Monday, December 15, 2008

ပညတ်နဲ့ ပရမတ်

အမေး။ ။ အရှင်ဘုရား….တပည့်တော် သဲအင်းဂူဆရာတော်ဘုရားကြီးရဲ့ တရားစီဒီခွေ နာယူနေပါတယ်ဘုရား။ တပည့်တော်မရှင်းတာ ရှိလို့ မေးခွင့်ပြုပါဘုရား။ ပညတ်နဲ့ ပရမတ်ကို သဘောမပေါက်တဲ့အတွက် ရှင်းလင်းပေးတော်မူပါဘုရား။ အဖြေကိုလည်း အရှင်ဘုရားရဲ့ ၀က်ဆိုက်ပေါ်တင်ပေးတော်မူပါဘုရား။
မအိအိ
စင်္ကာပူ

အဖြေ။ ။ (ပညပီယတီတိ ပညတ္တိ - လူ၊ အကောင်အထည်ဒြပ်များနှင့် သစ်ပင်တွေ စုပေါင်းတည်နေရာကို တော လို့ ခေါ်ဝေါ်ပညတ်အပ်၏။ ဣတိ- ထို့ကြောင့်။ ပညတ္တိ- ပညတ်မည်၏။) လို့ သဂြိုလ်ဘာသာဋီကာတွင် ဆိုထားပါတယ်။ ဒါကြောင့် လူ၊နတ်၊ဗြဟ္မာ စတဲ့ အသက်ရှိသတ္တ၀ါအကောင်အထည်ဒြပ်များနဲ့ သစ်ပင်ရေ မြေတောတောင်စတဲ့ သက်မဲ့အရာဝတ္ထုများကို ပညတ် လို့ခေါ်ပါတယ်။
ပရမတ်ဆိုတာက အဖေါက်မပြန် မှန်ကန်တိကျတဲ့ သဘောတရားကို ပရမတ္တ လို့ခေါ်ပါတယ်။ ဥပမာ နှမ်းမှ ဆီညစ်ထုတ်ရသလို ပညတ်ကနေ ပရမတ္ထအဆီအနှစ်တွေကို ဥာဏ်နှင့် ညစ်ထုတ်ယူရမယ်။ ဆိုပါစို့ ၊ ယောင်္ကျား မိန်းမ များကို လူ လို့ခေါ်တယ်၊ အဲဒါပညတ်ပဲ၊ ခေါ်ဝေါ်သမုတ်ထားတဲ့ ‘လူ’ ကို ဥာဏ်ဖြင့် ပရမတ္ထ အဆီအနှစ်ထုတ်ကြည့်ရင် ရုပ်နဲ့နာမ် ပဲ တွေ့ရတယ်။
သစ်ပင်လို့ ခေါ်တဲ့ အရာတစ်ခုဟာ သူ့ရဲ့အကိုင်းအခက်အလက်တွေ တစ်စစီဆွဲထုတ်လိုက်ရင် သစ်ပင်ဆိုပြီး ခေါ်လို့ မရတော့ဘူး။ ဒါကို သစ်ခက်၊သစ်ရွက် ပင်စည် လို့ ခေါ်ရတော့တာပါ။ ဒီလိုပါပဲ အိအိ သုံးနေတဲ့ ကွန်ပျူတာဟာ ပညတ်ပါ။ ပညတ်ဖြစ်တဲ့ ကွန်ပျူတာမှာ…တကယ်တမ်း စစ်ထုတ်ကြည့်လိုက်တဲ့အခါ ဘာများ ထွက်လာတုန်းဆို တော့..
(၁) ပျော့တာ၊မာတာ ရှိမယ်။(၂)အစိုအစေးဓါတ်ရှိမယ်။(၃)ထောက်ကန်လှုပ်ရှားမှုရှိမယ်။(၄)အပူ၊အအေးဓါတ်ရှိမယ်။(၅)အရောင်အဆင်းရှိ မယ်။(၆)အနံ့ရှိမယ်။(၇)အရသာရှိမယ်။(၈)အဆီအနှစ်သြဇာဆိုတာရှိမယ်။ အဲဒီရှစ်ပါးကို အဘိဓမ္မာက အ၀ိနိဗ္ဘောဂရုပ်(၈)ပါးလို့ခေါ်တယ်။ အဲဒီရှစ်ပါးက တစ်စစီ ဖြစ်သွားတော့ ကွန်ပျူတာ ဆိုပြီး ခေါ်လို့မရတော့ဘူးပေါ့။
ဒီတော့ ပညတ်ဖြစ်တဲ့ ကွန်ပျူတာတစ်လုံးကို ယခုလို ရုပ်(၈)ခုကို တစ်စစီဆွဲထုတ်ကြည့်လိုက်တော့ ပရမတ်ပဲမြင်ရတယ်၊ ကွန်ပျူတာပုံသဏ္ဍာန်ဆိုတဲ့ပညတ်မမြင်ရတော့ဘူး။
နောက်ပြီး ထင်ရှားရှိတာကို ပရမတ်လို့ခေါ်ပြီး ထင်ရှားမရှိတာက ပညတ် လို့လည်းခေါ်သေးတယ်။ ရှင်းပြဦးမယ်၊ လူ တစ်ယောက်ဟာ သူ့သဏ္ဍာန်မှာ ထင်ရှားရှိတာက ပရမတ်ဖြစ်တဲ့ ရုပ်နဲ့နာမ်ပါ။ လူဆိုတာ အပြင်ဘန်းကြည့်ရင် ထင်ရှားသယောင်ဆိုပေမယ့် ရုပ်နဲ့နာမ်ကို ဥာဏ်နှင့် မြင်သွားရင် ‘လ’ူ ဟာ မထင်ရှားတော့ဘူး။ ဒါကြောင့် လူ ဟာ တကယ်တမ်း ရှာကြည့်ရင် ထင်ရှားမရှိ တဲ့အတွက် ပညတ် ဖြစ်တယ်ဆိုတာကို ဖြေကြားပေးလိုက်ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More