြပါတယ်။ ဒီလိုပါပဲ သာသနာ့ဈေးရုံကြီးမှာလည်း အသက်ရှည်ခြင်းဆိုတဲ့ ကုန်ပစ္စည်းတွေ၊ အဆင်းလှခြင်းဆိုတဲ့ ကုန်ပစ္စည်းတွေ၊ ချမ်းသာခြင်းဆိုတဲ့ ကုန်ပစ္စည်းတွေ၊ မျက်စိအားကောင်းခြင်း ဆိုတဲ့ ကုန်ပစ္စည်းတွေကို တင်ထားပါတယ်။ ပရိသတ်များက လိုချင်တယ် ၀ယ်ချင်တယ်ဆိုရင် သာသနာ့ဈေးရုံလာပြီး ၀ယ်လိုက်ရုံပါပဲ။ ၀ယ်တဲ့အခါ ဈေးဝယ်သလို ပိုက်ဆံပေးပြီး ၀ယ်လို့ မရပါဘူး။ ကဲ ဒါဖြင့် ဘာနဲ့ပေးဝယ်မလဲ…………………?
(ခ)
တစ်ခါက တာဝတိံသာနတ်ပြည်မှာ မကြာခဏဆိုသလို နတ်များ meeting ထိုင်ကြပါတယ်။ နတ်အစည်းအဝေးပွဲကြီးပေါ့။ ပါဠိလိုကတော့ ‘ဒေ၀တာသဘာ’ လို့ ခေါ်ကြပါတယ်။ နတ်အစည်းဝေးပွဲကြီးကို နတ်ပြည်ခြောက်ထပ်မှာရှိတဲ့ နတ်တွေ လာလိုက်ကြတာ မရေမတွက်နိုင်အောင်ပဲ။ အဲဒီအထဲမှာ ရောဟိဏီဆိုတဲ့ အမျိုးသမီးလည်း မကြာခင်မှာ ရောက်လာတယ်။ နတ်သားတွေရဲ့ မျက်စိက ရောဟိဏီမှာ ချည်းပဲပေါ့။ ဘာကြောင့်ဆိုရင် ရောဟိဏီက အလွန်တရာချောမောလှပနေလို့ပါပဲ၊ အဲဒီမှာ နတ်တွေက “ဒီနတ်သမီး ဘာ့ကြောင့် ဒီလောက်လှတာပါလိမ့်” နတ်များရဲ့ရင်ထဲ ပြဿနာတစ်ခု ဖြစ်ပေါ်ကြတယ်။
နောက်တစ်ခါ နတ်သားတစ်ဦးဟာ သိန္ဓောမြင်း တစ်ထောင်ကတဲ့ နတ်ရထားစီးပြီး နတ်သဘင်ပွဲသို့ ရောက်လာတယ်၊ အနီးရောက်တော့ အခြားနတ်များ တိုက်မိမှာစိုးတဲ့အတွက် လက်တစ်ဖက်နဲ့ တွန်းလိုက်တာ၊ သိန္ဓေမြင်း တစ်ထောင် ဖင်ထိုင်လဲကျသွားပါတယ်။ “သန္ဓောမြင်းတစ်ထောင်နဲ့တောင်လာတာဆိုတော့ ချမ်းသာလိုက်တာ၊ ဘာ့ကြောင့် ဒီလောက်ချမ်းသာရတာလဲ” လို့ နတ်တွေရဲ့ ရင်ထဲ ပြဿာနာတစ်ခု ဖြစ်ပြန်တယ်။ တဆက်တည်းမှာ “လက်တစ်ဖက်တည်းနဲ့ တွန်းလိုက်တာ သိန္ဓောမြင်းတစ်ထောင် ဖင်ထိုင်လဲကျသွားရလောက်အောင် ခွန်အားကြီးတာ အံ့ရော၊ ဘာ့ကြောင့်များ ဒီလောက်ခွန်အား ကြီးရတာလဲ” ဆိုပြီး ပြဿနာတစ်ခုပေါ်ပြန် တယ်။
တစ်ခါ သိကြားမင်းက နတ်သဘင်ပွဲ ရောက်လာကြတဲ့ နတ်အရေအတွက်ကို နတ်သားတစ်ဦးအား ရေတွက်ခိုင်းတယ်။ နတ်သဘင်လာကြတဲ့ နတ်တွေဟာ နတ်ပြည်(၆)ထပ်ကဆိုတော့ မရေမတွက်နိုင်အောင်များပါတယ်။ ဒီလောက်များပြားလှတဲ့ နတ်တွေကို နတ်သားက တစ်ခဏချင်းမှာ အတိအကျ ရေတွက်ပြလိုက်နိုင်တယ်။ ဒါကိုပဲ နတ်အများက “ဒီနတ်သားက ဘာ့ကြောင့်များ ဒီလောက် ရေတွက်နိုင်ရတာလဲ၊ ဘာနဲ့ရေတွက်လိုက်တာလဲ အံ့ရော” ဒါလဲပဲ ပြဿနာတစ်ခုအနေနဲ့ နတ်တို့ရဲ့ ရင်ထဲ တွေးစရာဖြစ်ခဲ့ပါတယ်။
အမှန်က နတ်အရေအတွက်ကို တစ်ခဏချင်းမှာ ရေတွက်ပြနိုင်တာဟာ ဒိဗ္ဗစက္ခု ဆိုတဲ့ နတ်တို့ရဲ့ မျက်စိကြောင့်ပဲ ဖြစ်ပါတယ်။ ဒီခေတ်ကြီးဟာ အိုင်တီခေတ်ကြီးဆိုတော့ ကွန်ပျူတာအကြောင်းလေး နဲနဲထည့်ပြောမယ်။ ပရိသတ်များလည်း သိမှာပါ။ ကွန်ပျူတာမှာ သူရဲ့ သိုမှီးနိုင်တဲ့ capacities ရှိတယ်၊ ဟာ့ဒစ်မှာ capacities များရင်များသလောက် သိုမှီးနိုင်တယ်။ ဒီထက်ပိုပြီး မသိုမှီးထားနိုင်သလို မှတ်ဥာဏ်လည်း သူ့အတိုင်းအတာ တစ်ခုအထိပဲ ရမှာပါ။
ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ တုန်းက ကမ္ဘာမှာတောင်မဟုတ် စက်ြဝဠာ စူပါကွန်ပျူတာကြီး တစ်ခု ပေါ်ခဲ့ဖူးပါတယ်။ အဲဒါက ဒိဗ္ဗစက္ခု အဘိညာဉ် ဖြစ်ပါတယ်။ အလိုရှိရင် အလိုရှိသလို သိုမှီးနိုင် မှတ်နိုင်တဲ့အပြင် မြင်လည်းမြင်နိုင်ပါတယ်။ ယနေ့ခေတ်ကွန်ပျူတာကတော့ တစ်ချိန်ကျရင် ပျက်သွားနိုင်တယ်၊ ဒါပေမဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ကတော့ ဘယ်တော့မှ မပျက်နိုင်ပါဘူး။ အသက်မသေသ၍ သုံးသွားနိုင်ပါတယ်။ ပြောရင်း ဘယ်ရောက်သွားပါလိမ့်…..
နတ်တို့ရဲ့ ရင်တွင်း အမေးပြဿနာ လေးမျိုးနော်၊ တစ်နေ့တော့ အမည်မထင်ရှားတဲ့ နတ်သားတစ်ယောက်၊ အမည်မထင်ရှားတဲ့ အညတြ ဆိုပေမဲ့ သာမာန်နတ်သားယောင်ဆောင်လာတာ၊ တကယ်က ဒီနတ်သားဟာ သိကြားမင်းပါ။ ဘုရားရှင်ထံ ညသန်းခေါင်ယံ အချိန်မှာ ရောက်လာကြပြီး မတင်မကျဖြစ်နေတဲ့ ပြဿနာလေးရပ်ကို မေးပါတယ်။
“မြတ်စွာဘုရား….ခွန်အားကြီးချင်တယ်ဆိုရင် ဘာလုပ်ရမှာလဲဘုရား၊
အဆင်းလှချင်ရင် ဘာလုပ်ရမှာလဲဘုရား၊
ချမ်းသာချင်ရင် ဘာလုပ်ရမှာလဲဘုရား၊
မျက်စိအားကောင်းချင်တယ်ဆိုရင် ဘာလုပ်ရမှာလဲဘုရား” ဆိုပြီး ပြဿနာလေးရပ်ကို မေးမြန်းလျှောက်ထားပါတယ်။ ပီးတော့ နောက်တစ်ခု ထပ်မေးလိုက်ပြန်တယ်။ “မြတ်စွာဘုရား….. ပြဿနာလေးရပ်စလုံးကို တပြိုင်နက်ထဲလိုချင်တယ်ဆိုရင် ဘာလုပ်ရမှာလဲဘုရား”၊ ဒီနောက်ဆုံး အမေးအရဆိုရင်တော့ သိကြားမင်းဟာ လောဘတကြီးနဲ့ မေးတယ်ဆိုတာ ထင်ရှားနေတယ်။
ဘုရားရှင်က “အို….နတ်သား…..ခွန်အားကြီးတဲ့ ကုန်ပစ္စည်းကို ၀ယ်ချင်တယ်ဆိုရင် ဆွမ်းအစာအဟာရ လှူဒါန်းခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုနဲ့ ၀ယ်ရတယ်” လို့ ပထမဖြေတော်မူပါတယ်။ ဆွမ်းအဟာရဟာ လူတို့အတွက် ခွန်အားကို ဖြစ်စေပါတယ်။ ဒါကြောင့် ဆွမ်း အဟာရလှူတဲ့သူမှာ ခွန်အားကြီးခြင်းဆိုတဲ့ အကျိုးရပါတယ်။ ပရိသတ်များက ခွန်းအားဗလကြီးခြင်းဆိုတဲ့ ကုန်ပစ္စည်းကို လက်ဝယ်ပိုင်ဆိုင်ရုံမျှ မကျေနပ်နေကြပါနဲ့၊ ခွန်အားဆိုတာလဲ ကာယအား၊ဥာဏအားဆိုပြီးနှစ်မျိုးရှိတယ်၊ ကာယအားအပြင် ဥာဏအားလည်းရှိအောင် ကျင့်သုံးဖို့လိုပါသေးတယ်ဆိုတာ သတိထားရပါ့မယ်။
ဒုတိယဘုရားရှင်က “ အဆင်းလှခြင်း ဆိုတဲ့ ကုန်ပစ္စည်းကို ၀ယ်ချင်တယ်ဆိုရင် အ၀တ်အထည်၊သင်္ကန်းလှူဒါန်းခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုနဲ့ ၀ယ်ရတယ်” လို့ ဖြေတော်မူပါတယ်။ ပရိသတ်များ အ၀တ်အထည်၊သင်္ကန်းလှူခြင်းဆိုတဲ့ အဆင်းလှတဲ့ ကုန်ပစ္စည်းကို ပိုင်ဆိုင်ရပြီဆိုပါစို့၊ ဒီလိုပိုင်ဆိုင်ရုံ အဆင်းလှရုံနဲ့ မကျေနပ်နေကြနဲ့၊ ရုပ်အဆင်းလှပီးတဲ့အပြင် စိတ်လှဖို့အတွက်လည်း လိုပါသေးတယ်ဆိုတာ သိထားစေချင်တယ်။ “ဒါဖြင့် စိတ်လှအောင် ဘယ်လိုလုပ်ကြမလဲ……?” မေးတော့ ပရိသတ်ထဲမှ အသံမထွက်လာပါ။ ပရိသတ်များ ..စိတ်လှချင်တယ်ဆိုရင် စိတ်အလုပ်လုပ်ရမှာပေါ့။ စိတ်အလုပ်ဆိုတာ ဘာဝနာတစ်မျိုးမျိုးကျင့်သုံးနေတာကိုခေါ်တာပါ။ ဘာဝနာတစ်ခုခုကို ပွားနေတယ်ဆိုရင် ကြာလာတော့ စိတ်တည်ငြိမ်လာပါမယ်။ စိတ်တည်ငြိမ်လာပီဆိုရင် လောဘ၊ဒေါသစတာတွေ နည်းလာမယ်။ ဒါကိုပဲ စိတ်သန့်ရှင်းတယ်၊စိတ်လှတယ်လို့ပဲ ခေါ်ကြတယ်။ ဆိုလိုတာက ပရိသတ်များ ရုပ်ရော စိတ်ပါ လှဖို့လိုတာပါ။
တတိယပြဿနာကို ဘုရားရှင်က “ ချမ်းသာခြင်းဆိုတဲ့ ကုန်ပစ္စည်းကို ၀ယ်ချင်ကြတယ်ဆိုရင် ယဉ် လှူဒါန်းခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုနဲ့ ပေးဝယ်ရပါတယ်” လို့ ဖြေတော်မူပါတယ်။ ယဉ်ဆိုတာ တစ်စီးလုံးဝယ်နိုင်မှ ယဉ်အလှူလို့မခေါ်ပါ၊ ကားဆိုရင်လည်း ကားလက်မှတ်၊ ရထားလက်မှတ်၊လေယာဉ်လက်မှတ်၊ ဖိနပ်စတာတွေကို လှူရင်လည်း ယဉ်အလှူပါပဲ၊ လက်မှတ်များ၊ ဖိနပ်များ လှူတယ်ဆိုရင် အလှူခံပုဂ္ဂိုလ်များမှာ ချမ်းချမ်းသာသာ သွားလာရတယ်၊ ဒါကြောင့် ယဉ်လှူတဲ့သူမှာ ချမ်းသာခြင်းဆိုတဲ့ အကျိုးရရှိပါမယ်။
ချမ်းသာတဲ့နေရာမှာလည်း ကိုယ်ချမ်းသာခြင်းနဲ့ စိတ်ချမ်းသာခြင်း (၂)မျိုးရှိတယ်။ ကိုယ်ချမ်းသာရုံနဲ့ မကျေနပ်နေကြဘဲ၊ စိတ်ချမ်းသာအောင် စိတ်အလုပ်ကို လုပ်ကြဖို့လိုတာပါ။
စတုတ္ထပြဿနာကို ဘုရားရှင်က “ မျက်စိအားကောင်းခြင်းဆိုတဲ့ ကုန်ပစ္စည်းကို ၀ယ်ချင်တယ်ဆိုရင် ဆီမီးလှူဒါန်းခြင်းဆိုတဲ့ ကောင်းမှုနဲ့ ပေးဝယ်ရပါတယ်” လို့ ဖြေကြားတော်မူပါတယ်။ ဆီမီးအလှူကြောင့် မျက်စိအားကောင်းပါပြီတဲ့၊ မျက်စိအားကောင်းရုံ ဒိဗ္ဗစက္ခုအမြင်ရရုံနဲ့ မကျေနပ်ကြပါနဲ့၊ ပညာမျက်စိရအောင်လည်း ကျင့်သုံးကြဖို့ လိုအပ်ပါတယ်ဆိုတာ သတိပေးပါရစေ။
ပဉ္စမအမေးကို ဘုရားရှင်က “ ဆိုခဲ့တဲ့ ကုန်ပစ္စည်းအားလုံးကို ၀ယ်ချင်တယ်ဆိုရင် အိပ်ယာနေရာ ကျောင်းတို့ကို လှူဒါန်းခြင်းဆိုတဲ့ ကောင်းမှုနဲ့ ပေးဝယ်ကြရမယ်” လို့ ဖြေတော်မူပါတယ်။
ဒီမှာ တစ်ခုထူးခြားတာက နတ်သားက ပြဿနာငါးရပ်မေးတဲ့အခါ ဘုရားရှင်က ပြဿာနာလေးရပ်စလုံးဖြေပီးပြီ၊ နောက် လိုအပ်နေသေးတဲ့ အရေးကြီးတဲ့ အကြောင်းအရာတစ်ခုကို ဘုရားက သိမြင်တော်မူတဲ့အတွက် သိကြားမင်းက မေးမြန်းခြင်း မရှိသော်လဲ မိန့်တော်မူလိုက်တာကတော့ “ အိုနတ်သား မအို၊မနာ၊မသေရာဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့ကုန်ပစ္စည်းကြီးတစ်ခု ကျန်နေပါသေးတယ်။ ဒီကုန်ပစ္စည်စကို ၀ယ်ချင်တယ်၊ လိုချင်တယ်ဆိုရင် ငါဘုရားဟောကြားထားတဲ့ တရားတော်တွေကို သင်အံ၊ပို့ချ၊ဟောပြော ဆုံးမမယ်။ လိုက်နာကျင့်သုံးကြမယ်ဆိုရင် နိဗ္ဗာန်ကုန်စ္စည်းကြီးကို ရယူနိုင်ပါတယ်” လို့ နောက်ဆုံး အမေးမရှိတဲ့ အဖြေတစ်ခုကို ဘုရားရှင်က နတ်သား အား မိန့်တော်မူလိုက်ပါတယ်။
အားလုံး……..ပရိသတ်များ….သာသနာ့ဈေးရုံကြီးမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်ပစ္စည်းများကို ၀ယ်ယူနိုင်တဲ့ သူများဖြစ်ပြီး၊ ဘုရားရှင်ရဲ့ အမေးမရှိတဲ့အဖြေလို နိဗ္ဗာန်ဆိုတဲ့ ကုန်ပစ္စည်းကြီးကို ရယူပိုင်ဆိုင်နိုင်တဲ့သူများ ဖြစ်ကြပါစေလို့ ပြောရင်း…………

Thursday, October 8, 2009

အတင်းပြောခြင်းရဲ့ ရလာဒ်

အမေး။ ။ အရှင်ဘုရား……လူ့ပတ်ဝန်းကျင်မှာအတင်းပြောတတ်တဲ့ အကျင့်ဟာ လူမှုရေးအရ နှာခေါင်းရှုံ့ချင်စရာ ဖြစ်နိုင်ပေမယ့် ဆေးပညာအရတော့ မိန်းကလေးတွေအတွက် အကျိုးထူးတွေ ရစေနိုင်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မစ်ချီဂန်တက္ကသိုလ်က ပညာရှင်တွေက အတင်းပြောတာဟာ မိန်းကလေးတွေကို ပိုပြီးကျန်းမာစေသလို ပိုပြီးလည်း ပျော်ရွှင်စေတယ်လို့ ဖော်ထုတ်တွေ့ရှိခဲ့လို့ပါပဲ။ သုတေသီတွေရဲ့ အပြောအရတော့ အတင်းပြောတဲ့ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်မှာ progesteroneလို့ခေါ်တဲ့ ဟိုမုန်းတစ်မျိုး ပုံမှန်ထက် အများကြီးပိုပြီး ထွက်လာတတ်ပြီး အဲဒီဟိုမုန်းဟာ လူတစ်ယောက်ချင်းစီရဲ့ စိတ်ဖိစီးမှု ဝေဒနာကို သိသိသာသာ လျော့ပါးစေပါတယ်တဲ့။ မစ်ချီဂန်တက္ကသိုလ်က ပညာရှင်တွေဟာ ကျောင်းသူပေါင်း (၁၆၀)လောက်ကို အတွဲလိုက်သတ်မှတ်ပေးပြီး လေ့လာကြည့်တဲ့အခါမှာ အတင်းအဖျင်းပြောရင်း ဗဟုသုတဖလှယ်ကြတဲ့ မိန်းကလေးတွေက စကားနည်းပြီး အတင်းပြောရတာ ၀ါသနာမပါတဲ့ မိန်းကလေးတွေထက် ကျန်းမာရေးကောင်းပြီး ပျော်ရွှင်တက်ကြွနေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ကြတယ်။
တပည့်တော်များ သိချင်တာက အတင်းပြောတာနဲ့ ပတ်သက်ပြီး ဘာသာရေးရှုထောင့်က ဘယ်လိုဖြေမလဲဆိုတာ သိချင်ပါတယ်ဘုရား။
သန်းသန်းအေး
ရန်ကုန်

အဖြေ။ ။ဒီအတိုင်းဆိုရင်တော့ ကျန်းမာရေးကောင်းအောင် ပျော်ရွှင်အောင် အားအားရှိ သူတစ်ပါး အတင်းပဲ လိုက်ပြောရမလို ဖြစ်နေပြီ။ သူတစ်ပါးအတင်းပြောရရင် ပျော်ရွှင်ကြတာဟာ ပုထုဇဉ်တို့ရဲ့ သဘာဝပါ။ (ပါပသ္မိံ ရမတိ မနော) စိတ်ဟာ မကောင်းမှုမှာပဲ မွေ့လျော်တတ်တယ် လို့ ဆိုတဲ့အတိုင်း မကောင်းမှုမှာ မွေ့လျော်နေရတယ် ဆိုရင် ပျော်ရွှင်နေကြတာဟာ သဘာဝပါ။
အတင်းပြောတယ်ဆိုတာ သူများအကြောင်းတွေကို ကောင်းတာရော၊ မကောင်းတာရော အစုံပါတာဆိုတော့ ကောင်းတာနဲ့ မကောင်းတာ နှစ်မျိုးခွဲရလိမ့်မယ်။ ကောင်းတာတွေပြောရင် သူတစ်ပါးအကျိုးကို လိုလားပြီး ပြောတာဆိုရင် ကောင်းတာပြောတာပါပဲ။ ဒါဆိုရင်တော့ ဘာသာရေးရှုထောင့်ကနေကြည့်ရင် အပြစ်မရှိပါဘူး။ သူတစ်ပါးအကျိုးလိုလားပြီး ပြောကြခြင်းဖြစ်တဲ့အတွက် ကုသိုလ်တောင်ရပါသေးတယ်။ ပြောသာပြောရတာပါ၊ အတင်းပြောကြတယ်ဆိုမှတော့ မကောင်းတာပဲ များဖို့သေချာနေပါတယ်။ ကောင်းတာကတော့ အနည်းအကျဉ်းလောက်ပဲ ရှိမှာပါ။
သူတစ်ပါးအကြောင်း မကောင်းပြောတဲ့အခါမှာ မခံချင်စိတ်၊ မနာလိုစိတ်၊ သ၀န်တိုစိတ် ၊ ပူပန်စိတ်တွေနဲ့ ပြောကြမယ်ဆိုရင် အကုသိုလ်လို့ ဆိုရမှာပေါ့။ ဘုရားရှင်က ဒုစရိုက်တရား (၁၀)ပါးရှိတယ်လို့ မိန့်တော်မူထားခဲ့ပါတယ်။ ဒုစရိုက်ဆိုတာ ဒုစရိတ= မကောင်းသဖြင့် ကျင့်ခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ ဒီအထဲမှာ ကိုယ်နဲ့ မကောင်းတာကို ပြုတာ၊ နှုတ်နဲ့ မကောင်းတာကို ပြောတာ၊ စိတ်နဲ့ မကောင်းတာကို ကြံတာရယ် လို့ သုံးမျိုးခွဲခြားထားပါတယ်။
သုံးမျိုးအနက် စကားပြောတာနဲ့ပတ်သက်ပြီး မကောင်းပြောတာက လေး မျိုး ရှိတယ်။ ဒါကို ၀စီဒုစရိုက်လေးပါး လို့ခေါ်တတယ်။ ဒီလေးပါးကို မြန်မာလိုပဲ ပြောရအောင်ပါ။
၁။ သိလျက်နဲ့ လိမ်လည်ပြောဆိုခြင်း။
၂။ ကြမ်းတမ်းစကားပြောဆိုခြင်း။
၃။ အနှစ်သာရမရှိတဲ့ စကားကို ပြောဆိုခြင်း။
၎။ အချင်းချင်းမညီညွတ်အောင် ရန်တိုက်ပြောဆိုခြင်း တို့ ဖြစ်ပါတယ်။
လိမ်ပြောတယ်ဆိုတာက သိလျက်နဲ့ သူတစ်ပါးအကျိုးယုတ်အောင် နစ်နာသွားအောင် လိမ်လည်ပြောဆိုတာကို ဆိုလိုတာပါ။ တစ်ခုတော့ရှိတယ်။သူတစ်ပါးအကျိုးကို ငဲ့ပြီး ပရိယာယ်နဲ့ ပြောဆိုတာကျတော့ မုသာဝါဒလို့ မခေါ်ပါဘူး။
ညင်သာစွာ ပြောဆိုရမဲ့နေရာမှာ ညင်သာစွာ မပြောဘဲ သူတစ်ပါးနားမချမ်းသာအောင် ကြမ်းတမ်းတဲ့စကား ပြောဆိုတာကို ဆိုလိုတာပါ။
အနှစ်မရှိတဲ့စကားပြောတယ်ဆိုတာက လောကကောင်းကျိုး လောကုတ်ကောင်းကျိုးကြည့်ပြီး ပြောကြတာကို မဆိုလိုပါဘူး။ ဘာအကျိုးအမြတ်မှ မရှိဘဲ အနှစ်မရှိ ပြိန်ဖျင်းတဲ့စကား ပြောတာကို ဆိုလိုတာပါ။
ဂုံးတိုက်တယ်ဆိုတာက ညီညွတ်နေတာကို မမြင်ချင်လို့ မညီညွတ်အောင် ရန်တိုက်ပေးတဲ့ စကားပြောတာကို ဆိုလိုတာပါ။ ဒီလိုပါပဲ အတင်းပြောတဲ့အခါ အထက်ပါ ၀စီဒုစရိုက်လေးမျိုးထဲ ပါနေရင်တော့ အကုသိုလ်ဖြစ်တဲ့အတွက် ရှောင်သင့်ပါတယ်။ တကယ်လို့ ၀စီဒုစရိုက်လေးပါးမဟုတ်ဘဲ ၀စီသုစရိုက်လေးပါးထဲ ပါဝင်နေတယ်ဆိုရင်တော့ ကုသိုလ်ဖြစ်တယ်လို့ ဆိုရမှာပါ။
ဘုရားရှင်က ကောင်းတဲ့စကားပြောခြင်းဟာ သုဘာသိတ မင်္ဂလာနဲ့ပြည့်စုံတယ်လို့ဆိုထားတဲ့အတွက် စကားပြောရင် ကောင်းတဲ့စကားပဲ ဖြစ်ဖို့ သတိထားရပါ့မယ်။ အလျဉ်းသင့်တုန်း စကားပြောတာနဲ့ ပတ်သက်ပြီး မှတ်သားဖွယ်လင်္ကာတစ်ခုကို ဖေါ်ပြပါဦးမယ်။
“စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတယ်” တဲ့။ အဓိပ္ပါယ်က…..
၁။ မမှန်စကား၊ ကျိုးမပွား၊ ကြားသူမနှစ်သက်။
၂။ အမှန်ပြောကြား၊ ကျိုးမပွား၊ ကြားသူမနှစ်သက်။
၃။ အမှန်ပြောကြား၊ အကျိုးများ၊ ကြားသူမနှစ်သက်။
၎။ မမှန်စကား၊ ကျိုးမပွား၊ ကြားသူလွန်နှစ်သက်။
၅။ အမှန်ပြောကြား၊ ကျိုးမပွား၊ ကြားသူလွန်နှစ်သက်။
၆။ အမှန်ပြောကြား၊ အကျိုးများ၊ ကြားသူလွန်နှစ်သက်။
ဒီစကား ခြောက်ခွန်းထဲမှာ နံပါတ်(၃)နဲ့နံပါတ်(၆) အကျိုးရှိတဲ့စကားဖြစ်သလို သုဘာသိတမင်္ဂလာလည်း ဖြစ်တယ်ဆိုတာပြောရင်း…..
စာဖတ်သူအပေါင်း ကောင်းသောစကားကိုသာ ပြောဆိုရင်း ကျန်းမာပျော်ရွှင်အောင် နေတတ်ကြပါစေ…..

Monday, October 5, 2009

အွန်လိုင်းပေါ်မှ အမေးအဖြေများ အမှတ်(၁)စာအုပ်၊ ထွက်တော့မည်။

......မျှော်........

Type the rest of your post here.

အွန်လိုင်းပေါ်မှ အမေးအဖြေများ အမှတ်(၁)စာအုပ်၊ ထွက်တော့မည်။

......မျှော်........

Type the rest of your post here.

Sunday, October 4, 2009

အရက်သောက်မှ လူပီသမှာလား

အမေး။ ။ဘုန်းဘုန်း…..ဘီယာ၊ ကွမ်း၊ ဆေးလိပ် တွေဟာဟာ ငါးပါးသီလထဲပါပါသလားဘုရား၊ ဘီယာတို့၊ ကွမ်း၊ ဆေးလိပ် များကို မသောက်တတ် မသုံးတတ်ဘူးဆိုရင် လူမပီသဘူး၊ သုံးတတ်၊ သောက်တတ်မှ လူပီသတယ်လို့ ပြောနေကြတယ်ဘုရား။ ဒါနဲ့ပတ်သက်ပြီး အဖြေပေးစေချင်ပါတယ်ဘုရား။
ခင်ဖုန်းမြင့်
ကွန်ပျူတာတက္ကသိုလ်

အဖြေ။ ။ အရက်သောက်တတ်မှာ လူပီသတယ်၊ မသောက်တတ်လို့ကတော့ လူမပီသဘူး ဆိုတဲ့စကားဟာ အရက်ကြိုက်တဲ့ လူများရဲ့ စကားဖြစ်ပါလိမ့်မယ်။
လူတို့မှာ ငါးပါးသီလ ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲရမယ်၊ စောင့်ထိန်းရမယ်လို့ ဘုရားရှင်မိန့်တော်မူတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကို သိချင်ရင် ကိုယ်ကျင့်တရားဆိုတဲ့ ပေတံနဲ့ တိုင်းထွာရပါတယ်။ လောကမှာ ဘယ်လောက် ချမ်းသာတဲ့သူပဲဖြစ်နေပါစေ၊ ကိုယ်ကျင့်တရား မရှိဘူး၊မကောင်းဘူးဆိုပါဆိုရင် သူ့ရဲ့ ဘ၀တန်ဖိုး ဟာ အောက်ဆုံးအဆင့်ကို ရောက်သွားပါတယ်။ လောကမှာ ဆင်းရဲပေမဲ့ ကိုယ်ကျင့်တရား ကောင်းမွန်တယ်၊ ကိုယ်ကျင့်တရားကို အသက်နဲ့လှဲပြီး စောင့်ထိန်းကြတာ ရှိကြပါတယ်။ ဒီလူများဟာ ဘ၀တန်ဖိုးမြင့်တဲ့ အထဲမှာပါပါတယ်။
သုရာမေရယ သိက္ခပုဒ်ဟာ ငါးပါးသီလထဲက နောက်ဆုံးမှ ရှိနေပေမဲ့၊ အဓိကကျတဲ့ သိက္ခာပုဒ်တစ်ခုဖြစ်နေတာပါ်။ ဘာ့ကြောင်ဆိုရင် အရက်မူးနေတဲ့သူဟာ အထက်က သိက္ခာပုဒ်လေးပါးကို ကျူးလွန်ဖို့ ၀န်မလေးတဲ့အပြင် အချိန်မရွေး ကျူးလွန်နိင်တဲ့ အတွက်ဖြစ်ပါတယ်။
သုရာမေရယသိက္ခာပုဒ်မှာ ဘာတွေပါလဲဆိုတာ ပြောပါ့မယ်။
မူးယစ်စေပြီး သူတော်ကောင်းတရားများကို မေ့လျော့စေတတ်တဲ့အတွက် “သေရည်” လို့ခေါ်ပါတယ်။
သုရာ ဆိုတဲ့ သေရည် ငါးမျိုး ရှိပါတယ်။
(၁) ပိဋ္ဌသုရာ - ဆန်မှုန့်နဲ့ ပြုလုပ်တဲ့ သေရည်။
(၂) ပူဝသုရာ - မုယောဆန်၊ ဂျူံမုန့်နဲ့ ပြုလုပ်တဲ့ သေရည်။
(၃) သြဒနိယသုရာ - ကောက်ညှင်း ထမင်းနဲ့ ပြုလုပ်တဲ့သေရည်။
(၄) ကိဏ္ဏပ္ပက္ခိတ္တသုရာ - တဆေးမှုန့်ကို ခတ်ပြီး ပြုလုပ်တဲ့ သေရည်။
(၅) သမ္ဘာရ သံယုတ္တသုရာ - သေရည်ကို ဖြစ်စေနိုင်တဲ့ အသီးအဆံ၊ အဆီစတဲ့ ၀တ္ထုပစ္စည်းများနဲ့ ပြုလုပ်တဲ့ သေရည်(စပျစ်သီးစတာတွေ နဲ့ ပြုလုပ်ထားတဲ့ ၊ စပျစ်ဝိုင်များ)။ (၀ိနည်းမဟာဝါပါဠိ၊ ၁၄၆)
မေရယ ဆိုတဲ့ အရက် ငါးမျိုး ရှပါတယ်။
(၁) ပုပ္ဖာသ၀ - သစ်ပွင့်ရည်မှ ဖြစ်တဲ့ အရက်။
(၂) ဖလာသ၀ - သစ်သီးအရည်မှ ဖြစ်တဲ့ အရက်။
(၃) မစွာသ၀ - မုဒရက်(သီး) အရည်မှဖြစ်တဲ့ အရက်။
(၄) ဂုဠှာသ၀ - ကြံရည်မှ ဖြစ်တဲ့ အရက်။
(၅) သမ္ဘာရသံယုတ္တ - အရက်ဖြစ်စေနိုင်တဲ့ အရာဝတ္ထုများ စုပေါင်းနေတဲ့ အရက်တို့ ဖြစ်ပါတယ်။
(သုတေန သရုပ်ပြ အဘိဓာန်ကျမ်း)
သုရာမေရယ ဆိုတာ လူကို မေ့လျော့အောင် မူးယစ်စေတတ်တဲ့ အရာမှန်သမျှ ပါပါတယ်။ ကွမ်းနဲ့ဆေးလိပ်ကျတော့ သီလထဲမပါသော်လည်း ကွမ်းနဲ့ ဆေးလိပ်သုံးစွဲခြင်းဟာ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ရှောင်ကြဉ်နိုင်က အကောင်းဆုံးဖြစ်ပါကြောင်း…လူငယ်များ ဘ၀တိုးတက်မှုအတွက် ကိုယ်ကျင့်တရားကို ကောင်းမွန်စွာ နေထိုင်ကျင့်သုံးနိုင်ပါစေ…လို့ ဆန္ဒပြုရင်း….

Saturday, October 3, 2009

ပုဗ္ဗနိမိတ်ငါးပါးကို နတ်တိုင်းမြင်ရပါသလား။

အမေး။ ။ ဘုန်းဘုန်း……သုဗြဟ္မာနတ်သားဟာ နတ်သမီး(၁၀၀)ခြံရံပြီး နန္ဒ၀ံဥယျာဉ်တော်ကို သွားကြပါတယ်။ နတ်သမီး(၅၀၀)က အပင်ပေါ် တက်ကာ သီချင်းဆိုပြီး ပန်းများခူးနေကြတယ်။ နတ်သမီး(၅၀၀)က အပင်အောက်ရောက်လာတဲ့ ပန်းပွင့်များကို သူတို့သခင်နတ်သားအတွက် ပန်းသီကုန်းနေကြတယ်။ ရုတ်တရက် အပင်ပေါ်ရှိမှ သီချင်းဆိုသံများ တိတ်ဆိတ်သွားပါတယ်။ အပေင်ပေါ်ကြည့်လိုက်တော့ နတ်သမီး(၅၀၀)ပျောက်နေတာကို တွေ့ရတယ်။ သုဗြဟ္မာနတ်သားက နတ်တို့ မျက်စိနဲ့ ကြည့်တဲ့အခါမှာ အပင်ပေါ်က နတ်သမီး (၅၀၀) စုတိပျက်ကြွေ သေဆုံးပြီး အ၀ီစိငရဲကျသွားတာ မြင်ရတယ်။
ဆိုလိုတာက တစ်နေရာမှာ နတ်တို့ စုတိ(သေ)တော့မယ်ဆိုရင် နတ်တို့ရဲ့ ပုဗ္ဗနိမိတ်ငါးမျိုးကို ကြိုတင်တွေ့ရတတ်ပါတယ်လို့ ဖတ်ရပါတယ်။ ဒါဆိုရင်ခုနင်က အပင်ပေါ် နတ်သမီးများကျတော့ သီချင်းဆိုပြီး ရုတ်တရက် စုတိ(သေ)သွားတဲ့အတွက် ပုဗ္ဗနိမိတ်ငါးမျိုးကို ကြိုတင်သိမြင်မဲ့ ပုံမပေါ်ပါဘူး။ တကယ်လို့ ကြိုတင်သိမြင်နေရင် ပျော်ပီး သီချင်းသီဆိုနေမှာလဲ မဟုတ်ဘူး။ ဒီနတ်သမီးငါးရာကတော့ စုတိ(သေ)မှာကို ကြိုတင်မသိနိုင်ဘူးလို့ ယူဆမိပါတယ်။ ဒါဆိုရင် နတ်တိုင်း ပုဗ္ဗနိမိတ်ငါးမျိုးကို ကြိုတင်သိနိုင်ပါသလား ဆိုတာ ဖြေကြားပေးတော်မူပါဘုရား။
မဓမ္မစာရီ
ရန်ကုန်

အဖြေ။ ။နတ်တို့ စုတေ(သေ)ခါနီးမှာ ပုဗ္ဗနိမိတ်ငါးမျိုး ဖြစ်ပေါ်လာကြတယ် ဆိုရာမှာ နတ်တိုင်း နတ်တိုင်းဖြစ်တယ်လို့ မှတ်ယူလို့ မရပါ။ ဥပမာ လူ့ပြည်မှာ ဘုန်းတန်ခိုးကြီးမားကြတဲ့ မင်း၊ အမတ်၊ စတာတွေမှာသာ သေခါနီး ဥက္ကာကျခြင်း၊ မြေငလျင်လှုပ်ခြင်း၊ လ - နေကြတ်ခြင်း စတာတွေ ဖြစ်ပေါ်ကြပါတယ်။ ဒီလိုပါပဲ နတ်ပြည်လောကမှာလဲ ဘုန်းကံ၊တန်ခိုး ကြီးမားကြတဲ့ နတ်သား နတ်သမီးတွေမှာသာ ပုဗ္ဗနိမိတ်ငါးမျိုး ဖြစ်ပေါ်ကြ တယ်လို့ မှတ်ယူရပါ့မယ်။ ဘုန်းကံတန်ခိုးသေးငယ်တဲ့ နတ်သား၊ နတ်သမီးများမှာတော့ နတ်တို့ရဲ့ ပုဗ္ဗနိမိတ် ငါးမျိုးတို့ မဖြစ်ပေါ်နိုင်ကြောင်း ဖြေကြားပေးလိုက်ရပါတယ်။ (မဟာဗုဒ္ဓ၀င်၊ဒု၊ အနုဒီပနီ)

အနေကဇာမတင်တဲ့ ရုပ်ပွားတော်ကို ကိုးကွယ်သင့်/မသင့်

အမေး။ ။အရှင်ဘုရား တစ်ခါက လူတစ်ယောက်က သူဟာ အနေကဇာတင်မှု မပြုလုပ်ရသေးတဲ့ ဆင်းတုတော်ကို သာမန်အရုပ်တစ်ခုလိုပဲ သဘောထားပါတယ်။ ဒါကြောင့် သာမန်ရုပ်ထုတစ်ခုလို့ သဘောထားပြီး လှေခါးထစ် တစ်နေရာ၊ ဧည့်ခန်း၊ စတဲ့ နေရာတွေမှာ အလှကြည့်ဖို့ ထားထားတာပါ။ လို့ တပည့်တော်အား ပြောဖူးပါတယ်။ တပည့်တော်သိချင်တာက အနေကဇာမတင်ဘဲ ရုပ်ပွားတော်ကို ကိုးကွယ်သင့်/မသင့် ဆိုတာနဲ့ အနေကဇာမတင်သေးတဲ့ ဆင်းတုတော်များကို မသင့်တော်တဲ့ လှေခါးရင်းစတာတွေမှာ ထားသင့်/မသင့် ဆိုတာကို ဖြေကြးပေးတော် မူပါဘုရား။
ဦးကုမာရ
ခေတ္တစင်္ကာပူ

အဖြေ။ ။ဒီအမေးနဲ့ပတ်သက်ပြီး အချက်သုံးချက်ကို တွေးမိပါတယ်။
(၁) အနေကဇာမတင်ဘဲ ကိုးကွယ်သင့်/မသင့်။
(၂) ရုပ်ပွားဆင်းတုတော်များ ဘုရားအရာ မြှောက်ချိန်၊ ဘုရားလို့ သတ်မှတ်တဲ့အချိန်။
(၃) အနေကဇာမတင်သေးပေမဲ့ မသင့်တော်တဲ့ နေရာများမှာ ထားသင့်/မသင့် ။
ဒီသုံးချက်ကို သိထားပါက အမေးပုစ္ဆာအတွက် ရှင်းသွားပါလိမ့်မယ်။
(၁)အနေကဇာမတင်ဘဲ ကိုးကွယ် သင့်/မသင့်
အနေကဇာတင်တယ် ဆိုတာ တစ်ချို့က ရုပ်ပွားဆင်းတုတော်ကို အသက်သွင်းကြတယ်လို့ ယူဆကြတယ်။ အမှန်က သက်မဲ့ပစ္စည်းတစ်ခုသာဖြစ်တဲ့ ရုပ်ပွားတော်ကို အသက်သွင်းလို့ မရှင်လာနိုင်ပါ။ သွင်းလို့လည်း မရပါ။
အနေကဇာတင်တဲ့သဘောက “အနေကဇာတိ သံသာရံ” စတဲ့ ဂါထာတော်ဖြင့် ရုပ်ပွားဆင်းတုတော်အား ဘုရားရှင်ရဲ့ ဂုဏ်တော်ကို အာရုံပြုပြီး သံဃာတော်များက ရွတ်ဖတ်ပူဇော်ကြတာပါ။ ဘာ့ကြောင့် ဒီဂါထာဖြင့် ပူဇော်ကြတာလဲ ဆိုရင်…
ဘုရားအဖြစ်သို့ ရောက်တော်မူပြီးစ ဘုရားရှင်ဟာ စိတ်ထဲက နှစ်သက်မှု ပီတိများ ထပ်တလဲလဲ ဖြစ်နေပါတယ်။ ဒါကြောင့် စိတ်ထဲ အောင့်ထားမနိုင်ဘဲ ပီတိဖြစ်လွန်းတဲ့အတွက် ‘အနေကဇာတိ သံသာရံ’ စတဲ့ ဂါထာတော်ဖြင့် ဥဒါန်းကျူးရင့်တော်မူပါတယ်။
ယခုအခါ ဘုရားရှင် ဥဒါန်းကျူးရင့်တော်မူခဲ့တဲ့ ဂါထာတော်ဖြင့် ဘုရားရုပ်ပွားတော်အား ရွတ်ဖတ်ပူဇော်ကြတာကို “အနေကဇာတင်တယ် လို့ ခေါ်ပါတယ်။
သက်တော်ထင်ရှား ဘုရားရှင်ရဲ့ ဂုဏ်တော်ကို အာရုံပြုပြီး ရုပ်ပွားဆင်းတုတော်အား ကိုးကွယ်သင့်တဲ့အပြင် ကုသိုလ်တောင်ရပါသေးတယ်။ ကိုးကွယ်မသင့်ဘူးဆိုတာ မရှိပါဘူး။
ရုပ်ပွားဆင်းတုတော်အား ထုလုပ်ပြီးစီးပြီဆိုကတည်းက အနေကဇာတင်တာဖြစ်စေ၊ မတင်တာဖြစ်စေ ကိုးကွယ်ကောင်းပါတယ်။

(၂) ဘုရားအရာမြှောက်တဲ့အချိန်၊ သတ်မှတ်တဲ့အချိန်။
ရုပ်ပွားတော် ထုလုပ်တဲ့နေရာတွေမှာ ဘုရားရှင်ရဲ့ အဆင်းသဏ္ဍာန်နဲ့ တူအောင် တုဖို့အတွက် ကျောင်းသားပေါ်မှာဖြစ်စေ၊သစ်သား ပေါ်မှာဖြစ်၊ တက်ခွထိုင်ပြီး ထုလုပ်ရပါတယ်။ ဒီလို တက်ခွပြီး ထုလုပ်ပေမဲ့ ငရဲမကျပါဘူး။ အကုသိုလ်မဖြစ်ပါဘူး၊ ဘာ့ကြောင့်ဆိုရင် ဘုရားအရာ မမြှောက်သေးလို့ပါ။ ဘုရားလို့ သတ်မှတ်လို့မရသေးလို့ပါ။ ဒါကြောင့် ဘုရားလို့သတ်မှတ်တဲ့အချိန်၊ ဘုရားဆင်းတုအရာမြှောက်တဲ့အချိန်ဟာ ပညာရှင်များ ပန်းပုထုသမားများ ထုလုပ်ပြီးစီးတဲ့အချိန်ပဲ ဖြစ်ပါတယ်။ အနေကဇာတင်ခြင်း မတင်ခြင်းဟာ ပဓာန မဟုတ်ပါ။ ယခုလို့ ထုလုပ်ပြီးစီးတဲ့ ရုပ်ပွားဆင်းတုတော်များဟာ အနေကဇာမတင်သေးပေမဲ့ ဘုရားနဲ့ တူအောင်တုထားပြီးဖြစ်တဲ့အတွက် ကိုးကွယ်သင့်ပါပြီ။

(၃) ရုပ်ပွားတော်များကိုမသင့်တော်တဲ့ နေရာမှာ ထားသင့်/မသင့်
မထားသင့်ပါဘူး။လို့ပဲ ပြောပါရစေ…
အချို့ပြည်ပနိုင်ငံတွေမှာ မသင့်တော်တဲ့ နေရာတွေမှာ ထားတာနဲ့ပတ်သက်ပြီးပြောရရင် ဘုရားရှင်အား အနေကဇာတင်တာဖြစ်စေ၊ မတင်တာဖြစ်စေ နေရာတကာ မသင့်တော်တဲ့နေရာတွေမှာ မထားသင့်ပါဘူး၊ ဘာ့ကြောင့်ဆိုရင် ဆင်းတုတော်က ဘုရားရှင်နဲ့ တူအောင် တုထားပြီးလို့ပဲ ဖြစ်ပါတယ်။
ဥပမာတစ်ခု…………..လူတိုင်းမှာ မိဘဆိုတာ ရှိကြစမြဲပါ။ သားသမီးတိုင်းဟာ မိဘရဲ့ ဂုဏ်ကျေးဇူးကို အတိုင်းအတာတစ်ခုအထိ သိနေကြတာ ဓမ္မတာပါ။ မိဘဂုဏ်ကျေးဇူးကို သိတတ်တဲ့ သားသမီးများဟာ အမိအဘများ သေဆုံးသွားကြတဲ့အခါ အမိအဘများရဲ့ ကိုယ်စားဓါတ်ပုံတွေ ကို မိမိအိမ်မှာ ချိတ်ဆွဲထားတတ်ကြပါတယ်။ တစ်ချို့ဆိုရင် ဘုရားအဆောင်ရဲ့ အောက်နားမှာ ကပ်ပြီး အမြတ်တနိုး ချိတ်ဆွဲပြီး ပူဇော်ကြတာကို တွေ့ရပါတယ်။
ဆိုလိုတာက အမိအဘများကွယ်လွန်ပြီးတဲ့နောက် မိဘများကိုယ်စား သူတို့ရဲ့ ဓါတ်ပုံများကို လှေခါးရင်းစတဲ့ မသင့်တော်တဲ့ နေရာတွေမှာ ထားမလားဆိုတာ တွေးကြည့်ပါ။ တကယ်လို့ ထားကြမယ်ဆိုရင် မိဘကိုမရိုသေရာ ရောက်သွားပါမယ်။ မိဘရဲ့ဂုဏ်ကျေးဇူးကို မသိတဲ့ သားသမီးများ ဖြစ်သွားမှာပါ။
ထို့အတူပဲ သက်တော်ထင်ရှား ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့နောက် ဘုရားရှင်ရဲ့ ကိုယ်စား ထုလုပ်ထားတဲ့ ဆင်းတုတော်များကို မသင့်တော်တဲ့ လှေခါးရင်းတွေမှာ သွားထားမယ်ဆိုရင် ဘုရားရှင်အား မရိုသေရာရောက်သွားပါမယ်။ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးကို မသိတတ်တဲ့ ဗုဒ္ဓဘာသာဝင်များ ဖြစ်သွားမှာပါ။ ဒါကြောင့် ရုပ်ပွားဆင်းတုတော်များ ဘုရားအရာမြှောက်ပြီးတဲ့အချိန်ကစလို့ မသင့်တော်တဲ့နေရာတွေမှာ မထားသင့်တော့၊ မရိုမသေ မလုပ်ကောင်းတော့ပါ။
ယနေ့ နိဗ္ဗာန်ကုန်ဆိုင်ကြီးများမှာ ရောင်းကုန်ပစ္စည်းတစ်ခုအနေဖြင့် ရုပ်ပွားတော်များကို လူသွားတဲ့လမ်းကြောင်းရဲ့ နံဘေး အောက်ကြမ်းပြင်ချပြီး ရောင်းချနေကြပါတယ်။ ပိုင်ရှင်များကတော့ ဆင်းတုတော်ထက်မြင့်တဲ့ ထိုင်ခုံများမှာ ထိုင်နေကြတာဟာ မသင့်တော်ပါဘူး။ လာဝယ်သူများကလဲ ဖိနပ် စီးသွားတာကို မြင်ရပါသေးတယ်။ သူတို့အစား ကျောချမ်းလှပါတယ်။ ဒါကြောင့် နိဗ္ဗာန်ကုန်ဆိုင်ကြီးမှာ အပါယ်လက်မှတ် လာဝယ်နေကြတာပဲ လို့ တွေးမိပါတယ်။ ဒါလောက်ဆိုရင် ဒီအဖြေနဲ့ပတ်သက်ပြီး သဘောပေါက် လောက်ပြီ ထင်ပါရဲ့………..။

Twitter Delicious Facebook Digg Stumbleupon Favorites More