This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, September 30, 2009

ဖတ်မိသမျှစာများ(၄)

သာသနာတော် သန့်ရှင်း၊ တည်တံ့ ၊ ပြန့်ပွားရန်
ဖတ်မိသမျှစာများမှ သာသနာတော် သန့်ရှင်း၊ တည်တံ့ ပြန့်ပွားနိုင်ရန်အတွက် မကွေးဆရာတော်ကြီးရဲ့ သာရဏီရကထာကို ဖေါ်ပြပေး လိုက်ပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃနာယကအဖွဲ့(၄၇)ပါးစုံညီ သတ္တမ အစည်းအဝေးတွင် မိန့်ကြားတော်မူအပ်သော သဘာပတိဥက္ကဌ အဘဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ် ဆရာတော် ဘဒ္ဒန္တကုမာရ မဟာထေရ၏ သာရဏီယ သြ၀ါဒကထာမှ ကောက်နှုတ်ဖေါ်ပြပါသည်။
နိုင်ငံတော် သံဃမဟာနာယက ဆရာတော် အရှင်မြတ်တို့ဘုရား…
ဆရာတော်အရှင်သူမြတ်တို့ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးဟူသော ဦးတည်ချက်ဖြင့် စုံစုံညီညီ ကြွရောက်တော်မူလာကြသည့် အတွက် “ယာဝကီဝဉ္စ ဘိက္ခဝေ ဘိက္ခု သမဂ္ဂါ သန္နိပတိဿန္တိ၊ သမဂ္ဂါ ၀ုဋ္ဌဟိဿန္တိ၊ သမဂ္ဂါ သံဃကရဏီယာနိ ကရိဿန္တိ၊ ၀ုဒ္ဓိယေ၀ ဘိက္ခဝေ ဘိက္ခူနံ ပါဋိကင်္ခါ နောပရိဟာနိ(ဒီ၊ ၂၊ ၆၅) ဟူသော ဘိက္ခု အပရိဟာနိယ ဒေသနာတော်နဲ့ ညီညွတ်သည့်အတွက် နှစ်သစ်ရွှင်လန်း ၀မ်းမြောက်ရပါသည် ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား…
ဘုရားတပည့်တော်တို့၏ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းမှု၏ ရည်ရွယ်ချက် (၇)ချက်တို့တွင် (က)တွင် သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရန် ဖြစ်သည်ဟု ဆိုထားရာ ဘုရားတပည့်တော်တို့ ဆောင်ရွက်ရမည့် သာသနာတော်ကိစ္စများမှာ-
သာသနာတော် သန့်ရှင်းရန်၊
သာသနာတော်တည်တံ့ရန်၊
သာသနာတော် ပြန့်ပွားရန်တို့ ဖြစ်ပါသည်။
ထိုရည်ရွယ်ချက် (၃)ရပ်တို့တွင် သာသနာတော်သန့်ရှင်းရန်အတွက် ဂိုဏ်းပေါင်းစုံ သံဃအဖွဲ့အစည်း ဖွဲ့စည်းပြီး၊ ပထမငါးနှစ်အတွင်းတွင် ရဟန်းတု ရဟန်းယောင်များကို ဖယ်ရှားခြင်း၊
ပိဋကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို နိုင်ငံတော် သိခြားဝိနည်းဓိုရ်အဖွဲ့များဖြင့် ဓမ္မ-အဓမ္မ ဆုံးဖြတ် စေခြင်းစသည်ဖြင့် သာသနာတော် သန့်ရှင်းရန်ကိစ္စများကို ဆောင်ရွက်ခဲ့သဖြင့် အထိုက်အလျောက် အောင်မြင်ခဲ့ပါသည်ဘုရား။
သို့ရာတွင် နှစ်ကာလ ကြာမြင့်လာသောအခါ ထိုရဟန်းတု ရဟန်းယောင်များ အဓမ္မ၀ါဒများ တစ်စတစ်စ ခေါင်းထောင်လာသည်ကို ဆရာတော်များ ကြားသိတော်မူကြပြီး ဖြစ်ပါလိမ့်မည်ဘုရား..
ဆရာတော် အရှင်မြတ်တို့ဘုရား..
နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် ဆရာတော်အရှင်သူမြတ်တို့သည်-
(၁)ခမာ-အရာရာ၌ သည်းခံခြင်းဂုဏ်၊
(၂) ဇာဂရိယ- နိုးကြားခြင်းဂုဏ်၊
(၃)ဥဋ္ဌာန- ထကြွလုံ့လ၀ီရိယ ရှိခြင်းဂုဏ်၊
(၄) သံဝိဘာက- ခွဲခြားဝေဖန်ခြင်းဂုဏ်၊
(၅) ဒယာ- သနားငဲ့ညှာခြင်းဂုဏ်၊
(၆)ဣက္ခဏ- စေ့စေ့ငုငှု ကြည့်ရှုဆင်ခြင်းဂုဏ် ဟူသော နာယကဂုဏ်အင်္ဂါခြောက်ပါးတို့နှင့် ပြည့်စုံတော်မူကြသည့် အရှင်မြတ်များချည်းသာ ဖြစ်ကြရပါမည်ဘုရား။
ဤနာယကဂုဏ် ခြောက်ပါးတို့တွင်လည်း နောက်ဆုံးဖြစ်သော စေ့စေ့ငုငု ကြည့်ရှုဆင်ခြင်ခြင်းဟူသော “ဣက္ခဏ” ဂုဏ်အင်္ဂါကို ကိစ္စကြီးငယ် သွယ်သွယ်၀၀ ဟူသမျှတို့၌ ရှေ့ဂုဏ်အင်္ဂါ ခြောက်ပါးထက် အလွန်အကြူး အထူးအားဖြင့် အလိုရှိသင့်၊ အလိုရှိထိုက်၊ ပြည့်စုံစေသင့် ပြည့်စုံစေထိုက်လှပါသည်ဘုရား။
အဘယ်ကြောင့်နည်းဟူမူ အကြီးအမှူး ဦးစီးနာယက ဖြစ်ကြသော ပုဂ္ဂိုလ်တို့သည် မိမိတို့ကြီးမှူးရာ နယ်ပယ်အတွင်း၌ အကြောင်းအရာ ၀တ္ထုအစုစုတို့ကို တစ်ခုမကျန် ဝေဖန်ပိုင်းခြား ပြတ်သားစွာ သိမြင်အောင် ကြည့်ရှုဆင်ခြင်ပြီး၊ ပဂ္ဂဟ၊ နိဂ္ဂဟ ကိစ္စကြီးငယ် အသွယ်သွယ်တို့ကို ဆောင် ရွက်ပြုလုပ်မှသာလျှင် ချို့ယွင်းချက်မရှိ တိကျမှန်ကန်သော ဆောင်ရွက်ချက်ဖြစ်သဖြင့် လိုအပ်သော အကျိုးများ ပြီးစီးအောင်မြင်နိုင်သောကြောင့် ဖြစ်ပါသည်ဘုရား။
သို့ရာတွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးသည် ကျောင်း၊ကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွားခြင်း၊ ကျောင်းသစ်ဆောက်လုပ်မှု အတည်ပြုခြင်း အစရှိသော အသေးအဖွဲကိစ္စများကိုသာ ဆောင်ရွက်နေကြရသည်က များပါသည်ဘုရား။
လွန်စွာ အရေးကြီးသည့် သာသနာသန့်ရှင်းရေးကိစ္စများကိုမူ စိတ်ပါဝင်စားသော အရှင်မြတ်များ အနည်းငယ်မျှသာ ရှိသည်ဟု ထင်မြင်ယူဆမိပါသည်ဘုရား။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင် အမြတ်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သည့်အတွက် သာသနာတော်သန့်ရှင်းရေးကိစ္စများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးမှာ တာဝန်အရှိဆုံး ဖြစ်ပါသည်။
ထို့ကြောင့် ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး၌ မည်သည့် အညစ်အကြေးများ၊ မည်သည့် ဘေးရန်များ၊ မည်သည့် အနှောက်အယှက်များ ဖြစ် ပေါ်နေသည်ဟု တိကျပြတ်သားစွာ သိမြင်အောင် ဆင်ခြင်ထောက်လှမ်း စုံစမ်းလေ့လာမှု အမြဲပြုနေကြဖို့ လိုပါသည်ဘုရား။
ယခုအခါ ပိဋကတ်တော်နှင့် မညီညွတ်သော ရေးသားခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်း၊ ဟောပြောခြင်းများ ပေါ်ပေါက်နေသည်ကို လည်းကောင်း၊ ယခင် ကအဓမ္မဟု ဆုံးဖြစ်အပ်ခဲ့ပြီးသော အဓမ္မ၀ါဒများ ပြန်လည်ခေါင်းထောင်နေသည်ကို လည်းကောင်း ကြားသိတွေ့မြင်နေရပါ သည်ဘုရား။
ယင်းကိစ္စများသည် သာသနာတော်အတွက် ကြောက်မက်ဖွယ်ကောင်းသည့် လွန်စွာကြီးမားသော အညစ်အကြေးများ ဖြစ်ကြပါသည်ဘုရား။
ထိုသာသနာ့ဘေးရန်ကို မည်သို့မည်ပုံ တားဆီးကာကွယ်ရမည်၊ သုတ်သင်ပယ်ရှားရမည် စသည်တို့ကို လေးလေးနက်နက် စဉ်းစား နှိုင်းချိန်၍ မိမိတို့အချင်းချင်းလည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃ၀န်ဆောင် ဆရာတော်များနှင့်လည်းကောင်း၊ အခြားပညာရှင်မှားနှင့်လည်းကောင်း၊ တိုင်ပင်ညှိနှိုင်း၍ အလေးအနက်ထားကာ ဆောင်ရွက်တော်မူကြပါရန် လျှောက်ထားပါသည်ဘုရား။

Tuesday, September 29, 2009

ဖတ်မိသမျှစာများ(၃)

ယခုအခါ အယူဝါဒရေးပိုင်းမှာ ဘုရားရှင်မဟောထားဘဲ ဟောသယောင်၊ သာမာန်လူပြိန်းများအား ယုံကြည်လွယ်တဲ့ နည်းလမ်းများဖြင့် သိမ်းသွင်းပြီး တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် သာသနာဖျက်များ ထွက်ပေါ်လျှက်ရှိပါတယ်။ မကြာသေးမီက ပစ္စုပ္ပန်ကမ္မ၀ါဒ ဆိုတဲ့ အဓမ္မ၀ါဒတွေကို သိပြီးလို့မှ မကြာသေး၊ ယခုတခါ ဂိုဏ်းဃဏတစ်ခု ပေါ်ပေါက်နေပြန်ပါပြီ၊စာဖတ်သူများ ကြိုတင်ကာကွယ် သတိထားနိုင်ဖို့အတွက် ဆောင်းပါးရှင် ဥာဏိန္ဒ ရဲ့ “တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်ပါကလားနော်” ဆိုတဲ့ ဆောင်းပါး ကို ဖေါ်ပြလိုက်ပါတယ်။

(က)
၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ဓမ္မရံသီတွင် ပါသော ဆရာ ဦးသတ္ထိဇော်၏ ‘ ပစ္စုပ္ပန်ကမ္မ၀ါဒ’ ဆောင်းပါးအကြောင်း ပြောဆိုဆွေးနွေး၍ ဇော်တူးတို့ ညီအစ်ကို နှစ်ယောက် ပြန်သွားကြပြီးနောက် အမွှေးတိုင်ထုတ်တွေ ကိုင်လာသော မိတ်ဆွေတစ်ယောက် ကျွန်ပ်၏ အိမ်အတွင်း ၀င်လာလေ၏။
“သြော်..ကိုနက် ဘယ်ကလှည့်လာတာတုံး”
“အမွှေးတိုင် သွားဝယ်လာတာပါ”
“များလှချည်လား၊ ပြန်ရောင်းဖို့လား”
“မဟုတ်ပါဘူးဗျာ၊ ကျွန်တော်တို့က ညနေတိုင်း သုသာန်ကို သွားပြီး အသုဘကမ္မဋ္ဌာန်း ဓုတင် ဆောင်ကြတာလေဗျာ”
“ဓုတင်ဆိုတာ ရဟန်းတွေပဲ ဆောင်ကြတာလေဗျာ”
“မဟုတ်ဘူးဗျ၊ ကျွန်တော်တို့ဂိုဏ်းက ညနေတိုင်း ညရှစ်နာရီ ကိုးနာရီလောက်အထိ သုသာန်မှာ အသုဘကမ္မဋ္ဌာန်း ဓူတင်နဲ့ တရားသွားကျင့်ရတာဗျ”
“ခင်ဗျားတို့ဂိုဏ်းက ဘာဂိုဏ်းတုံး၊ ပယောဂကုတာလား၊ ထွက်ရပ်ပေါက်အောင် ကျင့်တာလား…၊ ဘာဂိုဏ်းလဲဗျာ”
“ဘာသာရေးပါပဲ၊ တရားကျင့်ရတာပါ။ ပယောဂတွေ ထွက်ရပ်ပေါက်တွေနဲ့ မဆိုင်ပါဘူး။ ဗုဒ္ဓအလိုတော်အတိုင်း နိဗ္ဗာန်မဂ်ဖိုလ် ရရာရကြောင်း ကျင့် တာပါပဲ။ အထူးသဖြင့်တော့ သုသာန်မှာ သွားကျင့်ရတာပေါ့ဗျာ”
“သုသာန်ဓူတင်လား…..၊ အသုဘကမ္မဋ္ဌာန်းလား… ရှင်းအောင် ပြောပါအုံးဗျာ”
“ ဟာ…သုသာန်ကို သွားမှတော့ အသုဘကမ္မဋ္ဌာန်း သုသာန်ဓူတင်ပေါ့ဗျ။ ခင်ဗျားလဲ ဘာသာရေး နားလည်သားနဲ့”
“ဗုဒ္ဓေါ” ကျွန်ပ် ဘုရားတ မိလေ၏။
“ ထိုင်ပါအုံး ကိုနက်ရာ…။ မအေကြီးရေ ရေနွေးကြမ်းကလေး လက်ဖက်သုပ်ကလေး လုပ်ပါအုံးဟေ့”
ကိုနက်သည် စားပွဲဘေးမှ ခွေးခြေခုံတစ်ခုကို ဆွဲ၍ ၀င်ထိုင်၏။
“ ကျွန်တော့ကိုလည်း ခင်ဗျားတို့ တရားလေး နဲနဲပါးပါး ဟောခဲ့ပါဦးဗျာ”
“ ကျွန်တော်တို့ ဂိုဏ်းက အပြင်လူနဲ့ ဘာသာရေး မဆွေးနွေးရဘူးဗျ”
“ အောင်မလေး…… အကျိုးနဲ” ကျွန်ပ်စိတ်ထဲက ရေရွတ်မိခြင်း ဖြစ်ပါ၏။
“ ကိုနက်ရာ ကျွန်တော်က ဗဟုသုတ နဲပါတယ်ဗျာ။ ကရုဏာထားတဲ့ အနေနဲ့ ခင်ဗျားတို့ ဂိုဏ်းတော်ရဲ့ အကြောင်းကလေး အရိပ်အမြွက် ဖြစ်ဖြစ်တော့ ပြောခဲ့ပါဗျာနော်။ ကျွန်တော် ခင်ဗျားကိုတို့ လုပ်ရပ်တွေ လေးစားလွန်းလို့ပါဗျာ နော်။ သြော်..ကိုနက် ဆေးလိပ်သောက်လား”
“နေ နေ မသောက်ဘူး”
“ဟုတ်ကဲ့ မအေကြီးရေ ကိုနက်ဖို့ ကော်ဖီမစ်ကလေး ဖျောခဲ့ပါအုံး”
“ဟာ…..နေပါစေဗျာ၊ အားတောင်နာလာပြီ”
“အားမနာပါနဲ့ ကိုနက်ရာ၊ လူရင်းတွေပဲဥစ္စာ၊ ဟို ဆက်ပြောပါဦး၊ ပြင်ဦးလွင်”
“ကျွန်တော်တို့ ဂိုဏ်းချူပ်ကြီးက ဗြဟ္မာမင်းကြီး ဆက်သထားတဲ့ ကြာသင်္ကန်းကို ၀တ်တာဗျ”
“ဟုတ်လား…. ဟာ …အရမ်းတန်ခိုးကြီးမှာပေါ့နော်”
“တစ်ကမ္ဘာလုံး ဘာလူမျိုးဖြစ်ဖြစ် သူ့သားသမီးတွေချည်းပဲဗျာ”
“ ဗုဒ္ဓေါ…..ကျွန်ပ်အဖေက ဦးလှတင်ပါဗျာ” ကျွန်ပ်စိတ်ထဲမှ ပြောမိခြင်းဖြစ်၏။
“ ကျွန်တော်တို့ တစ်နှစ်တစ်ခေါက်တော့ ဂိုဏ်းချူပ်ဆရာကြီးဆီ ရောက်အောင် သွားရတယ်။ ပူဇော်ကန်တော့ကြရတယ်။ အဲဒီမှာ ကျွန်တော်တို့ နဲ့သင့်တော်ရာ တရားကို ဟောတယ်။ အဓိကကျင့်ရတာကတော့ စောစောကပြောတဲ့ သုသာန်အသုဘ ကမ္မဋ္ဌာန်း ဓူတင်ပေါ့ဗျာ”
“ကျွန်တော်တို့ ဂိုဏ်းထဲ ၀င်ပြီးရင် ဘယ်သူမှ ပြန်မထွက်ရဲတော့ဘူး။ ကျွန်တော်တို့နဲ့ သင့်တော်လို့ ဟောထားတဲ့ တရားကို အပြင်လူကို ပြန်မပြော ရဘူး”
“ကျွန်တော် ခင်ဗျားတို့ ဂိုဏ်းထဲ ၀င်မယ်ဆိုရင်ကောဗျာ”
“ ကျွန်တော်တို့ သွားရင် လိုက်ခဲ့ပေါ့။ လိုင်စင်ဓါတ်ပုံလဲ တစ်ခါထဲ ယူလာခဲ့လေ။ ပထမဆုံး ဂိုဏ်းဝင်အသစ်ကို ဂိုဏ်းချူပ်ဆရာကြီးက တစ်ယောက် ချင်းတွေ့ပြီး တရားဟောမယ်။ ကဲ..ဒါပါပဲဗျာ။ ဒါထက်တော့ ကျွန်တော် ပြောပိုင်ခွင့် မရှိဘူးဗျ။ ကျွန်တော်တို့ အချင်းချင်းတောင် တရားမဆွေးနွေးရ ဘူး”
ထိုစဉ် ဇော်တူးတို့၏ ဦးကြီး တော်စပ်သူ ဦးခင်မောင်သိန်း ရောက်လာ၏။ ကျွန်ပ်တို့ စားပွဲတွင် ၀င်ထိုင်၏။

(ခ)
“သြော်..ကိုနက် ရောက်နေပါ့ကော။ ကျော်စိန်…ဇော်တူးတို့ကောကွ”
“ပြန်ကုန်ကြပြီ ကိုသိန်း၊ ကိုနက်တို့ ဂိုဏ်းတော်ကြီးအကြောင်း သိချင်လို့ မေးကြည့်နေတာ။ အဲဒါ တရားဆွေးနွေးခွင့် ဂိုဏ်းအကြောင်း ပြောခွင့် မရှိဘူးတဲ့ ဗျ”
“ ကျွန်တော်တို့က သုသာန်မှာ အသုဘကမ္မဋ္ဌာန်း ဓူတင်ကျင့်နေကြတာဗျ”
“ဟ…ကိုနက်ရ သုသာန်ဓူတင်လား…အသုဘကမ္မဋ္ဌာန်းလား…… ရှင်းရှင်းပြောပါဗျ”
“ဟ..ကိုခင်မောင်သိန်းရ၊ ခင်ဗျားက ရှုပ်အောင် လုပ်ပြန်ပြီ”
“ဟား…ဟား…ဟား ကျော်စိန်ရ၊ ငါကပဲ ရှုပ်သတဲ့ကွ၊ လုပ်ပါအုံး”
ကိုခင်မောင်သိန်းမှာ ဘုကျကျ ပြောတတ်သူ ဖြစ်၍ အရှေ့၌ အချိုးမကျသည်ကို တွေ့လျှင် ပိဿာလေးနဲ့ ဘေးပစ်သလို ပြောတတ်သူဖြစ်၏။
“သြော်..ကိုနက်၊ ကျွန်တော်ရှင်းပြပါရစေ။ ကျွန်တော် မှားရင်လဲ ခွင့်လွတ်ပေါ့ဗျာ”
ကျွန်ပ်မမှား၊ သူသာမှားကြောင်း သိသော်လည်း အဆုံးအထိ နားမထောင်ဘဲ ထသွာမည် စိုးသောကြောင့် သူ့ကို ခေတ္တမြှောက်ထားရခြင်းဖြစ်၏။
“သုသာန်ဓူတင်ဆိုတာ သုသာန်မှာ သွားပြီး ဘာဝနာတစ်ခုခု ပွားတာပေါ့ဗျာ။ ညလူခြေတိတ်မှာ သုသာန်ကို သွားနေတာလို့ လွယ်လွယ်ပြောကြပါစို့”
“အသုဘကမ္မဋ္ဌာန်းဆိုတာ မတင့်တယ်တဲ့ ရုပ်ခန္ဓာကြီးရဲ့ ပျက်စီးယိုယွင်းနေပုံ။ နှစ်သက်ဖွယ်မရှိပုံ။ စက်ဆုပ်စရာအတိ ဖြစ်နေပုံတွေကို ထင်ရှား အောင် လူသေအလောင်းကို ကြည့်ရှု ဆင်ခြင်တာပေါ့ဗျာ။ အသုဘ (၁၀)ပါးလို့ ပါဠိတော်မှာ လာတယ်ပေါ့ဗျာ။
ဥဒ္ဓုမာတကံ ၀ိနီလကံ ၀ိပုပ္ပကံ ၀ိစ္ဆိဒ္ဒကံ ၀ိက္ခာယိတကံ ၀ိက္ခိတ္တကံ ဟတ၀ိက္ခတ္တကံ လောဟိတကံ ပုဠုဝကံ အဋ္ဌိကဉ္စေတိ ဣမေ ဒသ အသုဘာ နာမ တဲ့ဗျာ”
“ ဟိတ်ကောင် ကျော်စိန်၊ အနက်ပြန်ပါအုံးကွာ။ ငါနားလည်အောင်”
“(၁) ဥဒ္ဓုမာတက- ဆိုတာ သေပြီး ဖူးဖူးရောင်ထ ပွနေတဲ့ ရုပ်အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၂) ၀ိနီလက -က ပုပ်ပွပြီး အဖြူကွက်၊ အနီကွက် အမဲကွက်တွေနဲ့ ရုပ်အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၃) ၀ိပုဗ္ဗက-ဆိုတာက ပုပ်ပွပြီး ဖြူနီညိုမဲနေရာက အပုပ်ရည်တွေ ယိုစီးကျနေတဲ့ ရုပ်အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၄)၀ိစ္ဆိဒ္ဒက- ကတော့ နှစ်ပိုင်းပြတ်နေတဲ့ ရုပ်အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၅) ၀ိက္ခာယိက-ကတော့ ခွေးတွေ တိရစ္ဆာန်တွေ ကိုက်ဆွဲစားထားလို့ ပဲ့ရွဲ့နေတဲ့ ရုပ်အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၆) ၀ိက္ခိတ္တက- ကတော့ ခွေးတိရစ္တာန်တွေ ကိုက်ဆွဲစားပြီး အလောင်းကြီး ဖရိုဖရဲနဲ့ ပြတ်သတ်ပြီး ဟိုတစ်စ ဒီတစ်စ ဖြစ်နေတာကို ကြည့်ရှု ဆင်ခြင်တာ။
(၇) ဟတ၀ိက္ခိတ္တက-ဆိုတာကတော့ လူသတ်ခံထားရတဲ့ အလောင်း။ ရိုးရိုးသတ်ရုံ မဟုတ်ဘူး။ ဓားနဲ့ မွှန်း ခုတ်ထစ်ခံထားရတဲ့ အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၈) လောဟိတက-က သွေးစိမ်း ယိုစီးထွက်ကျနေတဲ့ အလောင်းကို ကြည့်ရှုဆင်ခြင်တာ။
(၉) ပုဠုဝက-ဆိုတာ လောက်တွေ တဖွားဖွားနဲ့ ပုပ်ပွနေတဲ့ အလောင်ကို ကြည့်ရှုဆင်ခြင်တာ။
(၁၀) အဋ္ဌိက- ဆိုတာကတော့ အရေတွေ အသားတွေ မရှိတော့ဘူး။ အရိုးချည်းကျန်တော့တဲ့ အချိန်မှာ ရှုကြည့်ဆင်ခြင်တာပေါ့ဗျာ။ အဲဒါ အသုဘကမ္မဋ္ဌာန်း ဆယ်ပါးပါတဲ့ဗျာ။ ကိုနက်ပြောတဲ သုသာန် အသုဘကမ္မဋ္ဌာန်း ဓူတင်ဆိုတာကတော့ အဲ..ကျွန်တော်လဲ မပြောတတ်တော့ဘူး။ ဘယ်စာထဲမှာ မှလဲ မတွေ့ဖူးဘူးပေါ့ဗျာ။ ခင်ဗျားတို့က စာလောက်တတ်တာပါဗျ။ကျွန်တော်တို့ ဂိုဏ်းချူပ်ဆရာတော်ကြီလို ဘုရားအဆင့် ရောက်နေတာမှ မဟုတ်တာ”
“ဗျာ…ခင်ဗျားတို့ဂုဏ်းချူပ်က ဘုရားဖြစ်နေပြီ ၊ ဟုတ်လား”
“ဟုတ်တယ်၊ ဒါကြောင့် ဗြဟ္မာမင်းကြီးက ကြာသင်္ကန်း ဆက်ရတာပေါ့ဗျာ”
ကျွန်ပ်မှာ စိတ်ထဲမှ “ဘုရား” တမိလေ၏။ သူတို့ဂိုဏ်းချူပ်က ဘုရားတောင် ဖြစ်နေပြီတဲ့။ လောကန္တရတ်ငရဲစာတွေပါလား။
“ခင်ဗျားတို့လို စာတွေတော့ ရွတ်မပြတတ်ဘူး။ ကျွန်တော်တို့က ကိုယ့်တွေ့တရားသမားတွေဗျ။ ထားပါဗျာ။ ကျွန်တော်တို့မှာ ဒါ့ထက် ပြောခွင့် မရှိပါဘူး။ ကဲ ..ပြန်လိုက်အုံးမယ်”
ကိုနက်က သူ့အမွှေးတိုင်ထုပ်များကို ယူပြီး ထွက်ခွာသွားလေ၏။
(ဂ)
“ကဲ…ကျော်စိန်၊ ဘယ်လို ဂိုဏ်းလဲကွာ။ ဘုရားတောင်ဖြစ်နေပြီတဲ့။ ဒုက္ခပါလား ကွာ ဟင်”
“ဒီဂိုဏ်းဝင်တွေလဲ အတော်များများ ရှိနေတယ်ဗျာ”
“အေး…ညနေညနေ သချိုင်းကုန်း သွားကြတာတွေ တော်တော်များသကွ”
“အေးဗျာ၊ စောစောကတင် “ ပစ္စုပ္ပန်ကမ္မ၀ါဒ” ဆိုတဲ့ အဓမ္မ၀ါဒအကြောင်း ပြောဆိုပြီးတယ်။ အခုလာပြန်ပြီ ၊ ဂိုဏ်းချူပ်က ဘုရားဖြစ်နေတဲ့ဂိုဏ်းတဲ့။
သင်္ကန်းအပြာဝတ်တဲ့ ပစ္စုပ္ပန်ကမ္မ၀ါဒဆိုတာ တစ်ချိန်တုန်းက အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယက ဆုံးဖြတ်ပြီးသား။ နိုင်ငံတော်က အာဏာစက်နဲ့ တားမြစ်ပြီးသားဝါဒကို သင်္ကန်းအပြာဝတ်ပြီး အသစ်တစ်ခါ အသက်သွင်းလာတာပဲဗျာ။ အခုဂိုဏ်းချူပ်က ဘုရားတောင် ဖြစ်နေလို့ ဗြဟ္မာမင်းက တောင် ကြာသင်္ကန်းဆက်ရတဲ့ ဂိုဏ်းကတော့ သူတို့တရားဆိုတာကို အပြင်လူကို ပြောခွင့်မရှိဘူးတဲ့ဗျာ။ အချင်းချင်းတောင် တရားမဆွေးနွေးရဘူး တဲ့။ တစ်ဦးချင်း သီးခြားတရားနဲ့တဲ့။ ကဲ….သူတို့တရားကိုတော့ ကျွန်တော်တို့ ဝေဖန်လို့ မရဘူးပေါ့ဗျာ။ ဘာမှန်းမှ မသိဘဲကိုး။
“ဒါပေမဲ့ အဟုတ် မဟုတ်တာတော့ သေချာတယ်။ ထူးတာက ဂိုဏ်းထဲဝင်ပြီးရင် ပြန်မထွက်ရဲအောင် ဘယ်လိုလုပ်ထားလဲ ဆိုတာနဲ့၊ သူတို့တရားကို လျှို့ဝှက်ထားတာက ထူးလှတယ်ဗျ”
“ဘာနဲ့ အနိုင်ကိုင်ထားလဲ မသိဘူးကွနော်”
“ဂိုဏ်းနာမည်ကို မသိရတာက ခက်တာဗျ။ ဒီဆောင်းပါးဖတ်မိတဲ့ စာဖတ်သူထဲက ဒီဂိုဏ်းအကြောင်း သိတဲ့သူပါခံရင် ဆောင်းပါးကလေး တစ်စောင် လောက်တော့ ရေးစေချင်ပါတယ်ဗျာ”
“အေးကွာ….တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် သာသနာဖျက်နေကြသူတွေရဲ့ ရန်ကို အမြဲမပြတ် သတိနဲ့စောင့်ကြည့် ကာကွယ်ကြရမှာ တို့တာဝန်ပဲကွာ။
ချမ်းသာကြပါစေ……
ဥာဏိန္ဒ

Monday, September 28, 2009

ပတ်ဝန်းကျင်က မြတ်ဓမ္မ (၂)

ရှုံးသူ-နိုင်သူ ရှုံးတဲ့သူ
မိသားစုတစ်စုမှာ အမေရယ် ၊ ညီအစ်မ နှစ်ယောက်ရယ် မောင်တစ်ယောက်ရယ် အားလုံး လေးယောက်ထဲရယ်ပါ၊ တစ်အိမ်တည်းနေ ကြတယ်။ ထိုမိသားစုမှာ ညီအစ်မနှစ်ယောက်က သဘောထား မတိုက်ဆိုင်တဲ့အတွက် နေ့တိုင်း တကျက် ကျက်၊ သူတို့နှစ်ယောက် အမြဲတမ်း ရန်ဖြစ်နေကြတာကို အမေဖြစ်သူနဲ့ မောင်ဖြစ်သူက စိတ်အညစ်ကြီး ညစ်နေရတယ်။
ဖခင်ကတော့ ဇာတိချက်ကြွေ မွေးရပ်မြေမှာ သွားနေလေတော့ သည်အကြောင်း သိပ်မသိလှ။ တခါတရံ အကြောင်းရယ်လို့ မယ်မယ် ရရ မရှိဘဲ၊ စကားနိုင်လု အငြင်းပွားရာက ရန်ဖြစ်ကြပြန်ရော၊ အမေရှိနေလို့သာ တော်တော့တယ်၊ အမေမရှိလို့ကတော့ ထသတ်ကြမ လားမသိပါ။

ထို့အတူ လင်မယားအချင်းချင်း ၊ ညီအစ်မအချင်းချင်း၊ ညီအစ်ကိုအချင်းချင်း၊ မောင်နှမအချင်းချင်း၊ မိတ်ဆွေ အချင်းချင်း၊ သူငယ်ချင်း အချင်းချင်း တစ်ဦးနဲ့တစ်ဦး အငြင်းပွားရာက အနိုင်မခံ အရှုံးမပေးရာက ရန်ဖြစ်ကြတာပါ။ မခံနိုင်တဲ့အတွက် ဒေါသရှေ့ထားပြီး ရန်ဖြစ်ကြသလို ရလိုမှုအတွက် လောဘရှေ့ထားပြီး အငြင်းပွား ရန်ဖြစ်ကြတာ ရှိပါတယ်။
ဒါတင်မက အုပ်စုဖွဲ့ပြီး တစ်အုပ်စုနဲ့ တစ်အုပ်စု ဖြစ်ကြတာရှိသလို တနိုင်ငံနဲ့ တနိုင်ငံ အငြင်းပွားကြတယ်၊ အငြင်းပွားရာကနေ အရှိန်ပိုပြင်းလာတယ်ဆိုရင် လက်နက်ချင်းယှဉ်ကာ စစ်တိုက်ကြတယ်။ နိုင်တဲ့သူဖက်ကလည်း သေကျေပျက်စီးကြရသလို ရှုံးသူဖက်ကလည်း သေကျေပျက်စီးရပါတယ်။ ဘယ်ဖက်ကမှ မသက်သာဘူး၊ ဒါဟာစစ်ပွဲရဲ အနိဋ္ဌာရုံတွေပါ။
ယနေ့ကမ္ဘာမှာ မှတ်မိနေပါသေးတယ်၊ ဟားမတ်အဖွဲ့က အစ္စရေးကို သွားစလိုက်တဲ့အတွက် အင်အားကြီးတဲ့ အစ္စရေးက ပြန်တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ တဲ့ပြည်သူများ ထောင်ချီပြီး သေကျေပျက်စီးခဲ့ရပါတယ်။ အဲဒါဟာ အနိင်လိုမှု ၊ မခံလိုမှုစတဲ့ ဒေါသတရားကနေ စတင်ခဲ့တဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေပါ။ ဒါဟာ အခုမှ မဟုတ်ဘူး၊ ဘုရားရှင်လက်ထက်ကလည်း ရှိခဲ့ဖူးတယ်။
တူဝရီးစစ်ပွဲ
ဘုရားရှင်လက်ထက်တော်က ကောသလတိုင်းကို အုပ်ချူပ်နေတဲ့ ကောသလမင်းရဲ့ ခမည်းတော်က မဟာကောသလမင်းပါ။ မဟောကောသလမင်းမှာ သားတော် ကောသလမင်းနဲ့ သမီးတော် ဝေဒေဟီ မင်းသမီး တို့ ထွန်းကားခဲ့တယ်။ မဟာကောသလမင်းက အရွယ်ရောက်နေပြီဖြစ်တဲ့ ဝေဒေဟီမင်းသမီးအား မာဂဓတိုင်း၊ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရနှင့် လက်ထပ်ပေးလိုက်ပါတယ်။ ကာသိတိုင်းနဲ့ မာဂဓတိုင်းနှစ်ခုရဲ့ အကြား နယ်စာနားမှာ ကာသိရွာကြီးဆိုတာရှိတယ်။ နှစ်စဉ် အခွန်ငွေ တစ်သိန်းထွက်တဲ့ ရွာကြီးပါ။ အဲဒီကာသိရွာကြီးကို လက်ဖွဲ့အဖြစ် သမီးတော်အား ပေးလိုက်ပါတယ်။
ကောသလမင်းသားလဲ အရွယ်ရောက်တဲ့အခါ ဒေ၀ဒတ်ဆိုတဲ့ မကောင်းတဲ့ဆရာကြောင့် ဖခင် ဗိမ္ဗိသာရမင်းကို သတ်ကာ ထီးနန်းကို လုယူခဲ့ပါတယ်။ ဝေဒေဟီမင်းသမီးလည်း နှလုံးပူပန်ရာကနေ နတ်ရွာစံခဲ့တယ်။ အဲဒီအခါမှာ…
ကောသလမင်းက ကာသိရွာကြီးဆိုတာ ခမည်းတော်နဲ့ နှမတော်တို့ ရဲ့ ရွာကြီးဖြစ်တယ်။ အခု ခမည်းတော်လည်း နတ်ရွာစံ၊ နှမတော်လည်း နတ်ရွာစံပြီ၊ ဒီတော့ ကျန်ခဲ့တဲ့ ကာသိရွာကြီးဟာလည်း ငါဟာပဲဆိုပြီး တူတော်ဖြစ်တဲ့ အဇာတသတ်မင်းကို တရားစွဲပါတော့တယ်။ ကာသိရွာကြီးကလည်း တစ်နှစ်အခွန်တစ်သိန်းထွက်တယ်ဆိုတော့ ကောသလမင်းက ပြန်လိုချင်တဲ့ သဘောပဲ။
တူဖြစ်တဲ့ အဇာတသတ်မင်းကလည်း ခမည်းတော်နဲ့ မယ်တော်တို့ပိုင်တဲ့ ပစ္စည်းဟာ ငါ့ပစ္စည်း ဖြစ်ရမှာ၊ ငါမပေးနိုင်ဘူး လို့ ဆိုကာ ကာသိရွာကြီးကို ရလိုမှုနဲ့ တူဝရီးနှစ်ယောက် လက်နက်ချင်းယှဉ်ကာ စစ်ပွဲ အကြီးအကျယ်ဖြစ်ခဲ့ကြတယ်။ ဒီစစ်ပွဲမှာ ဦးရီးတော် ကောသလမင်း က စစ်ရှုံးတဲ့အတွက် ကောသလတိုင်း သာဝတ္ထိပြည်ကို ပြန်လာခဲ့ပါတယ်။
ဒီအကြောင်းကို မနက်လင်းတော့ ရဟန်းသံဃာများ ဆွမ်းခံကြွရာကနေ ကြားရတော့ သတင်းက မြတ်စွာဘုရားအထံ ရောက်သွား ပါတယ်။ ဘုရားရှင်က..
“ အိုရဟန်းတို့ မဂဓတိုင်းပြည့်ရှင် ဝေဒေဟီရဲ့သား အဇာတသတ်မင်းဟာ ဒေ၀ဒတ်ဆိုတဲ့ ယုတ်ညံ့တဲ့ မိတ်ဆွေ ရှိသူဖြစ်တယ်။ ညံ့ဖျင်း တဲ့ အဖေါ်ရှိတယ်။ ကောသလမင်းကတော့ သာရိပုတ္တရာဆိုတဲ့ မိတ်ဆွေကောင်းရှိသူဖြစ်တယ်။ ဒါကြောင့် စစ်တစ်ကြိမ်ရှုံးသော်လည်း တစ်ညတာလောက်သာ ပူပင်သောက ဒုက္ခရောက်ရမှာပါ” လို့မိန့်တော်မူကာ တရားဟောတော်မူပါတယ်။
ဇယံ ဝေရံ ပသ၀တိ၊ ဒုက္ခံ သေတိ ပရာဇိတော။
ဥပသန္တော သုခံ သေတိ၊ ဟိတွာ ဇယ ပရာဇယာ။
အဓိပ္ပါယ်က… အောင်နိုင်တဲ့သူဟာ ရန်ပွားတတ်တယ်။ ရှုံးပြန်ရင်လည်း မုချ ဆင်းရဲမယ်။ ကိလေသာပူခပ်သိမ်း အေးငြိမ်းပြီးသူများဟာ အနိုင်အရှုံး (၂)မျိုးစလုံးကို ပယ်စွန့်ပီးတဲ့အတွက် ရှုံးနိုင် မရှိ အမြဲတမ်း ချမ်းသာစွာ နေရတယ်။ လို့ မိန့်တော်မူခဲ့တယ်။
နိုင်တဲ့သူဟာ ရန်သူများတယ်၊ အမြဲတမ်း ပူပန်နေရတယ်။ ရှုံသူကို ကြည့်ပြန်ရင်လည်း ပူပန်မှုတွေနဲ့ ဆင်းရဲ ဒုက္ခများလှပါတယ်။ ဒါကြောင့် ရှုံးသူ နိုင်သူ နှစ်ဦးစလုံးဟာ ပူပန်မှုများတဲ့အတွက် ရှုံးကြတဲ့သူများသာ ဖြစ်ပါတယ်။
ဒါဖြင့် ဘယ်သူ့ကို နိုင်သူ လို့ သတ်မှတ်မလဲ၊ ရန်ဖြစ်သူများ ရှုံးသူဖြစ်တယ်ဆိုရင် ရန်မဖြစ်တဲ့သူများဟာ အောင်နိုင်သူ လို့ ဆိုရမှာပါ။ ဒါကြောင့် ရန်ဖြစ်ချင်း၊ ပဋိပက္ခဖြစ်ချင်းရဲ့ အကြောင်းဖြစ်တဲ့ ရလိုမှု ၊ အနိုင်လိုမှု၊ မခံလိုမှု တွေ ရင်ထဲ မဖြစ်အောင် နှလုံးသွင်းတတ်ဖို့ လိုပါတယ်။ စာအလိုဆိုရင် လောဘအလို ဒေါသအလို မလိုက်မိအောင် သတိတရား လက်ကိုင်ထားပြီး နည်းမှန်လမ်းမှန်နဲ့ နှလုံးသွင်းတတ်ဖို့ လိုတာပါ။ အကြောင်းတရားတစ်ခုအပေါ်မူတည်ပြီး လောဘအလိုလဲ မလိုက်၊ ဒေါသအလိုသို့လဲ မလိုက်ဘဲ ထိန်းသိမ်းတတ် မယ်ဆိုရင် လောကမှာ ချမ်းသာသူများပဲ ဖြစ်လာတော့မှာပါ။ ချမ်းသာတဲ့သူ ကိလေသာအလို မလိုက်တဲ့သူများကို လောကမှာ “အောင်နိုင်သူ” ရယ်လို့ ဘုရားရှင် မိန့်တော်မူခဲ့တာပါ။
စာရေးသူက ရိပ်သာ တရားစခန်းမှာ ယောဂီများအား ထိုအကြောင်းနဲ့ စပ်ပြီး ပြောဖြစ်ခဲ့တယ်။ “ ကောသလမင်းနဲ့ အဇာတသတ်မင်း တို့ စစ်ခင်းကြသလို ယနေ့ ယောဂီများလည်း ကိလေသာ ဆိုတဲ့ စစ်ပွဲမှာ သူနိုင်ကိုယ်နိုင် တိုက်နေကြတာပါ။ ပကတိစစ်ပွဲက ရလိုမှုနဲ့ အနိုင်အရှုံး ရှိပေမဲ့ ရလိုမှုမပါဘဲ ကိလေသာစစ်ပွဲ ဆင်နွဲသူ ယောဂီများကတော့ အရှုံးမရှိ အမြတ်ပဲ ရှိတယ်။ ပေါ်ရာအာရုံကို စွဲမြဲစွာ ရှုမှတ်နိုင်တဲ့ ယောဂီများမှာ ကိလေသာကို တဒင်္ဂ၊ ၀ိက္ခမ္ဘန ပယ်ခွာနေတဲ့အတွက် ငြိမ်းအေးနေတယ်။ ဒီလို ငြိမ်းအေးသင့်သလောက် ငြိမ်းအေးနေတဲ့အတွက် အနိုင် အရှုံး ဆိုတာလဲ မရှိဘူးတော့၊ ဒီလို အနိုင်အရှုံးမရှိမှတော့ အောင်နိုင်သူ ပဲ ဖြစ်တော့မှာပါ။
ဒါကြောင့်ယောဂီများလည်း ဘ၀မှာ ရှုံးသူဖြစ်မဲ့အစား အောင်နိုင်သူ တစ်ယောက်ဖြစ်အောင် ကြိုးစားအားထုတ်သွားကြဖို့ အားပေးတိုက်တွန်းရင်း ဘ၀တစ်လျှောက် အောင်နိုင်သူ များဖြစ်ကြပါစေ………

ပတ်ဝန်းကျင်က မြတ်ဓမ္မ (၁)

နေရာရှာဖွေခြင်း
တစ်နေ့ ကျောင်းသို့ အသက်ကြီးပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ဦး ရောက်ရှိလာတယ်။ သူ့မျက်နှာကို ကြည့်ရတာ ညိုးနွမ်းပြီး တစ်ခုခုကို ပူပန်နေပုံရပါ တယ်။ ဒါနဲ့ စာရေးသူက “နေကောင်းရဲ့လား….ဒကာမကြီး” မေးတော့ သူက “ကောင်းပါတယ်ဘုရား” ပြန်ဖြေပါတယ်။ စာရေးသူက “ဒါဖြင့် ဘာတွေများ တွေးနေတာလဲ” ဆိုတော့ သူက “တပည့်တော် စဉ်းစားနေတယ်ဘုရား” ။ “ပြောပြလို့ရရင် ပြောပြပါဦး” ဆိုသောအခါ …
သူက “အရှင်ဘုရား …တပည့်တော် အရင်ကနဲ့မတူ တကိုယ်လုံးလည်း နှုံးပြီး ချည့်နဲ့နေတယ်ဘုရား၊ တပည့်တော်မှားရင်လည်း ပြင်ပေးပါဘုရား၊ တပည့်တော် တကယ်လို့ သေမယ်ဆိုရင် အိမ်မှာပဲ သေရကောင်းမလား၊ ကျောင်းမှာပဲ သေရကောင်းမလား၊ ဘယ်နေရာမှာ သေရကောင်းမလဲဆိုတာကို စဉ်းစားနေတာဘုရား၊ တပည့်တော် သေတဲ့အခါ အသုဘစရိတ်အတွက် လူမှုရေးအသင်းအဖွဲ့တွေမှာ အတော်များ များ ပါဝင်ထားပါတယ်ဘုရား။ ဒါကြောင့် တပည့်တော် ကျောင်းမှာ သေမယ်ဆိုတာတောင်မှ အသင်းအဖွဲ့တွေရဲ့ အသုဘစရိတ်အကူအညီနဲ့ ဆိုတော့ ကျောင်းမှာလည်း တာဝန်မကြီးတော့ဘူးပေါ့ဘုရား”

ဒါက အသက် (၈၀)ကျော်အရွယ် အဖွားအိုတစ်ယောက်ရဲ့ အတွေးနယ်လွန်တယ်လို့ ယူဆရတဲ့ အတွေးတစ်ခုပါ။ ဒီအတွေးမျိုးကို အဖွားအိုအပြင် အခြားသူများလည်း တွေးကြမှာပါ။ အမှန်က ဒီအတွေးဟာ ထိရောက်တဲ့ အတွေးတစ်ခု မဟုတ်ပါ။
ရှိပါသေးတယ်၊ မသေခင် ကိုယ့်အသုဘစရိတ်အတွက် ကြောင့်ကြစိုက်ရတာမျိုး ကြားဖူးတယ်။ တွေးမိတာက လူတွေဟာ မသေခင်သာ တွေးပူနေကြတာပါ၊ တကယ်သေသွားတော့လည်း သူ့ဟာနဲ့သူ ဖြစ်သွားတာပါပဲ၊ သေပြီးလို့ ရက်ကြာရင် ပုပ်ပွလာတဲ့အတွက် ဘယ်သူမှ လမ်းပေါ်မှာ ပစ်မထားကြပါ။ သုဿာန်ရောက်အောင်တော့ ပို့ကြပါလိမ့်မယ်။ ဒါကြောင့် အသုဘစရိတ်အတွက် တွေးပူစရာမလိုပါဘူး။ အမှန်တွေးပူရမှာက ဘ၀ကူးကောင်းဖို့ပဲ ပူပန်ရမှာပါ။ မပူပန်ရအောင် မသေခင် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်များ ကြိုးစားပြုထားကြဖို့ပဲ လိုပါတယ်။
သေကြမှာကို လူတိုင်းသိကြပေမဲ့ ဘယ်အချိန် သေရမယ်ဆိုတာ ဘယ်ပုထုဇဉ် လူ၊ နတ်၊ဗြဟ္မာ၊ ဘယ်တန်ခိုးရှင်ကမှ မသိနိုင်ပါ။ လောကမှာ သတ္တ၀ါတွေ မသိနိုင်တာ ငါးမျိုး ရှိတယ်။ (၁)ဇီဝိတ= ဘယ်အသက်အရွယ်မှ သေမယ်ဆိုတာ မသိနိုင်ခြင်း။ (၂) ဗျာဓိ= ဘာအနာရောဂါနဲ့ သေမယ်ဆိုတာ မသိခြင်း။ (၃) ကာလ= ဘယ်အချိန် (နံနက်၊ နေ့လည်၊ ညနေ၊ ညဉ့်) သေမယ်ဆိုတာ မသိခြင်း။ (၄) ဒေဟနိက္ခေပန= အလောင်းကျရာဌာန (သုဿာန်)မသိခြင်း။ (၅) ဂတိ၊ လားရောက်ရမဲ့ ဘ၀ကို မသိခြင်း တို့ဖြစ်တယ်။ ဒီငါးမျိုးကို လူတိုင်း သိထားသင့်တယ်။ မှတ်မိလွယ်အောင် အောက်က ဆောင်ပုဒ်လေးကို မှတ်ထားလိုက်စမ်းပါ။
အသက် အနာ၊ ချိန်အခါ၊ စွန့်ရာ လားဂတ၊ိ
ရေတွက်ပိုင်းခြား၊ ဤငါးပါး၊ အများလူမသိ။
တစ်ခါက သက်တော်ရှည် စံကင်းဆရာတော်ကြီးအား ဗေဒင်ဆရာများက အသက်၊ အချိန်ဘယ်လောက်မှာ ပျံတော်မူမယ်ဆိုတာကို ဆရာတော်ရဲ့ ဇာတာကို တွက်ချက်ပြီး အတိအကျ ဟောကိန်းထုတ်တယ်။ ဒါပေမဲ့ ဆရာတော်ဟာ ဗေဒင်ဆရာ ဟောတဲ့ နှစ်အထိ ပျံတော်မမူသေးပါဘူး။ ဆိုလိုတာက ဘယ်အရွယ်မှာ သေမယ်ဆိုတာ ဘယ်သူမှ မသိကြလို့ပါပဲ။
ကိုယ်သေရမယ့်နေရာကို ကြိုတင်ရွေးချယ်နေမဲ့အစား၊ ကိုယ့်အသုဘစရိတ်ကို တွေးပူနေမဲ့အစား အရေးကြီးတာက ဘ၀ကူးကောင်းဖို့ပါ၊ ဒါအတွက် ကောင်းတဲ့ဖက်မှာ နေနိုင်အောင် စိတ်ကို များများ လေ့ကျင့်ပေးရပါ့မယ်။ ကုသိုလ်အာရုံ များများ ရအောင်ပေါ့၊ ဒါမှလည်း သေခါနီး ကုသိုလ်အာရုံက စိတ်ထဲမှာ နေရာယူနိုင် မှာပါ။
ဒါနဲ့စပ်လို့ မသေမီ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုများကို ကြိုးစားပြုသွားကြဖို့ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီးက လင်္ကာလေးတွေနဲ့ သတိပေး ဆုံးမတော်မူခဲ့ပါတယ်။ လင်္ကာလေးက
“ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော၊့
ယခုပင်လျှင် အနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့၊
ယခုပင်လျှင် အသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့” ………..တဲ့
ဆရာတော်ဘုရားကြီးက မေ့နေသူများအတွက် သတိပေးခဲ့ဟန်တူပါတယ် ၊ ကျေးဇူးကြီးမားလှပေစွ။

Monday, September 21, 2009

အင်းဆက်ပိုးများဟာ ၄ ဘ၀ဖြစ်တာ ဟုတ်ပါသလား

အမေး။ ။ အရှင်ဘုရား…. တပည့်တော်တို့ကျောင်းမှာ သင်ခဲ့ရတဲ့ အင်းဆက်(Insect) လေးတွေကို ဘယ်ဘုံလို့ သတ်မှတ်သင့်ပါသလဲဘုရား။ ဥပမာ လိပ်ပြာ၊ ဖလံ၊မှက်၊ ခြင်၊ ယင် စတဲ့ သတ္တ၀ါလေးတွေမှာ egg ဥဘ၀ (၇-၁၄)ရက်၊ သားပေါက်ဘ၀ larva (ပေါက်ဖတ်-ခူကောင်ဘ၀) ၇-၁၄ ရက်၊ ပိုးတုံးလုံးဘ၀ Pupa ၇-၁၄ ရက်၊ အကောင်ကြီးဘ၀ adult လိပ်ပြာ၊ ဖလံ၊ မှက်၊ ခြင်၊ယင်ဘ၀ တစ်လမှ သုံးလ ကြာတတ်ပါတယ်။
ဒီလေးဘ၀လုံးမှာ စားသောက်ပုံ၊ ပြုမူပုံ၊ ကိုယ်အင်္ဂါဖွဲ့စည်းပုံကအစ တစ်ဘ၀နဲ့တစ်ဘ၀ လုံးဝမတူပါဘူး၊ လူနဲ့ တိရစ္ဆာန်တွေမှာ မွေးတာနဲ့ အကောင်လိုက်ဖြစ်ပါတယ်။ တွားသွားသတ္တ၀ါများနဲ့ ကြက်၊ငှက်တွေမှ ဥမှတဆင့် ဖြစ်လာပါတယ်။ အင်းဆက်(insect)တွေမှ သုံးဆင့်၊သုံးဘ၀ဖြစ်ပြီးမှ အကောင်ကြီးဖြစ်လာပါတယ်။ နောင်အမှတ်မမှားရအောင် အမျိုးအစားအလိုက် ဖြေကြားပေးစေလိုပါတယ်ဘုရား။
ဇော်မင်းထိုက်
ဟတ်ယိုင်(ထိုင်း)

အဖြေ။ ။အင်းဆက် (insect)ပိုးများဟာ ဘုံအားဖြင့်ပြောမယ်ဆိုရင် တိရ စ္ဆာန်ဘုံသားတွေပါလို့ ရှေးဦးစွာ ပြောပါရစေ။ အင်းဆက်ပိုးများဟာ အများသိမြင်နေကြတာကတော့ လေးမျိုးပြောင်းသွားလို့ လေးဘ၀လို့ ထင်နေကြပါတယ်၊ လိပ်ပြာဘ၀အတွက် ဘ၀သုံးခု ဖြစ်ပြီးမှ လိပ်ပြာ ဖြစ်လာတယ်လို့ ယူဆကြတယ်။ အမှန်က အင်းဆက်ပိုးလေးတွေဟာ ဥမှ ပေါက်ဖတ်သို့ ပြောင်းလွဲသွားတာပဲရှိပါတယ်၊ ဥဘ၀က သေဆုံးပြီးမှ ပေါက်ဖတ်ဖြစ်လာတာမဟုတ်ပါဘူး၊ သေဆုံးမှုမရှိဘဲ ပုံသဏ္ဍာန်ပြောင်းလဲသွားတာဖြစ်တဲ့အတွက် ဘ၀တစ်ခုထဲပါပဲ၊ ထို့အတူ ပေါက်ဖတ်ဘ၀မှ သေပြီး ပိုးတုံးလုံး ဖြစ်လာတာမဟုတ်ပါဘူး၊ ပေါက်ဖတ်ကနေ သေဆုံးမှုမရှိဘဲ ပိုးတုံးလုံး အသွင်ပြောင်းလဲသွားတာပါ။ ဒါကြောင့် အင်းဆက်ပိုးများဟာ သုံးဘ၀ဖြစ်ပြီးမှာ အကောင်ကြီး ဖြစ်လာတာ မဟုတ်ပါဘူး၊ တစ်ဘ၀ထဲမှာပဲ အသွင်အမျိုးမျိုးပြောင်းပြီး ဖြစ်လာတာပါ။
မေးခွန်းရှင်မေးတဲ့ အင်းဆက်ပိုး၊လိပ်ပြာ၊ မှက်၊ခြင်၊ယင် တွားသွားသတ္တ၀ါများ၊ ကြက်၊ငှက်စတာတွေဟာ အမျိုးအစားအနေနဲ့ မျိုးစိတ်တွေအများကြီးရှိပေမဲ့ ဒီသတ္တ၀ါအားလုံးဟာ တိရစ္ဆာန်များသာဖြစ်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

သစ္စာ ၄ပါးကို အနုပညာဖြင့်ပူဇော်သင့်ပါသလား

အမေး။ ။အရှင်ဘုရား……. “သစ္စာလေးပါးကို အနုပညာဖြင့် ပူဇော်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရပါတယ်ဘုရား။ တပည့်တော်သိချင်တာက သစ္စာလေးပါးကို အနုပညာဖြင့် ပူဇော်သင့်/မသင့် ဆိုတာနဲ့ပတ်သက်ပြီး သိချင်ပါတယ်ဘုရား၊ တကယ်လို့ ပူဇော်သင့်တယ်ဆိုရင် ဒါနဲ့ပတ်သက်ပြီး ဘုရားရှင်ဟောကြားထားတဲ့ တရားတော်ကို ဖေါ်ပြပေးစေချင်ပါတယ်ဘုရား။ ။

အဖြေ။ ။ သစ္စာလေးပါးဆိုတာ ဘုရားရှင်ဟောတော်မူတဲ့ တရားတော်ဖြစ်တယ်။ တရားတော်ဆိုရင် ပိုင်ရှင်ဖြစ်တဲ့ ဘုရားရှင်နဲ့လည်း သက်ဆိုင်နေပါတယ်။ တရားကိုပူဇော်ရင် ဘုရားကို ပူဇော်တာလည်း မည်တယ်။ ဒါကြောင့် ဘုရားရှင်အား အနုပညာဖြင့် ပူဇော်သင့်/မသင့် ကို ပြောကြမယ်။
တစ်ခါတုန်းက သက်တော်ထင်ရှားဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူခါနီးမှာ တစ်သောင်းသော စကြ်ာဝဠာမှ နတ်ဗြဟ္မာများက ဘုရားရှင်ထံရောက်လာပါတယ်။ သူတို့ရဲ့လက်မှာ နတ်ပြည်ဗြဟ္မာ့ပြည်ဖြစ် ပန်း နံ့သာစတဲ့ လှူဖွယ်များ ကိုင်ဆောင်လာပြီး ဘုရားရှင်အား လာရောက်ပူဇော်ကြပါ တယ်။
ထိုအခါ ဘုရားရှင်က အနီးရှိ အရှင်အာနန္ဒာကို မိန့်တော်မူပါတယ်။
(ဧတ္တာဝတာ စ ခေါ အာနန္ဒ တထာဂတံ သက္ကရောန္တိ ဂရုံ ကရောန္တိ မာနေတိ ပူဇေတိ အပစယတိ၊ ယော ဘိက္ခု ၀ါ ဘိက္ခုနီဝါ ဥပါသကောဝါ ဥပါသိကာဝါ ဓမ္မာနုဓမ္မာ ပဋိပန္နော ၀ိဟရနေ သော ၀ါ မံ ပရမာယ ပူဇေတိ။)
အဓိပ္ပါယ်က “ချစ်သားအာနန္ဒာ….ငါဘုရားကို ယခုလို ပန်းနံ့သာစတာတွေနဲ့ လာရောက်ပူဇော်ကြတာဟာ အမှန်တော့ ငါဘုရားကို ပူဇော်ရာ မရောက်သေးပါဘူး။ ပူဇော်တယ်လို့ မခေါ်သေးဘူး။ လောကမှာ ရဟန်း/ရဟန်းမိန်းမ ဥပါသကာယောင်္ကျား၊ ဥပါသကာ မိန်းမများဟာ လောကုတ္တရာအားလျော်တဲ့ ကျင့်ဝတ်ပဋိပတ်တို့ကို ကျင့်နေကြတယ်။ ဒီလို မဂ်ဖိုလ်အားလျော်တဲ့ အကျင့်တို့ကို ကျင့်နေတဲ့ ပုဂ္ဂိုလ်သာလျှင် ငါဘုရားကို အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်တယ် လို့ခေါ်ပါတယ်” လို့ တစ်နေရာမှာ မိန့်တော်မူထားပါတယ်။
ဒါဟာ ဘုရားရှင်က ရှင်အာနန္ဒာအား မိန့်ကြားလိုက်တဲ့စကားပါ။ ဒါကိုကြည့်ခြင်းဖြင့် ဘုရားရှင်အား ပူဇော်ချင်ကြတယ်ဆိုရင် ဘုရားအလိုတော်ကျ အမြတ်ဆုံးပူဇော်ခြင်းမျိုးဖြစ်အောင် ပူဇော်ဖို့လိုပါတယ်။ တစ်ခြားသောနည်းလမ်းများနဲ့ ပူဇော်နေမဲ့အစား မဂ်ဖိုလ်အားလျော် တဲ့ အကျင့်တွေကို ကျင့်ခြင်းဖြင့် ပူဇော်ရင် အကောင်းဆုံးပါလို့ အဖြေပေးလိုက်ပါတယ်။

Sunday, September 20, 2009

ဒါနပြုရာမှာ မဂ္ဂင်ရှစ်ပါး ပါသလား

အမေး။ ။ဘုန်းဘုန်းဘုရား…မဂ္ဂင်ရှစ်ပါးကို အကျဉ်းခြုံးလိုက်ရင် သီလ ၊သမာဓိ၊ပညာ လို့ တပည့်တော် သိထားပါတယ်ဘုရား၊ ဒါဖြင့် မဂ္ဂင်ရှစ်ပါး ထဲမှာ ဒါန မပါဘူး ဖြစ်နေပါတယ်ဘုရား။ တပည့်တော် သိချင်တာက ဒါန ဟာ မဂ္ဂင်ရှစ်ပါးထဲ ပါမပါ သိချင်ပါတယ်ဘုရား။ တပည့်တော် တွေးသလို တစ်ချို့လည်း တွေးမိကြလိမ့်မယ်ထင်တယ်ဘုရား၊ ဒါကြောင့် အားလုံး သိအောင် ဖြေကြားပေးစေချင်ပါတယ်ဘုရား။

အဖြေ။ ။ဒါနပြုတဲ့အခါမှာ စဉ်းစားတွေးခေါ်တဲ့ အသိဥာဏ်လိုပါတယ်။
(၁) ။ဒါနတစ်ခုပြုတဲ့အခါမှာ….ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတဲ့ ကမ္မဿကတသမ္မာဒိဋ္ဌိဥာဏ် ရှိရပါ့မယ်။ ဒါနပြုတဲ့နေရာမှာ ကံနဲ့ ကံရဲ့ အကျိုးကို သိမြင်ရင် မှန်ကန်စွာသိမြင်တာဖြစ်တဲ့အတွက် သမ္မာဒိဋ္ဌိမဂ္ဂင်ပါ။ ဒါ့အပြင် နိဗ္ဗာန်ကို ဦးတည်ပြီး ဒါနပြုတဲ့အတွက်လည်း သမ္မာဒိဋ္ဌိမဂ္ဂင် ပိုပြီး ပြည့်စုံသွားပါတယ်။
(၂) ဒါနပြုတဲ့နေရာမှာ ကိုယ်ပြုမဲ့ ကောင်းမှုနဲ့ပတ်သက်ပြီး ဒါနပွဲ “အောင်မြင်ဖို့အတွက် ဘယ်လိုလုပ်ရင်မကောင်းမလဲ” ဆိုပြီး ဒါနနဲ့စပ်တဲ့ ကြံစည်မှု တွေ ရှိကြမှာပါ ကောင်းမှုနဲ့ ပတ်သက်ပြီး ကြံစည်တာဟာ မှန်ကန်သော ကြံစည်မှု ဖြစ်တဲ့အတွက် သမ္မသင်္ကပ္ပမဂ္ဂင် ထဲ အကြုံးဝင် သွားပါတယ်။ (ပညာမဂ္ဂင် ၂ ပါး)
(၃) ဒါနနဲ့စပ်ပြီး အချင်းချင်း ပြောဆိုတဲ့အခါမှာ ကောင်းတဲ့ မှန်ကန်တဲ့ စကားပဲ ပြောဆိုမိကြမှာပါ။ ဒါကြောင့် သမ္မ၀ါစာ မည်ပါတယ်။
(၄) ဒါနပြုခြင်းဟာ ကောင်းတဲ့ အပြုအမူ ဖြစ်တဲ့အတွက် သမ္မာကမ္မ န္တ မဂ္ဂင်ပါ။
(၅) ဒါနပြုတဲ့အခါ မိမိလှူတဲ့ ပစ္စည်းဝတ္တုများက တရားသဖြင့် ရှာဖွေထားတဲ့ အလှူပစ္စည်းဖြစ်ရပါ့မယ်။ တရားသဖြင့် ရှာဖွေထားတဲ့ ပစ္စည်းကို ပေးလှူရတဲ့အတွက် သမ္မာ အာဇီဝ မဂ္ဂင်ထဲ ပါသွားပါတယ်။ ဒီသုံးပါးက သီလမဂ္ဂင်ပါ။ (သီလမဂ္ဂင်နဲ့ပတ်သက်ပြီး ဒါနမပြုခင် သီလနဲ့ အရောင်တင်ထားဖို့ လိုပါတယ်။ ဒါဆိုရင် သီလမဂ္ဂင်ထဲ ပါဝင်နေမှာပါ။)
(၆) ဒါနပြုဖို့အတွက် ကြောင့်ကြစိုက်လုံ့လစိုက်ရပါမယ်။ အားထုတ်ရပါ့မယ်။ ကောင်းမှုနဲ့ပတ်သက်ပြီး လုံ့လစိုက်ရ၊အားထုတ်ရတဲ့အတွက် သမ္မာဝါယမ မဂ္ဂင် မည်ပါတယ်။
(၇) မိမိပြုတဲ့ဒါနကို ပြန်လည်အမှတ်ရနေခြင်း သည် ကောင်းတဲ့ အမှတ်ရမှုဖြစ်တဲ့အတွက် သမ္မာသတိ မည်ပါတယ်။
(၈) ဒါနပြုတဲ့အခါ မိမိစိတ်ဟာ ဒါနပြုတဲ့ အာရုံအပေါ်မှာပဲ တည်တည်ကြည်ကြည်ဖြစ်နေတယ်။ စိတ်ကိုလည်း တစ်ခြားအာရုံသို့ မရောက်အောင် သတိထားပြီး စိတ်ကို ဒါနအာရုံထဲ နစ်ထားရပါမယ်။ ဒါဟာ ကောင်းစွာ တည်ကြည်ခြင်းလို့ခေါ်တဲ့ သမ္မာသမာဓိ မဂ္ဂင် မည်ပါတယ်။ အချူပ်ဆိုရရင် ဒါနပြုတဲ့အခါမှာ မဂ္ဂင်ထဲ ပါဝင်နေပါတယ်၊ ပါဝင်အောင်လည်း ဆိုခဲ့ပြီးတဲ့အတိုင်း ဒါနပြုတတ်ဖို့ လိုအပ်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

Saturday, September 19, 2009

လှူတဲ့အခါ အကျိုးများအောင် ဘယ်လိုစိတ်ထားရမလဲ

အမေး။ ။အရှင်ဘုရား….တပည့်တော် ဒါနကုသိုလ်နဲ့ပတ်သက်ပြီး မရှင်းလင်းသည့်အတွက် မေးလျှောက်ခွင့်ပြုတော်မူပါဘုရား။ တပည့်တော် မှတ်သားဖူးသည်မှာ တိရ စ္ဆာန်ကို ဒါနပြုဖူးတဲ့သူ ဘ၀ပေါင်း ၁၀၀၊ လူမိုက်ကို ဒါနပြုဖူးရင် ဘ၀ပေါင်း ၁၀၀၀ စတဲ့ ချမ်းသာကို ခံစားရတယ်လို့ ကြားနာ ခဲ့ရဖူးပါတယ်ဘုရား၊ တပည့်တော် သိချင်တာက ချမ်းသာခံစားရတဲ့အပေါ်မှာ လှူဒါန်းမှုက တစ်နပ်စာလား၊ တစ်ဘ၀စာလား၊ စားမကုန်လို့ အကြွင်းအကျန်လား ၊ စားဦးစားဖျားလား၊ ဒါမှမဟုတ် ဒါနမပြုခင် ဘယ်လို စိတ်စေတနာအထူးပေါ်မှ အကျိုးခံစားရတယ်ဆိုတာကို သိလိုလှပါတယ်ဘုရား။
ဇော်မင်းထိုက်
ဟတ်ယိုင်(ထိုင်း)

အဖြေ
။ ။ဒီအမေးဟာ မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ အလှူဒါနရဲ့ အကျိုးတရားဟာ ချမ်းသာကို ခံစားရတယ်ဆိုတာ မှန်ပါတယ်။ ထိုချမ်းသာ ရဖို့အတွက် အလှူရှင်ဟာ ဘယ်လိုစိတ်မျိုး ထားရမလဲ၊ အဲဒါလေးပြောမယ်။
အလှူရှင်များရဲ့ စိတ်နေစိတ်ထားဟာ (၃) မျိုး ရှိပါတယ်။
(၁) ထင်ရှားကျော်စောလိုတဲ့စိတ်နဲ့ ဒါနပြုတာပါ။အဲဒါကို ‘ပကာသနာဒါန’ လို့ခေါ်ပါတယ်။ ရှင်းပါဦးမယ်၊ ကိုယ့်ရဲ့နာမည်၊ ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့ ကုမ္ပဏီ ထင်ရှားကျော်စောချင်လို့ အလှူလုပ်ကြတာလဲ ရှိတယ်၊ ဒါဟာ အလှူအမျိုးစားထဲမှာ ယုတ်ညံ့တဲ့အလှူမျိုးဖြစ် တယ်။ မြို့ကြီးတွေမှာဆိုရင် အနုပညာရှင်တစ်ချို့ဟာ မိမိရဲ့ နာမည်ထင်ရှားကျော်ကြားစေဖို့အတွက် အသိုင်းဝိုင်းများစွာက လူတွေကို ဖိတ်ပြီး ဟော်တယ်တွေမှာ သိန်းပေါင်းများစွာ အကုန်အကျခံကာ ကျွေးမွေးကြတယ်၊ အဲဒီအလှူမျိုးကို ‘ပကာသနာ’ အလှူ လို့ ခေါ်ပါတယ်။ ဘ၀သမ္ပတ္တိ ဘောဂသမ္ပတ္တိ ဆိုတဲ့ ချမ်းသာကို ရဖို့ မလွယ်လှပါဘူး။
(၂) ထင်ရှားကျော်စောလိုတဲ့စိတ် မရှိပေမဲ့ ဒါနပြုတဲ့အခါ လောကီအကျိုး မျှော်ကိုးပြီး လှူတာပါ။ ဒီအလှူမျိုးကို ‘ အလယ်အလတ် အလှူ’ လို့ ခေါ်ပါတယ်။ သူက ကုသိုလ်ပြုရင် အကျိုးကို မျှော်ပြီး ပြုတာပါ။ လူချမ်းသာ၊နတ်ချမ်းသာ ရရပါလို၏ လို့ လောကီအကျိုးမျှော်ပြီး လှူတာ။ အဲဒီအလှူမျိုးဟာ ဘ၀သမ္ပတ္တိ ဘောဂသမ္ပတ္တိ ဆိုတဲ့ လောကီအကျိုးတော့ ခံစားရပါတယ် ၊ နိဗ္ဗာန်ကို ဦးတည်ပြီးတော့ မလှူတဲ့အတွက် ဒီဒါနဟာ ‘အလယ်အလတ်’ ဒါနမျိုးဖြစ်ပါတယ်။
(၃) အထက်ပါ(၂)မျိုးမပါဘဲ၊ နိဗ္ဗာန် ဦးတည်ပြီး လှူတဲ့ အလှူမျိုး ဖြစ်ပါတယ်။ ဒီအလှူမျိုးဟာ မြင့်မြတ်သူတို့ရဲ့ အလှူဒါန လို့ ခေါ်ရပါတယ်။ တနည်း ပါရမီမြောက်တဲ့ ဒါနမျိုးပါ။ ထို ဒါနအတွက် အင်္ဂါ (၃)ချက်ရှိပါတယ်။
(က)နိဗ္ဗာန်ကို ဦးတည်ရမယ်။ (ခ) မိမိအကျိုး မမျှော်ကိုးရဘူး။ (ဂ) သူတစ်ပါး အကျိုး မျှော်ကိုးရမယ်။
ဥပမာ….. အစာငတ်နေတဲ့ ခွေးလေးတစ်ကောင်ကို အစာကျွေးမယ်ဆိုပါစို့၊ အဲဒီမှာ ပေးလှူသူရဲ့စိတ်က ဒီအလှူဟာ နိဗ္ဗာန် အထောက်အပံ့ဖြစ်ပါစေ၊ ခွေးလေးအစာစားပြီး ကျန်းမာစွာ အသက်ရှည်နိုင်ပါစေ လို့ သနားကြင်နာတဲ့ စိတ်နဲ့ ကျွေးလိုက်မယ်ဆိုရင် သူတစ်ပါးအကျိုးလိုလားတဲ့အတွက် ကိုယ်အကျိုးမပါဘူးဆိုတာ သေချာသွားပီ။ အဲဒီအလှူမျိုးဟာ တိရ စ္ဆာန်ကိုပဲ လှူလှူ၊ လူမိုက်ကိုပဲ လှူလှူ ဒီအလှူနဲ့ ထိုက်တန်တဲ့ အကျိုးတရားက မုချလာမှာဖြစ်ပါတယ်။ ဘ၀သမ္ပတ္တိ၊ ဘောဂသမ္ပတ္တိများစွာရရှိပြီး နိဗ္ဗာန်ကို ဦးတည်တဲ့အတွက် နိဗ္ဗာန် အတွက် အထောက်အပံ့ကောင်းတွေ အများကြီးရှိလာမှာ ဖြစ်ပါတယ်။
ဒီအလှူ(၃)မျိုးမှာ တတိယအမျိုးဖြစ်ရင်တော့ မေးခွန်းရှင်ရဲ့ ဆန္ဒ ပြည့်ဝပါလိမ့်မယ်။ သို့သော် အရေးကြီးတာက ဒါနပြုရင် အကျိုးကိုမျှော်ပြီး လှူမယ်ဆိုရင် မိမိမှာ ရသင့်ရထိုက်တဲ့ အကျိုးတရားများ ထင်သလောက် မရတော့ဘဲ အကျိုးဆုံးရှုံးရပါလိမ့်မယ်။
ဘာ့ကြောင့်ဆိုရင် အင်းဝခေတ်က အဖြစ်အပျက်တစ်ခုပြောပြပါ့မယ်၊ အဲဒါလဲ ထွက်ခဲ့ပြီးတဲ့စာအုပ်မှာ ပြောခဲ့ပြီးပြီ၊ ဒီနေရာမှာ လိုအပ်နေတဲ့ အတွက် ဒီအကြောင်းအရာကို ပြန်ပြောပြရမှာဖြစ်တယ်။
အင်းဝခေတ်တုန်းက နန်းမတော်မယ်နုဆိုတာရှိတယ်၊ သူကိုးကွယ်နေတာက ဆရာတော်ဦးဗုဓ်ပါ။ တစ်နေ့ နန်းမတော်မယ်နုဟာ သူ့ပြုလုပ်ခဲ့တဲ့ ကုသိုလ်များကို ဘယ်အကျိုးများ ရနိုင်ပါလဲ လို့ ဆရာတော်အား မေးလျှောက်ပါတယ်။ ဆရာတော်က ရေဖလားထဲ ရေအခပ်ခိုင်း ပြီး၊ ဖလားထဲက ရေတွေကို အပြင်မှာ သွားသွန်ခိုင်းပါတယ်။ ရေသွန်ပစ်လိုက်တော့ ဖလားအောက်ခြေမှာ ရေမရှိတော့ စိုနေတာလောက်ပဲကျန် တယ်။ ဆရာတော်က ဖလားကို ပြပြီး “ကျောင်းအစ်မ ပြုခဲ့တဲ့ကုသိုလ်ရဲ့ အကျိုးဟာ ဖလားအောက်ခြေမှာ ကပ်ပါလာတဲ့ ရေအစိုဓါတ်လေး လောက်သာ ရမှာပါ” လို့ အမိန့်ရှိလိုက်ပါတယ်။ ဆရာတော်ရဲ့ ဆိုလိုရင်းက အကျိုးကိုမျှော်ကိုးပြီး လှူရင် ဖလားဖင်မှာကပ်နေတဲ့ အနည်းငယ်သာရှိသော ရေလို မိမိမှာ အကျိုးအနည်းငယ်သာ ရရှိပါမယ့်။ အကျိုးမလိုလားပဲ နိဗ္ဗာန်ဦးတည်ပြီး၊ ကိုယ့်အကျိုးမငှဲ့ သာသနာအကျိုး၊ အများအကျိုးငှဲ့ကာ လှူမယ်ဆိုရင်တော့ အကျိုးအများကြီးရမယ်ဆိုတဲ့သဘောပါပဲ။
ဒါကြောင့် မေးခွန်းရှင်မေးတဲ့ မေးခွန်းအရ အလှူရှင်ရဲ့ စိတ်နေစိတ်ထားဟာ ဖေါ်ပြခဲ့တဲ့ သုံး မျိုးအနက် တတိယအမျိုးဖြစ်မယ်ဆိုရင် အကျိုးထူးတရားများ ခံစားရပါမယ် ဆိုတဲ့အကြောင်း ဖြေကြားပေးလိုက်ပါတယ်။

Thursday, September 17, 2009

မလိုအပ်တဲ့နေရာမှာ ဘာ့ကြောင့် စုပုံပြီး လှူရတာလဲ

အမေး။ ။အရှင်ဘုရား…..တပည့်တော်သူငယ်ချင်းက သူ့အမြင်နဲ့ အမေးတစ်ခုမေးလာပါတယ်၊ သူ့အမြင်က မြန်မာနိုင်ငံရဲ့ အထင်ကရ ဘုရားစေတီများ၊ ထီးတော်၊ ငှက်မြတ်နားတော်များ၊ ကျောင်းများ စတာတွေမှာ စိန်၊ရွှေ၊ကျောက်သံပတ္တမြား၊ ၀တ္တုကြေးငွေ တို့ကို အများကြီးအကုန်အကျ ခံပြီး ပေးလှူထားတာတွေ တွေ့မြင်ရပါတယ်။ ချမ်းသာတဲ့သူများက အကုန်ခံနိုင်တယ်ထားဦးတော့၊ ဆင်းရဲတဲ့သူများကလည်း တတ်နိုင်သလောက် ပေးကမ်းတာ တွေ့ရပါတယ်။ ဒီလိုနေရာတွေမှာ အကုန်ခံနေမဲ့အစား ကိုယ့်တိုင်းပြည်မှာ လိုအပ်နေတဲ့ ဆေးရုံ၊စာသင်ကျောင်း၊ ချို့တဲ့တဲ့သူများအတွက် ပညာသင်ထောက်ပံ့စရိတ်၊ စာကြည့်တိုက် စတာတွေကို အများကြီး အကုန်ခံပြီး အကူအညီပေးသင့်တယ် လို့ ထင်ပါတယ်။ ဒီအယူအဆနဲ့ပတ်သက်ပြီး အဖြေပေးစေချင်ပါတယ်ဘုရား။

အဖြေ။ ။ ဒီလိုအယူအဆတွေ ရှေးကလည်း ရှိခဲ့ဖူးတယ်။ အခုလည်း ရှိနေဦးမယ်၊ နောင်လည်း ရှိနေဦးမှာဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုရင် ဒီအယူအဆဟာ ဘာသာခြားများရဲ့ အယူအဆ ဖြစ်နေလို့ပါပဲ။ ဒါနဲ့ပတ်သက်ပြီး ဘာသာခြားများအတွက် အတတ်နိုင်ဆုံး အဖြေပေးပါ့မယ်။ ဒီမေးခွန်းဟာ လူသားအားလုံးသိသင့်တဲ့ မေးခွန်းတစ်ခု ဖြစ်နေတဲ့အတွက် မေးလာသူကို ကျေးဇူးတင်ရဦးမှာပါ။
မိမိပိုင်တဲ့ ပစ္စည်းကို သူတစ်ပါးအား တစ်နေရာရာအား ပေးကမ်းတယ်ဆိုတာဟာ စွန့်လွတ်မှု(ရက်ရောမှု)လို့ ခေါ်ပါတယ်။ ဒီ ရက်ရောမှု စွန့်လွတ်မှု ဖြစ်ဖို့အတွက် ပစ္စည်းအပေါ်မှာ မိမိစိတ်က အနှောင်အဖွဲ့ကင်းနေရမှာပါ။ ဒါကို အနှောင်အဖွဲ့ကင်းတဲ့ စွန့်လွတ်မှု ဖြစ်သလို အားကြီးတဲ့ စိတ်ဓါတ်အင်အားတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒီလိုဖြစ်အောင်လည်း တဖြေးဖြေးလေ့ကျင့် ယူရတာပါ။ အများအားဖြင့် တော်ရုံလူများ မလုပ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်တယ်။
ယနေ့ကမ္ဘာမှာ အချင်းချင်း သတ်ဖြတ်ညင်းဆဲနေကြတယ်။ သူတစ်ပါးပစ္စည်းကိုလည်း နည်းအမျိုးမျိုးဖြင့် လုယူ၊ဓားမြတိုက်နေကြ တယ်။ ကိုယ့်အကျိုးဖြစ်ထွန်းမယ်ဆိုရင် ဘယ်သူပဲအကျိုးယုတ်ယုတ် လိမ်ပြောဖို့ ၀န်မလေးကြဘူး။ အချို့ကလည်း လူကိုသတ်တာမှ အပြစ်ရှိတယ်၊ သတ္တ၀ါကောင်လေးတွေကို သတ်က အပြစ်မရှိဘူး၊ ရှေ့ဘ၀ နောက်ဘ၀ မရှိဘူးဆိုတဲ့ ၀ါဒ အတွေးအခေါ်တွေ၊ ပေးကမ်းလှူဒါန်း တာတွေဟာ အကျိုးမရှိ၊ အကျင့်သိက္ခာ စောင့်ထိန်းဆောက်တည်တယ်ဆိုတာလည်း အလကားပဲ၊ ဘာမှ အကျိုးမပေးဘူး၊ တကယ်တော့ ဘာသာရေးဆိုတာဟာ လူပျင်းတွေရဲ့အလုပ် လို့ ယူဆနေကြတာဟာ ၀ါဒဆိုးတစ်ခု ဖြစ်ပါတယ်။ ထိုဝါဒဆိုးများရှိတဲ့ နိုင်ငံများဟာ အခုထိ ရှိနေဆဲပါ။
ထိုဝါဒဆိုးများဖြစ်လာတဲ့အခါမှာ တားဆီးစရာ ဘာလက်နက်ရှိကြပါလဲ၊ အချို့က ဓါး-ဓါးချင်း၊ လှံ-လှံချင်း ၊ လက်နက်-လက်နက်ချင်း အပြန်အလှန် တိုက်ခိုက်ပြီး အဖြေရှာကြတယ်။ ကြာလာတော့ နှစ်ဖက်စလုံးမှာ ဆိုးကျိုးများနဲ့သာ ရင်ဆိုင်ရပါတယ်။ ဖြေရှင်းမှုမအောင်မြင်ဘူး၊ ဒါဟာ ၀ါဒဆိုးတွေကို ဖြေရှင်းမှုနည်းလမ်း မမှန်လို့ပဲ ပြောရပါလိမ့်မယ်။
ယနေ့ ကမ္ဘာမှာဖြစ်နေတဲ့ ထိုဝါဒဆိုးကို ဘယ်လို လက်နက်မျိုးနဲ့ ဖြေရှင်းကြမှာလဲ၊ ဘာလက်နက်နဲ့မှ ဖြေရှင်းလို့မရပါဘူး။ အားကောင်းပြင်းထန်တဲ့ စိတ်ဓါတ်အင်အားကို ခံဓါတ်လုပ်ပြီး ထိုဝါဒဆိုးအား ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် စွန့်လွတ်ရက်ရောမှုစတာတွေဖြစ်ပေါ်လာအောင် အခြေခံတဲ့ စိတ်ဓါတ်အင်အားဟာ အားလုံးကို ရင်ဆိုင်ဖြေရှင်းနိုင်လို့ပါပဲ။ ဒီစိတ်ဓါတ်အင်အားက တစ်ခြားမဟုတ်၊ ဗုဒ္ဓ၀ါဒအရ ယုံကြည်မှု(သဒ္ဓါ)ပင်ဖြစ်ပါတယ်။ တစ်ခုရှိတယ်၊ သဒ္ဓါဆိုတဲ့ ယုံကြည်မှုဟာ အခြားဘာသာအများ ယုံကြည်တဲ့ ယုံကြည်မှုမျိုးကို မဆိုလိုပါ။ ပညာနဲ့ယှဉ်တဲ့ ယုံကြည်မှုမျိုး ဖြစ်ပါတယ်။
ထိုယုံကြည်မှုကြောင့်လည်း ဘုရားကျောင်းကန် စတာတွေမှာ အလှူရေစစ်လက်နဲ့မကွာ ဖြစ်နေကြတာပါလို့ ဖြေကြားပေး လိုပါတယ်။

Tuesday, September 15, 2009

အွန်လိုင်းပေါ်တက်ကြတဲ့ အမျိုးသမီးများ သတိထားဖို့အတွက် ဒီနေရာမှာ ဖတ်ပါ

Type the rest of your post here.

Sunday, September 13, 2009

ဥပုသ်နဲ့ အွန်လိုင်း သုံးချင်တယ်

အမေး။ ။ အရှင်ဘုရား.....ဥပုသ်ယူပြီး online သုံးလို့ရ - မရ သိချင်ပါတယ်ဘုရား။ ပြီးတော့ ဥပုသ်သီလဆောက်တည်ထားတဲ့ လူစ်ယောက်ဟာလူနာတစ်ယောက်ကိုလည်း သွားမေးချင်တယ်၊ မကောင်းတဲ့စိတ်လည်း ဖြစ်မိမယ်ဆိုရင် ဥပုသ်သီလ ပျက်နိုင်ပါသလားဘုရား။ မရှင်းလင်းတဲ့အတွက် ဖြေကြားပေးတော်မူပါဘုရား။ ။
စုမြတ်စန္ဒီ
ဝါးခယ်မ

အဖြေ။ ။ ဒီအမေးနဲ့ပတ်သက်ပြီးသီလအကြောင်းကို သိဖို့လိုလိမ့်မယ်။ ကိုယ်ကျင့်သီလရဲ့သဘောက ကိုယ်နဲ့ နှုတ်မှာ မကောင်းတာတွေ မပြုမိ၊ မပြောမိအောင် စောင့်ထိန်းဖို့ပါ။ ခန္ဓာကိုယ်နဲ့ မကောင်းတာမှန်သမျှ မလုပ်ဘဲ ရှောင်ကြဉ်ရပါမယ်။ နှုတ်ကလည်း မကောင်းတာမှန်သမျှ မပြောမိပါစေနဲ့။ မုသာဝါဒရဲ့ နောက်ကွယ်မှာ ၀စီဒုရိုက်လေးပါး ရှိတယ်။ လိမ်ပြောခြင်း၊ ကြမ်းတမ်းတဲ့စကားပြောဆိုခြင်း၊ အနှစ်မရှိတဲ့ စကားပြောဆိုခြင်း၊ ရန်တိုက်ခြင်း စတာတွေပါ။ ဒါတွေကို မလွန်ကျူးမိဖို့ပဲ လိုတာပါ။ အရေးကြီးတာက ဥပုသ်သီလစောင့်ထိန်းတဲ့နေရာမှာ မေ့ပြီးမလုပ်မိ၊မပြောမိဖို့ပါ။ သတိထားပြီး ပြောမယ် ပြုမယ်ဆိုရင် သီလမကျိုးနိုင်ပါဘူး။ဥပုသ်စောင့်နေတဲ့သူရဲ့ online သုံးတာနဲပတ်သက်ပြီး ပြောရရင် သူရဲ့ online သုံးတဲ့အပေါ်မှာ မူတည်ပါတယ်။ တရားနဲ့ပတ်သက်တဲ့ ၀ဘ်ဆိုက်တွေကို လေ့လာဖတ်ရှုနားထောင်မယ်၊ ကုသိုလ်ရတဲ့ ၀ဘ်ဆိုက်တွေကို လေ့လာဖတ်ရှုနားထောင်မယ်ဆိုရင် ဥပုသ်သီလ မပျက်ပါဘူး။ ဒီလိုမှ မဟုတ်ဘဲ လမ်းကြောင်းပြောင်းနေမယ်ဆိုရင်တော့ သီလပျက်ဖို့များပါတယ်။နောက်တစ်ခုမှာ လူနာကို မေးရုံလောက်ကတော့ မေးသင့်ပါတယ်။ လူနာမေးတယ်ဆိုပြီး လူနာအနီးသွားကာ အရပ်အကြောင်း ရွာအကြောင်းပြောနေမယ် ဆိုရင်တော့ သီလပျက်ဖို့များပါတယ်။
နောက်တစ်ခုက စိတ်မှာ မကောင်းတဲ့ စိတ်ဖြစ်ရုံနဲ့ သီလမပျက်သေးပါဘူး၊ ထိုမကောင်းတဲ့စိတ်ကြောင့် ကိုယ်နဲ့နှုတ်က လွန်ကျူးမိပြီဆိုမှ သီလပျက်ပါတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

အတွေး

စိတ်ပျက်စိတ်ဆိုးတာတွေ၊ အာဃာတအငြိုးတေးတာတွေ၊ မတရားလိုချင်မှုတွေ၊ ငါရှိမှ ဖြစ်မှာ ငါလုပ်မှဖြစ်မှာ ဆိုတဲ့ အတ္တမာနတွေ လျော့သင့်နေပါပြီ၊ ကုသိုလ်လိုလိုနဲ့ အကုသိုလ်ဖက်ကို ရောက်မှန်းမသိရောက်နေတာတွေ သတိထားသင့်ပါပြီ။ ဘာကြောင့်ဆိုရင် ကိုယ်နေရမယ့်အချိန်က သိပ်မလိုတော့လို့ပါပဲ။

Wednesday, September 9, 2009

ဖတ်မိသမျှ စာများ (၂)

ဒီတခါ ဖတ်မိသမျှစာထဲမှာ (ဓမ္မရံသီမဂ္ဂဇင်းမှာ) အရေးကြီးတဲ့ ဆောင်းပါးတစ်ပုဒ်ပါလာပါတယ်။ စာရေးဆရာ သတ္တိဇော် ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ခေါင်းစဉ်က “ပစ္စုပ္ပန် ကမ္မ၀ါဒ” ဆိုလို့ စိတ်ဝင်စားသွားတယ်၊ ယခုတလော ဒီအကြောင်းတော်တော်များ ကြားရတယ်၊ သူများရောယောင် ကိုယ်ရောယောင်ဆိုတာလို မဖြစ်ရလေအောင် စာဖတ်သူများအားလုံး အတွက် အမှားအမှန် ခွဲခြားဝေဖန်တတ်ရန် တဆင့် ပြန်လည်တင်ပြပေးလိုက်ပါတယ်။
ပစ္စုပ္ပန်ကမ္မ၀ါဒ
စာရေးသူနေထိုင်ရာ ပြည်မြို့ အိမ်သို့ ဦးပဉ္စင်းနှစ်ပါး ကြွလာသည်။ တစ်ပါးက မြို့ခံဖြစ်သည်၊ တစ်ပါးမှာ ရေနီမှ ကြွလာသည်ဟု သိရပါသည်။ ရေနီတွင်နေသော စာရေးသူ၏ တက္ကသိုလ်ကျောင်းနေဖက်သူငယ်ချင်းကို အကြောင်းပြု၍ ကြွရောက်လာကြခြင်းဖြစ်ပါသည်။
ရေနီဦးပဉ္စင်းနှင့် စကားပြောရင်း တရားဘက်သို့ ရောက်သွားပါသည်။ ထိုဦးပဉ္စင်းထံမှ ထူဆန်းထွေလာ တရားစကားများကို ကြားသိ ရပါသည်။ စာရေးသူမှာ စိတ်နှလုံး မသက်မသာဖြင့် အောင့်ကာ နားထောင်လိုက်ရပါသည်။

ထိုဦးပဉ္စင်းမှာ ပြည်မြို့၌ နှစ်လခန့် သီတင်းသုံးမည်ဖြစ်ကြောင်း တရားဆွေးနွေးလိုပါက ကျောင်းသို့ လာနိုင်ကြောင်း မြို့ခံ ဦးပဉ္စင်းက ဖိတ်ခေါ်ပြီး ပြန်ကြွ သွားကြပါသည်။ ရေနီမှာ သူငယ်ချင်းက စာတစ်စောင်ပါပေးလိုက်သဖြင့် ဦးပဉ္စင်းများ ပြန်ကြွသွားမှ ဖွင့်ဖတ် ဖြစ်ပါသည်။ လွန်ခဲ့သော ၂၃ နှစ်က ကွဲကွာသွားသော သူငယ်ချင်းဖြစ်သည်။ စာရေးသူသည် မသိရသေးသော သူ၏မိသားစု အကြောင်း စီးပွား ရေးအကြောင်း၊ များအပြင် ဘာသာရေးအကြောင်းကိုလည်း ထည့်သွင်း ရေးထားသည်။
သူသည် အခုမှဘာသာရေးကို ထဲထဲဝင်ဝင်သိကြောင်း၊ မိတ်ဆွေများနှင့် ညနေတိုင်းညတိုင်း တရားဆွေးနွေးကြကြောင်း ရေးထား၍ စာရေးသူ ၀မ်းသာမိပါသည်။ ရေနီကို လာလည်ဖို့လည်း လိပ်စာ ပေးထားပါသည်။ စာရေးသူသည် မတွေ့ရတာကြာပြီဖြစ်သော သူငယ်ချင်းနှင့် တွေ့ရန် နောက်တစ်နေ့တွင် ပြည်မှ ရန်ကုန်၊ ရန်ကုန်မှ ရေနီသို့ ရထားဖြင့် အရောက်သွားခဲ့ပါသည်။
စာရေးသူသည် သူငယ်ချင်းအိမ်သို့ ရောက်၍ အမောအပန်းဖြေပြီးသည်နှင့် သူငယ်ချင်းက အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့် တရားစတင်ဟော ကြားပါတော့သည်။ ပါဠိပါဌ်သား အကိုးအကားဖြင့် ဟောပါသည်။ စာရေးသူသည် သူငယ်ချင်းကို ကြည့်၍ အထင်ကြီးမိသည်။
“ အဘိဓမ္မာတရားတော်ဟာ ဘုရားဟောမဟုတ်၊ အဋ္ဌကထာဆရာတို့၏လက်ရာ၊ ပထမသင်္ဂါယနာတင်စဉ်က အဘိဓမ္မာမပါ” စသည်ဖြင့် ဟောပြောလိုက်ပါသည့်အခါတွင်ကား စာရေးသူ ကျောစိမ့်ရပါပြီ။ အဘိဓမ္မာပိဋကကို အဘယ့်ကြောင့် ပစ်ပယ်လိုကြသနည်း။ နတ် ပြည်တွင်ဟောသော တရားဖြစ်၍လား…… ပဋိသန္ဓေစိတ်၊စုတိစိတ်တို့ ပါသော တရားဖြစ်၍လား…။
အတန်ကြာ ဟောပြော၍ စကားလိပ်ပတ်လည်မှ သူတို့ကိုးကွယ်သော ဘာသာမှာ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာဖြစ်ကြောင်း၊ သူတို့ ဆရတော်မှာ အသက် (၈၀)ကျော်ပြီဖြစ်၍ သင်္ကန်းအပြာရောင်ဝတ်ကြောင်း၊ စာရေူးအိမ်သို့ ကြွလာသော ရေနီဦးပဉ္စင်းမှာလည်း သင်္ကန်းအပြာ ရောင် ၀တ်လိုသူဖြစ်ကြောင်း၊ ဆရာတော်က ခွင့်မပြု၍ မ၀တ်ရကြောင်း၊ ပြည်မြို့သို့ သာသနာပြုရန် ကြွလာကြောင်းစသည့် သူတို့ဝါဒ၏ အတွင်းသရုပ်ကို အလုံးစုံ သိရပါတော့သည်။ အဘိဓမ္မာပိဋကကို အဘယ့်ကြောင့် ပစ်ပယ်ရသည်ကို စာရေးသူ ရိပ်စားမိပါပြီ။
သူတို့ဝါဒက ပစ္စုပ္ပန်တစ်ဘ၀ကိုသာ ကြည့်၏။ အတိတ်ဘ၀၊ အနာဂတ်ဘ၀ရှိသည်ဟု မယုံကြည်။ အတိတ်ဘ၀၊ အနာဂတ်ဘ၀ ရှိသည်ဟု ဆိုသူများကို ပါဠိပါဌ်သား အထောက်အထားများ လိုရာဆွဲယူ ရွတ်ဆိုပြ၍ ဒိဋ္ဌိဟု စွပ်စွဲသည်။ လူဝင်းစားဆိုသည်များ မဟုတ်နိုင်ဟု အချက်ကျကျ ဇွတ်အတင်း ပြောသည်။ ပစ္စုပ္ပန်တစ်ဘ၀တည်းတွင် အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ်ဟု ကာလသုံးပါးခွဲ၍ ပဋိစ္စသမုပ္ပါဒ်ကို လှည့်ပြ သည်။
အနိစ္စဆိုတိုင်း မကောင်းသည် မဟုတ်။ အနိစ္စကြောင့် လောကကြီး တိုးတက်သည်။ အနိစ္စသာမရှိလျှင် မင်းလည်း ကလေးဘ၀က တက်မည်မဟုတ်။ သရက်စေ့လည်း စားကောင်းသော သရက်သီး ဖြစ်လာမည်မဟုတ်ဟု ယုတ္တိဗေဒနည်းဖြင့် မျက်စိလည်သွားအောင်ကို အနိစ္စ ချီးမွန်းခန်းဖွင့်သည်။
လက်ရှိ ခန္ဓာကိုယ်ကို ဒုက္ခဟုထင်နေလျှင် နိုက်ထရစ်အက်ဆစ် တစ်ရာရာခိုင်နှုန်း အပြည့်ထည့်ထားသော ကန်ကြီးထဲသို့ ခုန်သာချ ပေရော့ဟု ငေါ့တော့တော့ ပြောသည်။ အရှိခန္ဓာကို ဒုက္ခဟု ဟောတာမဟုတ်၊ အစွဲခန္ဓာကို ဒုက္ခဟု ဟောတာ။ “ပဉ္စုပါ ဒါနက္ခန္ဓာပိ ဒုက္ခာ” ပါဠိ များ ရွတ်လိုက်သေးသည်။
ကာမေသုမိစ္ဆာစာရကို အနက်ဖွင့်ရာ၌မူ လက်ဖျားခါယူရသည်။ “ ကာမေသုမိစ္ဆာစာရ” ဆိုတာသူတစ်ပါး သားမယားကို ပြစ်မှားတာ ချည်းမဟုတ်ဘူး။ ကာမေသုဆိုတာ ကာမဂုဏ်အာရုံတို့၌၊ မိစ္ဆာစာရ - လွဲမှားစွာကျင့်တာပဲ။ တို့ကတော့ သူတစ်ပါးသားမယား ပြစ်မှားဖို့ နေနေသာသာ မီးရထားပေါ်မှာ ကိုယ့်ဘေးကခုံ နေရာလွတ်သွားရင်တောင် ခြေဆင်းမထိုင်ဘူး။ ခြေဆင်းထိုင်လိုက်ရင် ကာမေသုမိစ္ဆာစာရ ပဲ ဟူလေသည်။
၃၁ ဘုံရှိသည် ဆိုသည်ကို မယုံကြည်။ တိရစ္ဆာန်ဘုံကို မြင်နေရသားပဲ ဟု ဆင်ခြေတက်သူကို ၃၁ ဘုံမှာ ၂ဘုံပဲမြင်ရတာကို ရေးကြီး ခွင်ကျယ်ပြောနေ၊ ၂၉ဘုံက ပျောက်နေပါပေါ့လားဟု ပညာရှင်လေသံမျိုးဖြင့် ပြောသည်။ ဇာတ်ကြီး ဆယ်ဘွဲ့တို့ ၊ငါးရာငါးဆယ်နိပါတ်တော်တို့ ကို လူအများ စိတ်ဝင်စားအောင် ပြောပြသည့် ပုံပြင်တွေ ဟု ဆိုသည်။
လူအတွက် အကျိုးရှိမည်ဆိုပါက တိရစ္ဆာန်တွေကို သတ်သင့်က သတ်ရမည်။အပြစ်မရှိ။ အကျိုးမရှိဘဲနှင့်တော့ မသတ်နှင့် လူသတ်လျှင်တော့ အပြစ်ရှိသည်ဟု ဆိုသည်။
ရဟန်းတော်များပင် လူသတ်မှ ပါရာဇိက အပြစ်ကြီးကြီးသင့်သည်။ တိရစ္ဆာန်ကို သတ်လျှင် ပါစိတ် ဆိုသည့် အာပတ် သေးသေး ကလေးသာ သင့်သည်။ လူတွေ တိရစ္ဆာန်ကို သတ်မှုကျမှ အပြစ်ကြီး မဖြစ်နိုင်။ အပြစ်ဖြစ်သည်ဟုဆိုလျှင် ဆရာဝန်ပေးသည့် ပဋိဇီဝဆေး (antibiotic)ကိုပင် မသောက်နှင့်၊ အသက်ရှိသည့် ဗက်တီးရီးယားတွေ သေကုန်မည်ဟု ဆိုသည်။
သူငယ်ချင်းအိမ်သို့ လာလည်သော သူ့မိတ်ဆွေ အများစုမှာ အသားတိုးကြက် မွေးမြူသူများ ဖြစ်ပါသည်။ သူငယ်ချင်းက စာရေးသူ အကြောင်း ပြောသည့်အခါ “ ဒီကောင်က ကြက်မွေးတာကို အကုသိုလ်လို့ ထင်နေတာ” ဟု မှတ်ချက်ပေး ပြောပါသေးသည်။ စာရေးသူမှာ ၀ိုင်း အရိုက်မခံရသည်ကိုပင် ကျေးဇူးတင်ရပါသေးသည်။ လူကိုရိုက်လျှင် အပြစ်ရှိသည်ဟု ယူဆ၍ ဖြစ်ပါလိမ့်မည်။
တန်ခိုးမကြီးသည့် ရဟန်းတော်များမှာ သွားလေရာသို့ ကပ္ပိယကို စရိတ်အကုန်ခံ၍ မခေါ်နိုင်။ ထို့ကြောင့် ရဟန်းတော်များကို ငွေကိုင်ခွင့်ပြုသင့်သည်။ အများဆုံးကိုင်ရမည့် ငွေပမာဏကို သတ်မှတ်ပေးသင့်သည်။ (ဥပမာ။ ။ငွေတစ်သောင်းကျပ်ထက် မများစေရ) ဟု ဆိုပါသည်။
အနှစ်ချူပ်ကြည့်သော် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာသည် မျက်မြင်ဒိဋ္ဌကို အားပြု၍ လူပြိန်းများ လက်ခံသဘောကျအောင် ခေတ်နှင့် အညီ ပြုပြင်ပြောင်းလဲထားသော (modified) ၀ါဒများဖြစ်ကြောင်း ထင်ရှားပါသည်။
သူငယ်ချင်းမှာ စီးပွားရေး ပြေလည်သူ ဖြစ်ပါသည်။ သူဆောက်ထားသော တိုက်တွင် ဘုရားကျောင်းဆောင် လုံးဝမထည့်။ နံရံကပ်ရုပ်ပုံတော်များ၊ ရုပ်ပွားတော်များလည်း လုံးဝမထား။
“ဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)ကျော်ကတဲက ဘ၀ဆုံးသွားပြီကွ။ မင်းဆွမ်းတော်ကပ်လဲ မသိတော့ဘူး။ ဘာမှ အကျိုးမရှိ တော့ပါဘူး” ဟု ဆိုပါသည်။
သင်္ကန်းအပြာရောင်ဝတ်သော သူတို့ ဆရာတော်ကြီး၏ ဧရာမဓါတ်ပုံကြီးကိုကား သက်ရှိ ထင်ရှားမို့လို့လားမသိ ၊ ခေါင်းရင်းဖက်တွင် တလေးတစား ချိတ်ဆွဲထားသည်။ ဓါတ်ပုံ၏ အောက်ခြေတွင် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ ဆရာတော်ကြီးပုံ ဟု ကမ္ပည်း ရေးထိုးထားပါသည်။ “ဒါကတော့ respect ပေးတာပေါ့ကွ”ဟု မြန်မာစကားထဲတွင် အင်္ဂလိပ်စကားညှပ်၍ ပြောပါသည်။
သူငယ်ချင်း၏ အိမ်အပေါ်ထပ်တွင် အနတ္တလက္ခဏာသုတ် စသော တရားကက်ဆက်ခွေများကိုလည်း တွေ့ရပါသည်။ ထိုဆရာတော်ကြီး၏ ဟောတရားများဟု သိရပါသည်။ မည်ကဲ့သို့ ဟောထားသည်ကို မနာခဲ့ရပါ။ ထို့ပြင် ထိုပစ္စုပ္ပန်အဖွဲ့မှ ထုတ်ဝေထားသော စာပေစိစစ်ရေးမဲ့ တရားစာအုပ်များကိုလည်း အမြောက်အမြား တွေ့ခဲ့ရပါသည်။
သူတို့သည် အိမ်မှာ ဘုရားကျောင်းဆောင် မထားသော်လည်း ဘုရား ဟူသော စကားအခေါ်အဝေါ်ကိုတော့ မပစ်ပယ်ကြပါ။ သူတို့ ၀ါဒသည် ဘုရားဟောပါဠိနှင့်အညီ အစစ်အမှန်ဖြစ်သည်ဟု ဆိုပါသည်။ သူတို့ဝါဒနှင့် မကိုက်ညီသည်များကို အဋ္ဌကထာဆရာတို့၏ တီထွင်ချက်ဟူ၍ စွဲချက်တင် ပါသည်။
ထိုဝါဒကို သက်ဝင်ယုံကြည်ကြသူများမှာ စာရေးသူ၏ သူငယ်ချင်းမျှသာ မဟုတ်ပါ။ သူ့ဇနီးနှင့်တကွ သူ့မိတ်ဆွေ လင်စုံ မယားဖက် အားလုံး သက်ဝင်ယုံကြည်နေကြသည်ကို အံ့သြစွာ တွေ့ရပါသည်။ ထိုအထဲတွင် ပညာတတ်ဘွဲ့ရ ကျောင်းဆရာမများ၊ ရုံးအရာရှိများ ပါဝင်ပါ သည်။
ကျောင်းဆရာမတစ်ယောက်က စာရေးသူကို ရိုးရာဗုဒ္ဓဘာသာကို ယုံကြည်သူဖြစ်သဖြင့် ကမ္ဘာပြားသမား ဟု တစ်ဖက်သတ် စွပ်စွဲ ပါသည်။ “ကျောင်းတွင် ကမ္ဘာသည် လုံး၍ အိမ်တွင် ကမ္ဘာသည် ပြားသည်ပေါ့ဟုတ်လား”ဟု လှောင်လွတ်လိုက်ပါသေးသည်။
သူတို့ကအများ စာရေးသူက တစ်ယောက်တည်းဖြစ်၍ သူတို့ ၀ိုင်းဝန်းတရာချသည်ကို နားပူအောင် ခံခဲ့ရပါသည်။
သူတို့ဘာသာဝင် ဖြစ်လိုလျှင် အနည်းဆုံး ငွေ (၂၀၀၀)ကျပ်ထည့်ဝင် လှူဒါန်း၍ ၀င်နိုင်သည်ဟု ဆိုပါသည်။ သူတို့ဝါဒရေးရာ စာပေး စာယူသင်တန်း ရှိသည်ဟုလည်း သိရပါသည်။ ရန်ကုန်နှင့်မန္တလေးတွင် တစ်နှစ်တစ်ကြိမ် သူတို့ဝါဒဆိုင်ရာ ကွန်ဖရင့်ကြီး ရှိသည်ဟုပင် ဆိုပါ သည်။
သူတို့ဝါဒကို အင်္ဂလိပ်ဘာသာပြန်၍ နိုင်ငံခြားသို့ပို့ရာ လက်ခံကြောင်း(စာကိုလက်ခံတာလား၊ ၀ါဒကို လက်ခံတာလား မကွဲပြားပါ၊ ပို့သည့်ဌာနကို ပြောပြရာ မမှတ်မိတော့ပါ)။ မြို့နယ်သံဃာမဟာနာယက အဖွဲဝင်ဆရာတော်တစ်ပါးကပင် လက်ခံကြောင်း၊ သူတို့ကို တာဝန်ခံ ကြောင်း ပြောပြကြပါသည်။
နိုင်ငံကျော် စာရေးဆရာကြီးတစ်ဦး၏ ဟိန္ဒီဘာသာပြန်တွင် မာရ်နတ်ဆိုတာ မရှိ။ မကောင်းသောစိတ်ကိုပင် မာရ်နတ်ဟု တင်စား ပြောသည် စသည်ဖြင့်ပါရာ ထိုစာရေးဆရာကြီးကို မဆိုးဟု သဘောကျနေကြသည်။
သူငယ်ချင်းက ပြည်သို့ သာသနာပြုရောက်နေသည်ဆိုသော ရေနီဦးပဉ္စင်းထံ သွားရောက်ဆည်းကပ်ရန်လည်း မှာကြားလိုက်ပါသေး သည်။ စာရေးသူမှာ အဘိဓမ္မာ မတောက်တခေါက် တတ်သူဖြစ်၍ ရေနီဦးပဉ္စင်းက အဘိဓမ္မာနှင့်ယှဉ်ပြီး ဟောပြောချေချွတ်ပေးလိမ့်မည် ဟူသ တတ်။
ဤသို့ စာရေးသူ ကြုံတွေ့ခဲ့ရပုံများကို တင်ပြရသည်မှာ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာမှာ အန္တရာယ် မသေးလှကြောင်း စာရှုသူတို့ ဆင်ခြင်မိစေရန် ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ တရားစစ်တရားမှန် ပြန့်ပွားရေးကို ရှေးရှုသော ဗုဒ္ဓ၀ါဒအစစ်အမှန် ကိုးကွယ်သောနိုင်ငံတွင် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာဟူ၍ အကာတူ အနှစ်ကွဲဝါဒတစ်ခုသည် ရဟန်းတော်များနှင့် ပညာတတ်ဘွဲ့ရများအထိ စနစ်တကျ ပြန့်ပွား လာပြီ ဖြစ်ပါသဖြင့် အချိန်မီ ကာကွယ်တားဆီးနိုင်ကြပါစေ…………..
သတ္တိဇော်

Monday, September 7, 2009

စိတ်ကောင်းထားရင်ရပြီ၊ တရားအားထုတ်စရာမလိုဘူး

အမေး။ ။ဘုန်းဘုန်းဘုရား….ဘာသာခြားတစ်ယောက်က “ စိတ်ကောင်းထားတယ်ဆိုရင် တရားအားထုတ်စရာမလိုဘူး။ စိတ်ကောင်းတယ် ဆိုပြီးတာပဲ၊ ဒါနဲ့် စိတ်ကောင်းတယ်ဆိုတာ နင်သိလား” လို့ မေးပါတယ်။ တပည့်တော်က “ စိတ်ကောင်းတယ်ဆိုတာကုသိုလ်ပေါ့” လို့ ပြန်ဖြေတော့ သူက “ကုသိုလ်ဆိုတာ ဘာကို ခေါ်တာလဲ” လို့ မေးပါတယ်။ ဒီမေးခွန်းကို တပည့်တော် မဖြေနိုင်ဘူးဘုရား၊ ဒီလိုပဲ ဗုဒ္ဓဘာသာ ၀င်လူငယ်ရော လူကြီးပါ အများစုက ကုသိုလ်ဆိုတာ ကောင်းတာလောက်ပဲ သိတယ်၊ ဒါကြောင့် တပည့်တော်အပါအ၀င် အားလုံးသိအောင် “ကုသိုလ်”ဆိုတဲ့ အဓိပ္ပါယ်ကို ဖြေကြားပေးတော်မူပါဘုရား။
မစုမြတ်စန္ဒီ
ဝါးခယ်မ

အဖြေ။ ။ကုသိုလ်ဆိုတာ ဘာကိုခေါ်တာလဲ ဆိုတာကို မဖြေသေးမီ စိတ်ကောင်းထားရင် တရားအားထုတ်စရာမလိုဘူးလို့ ပြောတဲ့စကားက ပိုအရေးကြီးလို့ ပြောရဦးမယ်။ ဒါက အပေါ်ယံ ကြည့်ပြီး ပြောလိုက်တဲ့စကားဖြစ်တယ်။ တကယ်က အားထုတ်စရာမလိုဘူး၊ လုပ်စရာမလိုဘူး ဆိုတဲ့ အယူအဆတွေဟာ အကရိယ၀ါဒတွေပါ။ ဘုရားရှင်ဝါဒမှာ မလုပ်ရင် ဘာမှ မရလာနိုင်ပါဘူး၊ လုပ်မှ ရမှာပါ။ စိတ်ကောင်းထားပါပြီတဲ့ လောဘ ဒေါသ အားကြီးနေမယ်ဆိုရင် မဟုတ်သေးဘူး၊ စိတ်ကောင်းလည်း ရှိရမယ် လောဘ ဒေါသ စတဲ့ ကိလေသာများ နည်းအောင်၊ ပါး အောင်၊ ကင်းအောင်လည်း လုပ်ရမယ်၊ ဒီအတွက် သီလ၊သမာဓိ၊ပညာဆိုတဲ့ ဘုရားရှင်အဆုံးအမတွေ အထူးလိုအပ်ပါတယ်။ သီလ၊သမာဓိ၊ပညာဆိုတာ မဂ္ဂင်အကျင့်တွေပါ။
ဘုရားရှင်က “မဂ္ဂင်ရှစ်ပါး အကျင့်ရှိတဲ့ ငါဘုရားသာသနာမှာ သာလျှင် ကိလေသာ ငြိမ်းအေးနိုင်တဲ့ သမဏ ဆိုတာ ရှိတယ်” လို့ သုဘဒ္ဒပုရပိုဇ် ကို မိန်တော်မူထားတာ ရှိပါတယ်။ ဆိုလိုတာက အားထုတ်မှုအပိုင်းမပါဘဲ စိတ်ကောင်းထားရုံမျှနဲ့ ကိလေသာ မကင်းနိုင်သေး၊ ဘူးဆိုတာပဲ။ ဒါကြောင့် စိတ်ကောင်းထားရုံနဲ မပြီး၊ ဒါန၊သီလ၊ဘ၀နာစတဲ့ အားထုတ်မှုအပိုင်းလည်း လိုသေးတယ်ဆိုတာပါပဲ။
နောက်တစ်ခုက ကုသိုလ်ရဲ့ အဓိပ္ပါယ်ကို ပြောပါ့မယ်။ ကုသိုလ်ဆိုတာ….
ကုသလာ ဓမ္မာ
အန၀ဇ္ဇ သုခ၀ိပါက လက္ခဏာ - အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာ နှစ်ပါးနဲ့ ပြည့်စုံသော၊ ဓမ္မာ -နိသတ္တနိဇ္ဇီ၀သဘာဝါ- သတ္တလည်းမဟုတ်၊ ဇီဝလည်းမဟုတ်ကုန်သော သဘောတရားတို့သည်၊ သံဝိဇ္ဇန္တိ- ရှိကုန်၏။ အဓိပ္ပါယ်က….
ကုသိုလ်တရားဆိုတာ အပြစ်ကင်းတဲ့လက္ခဏာကတစ်ပါး၊ ချမ်းသာတဲ့အကျိုးကို ပေးခြင်းလက္ခဏာကတစ်ပါး၊ ထိုလက္ခဏာနှစ်ပါးနှင့်ပြည့်စုံရင် ‘ကုသိုလ်’ လို့ခေါ်ပါတယ်။ အပြစ်ကင်းရမယ်ဆိုတာ (အသက်ကောင်လည်းမဟုတ် သတ္တ၀ါကောင်လည်းမဟုတ်တဲ့) စိတ်မှာ ကင်းရမှာပါ။ စိတ်ထဲမှာ လောဘအပြစ်၊ဒေါသအပြစ်စတာတွေ ကင်းနေရပါမယ်၊ ထိုကိလာသာတွေ ကင်းနေတဲ့ စိတ်ဟာ အနှောင်အဖွဲ့ကင်းပြီး ချမ်းသာနေပါတယ်။ ဒါကိုပဲ “ကုသိုလ်” ခေါ်တယ် ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

Sunday, September 6, 2009

သောတာပန်ဟာ တဏှာရူး လောဘရူးလား

ဘုရားရှင်ရဲ့ အဆုံးအမတရားတော်များကို ရဟန်းရှင်လူများ အသက်ပေးပြီး သယ်ဆောင်ခဲ့တာ ယနေ့ထိတိုင်အောင်ပါပဲ့။ ဒီလို သာသနာတော်ကြီးကို လက်ဆက်ကမ်းသယ်ဆောင်လာခဲ့တဲ့နေရာမှာ အခက်အခဲမျိုးစုံနှင့် ကြုံခဲ့တာလည်းရှိတယ်။ ဆန့်ကျင်ဖက်ဝါဒမျိုးစုံကို ကြံ့ကြံ့ခံကာ ကျော် လွှားခဲ့ရတာလည်း ရှိပါတယ်။
ဒီဆန့်ကျင်ကွဲပြားတဲ့ဝါဒများဟာ ဘုရားရှင်သက်တော်ထင်ရှားလက်ထက်ကလည်း ရှိခဲ့သလို၊ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နောက်ပိုင်းမှာ လည်း အနည်းနှင့်အများ ရှိခဲ့ပါတယ်။ သဘောထားကွဲလွဲကာ စဉ်ပြိုင်ဝါဒတွေလည်း ပေါ်ပေါက်ခဲ့ တယ်။ ဒါ့အပြင် လာဘ်လာဘကိုငှဲ့ပြီး သာသနာအတွင်းသို့ ၀င်ကြတဲ့အတွက် ရဟန်းအတုအယောင်တွေနဲ့ အုတ်ရောရော ကျောက်ရောရော ဖြစ်လာခဲ့တယ်၊ အဲလိုအခြေအနေမှာ တာဝန်ရှိ မင်းနှင့်ရဟန်းရှင်လူများက သာသနာသန့်ရှင်းရေး စီမံကိန်းဖြင့် ရဟန်းအတုအယောင်များကို လူထွက်စေကာ သာသနာကို သန့်ရှင်းအောင်ပြုခဲ့ရတဲ့အခါ လည်း ရှိပါတယ်။

ရဟန်းရှင်လူအများ အသက်ပေးပြီး လက်ဆက်ကမ်း သာသနာပြုခဲ့ပုံများကိုလည်း ဓမ္မာစရိယဦးဌေးလှိုင်ရဲ့ သီဟိုဠ်ခေတ်စံတော်ဝင်အရိယာများ စာအုပ်မှာ ကြည်ညိုဖွယ်ရာ ဖတ်ခဲ့ရပါတယ်။ ဒီလိုနဲ့ သာသနာတော်ကြီး ရှင်သန်တည်တံ့နေတာဟာ ယခုဆိုလျှင် နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပြီဖြစ် ပါတယ်။ ယနေ့ခေတ်မှာလည်း အတ္တနောမတိဖြင့် ကိုယ်လိုရာဆွဲတွေးပြီး ဗုဒ္ဓ၀ါဒပဲ လို့ ဘန်းပြကာ အဆန်းထွင်နေကြသူများလည်း ရှိလာကြပြန်ပါပြီ။
တစ်နေ့ ဘာသာရေးမဂ္ဂဇင်းကြီးတစ်စောင်ရဲ့ အယ်ဒီတာချူပ်တစ်ဦးထံမှ ဖုန်းလာပါတယ်။ အကြောင်းက မကြာမီ ထုတ်ဝေမဲ့ စာရေးသူရဲ့စာအုပ်ကိစ္စကို ဆွေးနွေးဖို့ပါ။ ဒါပေမဲ့ တကယ်ဆွေးနွေးဖြစ်သွားတာက ယနေ့ခေတ်နာမည်ကြီးနေတဲ့ လူပုဂ္ဂိုလ်သာသနာပြုအဖွဲ့တဖွဲ့အကြောင်း ပါ။ အယ်ဒီတာချူပ်ကြီးရဲ့ ပြောပြချက်က “ အရှင်ဘုရား….လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်လောက်တုန်းက လူပုဂ္ဂိုလ်ဦးဆောင်တဲ့ သာသနာပြုအဖွဲ့တဖွဲ့က လူအများအား ဖိတ်ပါတယ်၊ ဒီအထဲမှာ တပည့်တော်တို့ စာနယ်ဇင်းအဖွဲ့တွေ၊ အယ်ဒီတာတွေလည်း စုံစုံလင်လင်ပါပါတယ်။ သူတို့ဖိတ်ရခြင်းအကြောင်းက သူတို့်တရား နဲ့ပတ်သက်ပြီး မသိတာတွေ မေးမြန်းနိုင်ဖို့ အတွက် ရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ကြပါတယ်ဘုရား… အဲဒီမှာ တပည့်တော်က ‘ခင်ဗျားတို့က အပါယ်ပိတ်နေပီဆိုတော့ သောတာပန်ဖြစ်နေပီလား’ လို့မေးတော့ ……..အဖွဲ့ခေါင်းဆောင်ရဲ့လက်ထောက်တစ်ယောက်က မထင်မှတ်တဲ့ စကားကို ပြောလာပါတယ်၊ ‘သောတာပန်ဆိုတာ ဘာမှမဟုတ်သေးဘူး။ လူထက်အနည်းငယ်ပဲ သာတာ။ တကယ်တော့ သောပန်တွေဟာ တဏှာရူး - လောဘရူး တွေအဆင့်ပဲ ရှိသေးတာပါ၊ သောတာပန်မဖြစ်လဲ အပါယ်မကျနိုင်အောင် ကျင့်သုံးနိုင်ရင်ပီးတာပဲ မဟုတ်လား’၊ လို့အရိယာကို စော်ကားတဲ့စကားနဲ့ ပြန်ဖြေလိုက်ပါတယ်။ ကြားရတာ ကိုယ့်နားကိုယ် မယုံနိုင်အောင်ပါပဲ၊ တပည့်တော် ကြက်သီးထမိ တာအမှန်ပါဘုရား၊ ဒီစကားကို ဘ၀င်မကျတဲ့အတွက် ပြန်မေးလိုက်ချင်ပါတယ်၊ဒါပေမဲ့ သူတို့ပွဲဆိုတော့ တပည့်တော် မမေးတော့ပဲ ပြန်ခဲ့ပါတယ်ဘုရား” လို့ အယ်ဒီတာချူပ်တစ်ဦးက သူ တွေ့ကြုံခဲ့ရပုံများကို ပြောပြပါတယ်။
ယခုအခါ အင်တာနက်များပေါ်ပေါက်လာတဲ့အတွက် အင်တာနက်စာမျက်နှာပေါ်မှာ ကိုယ်လိုရာ ဆွဲပြီး ဗုဒ္ဓ၀ါဒဖြစ်လေဟန် ဟောပြော ရေးသားနေကြတာဟာ သာသနာအတွက် အလွန်ဝန်လေးစရာကောင်းလှပါတယ်။ စာဖတ်သူများကလည်း အင်တာနက်စာမျက်နှာပေါ်ရှိ စာများကို ဖတ်ပြီး အရမ်းမယုံကြည်သင့်ပါ။ ကိုယ်ပိုင်အသိဥာဏ်ဖြင့် စဉ်းစားတွေးခေါ်စေလိုပါတယ်။ ကိုယ်ဥာဏ်မမှီဘူးပါ့ဆိုရင်လည်း ထေရ၀ါဒ အခြေခိုင်တဲ့ ပညာတတ်ဆရာဘုရားကြီးများကို မေးမြန်းလျှောက်ထားသင့်တယ်လို့ အကြံပေးပါရစေ။
မကြာသေးမီက အင်တာနက်စာမျက်နှာပေါ်မှာ “ သောတာပန်ဟာ ငါးပါးသီလလုံပါရဲ့လား” ဆိုပြီး ရူးကြောင်မူးကြောင် အမေးမျိုးကို လာရောက်မေးမြန်းထားတာ တွေ့ရပါတယ်။ ဒါဟာ သောတာပန်အတု ဖြစ်ကြောင်း တစ်ယောက်က ပြန်လည် ဖြေထားတာကို တွေ့လိုက်ရတယ်။ စာရေးသူကလည်း ထပ်ဆင့်ဖြေလိုက်ပါရစေ…. သောတာပန် ငါးပါးသီလ လုံ/မလုံဆိုတာကို သိချင်ရင် နည်းစနစ်မှန်စွာနဲ့ အားထုတ်ပါ။………………ကိုယ်ကိုယ်တိုင်က အပျင်းကြီးပြီး ကြိုးစားတရားအားမထုတ်ဘဲနဲ့ သောတာပန်အရိယာများကို အတင်းအဖျင်းပြောကာ အပါယ်လက်မှတ်ကို မ၀ယ်နေကြပါနဲ့ လို့ ပြောချင်ပါတယ်။
ဒီနေရာမှာ သောတာပန်တို့ရဲ့ စိတ်နေစိတ်ထားကို ဖေါ်ပြပါဦးမယ်။
သက္ကပဥှသုတ်မှာ သိကြားမင်းက ဘုရားရှင်အား “ အရှင်ဘုရား…. လူ နတ် ဗြဟ္မာ သတ္တ၀ါတွေဟာ ဘေးရန်ကင်းပ ချမ်းသာစွာ နေလိုပါသော်လည်း မနေရတာဟာ ဘာကြောင့်ပါလဲဘုရား” လို့ လျှောက်တယ်။ ထိုအခါ ဘုရားရှင်က “ လူ နတ် ဗြဟ္မာ သတ္တ၀ါတွေ ဘေးရန်ကင်းပ ချမ်းသာစွာ နေလိုပါသော်လည်း မနေရတာက ဣဿ မစ္ဆရိယ တရားကြောင့်ပါပဲ” လို့ မိန့်တော်မူတဲ့အတွက် ဣဿာ မစ္ဆရိယဟာ သတ္တ၀ါတွေကို အလွန်ဆင်းရဲစေတတ်တဲ့ တရားဆိုးဖြစ်တယ်။ ထိုတရားဆိုးတွေဟာ သောတာပန် မှာ မရှိတော့ဘူးလား၊ ပယ်ပြီးပြီလား ဆိုတာနဲ့ ပတ်သက်ပြီး ပြောရအောင်ပါ။
မဂ်လေးပါးဖြင့် ကိလေသာအဆင့်ဆင့်ကို ပယ်ပုံကို မူလပဏ္ဏာသအဋ္ဌကထာ၊ ပ ၊ ၁၇၀ -၀တ္တသုတ်အဖွင့်မှာ ဖွင့်ပြထားပါတယ်။
(၁)အဘိဇ္ဈာ ၀ိသမလောဘ, ထမ္ဘ,သာရ မ္ဘ, မာန, အတိမာန, မဒ ကိလေသာ ခြောက်ပါးကို အရတ္တမဂ်က ပယ်ခွာတယ်။
(၂)ဗျာပါဒ, ကောဓ, ဥပနာဟ, ပမာဒ ကိလေသာလေးပါးကိုတော့ အနာဂါမိမဂ်က ပယ်ခွာတယ်။
(၃)မက္ခ, ပလာသ, ဣဿာ, မစ္ဆရိယ, မာယာ, သာဌေယျ ကိလေသာ ခြောက်ပါးတို့ကို သောတာပတ္တိမဂ်က ပယ်ခွာတယ်။
(သုတ်မဟာဝါ အဋ္ဌကထာ နှင့် သမ္မော - ဋ္ဌ တို့မှာလည်း အတူတူပဲ ဖွင့်ဆိုထားပါတယ်) ဒီပယ်စဉ်အရ အလွန်ဆိုးဝါးတဲ့ ဣဿာ မစ္ဆရိယတရား များကို သောတာပတ္တိမဂ်က အညွန့်အညောက်မထွက်အောင် ပယ်ခွာကြောင်း သိသင့်ပါတယ်။
ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာတရားကို အကြွင်းမဲ့ပယ်ပြီးဖြစ်လို့ ရတနာသုံးပါးအပေါ်မှာ သက်ဝင်ယုံကြည်တဲ့ စိတ်ရှိတယ်။ ဘယ် သိကြားဗြဟ္မာများက လာရောက်ဖျက်ဆီးသော်လည်း ဘယ်သောအခါမှ ရတနာသုံးပါးအပေါ်မှာ ယုံကြည်မှု မပျက်တော့ပါ။ အရိယာတို့နှစ်သက် မြတ်နိုးတဲ့ ငါးပါးသီလအကျင့်နဲ့လည်း လုံခြုံတယ်။( မဟာဝဂ္ဂသံယုတ်၊ ဝေဠုဒွါရသုတ်)
သောတာပန်ဟာ ဘ၀တစ်ပါးရောက်ပြီး မိမိကိုယ်ကိုယ်ကို သောတာပန် မှန်းမသိ ဖြစ်နေစေဦးတော့ ငါးပါးသီလတော့ မဖေါက်ဖျက်တော့ဘူး။ “သတ္တ၀ါအသက်ကို မသတ်ရင် သင့်ရဲ့ခေါင်းကို ဖြတ်သတ်ရလိမ့်မယ်” ဆိုတာတောင်မှ ကိုယ့်အသက်ပဲ အသေခံမယ် သီလအကျင့်ကိုတော့ လုံးဝမဖျက်တော့ပါ။ ထို့အတူ သူတစ်ပါးဥစ္စာ မခိုးတော့ဘူး၊သူတစ်ပါး သားမယား မပျက်မှားတော့ဘူး၊ လိမ်ပြောခြင်းလည်း မရှိတော့ဘူး၊ သေရည်အရက်လည်း မသောက်တော့ဘူး။ (ဗဟုဓာတုကသုတ်)
တကယ်လို့ သောတာပန်ဟာ တဏှာရူး လောဘရူးပဲဖြစ်သေးတယ်ဆိုရင် ငါးပါးသီလထဲက ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ကို လွန်ကျူး ဦးမှာပါ။ သီလအကျင့်လုံပြီး လုံးဝမပျက်တော့တာကို ထောက်ပြီး သောတာပန်များဟာ တဏှာရူး၊လောဘရူး မဟုတ်ကြကြောင်း ပြောရင်း အဆုံး သတ်လိုက်ပါရစေ……………….

Twitter Delicious Facebook Digg Stumbleupon Favorites More