This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, October 30, 2007

blogger အသစ်တစ်ယောက်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။
ဒီမှာလည်း နောက်တစ်ယောက် blogger တစ်ဦးကို ကူညီကြပါဦး၊

အားလုံးဖတ်ရအောငဇာဂနာ ရဲ့ဆိုဒ်လေးကို ညွန်ပြပေးထားပါတယ်

Friday, October 26, 2007

တွေးမိပါတယ်

ဒီနေ့က သီတင်းကျွတ်လပြည့်နေ့ဆိုတော့ လမ်းမှာ လူတွေ၊ဆိုင်ကယ်၊တွေကလည်း ပျားပန်းခတ်မျှ ရှုတ်ထွေးနေတာပါပဲ ၊ ဖေါက်လိုက်တဲ့ ဗျောက်အိုး၊မီးပန်းတွေက လည်း နားငြီးလောက်အောင်ကိုပဲ။ အမှန်တကယ်ဆိုရင် ဒီသီတင်းကျွတ်လပြည့်နေ့ဆိုတာ ဗုဒ္ဓဘာသာဝင်တွေအတွက် နေ့ထူး နေ့မြတ်ကြီးတစ်ခုပါ။ မြတ်စွာဘုရားဟာ တာဝတိံသာမှာ မယ်တော်မိနတ်သားအား ၀ါတွင်းသုံးလ အဘိဓမ္မာတရားဟောကြား ပြီး လူ့တို့ဌာနေသို့ ပြန်ကြွတော်မူလာတဲ့ နေ့ပါ။ ဗုဒ္ဓဘာသာဝင်များ ကုသိုလ်ယူရမယ့် နေ့တစ်နေ့ဆိုရင်လည်း မမှားပါဘူး၊ အခုတော့ တစ်ချို့သော လူငယ်များက သီတင်းကျွတ်ပြီဆိုပြီး အပျော်လွန်ကာ ဖောက်လိုက်တဲ့ဗျောက်အိုးအသံတွေက စစ်မြေပြင် ရောက်နေသလား အောက်မေ့ရတယ်။ မြတ်ဗုဒ္ဓ အဘိဓမ္မာဟောကြားပြီးလို့ လူ့ပြည်ပြန်ဆင်းလာတဲ့အထိမ်းအမှတ်နဲ့ မြတ်ဘုရားအား ဆီးမီးပူဇော်လာကြရာကနေ သီတင်းကျွတ်မီးထွန်းပွဲဆိုတာ ဖြစ်ပေါ်လာသလားပဲပေါ့။

စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(မြိတ်)

Wednesday, October 24, 2007

နတ်ပြည်ဗြဟ္မာ့ပြည်ရှိ/မရှိပြဿနာ

ဒီအကြောင်း မေးထားတာတော့ကြာပါပြီ ယခင်ဖြေထားတာက ပြည့်စုံမှုမရှိဘူးဆိုလို့ စွမ်းနိုင်သလောက်ပြန်လည် ဖြေကြားပေးလိုက်ပါတယ်။
ဘာသာရေးဆိုင်ရာ အမေးပြဿနာများကို ဖြေကြားရာတွင် -
(၁) တိုက်ရိုက် ဖြေကြားခြင်း။
(၂) ဥပမာဖြင့် ဖြေကြားခြင်း။ ဟု နှစ်မျိုးရှိသည်ဟု ယူဆမိပါသည်။
သုံးဆယ့်တစ်ဘုံသည် သာမန်လူသားတို့ မမြင်နိုင်သောအရာ ဖြစ်နေသောကြောင့် ဥပမာ ဖြင့် ဖြေကြားရမည့် နံပတ်(၂) အမျိုးအစား ဖြစ်နေပါသည်။ ထို့ကြောင့် ဥပမာနှင့်တကွ စွမ်းနိုင်သလောက် ပြန်လည်ဖြေကြားပေးလိုက်ရပါသည်။
လူ့ပြည်၊ နတ်ပြည်၊ဗြဟ္မာ့ပြည်၊ အပါယ်လေးဘုံသည် ဗုဒ္ဓဘာသာဝင်များအတွက် လက်ခံယုံကြည်သောကြောင့် ပြဿနာ မရှိသော်လည်း ဘာသာခြားများ၊ ဘာသာမဲ့များက သူတို့ မမြင်နိုင်သော အရာဖြစ်သောကြောင့် လက်ခံယုံကြည်မှု မရှိသည်မှာ အဆန်းမဟုတ်ပါချေ။

ဥပမာ-
အမေမွေးကတည်းက မျက်စိနှစ်ကွင်းအလင်းမရသောသူများအား ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့ အရာဝတ္ထုများကို ညွန်ပြသော်လည်း မသိမြင်နိုင်ချေ။
မသိမြင်သောကြောင့် မယုံကြည်နိုင်ဟု ပြောဆိုယူဆလျှင် ထိုအယူအဆသည် မှားသော အယူအဆသာဖြစ်ချေမည်။အဘယ့်ကြောင့်ဆိုသော် မိမိမမြင်သော်လည်း တကယ်ရှိသော အရာဝတ္ထုများကို မျက်စိမြင်သော(အမြင်အားကောင်းသော) လူအများက သိမြင်နေခြင်းကြောင့် ဖြစ်ပါသည်။
ထို့အတူ အ၀ိဇ္ဇာအမှောင်ဖုံးနေသောပုထုဇဉ်လူသားများသည် နတ်ပြည်၊ဗြဟ္မာ့ပြည်စသည်များကို သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။ ထိုသို့ မမြင်နိုင်သောကြောင့် မရှိနိုင်ဘူး၊ဟု ထင်မြင်ယူဆလျှင် မှားသော အယူအဆသာဖြစ်ချေမည်။ အဘယ်ကြောင့်ဆိုသော် ဘုရား ၊ ရဟန္တာ ၊ အရိယာ ဈာန်အဘိဥာဉ်ရရှိပြီးသော သူများသည်သာ ၀ိဇ္ဇာတည်းဟူသော ဥာဏ်မျက်လုံးဖြင့် ထိုထိုဘုံများကို မြင်နိုင်သောကြောင့် ဖြစ်ပါသည်။ ဟု ဖြေကြားလိုက်ပါသည်။ သို့သော်လည်း အဖြေကို ပို၍ ပြည့်စုံအောင် ကျယ်ကျယ်ပြန့်ပြန့် ဖြေကြားပေးစေလိုကြောင်း၊ online ပေါ်ကနေ မေတ္တာရပ်ခံ လာသောကြောင့် ထပ်မံဖြည့်စွက်၍ အဖြေပေးလိုက်ရပြန်ပါသည်။
ဥပမာ- ၂-
စင်္ကာပူနိင်ငံသို့ မရောက်ဖူးသော လူတစ်ယောက်သည် စင်္ကာပူနိုင်ငံကို မရောက်ဖူးသော်လည်း ထိုနိုင်ငံသည်ံ မရှိနိုင်၊ ဟု ထင်မြင်ယူဆလျှင်ကား မှားသော အယူအဆသာဖြစ်ချေမည်။ အဘယ်ကြောင့်ဆိုသော် မိမိ မရောက်ဖူးသော်လည်း ထိုစင်္ကာပူနိုင်ငံသို့ ရောက်ဖူးသူများ ရှိနေသောကြောင့်ဖြစ်ပါသည်။
ဥပမာ-၃-
သင်္ဘောဖြင့် ပင်လယ်ခရီးသွားရာဝယ် အလွန်ဝေးသော တစ်နေရာ၌ သင်္ဘောတစ်စီး ခုတ်မောင်းနေ၏ ။ ထိုအခြင်းအရာကို သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။ အဝေးကြည့်မှန်ဘီလူးအားဖြင့် အကူအညီယူ၍ ကြည့်မှသာလျှင် သဘောင်္ခုတ်မောင်းနေသည်ကို တွေ့မြင်ရ၏ ဆိုလိုသည်မှာ သာမန်မျက်စိဖြင့် မမြင်ယုံမျှနှင့် မရှိဘူးဟု ထင်မြင်ယူဆ၍ မရနိုင်ပါချေ။ အဘယ်ကြောင့်ဆိုသော် အဝေးကြည့်မှန်ဘီလူးအားဖြင့် အသုံးပြုသော အခါ မြင်ရခြင်းကြောင့် ဖြစ်ပါသည်။
ဥပမာ-၄-
လူသားတို့၏ ခန္ဓာကိုယ်၌ သာမန် မျက်စိဖြင့် မမြင်နိုင်သော virus (ဗိုင်းရပ်စ်)ပိုးများ ကိုမြင်တွေ့လိုသော် အဆပေါင်းများစွာ ချဲ့၍ ကြည့်ရသော တယ်လီစကုတ် (ခေါ်) မှန်ဘီလူးဖြင့် ကြည့်လျှင် မြင်တွေ့နိုင်ပါသည်။
ဥပမာ-၅-
တစ်ခါက ရေထဲ၌ ငါးနှင့် လိပ်တို့ နေထိုင်ကြ၏ ၊ တစ်နေ့သောအခါ လိပ်သည် ကုန်းပေါ်သို့ တက်ရောက်ကာ ဟိုဟိုဒီဒီသွားခြင်း ဖြင့် သစ်ပင်၊ တော၊ တောင် ၊ပန်းမာလ် အခြားတိရစ္ဆာန်များကို တွေ့မြင်ခဲ့ရသည်။ ထိုလိပ်သည် သူတွေ့မြင်ခဲ့ရသည်များကို ရေထဲရှိ ငါး,အား ပြောကြားပါသော်လည်း ငါး,သည် ထိုအရာများကို မမြင်နိုင်သောကြောင့် “ မဖြစ်နိုင်” ဟုဆိုကာ မယုံကြည်နိုင်ဖြစ်နေရလေသည်။ ကုန်းပေါ်၌ သစ်ပင်၊ရေ၊မြေ၊တော၊ တောင်၊ များ ရှိခြင်းအကြောင်းကို ကုန်းပေါ်သို့ ရောက်ဖူးသော သူများသာ သိမြင်၍ ယုံကြည်နိုင်ကြ သည်။
ဥပမာ-၆-
လောက၌ စိတ်တည်ငြိမ်ကြောင်း ကျင့်စဉ်တရားများကို လိုက်နာကျင့်သုံးကြခြင်းဖြင့် စိတ်တည်ငြိမ်မှုကို ရရှိကြသည်။ ထိုသို့ စိတ်တည်ငြိမ်မှုရရှိသောကြောင့် စိတ်ချမ်းသာကြရသည်။ ထိုကဲ့သို့ စိတ်ချမ်းသာသောသူများသည် သူတို့၏ စိတ်ချမ်းသာကြောင်းအကျင့်တရားများကို မည်မျှပင် ဟောပြောစေကာမူ၊ ၎င်းကျင့်စဉ်ကို ကိုယ်တိုင်လက်တွေ့မကျင့်ဖူး သောသူများက လက်မခံနိုင်ပါချေ။ ထိုသို့ လက်မခံနိုင်ခြင်းသည် မှားသောထင်မြင်ယူဆ ချက်သာ ဖြစ်ချေမည်။ အဘယ်ကြောင့်နည်း ထိုလက်တွေ့ကျင့်စဉ်များကို ကျင့်သုံး၍ စိတ်တည်ငြိမ်ကာ စိတ်ချမ်းမြေ့မှုအရသာကို လက်တွေ့ခံစားရသော သူများစွာ ရှိနေသောကြောင့် ဖြစ်ပါသည်။
ဥပမာ-၇-
တစ်ခါက ဆရာတစ်ယောက်သည် စာသင်ခန်းထဲတွင် သင်ပုန်း၏အနောက်ဖက်၌ “နိဗ္ဗာန်”ဟုစာလုံး ရေးထားပြီး၊ “တပည့်တို့ နိဗ္ဗာန်ကို မြင်ကြရဲ့လား” ဟု မေးရာ တပည့်များက “ မမြင်ပါဘူးဆရာကြီး” ဟု အားလုံးပြန်ဖြေကြသည်။ ဆရာက “တပည့်တို့ ဒီအတိုင်းနေရုံနဲ့ နိဗ္ဗာန် မမြင်နိုင်ဘူး၊ ဒီလမ်းအတိုင်းသင်ပုန်းရှိရာ လျှောက်လာ ပြီး သင်ပုန်းအနောက်သို့ ရောက်လျှင် ရေးထားသော နိဗ္ဗာန်ကို မြင်ရလိမ့် မယ်” ဟု ပြောခဲ့သည်။ ထို့အတူ နတ်ပြည်စသော ဘုံဌာနများသည် ဒီအတိုင်းနေရုံမျှနှင့် မြင်နိုင်သူ ရှားလှပါသည်။ အမှန်စင်စစ် မြင်နိုင်သော လမ်းကို အဆုံးတိုင်အောင် လျှောက်လမ်းနိုင်မှာသာလျှင် နတ်ပြည်စသည် သိမြင်နိုင်ပါသည်။
ဥပမာ-၈-
ဆက်လက်၍ ပြောလိုသည်မှာ- ရုပ်ရှင်မင်းသားဦးကျော်ဟိန်းက တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဦးဝိစိတ္တသာရာဘိဝံသ (အသက်ထင်ရှားရှိစဉ်က)အား မေးလျှောက်ဖူး၏။ “ အရှင်ဘုရား…နိဗ္ဗာန်ဆိုတာ အမှန်တကယ်ရှိသလားဘုရား” ဟု မေးသောအခါ ဆရာတော်ကြီးက မျက်နှာတော်တင်းသွားပြီး “ ဘာလဲ မင်းက ဗုဒ္ဓဘာသာကို စော်ကားတာလား” “ မဟုတ်ပါဘူးဘုရား” “ တပည့် တော် တကယ်သိချင်လို့ပါဘုရား” ၊ “ အေး မင်းမှာ နိဗ္ဗာန်ရောက်နိုင်တဲ့ လမ်းစဉ်ကို ကျင့်သုံးမှုမရှိဘဲနဲ့ နိဗ္ဗာန် ဘယ်မှာရှိတယ်ဆိုတာ ဘယ်လောက်ပြောပြော သိနိုင်မှာ မဟုတ်ဘူး၊ သိချင်ရင် ကျင့်ရတယ်”၊ ဟူ၍ ဖြစ်၏ ။
ဆရာတော်ကြီး၏ အဖြေလိုပါပဲ၊ နတ်ပြည် ဘယ်နေရာ၌ ရှိသည်ကို၊ သိချင်တယ်ဆိုရင် ပေးကမ်းစွန့်ကျဲမှု၊ကိုယ်ကျင့်တရား၊ အဖန်ဖန်အထပ်ထပ် အားထုတ်မှု (ဒါန၊သီလ၊ဘာဝနာ) များကို ကျင့်သုံးလျှင် မည်သည့်နေရာ၌ နတ်ပြည်ရှိသည်ဟုသိနိုင်သည့်အပြင်၊ သမထဘာဝနာပွား၍ သမထဈာန်ရရှိပြီး ၄င်းဈာန်များ မဆိတ်သုဉ်းခဲ့လျှင် ဗြဟ္မာ့ပြည်အထိ သိနိုင်ရောက်နိုင်ပါသည်။ ထိုရောက်နိုင်ကြောင်း အကျင့်တွေကို လိုက်နာကျင့်သုံးမှု မရှိဘဲ နတ်ပြည်စသည် မရှိနိင် ဟု ထင်မြင်မယူဆသင့်ပါ။
တကယ်သိချင် တကယ်လုပ် အဟုတ်သိနိုင်ရောက်နိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတော့သတည်း။
စိတ်နေသန့်ရှင်း ၊ ဘေးရန်ကင်း၊ လွန်မင်းချမ်းသာကြပါစေ

Friday, October 19, 2007

တရားမ၀င် မှောင်ခိုကုန်သည်ကြီးများ

တစ်နေ့သ၌ စာရေးသူ၏ကျောင်းသို့ ဒကာမကြီးတစ်ယောက် သူ၏သားနှင့်အတူ ရောက်လာပါသည်။ “အရှင်ဘုရား….တပည့်တော်တို့ ( )ရက်ကျရင် ( )ကျောင်းမှာ ကောင်းမှုကုသိုလ်ပြုလုပ်ကြ မှာပါဘုရား၊ ဒီမှာ တပည့်တော်တို့ စီစဉ်ထားတဲ့ ဖိတ်စာပါ၊ အဆင်ပြေ မပြေ ကြည့်ပေးပါဦးဘုရား ” ဟုပြောပြီး စာရေးသူအား ဆက်ကပ်လာပါသည်။ ထိုဖိတ်စာ၏ မျက် နှာဖုံး ခေါင်းစီးစာတန်း ကို မြင်လိုက်ရသောအခါ ဟုတ်မှဟုတ်ရဲ့လား? မျက်စိကိုပွတ်သပ်၍ မယုံရဲစွာဖြင့် သံသယ၀င်မိပါသည်၊ ဖိတ်စာ၌ “ကွမ်ယင်မယ်တော် အနေကဇာတင်ပွဲ”ဟု ရိုက်နှိပ်ထားသောကြောင့် စိတ်ထဲမနေနိုင်တာနဲ့ ဒကာမကြီးအား“ ဒကာမကြီးရဲ့ ဖိတ်စာမှာ ဒီစာတန်းထည့်ရမယ်လို့ ဘယ်သူက အကြံပေးတာလဲ…”ဟု မေးလိုက်မိသည်။

“ ( )ကျောင်းက (ဘာသာခြား) သီလရှင်တစ်ပါး အကြံပေးတဲ့အတိုင်း တပည့်တော် ရေးထားတာပါ၊ ဘာကြောင့်မေးတာလဲ၊ မမှန်ဘူးလားဘုရား၊ ဘာတွေလိုအပ်နေသေးလဲဘုရား” ၊
စာရေးသူ။ “ပြောရရင်တော့ ဘာမှမဟုတ်တဲ့အတွက် ဘာမှကိုမလိုအပ်ပါဘူး”
ဒကာမကြီး။ “အမှားပါရင် ပြင်ပေးနိုင်ပါတယ်ဘုရား”
စာရေးသူ။ “ဒီလိုဆို ပြောရဦးမှာပေါ့” ဟု
ဒကာမကြီးသဘောပေါက်အောင် အနေကဇာတင်ခြင်း အဓိပ္ပါယ်နှင့်ပတ်သက်၍ မကျဉ်းမကျယ် ရှင်းပြခဲ့ရသည်။
မြတ်ဗုဒ္ဓသာသနာ၌ မြတ်ဗုဒ္ဓကလွဲပြီး အဂ္ဂသာဝကမှ အစပြု၍ မည်သူတစ်ဦးတစ်ယောက်မျှ အနေကဇာတင်သည် မကြားဖူးပါ။ မြတ်ဗုဒ္ဓကိုသာလျှင် သံဃာတော်များက အနေကဇာတင်ကြပါသည်။ (အနေကဇာတင်)ဆိုသည်မှာ ဘုရားဆင်းတုတော်ကို အသက်သွင်းသည် ၊ အသက်သွင်းပြီးမှ ကိုးကွယ်ကောင်းသည်ဟု ယူဆဟန်ရှိသဖြင့် ကွမ်ယင်မယ်တော်ကို အနေကဇာတင် ဟန်တူပါသည်။
သေသူကို အသက်သွင်းလျှင် လုံးဝအသက်မရှင်သန်နိုင်သကဲ့သို့ သက်မဲ့တစ်ခုသာဖြစ်သော ထိုကွမ်ယင်မယ်တော် ရုပ်တုကိုလည်း အသက်သွင်း၍ ဘယ်မှာ ရနိုင်ပါအံ့နည်း။
အနေကဇာတင် ဆိုသည်မှာ အသက်သွင်းလိုက်သည်မဟုတ်ပါ။ မြတ်ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်တော်မူခါစတွင် ၀မ်းသာကြည်နူး မှုအပြည့်ဖြင့် ရင်တွင်း၌မျိုသိပ်မထားနိုင်တော့ဘဲ…….
အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ၊
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာဇာတိ ပုနပ္ပုနံ။
ဂဟကရက ဒိဋ္ဌောသိ ၊ ပုနဂေဟံ နကာဟသိ၊
သဗ္ဗာတေ ဖါသုကာဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ ၊ တဏှာနံ ခယ မဇ္ဈဂါ။ ဟု ဥဒါန်းကျိုးရင့်ခဲ့ပါသည်။
အဓိပ္ပါယ်ကား…. “ခန္ဓာအိမ်ကို ဆောက်လုပ်ခဲ့သူအား ရှာခဲ့ပါသော်လည်း ငါသည်လက်သမားကို တွေ့မြင်နိုင်သောဥာဏ် မရ သေးသဖြင့် ဘ၀များစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရ၏ ။ အဖန်ဖန်သော ပဋိသန္ဓေနေရခြင်းကား ဆင်းရဲလှစွာ၏ ။ ခန္ဓာအိမ်ကို ဆောက်သူ သင့်ကို ငါတွေ့မြင်ပြီ၊ ခန္ဓာအိမ်ကို နောက်ထပ် သင် ဆောက်လုပ်ရတော့မည်မဟုတ်။ သင်၏ အခြင်(အရိုး)တို့ကို ငါ ချိုးဖက်ခဲ့ပြီ။ အိမ်ခေါင်ထွတ် (အ၀ိဇ္ဇာ) ကို ငါဖျက်ဆီးခဲ့ပြီ။စိတ်သည် ပြုပြင်ခြင်း ကင်းရာသို့ ရောက်ပြီ။ တဏှာကုန်ရာသို့ ရောက်ပြီ” ဟူ၍ ဖြစ်ူပါသည်။ ယနေ့ခေတ် ဘုရားဆင်းတုတော်ကို မြတ်သောနေရာ၌ သီတင်းသုံးစေတော်မူပြီး၊ သံဃာတော်များက ဘုရားကို အာရုံပြု၍ ဥဒါန်းကျူးရင့်သောဂါထာပါဠိတော်၊ ပဋိစ္စသုမုပ္ပါဒ် အနုလုံ ပဋိလုံ၊ ပဋ္ဌာန်းနှစ်ဆယ့်လေးပစ္စည်း အတိုချူပ် စသည်ဖြင့် ရွတ်ဆိုပူဇော်ကြခြင်းကို “ အနေကဇာတင်” သည်ဟု ခေါ်ဆိုကြပါ သည်။ အမှန်မှာ ဘုရားကို အသက်သွင်းခြင်းမဟုတ်ပါ။ ဘုရားကို အသက်သွင်းပြီးမှ ကိုးကွယ်ကောင်းသည် ဟူသော အယူအဆသည် မှားသောအယူအဆသာ ဖြစ်သည်။ ဆင်းတုတော်ကို အနေကဇာမတင်ဘဲနဲ့လည်း ကိုးကွယ်ကောင်းပါသည်၊“ပုံတော်ကိုဖူး ၊ ဂုဏ်ထူးကိုမျှော်၊ ဖူးမျှော်ခေါ်ရသည်” ဟူသည့်အတိုင်း ပုံတော်(ဆင်းတုတော်) ကို ဖူးမြင်ပြီး ဘုရားဂုဏ်တော်ကို အာရုံပြု၍ ပူဇော်ကြရမည် ဖြစ်ပါသည်။ တစ်ချို့က မည်သည့်အသားနဲ့ထုထားသော ဆင်းတုတော်ကို ကိုးကွယလျှင် ခိုက်သည်ဟု ပြောဆိုယူဆနေကြသည်၊ အမှန်အတိုင်း ပြောရလျှင် မခိုက်တတ်ပါ။ မခိုက်တတ်သည်သာမက ကိုယ်ကသာ ဘုရားဂုဏ်အာရုံပြုပြီး ကိုးကွယ်ပူဇော်မည်ဆိုပါက အဆင့်အတန်းမြင့်သော ကုသိုလ်တွေရနိုင် ပါသေးသည်။
စာရေးသူက အနေကဇာတင်ခြင်း၏အကြောင်းကို အရိပ်အမြွက်မျှ ပြောပြသောအခါ ဒကာမကြီးက “ အရှင်ဘုရား အခုလို ရှင်းပြ တဲ့အတွက် တပည့်တော်မ သဘောပေါက်သွားပါပြီဘုရား၊ကျေးဇူးလည်းအထူးတင်ရှိပါတယ်ဘုရား” ဟု ပြောလာပါသည်။ အမြင်မှန်ရလာပြီဆိုသဖြင့် စာရေးသူ ပြောပြရကျိုးနပ်၍ ရင်ထဲပီတိ ဖြစ်ရပါသည်။
သို့သော် ထိုပီတိကားသိပ်ကြာကြာ ဖြစ်ခွင့်မရလိုက်ပါ။အဘယ့်ကြောင့်ဆိုသော် နေကဇာတင်သည်ဆိုသော ကွမ်ရင်မယ်တော်ကြီးကား မြန်မာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ visa (ဗွီဇာ) အပြည့်နှင့် ၀င်ရောက်လာသဖြင့် ၊ အလူမီနီယံ အိမ်ကြီးအတွင်း၌over stay ဟူသည် မရှိဘဲ၊ ရာသက်ပန် နေထိုင်စံမြန်းနေပြီဟု သိလိုက်ရသောကြောင့် ဖြစ်ပါသည်။ ယခုအခါ ထို ကွမ်ယင်မယ်တော်လို နိုင်ငံခြားသားများသည် မြန်မာပြည်အတွင်း ဘုရားစေတီ၊ကျောင်းကန် နေရာအနံ့အပြား၌ တရားမ၀င်နေရာယူနေကြသည်ကို စာဖတ်သူများပါ တွေ့မြင်ကြပေလိမ့်မည်။ ထိုအတိုင်းသာ တရားမ၀င်နေရာယူပြီး ကိုးကွယ်ခံအဖြစ်ပြုလုပ်ထားကြမည်ဆိုပါက၊ “ ငါတို့လည်း ဒါတွေကို ကိုးကွယ်ကောင်းတယ်” ဟု နောင်လာနောင်သားများ ထင်ယောင်ထင်မှားဖြစ်ပြီး ကိုးကွယ်မှု၌ မှားသွားနိုင်ပါသည်။ ထို့ကြောင့် ဘုရားရင်ပြင်တော်၊ကျောင်းစသည့်နေရာများ၌ တရားမ၀င် နေထိုင်ကြကုန်သော ပြည်တွင်းပြည်ပ မှောင်ခိုရုပ်တုများ ပပျောက်စေရန် ရဟန်းသံဃာတော်များ + ဗုဒ္ဓဘာသာဝင်များ+ အာဏာပါဝါရှိသူများ၌ တာဝန်ရှိပါသည်။ ထို့ကြောင့် ဆရာ/ဒကာများ အနေဖြင့် တာဝန်သိသိ သစ္စာရှိရှိ သာသနာပြုရန် အထူးလိုအပ်နေခြင်း ဖြစ်ပါသည်။
“ စာရေးစားပွဲပေါ်၌ ရှိသော မင်တံတစ်ချောင်းသည် ကျက်သရေရှိလှပါသည်။ ထိုမင်တံကို အိမ်နောက်ဖေး ထမင်းချက်သည့်နေရာ၌ သွားထားမည်ဆိုလျှင် မင်တံနှင့် ထမင်းချက်သည့်နေရာ လားလားမှ မအပ်စပ်သည့်အတွက် ထမင်းချက်နေရာ၌ ထိုမင်တံသည် အမှိုက်ဖြစ်သွားရပါသည်။” ဟု ဓမ္မကထိကဆရာတော်တစ်ပါး ပြောသည်ကို သတိရမိပါသည်။
၎င်းတို့နှင့် ပတ်သက်ရာကျောင်း၌ စံမြန်းနေသော ထိုမယ်တော်သည် ကျက်သရေ ရှိသည်ဟု ဆိုနိုင်ပါသော်လည်း မြန်မာဘုန်းတော်ကြီးကျောင်း၌ စံမြန်းနေခြင်းမှာမူ ဘုန်းတော်ကြီးကျောင်းနှင့်ကွမ်ရင်မယ်တော်သည် လားလားမှ မအပ်စပ်သည့်အတွက် အမှိုက်ရှုပ်ဖြစ်ပါသည်။
ယနေ့ခေတ် ဘုန်းတော်ကြီးကျောင်းများသာမက ဘုရားရင်ပြင်တော် အတော်များများမှာလည်း မယ်တော်ကြီးသည် တရားဝင်နေထိုင်ခွင့် permanent residence ရသည့်ပမာ နေရာယူနေသည်ကိုလည်း စိတ်မကောင်းစွာ တွေ့မြင်နေရပါသည် ။ ထိုကဲ့သို့ ဘုရားစေတီရင်ပြင်တော် အတော်ခပ်များများတွင် ကွမ်ရင်မယ်တော်သာမက သာသနာတော်နှင့်မသင့်လျော် မအပ်စပ်သည့် ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် ၊ သူရဿတီ ၊ အမ်းကုန်း၊ စသော နိုင်ငံခြားသားများသည် ပြည်ဝင်ခွင့် visa (ဗီဇာ)အပြည့်နှင့်ရောက်ရှိလာကာ နေထိုင်ခွင့် permanent residence အပြည့်ဖြင့် နေရာယူနေကြပေသည်။ အစဉ်ထာဝရ နေထိုင်သွားဟန် ရှိပါသည်။ နိုင်ငံခြားသား လူတွေသော်မှ နေထိုင်ခွင့် သက်တမ်းကုန်လျှင် နေထိုင်ခွင့် သက်တမ်းတိုးရန်အတွက်ပြန်လည်လျှောက်တင်ရပါသည်။ ထိုတရားမ၀င် မှောင်ခိုကုန်သည်ကြီးများဟုဆိုအပ်သော ထိုရုပ်တုများအဖို့မှာမူ over stay ဆိုတာ လုံးဝမရှိ၊ သက်တမ်း တိုးစရာမလို ဖြစ်နေပါသည်။
ဒီကနေ့ခေတ် သာသနာနှင့်မသင့်လျော်၊ ကိုးကွယ်မှုမှားနိုင်သော ထိုထိုရုပ်တုများသည် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ဘုရားစေတီရင်ပြင်တော်များ၌ နေရာယူနေကြကုန်ပါပြီ်။ ထိုမျှသာမက မြန်မာပြည်၏ အဓိကရ နေရာဖြစ်သော ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ၊ ဆူးလေစေတီတော် တို့၌လည်း ပိုင်စိုးပိုင်နင်းဖြင့် နေရာဝင်ယူနေကြပါပြီ။ ကြက်ငှက်တုတ်ကွေးရောဂါကဲ့သို့ နေရာအနှံ့ ကူးစက်လို့နေပါပြီ။ ထိုသို့ဖြစ်ရခြင်း တရားခံမှာ ထိုရုပ်တုများကို လက်ခံထားသော ကျောင်းထိုင်ဘုန်းကြီးများနှင့် ဘုရားဂေါပကလူကြီးများပင်ဖြစ်ပါသည်။
ရှင်းလင်းအံ့။
ကျောင်းထိုင်ဆရာတော်များ၏ ခွင့်ပြုချက်ကြောင့်သာ သာသနာနှင့်မသင့်လျော်သည့် ထိုရုပ်တုများ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေကြခြင်းဖြစ်သကဲ့သို့ ဘုရားစေတီ၏ တာဝန်ရှိသူ ဘုရားလူကြီးများ၏ ခွင့်ပြုချက်ကြောင့်သာ ဘုရားရင်ပြင်တော်ပေါ်သို့ ထိုရုပ်တုများ ရောက်ရှိနေသည်မှာ လွဲမှားနိုင်စရာမရှိပါ။ ထိုကိစ္စမျိုးကို ချေဖျက်ပြီး နောင်မဖြစ်အောင် စောင့်ရှောက်ရန်မှာ ကျောင်းထိုင်ဆရာတော်များ၊ ဘုရားလူကြီးများ၊အာဏာပါဝါရှိသောပုဂ္ဂိုလ်များ၌ တာဝန်ရှိပါသည်။ ဆရာ/ဒကာ ညီညွတ်စွာဖြင့် ထိထိရောက်ရောက် သာသနာပြုကြမည်ဆိုပါက ထိုဖြစ်ရပ်များ ပပျောက်ပြီး သာသနာထွန်းပြောင်လာနိုင်ပါသည်။
သို့သော်ထိုဖြစ်ရပ်များကြောင့် သာသနာတော်အတွက် ရင်လေးစရာကောင်းသည် မှန်သော်လည်း၊ ယနေ့အချိန်၌ သာသနာအတွက်အားတက်ဖွယ်ရာ မြင်ကွင်းလေးတစ်ခုကို မြန်မာပြည်အလယ်ပိုင်းတစ်နေရာ၌ လွန်ခဲ့သော ဆယ်နှစ်ခန့်က စာရေးသူ တွေ့မြင်ခဲ့ရပါသည်။ ထိုနေရာကား မကွေးမြို့ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ထားသော မကွေး မြသလွန်စေတီတော်ကြီးပင် ဖြစ်ပါသည်။ ထိုစေတီတော်ကြီး၏ မုခ်ဦးစောင်းတန်းအ၀င် ဆိုင်းဘုတ်ကြီးတွင် -
“ဘုရားရင်ပြင်တော် ပေါ်၌ ရတနာသုံးပါး ပူဇော်ခြင်းကိုသာ ခွင့်ပြုသည် ၊ ပုံ - ဂေါပက” ဟူ၍ ရေးထားပါသည်။ ရေးထားသည့်အတိုင်းလည်း ဂေါပကအဖွဲ့ဝင်များက လိုက်နာကျင့်သုံးကြသည်။ ဘုရားရင်ပြင်တော်၌ ဂြိုလ်အိမ်ဂြိုလ်ခွင်တွေလည်း လုံးဝမရှိရုံသာမက မည်သည့်နတ်ကွန်းကိုမှလည်းမတွေ့ရပါ။ မြသလွန်စေတီတော်ကြီးနှင့်တစ်ခြား အရံစေတီငယ်များကိုသာ ဖူးမြင်ရပါသည်။ ထို့ကြောင့်လည်း စိတ်ထဲ၌ လွန်စွာကြည်နူးခဲ့ရပါတော့သည်။ ဤနေရာတွင် သာသနာရေးစိတ်ဓါတ်ရှိကြသော မကွေးမြသလွန်ဘုရား ဂေါပကအဖွဲ့ကို ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားလိုပါသည်။ (ထိုဂေါပက အဖွဲ့များလို မြန်မာပြည်အနှံ့ရှိ ဂေါပကအဖွဲ့များ၊ကျောင်းထိုင်ဘုန်းကြီးများ လိုက်နာကျင့်သုံးကြမည်ဆိုလျှင်ကောင်းလေစွ ဟု တွေးမိပါသည်)။
ထိုစဉ်က သတိထားမိသည်မှာ ပြည်ပမှ တရားမ၀င် ခိုးဝင်လာသော အမ်းကုန်း၊ ကွမ်ရင်၊သူရဿတီ ပြည်တွင်းမှ ဘိုးဘိုးအောင် ၊ ဘိုးမင်းခေါင်(အောင်မင်းခေါင်)စသော မှောင်ခိုကုန်သည်ကြီးများသည် စေတီရင်ပြင်၌ နေထိုင်ဖို့ရာ ခွင့်ပြုချက်မရသောကြောင့် မကွေးမြသလွန်ဘုရားတည်ရှိရာ နဂုတ္တမတောင်ကြီး၏ အောက်နားလေးတွင် နေရာယူနေကြသည်ကိုလည်း တစ်စေ့တစ်စောင်း မြင်ခဲ့ရပါသည်။ ဘုရားရင်ပြင်တော်၌သာ မပူဇော်ရဟု အမိန့်ထုတ်ထားသောကြောင့် တောင်ခါးပမ်း၌ သူတို့နေရာ ရသွားခြင်းမှာ အဆန်းမဟုတ်ပါ။ ဒါပေမယ့် ယနေ့အချိန်၌ စာရေးသူ၏တပည့် မကွေးသူ တက္ကသိုလ်ဆရာမတစ်ဦး ကို အကူအညီတောင်း၍ မြသလွန်ဘုရားမှ ဆိုင်းဘုတ်ကို ဓါတ်ပုံရိုက်ယူခိုင်းခဲ့ရာ ဆိုင်းဘုတ်အခြေအနေပြောင်းလဲနေသည်ကို တွေ့မြင်ရပါသည်။
ရေးထားသည်မှာ “ မြသလွန်စေတီတော်၏ နဂုတ္တမတောင်တော်တွင် ဘုရား တရား သံဃာ ရတနာသုံးပါး ပူဇော်ခြင်းကိုသာ ခွင့်ပြုသည်” ဟူ၍ဖြစ်သည်။ ယခင်က ရင်ပြင်တော်၌သာ နေထိုင်ခွင့်ကို တားမြစ်ထားပါသော်လည်း၊ ယခုအခါ စာပါသည့်အတိုင်း တောင်တော်တစ်ခုလုံး၌ သူတို့နေရာမရအောင် တားမြစ်ထားလေသလောဟု တွေးတောစရာဖြစ်နေပါသည်။ မည်သို့ပင်ဖြစ်စေကာမူ မကွေး မြသလွန်ဘုရားစေတီတော်ကြီးသည် သန့်ရှင်းပြီး ထေရ၀ါဒဆန်သော မြန်မာပြည်၏ တစ်ဆူတည်းသောဘုရား ဖြစ်မည်ထင်ပါသည်။ (ထေရ၀ါဒဆန်သော ဘုရားစေတီတော်မျိုး တစ်ခြား၌ ရှိသေးသည်ဆိုလျှင် ဖေါ်ပြပေးကြပါရန်)၊
စာရေးသူတို့၏ မြန်မာဘုန်းတော်ကြီးကျောင်းများနှင့် တည်ပြီး တည်ဆဲ တည်လတံ့သော ဘုရားများ၌ တရားမ၀င် ၀င်ရောက်လာသော ပြည်တွင်းပြည်ပ မှောင်ခိုကုန်သည်ကြီးများ ပပျောက်၍ ၊သန့်ရှင်းပြီး ထေရ၀ါဒဆန်သောဘုရားများ ဖြစ်နိုင်ရန်အတွက် ဗုဒ္ဓဘာသာဝင်များ၌ ထေရ၀ါဒအသိရှိဖို့ အရေးကြီးပါသည်။ ထိုသို့ ဘာသာရေးအသိများ သိရှိပြီး ကိုးကွယ်မှုမှန်ကန်ရန်အတွက် ထေရ၀ါဒစစ်စစ်ဖြစ်သော ဘာသာရေးစာပေများကို များများလေ့လာဖတ်ရှုသင့်ကြောင်း တိုက်တွန်းလိုက်ရပါတော့သတည်း။ ။

စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ။
ဦးကောဝိဒ (မြိတ်)

Wednesday, October 17, 2007

နှစ်ပေါင်း၂၅၀၀ကျော်က ဗိုင်းရပ်စ်ဆော့ဖ်ဝဲ

ကွန်ပျူတာ အသုံးပြုသူများအနေနှင့် မိမိ၏ ကွန်ပျူတာရှိ program များ ၊ file, folder များ ကို virus က ဖျက်ဆီးပစ် သောကြောင့် အပျက်စီးအဆုံးအရှုံးများနှင့် ရင်ဆိုင်ကြရပါသည် ၊ထို့ကြောင့် ကွန်ပျူတာအသုံးပြုသူများ စိတ်အနောက်ယှက် ဖြစ်ကြရ သည်။ ၁၉၈၂ ခုနှစ်ကတည်းက virus(ဗိုင်းရပ်စ်)အမျိုးမျိုး ပေါ်ပေါက်ခဲ့ရာ၊ ယခု ၂၀၀၇ခုနှစ် ဆိုလျှင် (၂၅)နှစ်ပြည့်ပြီဖြစ်သောကြောင့် ဗိုင်းရပ်စ် ငွေရတု (First Genaration) တစ်ခု သို့ တိုင်ခဲ့လေပြီ။

(က)
ယနေ့ အခါတွင် computer ,system များကို ဖျက်ဆီးပစ်နေသော Elk Cloner / Brain / Morris / Melissa / love bug/ Code Red/ Blaster / Sasser စသည့် ဗိုင်းရပ်စ် အမျိုးအမျိုးပေါ်ပေါက်ခဲ့ပါသည်။ ထို virus (ဗိုင်းရပ်စ်)များ၏ နှောက်ယှက်ဖျက် ဆီးခြင်း မှ ကာကွယ်နိုင်ရန်အတွက် ( AVG, A vast, Anti virus )စသော software များကိုလည်း ရေးသားတီထွင်နိင်ခဲ့ပါသည်။ ထိုဆော့ဖ်ဝဲများကိုလည်း ဖြစ်နိင်လျှင် မကြာခဏဆိုသကဲ့သို့ (update) လုပ်ပေးနိုင်လျှင် ပို၍ကောင်းပါသည်။ အကယ်၍ ထို ဆော့ဖ်ဝဲကို update မလုပ်ထားပါက ကွန်ပျူတာဗိုင်းရပ်စ်ကို မသတ်နိုင်ပေ။ ထို့ကြောင့် ဗိုင်းရပ်စ်ကို သတ်နိုင်ရန် ဆော့ဖ်ဝဲကို မကြာခဏဆိုသလို update လုပ်ပေးရပါသည်။ ထိုကဲ့သို့ပင်--
(ခ)
လူတို့၏ ခန္ဓာကိုယ်၌ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီဆိုလျှင် ရောဂါမျိုးစုံခံစားရတတ်ပါသည်။ ထိုကဲ့သို့ virus (ဗိုင်းရပ်စ်) ကူးစက်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါများကို ဆိုင်ရာ ပဋိဇီဝဆေးများကို မှီဝဲသုံးစွဲခြင်းဖြင့် ပျောက်ကင်းရပါသည်။ အကယ်၍ သတ်မှတ်ထားသော ရက်ထက်ပိုလွန်၍ (update)မဖြစ်သော ပဋိဇီဝဆေးများကို သုံးစွဲမိပါက ရောဂါ မပျောက်သည့်အပြင် အဆိပ်ဖြစ်ပြီး အသက်ပါဆုံး ရှုံးနိုင်ပါသည်။ ထိုသို့မဖြစ်စေရန် သတ်မှတ်ထားသော ရက်မလွန် ပဋိဇီဝဆေးများကို ဆရာဝန်များ၏ လမ်းညွန်မှုအရ မှီဝဲမည်ဆိုပါက ဆိုင်ရာဗိုင်းရပ်စ်ပိုးများ ကင်းရှင်းပြီး ခံစားနေရသည့် ရောဂါများမှ ကင်းစင်သွားနိုင်ပါသည်။ သို့သော်လည်း HIV virus (ဗိုင်းရပ်စ်)များ ကူးစက်ခံရပြီဆိုပါက ထိုvirus(ဗိုင်းရပ်စ်)ကို သတ်နိုင်သော ဆေး မပေါ်ပေါက်သေးသောကြောင့် “ကုရာနတ္ထိ ဆေးမရှိ” ဆိုသည့် အတိုင်း မကြာမှီ အသက်ပါဆုံးရှုံးကြရပါတော့သည်။ ယနေ့ခေတ်တွင် သုတေသနပညာရှင်များသည် ခန္ဓာကိုယ်အတွင်းရှိ ကူးစက်တတ်သော virus(ဗိုင်းရပ်စ်) ပိုးမျိုးစုံကို ရှာဖွေတွေ့ရှိကြပါသော်လည်း၊ စိတ်ခန္ဓာအတွင်း၌ virus ပိုး ရှိနေသည်ကို သုတေသနပညာရှင်များ မသိကြသေးပေ။ အဘယ့်ကြောင့်ဆိုလျှင် စိတ်ထဲ၌ ရှိသော virus (ဗိုင်းရပ်စ်)ကို ရှာဖွေရမှန်း မသိခြင်း၊ ရှာဖွေတွေ့ရှိရန် လက်တွေ့ သုတေသနမပြုလုပ်ခြင်းတို့ကြောင့် စိတ်ရောဂါများကို ရှာဖွေ ဖေါ်ထုတ် နိုင်စွမ်းမရှိကြခြင်း ဖြစ်လေသည်။
(ဂ)
ယနေ့အချိန်၌ စိတ်ခန္ဓာအတွင်း virus (ဗိုင်းရပ်စ်) ပိုးကို ရှာဖွေ မတွေ့ရှိကြသော်လည်း လွန်ခဲ့သော နှစ်ပေါင်း(၂၅၀၀)ကျော်အချိန်က စိတ်၌ဖြစ်သည့် virus(ဗိုင်းရပ်စ်) ပိုးမျိုးစုံကို တွေ့ရှိခဲ့သည်သာမက ထိုပိုးများအား ပယ်သတ်သောနည်းကို တွေ့ရှိခဲ့သော သုတေသနပညာရှင်ကြီးတစ်ဦး ရှိခဲ့ဖူးပါသည်။ ထိုသူကား မြတ်ဗုဒ္ဓသုတေသနပညာရှင်ကြီးပေတည်း။ ထို မြတ်ဗုဒ္ဓသုတေသနပညာရှင်ကြီးသည် ခန္ဓာဗေဒပိုင်းဆိုင်ရာ၌ ကျွမ်းကျင်ရုံသာမက စိတ္တဗေဒ၌လည်း ကျွမ်းကျင်တော်မူသဖြင့် စိတ်၌ဖြစ်သော virus ကို ရှာဖွေတွေ့ရှိတော်မူခဲ့ခြင်းဖြစ်ပါသည်။
ဆက်ဦးအံ့ ။
စိတ်၌ ကူးစက်တတ်သည့် virus ပိုးအမျိုးမျိုးရှိသည့်အနက် စိတ်ထဲ၌ ကုသိုလ်တရားများ မဖြစ်အောင် လိုက်လံ နှောက်ယှက်နေသော virus(ဗိုင်းရပ်စ်) ပိုးကို ဖေါ်ပြလိုပါသည်။ ထိုပိုး၏အမည်ကို “နီဝရဏ”ဗိုင်းရပ်စ် ဟု မြတ်ဗုဒ္ဓသုတေသနပညာရှင်ကြီးက နာမည်ပေး တော်မူခဲ့ပါသည်။ ထိုနီဝရဏ ဗိုင်းရပ်စ် အမျိုးအစား ငါးမျိုးခွဲခြားထားပါသည်၊ ၄င်းတို့မှာ-
(၁) ကာမစ္ဆန္ဒနီဝရဏ
(၂) ဗျာပါဒနီဝရဏ
(၃) ထိနမိဒ္ဓနီဝရဏ
(၄) ဥဒ္ဓစ္စ၊ကုက္ကုစ္စ နီဝရဏ
(၅) ၀ိစိကိစ္ဆာ နီဝရဏ ဟူ၍ ဖြစ်ပါသည်။
ဤနေရာ၌ စိတ်ကိုတိုက်ခိုက်သော ဗိုင်းရပ်စ်ပိုးများ၏ အဓိပ္ပါယ်ကို ရှင်းလင်းပါ ဦးမည်။
ကာမစ္ဆန္ဒ နီဝရဏ
ထိုဗိုင်းရပ်စ်ကား နှစ်သက်လိုချင်ခြင်းသဘောရှိသည်။ နှစ်သက်လိုချင်ဖွယ်ရာအာရုံများနှင့် တွေ့ရလျှင် စိတ်၌ ကာမဆန္ဒနီဝရဏ ဗိုင်းရပ်စ်များ ကူးစက်ဖြစ်ပေါ်လာတတ်ပါသည်။ ထိုအခါ ကူးစက်ခံရသော စိတ်သည် တည်ငြိမ်မှု၊ သန့်ရှင်းမှု၊ ဖြူစင်မှု
အပြစ်ကင်းမှု မရှိတော့ပေ။ နှစ်သက်လိုချင်ခြင်းသည် အကြွေးတင်သည်နှင့်တူသည်၊ဟု မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ပါသည်။ အကြွေးတင်လျှင် ပြန်ဆပ်ရသကဲ့သို့ ၊ နှစ်သက်လိုချင်သော စိတ်များဖြစ်ပေါ်လာလျှင် ထိုစိတ်ကို သတိပဋ္ဌာန်နည်းနှင့် ပယ်သတ်ခြင်းဖြင့် ဖြူစင်အောင် ပြုလုပ်ရပါသည်။ (နှစ်သက်လိုချင်၊ ကြွေးမြည်တင် ၊ လျှင်လျှင်ပယ်ဖျောက်လေ)။

ဗျာပါဒ နီဝရဏ
ဗျာပါဒနီဝရဏ ဗိုင်းရပ်စ်သည် အလိုမကျ၊ စိတ်ဆိုး၊ဒေါသထွက်၊ အငြိုးမပြေ ၊တေးမှတ်ခြင်း၊စသော သဘောရှိသည်။ မနှစ်မြို့ဖွယ် အာရုံများနှင့် တွေ့လျှင် စိတ်သည် အလိုမကျခြင်း၊ စိတ်ဆိုးခြင်း ၊စိတ်ညစ်ခြင်း၊ အငြိုးမပြေခြင်း၊ တေးမှတ်ခြင်း၊ ခက် ထန်ခြင်း၊ ဒေါသထွက်ခြင်းစသော ဗျာပါဒ ဗိုင်းရပ်စ်ပိုးများ ကူးစက်ဖြစ်ပေါ်လာတတ်ပါသည်။ ဒေါသဗိုင်းရပ်စ် ကူးစက်ခံရသော စိတ်သည် တည်ငြိမ်မှု၊ သန့်ရှင်းမှု၊ အပြစ်ကင်းမှု၊ဖြူစင်မှု မရှိတော့ပေ။ မြတ်ဗုဒ္ဓက စိတ်ဆိုး၊စိတ်ပျက်၊ဒေါသထွက်ခြင်းသည် ရောဂါဖြစ်သည်နှင့်တူသည်ဟု မိန့်တော်မူပါသည်။ ရောဂါဖြစ်သူများသည် မအိပ်နိုင်၊မစားနိုင်သကဲ့သို့၊ ဒေါသအားကြီးလာလျှင် မစားနိုင် မသောက်နိင်၊မအိပ်နိုင် ဖြစ်ကြရပါသည်။ ထို ဒေါသအားကြီးသောစိတ်ကို သတိပဋ္ဌာန်နည်းနှင့် ပယ်သတ်ခြင်းဖြင့် ဖြူစင်အောင် ပြုလုပ်ရပါသည်။ (စိတ်ပျက်စိတ်ဆိုး၊ရောဂါမျိုး၊နှိမ်ချိုးပယ်ဖျောက်လေ)။
ထိနမိဒ္ဓနီဝရဏ
ထိုဗိုင်းရပ်စ်ကား ထိုင်းမှိုင်း၊ပျင်းရိ ခြင်းသဘောရှိသည်။ ထိုတရားများဖြစ်ပေါ်လာလျှင် စိတ်သည်ကြည်လင်မှုမရှိ ရှုပ်ထွေးနေပါ တော့သည်။ ထိုရှုပ်ထွေးပြီး ထိုင်းမှိုင်းပျင်းရိသောစိတ်သည် အချူပ်ထဲရောက်နေသည်နှင့် တူသည်ဟု မြတ်ဗုဒ္ဓ မိန့်တော်မူခဲ့ပါသည်။ အချူပ်ထဲရောက်နေသူများသည် စားချင်တိုင်း မစားရ နေချင်တိုင်း မနေရ၊ အိပ်ချင်တိုင်း မအိပ်ရ၊ ၀တ်ချင်တိုင်း မ၀တ်ရသကဲ့သို့၊ ထိုင်းမှိုင်း ပျင်းရိသောစိတ်ဖြစ်ပေါ်နေသောသူများသည် မိမိစိတ်ကို အပြစ်ကင်းအောင် ထားချင်သော်လည်း မရနိုင်ဘဲ၊ စိတ်က ရှုပ်ထွေးနေတတ်ပါသည်။ ထို့ကြောင့် ထိုင်းမှိုင်းပျင်းရိနေသောစိတ်ကို သတိပဋ္ဌာန်းနည်းနှင့် ပယ်သတ်ခြင်းဖြင့် ဖြူစင် အောင် ပြုလုပ်ရပါသည်။ (ထိုင်းမှိုင်းပျင်းရိ၊ ချူပ်နှောင်မိ၊ မှတ်သိပယ်ဖျောက်လေ)။
ဥဒ္ဒစ္စ၊ကုက္ကုစ္စ နီဝရဏ
ထိုဗိုင်းရပ်စ်သည် ပျံ့လွင့်ခြင်း၊ ပူပန်ခြင်းသဘောရှိသည်။ ပျံ့လွင့် ပူပန်သောစိတ်ဖြစ်ပေါ်နေလျှင် စိတ်သည် တည်ငြိမ်မှု၊ သန့်ရှင်းမှု၊ အပြစ်ကင်းမှု၊ ဖြူစင်မှု မရှိတော့ပေ။ ထို့ကြောင့် ပျံ့လွင့် ပူပန်ခြင်းသည် သူ့ကျွန်ခံသည်နှင့်တူသည်ဟု မြတ်ဗုဒ္ဓ မိန့်တော်မူခဲ့ ပါသည်။ ကျွန်အဖြစ်ရောက်နေသောသူများသည် လွပ်လပ်မှုမရှိသကဲ့သို့ ပျံ့လွင့်ပူပန်သောစိတ်သည် လွပ်လပ်မှုမရှိပေ။ ထို့ကြောင့် ပျံ့လွင့်ပူပန်သောစိတ်ကို သတိပဋ္ဌာန်နည်းနှင့် ပယ်သတ်ခြင်းဖြင့် လွပ်လပ်အပြစ်ကင်းပြီး ဖြူစင်အောင် ပြုလုပ်ရပါသည်။
( ပျံ့လွင့် ပူပန် ၊ သူ့ကျွန်ခံ ၊ အမြန်ပယ်ဖျောက်လေ)။
ဝိစိကိစ္ဆာ နီဝရဏ
ဝိစိကိစ္ဆာနီဝရဏ ဗိုင်းရပ်စ်သည် ယုံမားခြင်းသဘောရှိသည်။ စိတ်ထဲ ယုံမှားမှု သံသယဖြစ်မှုများ ဖြစ်ပေါ်လာပြီဆိုလျှင် စိတ် သည် ကြည်လင်ခြင်းမရှိ ရှုပ်ထွေးနေပါတော့သည်။ ယုံမှားသံသယဖြစ်နေသောစိတ်သည် လမ်းနှစ်ခွ၏ အလယ်သို့ ရောက်နေသည်နှင့် တူသည်ဟု မြတ်ဗုဒ္ဓ မိန့်တော်မူခဲ့ပါသည်။ လမ်းနှစ်ခွရောက်နေသူသည် ဒီဖက်လမ်းက သွားရနိုးနိုး၊ဟိုဖက်လမ်းက သွားရနိုးနိုး တိကျသော ဆုံးဖြတ်ချက်ကို မချနိုင်သကဲ့သို့၊ ယုံမှားသံသယ ဖြစ်သူသည်လည်း အမှန်ကို မဆုံးမဖြတ်နိုင်ဘဲ စိတ်ရှုပ်ထွေးနေရပါတော့ သည်။ ထို့ကြောင့် ယုံမှားသံသယဖြစ်သောစိတ်ကို သတိပဋ္ဌာန်နည်းနှင့် ပယ်သတ်ခြင်းဖြင့် ကြည်လင်သန့်ရှင်း အပြစ်ကင်းအောင် ပြုလုပ်ရပါသည်။ (ယုံမှားဒွိဟ ၊ လမ်းနှစ်ခွ ၊ တွေ့ကပယ်ဖျောက်လေ)။
ရွှေ၌ အညစ်ကြေးငါးမျိုး ရှိပါသည်၊ (သံ၊ကြေး၊ ဂျွတ်၊ ခဲ ၊ဘော်၊ )ဟူ၍ဖြစ်သည်။ ထိုအညစ်အကြေးငါးမျိုး သည် ရွှေထဲ၌ ရောနှောနေသည့်အခါ မိမိအလိုရှိရာ ပုတီး၊လက်ကောက်စသည် တန်ဆာအမျိုးမျိုးကို ပြုလုပ်ပါသော်လည်း ထိုတန်ဆာကား ကြမ်းတမ်းခြင်း၊ ပျက်လွယ်ခြင်း၊ မာကျော၍ ကျိုးလွယ်ခြင်း၊ အရောင်ပျက်လွယ်ခြင်း၊ဖြစ်တတ်ပါသည်။ အကယ်၍ ဖါးဖိုတင်ပြီး ရွှေထဲမှ အညစ်အကြေးငါးမျိုးကို ထုတ်ပယ်လိုက်မည်ဆိုပါက သန့်စင်သော ရွှေကို ရရှိလာမည်ဖြစ်ပြီး မိမိအလိုရှိရာ တန်ဆာကို ပြုလုပ်နိင်ကြမည်ဖြစ်ပါသည်။(အရည်အသွေးပြည့်မီသော ရွှေဖြစ်လာသည်)ဟူလို။
ထို့အတူ နီဝရဏငါးမျိုး ရောနှောနေသည့် စိတ်သည် စင်ကြယ်မှုမရှိ ၊ လွတ်လပ်မှုမရှိ ရှုပ်ထွေးနေတတ်ပါသည်။ အကယ်၍ မြတ်ဗုဒ္ဓ၏ Anti virus software ဖြင့် ၄င်းကို ပယ်သတ်ပြီးပါက စိတ်သည် သန့်စင်သောရွှေလို စင်ကြယ်မှုရှိလာ၍ လွတ်လပ်ပြီး အပြစ်ကင်းကြည်လင်ခြင်းလည်းရှိလာမည်ဖြစ်ပါသည်။ (အရည်အသွေးပြည့်မီသော ဖြူစင်သောစိတ်ဖြစ်လာသည်)ဟူလို။
ဤ၌ - မြတ်ဗုဒ္ဓ၏ နီဝရဏ virus (ဗိုင်းရပ်စ်)ကို ပယ်သတ်နိုင်သော virus software (ဗိုင်းရပ်စ်ဆော့ဖ်ဝဲ)ဟူသည် (The Ariya Path of Eight Constituents) မဂ္ဂင်ရှစ်ပါးဟုဆိုအပ်သာ သီလ(morality). သမာဓိ(concentration). ပညာ(right view or wisdom) အကျင့်တရားများ ဖြစ်ပါသည်။
ထို့ကြောင့် computer မှ Anti virus software ကို မကြာခဏ update ပြုလုပ်ပြီး အသုံးပြုရသကဲ့သို့ မြတ်ဗုဒ္ဓတီထွင်ခဲ့သည့် မဂ္ဂင်ရှစ်ပါး virus software (ဗိုင်းရပ်စ်ဆော့ဖ်ဝဲ)ဲကို စိတ်ချယုံကြည်စွာ နေ့စဉ်မှန်မှန် လိုက်နာကျင့်သုံးကြပါဟု တိုက်တွန်းရေးသား လိုက်ရပါတော့သတည်း။ ။

စိတ်နေသန့််ရှင်း ၊ ဘေးရန်ကင်း ၊ လွန်မင်းချမ်းသာကြပါစေ

Twitter Delicious Facebook Digg Stumbleupon Favorites More