Friday, December 5, 2008

ဓါတ်တော် မွေတော် ပြဿနာ

တတိယမေးခွန်း။ ။ဘုန်းဘုန်းဘုရား…..ဘုရားရှင်တို့ရဲ့ သာသနာတော် တစ်ခါကွယ်တိုင်း ကွယ်တိုင်းတွင် ဓာတ်တော်မွေတော်တို့ပါ ကွယ်တယ်ဆိုတာ မှန်ပါသလားဘုရား။ အကယ်၍ ကွယ်တယ်ဆိုလျှင် ရွှေတိဂုံဘုရားတွင် ဌာပနာထည့်သွင်းထားတဲ့ ရှေးဘုရားရှင်တို့ရဲ့ ဓာတ်တော်မွေတော်များကို ဘယ်လို ယူဆရပါ့မလဲ ရှင်းပြပေးတော်မူပါဘုရား။

အဖြေ။ ။ ဒီအကြောင်းကို မေးထားတာဟာ ဒီမေးခွန်းပါဆိုရင် လေးခုမြောက် ရှိသွားပါပြီ၊ ယခင်က မေးတာတွေကို မဖြေဆိုနိုင်ပါဘူး။ အကြိမ်ရေများလှတဲ့ အထူးသဖြင့် အွန်လိုင်းပေါ်မှာ ပေါ်ပြူလာဖြစ်လှတဲ့ ဒီမေးခွန်းကို ကြိုးစားဖြေပါ့မယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျမ်းဂန်များမှာ မပါသဖြင့် အတိအကျပြောရန် ခက်လှတယ်။ သို့သော်လည်း ယခုခေတ် ကျမ်းတတ်အကျော်ဆရာတော်များက ဘုရားသာသနာတော် တစ်ခါကွယ်တိုင်း ထိုဘုရားနဲ့ပတ်သက်တဲ့ ဓာတ်တော်များ ကွယ်ကြတယ်လို့ ယူဆကြပါတယ်။ ဘာဖြစ်လို့လည်းဆိုလျှင် လောကတွင် မြတ်စွာဘုရားနှစ်ဆူ ပြိုင်ပြီး မပွင့်ကောင်းဘူး။ တစ်ကြိမ်လျှင် တစ်ဆူသာပွင့်ကောင်းတယ် လို့ သိရပါတယ်။
ဒါဖြင့် ရွှေတိဂုံစေတီတော်မှာ ကကုသန်ဘုရားရဲ့ တောင်ဝှေးတော်၊ ကောဏာဂုံဘုရားရဲ့ ရေစစ်တော်၊ ကဿပဘုရားရဲ့ ရေသနုပ်တော်များကို ထည့်သွင်းဌာပနာထားတဲ့အကြောင်း သင်္ဃုတ္တရတောင်သမိုင်း စာအုပ်မှာ ကြည်ညိုဖွယ်ရာ ဖေါ်ပြထားတာ ဖတ်ရပါတယ်။
ရွှေတိဂုံ်စေတီတော်တွင်ရှိသည့် ဓါတ်တော်များကို ဘယ်လိုယူဆရမလဲ၊ ဒါနဲ့ပတ်သက်ပြီး အနာဂတ၀င်ကျမ်းမှာ ပြဆိုထားတာကို ပြောမယ်။
သာသနာကွယ်တဲ့နေရာမှာ ပထမတွင် ပဋိသမ္ဘိဒါပတ္တနှင့်ပြည့်စုံတဲ့ ရဟန္တာများ ကွယ်မယ်၊ ဒုတိယတွင် မဂ်ဖိုလ်ကွယ်မယ်၊ တတိယ အကျက်ကွယ်မယ်၊ စတုတ္ထတွင် ပရိယတ္တိကွယ်မယ်။ ပဉ္စမတွင် သံဃာကွယ်မယ်၊ ဒီလိုအဆင့်ဆင့်ကွယ်ပြီးတဲ့အခါ သာသနာတော်အား ပူဇော်သက္ကာရ ပြုမယ့်သူမရှိတော့တဲ့အတွက်ကြောင့် နဂါးပြည်၊ နတ်ပြည်၊လူ့ပြည်စသည်များမှာ ကိန်းဝပ်နေကြတဲ့ ဓါတ်တော်များဟာ မဟာဗောဓိမဏ္ဍိုင်တွင် စုဝေးကြွရောက်တော်မူကြကာ ဓါတ်ပေါင်းစုဘုရားဖြစ်ပါမယ်။ အဲဒီအခါ လူအများမပါတော့ဘဲ နတ်ဗြဟ္မာများအား ဓါတ်ပေါင်းစုဘုရားက တရားဟောတော်မူတဲ့အတွက် ကျွတ်တန်းဝင်ကြပါဦးမယ်။အဲဒီနောက် ဓါတ်ပေါင်းစုဘုရားလည်း တေဇောဓါတ်လောင်ကျွမ်းတော်မူပါလိမ့်မယ်။ အဲဒါဟာ ဘုရားတစ်ဆူရဲ့ သာသနာအားလုံးကွယ်ပုံပဲ။
အဲဒီမှာ ဓါတ်ပေါင်းစုများသာ လောင်ကျွမ်းတော်မူမယ်လို့ ဆိုတဲ့အတွက် မွေတော်များမပါဘူးလို့ ယူဆရမလိုဖြစ်နေတယ်။ မွေတော်ဆိုတာက ဘုရားရှင်ရဲ့ အသုံးအဆောင်ဖြစ်တယ်။ဒီလိုဆိုရင်တော့ ရွှေတိဂုံဘုရားမှာ ဌာပနာထားတဲ့ မွေတော်အတွက် ပြဿနာမရှိတော့ဘူးလို့ ယူဆမိတယ်။ ဒါကြောင့် ဘုရားတစ်ဆူရဲ့ သာသနာကွယ်လျှင် ဓါတ်တော်များသာကွယ်ပြီး မွေတော်များ မပါကြောင်းကို အနာဂတ၀င်ကျမ်းအလိုအရ ယူဆနိုင်တယ်၊လို့ အဖြေပေးလိုက်ရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More