ဤနေရာတွင် ကျောက်စာများအနက် တစ်ချို့ကျောက်စာများ၌် အသောကမင်း၏ အများအကျိုးဆောင်ရွက်ခဲ့သည့်အကြောင်းများကို အလျဉ်းသင့်၍ ဖေါ်ပြပါဦးမည်။
ဂိရိနားရ်ကျောက်စာ
ထိုစဉ်က ဒေ၀ါနံပိယမည်သော မင်းတရားကြီး၏ စိုးပိုင်ရာ နိုင်ငံတော်အတွင်းရှိ နယ်ပယ်ဒေသ ဟူသမျှတို့၌၄င်း၊ တိုင်းစွန်နယ်ဖျား၌ ရှိကုန်သော စောဠ၊ပဏ္ဍယ၊ သတျပုတြ၊ ထေရလပုတြ၊ တမ္ဗပဏ္ဍိစသော တိုင်းပြည်တို့၌၄င်း၊ အန္တိအိုချူစ်အမည်ရှိသော ဂရိဘုရင်နှင့်သူ၏ ပြည်နယ်နီးချင်း ဂရိဘုရင်တို့ပိုင် တိုင်းနိုင်ငံဟူသမျှတို့၌၄င်း၊ မင်းတရားကြီးသည် လူအပေါင်းတို့၏ ကျန်းမာရေးအတွက် ဆေးကုသရန် ဆေးပေးခန်းနှင့် တိရစ္ဆာန်များအတွက် ဆေးကုသရန် ဆေးခန်း နှစ်မျိုးတို့ကို နေရာအနှံ့ တည်ထောင်ထား ခဲ့ပါသည်။
မာနဆီရာ ကျောက်စာ
ယောနကတိုင်း၊ ကမ္ဗောဇတိုင်း၊ ဂန္ဓာရတိုင်း၊ ရိဋ္ဌီကတိုင်း၊ ပိတိနိကတိုင်းတို့နှင့်တကွ ငါ၏ နိုင်ငံတော် အနောက်ဖက်နယ်ခြား၌ နေထိုင်ကြသော ဘာသာအမျိုးမျိုးတို့ကို ကိုးကွယ်ကြသည့် လူအများကြားတွင် တရားဓမ္မကျင့်ဆောင်ရေးအတွက် တရားရေးအမတ်များအား အမှုတော်ထမ်းရွက်စေခဲ့ပါသည်။
ရှာဘာဇဂရဟိ ကျောက်စာ
နိုင်ငံတော်အတွင်း၌၄င်း၊ ယောနကတိုင်း၊ ကမ္ဗောဇတိုင်း၊ နာဘကတိုင်း၊ နာဘပန်ကတီတိုင်း၊ ဘောဇတိုင်း၊ ပိတိနိကတိုင်းတို့၌၄င်း၊ အန္ဓရတိုင်း၊ ပါရိန္ဒတိုင်းတို့၌၄င်း၊ မင်းတရား၏ တရားဓမ္မ သြ၀ါဒတို့ကို လိုက်နာကျင့်ဆောင်ကြကုန်၏။ ထိုမှတစ်ပါး မင်းတရားကြီး၏ သံတမန် များကို ခန့်ထားစေလွတ်ခြင်း မရှိသော တိုင်းနိုင်ငံတို့၌လည်း မင်းတရားကြီး၏ တရားဓမ္မသြ၀ါဒတို့ကို ကြားနာကြရသည့်အတိုင်း လိုက်နာ ကျင့်ဆောင်ကြကုန်သည်။ ။ (ဤကား ကျောက်စာတစ်ချို့၏ အဓိပ္ပါယ်များဖြစ်ပါသည်)။
အသောကမင်း၏ လူသားများအတွက်ဆောင်ရွက်ချက်များ
ကျွန်ပ်သည် သားသမင်လိုက်ခြင်းကို အပြီးအတိုင်စွန့်လွတ်ခဲ့ပြီး လူအများအားလည်း ထိုတောလိုက်ခြင်းအလုပ်ကို မလုပ်ကြရန် တားမြစ်ခဲ့သည်။ ဓမ္မဖြန့်ချီရေးအစီအစဉ်ဖြင့် နေရာအနှံ့ ခရီးထွက်ခဲ့သည်။ အာဇီဝကတို့အား လှိုဏ်ဂူများ လှူဒါန်းခဲ့သည်။ တိရစ္ဆာန်များ သတ်ဖြတ်၍ ယစ်ပူဇော်ခြင်းများကို တားမြစ်ပိတ်ပင်ပြီး လူသားများ၏ ဘ၀လမ်းကြောင်းကောင်းစေရန် စွမ်းဆောင်ပေးခဲ့သည်။ထိုကဲ့သို့ တိရစ္ဆာန်များ မသတ်ရဟု တားမြစ်သည့်အတွက် တိရစ္ဆာန်များကို ယစ်ပူဇော်မှုပြုရသော ဗြဟ္မဏအယူရှိသူများက မကြိုက်မနှစ်သက်ကြချေ။ ကျွန်ပ်၏ နန်းတော်စဖိုဆောင်တွင်လည်း တိရစ္ဆာန် သတ်ဖြတ်မှု လျှော့ချစေခဲ့သည်။
အိန္ဒိယနိုင်ငံတော်အတွင်းနှင့်အခြား နိုင်ငံရပ်ခြား တိုင်ပြည်များ၌ ဆေးရုံ၊ဆေးခန်းများ ဖွင့်လှစ်ထူထောင်ပေးခြင်း၊ ဆေးဝါးများ ထောက်ပံ့ပေးခြင်းများကို ပြုလုပ်စေခဲ့သည်။ လမ်းမကြီးတစ်လျှောက်တွင် လူအများသောက်သုံးနိုင်ရန် ရေတွင်းများကိုလည်း တူးဖော်စေခဲ့သည်။ နေရာအနှံ့တွင် သစ်ပင်များ စိုက်ပျိုးပေးခဲ့သည်။ မြတ်ဗုဒ္ဓ၏ ဓမ္မများကို ဖြန့်ချီရန် အမတ်များအား ခရီးထွက်စေခဲ့ပါသည်။ ထိုအချိန်က သံဃာဂိုဏ်းကွဲများ ပေါ်ထွန်းနေရာ ထိုသံဃာဂိုဏ်းကွဲများကိုလည်း စုံစမ်းဖေါ်ထုတ်ရန် အမတ်များအား ညွန်ကြားခဲ့သည်။
တရားစီရင်ရေး၊ အုပ်ချူပ်ရေးတို့၌ ကြီးကြပ်ကွပ်ကဲရန် ဘုရင့်နေပြည်တော်မှ ငါးနှစ်လျှင်တစ်ကြိမ်ဖြစ်စေ၊ သုံးနှစ်လျှင် တစ်ကြိမ်ဖြစ်စေ အမတ်ကြီးများကို စေလွတ်ခဲ့သည်။ လုမ္ဗိနီ ဗုဒ္ဓဖွားမြင်တော်မူရာဒေသသို့ ကြွချီတော်မူပြီး ယင်းဒေသတွင် ကျောက်စာများကို စိုက်ထူစေခဲ့သည်။ ထိုကျောက်တိုင်ကိုလည်း တံတိုင်းခတ်စေခဲ့သည်။ လုမ္ဗိနီရွာ၌ အခွန်ကောက်ခြင်း၊မြေခွန်ကောင်းခြင်းကို ကင်းလွတ်စေခဲ့သည်။
ဤသို့ဖြင့် ကျွန်ပ်သည် အိန္ဒိယပြင်ပတိုင်းနိုင်ငံအသီးသီးသို့ သံတမန်များ လဲလှယ်ခြင်းဖြင့်လည်းကောင်း၊ သာသနာပြုများ စေလွတ်ခြင်းဖြင့်လည်းကောင်း၊ ကျွန်ပ်နိုင်ငံတော်၏ ပတ်ဝန်းကျင်ရှိ တိုင်းပြည်များ၊ ဂရိတ်ပိုင် တိုင်းပြည်များ၌ တရားဓမ္မကို လိုက်နာကျင့် ဆောင်စေခြင်းဖြင့် ဗုဒ္ဓသာသနာတော်ပြန့်ပွားအောင် ဆောင်ရွက်၍ သာသနာပြုခဲ့ပါသည်။ ဤသို့လျှင် ကိုယ်ကျိုးမဖက် အများအကျိုးအတွက် ဆောင်ရွက်တော်မူကြသော သာသနာပြု အရှင်မြတ်တို့၏ စိတ်ဓါတ်ကိုလည်း ကြည်ညိုခဲ့ရသည်။
ထိုစဉ် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သည် နောင်တွင် သီဟိုဠ်ကျွန်းနှင့် သုဝဏ္ဏဘုမ္မိတို့၌သာ သာသနာ တည်ရှိနိုင်ပြီး ကျန်သည့် ခုနှစ်တိုင်းဌာနတို့၌ သာသနာကွယ်မည်ကို ကြိုတင်သိမြင်တော်မူသည့်အတွက် ကျွန်ပ်၏ သားတော် မဟိန္ဒမထေရ်အား သီဟိုဠ်ကျွန်းသို့ သာသနာပြုစေလွတ်တော်မူခဲ့ပါသည်။
မယ်တော်ထံကြွပြီးနောက် သိဟိုဠ်သို့ ကြွတော်မူခြင်း။
သာသနာတော်(၂၃၅)ခုနှစ်တွင် အခြားရဟန်းတော်များ သာသနာပြု ကြွတော်မူကြပါကုန်သော်လည်း အရှင်မဟိန္ဒထေရ် ကြွတော်မမူသေး ချေ။ အဘယ့်ကြောင့်နည်းဟူမူ…. သီဟိုဠ်တွင် မုဋသီဝမင်းသည် အိုမင်းနေပြီ ဖြစ်သောကြောင့် သာသနာတော်ကို ချီးမြှောက်ခြင်းငှါ မတတ်နိုင်၊ ထိုမုဋသီဝ၏ သား ဒေ၀ါနံပိယတိဿမင်းသားသည် အရွယ်ရောက်နေလေပြီ၊ ထိုမင်းသားသည် မင်းဖြစ်လျှင် သာသနာတော်ကို ချီးမြှောက်နိုင်လိမ့်မည်။ထိုမင်းသား မင်းအဖြစ်သို့ ရောက်အောင် စောင့်ရပေမည်။ သည့်အပြင် ဝေဋိသမြို့တွင် ရှိသော မယ်တော်နှင့် ဆွေတော် မျိုးတော်တို့ကိုလည်း မြင်ချင်သေးသည်။ ထိုအကြောင်းနှစ်ပါးကို မျှော်ထောက်၍ (၇)လဆိုင်းကာ သာသနာတော် (၂၃၆)ခုနှစ်မှာ သီဟိုဠ်သို့ သာသနာပြုကြွတော်မူပါ သည်။
အရှင်မဟိန္ဒမထေရ်သည် သီဟိုဠ်ကျွန်းသို့ မကြွမှီ ဥပဇ္ဈာယ်ဆရာဖြစ်သော အရှင်မဟာမောဂ္ဂလိပုတ္တတိဿမဟာထေရ်နှင့် ရဟန်းသံဃာတော်များအား ရှိခိုးခဲ့ပြီး၊ ဣဋိယ၊ ဥတ္တိယ၊ သမ္ဗလ၊ ဘဒ္ဒသာလ အမည်ရှိ သော မထေရ်လေးပါး၊ နှမတော်သင်္ဃမိတ္တာ၏ သားဖြစ်သော တူတော် သုမနသာမဏေတို့နှင့် အနာဂါမ်သီတင်းသည် လူငယ်တစ်ယောက်တို့ကို ခေါ်တော်မူကာ ရာဇဂြိုလ်ပြည်ကို လက်ယာရစ်လှည့်၍ သွားခဲ့ပြီး ဒက္ခိဏဂိရိဇနပုဒ်၌ ဆွေမျိုးတို့ကို အတွေ့ခံတော်မူပါသည်။ (၆)လလွန်မြောက်သောအခါ ထိုအရပ်မှ ထွက်ခွာတော်မူခဲ့ရာ ဝေဒိဿမြို့သို့ရောက်ပြီး မယ်တော်နှင့် တွေ့တော်မူပါသည်။ မယ်တော်သည် သားတော်ကို တွေ့မြင်ရသောအခါ ရိုသေစွာ ရှိခိုးပူဇော်၍ ဆွမ်းလုပ်ကျွေးပါသည်။
မယ်တော်သည် သားတော် စေတိယဂိရိ၌ ရှိသော အလွန်လှပသည့် ကျောင်းကြီးတစ်ဆောင်သို့ မဟိန္ဒထေရ်အား ခေါ်ဆောင်သွားကာ ထိုကျောင်းကို သားတော်အား လှူဒါန်းခဲ့ပါသည်။ (စေတိယဂိရိကိုပင် သီဟိုဠ်ဝံသ က ဝေဒိသဂိရိဟုခေါ်သည်)
အရှင်မဟိန္ဒမထေရ်လည်း မယ်တော် ဆောက်လုပ်လှူဒါန်းသော ဝေဒိသဂိရိ မဟာဝိဟာရကျောင်း၌ မယ်တော်အား ချီးမြှောက်လိုသောကြောင့် သီတင်းသုံးနေထိုင်တော်မူခဲ့သည်။ (ယခုအခါ ထိုဝေဒိသဂိရိနေရာသည် ဆန်ချီ Sanchi ပင်ဖြစ်သည်။)
တစ်နေ့တွင် အရှင်မဟိန္ဒမထေရ်က “ ငါဟာ ဆွေမျိုးများကို တွေ့လို၍သာ ဒီအရပ်သို့ လာခဲ့တယ်၊ ယခုဆွေမျိုးများကို တွေ့မြင်ရချေပြီ၊ ယခုအခါ သီဟိုဠ်ကျွန်းသို့ သွားဖို့ရာ အချိန်တန်ပြီလား” ဟုဆင်ခြင်ကြည့်သောအခါ အချိန်မတန်သေးသည်ကို သိသဖြင့် မယ်တော်ကျောင်းတွင် ထပ်မံ၍ တစ်လခန့် သီတင်းသုံးနေထိုင်တော်မူပြန်ပါသည်။ နောက်တစ်လ ကြာသောအခါ သိကြားမင်းသည် ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်က ဘုရားရှင်၏ အမိန့်တော်ကို ၀န်ခံလိုက်ရသည်ဖြစ်၍ အရှင်မဟိန္ဒထေရ်ထံ ချည်းကပ်ကာ “အရှင်ဘုရား….ယခုအခါ သီဟိုဠ်ကျွန်းသို့ သွားဖို့ရာ အချိန်တန်ပါပြီ၊ တပည့်တော်ကိုလည်း အရှင်ဘုရားတို့အား အဖေါ်ပြု၍ သာသနာတော်ကို ချီးမြှောက်ရမည်ဟု ဘုရားသခင်ဗျာဒိတ် ထားတော်မူခဲ့ပါတယ်” ဟု လျှောက်သောအခါ အရှင်မဟိန္ဒမထေရ်သည် ယခုအခါသီဟိုဠ် သွားဖို့ရာ အချိန်တန်ပြီ ဟုသိတော်မူသဖြင့် သာသနာတော်နှစ် (၂၃၆)ခုနှစ်၊နယုန်လပြည့်နေ့တွင် ကောင်းကင်ခရီးဖြင့် သီိဟိုဠ်ကျွန်းသို့ ကြွတော်မူခဲ့ပါသည်။
သီဟိုဠ်ကျွန်းသို့ ရောက်တော်မူသောအခါ အနုရာဓမြို့အရှေ့ မိဿကတောင်တွင် ဒေ၀ါနံပိယတိဿမင်းနှင့် တွေ့တော်မူလေ သည်။ ထိုဒေ၀ါနံပိယတိဿမင်းသည် သီရိဓမ္မာသောကမင်းကြီး အဘိသိက်ခံ၍ တစ်ဆယ့်ခုနှစ်နှစ်ရှိသောအခါ သီဟိုဠ်တွင် မင်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဒေ၀ါနံပိယတိဿမင်းနှင့် သီရိဓမ္မာသောကမင်းကြီးတို့သည် အချင်းချင်း မတွေ့ဖူးကြပါပဲလျှက် ချစ်ခင်လေးစားကြပါသည်။ တစ်ဦးနှင့်တစ်ဦး မဟာမိတ်များဖြစ်ကာ လက်ဆောင်ပဏ္ဍာများ ပေးခဲ့ကြပါသည်။
ထိုအခြေအနေတွင် သားတော် အရှင်မဟိန္ဒမထေရ် ရောက်တော်မူလာသောအခါ ဒေ၀ါနံပိယတိဿမင်းသည် အတိုင်းအထက်အလွန် လေးမြတ်ကြည်ညိုခြင်း ရှိခဲ့ပါသည်။ တစ်နေ့သ၌ ဒေ၀ါနံပိယတိဿမင်း၏ ညီ တော်စပ်သည့် မဟာနာဂ အိမ်ရှေ့မင်း၏ မိဖုရား အနုဠာဒေ၀ီသည် ရဟန်းမိန်းမပြုလုပ်လိုသည့် ဆန္ဒဖြစ်ပေါ်သောအခါ သူမ၏ ခင်ပွန်းမှတဆင့် ဒေါဝါနံပိယတိဿမင်း အထံသို့ သတင်းရောက်ရှိသွားပါသည်။ မင်းကြီးသည် ညီတော်၏ မိဖုရား ရဟန်းပြုလုပ်လိုပါကြောင်း အရှင်မဟိန္ဒမထေရ်ကို လျှောက်ထားပါ သည်။
ထိုအခါ အရှင်မဟိန္ဒမထေရ်က ဒေ၀ါနံပိယတိဿမင်းကြီးအား “ ဒကာတော်မင်းကြီး….ငါတို့ဟာ မာတုဂါမတို့ကို ရဟန်းပြုလုပ်ပေးဖို့ မအပ်ဘူး၊ ဒါပေမယ့် အိန္ဒိယပြည် ပါဋလိပုတ်ပြည်မှာ ငါ၏ နှမ သင်္ဃမိတ္တာထေရီ ရှိပါတယ်။ ထိုသင်္ဃမိတ္တာကို ပင့်ဆောင်ခဲ့ပါ၊ ဒီကျွန်းမှာ ရှေးက ဘုရားသုံး ဆူတို့၏ ဗောဓိပင်တို့ စိုက်ခဲ့ဖူးလေပြီ။ ငါတို့ဘုရားရှင်ရဲ့ မဟောဗောဓိပင်လည်း ဒီကျွန်းမှာ စိုက်သင့်တယ်၊ ဒါကြောင့် ဘုရားရှင်ရဲ့ မဟာဗောဓိပင်ကိုလည်း တပါတည်း ယူခိုင်းလိုက်ပါ။ သင်္ဃမိတ္တာထေရီဟာ သူနှင့်တပါတည်း မဟာဗောဓိပင်ကို ပင့်ဆောင်လာခဲ့လိမ့်မယ် မင်းကြီး….” ဟု ပြောတော်မူသောအခါ ……
မင်းကြီးက “ကောင်းပါပြီ အရှင်ဘုရား…” ဟု ၀န်ခံ၍ အမတ်တို့နှင့်တိုင်ပင်ပြီး၊ တူအရင်းဖြစ်သည့် အရိဋ္ဌအမတ်ကို “ငါ့တူ….ပါဋလိပုတ်နေပြည်ကို သွားပြီး မဟာဗောဓိပင်နှင့်တကွ ရှင်မ သင်္ဃမိတ္တာထေရီကို ပင့်ဆောင်ခဲ့ပါ” ဟုစေခိုင်းသောအခါ တူဖြစ်သူအရိဋ္ဌအမတ်က “ မင်းကြီး ကျွန်ပ်လည်း ရဟန်းပြုချင်ပါတယ်၊ ရဟန်းပြုရရင် မင်းကြီးစေခိုင်းတဲ့အတိုင်း သွားယူနိုင်ပါလိမ့်မယ်” ဟုပြောသောအခါ မင်းကြီးက “ ငါ့တူ ပြန်လာရင် ရဟန်းပြုခွင့်ပေးပါ့မယ်၊ စိတ်ဖြောင့်ဖြောင့်ထားပြီး သွားပါတော့ ” ဟု ၀န်ခံကတိစကားပြောခဲ့ပါသည်။
သို့နှင့်အရိဋ္ဌအမတ်သည် သီဟိုဠ်ကျွန်းမှ အိန္ဒိယပြည်သို့ သမုဒ္ဒရာကို ဖြတ်၍ လာခဲ့ရာ ပါဋလိပုတ်နေပြည်သို့ ရောက်ရှိခဲ့ပါသည်။ နေပြည်တော် ရောက်ရှိသောအခါ အရိဋ္ဌအမတ်က “ အရှင်မဟိန္ဒမထေရ် မှာလိုက်သည့်အတိုင်း သီရိဓမ္မာသောကမင်းကြီးအား လျှောက်ထား ပါသည်။ ထိုအခါ မင်းကြီးသည် သမီးဖြစ်သူအား “ အမိ…..ငါ့ရဲ့သားတော်မဟိန္ဒမထေရ်နှင့် မြေးတော် သုမနသာမဏေတို့ သီဟိုဠ်ကို ကြွသွားတော်မူခဲ့ကြတဲ့အတွက် ငါ့မှာ လက်ပြတ်တဲ့လူလိုပဲ ဖြစ်ခဲ့ရပါတယ်။ သားတော်နှင့်မြေးတော်လိုက်ပါသွား၍ ငါ့မှာ သောကဖြစ်ခဲ့ရတယ်။ သည်လိုအချိန်မျိုးမှာ ချစ်သမီးရဲ့မျက်နှာကို မြင်နေရတဲ့အတွက် ဖြစ်ခဲ့တဲ့သောကကို ဖြေဖျောက်လို့ ရပါသေး တယ်၊ ယခုတော့ ချစ်သမီးပါ သွားတော့မှာဆိုတော့ မဖြစ်နိုင်ဘူး၊ ချစ်သမီး သီဟိုဠ်ကို မသွားပါနဲ့လား” ဟု မင်းဧကရာဇ်ပင်ဖြစ်လင့်ကစား သားသမီးအခြွေအရံနည်းလာသည့်အတွက် အားငယ်စွာ ပြောလာပါသည်။ ထိုအခါ..သင်္ဃမိတ္တာထေရီက..
“ အရှင်မင်းကြီး…..မောင်တော် မှာလိုက်တဲ့စကားဟာ အလွန်ဝန်လေးလှပါတယ်၊ သီဟိုဠ်မှာ အရံသတို့သမီးများနှင့်အတူ အနုဠာဒေ၀ီမိဖုရားဟာ ရဟန်းပြုဖို့အတွက် မျှော်နေလောက်ပြီ၊ သွားပါရစေတော့….” ဟု သင်္ဃမိတ္တာထေရီက ခမည်းတော်မင်းကြီးအား ပြောသောအခါ “ သည်လိုဆိုရင်လည်း မဟာဗောဓိပင်ကိုပါ ပင့်ဆောင်၍ သွားပါတော့ ချစ်သမီး” ဟု နောက်ဆုံးတွင် သာသနာတော်အရေး သွေးအေးမနေသင့်သည်ကို ဆင်ခြင်နှလုံးသွင်းမိ၍ မခွဲခြင်ပေမယ့် မတတ်သာသောကြောင့် သီဟိုဠ်သို့ သွားခွင့်ပြုလိုက်ရပါတော့သည်။
အသန္ဓိမိတ္တာမိဖုရားနှင့်အဖော်(၇၀၀)တို့ သောတာပန်တည်ခြင်း
အသန္ဓိမိတ္တာ မိဖုရားသည် တစ်နေ့သောအခါ မြတ်စွာဘုရား၏ အသံတော်နှင့်စပ်၍
“ အရှင်မြတ်တို့ဘုရား…ဤလောကတွင် မြတ်စွာဘုရားရဲ့ အသံတော်နှင့်တူသော အသံရှိပါသလား” ဟု သံဃာတော်များအား မေးလျှောက်ရာ သံဃာတော်များက “ ရှိပါတယ်၊ ကရ၀ိတ်ငှက်မင်း၏ အသံသည် မြတ်စွာဘုရား၏ အသံနှင့်တူပါတယ်” ဟုဖြေကြားတော်မူ၏။
မိဖုရား “ အရှင်မြတ်တို့ဘုရား…ဒီကရ၀ိတ်ငှက်က ဘယ်အရပ်မှာ နေပါသလဲဘုရား”
သံဃာတော်များက “ ဟိမ၀န္တာအရပ်မှာ နေကြပါတယ်” ဟု ဖြေကြားတော်မူကြသည်။
တစ်နေ့သ၌ မိဖုရားကြီးက “ အရှင်မင်းကြီး…..ကရ၀ိတ်ငှက်မင်းကို ကြည့်လိုလှပါတယ်” ဟု ကျွန်ပ်အား လျှောက်ထားလာပါသည်။ ကျွန်ပ်သည် မိဖုရားကြီး၏ အလိုဆန္ဒကို ဖြည့်ဆည်းနိုင်ရန်အတွက် ငှက်လှောင်ချိုင့်တစ်ခုကို အနားသို့ ယူစေကာ ငှက်လှောင်ချိုင့်အရှေ့တွင် ရပ်ကာ “ ဤငှက်လှောင်ချိုင့်တွင် နားနေပြီး ကရ၀ိတ်ငှက်ဟာ လိုက်ပါလာရမည် အမိန့်တော်” ဟု အမိန့်တော်ပြန်၍ လှောင်ချိုင့်ကို ကောင်းကင်ပေါ်ကနေ လွတ်လိုက်ပါသည်။ လှောင်ချိုင့်သည် မင်းကြီးအမိန့်တော်ပြန်ပြီးသည်နှင့် လူစကားနားလည်သည့်ပမာ ကရ၀ိတ်ငှက် တစ်ကောင်၏ အရှေ့တွင် ရပ်တည်နေလေသည်။ ထိုအခါ ကရ၀ိတ်ငှက်သည်….ဤ လှောင်ချိုင့်သည် မင်းအာဏာဖြင့် ရောက်လာတဲ့ လှောင်ချိုင့်ဖြစ်သည်၊ အာဏာကို ဖီဆန်၍ မလိုက်ဘဲနေလို့ မရနိုင် ဟု ဆင်ခြင်အောက်မေ့၍ လှောင်ချိုင့်အတွင်းဝင်လိုက်သည်နှင့် လှောင်ချိုင့် သည် ဟိမ၀န္တာမှ ပါဋလိပုတ်နေပြည်တော်၊ မင်းကြီးရှေ့သို့အရောက် ပြန်ဝဲလာပါတော့သည်။
ကရ၀ိတ်ငှက်မင်းရောက်လာသောအခါ ထိုငှက်၏ အသံမြည်စေရန် မတတ်နိုင်ဘဲ ရှိနေကြသည်။
ထိုအခါ အကျွန်ပ်က “ ငှက်တွန်မြည်အောင် ဘယ်လိုလုပ်ရပါ့မလဲ အမတ်ကြီးများ” ဟုမေးသောအခါ
အမတ်များက “ အရှင်မင်းကြီး….ဒီကရ၀ိတ်ငှက်များဟာ သူတို့မျိုးတူတဲ့ ငှက်အချင်းချင်းတွေ့လျှင် တွန်မြည်တတ်ကြပါတယ်” ဟုလျှောက်၏။
ထိုအကြောင်းနှင့်ပတ်သက်ပြီး အဖော်ငှက်ရအောင် ငှက်၏ ပတ်ဝန်းကျင်တွင်ကြေးမုံမှန်တစ်ချပ် ထောင်ပေးလိုက်လျှင် ဧကန်တွန်မြည်နိုင်သည်ဟု တွေးကာ ကရ၀ိတ်ငှက်၏ ပတ်ဝန်းကျင်တွင် ကြေးမုံမှန်များကို ထောင်ထားစေပါသည်။
ကရ၀ိတ်ငှက်သည် အဖေါ်ငှက်များ လိုက်လာပြီဟု မှတ်ထင်ကာ တောင်ပံကို ရိုက်ခတ်လျှက် ချိုမြိန်သာယာသော အသံဖြင့် ဖြေးညင်းသာယာစွာ တွန်ကျူး လေသည်။ ကရ၀ိတ်ငှက်၏ တွန်ကျူးသံကို ကြားကြရကုန်သော အသန္ဓိမိတ္တာမိဖုရားနှင့် ပါဋလိပုတ်ပြည် သူပြည်သား လူအများတို့သည် ထိုငှက်၏ တွန်ကျူးသော အသံတွင် မိန်းမော ယစ်မူးကြလေတော့သည်။ (ဆက်ရန်)
Monday, December 1, 2008
သုံရာစုက ဘ၀ပုံရိပ်(၁၃)
Posted in: ဆောင်းပါး
0 comments:
Post a Comment