This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ဖတ်မိသမျှစာများ. Show all posts

Tuesday, August 3, 2010

ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်း

ဒါဝင်သီအိုရီနဲ့ ပတ်သက်ပြီး ဘ၀င်မကျ လက်မခံနိုင်ခဲ့ပါ။ ဒီအယူအဆကို အရင်တုန်းက မှန်သင့်သလောက်မှန် တယ်လို့ ယူဆပြီး လက်ခံခဲ့ကြတာများတယ်။ စာရေးသူလဲ ငယ်စဉ်က ဒီလိုဖြစ်ခဲ့ဖူးပါတယ်။ မကြာသေးခင်က စာရေးသူကို လူအစ မျောက်ကလားဆိုတာကို မေးတဲ့အတွက် မဟုတ်ပါဘူး လို့ပဲ တိုကျဉ်းလိုရင်း ပြောခဲ့တယ်။ဒါပေမဲ့ အဖြေက ဒီလောက်နဲ့ မလုံလောက်မှန်းသိပါတယ်။ ဒီလိုနဲ့ ဇူလှိုင်လထုတ် ဓမ္မရံသီမဂ္ဂဇင်းမှာ စာရေးဆရာ ဥာဏ်ဝင်း(ပင်လယ်ဘူး)ရဲ့ “ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ အယူအဆလေးတွေကောင်းလွန်းတဲ့အတွက် ဒီ ဖတ်မိသမျှစာများကဏ္ဍမှာ ကူးယူဖေါ်ပြပေးလိုက်ပါတယ်။
ဒါကို ဖေါ်ပြရတာကလဲ လူအများ ဘာသာအယူအဆ အမြင်မှန်သူများဖြစ်ကြပါစေ ဆိုတဲ့ ရည်ရည်ချက်နဲ့ပါ……..

ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်း
(၁)
ဓမ္မရံသီမဂ္ဂဇင်းဟောင်းများကို ပြန်လည်မွှေနောက်၍ဖတ်ရာတွင် ဆရာစောနေလတ်၏ “အစများ၏အစ” ဆောင်းပါးကို၂၀၀၂- ခုနှစ်၊မတ်လထုတ် ဓမ္မရံသီမှာ ဖတ်မိ၍ မိမိ၏အမြင်ကိုလည်း တင်ပြလိုစိတ်ဖြစ်မိပါသည်။ ဆရာအောင်မှိုင်း၏ “မနုဿနိဒါန်း”ဟူသော ဆောင်းပါးကို ဖတ်ရာမှ “အစများ၏အစ”ဆောင်းပါးကို ရေးဖြစ်ကြောင်း ဆရာစောနေလတ်ဆိုထားပါသည်။
ဆရာစောနေလတ်ပြောသလို မိမိကလည်း မဆိုင်သည့်အလုပ်၊ အကျိုးမရှိလှသည့်အလုပ်ကို ၀ါသနာအလျောက်သိချင်လုပ်ချင် မိသည်ဟု ဆိုနိုင်ပါသည်။ သို့သော် ထေရ၀ါဒဗုဒ္ဓကို လူအများ အမှန်အတိုင်း သက်ဝင်ယုံကြည်နိုင်ရန်ဟူသော ရည်ရွယ်ချက်ထားရှိပါ သည်။
မြတ်စွာဘုရားဟောတော်မူသော “သံသရာ၏အစသည် မထင်” ဆိုသည်မှာ ဤဘဒ္ဒကမ္ဘာ၏ အစကို ဆိုထားသည်ကားမဟုတ်။ အနမတဂ္ဂသံသရာ၏အစကို ဆိုခြင်းဖြစ်ပါသည်။ ဒါဝင်၏ Evolution သီအိုရီသည် အနောက်တိုင်းမှာရော အရှေ့တိုင်းမှာပါ ပျံ့နှံ့လျှက်ရှိ သည်။ သိပ္ပံပညာကို ဦးဆောင်နေသော အနောက်တိုင်းသားတို့ဋ္ဌ အတွေးအခေါ်ကို အရှေ့တိုင်းသားတို့က သဘောကျသည်ဖြစ်စေ၊ မျက်သည်ဖြစ်စေ မလွှမ်းမိုးနိုင်ကြ။ အနောက်တိုင်းမှစတင်သော သိပ္ပံပညာနှင့် အတွေးအခေါ်တို့သည် ကမ္ဘာမျက်နှာစာမှာ အသာစီကရနေပါသည်။ သူတို့ အသာစီးရနေသဖြင့် သူတို့သမိုင်းမှ အမှန်၊ သူတို့သမိုင်းမှအခိုင်အမာ အတိအကျ ဖြစ်နေရပါသည်။
အမှန်စင်စစ် သူတို့သည်လည်း ခိုင်မာသော ကျောက်စာ၊ကျောက်ဖြစ်ရုပ်ကြွင်းတို့ထက်ကို ကျော်လွန်၍ ခန့်မှန်းတွေးခေါ်နေကြ သည်သာ။ ခန့်မှန်းသည်ဆိုကတည်းက အတိအကျ သိမြင်သည်မဟုတ်၍ မှန်ချင်မှန်မည်၊လွဲချင်လွဲမည် သေချာသောအလုပ်ကားမဟုတ်။
(၂)
မြတ်ဗုဒ္ဓ၏ ပိဋကတ်တော်တို့ကို ပထမသင်္ဂါယနာမှစ၍ ယခုမျက်မှောက်အချိန်ထိ သံဃာတော်တို့က မူရင်းအတိုင်း ထိန်းသိမ်းသယ်လာနိုင် ကြသည်ဟုဆိုလျှင် အနောက်တိုင်းသားတို့ သံသယ၀င်ချင်ဝင်ဦးမည်။
ထေရ၀ါဒသံဃာတော်မြတ်တို့၏ သဒ္ဓါ၊၀ီရိယ၊သီလ၊သမာဓိ၊ပညာတို့ကို ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့သာလျှင် သက်ဝင် ယုံကြည်နူင်ကြ၏။ သဒ္ဓ၊ပညာမရှိသူတို့ မမြင်နိုင် မယုံနိုင်လေရာ။
ထိုဘုရားဟော ပိဋကတ်တော်တို့ကိုကြည့်၍ မြတ်ဗုဒ္ဓသည် ပုဗ္ဗေနိဝါသာနုဿတိဥာဏ်၊ဒိဗ္ဗစက္ခုဥာဏ်၊ အာသ၀က္ခယဥာဏ် စသော ၀ိဇ္ဇာဥာဏ်တို့နှင့်ပြည့်စုံတော်မူသည်ဟုလည်း ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကြသည်။ ယုံကြသည်ဆိုရာမှ သဒ္ဓါ၊ပညာအဆင့်လိုက် ကွာဟမှုတော့ ရှိကြပေမည်။
သဗ္ဗညုတဥာဏ်တော်သခင် မြတ်ဗုဒ္ဓ၏ဒေသနာပါဠိတော်တို့တွင် ဗုဒ္ဓ၀ံသပါဠိတော်များ စရိယာပိဋကပါဠိတော်နှင့် ထိုထို အဘိဓမ္မာသုတ္တန်ပါဠိတော်တို့ကို လေ့လာသောအခါ ယဉ်ကျေးသော လူ့အဖွဲ့အစည်းသည် ကကုသန်မြတ်စွာဘုရားလက်ထက်တော် မတိုင်မီကတည်းက ရှိနေပြီးဖြစ်ကြောင်း သိရပေသည်။
လူသားမျိုးနွယ်ဆက်သည် တကမ္ဘာပတ်လုံး အမြဲတမ်းယဉ်ကျေးတိုးတက်၍ မနေသလို အမြဲတမ်းလဲ နိမ့်ကျမနေဟု ယူဆပါ သည်။ ပိဋကတ်ကျမ်းစာများအဆိုအရ မိမိတို့ဝန်းကျင်ရှိ လူသက်တမ်းသည် အတက်အကျရှိပါသည်။ ဗြဟ္မစိုရ်တရားထွန်းကား၍ လူတွေ တရားစောင့်ကြသောကာလတွင် အသက်တမ်းသည် အသင်္ချေအထိ တွက်သွားသည်။ ဗြဟ္မစိုရ်တရားခြောက်သွေ့၍ လူတွေတရားမစောင့် သောကာလတွင် ဤလူတို့သက်တမ်းသည် ၁၀-နှစ်တမ်းအထိ ဆုတ်ယုတ်သည်ဟု ဆိုပါသည်။ မုသားစကားစတင်ပြောသော စေတိယမင်းတို့ခေတ်တွင် အသက်တမ်းသည် အသေင်္ချေဖြစ်ပါသည်။ အလောင်းတော် မာဃဒေ၀မင်းတို့ခေတ်တွင် လူတို့သက်တမ်းသည် သိန်းချီ၍ ရှိနေသေးကြောင်း သိရပါသည်။ မန္ဓာတုစကြာမင်းတို့ခေတ် မဟာသုဒဿနစကြာမင်းတို့ခေတ်သည်လဲ သူ့ခေတ်နှင့်သူ ယဉ်ကျေးသော လူအဖွဲ့အစည်းဖြစ်ပါသည်။
ဤကမ္ဘာပေါ်တွင် တစ်နေရာမှာ ယဉ်ကျေးသောလူ့အဖွဲ့အစည်းရှိနေခိုက် အခြားတစ်နေရာတွင် မယဉ်ကျေးသော လူရိုင်းများ လဲရှိနေနိုင်ပါသည်။ ယခုတိုးတက်ပါသည်ဆိုသော ခေတ်ထဲမှာပင် အချို့နေရာများမှာ လူရိုင်းများ ရှိနေသည်ကို သတိပြုရပါ၏။ အာရှဒေသမှာ ယဉ်ကျေးမှုတိုးတက်နေချိန်တွင် ဥရောပ၌ လူတူပရိုင်းမိတ်များ၏သမိုင်းခေတ်ဖြစ်ချင်ဖြစ်နေမည်။ ဒိုင်နိုဆောခေတ် ဖြစ်ချင် ဖြစ်နေမည်။ ယခုသီရိလင်္ကာနိုင်ငံသည် ဘုရားရှင်လက်ထက်က ယဉ်ကျေးသော လူအဖွဲ့အစည်း မရှိသေးကြောင်းသိရပေသည်။ အိမ်နား မှာစိုက်ထားသော ငှက်ပျောမျိုးကို တောကြီးမျက်မည်းတွင် သွား၍စိုက်ပါက တောငှက်ကဲ့သို့ ငှက်ပျောသီးတွင် အစေ့များပါရှိလာပြီး ရိုင်းလာသည်ကို တွေ့ရှိရသည်။ တော်ငှက်ပျော၏၀တ်မှုံများ ကူးစက်ခံရသောကြောင့် ဖြစ်ပေမည်။
လူသည်လည်း မျိုးနွယ်စဉ်ဆက် တောထဲသို့ ရှေ့တိုးသွား၍တောသဘာဝနှင့် လိုက်လျောညီထွေသော ကြမ်းတမ်းမှုစသည် လောက်တော့ ဖြစ်လာစရာရှိပါသည်။ သို့သော် လူသည်လူသာဖြစ်၍ တိရစ္ဆာန်အနွယ် ဖြစ်မသွားနိုင်ဟု ယူဆပါသည်။ လူအနွယ်မှနေ၍ တိရစ္ဆာန်အနွယ် မဖြစ်နိုင်သလို၊ တိရစ္ဆာန်အနွယ်မှလည်း လူ့အနွယ်ဖြစ်လာစရာအကြောင်းမရှိဟို ယူဆပါသည်။
ဣသိသိင်္ဃ ဇာတ်တော်တွင် ဘုရားအလောင်းရသေ့ကြီး၏ ကျင်ငယ်ရေကို သမင်မသောက်ရာမှ ကျင်ငယ်ရေတွင် မျိုးဗီဇပါ၍ သမင်မကိုယ်ဝန်တည်ကာ ဣသိသိင်္ဃရသေ့ငယ်ကို ဖွားမြင်ကြောင်း ဆိုပါသည်။ ဤသည်မှာ သမင်မ၀မ်းမှ လူသားစင်စစ်မွေးလာခြင်းဖြစ် သည်။ တစ်စတစ်စ မျီုးဗီဇတို့ ဇာတ်ခြားသည်အထိ ရိုင်းရာမှယဉ် ယဉ်ရာမှရိုင်းခြင်း မဟုတ်ပါ။ ဣသိသိင်္ဃဇာတ်နဲ့ပတ်သက်၍ မိမိငယ်စဉ် က ဆရာဝန်တစ်ဦးရေးသော ဆောင်းပါးတစ်ပုဒ်ဖတ်ဖူးသည်ကို သတိရမိသည်။
ယင်းဆရာဝန်စာရေးဆရာက လူ၏မျိုးဗီဇနှင့် တိရစ္ဆာန်သမင်မ၏ မျိုးဗီဇ မတူညီဇာတ်ခြားသောကြောင့် ဆေးပညာအရ မဖြစ်နိုင်ကြောင်းဆိုပါသည်။ ထိုအဆိုသည် သူသိသောဆေးပညာအရသာ ဆိုခြင်းဖြစ်ပြီး၊ သူသိသောဆေးပညာထက် ကျော်လွန်သော အကြောင်းတို့အရ ဆိုခြင်းမဟုတ်ဟု နားလည်မိပါသည်။
မကျည်းပင်၊ကြာပွင့်တို့၌ သံသေဒဇပဋိသန္ဓေဖြစ်သည်ဟူသော စာအဆိုကို ရုပ်ဝါဒီသမားများ စဉ်းစားလျှင် ဦးနှောက်ခြောက် ဖွယ်ရာ ရှိပါမည်။ ရုပ်ဝါဒီသမားတို့ ပို၍ပိုစဉ်းစားမရနိုင်ဖြစ်ရသည်မှာ ဥပပါတ်ပဋိသန္ဓေဖြင့် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် ဘွားကနဲကိုယ်ထင်ရှား ဖြစ်သည်ဟူသော ဥပပါတ်သတ္တ၀ါများအကြောင်းပင် ဖြစ်ပါသည်။ အဘိဓမ္မာဒေသနာတွင် ပဋိသန္ဓေသည် ၀မ်း၌ဖြစ်သော ဂဗ္ဘသေယျက ပဋိသန္ဓေသည်လည်း အဏ္ဏဇ ဥ၌ဖြစ်သော ပဋိသန္ဓေနှင့် သားအိမ်၌ပေါက်ဖွားသော ဇလာဗုဇ ပဋိသန္ဓေဟူ၍ နှစ်မျိုးကွဲပြန်သည်။ ဤပဋိသေန္ဓများအနက် သြပပါတိက (ဥပပါတ်)ပဋိသန္ဓေတွင် ယုံကြည်နားလည်ရာမှာ သာမန်ရုပ်ဝတ္ထုများကိုသာ စူးစမ်းသော အသိဥာဏ် ဖြင့် မလုံလောက်တော့ချေ။ မြတ်ဗုဒ္ဓ၏ ဒိဗ္ဗစက္ခုဥာဏ်၊သဗ္ဗညုတဥာဏ်တို့ကိုလဲ ယုံကြည်နိုင်ရန် မလွဲမသွေလိုအပ်ပါ၏။ ယုံကြည်ဟု အတင်းတိုက်တွန်း၍ ရကောင်းသောအရာကား မဟုတ်။ ယုံကြည်နိုင်သောအသိဥာဏ် ဖြစ်ပေါ်လာအောင် လေ့လာစူးစမ်းရန်သာ ဖြစ်ပါသည်။
ဗုဒ္ဓဘာသာစာပေတို့တွင် ဗြဟ္မပြည်မှ စုတေ၍ ဥပပါတ်ပဋိသန္ဓေဖြင့် ကမ္ဘာဦးလူသားများ ဖြစ်ပေါ်လာသည်ဟု ဆိုပါသည်။ ဥပပါတ်ပဋိသန္ဓေကို နားလည်ယုံကြည်လျှင် မျောက်ကနေ၍ လူဖြစ်လာသည်အထိ ဖြစ်နိုင်ချေကို ယုတ္တိပြရန် အပင်ပမ်းခံစားဖွေခြင်းသည် သာမာန်လူတစ်ဦ၏ ကိုယ်ပိုင်အတွေးအခေါ်အပိုင်းအခြား (သာမညယုတ္တိ)ပေါ်တွင်သာ ရပ်တည်ထားခြင်းဖြစ်ကြောင်း နားလည်နိုင်ပေ သည်။ ဥပပါတ်ပဋိသန္ဓေသည် လောကတွင် မရှိဟု ခံယူလျှင် ဗုဒ္ဓဘာသာ၏ အပြင်ဖက်သို့ ရောက်သွားဖွယ်ရာရှိပါသည်။ မြတ်စွာဘုရားကို ခံ၍ငြင်းရာလဲရောက်ပါမည်။ အဘယ်ကြောင့်နည်း…..ဥပပါတ်သတ္တ၀ါများရှိကြောင်း မြတ်ဗုဒ္ဓဒေသနာတော်တို့တွင် အတိအလင်း ဟောထားသောကြောင့် ဖြစ်ပါသည်။
(၃)
ဒါဝင်၏ Evolution သီအိုရီအရဆိုလျှင် ယခုခေတ်လူသားတို့သည် နောင်နှစ်ပေါင်းများစွာ ကြာသောအခါ ခြေလက်အင်္ဂါများ ယခုထက်ပိုပြီး ပြောင်းလဲတိုးတက်လာစရာရှိပါသည်။ လက်ရုံးနှစ်ဖက်မှ လက်ရုံးလေးငါးဖက် ဖြစ်လာမလားလို့ တွေးရန်ရှိပေ၏။ အဘယ် ကြောင့်ဆိုသော် ဒါဝင်၏ Evolution သိအိုရိအရ နိမ့်ရာမှ မြင်ရာသို့ အကန့်အသတ်မရှိ တိုးတက်ပြောင်းလဲနေရမည် ဖြစ်သောကြောင့် တည်း။ ဒါဝင်၏အဆိုကို ဘာထရန်ရပ်ဆယ် ကလည်း ငြင်းဆို ကပ်ကွက်ခဲ့ကြောင့် သိရပေသည်။ အစ၏အစ ဆိုရာမှ သတ္တ၀ါ၏အစကို အသာထား၍ ရေမြေလေမီးဟူသော ပရမတ္ထဓါတ်ကြီးလေးပါး၏အစကို ရှာကြည့်လျှင်လည်း အသိဥာဏ်တုန်းပြီး မျောသွားဖွယ်ရာရှိပါ၏။ မြတ်ဗုဒ္ဓသည် နာမ်ကိုယ်သာပိုင်းခြားသိတော်မူသည်ကားမဟုတ်၊ ရုပ်တရားများကိုလဲ ပိုင်းခြားသိတော်မူပါပေ၏ လောက၀ိဒူ ဂုဏ်တော် ဆိုသည်မှာ သတ္တလောက သတ္တ၀ါတို့အကြောင်း၊ သင်္ခရလောကတွင် သင်္ခါရတရားတို့၏အကြောင်း၊ သြကာသလော နေလကမ္ဘာ အနန္တစကြာဝဠာ ဘုံတို့အကြောင်းကို ပြိုင်ဖက်မရှိ အကြွင်းမဲ့သိမြင်တော်မူသော ဂုဏ်တော်ဖြစ်ပါသည်။
ဤသတ္တ၀ါအပေါင်းတို့သည် ဆန်းကြယ်သကဲ့သို့ ဤအတူဆန်းကြယ်သော အခြားဖြစ်သည့် တစ်ခုသောအပေါင်း (ဧကနိကယ) ကိုမျှလဲ ငါဘုရားမြင်တော်မမူ ဟူ၍ အင်္ဂုတ္ထိုရ်၌ ဒေသနာရှိပေသည်။ ကိုယ်ထင်ရှားဖြစ်သော ဥပါပတ်ပဋိသန္ဓေသည် ဆန်းကြယ်သော အရာတို့တွင် တစ်ခုအပါအ၀င်ဖြစ်ပေလိမ့်မယ်။ ဥပပါတ်ပဋိသန္ဓေကို မယုံကြည်နိုင်သူအဖို့ (ဣဿရနိမ္မာန) ဖန်ဆင်းရှင်ဝါဒကိုလျှင်လဲ ယုံကြည်ယူဆမိမည်။ သို့မဟုတ်ဒါဝင်၏ Evolution သီအိုရီကိုလျှင်လဲ ယုံကြည်ယူဆမိပေမည်။ Evolution သီအိုရီသည်လဲ သာမညယုတ္တိ နောက် လိုက်လွန်းသော အစွန်းတစ်ခုဟု ဆိုချင်ပါသည်။ ယခုခေတ်တွင် ဖြစ်ထွန်းနေသော နည်းပညာပစ္စည်းများ အကြောင်းကို လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)လောက်ကာလမှာ သွားပြောလျှင် ဥဏ်မီရာ ယုတ္တိရှာမရ၍ မယုံကြည်နိုင်ဖြစ်ပေလိမ့်မည်ကို တွေးကြည့်နိုင်ပါသေည်။
နိဂုံးချူပ်အနေဖြင့် တစ်ခုပြောလိုသေးသည် အဇ္ဈတ္တသန္တာန်ရှိ ရုပ်ကလာပ်တို့သည် ကံ -စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရားလေးပါးတို့ကြောင့် အသီးသီးဖြစ်ပေါ်ရပေသည်။ ဗဟိဒ္ဓ၌ဖြစ်သော ရုပ်တရားတို့ကိုကား သီတဥတု၊ ဥဏှဥတုတို့က ဖြစ်စေပါသည်။ ဗဟိဒ္ဓရုပ်ဖြစ်သော သုဒ္ဓဋ္ဌကလာပ် (ရေ-မြေ-လေ-မီး-အဆင်း-အသံ-အနံ့-အရသာ-သြဇာ) သဒ္ဒန၀ကကလာပ် (သုဒ္ဓဋ္ဌကလာပ်တွင် သဒ္ဒထည့်) တို့သည် ဥတုအကြောင်းတစ်ပါးသာ ရှိသည်ကား မှန်၏။ အ၀ိဇ္ဇာ တဏှာ ကံ သင်္ခါရတို့နှင့် လုံးလုံးအဆက် အသွယ်ပြတ်တောက်သည်တော့ မဟုတ်သေး။ ဝေးသောအကြောင်း အဖြစ်ဖြင့်ကား ရှိနေသေးသည်သာ။
“စိတ်သည် လောကကို ဆောင်အပ်၏” ဟူသောမြတ်ဗုဒ္ဓ၏အဆိုအမိန့်ကို ဤအရာ၌ပညာရှင်တို့ ထုတ်ဆောင်ကြပေသည်။ အကျယ်သိလိုမူ သေက္ချတောင်ဆရာတော်၏ ပဏ္ဍိတဝေဒနိယကျမ်းတွင် ကြည့်ရှုနိုင်ကြပါသည်။
ဤဆောင်းပါးကို ရေးဖြစ်သည့်အတွက် ဆရာအောင်မှိုင်း ၊ ဆရာစောနေလတ်တို့ကို အထူးကျေးဇူးတင်ပါသည်။

Wednesday, September 30, 2009

ဖတ်မိသမျှစာများ(၄)

သာသနာတော် သန့်ရှင်း၊ တည်တံ့ ၊ ပြန့်ပွားရန်
ဖတ်မိသမျှစာများမှ သာသနာတော် သန့်ရှင်း၊ တည်တံ့ ပြန့်ပွားနိုင်ရန်အတွက် မကွေးဆရာတော်ကြီးရဲ့ သာရဏီရကထာကို ဖေါ်ပြပေး လိုက်ပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃနာယကအဖွဲ့(၄၇)ပါးစုံညီ သတ္တမ အစည်းအဝေးတွင် မိန့်ကြားတော်မူအပ်သော သဘာပတိဥက္ကဌ အဘဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ် ဆရာတော် ဘဒ္ဒန္တကုမာရ မဟာထေရ၏ သာရဏီယ သြ၀ါဒကထာမှ ကောက်နှုတ်ဖေါ်ပြပါသည်။
နိုင်ငံတော် သံဃမဟာနာယက ဆရာတော် အရှင်မြတ်တို့ဘုရား…
ဆရာတော်အရှင်သူမြတ်တို့ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးဟူသော ဦးတည်ချက်ဖြင့် စုံစုံညီညီ ကြွရောက်တော်မူလာကြသည့် အတွက် “ယာဝကီဝဉ္စ ဘိက္ခဝေ ဘိက္ခု သမဂ္ဂါ သန္နိပတိဿန္တိ၊ သမဂ္ဂါ ၀ုဋ္ဌဟိဿန္တိ၊ သမဂ္ဂါ သံဃကရဏီယာနိ ကရိဿန္တိ၊ ၀ုဒ္ဓိယေ၀ ဘိက္ခဝေ ဘိက္ခူနံ ပါဋိကင်္ခါ နောပရိဟာနိ(ဒီ၊ ၂၊ ၆၅) ဟူသော ဘိက္ခု အပရိဟာနိယ ဒေသနာတော်နဲ့ ညီညွတ်သည့်အတွက် နှစ်သစ်ရွှင်လန်း ၀မ်းမြောက်ရပါသည် ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား…
ဘုရားတပည့်တော်တို့၏ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းမှု၏ ရည်ရွယ်ချက် (၇)ချက်တို့တွင် (က)တွင် သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရန် ဖြစ်သည်ဟု ဆိုထားရာ ဘုရားတပည့်တော်တို့ ဆောင်ရွက်ရမည့် သာသနာတော်ကိစ္စများမှာ-
သာသနာတော် သန့်ရှင်းရန်၊
သာသနာတော်တည်တံ့ရန်၊
သာသနာတော် ပြန့်ပွားရန်တို့ ဖြစ်ပါသည်။
ထိုရည်ရွယ်ချက် (၃)ရပ်တို့တွင် သာသနာတော်သန့်ရှင်းရန်အတွက် ဂိုဏ်းပေါင်းစုံ သံဃအဖွဲ့အစည်း ဖွဲ့စည်းပြီး၊ ပထမငါးနှစ်အတွင်းတွင် ရဟန်းတု ရဟန်းယောင်များကို ဖယ်ရှားခြင်း၊
ပိဋကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို နိုင်ငံတော် သိခြားဝိနည်းဓိုရ်အဖွဲ့များဖြင့် ဓမ္မ-အဓမ္မ ဆုံးဖြတ် စေခြင်းစသည်ဖြင့် သာသနာတော် သန့်ရှင်းရန်ကိစ္စများကို ဆောင်ရွက်ခဲ့သဖြင့် အထိုက်အလျောက် အောင်မြင်ခဲ့ပါသည်ဘုရား။
သို့ရာတွင် နှစ်ကာလ ကြာမြင့်လာသောအခါ ထိုရဟန်းတု ရဟန်းယောင်များ အဓမ္မ၀ါဒများ တစ်စတစ်စ ခေါင်းထောင်လာသည်ကို ဆရာတော်များ ကြားသိတော်မူကြပြီး ဖြစ်ပါလိမ့်မည်ဘုရား..
ဆရာတော် အရှင်မြတ်တို့ဘုရား..
နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် ဆရာတော်အရှင်သူမြတ်တို့သည်-
(၁)ခမာ-အရာရာ၌ သည်းခံခြင်းဂုဏ်၊
(၂) ဇာဂရိယ- နိုးကြားခြင်းဂုဏ်၊
(၃)ဥဋ္ဌာန- ထကြွလုံ့လ၀ီရိယ ရှိခြင်းဂုဏ်၊
(၄) သံဝိဘာက- ခွဲခြားဝေဖန်ခြင်းဂုဏ်၊
(၅) ဒယာ- သနားငဲ့ညှာခြင်းဂုဏ်၊
(၆)ဣက္ခဏ- စေ့စေ့ငုငှု ကြည့်ရှုဆင်ခြင်းဂုဏ် ဟူသော နာယကဂုဏ်အင်္ဂါခြောက်ပါးတို့နှင့် ပြည့်စုံတော်မူကြသည့် အရှင်မြတ်များချည်းသာ ဖြစ်ကြရပါမည်ဘုရား။
ဤနာယကဂုဏ် ခြောက်ပါးတို့တွင်လည်း နောက်ဆုံးဖြစ်သော စေ့စေ့ငုငု ကြည့်ရှုဆင်ခြင်ခြင်းဟူသော “ဣက္ခဏ” ဂုဏ်အင်္ဂါကို ကိစ္စကြီးငယ် သွယ်သွယ်၀၀ ဟူသမျှတို့၌ ရှေ့ဂုဏ်အင်္ဂါ ခြောက်ပါးထက် အလွန်အကြူး အထူးအားဖြင့် အလိုရှိသင့်၊ အလိုရှိထိုက်၊ ပြည့်စုံစေသင့် ပြည့်စုံစေထိုက်လှပါသည်ဘုရား။
အဘယ်ကြောင့်နည်းဟူမူ အကြီးအမှူး ဦးစီးနာယက ဖြစ်ကြသော ပုဂ္ဂိုလ်တို့သည် မိမိတို့ကြီးမှူးရာ နယ်ပယ်အတွင်း၌ အကြောင်းအရာ ၀တ္ထုအစုစုတို့ကို တစ်ခုမကျန် ဝေဖန်ပိုင်းခြား ပြတ်သားစွာ သိမြင်အောင် ကြည့်ရှုဆင်ခြင်ပြီး၊ ပဂ္ဂဟ၊ နိဂ္ဂဟ ကိစ္စကြီးငယ် အသွယ်သွယ်တို့ကို ဆောင် ရွက်ပြုလုပ်မှသာလျှင် ချို့ယွင်းချက်မရှိ တိကျမှန်ကန်သော ဆောင်ရွက်ချက်ဖြစ်သဖြင့် လိုအပ်သော အကျိုးများ ပြီးစီးအောင်မြင်နိုင်သောကြောင့် ဖြစ်ပါသည်ဘုရား။
သို့ရာတွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးသည် ကျောင်း၊ကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွားခြင်း၊ ကျောင်းသစ်ဆောက်လုပ်မှု အတည်ပြုခြင်း အစရှိသော အသေးအဖွဲကိစ္စများကိုသာ ဆောင်ရွက်နေကြရသည်က များပါသည်ဘုရား။
လွန်စွာ အရေးကြီးသည့် သာသနာသန့်ရှင်းရေးကိစ္စများကိုမူ စိတ်ပါဝင်စားသော အရှင်မြတ်များ အနည်းငယ်မျှသာ ရှိသည်ဟု ထင်မြင်ယူဆမိပါသည်ဘုရား။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင် အမြတ်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သည့်အတွက် သာသနာတော်သန့်ရှင်းရေးကိစ္စများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးမှာ တာဝန်အရှိဆုံး ဖြစ်ပါသည်။
ထို့ကြောင့် ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး၌ မည်သည့် အညစ်အကြေးများ၊ မည်သည့် ဘေးရန်များ၊ မည်သည့် အနှောက်အယှက်များ ဖြစ် ပေါ်နေသည်ဟု တိကျပြတ်သားစွာ သိမြင်အောင် ဆင်ခြင်ထောက်လှမ်း စုံစမ်းလေ့လာမှု အမြဲပြုနေကြဖို့ လိုပါသည်ဘုရား။
ယခုအခါ ပိဋကတ်တော်နှင့် မညီညွတ်သော ရေးသားခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်း၊ ဟောပြောခြင်းများ ပေါ်ပေါက်နေသည်ကို လည်းကောင်း၊ ယခင် ကအဓမ္မဟု ဆုံးဖြစ်အပ်ခဲ့ပြီးသော အဓမ္မ၀ါဒများ ပြန်လည်ခေါင်းထောင်နေသည်ကို လည်းကောင်း ကြားသိတွေ့မြင်နေရပါ သည်ဘုရား။
ယင်းကိစ္စများသည် သာသနာတော်အတွက် ကြောက်မက်ဖွယ်ကောင်းသည့် လွန်စွာကြီးမားသော အညစ်အကြေးများ ဖြစ်ကြပါသည်ဘုရား။
ထိုသာသနာ့ဘေးရန်ကို မည်သို့မည်ပုံ တားဆီးကာကွယ်ရမည်၊ သုတ်သင်ပယ်ရှားရမည် စသည်တို့ကို လေးလေးနက်နက် စဉ်းစား နှိုင်းချိန်၍ မိမိတို့အချင်းချင်းလည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃ၀န်ဆောင် ဆရာတော်များနှင့်လည်းကောင်း၊ အခြားပညာရှင်မှားနှင့်လည်းကောင်း၊ တိုင်ပင်ညှိနှိုင်း၍ အလေးအနက်ထားကာ ဆောင်ရွက်တော်မူကြပါရန် လျှောက်ထားပါသည်ဘုရား။

Tuesday, September 29, 2009

ဖတ်မိသမျှစာများ(၃)

ယခုအခါ အယူဝါဒရေးပိုင်းမှာ ဘုရားရှင်မဟောထားဘဲ ဟောသယောင်၊ သာမာန်လူပြိန်းများအား ယုံကြည်လွယ်တဲ့ နည်းလမ်းများဖြင့် သိမ်းသွင်းပြီး တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် သာသနာဖျက်များ ထွက်ပေါ်လျှက်ရှိပါတယ်။ မကြာသေးမီက ပစ္စုပ္ပန်ကမ္မ၀ါဒ ဆိုတဲ့ အဓမ္မ၀ါဒတွေကို သိပြီးလို့မှ မကြာသေး၊ ယခုတခါ ဂိုဏ်းဃဏတစ်ခု ပေါ်ပေါက်နေပြန်ပါပြီ၊စာဖတ်သူများ ကြိုတင်ကာကွယ် သတိထားနိုင်ဖို့အတွက် ဆောင်းပါးရှင် ဥာဏိန္ဒ ရဲ့ “တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်ပါကလားနော်” ဆိုတဲ့ ဆောင်းပါး ကို ဖေါ်ပြလိုက်ပါတယ်။

(က)
၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ဓမ္မရံသီတွင် ပါသော ဆရာ ဦးသတ္ထိဇော်၏ ‘ ပစ္စုပ္ပန်ကမ္မ၀ါဒ’ ဆောင်းပါးအကြောင်း ပြောဆိုဆွေးနွေး၍ ဇော်တူးတို့ ညီအစ်ကို နှစ်ယောက် ပြန်သွားကြပြီးနောက် အမွှေးတိုင်ထုတ်တွေ ကိုင်လာသော မိတ်ဆွေတစ်ယောက် ကျွန်ပ်၏ အိမ်အတွင်း ၀င်လာလေ၏။
“သြော်..ကိုနက် ဘယ်ကလှည့်လာတာတုံး”
“အမွှေးတိုင် သွားဝယ်လာတာပါ”
“များလှချည်လား၊ ပြန်ရောင်းဖို့လား”
“မဟုတ်ပါဘူးဗျာ၊ ကျွန်တော်တို့က ညနေတိုင်း သုသာန်ကို သွားပြီး အသုဘကမ္မဋ္ဌာန်း ဓုတင် ဆောင်ကြတာလေဗျာ”
“ဓုတင်ဆိုတာ ရဟန်းတွေပဲ ဆောင်ကြတာလေဗျာ”
“မဟုတ်ဘူးဗျ၊ ကျွန်တော်တို့ဂိုဏ်းက ညနေတိုင်း ညရှစ်နာရီ ကိုးနာရီလောက်အထိ သုသာန်မှာ အသုဘကမ္မဋ္ဌာန်း ဓူတင်နဲ့ တရားသွားကျင့်ရတာဗျ”
“ခင်ဗျားတို့ဂိုဏ်းက ဘာဂိုဏ်းတုံး၊ ပယောဂကုတာလား၊ ထွက်ရပ်ပေါက်အောင် ကျင့်တာလား…၊ ဘာဂိုဏ်းလဲဗျာ”
“ဘာသာရေးပါပဲ၊ တရားကျင့်ရတာပါ။ ပယောဂတွေ ထွက်ရပ်ပေါက်တွေနဲ့ မဆိုင်ပါဘူး။ ဗုဒ္ဓအလိုတော်အတိုင်း နိဗ္ဗာန်မဂ်ဖိုလ် ရရာရကြောင်း ကျင့် တာပါပဲ။ အထူးသဖြင့်တော့ သုသာန်မှာ သွားကျင့်ရတာပေါ့ဗျာ”
“သုသာန်ဓူတင်လား…..၊ အသုဘကမ္မဋ္ဌာန်းလား… ရှင်းအောင် ပြောပါအုံးဗျာ”
“ ဟာ…သုသာန်ကို သွားမှတော့ အသုဘကမ္မဋ္ဌာန်း သုသာန်ဓူတင်ပေါ့ဗျ။ ခင်ဗျားလဲ ဘာသာရေး နားလည်သားနဲ့”
“ဗုဒ္ဓေါ” ကျွန်ပ် ဘုရားတ မိလေ၏။
“ ထိုင်ပါအုံး ကိုနက်ရာ…။ မအေကြီးရေ ရေနွေးကြမ်းကလေး လက်ဖက်သုပ်ကလေး လုပ်ပါအုံးဟေ့”
ကိုနက်သည် စားပွဲဘေးမှ ခွေးခြေခုံတစ်ခုကို ဆွဲ၍ ၀င်ထိုင်၏။
“ ကျွန်တော့ကိုလည်း ခင်ဗျားတို့ တရားလေး နဲနဲပါးပါး ဟောခဲ့ပါဦးဗျာ”
“ ကျွန်တော်တို့ ဂိုဏ်းက အပြင်လူနဲ့ ဘာသာရေး မဆွေးနွေးရဘူးဗျ”
“ အောင်မလေး…… အကျိုးနဲ” ကျွန်ပ်စိတ်ထဲက ရေရွတ်မိခြင်း ဖြစ်ပါ၏။
“ ကိုနက်ရာ ကျွန်တော်က ဗဟုသုတ နဲပါတယ်ဗျာ။ ကရုဏာထားတဲ့ အနေနဲ့ ခင်ဗျားတို့ ဂိုဏ်းတော်ရဲ့ အကြောင်းကလေး အရိပ်အမြွက် ဖြစ်ဖြစ်တော့ ပြောခဲ့ပါဗျာနော်။ ကျွန်တော် ခင်ဗျားကိုတို့ လုပ်ရပ်တွေ လေးစားလွန်းလို့ပါဗျာ နော်။ သြော်..ကိုနက် ဆေးလိပ်သောက်လား”
“နေ နေ မသောက်ဘူး”
“ဟုတ်ကဲ့ မအေကြီးရေ ကိုနက်ဖို့ ကော်ဖီမစ်ကလေး ဖျောခဲ့ပါအုံး”
“ဟာ…..နေပါစေဗျာ၊ အားတောင်နာလာပြီ”
“အားမနာပါနဲ့ ကိုနက်ရာ၊ လူရင်းတွေပဲဥစ္စာ၊ ဟို ဆက်ပြောပါဦး၊ ပြင်ဦးလွင်”
“ကျွန်တော်တို့ ဂိုဏ်းချူပ်ကြီးက ဗြဟ္မာမင်းကြီး ဆက်သထားတဲ့ ကြာသင်္ကန်းကို ၀တ်တာဗျ”
“ဟုတ်လား…. ဟာ …အရမ်းတန်ခိုးကြီးမှာပေါ့နော်”
“တစ်ကမ္ဘာလုံး ဘာလူမျိုးဖြစ်ဖြစ် သူ့သားသမီးတွေချည်းပဲဗျာ”
“ ဗုဒ္ဓေါ…..ကျွန်ပ်အဖေက ဦးလှတင်ပါဗျာ” ကျွန်ပ်စိတ်ထဲမှ ပြောမိခြင်းဖြစ်၏။
“ ကျွန်တော်တို့ တစ်နှစ်တစ်ခေါက်တော့ ဂိုဏ်းချူပ်ဆရာကြီးဆီ ရောက်အောင် သွားရတယ်။ ပူဇော်ကန်တော့ကြရတယ်။ အဲဒီမှာ ကျွန်တော်တို့ နဲ့သင့်တော်ရာ တရားကို ဟောတယ်။ အဓိကကျင့်ရတာကတော့ စောစောကပြောတဲ့ သုသာန်အသုဘ ကမ္မဋ္ဌာန်း ဓူတင်ပေါ့ဗျာ”
“ကျွန်တော်တို့ ဂိုဏ်းထဲ ၀င်ပြီးရင် ဘယ်သူမှ ပြန်မထွက်ရဲတော့ဘူး။ ကျွန်တော်တို့နဲ့ သင့်တော်လို့ ဟောထားတဲ့ တရားကို အပြင်လူကို ပြန်မပြော ရဘူး”
“ကျွန်တော် ခင်ဗျားတို့ ဂိုဏ်းထဲ ၀င်မယ်ဆိုရင်ကောဗျာ”
“ ကျွန်တော်တို့ သွားရင် လိုက်ခဲ့ပေါ့။ လိုင်စင်ဓါတ်ပုံလဲ တစ်ခါထဲ ယူလာခဲ့လေ။ ပထမဆုံး ဂိုဏ်းဝင်အသစ်ကို ဂိုဏ်းချူပ်ဆရာကြီးက တစ်ယောက် ချင်းတွေ့ပြီး တရားဟောမယ်။ ကဲ..ဒါပါပဲဗျာ။ ဒါထက်တော့ ကျွန်တော် ပြောပိုင်ခွင့် မရှိဘူးဗျ။ ကျွန်တော်တို့ အချင်းချင်းတောင် တရားမဆွေးနွေးရ ဘူး”
ထိုစဉ် ဇော်တူးတို့၏ ဦးကြီး တော်စပ်သူ ဦးခင်မောင်သိန်း ရောက်လာ၏။ ကျွန်ပ်တို့ စားပွဲတွင် ၀င်ထိုင်၏။

(ခ)
“သြော်..ကိုနက် ရောက်နေပါ့ကော။ ကျော်စိန်…ဇော်တူးတို့ကောကွ”
“ပြန်ကုန်ကြပြီ ကိုသိန်း၊ ကိုနက်တို့ ဂိုဏ်းတော်ကြီးအကြောင်း သိချင်လို့ မေးကြည့်နေတာ။ အဲဒါ တရားဆွေးနွေးခွင့် ဂိုဏ်းအကြောင်း ပြောခွင့် မရှိဘူးတဲ့ ဗျ”
“ ကျွန်တော်တို့က သုသာန်မှာ အသုဘကမ္မဋ္ဌာန်း ဓူတင်ကျင့်နေကြတာဗျ”
“ဟ…ကိုနက်ရ သုသာန်ဓူတင်လား…အသုဘကမ္မဋ္ဌာန်းလား…… ရှင်းရှင်းပြောပါဗျ”
“ဟ..ကိုခင်မောင်သိန်းရ၊ ခင်ဗျားက ရှုပ်အောင် လုပ်ပြန်ပြီ”
“ဟား…ဟား…ဟား ကျော်စိန်ရ၊ ငါကပဲ ရှုပ်သတဲ့ကွ၊ လုပ်ပါအုံး”
ကိုခင်မောင်သိန်းမှာ ဘုကျကျ ပြောတတ်သူ ဖြစ်၍ အရှေ့၌ အချိုးမကျသည်ကို တွေ့လျှင် ပိဿာလေးနဲ့ ဘေးပစ်သလို ပြောတတ်သူဖြစ်၏။
“သြော်..ကိုနက်၊ ကျွန်တော်ရှင်းပြပါရစေ။ ကျွန်တော် မှားရင်လဲ ခွင့်လွတ်ပေါ့ဗျာ”
ကျွန်ပ်မမှား၊ သူသာမှားကြောင်း သိသော်လည်း အဆုံးအထိ နားမထောင်ဘဲ ထသွာမည် စိုးသောကြောင့် သူ့ကို ခေတ္တမြှောက်ထားရခြင်းဖြစ်၏။
“သုသာန်ဓူတင်ဆိုတာ သုသာန်မှာ သွားပြီး ဘာဝနာတစ်ခုခု ပွားတာပေါ့ဗျာ။ ညလူခြေတိတ်မှာ သုသာန်ကို သွားနေတာလို့ လွယ်လွယ်ပြောကြပါစို့”
“အသုဘကမ္မဋ္ဌာန်းဆိုတာ မတင့်တယ်တဲ့ ရုပ်ခန္ဓာကြီးရဲ့ ပျက်စီးယိုယွင်းနေပုံ။ နှစ်သက်ဖွယ်မရှိပုံ။ စက်ဆုပ်စရာအတိ ဖြစ်နေပုံတွေကို ထင်ရှား အောင် လူသေအလောင်းကို ကြည့်ရှု ဆင်ခြင်တာပေါ့ဗျာ။ အသုဘ (၁၀)ပါးလို့ ပါဠိတော်မှာ လာတယ်ပေါ့ဗျာ။
ဥဒ္ဓုမာတကံ ၀ိနီလကံ ၀ိပုပ္ပကံ ၀ိစ္ဆိဒ္ဒကံ ၀ိက္ခာယိတကံ ၀ိက္ခိတ္တကံ ဟတ၀ိက္ခတ္တကံ လောဟိတကံ ပုဠုဝကံ အဋ္ဌိကဉ္စေတိ ဣမေ ဒသ အသုဘာ နာမ တဲ့ဗျာ”
“ ဟိတ်ကောင် ကျော်စိန်၊ အနက်ပြန်ပါအုံးကွာ။ ငါနားလည်အောင်”
“(၁) ဥဒ္ဓုမာတက- ဆိုတာ သေပြီး ဖူးဖူးရောင်ထ ပွနေတဲ့ ရုပ်အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၂) ၀ိနီလက -က ပုပ်ပွပြီး အဖြူကွက်၊ အနီကွက် အမဲကွက်တွေနဲ့ ရုပ်အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၃) ၀ိပုဗ္ဗက-ဆိုတာက ပုပ်ပွပြီး ဖြူနီညိုမဲနေရာက အပုပ်ရည်တွေ ယိုစီးကျနေတဲ့ ရုပ်အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၄)၀ိစ္ဆိဒ္ဒက- ကတော့ နှစ်ပိုင်းပြတ်နေတဲ့ ရုပ်အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၅) ၀ိက္ခာယိက-ကတော့ ခွေးတွေ တိရစ္ဆာန်တွေ ကိုက်ဆွဲစားထားလို့ ပဲ့ရွဲ့နေတဲ့ ရုပ်အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၆) ၀ိက္ခိတ္တက- ကတော့ ခွေးတိရစ္တာန်တွေ ကိုက်ဆွဲစားပြီး အလောင်းကြီး ဖရိုဖရဲနဲ့ ပြတ်သတ်ပြီး ဟိုတစ်စ ဒီတစ်စ ဖြစ်နေတာကို ကြည့်ရှု ဆင်ခြင်တာ။
(၇) ဟတ၀ိက္ခိတ္တက-ဆိုတာကတော့ လူသတ်ခံထားရတဲ့ အလောင်း။ ရိုးရိုးသတ်ရုံ မဟုတ်ဘူး။ ဓားနဲ့ မွှန်း ခုတ်ထစ်ခံထားရတဲ့ အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၈) လောဟိတက-က သွေးစိမ်း ယိုစီးထွက်ကျနေတဲ့ အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၉) ပုဠုဝက-ဆိုတာ လောက်တွေ တဖွားဖွားနဲ့ ပုပ်ပွနေတဲ့ အလောင်ကို ကြည့်ရှုဆင်ခြင်တာ။
(၁၀) အဋ္ဌိက- ဆိုတာကတော့ အရေတွေ အသားတွေ မရှိတော့ဘူး။ အရိုးချည်းကျန်တော့တဲ့ အချိန်မှာ ရှုကြည့်ဆင်ခြင်တာပေါ့ဗျာ။ အဲဒါ အသုဘကမ္မဋ္ဌာန်း ဆယ်ပါးပါတဲ့ဗျာ။ ကိုနက်ပြောတဲ သုသာန် အသုဘကမ္မဋ္ဌာန်း ဓူတင်ဆိုတာကတော့ အဲ..ကျွန်တော်လဲ မပြောတတ်တော့ဘူး။ ဘယ်စာထဲမှာ မှလဲ မတွေ့ဖူးဘူးပေါ့ဗျာ။ ခင်ဗျားတို့က စာလောက်တတ်တာပါဗျ။ကျွန်တော်တို့ ဂိုဏ်းချူပ်ဆရာတော်ကြီလို ဘုရားအဆင့် ရောက်နေတာမှ မဟုတ်တာ”
“ဗျာ…ခင်ဗျားတို့ဂုဏ်းချူပ်က ဘုရားဖြစ်နေပြီ ၊ ဟုတ်လား”
“ဟုတ်တယ်၊ ဒါကြောင့် ဗြဟ္မာမင်းကြီးက ကြာသင်္ကန်း ဆက်ရတာပေါ့ဗျာ”
ကျွန်ပ်မှာ စိတ်ထဲမှ “ဘုရား” တမိလေ၏။ သူတို့ဂိုဏ်းချူပ်က ဘုရားတောင် ဖြစ်နေပြီတဲ့။ လောကန္တရတ်ငရဲစာတွေပါလား။
“ခင်ဗျားတို့လို စာတွေတော့ ရွတ်မပြတတ်ဘူး။ ကျွန်တော်တို့က ကိုယ့်တွေ့တရားသမားတွေဗျ။ ထားပါဗျာ။ ကျွန်တော်တို့မှာ ဒါ့ထက် ပြောခွင့် မရှိပါဘူး။ ကဲ ..ပြန်လိုက်အုံးမယ်”
ကိုနက်က သူ့အမွှေးတိုင်ထုပ်များကို ယူပြီး ထွက်ခွာသွားလေ၏။
(ဂ)
“ကဲ…ကျော်စိန်၊ ဘယ်လို ဂိုဏ်းလဲကွာ။ ဘုရားတောင်ဖြစ်နေပြီတဲ့။ ဒုက္ခပါလား ကွာ ဟင်”
“ဒီဂိုဏ်းဝင်တွေလဲ အတော်များများ ရှိနေတယ်ဗျာ”
“အေး…ညနေညနေ သချိုင်းကုန်း သွားကြတာတွေ တော်တော်များသကွ”
“အေးဗျာ၊ စောစောကတင် “ ပစ္စုပ္ပန်ကမ္မ၀ါဒ” ဆိုတဲ့ အဓမ္မ၀ါဒအကြောင်း ပြောဆိုပြီးတယ်။ အခုလာပြန်ပြီ ၊ ဂိုဏ်းချူပ်က ဘုရားဖြစ်နေတဲ့ဂိုဏ်းတဲ့။
သင်္ကန်းအပြာဝတ်တဲ့ ပစ္စုပ္ပန်ကမ္မ၀ါဒဆိုတာ တစ်ချိန်တုန်းက အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယက ဆုံးဖြတ်ပြီးသား။ နိုင်ငံတော်က အာဏာစက်နဲ့ တားမြစ်ပြီးသားဝါဒကို သင်္ကန်းအပြာဝတ်ပြီး အသစ်တစ်ခါ အသက်သွင်းလာတာပဲဗျာ။ အခုဂိုဏ်းချူပ်က ဘုရားတောင် ဖြစ်နေလို့ ဗြဟ္မာမင်းက တောင် ကြာသင်္ကန်းဆက်ရတဲ့ ဂိုဏ်းကတော့ သူတို့တရားဆိုတာကို အပြင်လူကို ပြောခွင့်မရှိဘူးတဲ့ဗျာ။ အချင်းချင်းတောင် တရားမဆွေးနွေးရဘူး တဲ့။ တစ်ဦးချင်း သီးခြားတရားနဲ့တဲ့။ ကဲ….သူတို့တရားကိုတော့ ကျွန်တော်တို့ ဝေဖန်လို့ မရဘူးပေါ့ဗျာ။ ဘာမှန်းမှ မသိဘဲကိုး။
“ဒါပေမဲ့ အဟုတ် မဟုတ်တာတော့ သေချာတယ်။ ထူးတာက ဂိုဏ်းထဲဝင်ပြီးရင် ပြန်မထွက်ရဲအောင် ဘယ်လိုလုပ်ထားလဲ ဆိုတာနဲ့၊ သူတို့တရားကို လျှို့ဝှက်ထားတာက ထူးလှတယ်ဗျ”
“ဘာနဲ့ အနိုင်ကိုင်ထားလဲ မသိဘူးကွနော်”
“ဂိုဏ်းနာမည်ကို မသိရတာက ခက်တာဗျ။ ဒီဆောင်းပါးဖတ်မိတဲ့ စာဖတ်သူထဲက ဒီဂိုဏ်းအကြောင်း သိတဲ့သူပါခံရင် ဆောင်းပါးကလေး တစ်စောင် လောက်တော့ ရေးစေချင်ပါတယ်ဗျာ”
“အေးကွာ….တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် သာသနာဖျက်နေကြသူတွေရဲ့ ရန်ကို အမြဲမပြတ် သတိနဲ့စောင့်ကြည့် ကာကွယ်ကြရမှာ တို့တာဝန်ပဲကွာ။
ချမ်းသာကြပါစေ……
ဥာဏိန္ဒ

Wednesday, September 9, 2009

ဖတ်မိသမျှ စာများ (၂)

ဒီတခါ ဖတ်မိသမျှစာထဲမှာ (ဓမ္မရံသီမဂ္ဂဇင်းမှာ) အရေးကြီးတဲ့ ဆောင်းပါးတစ်ပုဒ်ပါလာပါတယ်။ စာရေးဆရာ သတ္တိဇော် ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ခေါင်းစဉ်က “ပစ္စုပ္ပန် ကမ္မ၀ါဒ” ဆိုလို့ စိတ်ဝင်စားသွားတယ်၊ ယခုတလော ဒီအကြောင်းတော်တော်များ ကြားရတယ်၊ သူများရောယောင် ကိုယ်ရောယောင်ဆိုတာလို မဖြစ်ရလေအောင် စာဖတ်သူများအားလုံး အတွက် အမှားအမှန် ခွဲခြားဝေဖန်တတ်ရန် တဆင့် ပြန်လည်တင်ပြပေးလိုက်ပါတယ်။
ပစ္စုပ္ပန်ကမ္မ၀ါဒ
စာရေးသူနေထိုင်ရာ ပြည်မြို့ အိမ်သို့ ဦးပဉ္စင်းနှစ်ပါး ကြွလာသည်။ တစ်ပါးက မြို့ခံဖြစ်သည်၊ တစ်ပါးမှာ ရေနီမှ ကြွလာသည်ဟု သိရပါသည်။ ရေနီတွင်နေသော စာရေးသူ၏ တက္ကသိုလ်ကျောင်းနေဖက်သူငယ်ချင်းကို အကြောင်းပြု၍ ကြွရောက်လာကြခြင်းဖြစ်ပါသည်။
ရေနီဦးပဉ္စင်းနှင့် စကားပြောရင်း တရားဘက်သို့ ရောက်သွားပါသည်။ ထိုဦးပဉ္စင်းထံမှ ထူဆန်းထွေလာ တရားစကားများကို ကြားသိ ရပါသည်။ စာရေးသူမှာ စိတ်နှလုံး မသက်မသာဖြင့် အောင့်ကာ နားထောင်လိုက်ရပါသည်။

ထိုဦးပဉ္စင်းမှာ ပြည်မြို့၌ နှစ်လခန့် သီတင်းသုံးမည်ဖြစ်ကြောင်း တရားဆွေးနွေးလိုပါက ကျောင်းသို့ လာနိုင်ကြောင်း မြို့ခံ ဦးပဉ္စင်းက ဖိတ်ခေါ်ပြီး ပြန်ကြွ သွားကြပါသည်။ ရေနီမှာ သူငယ်ချင်းက စာတစ်စောင်ပါပေးလိုက်သဖြင့် ဦးပဉ္စင်းများ ပြန်ကြွသွားမှ ဖွင့်ဖတ် ဖြစ်ပါသည်။ လွန်ခဲ့သော ၂၃ နှစ်က ကွဲကွာသွားသော သူငယ်ချင်းဖြစ်သည်။ စာရေးသူသည် မသိရသေးသော သူ၏မိသားစု အကြောင်း စီးပွား ရေးအကြောင်း၊ များအပြင် ဘာသာရေးအကြောင်းကိုလည်း ထည့်သွင်း ရေးထားသည်။
သူသည် အခုမှဘာသာရေးကို ထဲထဲဝင်ဝင်သိကြောင်း၊ မိတ်ဆွေများနှင့် ညနေတိုင်းညတိုင်း တရားဆွေးနွေးကြကြောင်း ရေးထား၍ စာရေးသူ ၀မ်းသာမိပါသည်။ ရေနီကို လာလည်ဖို့လည်း လိပ်စာ ပေးထားပါသည်။ စာရေးသူသည် မတွေ့ရတာကြာပြီဖြစ်သော သူငယ်ချင်းနှင့် တွေ့ရန် နောက်တစ်နေ့တွင် ပြည်မှ ရန်ကုန်၊ ရန်ကုန်မှ ရေနီသို့ ရထားဖြင့် အရောက်သွားခဲ့ပါသည်။
စာရေးသူသည် သူငယ်ချင်းအိမ်သို့ ရောက်၍ အမောအပန်းဖြေပြီးသည်နှင့် သူငယ်ချင်းက အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့် တရားစတင်ဟော ကြားပါတော့သည်။ ပါဠိပါဌ်သား အကိုးအကားဖြင့် ဟောပါသည်။ စာရေးသူသည် သူငယ်ချင်းကို ကြည့်၍ အထင်ကြီးမိသည်။
“ အဘိဓမ္မာတရားတော်ဟာ ဘုရားဟောမဟုတ်၊ အဋ္ဌကထာဆရာတို့၏လက်ရာ၊ ပထမသင်္ဂါယနာတင်စဉ်က အဘိဓမ္မာမပါ” စသည်ဖြင့် ဟောပြောလိုက်ပါသည့်အခါတွင်ကား စာရေးသူ ကျောစိမ့်ရပါပြီ။ အဘိဓမ္မာပိဋကကို အဘယ့်ကြောင့် ပစ်ပယ်လိုကြသနည်း။ နတ် ပြည်တွင်ဟောသော တရားဖြစ်၍လား…… ပဋိသန္ဓေစိတ်၊စုတိစိတ်တို့ ပါသော တရားဖြစ်၍လား…။
အတန်ကြာ ဟောပြော၍ စကားလိပ်ပတ်လည်မှ သူတို့ကိုးကွယ်သော ဘာသာမှာ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာဖြစ်ကြောင်း၊ သူတို့ ဆရတော်မှာ အသက် (၈၀)ကျော်ပြီဖြစ်၍ သင်္ကန်းအပြာရောင်ဝတ်ကြောင်း၊ စာရေူးအိမ်သို့ ကြွလာသော ရေနီဦးပဉ္စင်းမှာလည်း သင်္ကန်းအပြာ ရောင် ၀တ်လိုသူဖြစ်ကြောင်း၊ ဆရာတော်က ခွင့်မပြု၍ မ၀တ်ရကြောင်း၊ ပြည်မြို့သို့ သာသနာပြုရန် ကြွလာကြောင်းစသည့် သူတို့ဝါဒ၏ အတွင်းသရုပ်ကို အလုံးစုံ သိရပါတော့သည်။ အဘိဓမ္မာပိဋကကို အဘယ့်ကြောင့် ပစ်ပယ်ရသည်ကို စာရေးသူ ရိပ်စားမိပါပြီ။
သူတို့ဝါဒက ပစ္စုပ္ပန်တစ်ဘ၀ကိုသာ ကြည့်၏။ အတိတ်ဘ၀၊ အနာဂတ်ဘ၀ရှိသည်ဟု မယုံကြည်။ အတိတ်ဘ၀၊ အနာဂတ်ဘ၀ ရှိသည်ဟု ဆိုသူများကို ပါဠိပါဌ်သား အထောက်အထားများ လိုရာဆွဲယူ ရွတ်ဆိုပြ၍ ဒိဋ္ဌိဟု စွပ်စွဲသည်။ လူဝင်းစားဆိုသည်များ မဟုတ်နိုင်ဟု အချက်ကျကျ ဇွတ်အတင်း ပြောသည်။ ပစ္စုပ္ပန်တစ်ဘ၀တည်းတွင် အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ်ဟု ကာလသုံးပါးခွဲ၍ ပဋိစ္စသမုပ္ပါဒ်ကို လှည့်ပြ သည်။
အနိစ္စဆိုတိုင်း မကောင်းသည် မဟုတ်။ အနိစ္စကြောင့် လောကကြီး တိုးတက်သည်။ အနိစ္စသာမရှိလျှင် မင်းလည်း ကလေးဘ၀က တက်မည်မဟုတ်။ သရက်စေ့လည်း စားကောင်းသော သရက်သီး ဖြစ်လာမည်မဟုတ်ဟု ယုတ္တိဗေဒနည်းဖြင့် မျက်စိလည်သွားအောင်ကို အနိစ္စ ချီးမွန်းခန်းဖွင့်သည်။
လက်ရှိ ခန္ဓာကိုယ်ကို ဒုက္ခဟုထင်နေလျှင် နိုက်ထရစ်အက်ဆစ် တစ်ရာရာခိုင်နှုန်း အပြည့်ထည့်ထားသော ကန်ကြီးထဲသို့ ခုန်သာချ ပေရော့ဟု ငေါ့တော့တော့ ပြောသည်။ အရှိခန္ဓာကို ဒုက္ခဟု ဟောတာမဟုတ်၊ အစွဲခန္ဓာကို ဒုက္ခဟု ဟောတာ။ “ပဉ္စုပါ ဒါနက္ခန္ဓာပိ ဒုက္ခာ” ပါဠိ များ ရွတ်လိုက်သေးသည်။
ကာမေသုမိစ္ဆာစာရကို အနက်ဖွင့်ရာ၌မူ လက်ဖျားခါယူရသည်။ “ ကာမေသုမိစ္ဆာစာရ” ဆိုတာသူတစ်ပါး သားမယားကို ပြစ်မှားတာ ချည်းမဟုတ်ဘူး။ ကာမေသုဆိုတာ ကာမဂုဏ်အာရုံတို့၌၊ မိစ္ဆာစာရ - လွဲမှားစွာကျင့်တာပဲ။ တို့ကတော့ သူတစ်ပါးသားမယား ပြစ်မှားဖို့ နေနေသာသာ မီးရထားပေါ်မှာ ကိုယ့်ဘေးကခုံ နေရာလွတ်သွားရင်တောင် ခြေဆင်းမထိုင်ဘူး။ ခြေဆင်းထိုင်လိုက်ရင် ကာမေသုမိစ္ဆာစာရ ပဲ ဟူလေသည်။
၃၁ ဘုံရှိသည် ဆိုသည်ကို မယုံကြည်။ တိရစ္ဆာန်ဘုံကို မြင်နေရသားပဲ ဟု ဆင်ခြေတက်သူကို ၃၁ ဘုံမှာ ၂ဘုံပဲမြင်ရတာကို ရေးကြီး ခွင်ကျယ်ပြောနေ၊ ၂၉ဘုံက ပျောက်နေပါပေါ့လားဟု ပညာရှင်လေသံမျိုးဖြင့် ပြောသည်။ ဇာတ်ကြီး ဆယ်ဘွဲ့တို့ ၊ငါးရာငါးဆယ်နိပါတ်တော်တို့ ကို လူအများ စိတ်ဝင်စားအောင် ပြောပြသည့် ပုံပြင်တွေ ဟု ဆိုသည်။
လူအတွက် အကျိုးရှိမည်ဆိုပါက တိရစ္ဆာန်တွေကို သတ်သင့်က သတ်ရမည်။အပြစ်မရှိ။ အကျိုးမရှိဘဲနှင့်တော့ မသတ်နှင့် လူသတ်လျှင်တော့ အပြစ်ရှိသည်ဟု ဆိုသည်။
ရဟန်းတော်များပင် လူသတ်မှ ပါရာဇိက အပြစ်ကြီးကြီးသင့်သည်။ တိရစ္ဆာန်ကို သတ်လျှင် ပါစိတ် ဆိုသည့် အာပတ် သေးသေး ကလေးသာ သင့်သည်။ လူတွေ တိရစ္ဆာန်ကို သတ်မှုကျမှ အပြစ်ကြီး မဖြစ်နိုင်။ အပြစ်ဖြစ်သည်ဟုဆိုလျှင် ဆရာဝန်ပေးသည့် ပဋိဇီဝဆေး (antibiotic)ကိုပင် မသောက်နှင့်၊ အသက်ရှိသည့် ဗက်တီးရီးယားတွေ သေကုန်မည်ဟု ဆိုသည်။
သူငယ်ချင်းအိမ်သို့ လာလည်သော သူ့မိတ်ဆွေ အများစုမှာ အသားတိုးကြက် မွေးမြူသူများ ဖြစ်ပါသည်။ သူငယ်ချင်းက စာရေးသူ အကြောင်း ပြောသည့်အခါ “ ဒီကောင်က ကြက်မွေးတာကို အကုသိုလ်လို့ ထင်နေတာ” ဟု မှတ်ချက်ပေး ပြောပါသေးသည်။ စာရေးသူမှာ ၀ိုင်း အရိုက်မခံရသည်ကိုပင် ကျေးဇူးတင်ရပါသေးသည်။ လူကိုရိုက်လျှင် အပြစ်ရှိသည်ဟု ယူဆ၍ ဖြစ်ပါလိမ့်မည်။
တန်ခိုးမကြီးသည့် ရဟန်းတော်များမှာ သွားလေရာသို့ ကပ္ပိယကို စရိတ်အကုန်ခံ၍ မခေါ်နိုင်။ ထို့ကြောင့် ရဟန်းတော်များကို ငွေကိုင်ခွင့်ပြုသင့်သည်။ အများဆုံးကိုင်ရမည့် ငွေပမာဏကို သတ်မှတ်ပေးသင့်သည်။ (ဥပမာ။ ။ငွေတစ်သောင်းကျပ်ထက် မများစေရ) ဟု ဆိုပါသည်။
အနှစ်ချူပ်ကြည့်သော် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာသည် မျက်မြင်ဒိဋ္ဌကို အားပြု၍ လူပြိန်းများ လက်ခံသဘောကျအောင် ခေတ်နှင့် အညီ ပြုပြင်ပြောင်းလဲထားသော (modified) ၀ါဒများဖြစ်ကြောင်း ထင်ရှားပါသည်။
သူငယ်ချင်းမှာ စီးပွားရေး ပြေလည်သူ ဖြစ်ပါသည်။ သူဆောက်ထားသော တိုက်တွင် ဘုရားကျောင်းဆောင် လုံးဝမထည့်။ နံရံကပ်ရုပ်ပုံတော်များ၊ ရုပ်ပွားတော်များလည်း လုံးဝမထား။
“ဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)ကျော်ကတဲက ဘ၀ဆုံးသွားပြီကွ။ မင်းဆွမ်းတော်ကပ်လဲ မသိတော့ဘူး။ ဘာမှ အကျိုးမရှိ တော့ပါဘူး” ဟု ဆိုပါသည်။
သင်္ကန်းအပြာရောင်ဝတ်သော သူတို့ ဆရာတော်ကြီး၏ ဧရာမဓါတ်ပုံကြီးကိုကား သက်ရှိ ထင်ရှားမို့လို့လားမသိ ၊ ခေါင်းရင်းဖက်တွင် တလေးတစား ချိတ်ဆွဲထားသည်။ ဓါတ်ပုံ၏ အောက်ခြေတွင် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ ဆရာတော်ကြီးပုံ ဟု ကမ္ပည်း ရေးထိုးထားပါသည်။ “ဒါကတော့ respect ပေးတာပေါ့ကွ”ဟု မြန်မာစကားထဲတွင် အင်္ဂလိပ်စကားညှပ်၍ ပြောပါသည်။
သူငယ်ချင်း၏ အိမ်အပေါ်ထပ်တွင် အနတ္တလက္ခဏာသုတ် စသော တရားကက်ဆက်ခွေများကိုလည်း တွေ့ရပါသည်။ ထိုဆရာတော်ကြီး၏ ဟောတရားများဟု သိရပါသည်။ မည်ကဲ့သို့ ဟောထားသည်ကို မနာခဲ့ရပါ။ ထို့ပြင် ထိုပစ္စုပ္ပန်အဖွဲ့မှ ထုတ်ဝေထားသော စာပေစိစစ်ရေးမဲ့ တရားစာအုပ်များကိုလည်း အမြောက်အမြား တွေ့ခဲ့ရပါသည်။
သူတို့သည် အိမ်မှာ ဘုရားကျောင်းဆောင် မထားသော်လည်း ဘုရား ဟူသော စကားအခေါ်အဝေါ်ကိုတော့ မပစ်ပယ်ကြပါ။ သူတို့ ၀ါဒသည် ဘုရားဟောပါဠိနှင့်အညီ အစစ်အမှန်ဖြစ်သည်ဟု ဆိုပါသည်။ သူတို့ဝါဒနှင့် မကိုက်ညီသည်များကို အဋ္ဌကထာဆရာတို့၏ တီထွင်ချက်ဟူ၍ စွဲချက်တင် ပါသည်။
ထိုဝါဒကို သက်ဝင်ယုံကြည်ကြသူများမှာ စာရေးသူ၏ သူငယ်ချင်းမျှသာ မဟုတ်ပါ။ သူ့ဇနီးနှင့်တကွ သူ့မိတ်ဆွေ လင်စုံ မယားဖက် အားလုံး သက်ဝင်ယုံကြည်နေကြသည်ကို အံ့သြစွာ တွေ့ရပါသည်။ ထိုအထဲတွင် ပညာတတ်ဘွဲ့ရ ကျောင်းဆရာမများ၊ ရုံးအရာရှိများ ပါဝင်ပါ သည်။
ကျောင်းဆရာမတစ်ယောက်က စာရေးသူကို ရိုးရာဗုဒ္ဓဘာသာကို ယုံကြည်သူဖြစ်သဖြင့် ကမ္ဘာပြားသမား ဟု တစ်ဖက်သတ် စွပ်စွဲ ပါသည်။ “ကျောင်းတွင် ကမ္ဘာသည် လုံး၍ အိမ်တွင် ကမ္ဘာသည် ပြားသည်ပေါ့ဟုတ်လား”ဟု လှောင်လွတ်လိုက်ပါသေးသည်။
သူတို့ကအများ စာရေးသူက တစ်ယောက်တည်းဖြစ်၍ သူတို့ ၀ိုင်းဝန်းတရာချသည်ကို နားပူအောင် ခံခဲ့ရပါသည်။
သူတို့ဘာသာဝင် ဖြစ်လိုလျှင် အနည်းဆုံး ငွေ (၂၀၀၀)ကျပ်ထည့်ဝင် လှူဒါန်း၍ ၀င်နိုင်သည်ဟု ဆိုပါသည်။ သူတို့ဝါဒရေးရာ စာပေး စာယူသင်တန်း ရှိသည်ဟုလည်း သိရပါသည်။ ရန်ကုန်နှင့်မန္တလေးတွင် တစ်နှစ်တစ်ကြိမ် သူတို့ဝါဒဆိုင်ရာ ကွန်ဖရင့်ကြီး ရှိသည်ဟုပင် ဆိုပါ သည်။
သူတို့ဝါဒကို အင်္ဂလိပ်ဘာသာပြန်၍ နိုင်ငံခြားသို့ပို့ရာ လက်ခံကြောင်း(စာကိုလက်ခံတာလား၊ ၀ါဒကို လက်ခံတာလား မကွဲပြားပါ၊ ပို့သည့်ဌာနကို ပြောပြရာ မမှတ်မိတော့ပါ)။ မြို့နယ်သံဃာမဟာနာယက အဖွဲဝင်ဆရာတော်တစ်ပါးကပင် လက်ခံကြောင်း၊ သူတို့ကို တာဝန်ခံ ကြောင်း ပြောပြကြပါသည်။
နိုင်ငံကျော် စာရေးဆရာကြီးတစ်ဦး၏ ဟိန္ဒီဘာသာပြန်တွင် မာရ်နတ်ဆိုတာ မရှိ။ မကောင်းသောစိတ်ကိုပင် မာရ်နတ်ဟု တင်စား ပြောသည် စသည်ဖြင့်ပါရာ ထိုစာရေးဆရာကြီးကို မဆိုးဟု သဘောကျနေကြသည်။
သူငယ်ချင်းက ပြည်သို့ သာသနာပြုရောက်နေသည်ဆိုသော ရေနီဦးပဉ္စင်းထံ သွားရောက်ဆည်းကပ်ရန်လည်း မှာကြားလိုက်ပါသေး သည်။ စာရေးသူမှာ အဘိဓမ္မာ မတောက်တခေါက် တတ်သူဖြစ်၍ ရေနီဦးပဉ္စင်းက အဘိဓမ္မာနှင့်ယှဉ်ပြီး ဟောပြောချေချွတ်ပေးလိမ့်မည် ဟူသ တတ်။
ဤသို့ စာရေးသူ ကြုံတွေ့ခဲ့ရပုံများကို တင်ပြရသည်မှာ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာမှာ အန္တရာယ် မသေးလှကြောင်း စာရှုသူတို့ ဆင်ခြင်မိစေရန် ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ တရားစစ်တရားမှန် ပြန့်ပွားရေးကို ရှေးရှုသော ဗုဒ္ဓ၀ါဒအစစ်အမှန် ကိုးကွယ်သောနိုင်ငံတွင် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာဟူ၍ အကာတူ အနှစ်ကွဲဝါဒတစ်ခုသည် ရဟန်းတော်များနှင့် ပညာတတ်ဘွဲ့ရများအထိ စနစ်တကျ ပြန့်ပွား လာပြီ ဖြစ်ပါသဖြင့် အချိန်မီ ကာကွယ်တားဆီးနိုင်ကြပါစေ…………..
သတ္တိဇော်

Tuesday, September 1, 2009

လူနှင့် ၂၂၇

သာသနာအတွက် သတိထားစရာမို့လို့ အောက်ပါ ဆရာတော်ပညာဏကာရီရဲ့ “လူနဲ့ ၂၂၇” ဆောင်းပါး တင်ပြပေးလိုက်ပါတယ်။
ဒါယိကာမကြီး ဒေါ်အေးအေးမူက ၁၃၇၀ ခုနှစ်၊တပို့တွဲလဆန်း (၅-၁၁)ထုတ် နာမည်ကျော်ဂျာနယ်၊ အတွဲ(၂၀)အမှတ်(၃၉၉) ကိုလာရောက် ပြီး ပြသပါတယ်။
မြန်မာပြည်အထက်ပိုင်းကဏ္ဍ စာမျက်နှာ(၄)ကို ကြည့်လိုက်ရာ “ သာသနာတော်ကို ပံ့ပိုးနေတဲ့…..သာသနာပြုအဖွဲ့” အမည်ရှိ ဆောင်းပါးကို ဓါတ်ပုံနဲ့တကွ တွေ့မြင်လိုက်ရပါသည်။ စိတ်ဝင်တစားရှိလှစွာ ချက်ချင်းပင် ဖတ်ကြည့်လိုက်မိပါသည်။
၎င်းဆောင်းပါးရေးသားသူ၏ လက်ရာတချို့ကို တိုက်ရိုက်ကူးယူ၍ ဖေါ်ပြလိုက်ပါဦးမည်။
၁။…………..သာသနာပြုအဖွဲ့ တည်ထောင်သူ ဆရာကြီးဟာ ၂၀၀၀ ပြည့်နှစ်ကစပြီး လူပုဂ္ဂိုလ်သာသနာပြု လုပ်ငန်းကို စတင်ခဲ့ပါတယ်။ တရားဟောခြင်း၊ တရားရှုမှတ်ရန် သင်ကြားပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သလို ဖိတ်ကြားထားတဲ့ နေရာများမှာလဲ လိုက်လံပို့ ချ ပေးခဲ့ပါတယ်။

၂။ ဆရာကြီးဟာ အသက် ၂၅ နှစ်ဝန်းကျင်က စလို့ သာသနာတော်ကို မြတ်နိုးပြီး သာသနာပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက် ခဲ့ပါတယ်။ “ ၀ိပဿနာအားထုတ်မယ်၊ သာသနာပြုရမယ်” လို့ သန္နိဋ္ဌာန် ချခဲ့ပါတယ်။
၃။ မိသားစုဝင်တွေ ရန်ကုန်ပြောင်းသွားတဲ့အခါ………….မြို့က နေအိမ်မှာ ၂၄ နာရီ တရားစခန်း စဖွင့်ခဲ့ပါတယ်။ပ။ “ဒီလို……မြို့မှာ တရားအလုပ်တွေ လုပ်နေရင်းက တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင် ရန်ကုန်မြို့ကို ပြောင်းခဲ့ပါတယ်” လို့ ဆရာကြီးက ဆိုပါတယ်။
၎။ “ဆရာတော်တွေနောက်ကို လိုက်ဝတ်ဖြည့်ရင်း သာသနာတော်ကို လျှမ်းလျှမ်းတောက် ဖြစ်စေချင်လာတယ်။ အလွှာစုံကို ထိုးဖေါက်ချင်လာတယ်။ ဒိလိုနဲ့ ဆရာတော်ကြီးတွေရဲ့ ခွင့်ပြုချက်နဲ့ လူပုဂ္ဂိုလ် သာသနာပြုလုပ်ငန်းကို စခဲ့ပါတယ်” လို့ ဆရာကြီးက ဆိုပါ တယ်။
၅။ “တရားဓမ္မကို ပို့ချတာဟာ ၁၅ နှစ်၊၁၆နှစ်လောက် စုဆောင်းထားတဲ့ တရားအဆီအနှစ်တွေကို နာယူသူတွေ တစ်ခဏအတွင်း နားလည်စေချင်လို့ မိမိငြိမ်းအေးသလို အများကိုလဲ ငြိမ်းအေးစေချင်လို့” လို့ ပြောပါတယ်။
၆။ ကျမ်းဘယ်လောက်တတ်လို့ တရားဟောလဲလို့ မေးရင် မတတ်ပါဘူးလို့ ဖြေရပါမယ်။ ဒါပေမဲ့ ဗုဒ္ဓစာပေကျမ်းဂန်တွေ၊ ဆရာတော်ဘုရားကြီးတွေ ရေးသားပြုစုထားတဲ့ စာပေကျမ်းဂန်တွေ၊ ဆုံးမစကားတွေ အတော်များများကို ဖတ်မှတ်သိရှိထားတယ်။
၇။ ဆရာကြီးနဲ့…….သာသနာပြုအဖွဲ့ အထူးယောဂီတွေဟာ အ၀တ်ဖြုဝတ်ပြီး ဆံပယ်ကြပါတယ်။ ၂၂၇ ပါးသော သိက္ခာပုဒ်ကို စောင့်ထိန်းကြပါတယ်။
“ဆံပယ်တာ၊ အ၀တ်ဖြူဝတ်တာဟာ ထေရ၀ါဒ ဗုဒ္ဓသာသနာမှာ ဘုရားရှင်ခွင့်ပြုထားတဲ့ သူတော်ကောင်းဝတ်စုံ ဖြစ်တဲ့အတွက် မှော်ဘီ ရွှေကျင် သာသနာ့ဝန်ဆောင် ဆရာတော်ကြီးက ခွင့်ပြုထားတယ်” လို့ ဆရာကြီးကဆိုပါတယ်။
သာသနာပြုခွင့်ဆိုတာ လူတိုင်းမရနိုင်ပါဘူး။ ပ ။ ဆရာကြီးက “ သူ့အနေနဲ့ ရဟန်းဝတ်ဖို့ ထိုက်တန်ပြီလို့ ယုံကြည်လာတဲ့အခါ ရဟန်းဝတ်နဲ့ ဆက်လက်သာသနာပြုသွားမယ်” လို့ဆိုပါတယ်။
ဓါတ်ပုံ။ ။ဓါတ်ပုံမှာ ပိတ်ဖြူကို သင်္ကန်းပုံနှင့် လုံးဝ ပုံတူ ၀တ်ဆင်ထားပါသည်။
(ခ)
အထက်ပါစာများနှင့် ဓါတ်ပုံကြီးတွကို ဖူးတွေ့လိုက်ရစဉ် ကဗျာကလေးတစ်ပုဒ် ပေါ်ထွက်လာပါသည်။ မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်ထဲက ဖြစ်ဟန်ရှိပါတယ်။
စာရေးသူသည် ကဗျာရေးနည်း၊ကဗျာအမျိုးအစား၊ ကဗျာအလှ စသည်တို့ကို လေ့လာထားသူ ဖြစ်သော်လည်း ကဗျာအရအမိ တော်တော်နည်းပါးသူ ဖြစ်ပါသည်။ ထို့ကြောင့် တိတိကျကျ မသိပါသော်လည်း စိတ်ထဲပေါ်လာသည့်အတိုင်း အောက်မှာ ရေးသားဖေါ်ပြ လိုက်ပါသည်။
လူသော် လူကျင့်၊ လူသာသင့်၏။
ရှင်နှင့်မလျော်၊
ရှင်သော ရှင်ကျင့်၊ ရှင်သာ သင့်၏။
လူနှင့် မရာ၊ မအပ်စွာတည်း။
အကြင်ပုဂ္ဂိုလ်သည် လူဖြစ်ငြားအံ့။ ဤသို့ လူဖြစ်သည်ရှိသော် လူတို့ကျင့်အပ်ကုန်သော သုစရိုက်၁၀ပါး၊ (ကုသလကမ္မပထ ၁၀ပါး) ယင်း ၁၀ပါးထဲက သမထဘာဝနာ၏ အကျိုးတရားဖြစ်သော ဈန်တရား၊ယင်း ၁၀ပါးထဲက ၀ိပဿနာ ဘာဝနာ၏ အကျိုးတရားဖြစ် သော မဂ်တရားတို့ကို အဆင့်ဆင့်ပြည့်စုံအောင် ကျင့်သင့်၏
လူကျင့်တရား(၁၀)ပါးတို့တွင် ပါဝင်သော တရားတို့ကို ရဟန်းတို့သည်လည်း ကျင့်သင့်ပါသည်။ သို့သော် ရဟန်းအသွင်နဲ့ ဆန့်ကျင်အောင် ပြုမူ၍ ကျင့်သော်ကား မကျင့်ကောင်းပါ။ မလျော်ပါ။
ဥပမာအားဖြင့် ရဟန်းက လူအား လှူဖွယ်ပစ္စည်း ဆက်ကပ်မှုပြုခြင်း၊ လူတို့ကဲ့သို့ အခြားရဟန်းစသည်ထံမှ ငါးပါးသီလ ခံယူမှုပြုခြင်း စသည်တို့ပင်တည်း။
အကြင်ပုဂ္ဂိုလ်သည် ရှင်ရဟန်း ဖြစ်ငြားအံ့၊ ဤသို့ ရှင်ရဟန်းဖြစ်သည်ရှိသော် ရှင်တို့ ကျင့်အပ်ကုန်သော ဆယ်ပါးသီလ၊ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ သေခိယ ခုနှစ်ဆယ့်ငါးပါး၊ ၀တ်ကြီးဝတ်ငယ်တစ်ဆယ့်လေးပါး၊ပစ္စဝေက္ခဏာလေးပါးတို့ကို ပြည့်စုံအောင် ကျင့်သင့်၏။ ရဟန်းတို့ ကျင့်အပ်ကုန်သော ၂၂၇ ပါးကုန်သော သိက္ခပုဒ်တို့ကို ပြည့်စုံအောင် ကျင့်သင့်၏။
ထိုသို့ကျင့်သင့်ရာတွင် ရှင်သာမဏေတို့သည်လည်း ရဟန်းကျင့်ဝတ် ၂၂၇ ပါးတို့ကို တတ်နိုင်သမျှ လိုက်နာကျင့်ကောင်း၏။
သို့သော် ရဟန်းကျင့်ဝတ်တို့ကို သိက္ခာပုဒ်တော်အတိုင်း လိုက်နာ၍ ကျင့်နေပါ၏ ဟူ၍တော့ ရှင်သာမဏေတို့က ထုတ်ဖော်၍ ၀န်မခံကောင်းပါ။ မကြေညာကောင်းပါ။ မသင့်လျော်ပါ။
ရဟန်းတို့သည်လည်း ရှင်ကျင့်ဝတ်တို့ကို လိုက်နာ၍ ကျင့်ကောင်း၏။ သို့သော် ရှင်ကျင့်ဝတ်(လိင်ဆယ်ပါး)တို့ကို သိက္ခာပုဒ်တော် အတိုင်း လိုက်နာ၍ ကျင့်နေပါ၏ ဟူ၍တော့ ရဟန်းတို့ကို ထုတ်ဖော် ၀န်ခံ၍ မကြေညာကောင်းပါ၊မလျော်ပါ။
ဤသို့လျှင် ရှင်ရဟန်းတို့သည်ပင် ရဟန်းက ရှင်ကျင့်ဝတ်၊ ရှင်က ရဟန်းကျင့်ဝတ်တို့ကို ကျင့်နေပါ၏ ဟု ၀န်မခံကောင်းဟု ဆိုချေသော်…….
သံဃာ့အဖွဲ့အစည်းဝင် သံဃာ့ကံဆောင် သံဃာဇာတ်ရှိသူ ရဟန်းတို့ ကျင့်အပ်ကုန်သော ၂၂၇ ပါးကုန်သော သိက္ခာပုဒ်တို့ကို လူပုဂ္ဂိုလ်တို့က သိက္ခာပုဒ်တော်အတိုင်း လိုက်နာ၍ ကျင့်နေပါ၏ ဟု ထုတ်ဖေါ်ကြေညာ၍ ၀န်ခံခြင်းသည် “ လူနှင့်မရာ မအပ်စွာတည်း” ဟူ၍သာ ဆိုရမည်မုချ။
မှန်လှပါ၏။ သာသနာတော်မြတ်ကို ချမှတ်တည်ထောင်တော်မူသော မြတ်စွာဘုရားသည် မဟာကရုဏာဥာဏ်တော်၊ သဗ္ဗညုတဥာဏ်တော်တို့ဖြင့် ပိုင်းခြားသတ်မှတ်တော်မူ၍..
၁။ လူတို့အား လူတို့ကျင့်အပ်ကုန်သော သိက္ခာပုဒ်တို့ကို သီးသန့် ပညတ်တော်မူ၏။
၂။ ရှင်သာမဏေတို့အား ရှင်သာမဏေတို့ ကျင့်အပ်ကုန်သော သိက္ခာပုဒ်တို့ကို သီးသန့် ပည်တ်တော်မူ၏။
၃။ ရဟန်းတို့အား ရဟန်းတို့ ကျင့်အပ်ကုန်သော သိက္ခာပုဒ်တို့ကို သီးသန့် ပညတ်တော်မူ၏။
သို့ဖြစ်ပါလျှက် အသာဓာရဏဥာဏ်ရှင် ဘုရားသခင်က ပညတ်တော်မူသည်ကို ကျော်၍ ကျင့်လျှင် ဓမ္မ မဟုတ်တော့ဘဲ၊ အဓမ္မထဲသို့ ၀င်ရပါလိမ့်မည်။
ဤသည်ကား အထက်ပါ ကောက်နုတ်ချက်အမှတ်(၇)ထဲက “ဆရာကြီးနဲ့…….သာသနာပြုအဖွဲ့ အထူးယောဂီတွေဟာ ၂၂၇ ပါးသော သိက္ခာပုဒ်တို့ကို စောင့်ထိန်းကြပါတယ်” ဟူသော တစ်ချက်အတွက် သုံးသပ်တင်ပြချက် ဖြစ်ပါသည်။
(ဂ)
ယခုအခါတွင် ကောက်နုတ်ချက် (၁)မှ စ၍ အနည်းငယ်မျှ သုံးသပ်၍ ဖေါ်ပြပါဦးမယ်။
အမှတ်(၁)အရ သာသနာပြုမှုတို့ကို ပြုလုပ်ခြင်းသည် ကောင်းပါသည်။ သို့သော် သာသနာပြုမှု လုပ်လိုသော် သာသနာပြုနိုင်သော သီလအစွမ်း၊ သမာဓိအစွမ်း၊ ပညာအစွမ်း၊သိက္ခာအစွမ်း ရှိနေဖို့တော့ လိုပါသည်။ အစွမ်းမရှိဘဲလုပ်လျှင် သွားစွမ်းနိုင် ခြင်း မရှိသော ခြေထောက်(ခြေကျိုး)ဖြင့် လမ်းလျှောက်သူနှင့်သာ တူရာပေလိမ့်မည်။
ကျောက်တုံးကြီးကို မ- နိုင်စွမ်း မရှိသော မွေးကင်းစ သူငယ်ကလေးသည် ကျောက်တုံးကြီးကို မလျှင်(ကျောက်တုံးကြီးနှင့်အဖိခံရ လျှင်) အဘယ်သို့ ရှိပေလိမ့်မည်နည်း။
အထက်တွင် ဖေါ်ပြခဲ့သည့်(ခ) ထဲပါ ၂၂၇ ပါးကိစ္စသည် ပညာအစွမ်းမရှိသဖြင့် မသိ၍ မှားနေမှုဖြစ်ကြောင်း ထင်ရှားလှပါသည်။ သာသနဗြဟ္မစရိယ ချို့တဲ့ပုံပင်တည်း။
အမှတ်(၂)အရ သိန္နဋ္ဌာန်ချမှုများသည် ကောင်းပါသည်။ ချီးကျူးထိုက်ပါသည်။
အမှတ်(၃)အရ “တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင်” ဟူသော ရည်ရွယ်ချက်သည်လည်း ကောင်းလှပါသည်။
သို့သော် သာသနဗြဟ္မစရိယ မရှိဘဲ တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် သာသနာပြုလိုက်လျှင် စဉ်းစားဝံ့စရာပင် မရှိတော့။
သာသနာဗြဟ္မစရိယ ဆိုသည်မှာ သီလကို ကျင့်အပ်၏ဟု ဟောသည့်အရာ၊သမာဓိကို ကျင့်အပ်၏ ဟု ဟောသည့်နေရာ၊ ပညာကို ကျင့်အပ်၏ဟု ဟောသည့်နေရာ (ပါဠိတော်)တို့အားလျော်စွာ လိုက်နာ၍ ကျင့်သုံးနေထိုင်သူမှာမှ သာသနာဗြဟ္မစရိယ ရှိသည်ဟု ဆိုရပါသည်။ ထိုသာသနဗြဟ္မစရိယ ပြည့်စုံလျှက် အဆုံးသတ်အားဖြင့် မဂ္ဂဗြဟ္မစရိယဖြစ်လျှင် သာသနာမှုအားလုံး ပြီးပြည့်စုံမည် ဖြစ်ပါသည်။ သာသနာပြုကစ္စ ပြီးပြည့်စုံပါသည်။
အမှတ်(၄)အရ ရည်ရွယ်ချက်နှစ်ခုသည်လည်း ကြီးကျယ်ခံ့ညားလှပါပေသည်။
အမှတ်(၅)၌ နာယူသူတွေ တစ်ခဏအတွင်း နားလည်စေချင်သော်လည်း နားလည်နိုင်လောက်သော အစွမ်းအစပါရှိသူသာ နား လည်မည် ဖြစ်ပါသည်။ မြတ်စွာဘုရားရှင် ဟောပြတော်မူသည်ကိုပင် နာမလည်နိုင်သူများ ရှိတတ်ကြပါသေးသည်။ ထို့ကြောင့် မဇ္ဈိမပဋိပဒါစေတနာ ရှိနေဖို့လိုအပ်လှပါသည်။ စေတနာအတိုင်း ပညာက မမီလျှင် ဓမ္မမှ အဓမ္မသို့ လမ်းကြောင်းပြောင်းသွားနိုင်ပါသည်။
ကာယကံရှင်တစ်ဦးတည်းသာ ထိုသို့လမ်းကြောင်းပြောင်းသွားလျှင် အထူး မပြောလိုပါ။ အခြားသူများပါ ပြောင်းသွားကြပါမူကား သာသနာတော်သည်လည်း မသန့်ရှင်းတော့ဘဲ အညစ်အကြေးစွဲ ပရိသတ်များ တိုးပွားလာရပေလိမ့်မည်။
သာသနာတော် မတည်တံ့ဘဲ ပြိုပျက်ကွယ်ပသွားဖွယ်ရာ ဖြစ်လာရပေလိမ့်မည်။ သာသနာ(သာသနဗြဟ္မစရိယ) မပြန့်ပွားတော့ဘဲ ဆုတ်ယုတ်သွားရပေလိမ့်မည်။ စေတနာပြစကားလုံးများသည် စေတနာဟန်ပြစကားလုံး (အကြွားအ၀ါသက်သက်)များ မဖြစ်ထိုက်ကြပေ။
အမှတ်(၅)စကားစုထဲတွင် “မိမိငြိမ်းအေးသလို” ဟုပါရှိရာ၌ ငြိမ်းအေးခြင်းသဘောသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်တတ် သည်ဖြစ်၍ အမျိုးမျိုး ရှိပါသည်။ သာသနာ့ဗြဟ္မစရိယတစ်ခုတည်းကြောင့် ငြိမ်းအေးမှသာ သာသနာတော်အရေးမှာ ချီးကျူးထိုက်ပါသည်။ ဤကိစ္စနှင့်ဆက်၍ ဆရာကြီးပြောထားသည့်စကားမှာ..
“လောကုတ္တရာချမ်းသာကို နားမလည်သေးသူတွေက ပြီးပြည့်စုံခြင်းတွေကို မိမိခံယူချက်နှင့် တိုင်းတာပြီး လောကီချမ်းသာတွေကို ချမ်းသာအစစ်လို့ မှတ်ယူကြပါတယ်” ဟူ၍ ဖြစ်၏။ “ဆရာကြီးသည် လောကုတ္တရာချမ်းသာ(မဂ္ဂဗြဟ္မစရိယ)ကို နားလည်သူဖြစ်၏” ဟု ၀န်ခံ ရာရောက်ပါသည်။
(အမှတန် ၆၊ အမှတ် ၇၊တို့အတွက် သုံးသပ်ချက် ရေးပြဖွယ် မလိုတော့ပါပြီ)
ထို့ကြောင့် လင်္ကာတိုကလေးဖြင့် ဤဆောင်းပါးကို နိဂုံးချူပ်လိုက်ပါသည်။
ကျန ထင်ထင်၊ မသိမြင်ဘဲ၊
“တိုင်းခွင် ပြည်လုံး၊ ပျံ့နှံ့ဖုံးအောင်
အားလုံး လူမြတ်၊ ဖြစ်စေအပ်” ဟု
မြင့်မြတ်တရား၊ ဟော -ကျင့်ငြား
အမှားဖြစ်၍ ယုတ်တတ်သည်။
ပညာဏကာရီ

Twitter Delicious Facebook Digg Stumbleupon Favorites More