Friday, December 5, 2008

နိဗ္ဗာန်ဟာ အနတ္တလား

ဒုတိယမေးခွန်း။ ။ဘုန်းဘုန်းဘုရား…ရူပံအနတ္တာ၊ ဝေဒနာ အနတ္တာ(ပ)စက္ခုဝိညာဏံ အနတ္တာ၊ သဗ္ဗေ ဓမ္မာအနတ္တာ လို့ တပည့်တော် နာခဲ့ဖူးပါတယ်ဘုရား။ ထိုတရားများအနက် သဗ္ဗေ ဓမ္မာအနတ္တာမှာ နိဗ္ဗာန်မည်သို့ ပါဝင်တယ်ဆိုတာကို ရှင်းပြစေလိုပါတယ် ဘုရား။
အဖြေ။ ။သည်အမေးမေးပုံထောက်တော့ မောင်ကျော်ဇင်လတ်က ဘုရားဟောတဲ့စာပေတွေကို အတော်ဖတ်ထားပုံ လေ့လာထားပုံရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမေးရှိက အဖြေရှိရမယ် ဆိုတဲ့အတိုင်း မောင်ကျော်ဇင်လတ်သာမက အားလုံးသိအောင် ဖြေကြားပေးပါ့မယ်။

သဗ္ဗေဓမ္မာ အနတ္တာ ဆိုတဲ့ တရားတော်မှာ အနတ္တဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကို စုံစုံစေ့စေ့သိအောင် ပြောပါ့မယ်။
၁။ အ သာရကတ္ထေန အနတ္တာ။ ။အနှစ်သာရ အခိုင်အမာ အားထားမှီခိုစရာ လုံးဝမရှိတဲ့အတွက် ‘အနတ္တ’ လို့ခေါ်တယ်။
၂။ အ ၀သ၀တ္တနတော အနတ္တာ။ ။ ငါလည်းမဟုတ်၊ငါ့ဥစ္စာလည်းမရှိ ငါ့အလိုမလိုက်၊ ငါ့အကြိုက်မပါ ငါလိုရာမပြီး အချည်းနှီးအပျက်သဘောကိုသာ ဆောင်နေတဲ့အတွက်ကြောင့် ‘အနတ္တ’ ခေါ်တယ်။
၃။ အ နိဿရေန အနတ္တာ။ ။ ကိုယ်ပိုင်ဆိုင်တာ ကိုယ်အစိုးရတာ ဘာတစ်ခုမှ မရှိတဲ့အတွက်ကြောင့် ‘အနတ္တ’ ခေါ်တယ်။
၎။ ယံ ဒုက္ခံ တံ အနတ္တာ။ ။ဆင်းရဲဒုက္ခမှန်သမျှ အားလုံးကို ‘အနတ္တ’ ခေါ်တယ်။
ဘုရားရှင်လက်ထက်က ဘုရားကို ခံတိုက်ခဲ့တဲ့သူများဟာ အနတ္တ ကိုမကြိုက်တဲ့သူတွေ အများဆုံးဖြစ်တယ်။
ယခုဖြေရမှာက နိဗ္ဗာန်ကို သဗ္ဗေဓမ္မာ အနတ္တာ ထဲပါဝင်ပုံဖြစ်တယ်။
လောကလူအများ ပိုင်ဆိုင်တဲ့ ပစ္စည်းများကို ငါ့ဟာ ငါ့ဥစ္စာ ငါပိုင်တယ် ငါလုပ်သလိုရတယ် အစိုးရတယ် ဆိုတဲ့ အတ္တ ဖြစ်ပါသလားလို့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ အကယ်၍ ပစ္စည်းတွေဟာ ကိုယ့်ဟာ ကိုယ့်ဥစ္စာ ကိုယ်လုပ်သလိုဖြစ်ပြီး ခံစားသုံးဆောင်နိုင်တယ်လို့ အတ္တ ဖြစ်ခဲ့မယ်ဆိုရင် ယခု နိဗ္ဗာန်ကို ထုတ်ယူသုံးစွဲ ပြပါလို့ ပြောရင် ချက်ချင်းကြီး နိဗ္ဗာန်ကို ယူလို့လည်းမရနိုင်ပါဘူး။ သည်လိုဆိုရင် နိဗ္ဗာန်ဟာ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်နိုင်တဲ့အတွက် ငါ့ဟာမဟုတ် သလို ငါ့ဟာလည်း မဖြစ်ဘူး။ ဒါကြောင့် “ သဗ္ဗေဓမ္မာ အနတ္တာ” လို့ ဟောရတာလို့ မှတ်ယူရပါမယ်လို့ ဖြေကြားပေးလိုက်ရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More