Monday, December 1, 2008

သုံရာစုက ဘ၀ပုံရိပ် ဇာတ်သိမ်းပိုင်း

သီရိဓမ္မာသောကမင်းကြီး၏ နောက်ဆုံးဘ၀ ဇာတ်သိမ်းခန်း
သီရိဓမ္မာသောကမင်းကြီး၏ အတိတ်ဘ၀ ပျားရည်ကုန်သည်ဘ၀က အစ်ကိုတော်စပ်ခဲ့ဖူးသည့် လက်ာဒီပ သီဟိုဠ်ကျွန်းကို အစိုးရသော ဒေ၀ါနံပီယတိဿမင်းသည်လည်း တာဝတိံသာနတ်ပြည်၌ တန်ခိုးကြီးသော နတ်ဖြစ်ခဲ့ရပါသည်။ သို့နှင့် ကုသိုလ်အရှိန်ကြောင့် တန်ခိုးကြီးနတ်များ ဖြစ်ခဲ့ရကာ များမကြာမီ တာဝတိံသာနတ်တို့၏အရှင် သိကြားမင်းက သီဟိုဠ်ကျွန်းတွင် မြတ်ဗုဒ္ဓသာသနာတော်အတွက် ဟု ဆိုကာ တောင်းပန်လာပါသည်။ သို့အတွက်ကြောင့် သီဟိုဠ်ကျွန်း သဒ္ဓါတိဿမင်းလက်ထက်တွင် သီရိဓမ္မာသောကမင်းကြီးက သမ္ဘူလသူဌေးကြီး၏ သားဖြစ်ခဲ့ရပြီး၊ ဒေ၀ါနံပီယတိဿမင်းကြီးကား ထိုသီဟိုဠ်ကျွန်းတွင်ပင် ဗျဂ္ဃသာလ သူဌေးမ၏ သား ဖြစ်လာခဲ့သည်။

ခုနှစ်နှစ်အရွယ်သို့ ရောက်ကြသောအခါ ရဟန်းပြုကြကာ သီရိဓမ္မာသောကမင်းကြီးက ကုဏ္ဍလတိဿထေရ်(ကုဋ္ဋတိဿထေရ်)ဟု နာမည်တွင်ပြီး၊ ဒေ၀ါနံပီယတိဿမင်းကြီးက ဗျဂ္ဃထေရ် (မဟာဗျဂ္ဃထေရ်)ဟု အမည်တွင်ခဲ့သည်။။ သူတို့နှစ်ဦးစလုံးသည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်တော်မူကြကုန်၏။ ထိုမထေရ်နှစ်ပါးသည် မွေးဖွားတော်မူသောအခါ အတူဖွားတော်မူခဲ့ကြပြီး၊ ရဟန်းပြုသောအခါတွင်လည်း အတူတူရဟန်းဖြစ်ကြကာ စာပေကျမ်းဂန်တို့ကိုလည်း အတူတကွ သင်ယူခဲ့ကြသည်။ ပရိနိဗ္ဗာန်ပြုတော်မူသောခါ သီဟိုဠ်ကျွန်းတွင် ကြီးစွာသော တန်ခိုးပြာဋိဟာကို ပြတော်မူကြပြီး ပရိနိဗ္ဗာန်စံရာ၌လည်း အတူတကွ ရှေ့ဆက်နောက်ဆက်ဆိုသလို ပရိနိဗ္ဗာန်ပြုတော်မူခဲ့ကြပါသည်။
မှတ်ချက်။ ။ထိုမထေရ်နှစ်ပါးသည် သိရီဓမ္မာသောကမင်းကြီးနှင့်ဒေ၀ါနံပီယတိဿမင်း ဖြစ်သည်ဟု မှန်နန်းမဟာရာဇ၀င်တော်ကြီးနှင့်ဦးကုလား မဟာရာဇ၀င်တော်ကြီးများက ဖေါ်ပြကြပါသည်။ သည်လိုဆိုလျှင် သူတို့နှစ်ဦး၏ နောင်ဆုံးဘ၀ ဇာတ်သိမ်းခန်းသည် အလွန်လှပခဲ့ပေသည်ဟု ဆိုရပေမည်။ တစ်ဖန် ‘ဇမ္ဗူဒီပသီဟဠ၀တ္ထု’ က ဖွင့်ပြတာက ကုဋ္ဋတိဿရဟန္တာဆိုသည်မှာ သီရိဓမ္မာသောကမင်းကြီးဖြစ်ကြောင်း၊ မဟာဗျဂ္ဃရဟန္တာက သီရိဓမ္မာသောကမင်း၏ မိတ်ဆွေဖြစ်ကြောင်း ဖွင့်ပြထားပါသည်။ သီရိဓမ္မာသောကမင်းကြီး၏ မိတ်ဆွေ မည်သူမည်ဝါဖြစ်သည်ကို တိတိပပ ဖေါ်ပြခြင်းမရှိ၊ မည်သို့ပင်ဖြစ်စေ ဇမ္ဗူဒီပသီဟဠ၀တ္တုအရ သီရိဓမ္မာသောက်မင်းကြီးသည် ကျွတ်တန်းဝင်သွားပြီ ဟု ဆိုရပေတော့မည်။
ဤတွင် ထိုမထေရ်နှစ်ပါး၏ လှပသည့် ဘ၀ပန်းချီကားချပ် ကြီးသဖွယ်ဖြစ်ခဲ့သည့်အကြောင်းကို အင်္ဂုတ္တရအဋ္ဌကထာ ဒုတိယစာအုပ် နှာ-၁၃၃ နှင့် ဇမ္ဗူဒီပသီဟဠ၀တ္တုလာရှိ သည့်အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါသည်။
သာသနာတော်နှစ် ၄၀၇ ခုနှစ်၊ သီဟိုဠ်ကျွန်းတွင် သဒ္ဓါတိဿမင်း နန်းတက်ခဲ့သည်။ တစ်နေ့သောအခါ ထိုမင်းက “အရှင်ဘုရားတို့……၊ တပည့်တော် ပူဇော်ကိုးကွယ်သင့်တဲ့ မထေရ်တစ်ပါးကို ညွန်ကြားတော်မူပါဘုရား” ဟု သံဃာတော်များအား လျှောက်ထား သောအခါ သံဃာတော်များက မင်္ဂလအရပ်၌ သီတင်းသုံးတော်မူသော ကုဋ္ဋတိဿမထေရ်ကြီးအား ညွန်ပြတော်မူကြပါတယ်။ (သာရသင်္ဂဟနှင့်သီဟိုဠ်မူတို့၌ “မင်္ဂဏ၀ါသီ ခုဇ္ဇ (ကုဇ္ဇ)တိဿထေရ်ဟု ရှိပါသည်။)
မင်းကြီးလည်း သံဃာတော်များထံမှ သတင်းစကားကြားရသောအခါ မထေရ်အား ဖူးမြော်လိုသဖြင့် နောက်ပါ မှူးကြီးမတ်ကြီးများနှင့် စုံလင်စွာ လိုက်ပါစေကာ ငါးယူဇနာ ဝေးကွာသော မထေရ်ကြီး ရှိရာအရပ်သို ဖူးမြော်ရန် သွားကြပါတော့သည်။ ထိုအခါ မထေရ်ကြီးသည် မလှမ်းမကမ်းတွင်ရထား၊လူ၊မြင်း၊ ဆင် အသံတို့ကို ကြားတော်မူ၍ မထေရ်ကြီးက “ ဒီဆူညံသံတွေဟာ ဘယ်ဆီကအသံတွေလဲ” ဟု ရဟန်းတော်များအား မေးရာ ရဟန်းတော်များက “ မင်းကြီးက မင်းခမ်းမင်းနားဖြင့် အရှင်ဘုရားထံ အဖူးရောက်လာကြောင်းပါဘုရား” ဟု ပြန်လည် လျှောက်ထားကြပါသည်။
မထေရ်၏ စိတ်ထဲတွင် အသက်ကြီးပြီး သေခါနီးမှ ဘုရင်နဲ့ အကျွမ်းဝင်မှုကို စက်ဆုပ်တော်မူလှသဖြင့် မင်းကြီးမလာမီ နေ့လည် တရားနှလုံးသွင်းရာ (နေ့သန့်ရာ)နေရာ ကွပ်ပျစ်တွင် လဲလျောင်းကာ မြေကြီးအား လက်ဖြင့် ရေးခြစ်နေဟန် ပြုလုပ်နေပါတော့သည်။ (ရဟန်းတော်များမှာ မြေကြီးကို မခြစ်ရ ပါစိတ်အာပတ်သင့်ပါသည်။ထိုမျှမက စိတ်မငြိမ်သင့်သောသူများသာ ထိုရေးခြစ်မှုကိစ္စကို ပြုလုပ်ကြသည်။) မင်းကြီးသည် မထေရ်ကြီးရှိရာသို့ အမောတကော သွားရောက်ခဲ့ပါသည်။ မထေရ်ကြီး၏ မြေကြီး၌ ရေးခြစ်နေသည်ကို ခပ်လှမ်းလှမ်းမှ တွေ့မြင်လိုက်ရသောအခါ လှမ်းနေကျ ခြေလှမ်းသည် မသွားတော့ဘဲ ရုတ်တရက် ရပ်တန့်ကာ.. မင်းကြီးက “ ရဟန္တာဆိုတာ ခြေဆော့ လက်ဆော့ နေရိုးထုံးစံမရှိဘူး၊ အများက ဘယ်လောက်ပဲ ရဟန္တာလို့ ပြောပြော ရဟန္တာတော့ ဖြစ်ပုံမရဘူး” ဟု စဉ်းစားပြီး ရပ်နေပါသည်။
သူ၏ အမြင်အပေါ် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် မထေရ်အား ဦးမျှပင် မချတော့ဘဲ ချက်ချင်းပင် လှည့်ပြန် သွားပါတော့သည်။ မင်းကြီးချက်ချင်းပြန်သွားသောအခါ ကျောင်းရှိသံဃာတော်များ အံ့သြတော်မူကြကာ မထေရ်ကြီးထံ သွားရောက်လျှောက်ထားကြသည်။
“အရှင်ဘုရား…….သဒ္ဓါတရားနဲ့ လာရောက်ဖူးမျှော်တဲ့မင်းကြီးကို စိတ်မချမ်းသာဖြစ်အောင် ဘာ့ကြောင့် ပြုတော်မူရတာလဲဘုရား..” ထိုအခါ မထေရ်ကြီးက “ ငါ့ရှင်တို့…….မင်းကြီးရဲ့သဒ္ဓါတရားကို စောင့်ရှောက်ဖို့ ငါ့ရှင်တို့ တာဝန်မဟုတ်ပါဘူး။ ဒါဟာ မထေရ်ကြီးတို့ရဲ့ တာဝန် သာဖြစ်တယ်။ မထေရ်အိုကြီးများဟာ သဒ္ဓါတရားကို စောင့်ရှောက်တတ်ကြပါတယ်” ဟု မိန့်တော်မူသောစကားကို သံဃာတော်များ နားမလည်နိုင်ပေ။ အဘယ့်ကြောင့်နည်း သူတော်ကောင်းတို့၏ သဘောကို လူသာမန်တို့ သိရန် ခဲရင်းလှသောကြောင့်တည်း။
သို့နှင့်မထေရ်ကြီးသည် အသက်အရွယ်ကြီးရင့်၍ ပရိနိဗ္ဗာန်ပြုတော်မူခါနီးသောအခါ တပည့်ရဟန်းတော်များအား “ ဒို့များသေရင် အလောင်းတင်ရထားပြာသာဒ်ပေါ်မှာ အပိုခေါင်းတစ်လုံးထည့်ပြီး ပူဇော်ရစ်ကြနော်” ဟုမိန့်တော်မူ၏။
တပည့်များလည်း သူတော်ကောင်းတို့၏ မိန့်မှာတော်မူသည့်စကားကို နည်းမလည်စေကာမူ ပြောဆိုဆုံးမ၍ လွယ်သူများပီပီ မထေရ်ကြီး ခန္ဓာဝန်ချလျှင် မထေရ်ကြီး၏ ခေါင်းအပြင် အပိုခေါင်းတစ်လုံးကိုပါ ပြုလုပ် ပူဇော်ထားကြပါသည်။
ကောင်းကင်ပျံတက်လာသော အလောင်းတော်
မထေရ်ကြီးလည်း “ ငါ၏ အလောင်းတင်ရထားပြာသာဒ်ဟာ မင်းကြီးမြင်လျှင်မြင်ချင်း အငြိအတွယ်မရှိ မြေပြင်သို့ ဆင်းသက်ကာ ရပ်တည်နေစေသတည်း” ဟု အဓိဋ္ဌာန်ကာ ခန္ဓာဝန်ချကာ ပရိနိဗ္ဗာန် စံတော်မူပါသည်။
တပည့်များကလည်း မထေရ်ကြီး ခန္ဓာဝန်ချတော်မူသောအခါ ပြုလုပ်ထားသည့် အလောင်းတင်ရထားပေါ်သို့ ရုပ်ကလပ်တော်ကို တင်လိုက်ပြီးသည်နှင့် တပြိုင်နက် အလောင်းတင် ပြာသာဒ်ကြီးသည် အပိုခေါင်းတစ်လုံးနှင့်အတူ ကောင်းကင်သို့ ပျံတက်ကာ မင်းကြီးရှိရာ ငါးယူဇနာဝေးကွာသော အရပ်သို့ ဦးတည်လျှက် ပျံတက်သွားပါတော့သည်။ ငါးယူဇနာအတွင်း လမ်းတလျှောက်တွင် သစ်ပင်ကြီးတိုင်းက တံခွန်ကုက္ကားအလံများသဖွယ် တလူလူလွင့်ကာ အလောင်းတော်ကို ပူဇော်ကြကုန်၏။ သစ်ပင်များကလည်း အခါမဲ့ အသီးအပွင့်တို့ဖြင့် ဝေဆာစွာ ဖူးပွင့်ကုန်ကြကာ အလောင်းတော်အား ပူဇော်ကြကုန်၏။
သဒ္ဓါတိဿမင်းကြီးသည် “ ကုဋတိဿ မထေရ်ကြီး ပရိနိဗ္ဗာန် ပြုသတဲ့.. အလောင်းတင်ရထားကြီး ကောင်းကင်ကနေ လာနေသတဲ့” ဟု ကောလာဟလသတင်းများကို မယုံကြည်ပေ၊ အမတ်ကြီးများက ‘အဟုတ်တကယ် ပါပဲ’ဟု ပြောပါသော်လည်း မယုံကြည်ဘဲ ရှိလေသည်။
သို့နှင့် အလောင်းတင်ရထားကြီးသည်လည်း ကောင်းကင်သို့ ပျံတက်ကာ ထူပါရုံစေတီတော်အား လက်ျာရစ် သုံးကြိမ် လှည့်ပတ်ပူဇော်ကာ ကျောက်စေတီနေရာသို့ ရောက်သောအခါ ကောင်းကင်တွင် ရပ်တည်နေတော့သည်။ ပို၍ထူးဆန်းသည်မှာ ထိုသို့ ပြာသာဒ်ကြီး ကောင်းကင်တွင် ရပ်တည်နေသည်သောအခါ ကျောက်စေတီတော်ကြီးသည် ဖိနပ်တော်အပါအ၀င် စေတီတော်တစ်ဆူလုံးသည်း ကောင်ကင်ပေါ်ရှိ ပြာသာဒ်အထက်တွင် တက်ရောက်စံပယ်နေသည်ကို အံ့သြစွာ ဖူးမြင်ကြရပါတော့သည်။
တိုင်းသူပြည်သား လူအများလည်း မကြုံစဖူး ထူးကဲလှသော ထိုဖြစ်ရပ်ကို အံ့သြစွာဖြင့် တခဲနက်လာရောက် ဖူးမြော်ကြပါ တော့သည်။
ကောင်းကင်တက်၍ ပရိနိဗ္ဗာန်ပြုသော မဟာဗျ ဂ္ဃ ထေရ်
အလောင်းတော်တင်ရထားပြာသာဒ်ကြီး ကောင်းကင်ပေါ် ရပ်တည်ကာ အပူဇော်ခံနေတော်မူနေခိုက် အနီးရှိ ဘုံးကိုးဆင့်ရှိ ကြေးပြာသာဒ်ကြီးပေါ်တွင် မဟာဗျ ဂ္ဃထေရ်သည် ရဟန်းသံဃာတော်တို့အား ၀ိနည်းကံနှင့်စပ်၍ သြ၀ါဒပေးနေပါသည်။ အုတ်အုတ်ကျက်ျက် ဆူညံသံများကြားရသောကြောင့် မဟာဗျ ဂ္ဃထေရ်က “ ငါ့ရှင်တို့…ဟိုဘက်ဆီက ဘာသံတွေလဲ” ဟု မေးတော်မူသောအခါ ရဟန်းတော်များက “အရှင်ဘုရား….မင်္ဂလ၀ါသီ ကုဋတိဿထေရ် ပရိနိဗ္ဗာန်ပြုတော်မူတဲ့အတွက်ကြောင့် အလောင်းတော်ရထားပြာသာဒ်ကြီး ကောင်းကင်ပေါ်တွင် ရပ်တည်နေသည့်အတွက်ကြောင့် လူအများက ပူဇော်နေကြပါတယ် အရှင်ဘုရား” ဟု ပြန်လေည် လျှောက်ထားကြသည်။
မဟာဗျ ဂ္ဃထေရ်လည်း သြ၀ါဒစကား မိန့်ကြားပြီးသောအခါ…
“ ငါ့ရှင်တို့… ဒီနေ့တော့ ဘုန်းကံကြီးမားတဲ့ ပုဂ္ဂိုလ်ကို မှီခိုပြီး တပည့်တော်တို့လည်း အပူဇော်ခံရဦးမယ်” ဟုဆိုကာ အနီးရှိတပည့်ရဟန်းတော်များ အား ကာယကံ၊ ၀စီကံ၊ မနောကံဖြင့် အပြစ်များရှိက သည်းခံခွင့်လွတ်ကြပါရန် တောင်းပန်ပြောဆိုကာ ဆုံးမစကားများလည်း မိန့်ကြားတော်မူခဲ့ပါ သည်။ ထိုသို့ပြောဆိုအပြီး မထေရ်သည် ကောင်းကင်ပေါ်သို့ ပျံတက်ကာ ပြာသာဒ်ကြီး၏ အတွင်းတွင် အပိုအလွတ်ပါလာသော ခေါင်းတစ်လုံးအတွင်းသို့ လဲလျောင်းလိုက်သည်နှင့် ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပါတော့သည်။
သဒ္ဓါတိဿမင်းလည်း ထိုအခါမှ မင်းခမ်းမင်းနားဖြင့်လာရောက်ကာ ကောင်းကင်ပေါ်ရပ်တည်နေသည့် အလောင်းတင်ရထားကြီးကို ဖူးမြော်ပူဇော်လေသည်။ ထိုသို့ မင်းကြီးပူဇော်သောအခါမှ ကောင်းကင်ပေါ်တည်နေသည့် အလောင်းတင်ပြာသာဒ်ကြီးသည် မြေပြင်သို့ ဖြည်းညင်းစွာ သက်ဆက်းလာပါတော့သည်။ သည်အခါမှ မင်းကြီးလည်း မှားမိသမျှ ၀န်ချကန်တော့ကာ ခမ်းနားကြီးကျယ်စွာ ပူဇော်လေတော့သည်။ ဈာပနပွဲပြီးဆုံးသောအခါ ထိုမထေရ်တို့၏ အရိုးဓါတ်တော်များကို စေတီတည်ထား၍ ကိုးကွယ်လေတော့သည်။ (အံ -ဋ္ဌ.၂၊၁၃၃-တိဌာနသုတ်အဖွင့်)
ဤကား မြတ်ဗုဒ္ဓသာသနာတော်ကြီးအား စွမ်းအားရှိသလောက် သူမတူအောင် ထောက်ပံ့လှူဒါန်းခဲ့သည့်အပြင် သာသနာတော်ကို အသက်ထက်မက ချစ်မြတ်နိုးသောစိတ်ထားဖြင့် သာသနာကို ကမ္ဘာအ၀န်းသို့ ပြန့်နံှ့စေရန် သာသနာပြုတော်မူခဲ့သည့် သီရိဓမ္မာသောကမင်းကြီး၏ သုံးရာစုထဲက ဘ၀ပုံရိပ်ဖြစ်စဉ်များကို ပြန်လည်တင်ပြလိုက်ရပါသည်။ သူ၏ ဘ၀ပုံရိပ်လွှာကို ဖတ်ရှုရသော စာဖတ်သူများ သာသနာတော်အတွက် လုပ်ဆောင်ချက်များကို အတုယူကာ သံဝေဂပွားများနိုင်ကြပါစေကြောင်း ထပ်လောင်းပြောကြားလိုက်ရပါတော့သတည်း။ ။

1 comments:

အရှင်ဘုရား...
စောင့်မျှော်ဖတ်ရှု သတိပြုလျက် ဖြည့်စွက်ဉာဏ်သွင်း ပညာအလင်းဖြာခွင့်ရသော အကြောင်းကြောင့် ကျေးဇူးတော်ကြီးမားပါတယ် အရှင်ဘုရား...

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More