Monday, December 1, 2008

ရောဂါကြောင့် တရားရှုမှတ်နိုင်ပါ့မလား

အမေး။ ။ ဆရာတော်ဘုရား….တပည့်တော်နဲ့ခင်မင်းရင်းနီးတဲ့ သူငယ်ချင်းတစ်ဦးဟာ သူ့မှာ ADHD ရောဂါ ရှိတယ်လို့ ပြောပါတယ်၊ ဘာရောဂါလည်းဆိုတာကို အင်တာနက်မှာ ရှာဖွေဖတ်ကြည့်တော့ စိတ်အာရုံ ကြာကြာ မစိုက်နိုင်တဲ့ ရောဂါလို့ ဆိုပါတယ်ဘုရား။တပည့် တော်က ဒါဟာ စိတ်နဲ့ဆိုင်တာဆိုရင် အနောက်တိုင်းဆေးထက် တရားဓမ္မက အစွမ်းထက်မယ် ထင်ပါတယ်။ ခက်တာက သူကအာရုံမစိုက်နိုင်သူဆိုတော့ တရားထိုင်ဖို့ခက်လိမ့်မယ်ထင်ပါတယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီး ကာယကံရှင် လူနာအတွက် ဖြေရှင်းပေးတော်မူပါဘုရား။ ။
မြကြာဖြူ
ဘန်ကောက်

အဖြေ။ ။ အာရုံမစိုက်နိုင်သူဟာ တရားထိုင်ရတာ ခက်တယ် ဆိုပေမယ့်လို့ တရားရှုမှတ်ခါစမှာ ထိုက်သည့်အလျောက်တော့ ခက်ခဲပါလိမ့်မယ်။ ရှုမှတ်ဖန်များလာတဲ့အခါ အထူးသဖြင့် သတိနှင့် သမာဓိ ဖြစ်လာတဲ့အခါ တရားရှုမှတ်ရတာ ပိုပြီး လွယ်ကူလာပြီး အဆင်ပြေကာ စွဲကပ်နေတဲ့ ADHD ဆိုတဲ့ ရောဂါဟာလည်း ပျောက်သွားနိုင်ပါတယ်။
မြတ်စွာဘုရားက “ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ” လို့ သတိပဋ္ဌာန် နိဒါန်းမှာ မိန့်တော်မူထားပါတယ်။ အဓိပ္ပါယ်က ကိုယ်ဆင်းရဲတာ စိတ်ဆင်းရဲတာတွေကို ချူပ်ငြိမ်းစေနိုင်တာဟာ သတိပဋ္ဌာန်တရားပါပဲ လို့ ဟောတော်မူထားတဲ့အတွက် ရောဂါဖြစ်နေသူမှာ သတိပဋ္ဌာန်တရားအားထုတ်လျှင် ပျောက်သွားနိုင်ပါတယ်။ ဒါ့အပြင် သေနိုင်လောက်တဲ့ ကင်ဆာရောဂါတို့တောင်မှ ပျောက်သွားတယ်ဆိုတဲ့အကြောင်း ပစ္စုပ္ပန်သာဓကတွေလည်း ရှိခဲ့ပါတယ်။ တစ်ချို့က “ဒီရောဂါနဲ့ဆို တရားအားမထုတ်နဲ့ အားထုတ်ရင် သေနိုင်တယ်” စသဖြင့် ပြောကြတာလည်း ရှိပါတယ်။
ဒါနဲ့ပတ်သက်ပြီး မဟာစည်ဆရာတော်ကြီးရေးသားတဲ့ တက္ကသိုလ်ဝိပဿနာတရားတော်စာအုပ်ထဲမှ ပစ္စုပ္ပန်သာဓက ကလေးတစ်ခု ထုတ်ပြပါ့မယ်။ ၁၃၂၄ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက်နေ့က ရန်ကုန်မဟာစည်သာသနာ့ရိပ်သာမှာ ဒေါ်ခင်ထွေး ဆိုတဲ့ အမျိုးသမီးတစ်ယောက် တရားလာအားထုတ်ပါတယ်။ သုံးရက်လောက်ကြာတဲ့အခါ သူ့ဗိုက်ထဲက နာကျင်လာတဲ့အတွက် တရားအားထုတ်ဖေါ်တွေက နှိပ်ပေးနေတာကို တွေ့ရတယ်။ အဲဒီအခါ ဆရာတော်ကြီး ‘ဘာဖြစ်တာလဲ’ လို့မေးတဲ့အခါ သူမက “ဗိုက်နာလို့ပါဘုရား…..တပည့်တော်မ ဗိုက်ထဲမှာ အလုံးရှိနေလို့ ကြာကြာမထိုင်နို်င်ပါဘူးဘုရား….အိမ်မှဆို ဧည့်သည်တွေနဲ့ စကားပြောတဲ့ အခါ မိနစ် ၃၀ လောက်ကြာရင် ဗိုက်ကနာတော့တာပဲဘုရား၊ ဆရာဝန်ပြကြည့်တော ဗိုက်ထဲမှာ အလုံးရှိနေတယ်ဆိုတာကို သိရတယ်။ အဲဒါ ၄ နှစ်လောက်ရှိပါပြီဘုရား။ ဆရာဝန်က ခွဲရမယ်ပြောလို့ “ ခွဲရမယ်ဆိုရင် စိတ်မချရဘူး၊သေချင်လည်းသေနိုင်တယ်၊ ငါသေရင် ငါ့မှာ အားကိုးစရာမရှိသေးဘူး၊ အားကိုးစရာရအောင် တရားအားထုတ်မှပဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိပ်သာရောက်လာကာ တရားအားထုတ်ပါတယ်၊ ထိုင်လို့ကြာလာရင် ဗိုက်ကနာလာတော့တာပဲဘုရား…..။
အဲဒီအခါ “ဆရာတော်က တရားဆိုတာ ထိုင်မှ မဟုတ်ဘူး၊ မထိုင်နိုင်လည်း တစ်ခြား ဣရိယာပုထ်နဲ့လည်းထိုင်နိုင်တာပဲ၊ လမ်းလျှောက်ရင်းနဲ့လည်း ရှုမှတ်နိုင်တယ်၊ ရပ်ပြီးတော့လည်း ရှုမှတ်နိုင်တယ်။ ပက်လက်ကုလားထိုင်မှာ မှီပြီးတော့ သက်တောင့်သက်သာ အနာရောဂါသက်သာတဲ့ အနေအထားမျိုးနဲ့ တရားရှုမှတ်နိုင်သလို လျောင်းပြီးတော့လည်း ရှုမှတ်နိုင်တယ်၊ သက်သာသလို တရားရှုမှတ်ရာကနေ သတိ သမဓိဥာဏ်တွေဖြစ်လာတဲ့အခါ ဒီအလုံးပျောက်ကင်းသွားနိုင်တယ်” လို့ တရားအားထုတ်ဖို့ရာ ဆရာတော်က ညွန်ကြားပါတယ်။
သူမက “ ဆရာတော်ညွန်ကြားတဲ့အတိုင်း အားထုတ်ပါ့မယ်၊ဒါပေမယ့် ယခုတော့ နာလွန်းလို့ ဆရာဝန်သွားပြပါဦးမယ်ဘုရား” လို့ ခွင့်ပန်ကာ ဆရာဝန်ဆီလာခဲ့ပါတယ်။ ဆရာဝန်က စမ်းသပ်ကြည့်ပြီးတဲ့အခါ “ဒီအလုံးကြီးကို ခွဲထုတ်မှ ဖြစ်မယ်၊ဒီလိုသာ တရားဆက်ထိုင်နေမယ်ဆိုရင် သေသွားလိမ့်မယ်၊ တရားမထိုင်နဲ့တော့”လို့ ဆရာဝန်ကပြောသတဲ့ ဒါပေမယ့် သူမက “ခွဲစိတ်ရင် ရှင်မယ်သေမယ်ဆိုတာ မသေချာဘူး၊ တရားပဲဆက်လက်အားထုတ်တော့မယ်” ဆိုပြီး ရိပ်သာပြန်လာကာ တရားဆက်လက်ရှုမှတ်ပါတော့ တယ်။ အဲဒီအခါ ဆရာတော်ကြီးက “လူပဲသေမလား၊ တရားအားထုတ်လို့ ဒီအလုံးကြီးပဲ ကျေပျက်သွားမလား ကြည့်ရသေးတာပေါ့၊ အားမလျှော့ပါနဲ့ သက်သာတဲ့နည်းနဲ့သာ တရားရှုမှတ်နော်၊ ပက်လက်ကုလားထိုင်မှာ အိပ်ပြီးတော့လည်း ရှုမှတ်နိုင်တယ်၊ အဆင်ပြေသလို ရှုမှတ်နိုင်တယ်။ ဒါပေမယ့် သွားတာ လာတာ စားတာ သောက်တာ စတဲ့ အသေးစိတ်ကိုယ်လက်လှုပ်ရှားအမူအရာလေးတွေကအစ တရားအမှတ်လေးတွေကို မလွတ်တမ်းမှတ်နိုင်အောင် ကြိုးစားပါ။ ဘုရားကလည်း အသိတေ အပိတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ လို့ဆိုတဲ့အတိုင်း စားတာသောက်တာ ခဲဖွယ်များ ၀ါးတဲ့အခါ လျက်တဲ့အခါ တွေမှာ သိလျက် ပြုလေ့ရှိရမယ် လို့ ဟောထားတယ်။ ဒါကြောင့် အိပ်ပျော်ချိန်ကလွဲပြီး ဘယ်နေရာ ဘယ်အချိန်မှာဖြစ်ဖြစ် အမှတ်သတိမလွတ်စေဖို့ အရေးကြီးပါတယ်” လို့ ဆရာတော်က ညွန်ကြားလိုက်ပါတယ်။
ဆရာတော်ညွန်ကြားတဲ့အတိုင်း တရားအားထုတ်လို့ ၁၅ ရက်ခန့်ကြာလာတဲ့အခါ တစ်နေ့ တရားရှုမှတ်ပြီး ဆွမ်းစားနေတုန်း အပုံ့နံ့တွေ ရလာပါတယ်၊ နောက်တော့ အဲဒီအနံ့တွေဟာ တခြားကလာတာမဟုတ်ဘဲ မိမိဝမ်းဗိုက်ထဲကဖြစ်ကြောင်း သိလာရပါတယ်။ “ ဒီလိုဆိုရင် ယောဂီရဲ့ဗိုက်ထဲက အလုံးကြီး ပျောက်တော့မယ်၊ ဆက်သာအားထုတ်” လို့ ဆရာတော်ရဲ့ အားပေးမှုကြောင့် သည်းခံပြီး ဆက်လက်ကြိုးစားအားထုတ်လိုက်တာ မကြာခင် ဗိုက်ထဲက အလုံးကြီးကျေပျောက်သွားပါတော့တယ်။ သူမလည်း အလွန်ဝမ်းသာပြီး ဆရာဝန်ထံသွားပြတော့ “ ခင်ဗျားဗိုက်ထဲမှာ အလုံးမရှိတော့ဘူး၊ ဘာဆေးများမှီဝဲပါသလဲ” လို့မေးသောအခါ သူမမှာ ဘာဆေးမှမမှီဝဲတဲ့ အကြောင်း တရားရှုမှတ်ရုံဖြင့် အလုံးကြီးကြေပျက်သွားရကြောင်း ၀မ်းသာအားရပြောပါတယ်။ အဲဒီအခါ ဆရာဝန်က “ခင်ဗျားတို့ တရားက အဲသလောက်ကို စွမ်းတာပဲ” ဟု ဆရာဝန်ကတောင် အံ့သြနေပါတော့တယ်။ (၄င်းဆရာဝန်ကား ဘာသာခြားဆရာဝန်ဖြစ်တယ်)
ပြောလိုတာက ယခုလည်း တရားအားထုတ်တယ်ဆိုတာ စိတ်အလုပ်ဆိုပေမယ့် သက်သာတဲ့ ဣရိယာပုထ်နဲ့ သည်းခံပြီး တရားရှုမှတ်ရပါ့မယ်၊ ကြာလာရင် သတိ သမာဓိဥာဏ်များ ဖြစ်လာတဲ့အခါ သက်သာရုံမျှ မက လုံးဝပျောက်ကင်းသွားနိုင်ပါတယ်လို့ ဖြေကြားပေးလိုက်ရပါတယ်။

2 comments:

မင်္ဂလာပါ ဆရာတော်ဘုရား..
လေးစားကြည်ညိုတဲ့အဖြေပေးမှုကို ဖတ်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်အရှင်ဘုရား။

အရှင်ဘုရား
တပည့်တော်လျှောက်ပါ့မယ်
ADHD ဟာ အာရုံမစိုက်နိုင် ၊ အငြိမ်မနေနိုင်သော စိတ်ရောဂါတမျိုးပါဘုရား ။
သူ့ ပြဿနာက အာရုံကို မစိုက်နိုင်လို့  ၀ိပဿနာတရားအားမထုတ်မီ တရားတော်များကို နားလည်အောင်နာယူဘို့  ခက်ပါလိမ္မယ်ဘုရား ။
ကုတဲ့ ဆေးဆိုတာမှာလဲ amphetamine လို မျိုးဆေးကို ချိန်ဆသုံးရလို့  ငြိမ်အောင်ထိန်းနိုင်ရုံသာဖြစ်တတ်ပါတယ်ဘုရား ၊
လုံးဝတရားအားထုတ်မရလို့  ယတိပြတ်မပြောနိုင်ပေမဲ့  သူ့ အခြေအနေကိုအရင်လေ့လာသင့်ပါတယ်ဘုရား

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More