This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, August 27, 2010

ကုသိုလ်ဘယ်လောက်ရနိုင်ပါသလဲ

အမေး။ ။အရှင်ဘုရား….အသက်ထင်ရှားရှိနေတဲ့တပည့်တော်မိဘများအတွက် ကျောင်းဆောင်တစ်ခု အလှူလုပ်ပေးမယ်ဆိုရင် ကုသိုလ်ဘယ် လောက်ရနိုင်သလဲဘုရား၊ တကယ်လို့ အမိအဘများထင်ရှားမရှိတော့တဲ့အချိန်မှာရော ကုသိုလ်ဘယ်လောက် ရနိုင်ပါ သလဲဆိုတာ ဖြေကြားပေး တော်မူပါဘုရား။ ။
မျိုးမင်းထွန်း
မြိတ်

အဖြေ။ ။သားသမီးများက မိဘများကုသိုလ်ရရေးအတွက် ကြိုးပမ်းပေးတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တစ်ခုဖြစ်သလို “မာတာပီတုဥပဋ္ဌာနံ” ဆိုတဲ့မင်္ဂလသုတ်တော်လာအတိုင်း မြတ်တဲ့မင်္ဂလာတစ်ပါးဖြစ်ပါတယ်။
အလှူဒါနလုပ်တဲ့အခါ မိဘများက အသက်ထင်ရှားရှိတာက တစ်ပိုင်း၊ ထင်ရှားမရှိတော့တဲ့အခါမှတစ်ပိုင်း ဆိုပြီး နှစ်ပိုင်းခွဲဖြေရမှာဖြစ် တယ်။ အမေးက နည်းနည်းပေမဲ့ သဘောပေါက်အောင်က အကျယ်တ၀င့်ရှင်းလင်းမှရမှာဖြစ်တယ်။
မေးခွန်းရှင်က ကုသိုလ်ရဲ့အကျိုးအမြတ်များများရချင်တဲ့ ဆန္ဒရှိပုံပါပဲ။ ကိုယ်လုပ်လိုက်တဲ့အလုပ်ရဲ့အကျိုးအမြတ် အများကြီးလိုချင်တာ လူသာတိုင်းရဲ့ဆန္ဒပါပဲ။ ဒါကြောင့် အမြတ်များများရနိုင်တဲ့ အလှူဒါနပြုလုပ်နည်းတစ်ခုပြောပါ့မယ်။
ဘုရားရှင်လက်ထက်တော်က ဘုရားရှင်ဟာ သ၀တ္ထိ၊ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေတဲ့အခိုက် ဝေဠုကဏ္ဍကီမြို့မှာ နန္ဒမာတာ ဆိုတဲ့ အမျိုးကောင်းသမီးကြီးတစ်ဦးဟာ သူမရဲ့အိမ်မှာ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်အမှူးရှိတဲ့နောက်ပါ သံဃာတော်များစွာကို အိမ်ပေါ်ပင့်ပြီး ဆွမ်းကုသိုလ်ဒါနပြုနေပါတယ်။ ဒီအခြင်းအရာကို ဘုရားရှင်က သာဝတ္ထိ၊ဇေတ၀န်ကနေ ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့မြင်တော်မူပါတယ်။
ဘုရားရှင်မြင်တော်မူလိုက်တာက ထူးခြားတာတစ်ခုရှိတယ်၊ နန္ဒမာတာပြုလုပ်နေတဲ့ အလှူဒါနဟာ အင်္ဂါခြောက်ပါးနဲ့ပြည့်စုံတဲ့အလှူ ဖြစ်တယ်။ဒီအလှူဒါနဲ့ရဲ့အကျိုးရလာဒ်ဟာ မရေမတွက်နိုင်တဲ့အကျိုးတွေ ရနိုင်တယ်။ ဥပမာ ပင်လယ်ထဲကရေများကို ဘယ်နှစ်ပီပါ၊ဘယ်နှစ်ဂါလံ လို့ ရေတွက်လို့မရစေကောင်းသလို နန္ဒမာတာပြုလုပ်တဲ့အလှူအကျိုးဟာ ပင်လယ်ရေများသလိုပဲ မရေမတွက်နိုင်အောင် အကျိုးများရနိုင်တယ်ဆို တာကို ဘုရားရှင်က မြင်တော်မူတယ်။ ဒီအကြောင်းကို ဘုရားရှင်က ဇေတ၀န်ကျောင်းက တရားနာပရိသတ်ကို ဟောတော်မူခဲ့ပါတယ်။ ဒိသုတ္တန်ရဲ့နာမည်က “ဒါနသုတ္တံ” လို့ခေါ်ပါတယ်။ နားလည်အောင်တိုကျဉ်းလိုရင်းပြောပါ့မယ်။
နန္ဒမာတာရဲ့အလှူပြုနည်းက…..ဒါနတစ်ခုမှာ အလှူပေး၊ အလှူခံ ဆိုတာရှိတယ်။ အလှူပေးတဲ့သူမှာ အင်္ဂါသုံးပါး ပြည့်စုံရပါမယ်။ ထို့အတူ အလှူခံပုဂ္ဂိုလ်မှာလဲ အင်္ဂါသုံးပါးနဲ့ပြည့်စုံရပါမယ်။ နှစ်ခုပေါင်းလိုက်တော့ အင်္ဂါခြောက်ပါးပေါ့။ဒါကို အင်္ဂါခြောက်ပါးနဲ့ပြည့်စုံတဲ့အလှူဒါနလို့ ခေါ်ပါတယ်။
အလှူပေးတဲ့သူရဲ့အင်္ဂါသုံးချက်ဆိုတာက….စေတနာသုံးတန်ပါပဲ၊ ရှင်းပါအုံးမယ်။ အလှူတစ်ခုမပြုလုပ်ခင် အလှူအတွက် ၀မ်းမြောက် ၀မ်းသာဖြစ်နေရပါမယ်။ လှူဆဲမှာလဲ ၀မ်းမြောက်ကျေနပ်နေရမယ်၊ လှူပီးနောက်ပိုင်းမှာလဲ ပြန်လည်တွေးတောပြီး ၀မ်းမြောက်ကျေနပ်နေရပါမယ်၊ ဒါဆိုရင် အလှူပေးသူမှာ အင်္ဂါသုံးပါးပြည့်စုံသွားပါပြီ။
သားသမီးများက မိဘအတွက်အလှူပြုလုပ်ပေးတဲ့အခါမှာ မိဘများက အထက်ပါအင်္ဂါသုံးချက်နဲ့ပြည့်စုံဖို့လိုတယ်ဆိုတာ သတိထားစေ ချင်ပါတယ်။ မလှူမီမှာဝမ်းမြောက်ကျေနပ်ဖို့အတွက် သားသမီးဖြစ်သူက အမိအဘများကို ပြုလုပ်မဲ့အလှူနဲ့စပ်ပြီး ၀မ်းမြောက်ကျေနပ်မှုရှိအောင် ပြောပေးရပါမယ်။ အလှူပေးနေတုန်းမှာလဲ အလှူရဲ့မြင်ကွင်းကို မိဘများမြင်သာအောင် ကြည့်ခိုင်းရပါမယ်။ တကယ်လို့ မလာနိုင်လို့အိမ်မှာဆိုရင် တော့ မိဘအနားနေသူတစ်ယောက်က ဒီအချိန်ဆို အလှူပြုလုပ်နေပါပြီ စသဖြင့် ၀မ်းမြောက်ဖွယ်ဖြစ်အောင်ပြောပေးရပါမယ်။ အလှူပီးတဲ့ အခါမှာ အလှူလုပ်ခဲ့တဲ့အခြင်းအရာကို မိဘများသတိရအောင် မကြာခဏဆိုသလို ပြောဆိုပေးခြင်းဖြင့် မိဘများဝမ်းသာကျေနပ်မှုရှိနေရပါမယ်။ ဒီနေရာမှာတစ်ခုသတိထားဖို့က လှူပီးတဲ့နောက် အမြဲတမ်းဝမ်းမြောက်စေနိုင်ဖို့အတွက် မိမိအလှူဟာ ‘အ’ တဲ့အလှူမဖြစ်ဖို့အရေးကြီးပါတယ်။ နားလည်အောင်ပြောအုံးမယ်။ ‘အ’တဲ့အလှူဆိုတာက ကျောင်းဆောင်တစ်ခုလှူလိုက်တယ်ဆိုပါစို့ ကိုယ်လှူထားတဲ့ကျောင်းကို အလှူခံပုဂ္ဂိုလ်များ ကအသုံးမပြုဘဲ တစ်နှစ်ပတ်လုံး သောခတ်ထားမယ်ဆိုရင် ဒီကျောင်းအလှူအပေါ်မှာ ဘယ်နည်းမှ အလှူရှင်ဟာ ၀မ်းမသာနိုင်ရှာတော့ဘူး။ ဒါကို ‘အ’ တဲ့အလှူလို့ခေါ်တာပါ။ ဒါကြောင့် ကိုယ်လှူမဲ့ကျောင်းဆောင်ဟာ အလှူခံပုဂ္ဂိုလ်များအတွက် တကယ်အသုံးဝင်တဲ့ကျောင်းဖြစ်ဖို့လိုတယ်။ ဒါမှ ‘မအ’ တဲ့အလှူဖြစ်သွားပါပြီ။
ဒီလိုပါပဲ အလှူပေးတဲ့သူမှာ စေတနာသုံးတန်နဲ့ပြည့်စုံတဲ့အတွက် ဒီအလှူဟာ မရေမတွက်နိုင်တဲ့အကျိုးတွေကို ရရှိနိုင်ပါတယ်။ တစ်ခုပြောစရာရှိတာက မိဘများသက်ရှိထင်ရှားရှိနေစဉ်မှာသာ အလှူလုပ်ပေးရင် အလှူရဲ့အကျိုးရဖို့ သေချာပါတယ်။ မိဘများကွယ်လွန်သွားမှ ပြုလုပ်ပေးမယ်ဆိုရင်တော့ မိဘများရမှန်း၊မရမှန်းမသိနိုင်တဲ့အတွက် မသေချာဘူးလို့ပဲပြောရပါမယ်။ မိဘများအသက်ထင်ရှားရှိစဉ် အထက်က ဆိုခဲ့တဲ့အတိုင်းအောင်မြင်စွာ အလှူပြုလုပ်ထားခဲ့တဲ့အတွက် မိဘများမှာကုသိုလ်ရပြီးဖြစ်တဲ့အတွက် နောက်ကွယ်လွန်သွားသော်လဲ ဒီကုသိုလ်က ဘ၀သံသရာပါသွားပါမှာဖြစ်တယ်။ ဒါဆိုရင် အလှူပေးတဲ့ပုဂ္ဂိုလ်ဘက်က သဘောရှင်းလောက်ပါပြီ။
အလှူခံပုဂ္ဂိုလ်အင်္ဂါသုံးချက်ကိုလဲ ထည့်သွင်းပြောပြရပါအုံးမယ်။ အလှူခံပုဂ္ဂိုလ်ဆိုတာ လောဘ၊ဒေါသ၊မောဟ ကင်းနေတဲ့ ရဟန္တာ ပုဂ္ဂိုလ်ဖြစ်ရမယ်။ တကယ်လို့ ရဟန္တာမဟုတ်သေးဘူးဆိုရင် လိုချင်မှုလောဘနည်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်၊ မခံသာမှုဒေါသနည်းအောင်ကျင့် နေတဲ့ပုဂ္ဂိုလ်၊ အမှန်အတိုင်းမသိတဲ့မောဟနည်းအောင် ကျင့်နေတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ ဒါက အလှူလက်ခံမဲ့ အလှူခံပုဂ္ဂိုလ်မှာ ပြည့်စုံရမဲ့အင်္ဂါသုံးချက် ပါပဲ။
ဒီလို လောဘ၊ဒေါသ၊မောဟ နည်းအောင်ကျင့်နေတဲ့အလှူခံပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကိုလဲ အလှူပေးတဲ့သူက သိထား ရမှာဖြစ်တယ်။ဒီအတွက် ဥပမာတစ်ခုပြောမယ် ရွှေစစ်မစစ်ဆိုတာကို မှတ်ကျောက်တင်စစ်ဆေးက သိရှိနိုင်သလို အလှူခံပုဂ္ဂိုလ်ကိုလဲ တိုင်းတာရပါမယ်။ဒါနဲ့ပတ်သက်ပြီး ဓမ္မပဒအဋ္ဌကထာမှာ စက္ခုပါလမထေရ်က “အရှင်ဘုရား…သာသနာမှာနေရင် ဘယ်လိုတာဝန်တွေ ထမ်းရပါ့မလဲဘုရား” လို့ ဘုရားရှင်အား မေးလျှောက်ဖူးပါတယ်။ ဘုရားရှင်က စာပေများကိုသင်အံ၊ပို့ချခြင်းဆိုတဲ့ ဂန္ထဓူရနဲ့ စာပေလာအတိုင်း အားထုတ်ရတဲ့ ၀ိပဿနာဓူရဆိုပြီး တာဝန် နှစ်ခုရှိတယ်၊ ဒီနှစ်ခုအနက်က တစ်ခုခုကို ပြုလုပ်နေရပါမယ်လို့မိန့်တော်မူပါတယ်။ဒါကြောင့် လောဘစတာတွေနည်းအောင်ကျင့်တဲ့ပုဂ္ဂိုလ်ဟာ သာသနာ့တာဝန်နှစ်ရပ်က တစ်ခုခုကို ပြုကျင့်နေတဲ့သူဖြစ်ရမယ်။ တကယ်လို့ ဒီနှစ်ခုကလွဲ မသင့်လျော်တဲ့အလုပ်တွေလုပ်နေမယ်ဆိုရင်တော့ လောဘစတာတွေ တိုးပွားနေတော့မှာဖြစ်တယ်။ တစ်ချို့ကသာသနာဝန်ထမ်းရဟန်း သာမဏေပြုလုပ်နေပြီး ဗေဒင်၊ဆေးကု၊ချဲဂဏန်းပေး၊ ဘောလုံးပွဲလောင်း၊ ဓါတ်ရိုက်၊ယတြာစတဲ့ မလျော်တဲ့အလုပ်တွေနဲ့ အချိန်ကုန်နေတာ ရှိပါတယ်။ ဒါကြောင့် အလှူတစ်ခုလုပ်တယ်ဆိုရင် ကိုယ်ပေးလှူမဲ့အလှူခံပုဂ္ဂိုလ်ကို ကြည့်ရပါမယ်။
အချူပ်ပြောရရင် ပေးလှူသူက အင်္ဂါသုံးပါး၊ အလှူခံပုဂ္ဂိုလ်က အင်္ဂါသုံးပါး ပြည့်စုံတဲ့အလှူဒါနမျိုးဟာ အင်္ဂါခြောက်ပါးနဲ့ပြည့်စုံတဲ့အလှူလို့ ခေါ်ပါတယ်။ အဲဒီအလှူရဲ့အကျိုးဟာ မရေမတွက်နိုင်တဲ့အကျိုးကို ရရှိမှာဖြစ်တယ်ပါတယ်။
အရေးကြီးတာတစ်ခုကျန်သေးတယ်။ တကယ်လို့ မေးခွန်းရှင်က အလှူရဲ့အကျိုး ဘယ်လောက်ရမလဲဆိုတာကို အကျိုးမျှော်ပြီး လှူဒါန်း ရင် မိမိမှာ အရနည်းတတ်တယ်။ ဒါနဲ့ပတ်သက်ပြီး အင်းဝခေတ်က ဆရာတော်ဦးဗုဓ် ဆိုတာကြားဖူးကြမှာပါ။ ဆရာတော်ကြီးကို ကိုးကွယ်နေတာ က နန်းမတော်မယ်နုဖြစ်တယ်။ အခုအချိန်အထိ အင်းဝမြို့ဟောင်းမှာ မယ်နုအုတ်ကျောင်းဆိုတာ ရှိသေးတယ်။ ဒီအုတ်ကျောင်းကြီးကို နန်းမတော် မယ်နုက ဆရာတော်ဦးဗုဓ်ကို လှူခဲ့တာပါ။ တစ်နေ့တော့ နန်းမတော်မယ်နုက ဆရာတော်ဦးဗုဓ်ထံလာရောက်ကာ သူပြုခဲ့တဲ့အလှူများအတွက် အကျိုးဘယ်လောက်ရနိုင်တယ်ဆိုတာကို မေးဖူးပါတယ်။ ဒီအခါ ဆရာတော်က နန်းမတော်မယ်နုကို ဖလားတစ်လုံးထဲ ရေအပြည့်ထည့် စေပါတယ်။ ပီးတော့ ဖလားထဲကရေတွေကို ကျောင်းအောက်မှာ သွားအသွန်ခိုင်းပါတယ်။ ဖလားထဲကရေများသွန်အပြီး ကျောင်းပေါ်ပြန်တက်လာတဲ့နန်းမတော်မယ်နုအား သင်လုပ်တဲ့ကောင်းမှုအကျိုးဟာ ဖလားထဲမှ အနည်းငယ်သာ ပြန်ပါလာတဲ့ရေလောက်သာ အကျိုးရရှိမယ်လို့ပြောလိုက်တယ်။ ဒါကဘာသဘောလဲဆိုရင် အကျိုးဘယ်လောက်ရမယ်ဆိုတာကို အကျိုးမျှော်ပြီး လှူရင် အကျိုး အရနည်းပါတယ်။ အလှူရဲ့အကျိုးကို မမျှော်ဘဲ အလှူခံပုဂ္ဂိုလ်ရဲ့အကျိုးကို ကြည့်ပြီး လှူဒါန်းရင် ဖလားထဲရေပြည့်နေသလို အကျိုးလဲများများရရှိနိုင်ပါတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

Wednesday, August 25, 2010

မနာလိုတာနဲ့သ၀န်တိုတာအတူတူလား

မနာလိုတာနဲ့ဝန်တိုတာအတူတူလား
အမေး။ ။မနာလိုတာနဲ့သ၀န်တိုတာ အတူတူပဲလားဆိုတာ သိချင်ပါတယ်ဘုရား၊ ပီးတော့ မနာလိုတာတွေက ဘာ့ကြောင့်ဖြစ်ရတာပါလဲဘုရား။ ဒီမနာလိုတာတွေ ဖြစ်လာရင် ဘယ်လိုဖြေဖျောက်ရမယ်ဆိုတာလဲ သိချင်ပါတယ်၊ ဂရုဏာရှေ့ထားဖြေကြားပေးတော်မူပါဘုရား။
သိန်းသိန်းမြင့်
မန္တလေး
အဖြေ။ ။ သိန်းသိန်းမြင့်မေးလိုက်တဲ့အမေးက…
(၁) မနာလိုတာနဲ့သ၀န်တိုတာ အတူတူလား။
(၂) မနာလိုတာတွေက ဘာကြောင့်ဖြစ်ရတာလဲ။
(၃) မနာလိုတာတွေဖြစ်လာရင် ဘယ်လိုဖြေဖျောက်ရမလဲ ဆိုပီး သုံးခုဖြစ်တယ်။ ပထမတစ်ခုကိုအရင်ဖြေပါ့မယ်။

(၁) မနာလိုတာနဲ့ သ၀န်တိုတာ အတူတူ မဟုတ်ပါဘူး။ မနာလိုခြင်းဆိုတာက သူတစ်ပါးကောင်းစားနေတာကို မနာလိုတဲ့သဘောကို ပြောတာပါ်။ ဒါကိုပဲ ပါဠိလို ဣဿာ လို့ခေါ်ပါတယ်။ သ၀န်တိုတယ်ဆိုတာ တကယ်တော့ ၀န်တိုတာကို ပြောတာဖြစ်တယ်။ ၀န်တိုတယ်ဆိုတာ မိမိပိုင်ဆိုင်တဲ့ သက်ရှိသက်မဲ့ပစ္စည်းများ သူတစ်ပါးကို ပေးရမှာ နှမြောတွန့်တိုတဲ့သဘော ပြောတာပါ။ ဒါကိုပဲ ပါဠိလို ‘မစ္ဆရိယ’ လို့ခေါ်ပါတယ်။ နားလည်အောင်အကျယ်ရှင်းပြပါအုံးမယ်။
မနာလိုမှု
ဣဿာဆိုတဲ့ မနာလိုမှုဟာ ပရသမ္ပတ္တိဥဿူယနလက္ခဏာ= သူတစ်ပါးရဲ့ပြည့်စုံတာ ကောင်းစားချမ်းသာတာကို ငြူစူခြင်း သဘောလက္ခဏာရှိပါတယ်။ သူတစ်ပါးကောင်းစားချမ်းသာတာကို အလိုမရှိတဲ့အတွက် သူတစ်ပါးကို ရန်မူချင်တယ်။သူတစ်ပါးစည်းစိမ်ချမ်းသာကိ ဖျက်ဆီးပစ်ချင်တယ်။ ဒီလိုမနာလိုတဲ့စိတ်ဖြစ်နေရင် ကိုယ့်မှာလဲ ဆင်းရဲတယ်။ထို့အတူ မနာလိုတဲ့သူက နှောက်ယှက်ဖျက်ဆီးတဲ့အတွက်ကြောင့် စီးပွားဥစ္စာပြည့်စုံတဲ့သူမှာလဲ ဆင်းရဲဒုက္ခရောက်တတ်တယ်
ပရသမ္ပတ္တိအနဘိရတိရသာ=သူတစ်ပါးရဲ့ပြည့်စုံတာ၊ကောင်းစားချမ်းသာတဲ့အပေါ်မှာ မပျော်မွေ့ခြင်းကိစ္စရှိတယ်လို့ ဆိုတဲ့အတိုင်း မနာလိုတဲ့သူက သူတစ်ပါး ချမ်းသာတာကို မမြင်ချင်ဘူး၊မကြားချင်ဘူး၊မတွေ့မသိချင်ဘူး။ မြင်ရ၊ကြားရ၊တွေ့နေရရင် စိတ်မချမ်းသာဘဲ မနေသာဘဲ ဖြစ်နေတတ်တယ်။
ပရသမ္ပတ္တိဝိမုခပစ္စုပဋ္ဌာနာ=သူတစ်ပါး ကောင်းစားချမ်းသာတာကို မကြည့်လိုဘဲ မျက်နှာလွဲတဲ့အနေဖြင့် ထင်ပေါ်နေပါတယ်။
ဝန်တိုမှု
ဝန်တိုမှုရဲ့လက္ခဏာက မိမိပိုင်နက်ကို သူတစ်ပါး မသိရအောင် လျှို့ဝှက်ထားလိုတဲ့သဘောလက္ခဏာရှိတယ်။
သက်ရှိသက်မဲ့ မိမိပိုင်နက်ကို သူတစ်ပါးနဲ့ မဆက်ဆံစေချင်တာ ဆက်ဆံသွားမှာကို သည်းမခံနိုင်တာဟာ ၀န်တိုမှုရဲ့ ကိစ္စ သူ့အလုပ်ပါပဲ။
သူတစ်ပါးအား ပေးကမ်းရေး ဆက်ဆံစေရေးနဲ့စပ်ပြီး တွန့်ဆုတ်တဲ့အနေဖြင့် ထင်ရှားတဲ့ အခြင်းအရာရှိတယ်။
ဝန်တိုမှု ဆိုတဲ့ မစ္ဆရိယက ငါးမျိုးတောင်ရှိတယ် သိသင့်တယ်ထင်လို့ အလျဉ်းသင့်တုန်းဖေါ်ပြပေးလိုက်ပါတယ်။ မစ္ဆရိယငါးမျိုးမှာ…
(က) အာဝါသမစ္ဆရိယ- နေရာနဲ့စပ်ပြီး ၀န်တိုမှုရှိခြင်း။
မိမိနေရာမှာ သူတစ်ပါးအား မနေစေချင်တာကို အာဝါသမစ္ဆရိယ လို့ခေါ်တယ်
(ခ) ကုလမစ္ဆရိယ-ချစ်ခင်ရင်းနှီးသူများနဲ့စပ်ပြီး ၀န်တိုခြင်း။
မိမိချစ်ခင်ရင်းနှီးတဲ့သူက တစ်ခြားသူနဲ့ရင်းနှီးသွားမှာကို မလိုလားတာကို ကုလမစ္ဆရိယ လို့ခေါ်တယ်။
(ဂ) လာဘမစ္ဆရိယ-လာဘ်လာဘ စီးပွားဥစ္စာနဲ့စပ်ပြီးဝန်တိုခြင်း။
မိမိနဲ့အလွန်ရင်းနီးသူက သူတစ်ပါးအား ပစ္စည်းဥစ္စာများသွားပေးတာကို သည်းမခံနိုင်တာကို လာဘမစ္ဆရိယ လို့ခေါ်ပါတယ်။
(ဃ) ၀ဏ္ဏမစ္ဆရိယ-ချီးမွမ်းဖွယ်ဂုဏ်နဲ့စပ်ပြီး ၀န်တိုခြင်း။
မိမိလှပသလို သူတစ်ပါးအား မလှပစေချင်တာ၊ သူတစ်ပါးလှပကြောင်း မပြောလို မကြားလိုတာ၊မိမိမှာ ချီးမွမ်းဖွယ်ဂုဏ်ရှိသလို သူတစ်ပါးအား ဂုဏ်မရှိစေချင်တာကို ၀ဏ္ဏမစ္ဆရိယ လို့ခေါ်ပါတယ်။
(င) ဓမ္မမစ္ဆရိယ-တတ်သိတဲ့စာပေပညာနဲ့စပ်ပြီး ၀န်တိုခြင်း။
စာပေအတတ်ပညာအရာမှာ မိမိတတ်သလို သူတစ်ပါးကို မတတ်စေချင်တာ၊ မသိစေချင်၊ မတတ်စေချင်လို့ လျှို့ဝှက်တာကို ဓမ္မမစ္ဆရိယ လို့ခေါ်ပါတယ်။ ဒီလောက်ဆိုရင် နံပတ်(၁)အမေးအတွက် ရှင်းလင်းသဘောပေါက်လောက်ပါပြီ။
(၂)မနာလိုတာတွေ ဘာကြောင့် ဖြစ်ရတာလဲ။
တစ်ခါက သတ္တ၀ါတွေမှာ ဆင်းရဲရတဲ့အကြောင်းနဲ့ပတ်သက်ပြီး၊ ဣဿာ၊ မစ္ဆရိယတရားတွေဟာ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကို သိကြားမင်းက ဘုရားရှင်အား မေးလျှောက်ပါတယ်။
ထိုအခါ ဘုရားရှင်က မနာလို ၀န်တိုမှုတွေဟာ ချစ်စရာနဲ့မုန်းစရာကြောင့်ဖြစ်တယ် ဟောတော်မူခဲ့ပါတယ်။ ချစ်စရာမုန်းစရာမရှိရင် မဖြစ်ဘူးလို့ ဆိုလိုတာပါ။
ချစ်စရာဆိုတာက ချစ်စရာကောင်းတဲ့ အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့အစရှိတဲ့သက်မဲ့အာရုံကောင်းတွေနဲ့သက်ရှိပုဂ္ဂိုလ်တွေဖြစ် တယ်။ မုန်းစရာဆိုတာက မုန်းစရာကောင်းတဲ့အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့စတဲ့ သက်မဲ့အာရုံဆိုးတွေနဲ့သက်ရှိပုဂ္ဂိုလ်တွေ ဖြစ်တယ်။
မိမိမှာ ပြည့်စုံနေတဲ့ ချစ်စရာကောင်းတဲ့အာရုံနဲ့ မိမိရင်းနှီးတဲ့အခြွေအရံတွေကို မိမိမုန်းတဲ့သူအား မရစေချင်၊ မနီးစပ်စေချင်တဲ့အနေဖြင့် ၀န်တိုမှု မစ္ဆရိယ ဖြစ်ပါတယ်။ဒါဟာ မုန်းတဲ့သူကို အကြောင်းပြုပြီးဖြစ်တဲ့ မနာလိုမှုပဲဖြစ်တယ်။ မိမိချစ်မြတ်နှိုးတဲ့ သက်မဲ့အဆင်း၊အသံစတာတွေနဲ့ အခြွေအရံအသင်းအပင်းစတာတွေထက် တစ်ပါးသူက သာသွားမှာကို မနာလိုတာပါ။ အဲဒါကိုဣဿာလို့ခေါ်တယ်။ မိမိချစ်မြတ်နိုးတဲ့စည်းစိမ်တွေကို တစ်ပါးသူအား မရစေချင်တာ ၀န်တိုမှုဖြစ်တာပါ။အဲဒါကို မစ္ဆရိယ လို့ခေါ်ပါတယ်။
မုန်းတဲ့သူမရှိရင်လဲ မနာလိုဖွယ် မရှိနိုင်ပါဘူး။ ထို့အတူ မိမိချစ်မြတ်နိုးတဲ့ဥစ္စာပစ္စည်းတွေ၊ မိမိချစ်မြတ်နိုးတဲ့ အခြွေအရံတွေ မရှိရင်လဲ မနာလို ၀န်တိုတာ မဖြစ်ပေါ်လာနိုင်ပါဘူး။ ဒါကြောင့် မနာလို၊၀န်တို တာဟာ မုန်းသူနဲ့ချစ်စရာတွေကိုမှီပြီး ဖြစ်ကြပါတယ်။

(၃)မနာလိုမှုတွေဖြစ်လာရင် ဘယ်လိုဖြေဖျောက်ရမလဲ။
မနာလိုမှု၊ ၀န်တိုမှုဆိုတာတွေဟာ ချစ်ခြင်းမုန်းခြင်းကြောင့် ဖြစ်ရတယ်ဆိုတာ အထက်မှာပြောခဲ့တယ်။ ဒါကြောင့် ချစ်ခြင်းမုန်းခြင်းမဖြစ်အောင် ကျင့်သုံးမယ်ဆိုရင် မနာလိုမှု ၀န်တိုမှုတွေ မဖြစ်နိုင်တော့။ ချစ်ခြင်းမုန်းခြင်းမဖြစ်အောင် …
အကုသိုလ်ပယ်ပြီး ကုသိုလ်ဖြစ်အောင် ကျင့်သုံးရပါမယ်။ ဘယ်လိုကျင့်သုံးရမလဲဆိုရင်……ဘုရားရှင်က ကုသိုလ်အစုအပုံကြီးဆိုတာ သတိပဋ္ဌာန်လေးပါးပါပဲ၊ သတိပဋ္ဌာန်လေးပါးကို ကုသိုလ်အစုအပုံကြီးလို့ပြောရင် မှန်ကန်တဲ့စကားဖြစ်တယ်လို့ မိန့်တော်မူတယ်။ ဒါကြောင့် သတိပဋ္ဌာန်တရားပွားများမယ်ဆိုရင် မနာလိုတာ၊၀န်တိုတာတွေ ဆိတ်သုဉ်းသွားနိုင်ပါတယ်။
ဖြစ်ပေါ်လာသမျှ အာရုံဟူသမျှကို အရှိကိုအရှိတိုင်းရှုမှတ်ပေးမယ်ဆိုရင် ရှုမှတ်တုန်းခဏမှာ ချစ်ခြင်းဆိုတဲ့လောဘ မုန်းခြင်းဆိုတဲ့ဒေါသတွေဟာ တစ်ခဏမျှ ပယ်သတ်ပြီးဖြစ်နေပါတယ်။ နားလည်အောင်ပြောရရင် မနာလိုမှုတွေဖြစ်လာတယ်ဆိုရင် ဒီမနာလိုတဲ့စိတ်ကိုပဲ “မနာလိုဘူး၊ တွေးတယ်၊သိတယ်” စသဖြင့် အရှိကိုအရှိအတိုင်း ရှုမှတ်ရပါတယ်။ထိုအခိုက်မှာ အကုသိုလ်တွေကို တစ်ခဏမျှ ပယ်နေတာပါပဲ။
ရှုမှတ်မှုအားကောင်းလို့ အရှေ့အမှတ်နဲ့နောက်အမှတ်ဆက်စပ်မိအောင် ရှုမှတ်နိုင်ပြီဆိုပါက၊ သမာဓိအား အတော်အတန် ကောင်းလာတဲ့အခါ လောဘနဲ့ဒေါသတွေကို တစ်အောင့်လောက်ကြာအောင် ပယ်သတ်နိုင်တယ်။ ဆိုင်ရာ မဂ်ဖိုလ်တွေရသွားပီဆိုရင် အောက်ထစ်ဆုံး သောတာပန်ဖြစ်သွားပီဆိုရင်တော့ မနာလိုမှု၊၀န်တိုမှုတွေ လုံးဝမလာနိုင်တော့ပါဘူးဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

Sunday, August 22, 2010

ဥပုသ်သီလနဲ့ သနပ်ခါးလိမ်းသင့်ပါသလား

ဥပုသ်သီလနဲ့ သနပ်ခါးလိမ်းသင့်ပါသလား
အမေး။ ။ အရှင်ဘုရား…တပည့်တော် ၀ါတွင်းဥပုသ်နေ့တွေမှာ ဥပုသ်စောင့်ပါတယ်ဘုရား၊ ဒါပေမဲ့ ရုံးသွားရတော့ သနပ်ခါးလိမ်းပါတယ်ဘုရား၊ (မိတ်ကပ်ပြင်၊နုတ်ခမ်းနီဆိုးခြင်းမဟုတ်ပါ) တရားစခန်းမှာတော့ တပည့်တော်မလိမ်းပါဘူးဘုရား။ ရုံးသွားပြီးအလုပ်လုပ်ရတာဖြစ်တော့ မျက်နှာပြောင်နဲ့သွားဖို့ မကောင်းဘူးထင်လို့ပါ၊သနပ်ခါးလိမ်းတဲ့အခါမှာတော့ လှပလိုတဲ့အတွက် လိမ်းခြယ်ခြင်းမဟုတ်ပါဘုရား။ လူမြင်တင့်တယ်ရုံ သနပ်ခါးလူးတယ်လို့ နှလုံးသွင်းပါတယ်ဘုရား၊ ဒီလိုပြုလုပ်တာဟာ သီလပျက်ပါသလားဘုရား။
တပည့်တော်တွေးမိတာတစ်ခုရှိသေးတယ်ဘုရား၊ တကယ်လို့ သနပ်ခါးလိမ်းတဲ့သီလတစ်ပါးကျိုးရင် ကျန်တဲ့ ၇ ပါး ရနိုင်ပါသေးတယ်လို့ တွေးမိပါတယ်။ အဲဒါဟုတ်ပါသလားဘုရား။
ရိုသေလေးစားစွာဖြင့်
မသန်းသန်းနိုင်
ရန်ကုန်

အဖြေ။ ။ဥပုသ်သီလယူပြီး သနပ်ခါးစတာတွေ လိမ်းကောင်းသလားဆိုတာနဲ့စပ်လို့ ၈-ပါးဥပုသ်သီလကို အရင် စစ်ကြည့်ရပါမယ်။ ဒီ ဥပုသ်သီလ မှာ ဌာနာပါတဲ့သိက္ခာပုဒ်နဲ့ ဌာနာမပါတဲ့သိက္ခာပုဒ်ဆိုပြီး သိက္ခာပုဒ် နှစ်မျိုးရှိပါတယ်။ ဒီရှစ်ပါးအနက် သုရာမေရယ သိက္ခာပုဒ်ဟာ ဌာနာပါပါတယ်။ နစ္စ ဂီတစတဲ့သိက္ခာပုဒ်မှာလဲ ဌာနာပါတယ်။ ကျန်တဲ့ ခြောက်ပါးမှာတော့ ဌာနာမပါပါဘူး။
ဌာနာဆိုတဲ့ပုဒ်ဟာ အကုသိုလ်ဖြစ်ခြင်းရဲ့အကြောင်းသာ ရှိပါသေးတယ်။ အကုသိုလ်မဖြစ်သေးပါဘူး။ဒါနဲ့စပ်လို့ ဌာနာမပါတဲ့သိက္ခာပုဒ် တွေမှာ ပါဏာတိပါတ သူတစ်ပါးအသက်မသတ်ခင်မှာလဲ ဒေါသဖြစ်တယ်၊ သတ်ဆဲအခါမှာလဲ ဒေါသအကုသိုလ်ဖြစ်တယ်၊ သတ်ပြီးတဲ့အခါမှာလဲ အကုသိုလ်ဖြစ်တယ်။ ဒါကြောင့် ပါဏာတိပါတစတဲ့ ဌာနာမပါတဲ့သိက္ခာပုဒ်ခြောက်ပါးဟာ မပြုခင်မှာလဲ အကုသိုလ်ဖြစ်တယ်၊ ပြုဆဲမှာလဲအကုသိုလ်ဖြစ်တယ်။ ပြုပြီးမှာလဲ အကုသိုလ်ဖြစ်တယ်။
ဌာနာဆိုတဲ့ပုဒ်ပါတဲ့ အရက်သောက်ခြင်ွးဟာ အကုသိုလ်ဖြစ်ချင်းရဲ့အကြောင်းပဲရှိပါသေးတယ်။ အရက် မသောက်မီကလဲ အကုသိုလ်မဖြစ်ပါဘူး၊ သောက်ဆဲမှာလဲ အကုသိုလ်မဖြစ်ဘူး၊သောက်ပြီးတဲ့အခါမှာသာ တကယ်အကုသိုလ်ဖြစ်တော့မှာပါ။
နစ္စ၊ ဂီတစတဲ့ ကခုန်၊တီးမှုတ်၊သနပ်ခါးလိမ်းတာတွေဟာလဲ မပြုမီက အကုသိုလ်မဖြစ်ပေါ်သေးပါ၊ ပြုဆဲမှာလဲ အကုသိုလ်မဖြစ်ပေါ်သေး ပါ။ ပြုပြီးတဲ့နောက်ပိုင်းမှာ အကုသိုလ်ဖြစ်ရတာပါ။ ဒီလို နောက်မှဖြစ်ပေါ်ရတဲ့အတွက် ဌာနာ သဒ္ဒါ ပါပါတယ်။
ဒါကြောင့် အရက်သောက်ခြင်း၊ သနပ်ခါးလိမ်းခြယ်ခြင်းစတာတွေ ပြုလုပ်ပြီးမှ သီလာယူတာဟာ မအပ်မဟုတ်၊ အပ်ပါတယ်။သို့သော် လည်း သီလခံယူပြီးတဲ့နောက် သနပ်ခါးလိမ်းဖို့ရာ မအပ်တော့တဲ့အတွက်ကြောင့် သီလယူပြီးတဲ့အခါ လိမ်းခြယ်ထားတဲ့သနပ်ခါးတွေကို ပယ်ဖျက်ရပါမယ်။
နောက်တစ်ခုက ရှစ်ပါးသီလကို တစ်ပါးစီဆိုပြီး ရှစ်ပါးစလုံးယူထားရင် တစ်ပါးပျက်က ကျန်ခုနှစ်ပါးရှိပါသေးတယ်။ ဒါပေမဲ့ ရှစ်ပါးစလုံးကို တစ်ပြိုင်တည်း ယူလိုက်မယ်ဆိုရင် တစ်ပါးပျက်က အားလုံးပျက်သွားပါကြောင်း ထပ်လောင်း ဖြေကြားပေးလိုက်ရပါတယ်။

ဆွမ်းတော်ကို နေ့၁၂ နာရီကျော်တဲ့အထိ ထားကောင်းပါသလား

အမေး။ ။ ဘုရားဆွမ်းတော်ကို နေ့ ၁၂ နာရီကျော်တဲ့အထိ မစွန့်ဘဲထားရင် အပြစ်ရှိ-မရှိ သိချင်ပါတယ်ဘုရား။တပည့်တော်က နံနက် ၈-နာရီမှာအလုပ်သွားပြီး ညနေ ၆-နာရီမှ အိမ်ကိုပြန်ရောက်ပါတယ်။ မနက်ရုံးမသွားခင် ဆွမ်းကပ်ပြီး ၁၀-မိနစ်အကြာမှာ ပြန်စွန့်လိုက်မယ်ဆိုရင် အစွန့်မြန်တဲ့အတွက် တပည့်တော်မလုပ်ချင်ပါဘုရား၊ ဆွမ်းဘုဉ်းပေးချိန်ဟာ မိနစ် ၃၀ အများဆုံးဆိုတာကို ဆရာတော်များရဲ့တရားတွေမှာ နာကြားဖူးပါတယ်ဘုရား။ တပည့်တော်က မနက် ၈-နာရီမထိုးခင် ဆွမ်းတော်ကပ်ပြီး နေ့၁၂-နာရီအထိ ကပ်လှူထားချင်ပါသေးတယ်။ ဘယ်လိုမျိုး ဆွမ်းတော်ကပ်က ပိုမိုကောင်းမွန်နိုင်ပါတယ်ဆိုတာကို တပည့်တော်အားပြန်လည် ဖြေကြားပေးတော်မူပါဘုရား
ရိုလေလေးစားစွာဖြင့်
မသန်းသန်းနိုင်
ရန်ကုန်

အဖြေ။ ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ၀ိကာလအခါမှာ အစာစားခြင်းမှ ရှောင်ကြဉ်တာကို လိုလားတော်မူပါတယ်။ ဒါကြောင့် ၁၂-နာရီကျော် တဲ့အခါ အစာမစားခြင်းဟာ ဘုရားရှင်ရဲ့အလိုတော်ကျဖြစ်ပါတယ်။ ဆွမ်းတော်ပွဲကို ဘုရားအဆောင်မှာ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ၁၂-နာရီ ကျော်တဲ့အထိ ထားမယ်ဆိုရင် ဘုရားရှင်အလိုတော်ကျမဟုတ်တော့ပါဘူး။ ဘုရားရှင်ရဲ့အလိုတော်ကျဖြစ်အောင် နေ့ ၁၂-နာရီမကျော်ခင် ဆွမ်းတော်စွန့်တာက ပိုမိုကောင်းမွန်ပါလိမ့်မယ်။ ဒါ့ပြင် ဆွမ်းတော်ကို နေ့၁၂-နာရီကျော်လွန်လို့ ညနေအချိန်အထိ ထားမယ်ဆိုရင် ယင်ကောင်တွေ၊ပုရွက်ဆိတ်တွေနဲ့ ဘုရားအဆောင်ဟာ ရှုပ်ပွနေတော့မှာပါ။ ဒါဆိုရင်တော့ ဘုရားရှင်ကို အဂါရ၀ မရိုသေရာလဲ ရောက်နေ ပါတယ်။ အကောင်းဆုံးကတော့ ၁၂ -နာရီမထိုးမီအချိန်လေးအထိသာ ထားပြီး ဆွမ်းတော်စွန့်က အကောင်းဆုံးဖြစ်ပါတယ်။
ဒါပေမဲ့ မသန်းသန်းနိုင်ရဲ့ အခက်အခဲအရဆိုရင်တော့ နေ့ ၁၂-နာရီအထိဆွမ်းကပ်ဖို့က မဖြစ်နိုင်တဲ့အတွက် အကောင်းဆုံးအနေနဲ့ အကြံပေး ရမယ်ဆိုရင် နံနက် စောစောအိပ်ရာကထတဲ့အကျင့်လုပ်ပြီး၊ စောစောဆွမ်းထချက်လို့ရပါတယ်။ ပြီးရင် နံနက်အရုဏ်ဆွမ်းအဖြင့် နံနက် ၆-နာရီလောက်မှာ ဆွမ်းတော်ကပ်ပြီး၊ နံနက် ၆း၃၀-နာရီ သို့မဟုတ် ၇-နာရီလောက် ဆွမ်းတော်စွန့်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

Thursday, August 12, 2010

အမြတ်များများရချင်ရင် ဘယ်လိုကုသိုလ်မျိုးပြုမလဲ

လောကမှာ အလုပ်တစ်ခုလုပ်တယ်ဆိုရင် အကျိုးရှိမှ ကောင်းပါတ်ယ်၊ အကျိုးမရှိရင် သဲထဲရေသွန်ဆိုသလို လုပ်သမျှ မောရုံသာ အဖတ်တင်မှာပါ။ လောကရေးရာမှာပဲဖြစ်ဖြစ်၊ ဓမ္မရေးရာမှာပဲဖြစ်ဖြစ် အကျိုးရှိဖို့ အရေးကြီးပါတယ်။ ဒီလိုပါပဲ ဘ၀တိုးတက်မှုအတွက် ကုသိုလ် ကောင်းမှုတွေ ပြုလုပ်တဲ့အခါ ရလာတဲ့အကျိုးတရားက အလွန်နည်းနေတယ်ဆိုရင် အဆင်မပြေပါ။ ပြုလုပ်လိုက်တဲ့ကုသိုလ်အတွက် ထိုက်ထိုက်တန်တန် လိုချင်ကြမှာပါ။ ဒါကြောင့် အကျိုးအမြတ်များများ ရနိုင်တဲ့ အလှူဒါနတစ်ခု ပြုလုပ်ချင်တဲ့သူများအတွက် ဘုရားရှင်လမ်း ညွန်ထားတာရှိပါတယ်။
ထိုအကြောင်းနဲ့စပ်လို့ ဟောတော်မူထားတဲ့ သုတ္တန်ရဲ့အမည်က “ဒါနသုတ်” ဖြစ်ပါတယ်။ ဒီတရားတော်ကို အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်ပါဠိတော်၊ ဒေ၀တာသုတ်မှာ လာရှိပါတယ်။

အခါတစ်ပါး သက်တော်ထင်ရှား မြတ်စွာဘုရားရှင်ဟာ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူပါတယ်။ ဒီအချိန်မှာ ဝေဠုကဏ္ဍကမြို့အတွင်း နန္ဒမာတာ အမည်ရှိတဲ့ အမျိုးကောင်းသမီးကြီးတစ်ဦးဟာ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် အမှူးရှိတဲ့ နောက်ပါသံဃာများစွာတို့ကို အိမ်မှာပင့်ပြီး ဆွမ်းဖြင့် ပြုစုလုပ်ကျွေးနေပါတယ်။ ဒီမှာထူးခြားတာက နန္ဒမာတာအမျိုးကောင်းသမီး ပြုလုပ်နေတဲ့ဒါနဟာ အင်္ဂါခြောက်တန်နဲ့ပြည့်စုံတဲ့ဒါနဖြစ်နေတာကို ဘုရားရှင်က ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ သိမြင်တော်မူပါတယ်။
ဒါကြောင့်ဘုရားရှင်ကလဲ သာဝတ္ထိမြို့၊ဇေတ၀န်ကျောင်းတော်ရှိ တရားနာပရိသတ်များအား ဆဠင်္ဂသမ္ပန္နဂတဒါန အင်္ဂါခြောက်ပါးနဲ့ ပြည့်စုံတဲ့အလှူ တရားတော်ကို ဟောကြားတော်မူပါတယ်။ နန္ဒမာတာ ပြုလုပ်တဲ့ကောင်းမှုရဲ့အကျိုးဟာ သမုဒ္ဒရာရေတွေ မရေမတွက်နိုင်သလို ကုသိုလ်အကျိုးဟာလဲ မရေမတွက်နိုင်အောင်ပါပဲ လို့ ဘုရားရှင်မိန့်တော်မူခဲ့ပါတယ်။
အင်္ဂါခြောက်ပါးအလှူဆိုတာက အလှူပေးတဲ့ အလှူ့ရှင်မှာ အင်္ဂါ သုံးပါး ပြည့်စုံရပါမယ်၊ အလှူခံပုဂ္ဂိုလ်မှာလဲ အင်္ဂါသုံးပါး ပြည့်စုံရမယ်။ အလှူပေးအလှူခံပေါင်းလိုက်တော့ ခြောက်ပါးရတယ်။ဒါကိုပဲ အင်္ဂါခြောက်ပါးနဲ့ပြည့်စုံတဲ့အလှူလို့ ပြောပါတယ်။
အလှူပေးတဲ့ဒါယကာနဲ့စပ်လို့ ပြည့်စုံရမဲ့ အချက်သုံးချက်က… (၁)ပုဗ္ဗစေတနာ- မလှူမီရှေ့အဖို့ ကျေနပ်နှစ်သက်ဝမ်းမြောက် နေရမယ်။ (၂) မုဉ္စစေတနာ-လှူတုန်းလှူဆဲမှာလဲ ကြည်ရွှင်နှလုံး ပျော်မဆုံးရှိနေရမယ်။ (၃) အပရစေတနာ-လှူပြီးနောက်လဲ အစဉ်လဲ အမြဲဝမ်းမြောက်ကြည်နူး နေရပါမယ်။
ပုဗ္ဗစေတနာ
ဒီစေတနာရဲ့သဘောက မလှူခင် ၀မ်းမြောက်ကျေနပ်နေရပါမယ်။ ဆက်ပြောပါ့မယ်။်
မလှူမီ အလှူကောင်းမှုအတွက် ကြိုတင်ပြင်ဆင်မှု ၀တ္ထုကြေးငွေပြည့်စုံမှုစတဲ့ ပြင်ဆင်မှုတွေလုပ်ရပါတယ်။ ဒီလို အချင်းချင်းတိုင်ပင်တဲ့အခါ အချင်းချင်း အတ္တ မာန ခ၀ါချပြီး ဆွေးနွေးတိုင်ပင်ရတယ်။ ‘ငါ့မှာရှိလို့ ငါလုပ်တာ မင်းတို့နဲ့ဘာဆိုင်လဲ၊ မင်းတို့အလှူအတွက် မထည့်လဲအရေးကြီးဘူး၊ ငါတစ်ယောက်ထဲလုပ်မယ်’ စတဲ့ မလှူခင်မှာကို ပြဿနာတက်နေပီဆိုရင် ပုဗ္ဗစေတနာ မပြည့်စုံနိုင်တော့။ တစ်ခါက စာရေးသူထံ ဇနီးမောင်နှံနှစ်ဦး ကျောင်းရောက်လာပြီး ဇနီးဖြစ်သူက မနက်ဖန် အလှူအတွက် အိမ်ကို ကြွဖို့အကြောင်း ၀မ်းသာအားရလျှောက် တယ်။ ဒါကို အနီးရှိ ယောင်္ကျားဖြစ်သူက ဒီကိစ္စသူ့ကို မတိုင်ပင်ရကောင်းလား ဆိုကာ နှစ်ဦးသား စာရေးသူရှေ့မှာ တစ်ခွန်းတစ်စ ပြောကြပါလေရော။ဒီလိုဆိုတော့ ပုဗ္ဗစေတနာ ပျက်ယွင်းသွားတာပေါ့။ ယောင်္ကျားဖြစ်သူက မတိုင်ပင်လဲ ပုဗ္ဗစေတနာအထ မြောက်အောင် နားလည်ပေးလိုက်ရင်လဲ ဖြစ်ပါတယ်။ အလှူနဲ့ပတ်သက်ပြီး ပုဗ္ဗစေတနာမချို့ယွင်းမိဖို့ အထူးသတိထားရပါမယ်။ တကယ်လို့ ပုဗ္ဗစေတနာချို့ယွင်းပီဆိုရင် ဖြစ်လေရာဘ၀ ချမ်းသာသော်လဲ အရုပ်ဆိုးအကျည်းတန် တတ်ပါတယ်။ ဘုရားအလောင်းတော် မင်းကုသာဟာ ဘုန်းတံခိုးအာဏာကြီးတဲ့ဘုရင်တစ်ပါးဖြစ်ပေမဲ့ သူ့ရဲကမျက်နှာဟာ ဘီလူးတစ်ကောင်အလား အရုပ်ဆိုးကျည်းတန်လှတယ်။ဒါဟာ ပုဗ္ဗစေတနာ ချို့ယွင်းခဲ့လို့ပါ။ စာရှည်သွားမှာစိုးတဲ့အတွက် အတိတ်သာဓက ပြန်မပြတော့ပါဘူး။
အပရစေတနာ
ဒီစေတနာရဲ့သဘောက လှူပြီးနောက် ၀မ်းမြောက်ပျော်ရွှင်ရပါမယ်။ ပျံလွန်တော်မူပြီးဖြစ်တဲ့ မစိုးရိမ်ဆရာတော်ဘုရားကြီးက သူ့ရဲ့တပည့် ဒကာ/ဒကာမများအား “မင်းတို့ အလှူလုပ်တဲ့အခါ ‘အ’ တဲ့အလှူ မဖြစ်စေနဲ့” လို့ မိန့်တော်မူခဲ့တယ်။ဒါဟာ အပရစေတနာအားကောင်းအောင် တွန်းအားပေးလိုက်တဲ့ ဆုံးမစကားပဲ ဖြစ်တယ်။ ဆက်လက်ပြောပါဦးမယ်၊ မိမိလှူလိုက်တဲ့အလှူဟာ အသုံးဝင်နေရမယ်။ ကျောင်းကြီးတစ်ဆောင် ဆောက်လှူထားတယ်ဆိုပါစို့၊ လှူထားတဲ့ကျောင်းဟာ ရဟန်းသံဃာတော်များ အသုံးချမှုလဲမရှိ၊ အမြဲတမ်း သော့ခတ် ထားမယ်ဆိုရင် အလှူရှင်က ဒါကိုကြည့်ပြီး ၀မ်းမြောက်မှုမရနိုင်တော့ ၀မ်းမြောက်မှုမရှိရင် ‘အ’တဲ့အလှူဖြစ်သွားပါတယ်။ စာမကြည့်ဖြစ်တဲ့ ကျောင်းမှာ ပိဋကတ်သုံးပုံ သွားလှူထားမယ်ဆိုရင် ဘာမှအသုံးမ၀င် အလှပြရုံသက်သက်မို့လို့ လှူရတဲ့သူမှာ ဒါကိုကြည့်ပြီး ၀မ်းမြောက်နိုင်ဘူး၊ တကယ်လို့ စာသင်တိုက်တွေမှာ လိုအပ်တဲ့ စာအုပ်စာတမ်းတွေ တကယ်အသုံးလိုနေတဲ့စာအုပ်တွေကို လှူလိုက်လို့ရှိရင် ထိုစာအုပ်အလှူအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်နေမှာပါ။ဒါဟာ အလှူ့ရှင်အတွက် အပရစေတနာ အထမြောက်သွားတာပါပဲ။ ဒါကြောင့် လှူတဲ့အခါ “အ” တဲ့အလှူမျိုး မဖြစ်အောင် အသုံးဝင်တဲ့ ပစ္စည်းများကိုသာ လှူရမှာဖြစ်တယ်။ ဒါဆိုရင် အပရစေတနာနဲ့စပ်လို့ သဘောရှင်းလောက်ပါပြီ။
မုဉ္စစေတနာ
ဒီစေတနာရဲ့သဘောက လှူတုန်းလှူဆဲမှာ ၀မ်းမြောက်မှုရှိရပါမယ်။ ကောင်းမှုပြုတဲ့အခါ လှူဆဲမှာလဲ အလွန်အရေးကြီးပါတယ်။ ပေးလှူတုန်း မှာ ကာမတရား၊ ဘ၀တရားတွေကို မက်မောတတ်တဲ့ တဏှာလောဘကို ကျော်လွှားနိုင်ရမယ်။ ဒါမှလဲ မုဉ္စစေတနာအောင်မြင်မယ်။ ကောင်းမှုအလှူနဲ့စပ်လို့ ဆုတောင်းတဲ့အခါ တစ်ချို့ရှိကြတယ်။ ဇောတိလ၊ဇဋိလသူဌေးတို့လို ချမ်းသာရပါလို၏။ ရှင်သာရိပုတ္တရာတို့လို ပညာကြီးရပါလို၏၊ ရှင်မဟာမောဂ္ဂလာန်တို့လို တန်ခိုးကြီးရပါလို၏ အနာထပိဏ်သူဌေး၊၀ိသခါတို့လို ဖြစ်ရပါလို၏၊ အရှင်ဗာကုလလို အနာရောကင်းပြီး ချမ်းသာရပါလို့၏ လို့ ဆုတောင်းကြပါတယ်။ ကောင်းမှုတစ်ခုလုပ်ပြီး လိုချင်လိုက်တဲ့ဆုတွေက တအားများနေတယ်၊ အားလုံးတစ်ကြိမ်တည်းဖြစ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘုရားလက်ထက်တောက ရှင်သာရိပုတ္တရာဆိုတာ ဘုရားရှင်ပြီးရင် ဒီအရှင်တွေပဲရှိကြ တယ်။ ရှင်သာရိပုတ္တရာတို့တောင်မှာ ရထားတဲ့ဆုက ပညာဧတဒဂ် ဆိုတဲ့ ဆုတစ်ခုတည်းပါ။ ဒါကို လောကရှိသမျှ ကောင်းတဲ့ဆုတွေ အကုန်လုံးလိုချင်လို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါဟာ လောဘတဏှာဦးစီး လှူတာဖြစ်တော့ ပါရမီအဆင့်ကိုတောင် မမီပါဘူး။ ဒါဖြင့်ဘယ်လိုဆုတောင်းမလဲ၊ ဆွမ်းလှူတဲ့သူဟာ ဆွမ်းအကျိုးကတော့ မတောင်းလဲရ၊တောင်းလဲရပီးသားပါ၊ မိမိရည်ရွယ်ရမှာ ဆင်းရဲကင်းတဲ့ နိဗ္ဗာန်ချမ်းသာ အထောက်အပံ့ဖြစ်ပါစေဆိုရင် ပါရမီအဆင့်ရောက်သွားပါတယ်။ လိုရင်းပြောရင် ကိုယ့်အကျိုးမကြည့်ဘဲ အလှူခံရဲ့အကျိုးကို မျှော်ပြီး လှူလိုက်ရင် အဲဒီအလှူဟာ ပါရမီအဆင့် ပြည့်မီသွားပါတယ်။ ဒါ့အပြင် ပေးလှူဆဲမှာလဲ ၀မ်းမြောက်ကြည်နူးမှု များဖြစ်နေမယ်ဆိုရင် မုဉ္စစေတနာအောင်မြင်သွားပါတယ်။ ဒါကို မှတ်လွယ်အောင် ဆောင်ပုဒ်လေးကို လိုက်မှတ်ထားလိုက်ကြပါ
(ပေးလှူသူမှာ ၊ စေတနာ၊ သုံးဖြာစုံရမည်)
အလှူပေးတဲ့ဒါယကာမှာ အခုပြောခဲ့တဲ့ အင်္ဂါသုံးချက်တော့ ပြည့်စုံပါပြီ၊ ဒီလိုပြည့်စုံရုံနဲ့မပြီးသေးဘူး။ အလှူခံပုဂ္ဂိုလ်ဘက်မှာလဲ အင်္ဂါသုံးချက်ပြည့်စုံရမှာပါ။ အလှူခံဆိုတာ ကိလေသာ ကင်းပြီးနေရမယ်။ရဟန္တာဖြစ်ရမယ်လို့ ဆိုလိုပါတယ်။ ဒါပေမဲ့ ကိလေသာ မကင်းသေး ဘူးဆိုရင်တော့ လောဘနည်းအောင်၊ဒေါသနည်းအောင်၊မောဟနည်းအောင်ကျင့်နေတဲ့သူဖြစ်ရမယ်။ ဒါဟာ အလှူခံမှာပြည့်စုံရမဲ့အင်္ဂါသုံးချက် ပါပဲ။ မေးစရာရှိတာက ကိလေသာနည်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဆိုလိုပါသလဲ၊ ဘယ်လိုသိရမလဲ လို့ မေးစရာရှိ တယ်။ဒါနဲ့ပတ်သက်ပြီး ဥပမာတစ်ခု ရွေစစ်-မစစ်ဆိုတာကို မှတ်ကျောက်တင်ပြီး စစ်ရပါတယ်။ဒီလိုပါပဲ လောဘစတဲ့ကိလေသာနည်းအောင် ကျင့်နေတဲ့ပုဂ္ဂိုလ်ကိုလဲ စံထားပြီး မှတ်ကျောက်တင်ရပါမယ်။ ဘယ်လိုစံပြုမလဲဆိုရင်…
ဂေါတမဘုရားရှင်လက်ထက်မှာ စက္ခုပါလမထေရ်၊ ကဿပဘုရားရှင်လက်ထက်မှာ ကပိလရဟန်းတို့ဟာ ဘုရားရှင်ကို မေးဖူးပါတယ်။ “အရှင်ဘုရား ဘုရားရှင်ရဲ့သာသနာတော်မှာ ၀င်ရောက်ခုံလှုံလာရင် ဘာလုပ်ငန်းများ လုပ်ကိုင်ပေးရမလဲဘုရား” လို့မေးတယ်။ ထိုအခါ ဘုရား ရှင်က သာသနာတော်မှာ အလုပ်ငန်းနှစ်မျိုးရှိတယ်၊ အဲဒီနှစ်မျိုးအနက် တစ်မျိုးမျိုးကို ပြုလုပ်နေရမယ်။ (၁)ဂန္ထဓုရ၊ ဘုရားဟောစာပေတွေကို သင်အံကျက်မှတ် ပို့ချတာတွေပြုလုပ်နေရမယ်၊ တရားဟောတာတွေလဲအတူတူပဲ၊ ၀ိပဿနာဓုရ ဆိုရင်တော့တရားအားထုတ်ခြင်း၊ တရားပြသခြင်းစတဲ့ သာသနာ့တာဝန်တွေပါ၊ဒီလုပ်ငန်းနှစ်ရပ်အနက် တစ်မျိုးမျိုးကို စွမ်းနိုင်သလောက်ပြုလုပ်နေမယ်ဆိုရင် လောဘစတဲ့ကိလေသာနည်းအောင်ကျင့်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ ဘုရားရှင်ချမှတ်ခဲ့တဲ့လုပ်ငန်းနှစ်ရပ်ပါ။
ဒီလုပ်ငန်းနှစ်ခုကသွေဖီပြီး ရဟန်းဖြစ်ပါလျှက် ဆေးကုခြင်း၊ ဗေဒင်တွက်ခြင်း၊ ဓါတ်ရိုက်ယတြာချေခြင်း၊ဓါတ်ကူးပေးခြင်း၊ ချဲဂဏန်းပေးခြင်း၊ဘောလုံးပွဲလောင်းခြင်းစတာတွေကို ပြုလုပ်နေကြမယ်ဆိုရင် ဒါဟာ လောဘတိုးပွားကြောင်း၊ ဒေါသတိုးပွားကြောင်း အကျင့်တွေပဲ ဖြစ်လာတော့မှာပါ။ ဘာ့ကြောင့်ဆိုရင် ဆေးကုတယ်ဆိုတာလဲ လာဘ်လာဘကို မျှော်တာပါပဲ၊ ဗေဒင်တွက်ခြင်း ချဲဂဏန်းပေးခြင်း၊ ဘောလုံးပွဲလောင်းခြင်းစတဲ့ အလုပ်တွေလဲ အတူတူပါပဲ။ ဒီလိုလာဘ်လာဘမှီပြီးဖြစ်လာမှတော့ လောဘတိုးပွားအောင် လုပ်တဲ့အလုပ်တွေပဲ ဖြစ်တယ်။
ပီးတော့ ထိုလုပ်ငန်းနှစ်ရပ်အနက်တစ်ခုခု ပြုလုပ်နေတိုင်းလဲ လောဘနည်းအောင်ကျင့်တယ်လို့ မခေါ်ဆိုနိုင်ဘူး။ ဒါနဲ့စပ်လို့ စံနှစ်ခုကိုရှိတယ်၊ ဒါနဲ့စပ်လို့ မြစကြာဆရာတော်ရဲ့ အဆိုအမိန့် ကောင်းလွန်းလို့ ဒီနေရာမှာ ထည့်သွင်းပြောပြပါ့မယ်။ (၁) မိမိလုပ်တဲ့လုပ်ငန်း မှန်ကန်မှုရှိရတယ်၊လမ်းကြောင်းမှန်ရမယ်။(၂)စေတနာ မေတ္တာ ရည်ရွယ်ချက်ကောင်းရမယ်။ ဒီ စံနှစ်ချက်နဲ့ကိုက်ညီမှ လောဘနည်းအောင် ကျင့်တာလို့ခေါ်ပါတယ်။
ဆိုပါစို့…ဂန္ထဓုရအတွက် စာသင်တိုက်ထောင်တယ်ဆိုတာ နောက်မျိုးဆက်သစ်လေးတွေ ထွန်းကားပြီး သာသနာဆက်လက်ပြုသွား နိုင်အောင်၊ သာသနာဆက်လက်တည်တန့်နေအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာဆိုရင်တော့ ကောင်းပါတယ်။ အလုပ်လဲမှန်တယ်၊ စေတနာ မေတ္တာ ရည်ရွယ်ချက်လဲ မှန်ကန်တယ်။ ဒါဆိုရင် လောဘနည်းကြောင်းကျင့်နေတဲ့ အကျင့်လို့ ပြောနိုင်ပါတယ်။
ဒီလိုမှမဟုတ်ဘဲ စာသင်တိုက်ထောင်တာ ငါ့အတွက် ကျော်ကြားဖို့၊ နာမည်ကြီးဖို့၊ နိုင်ငံသာမက ကမ္ဘာကျော်ဖို့ ဆိုတဲ့ မှားယွင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်ကြပါတယ်။ နာမည်ကြီးချင်၊ ကမ္ဘာကျော်ချင်တယ်။ဒီရည်ရွယ်ချက်နဲ့စာသင်တိုက်ထောင်တယ်။ ဒါဟာ လုပ်ငန်းမှန်ကန်မှုရှိတယ်။ ဒါပေမဲ့ ကျော်ကြားချင်တယ်ဆိုတဲ့ လောဘဦးစီးနေတဲ့အတွက် လောဘ တိုးပွားကြောင်းအကျင့် ဖြစ်သွားတယ်၊ ဒေါသတိုးပွာကြောင်းအကျင့်ဖြစ်သွားပါတယ်။ တရားဟောတာလဲဒီအတိုင်းပဲ လာဘ်လာဘငှြဲ့ပီး တရားဟောရင်တော့ လောဘတိုးပွား ကြောင်းပေါ့၊ လူတွေအသိဥာဏ်တိုးပီး လိမ္မာယဉ်ကျေးစေချင်တဲ့စိတ်ကောင်းနဲ့ ဟောတာဆိုရင်တော့ ဒါ လောဘနည်းကြောင်းအကျင့်ပေါ့။ ဘာသာရေးစာရေးဆရာတွေလဲဒီလိုပါပဲ၊ အမြတ်ရအောင်၊ နိုင်ငံကျော်အောင် ရည်ရွယ်ချက်နဲ့ စာပေရေးသားတယ်ဆိုရင် လုပ်ငန်းကမှန်တယ်။ဒါပေမဲ့ စိတ်စေတနာက လောဘဦးစီးနေတဲ့အတွက် လောဘတိုးပွားကြောင်းဖြစ်နေပါတယ်။
ဝိပဿနာဓုရနဲ့ပတ်သက်ပြီးတော့လဲ ဒီလိုပါပဲ၊ ရိပ်သာထောင်တယ်ဆိုတာ သတ္တ၀ါဝေနေယျအများ ကိလေသာငြိမ်းကြောင်းအကျင့် တွေကို ကျင့်နိုင်အောင် လမ်းပြပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆိုရင်တော့ ကောင်းပါတယ်။ လုပ်ငန်းလဲမှန်တယ်၊ စိတ်စေတနာ ရည်ရွယ်ချက်လဲကောင်းတဲ့အတွက် လောဘနည်းကြောင်း၊ဒေါသနည်းကြောင်းအကျင့်လို့ ပြောနိုင်ပါတယ်။
ဒီလိုမှမဟုတ်ပဲ ရိပ်သာထောင်တာ ငါ့အတွက် နာမည်ကြီးချင်လို့ ကမ္ဘာကျော်ချင်လို့၊ ပရိသတ်အခြွေအရံများအောင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲု့ ရိပ်သာတည်ထောင်ကြတယ်။ဒါဟာ လုပ်လိုက်တဲ့လုပ်ငန်းတော့ မှန်ကန်မှုရှိပါတယ်။ဒါပေမဲ့ စေတနာ မေတ္တာ ရည်ရွယ်ချက် မှန်ကန်မှု မရှိ ပါဘူး။ ကျော်ကြားလိုတဲ့စိတ်နဲ့ဆိုတော့ လောဘဦးစီးတဲ့အတွက် လောဘတိုးပွားကြောင်းအကျင့်လို့ ပြောနိုင်ပါ တယ်။
လိုရင်းက လောဘ၊ဒေါသ၊မောဟနည်းအောင်ကျင့်နေတယ်ဆိုရင် အလှူခံပုဂ္ဂိုလ်ရဲ့ အင်္ဂါသုံးချက်ပြည့်စုံ ပါပြီး၊ဒါဆိုရင်အင်္ဂါခြောက်ပါးပြည့်စုံတဲ့ အလှူရဲ့အကျိုးတရားဟာ ရေတွက်လို့မရနိုင်အောင်ပါပဲ အကျိုးသက်ရောက်မှု များလှတယ်ဆိုတာပြောရင်း…….
ရွှင်လန်းချမ်းမြေ့ကြပါစေ
ဦးကောဝိဒ(မြိတ်)
၁၂.၈.၂၀၁၀၊ ကြာသပတေးနေ့၊
ညနေ ၂း၃၇ နာရီ

Saturday, August 7, 2010

စိတ်ထားမကောင်းသူကို တရားဟောရင်အပြစ်ရှိ/မရှိ

အမေး။ ။စိတ်ထားမကောင်းသူကို တရားဟောရင် ဟောတဲ့သူမှာ အပြစ်ရှိ-မရှိသိချင်ပါတယ်ဘုရား။ နောက်တစ်ခုက ၅၅၀နိပါတ်တော်လို့ အရေ အတွက်ရှိပါလျှက် ၄၈၀ ကျော်ပဲရှိတယ်ဆိုတာ မှန်-မမှန် တပည့်တော်သိချင်ပါတယ်ဘုရား။
ဖိုးလပြည့်
မြိတ်)

အဖြေ။ ။စိတ်ထားမကောင်းသူကို တရားဟောရင် အပြစ်ရှိ-မရှိဆိုတာနဲ့ပတ်သက်ပြီး ပါဠိတော်များမှာ မတွေ့ရပါ။ ဒါပေမဲ့ တရားမဟောအပ်တဲ့ ပုဂ္ဂိုလ်များကို တရားဟောရင် ဒုက္ကဋ်အာပတ်သင့်စေ(အပြစ်ဖြစ်တယ်)ဆိုတာတော့ ဘုရားဟောထားတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးပါတိမောက် ဘာသာဋီကာမှာ တရားမဟောအပ်တဲ့ပုဂ္ဂိုလ် ၁၆-ဦးကို ဖေါ်ပြထားပါတယ်။
ဖေါ်ပြမဲ့ ၁၆ ဦးဟာ ကျန်းမာလျှက်ရှိနေမယ်ဆိုရင် တရားမဟောအပ် ဟောတဲ့သူမှာ အပြစ်ရှိတယ်၊ မကျန်းမမာဖြစ်နေတယ်ဆိုရင်တော့ အပြစ်မရှိ လို့ ယူရပါ့မယ်။
(၁) လက်မှာ ထီးကိုင်ထားသူ။ (၂)လက်မှာ လေးတောင်လောက်ရှိတဲ့ ဒုတ် ကိုင်ဆောင်ထားသူ။ (၃) ဓား၊လက်နက်စတာတွေ ကိုင်ဆောင်ထား သူ။ (၄)လက်မှာ လေး မြှားကိုင်ဆောင်ထာားသူ။ (၅)ခြေနင်း ခုံဖိနပ် စီးထားသူ။ (၆)အခြားဖိနပ်များစီးထားသူ။ (၇)လှည်း၊ရထားစတဲ့ယာဉ်ပေါ် တက်ရောက်နေသူ။ (၈)အိပ်ရာပေါ်မှာနေသူ။ (၉) ဒူးထောင်ပြီး လက်အ၀တ်တို့နဲ့ ပတ်ဖွဲ့ထိုင်နေသူ။ (၁၀)ခေါင်းပေါင်းကြီး ကုလားများပေါင်းသလို ဦးခေါင်းကို ဆံစမပေါ်အောင် ရစ်ပတ်ပေါင်းထားသူ။ (၁၁)ခေါင်းမြီးခြုံထားသူ။ (၁၂) တရားဟောသူကအခင်းမပါ မြေပေါ် ထိုင်ရက်နဲ့ အခင်းပေါ် ခုံပေါ်ထိုင်နေသူအား တရားမဟောရ။ (၁၃) တရားဟောသူက နိမ့်နဲ့နေရာမှာနေပါရက်နဲ့ မြင့်မောက်တဲ့နေရာမှာထိုင်နေတဲ့ သူအား တရားမဟောရ။ (၁၄) မတ်မတ်ရပ်နေသူက ထိုင်နေသူအား တရားမဟောရ။ (၁၅) ခရီးသွားစဉ် နောက်ကလိုက်သူက ရှေ့ကသွားနေသူ အား တရားမဟောရ။ (၁၆) လမ်းဘေးမှာသွားသူက လမ်းအပေါ် သွားနေသူကို တရားမဟောရ။
ဒီနေရာမှာ သတိထားစရာတစ်ခုက တရားဟောတယ်ဆိုတဲ့နေရာမှာ အဋ္ဌကထာဆိုင်ရာ ပါဠိဘာသာဖြင့် ပြောဟောမှသာ တရား အရယူရပါမည်။ အဋ္ဌကထာဆိုင်ရာပါဠိဘာသာစကားမှတစ်ပါး အခြားဘာသာစကားများဖြင့်ကား ဟောကောင်းတယ်လို့ မှတ်ရပါမယ်။
ဒုတိယအမေးတစ်ခုက ငါးရာငါးဆယ်ဇာတ်တော်အနက် ဇာတ်တော် လေးရာရှစ်ဆယ်ကျော် ရှိတယ်ဆိုတာ မဟုတ်ပါဘူး။
အမှန်က ငါးရာငါးဆယ်ဇာတ်တော်မှာ အားလုံးပေါင်းရှိတာက ၅၄၇-ဇာတ်ရှိပါတယ်။ ဘာ့ကြောင့် ၅၄၇-သုတ်ထဲရှိတာကို ငါးရာငါးဆယ်လို့ ပြောရတာလဲဆိုရင်- ဇာတ်တော် ၅၄၇-ဇာတ်သာရှိပေမဲ့ ငါးရာငါးဆယ်နဲ့နီးစပ်တဲ့အတွက် သင်္ချာအပြည့်အားဖြင့် ငါးရာငါးဆယ်လို့ သမှတ်ခေါ်တွင် ခဲ့ခြင်းဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး… ဗုဟုသုတဖြစ်ဖွယ်ရာကို ဆက်လက်ပြောပါဦးမယ်။
ရှေးပညာရှင်များက ဇာတ်တော် ငါးရာငါးဆယ် ပြည့်အောင် ဖြည့်သွင်းရေတွက်ခဲ့ကြတာလည်း ရှိပါတယ်။ ပုဂံအာနန္ဒာလှိုင်ဂူနဲ့ မင်းဘုရားရှိ ဇာတ်ရုပ်ပုံများမှာ ငါးရားငါးဆယ် အပြည့် ဖြည့်သွင်းထုလုပ်ခဲ့ကြပါတယ်။ အင်းဝခေတ် စနေမင်းလက်ထက် ဒုတိယညောင်စည်ရွှေ ကျောင်းဆရာတော် ရေးသားတော်မူတဲ့ ‘ရှင်တိသာသနဓဇ အဆက်အနွယ်စာတမ်း’မှာတော့ မာရ်အောင်ရတနာဘုရားတွင် ဇာတ်တော် ငါးရာငါးဆယ်ပြည့်အောင်(၁) မဟာဂေါဝိန္ဒသုတ်၊ (၂)သစ္စာဝှယဇာတ်၊(၃)မဟာလောမဟံသဇာတ်တို့ကိုဖြည့်သွင်းလိုက်တဲ့အခါ သံဃာတော်များ က မသင့်ကြောင်း တားမြစ်တဲ့အတွက်ကြောင့် ပယ်ဖျက်ခဲ့ရတာလို့ ဆိုပါတယ်။ ပုဂံဝန်ထောက်ဦးတင်က (၁)ဝေလာမဇာတ်၊ (၂)မဟာဂေါဝိန္ဒဇာတ်၊ (၃)သုမေဓပဏ္ဍိတဇာတ်တို့ကို ဖြည့်သွင်းရေသားခဲ့ပါတယ်။
ဘယ်လိုပဲဖြည့်သွင်းကြပါစေ၊ တကယ်တမ်း ပိဋကတ်တော်လာ ဇာတ်တော်များဟာ ၅၄၇ သာ ရှိတယ်လို့သာ မှတ်ရမှာဖြစ်ပါကြောင်း

အမွေပေးတာကုသိုလ်ရ-မရ

အမေး။ ။အရှင်ဘုရား…သားသမီိးများအား အမွေးပေးတဲ့အခါ မိဘများမှာ ကုသိုလ်ရနိုင်ပါသလားဘုရား။
ဖြူဖြူနိုင်
မြိတ်

အဖြေ။ ။ကုသိုလ်ရ-မရဆိုတာကို အဖြေညှိဖို့အတွက် ကုသိုလ်အကြောင်းကို အရင်ပြောရမှာပါ။ ကုသိုလ်ဆိုတာ။ အပြစ်ကင်းတယ်၊ ချမ်းသာ တယ်ဆိုရင် ကုသိုလ်လို့ခေါ်ပါတယ်။ ကင်းရမဲ့ အပြစ်တွေကဘာများလဲဆိုရင် လောဘအပြစ်၊ဒေါသအပြစ်၊မောဟအပြစ်တွေပါ။ ဒီကိလေသာအပြစ်တွေ ကင်းနေရမယ်။ ဘယ်လောက်ကင်းရမလဲဆိုရင် ခဏကင်းတာ၊ တစ်အောက်လောက်ကြာအောင်ကင်းတာ၊ အပြီးအတိုင်ကင်းတာလို့ ကင်းခြင်းသုံးမျိုးရှိတယ်။ ဘယ်လိုပဲကင်းကင်း ကင်းနေသမျှကို ကုသိုလ်ပါပဲ။ ဒီလိုအပြစ်ကင်းပြီဆိုရင် စိတ်ထဲမှာ ကိလေသာ အနှောင်အဖွဲ့မှလွတ်နေတဲ့အတွက် လောင်အိမ်မှလွတ်တဲ့ငှက်လိုပဲ စိတ်ဟာလဲ လွတ်လပ်ပေါ့ပါးကာ ချမ်းသာနေမှာပါ။ ဒါကိုပဲ ကုသိုလ်လို့ မှတ်လိုက်ရပါမယ်။
မိဘများဟာ ပေးလိုက်တဲ့အမွေပစ္စည်းများအပေါ် မတတ်မက်ဘဲ ရက်ရက်ရောရော ပေးကမ်းမယ်ဆိုရင် မိဘများမှာ အလောဘကုသိုလ် ဖြစ်နေမှာပါ။ ဒီလိုမှမဟုတ်ဘဲ ပေးတော့ပေးလိုက်ပါရဲ့ ပစ္စည်းအပေါ် တွယ်တာမက်မောနေသေးတယ်၊ကိုယ့်ပစ္စည်းကို မပေးချင်ပေးချင်နဲ့ ပေးလိုက်ရတယ်ဆိုရင်တော့ တပ်မက်တဲ့ လောဘအပြစ်ဖြစ်သွားနိုင်ပါတယ်။ တစ်ချို့သားသမီးများက အမွေရလိုမှုနဲ့ တရားစွဲ ထားလို့ ရုံးတက်ဖြေရှင်းရပြီး သားသမီးက အမှုနိုင်လို့ မိဘက မပေးချင်ဘဲပေးလိုက်ရတဲ့အခါမျိုးမှာ ကုသိုလ်မဖြစ်နိုင်တော့၊ အကုသိုလ်ပဲ ဖြစ်တော့မှာပါ။ နားရှုပ်သွားပြီထင်ပါတယ်။ လိုရင်းချူပ်ပြောရရင်တော့ မေတ္တာကရုဏာများစွာနဲ့ သားသမီများအား အမွေပေးရတဲ့မိဘများမှာ ကုသိုလ်ပဲ ရပါတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

Friday, August 6, 2010

အလှူနဲ့စပ် သိမှတ်ဖွယ်ရာ

“ပါရမီအစ ဒါနက” ဆိုတဲ့အတိုင်း ရှေးရှေးဘုရားအလောင်းသူတော်ကောင်းတို့ ပါရမီကို စတင်ဖြည့်ကျင့်တဲ့အခါမှာ ဒါနပါရမီကို စတင်ဖြည့်ကျင့်တော်မူကြရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်အများစုဟာ အလှူဒါနကို စွမ်းအားရှိသလောက် ရက်ရက်ရောရော ပေးလှူနေကြ ခြင်းဖြစ်တယ်။ ဒီလိုပေးလှူတဲ့အခါမှာ မိမိအလှူကို တန်ဖိုးရှိချင်ကြတယ်၊ လက်ရှိဘ၀မှာဖြစ်စေ၊သံသရာမှာဖြစ်စေ အလှူရဲ့အကျိုးကို ခံစားချင်ကြပါတယ်။ သို့ပေမဲ့ အလှူဒါနအချို့ဟာ မိမိဖြစ်ချင်သလို မဖြစ်လာဘူး။ ဒါဘာကြောင့်လဲ…………။
တစ်နေ့ စာရေးသူတို့ကျောင်းမှာကျေးဇူးများတဲ့အမျိုးသမီးတစ်ဦးက “အရှင်ဘုရား….တပည့်တော် ဒီတစ်ခေါက် အရှင်ဘုရားကျောင်းအပါအ၀င် တစ်ခြားကျောင်းတွေမှာပါ သိန်းသုံးဆယ်ကျော်လောက် အလှူလုပ်ဖြစ်လိုက်တယ်ဘုရား၊ ဒီအကြောင်းကို ရန်ကုန်ရောက်တော့ တပည့်တော်အဖွားကို ၀မ်းသာအားရပြောပြပါတယ်၊အဖွားက အလှူဒါနလုပ်တယ်ဆိုတာ အကောင်းဆုံးဖြစ်အောင် သိမ်လှူရတယ်၊ ဘာ့ကြောင့်ဆိုရင် ရဟန်းအစ သိမ်က ဆိုတဲ့အတိုင်း သိမ်ရှိမှ ရဟန်းဖြစ်တာ၊ရဟန်းဖြစ်မှ သာသနာတော်ကြီး အရှည်တည်တန့်လို့ပါပဲ။ သိမ်မရှိရင် ရဟန်းမဖြစ်နိုင်ပါဘူး။ဒါကြောင့် သိမ်အလှူဟာ အကောင်းဆုံးအလှူဖြစ်သလို အကျိုးအရှိဆုံးအလှူလဲဖြစ်တယ် လို့ တပည့်တော်အဖွားက ပြောပါတယ်။ တပည့်တော် အခုတစ်ခေါက်လှူခဲ့တာတွေကလဲ သိမ်တစ်လုံးမှ မပါဝင်ပေမဲ့ လိုအပ်တဲ့နေရာလေးတွေမှာ ဖြည့်ပေးလိုက်ရတဲ့အတွက်လဲ တပည့်တော်ဝမ်းသာနေပါတယ်။ တပည့်တော်အဖွားပြောတဲ့ စကားနဲ့ပတ်သက်လို့ တပည့်တော်မရှင်းဘူးဘုရား၊ အလှူထဲမှာ ဘာလှူရင်အကောင်းဆုံးလဲ အကျိုးအများဆုံးရနိုင်လဲ ဆိုတာသိချင်ပါတယ် ဘုရား” လို့ စာရေးသူအား လျှောက်ထားလာပါတယ်။ ဒါကိုအကြောင်းပြုပြီး အလှူဒါနဲ့စပ် သိမှတ်ဖွယ်ရာများကို တင်ပြပေးသွားပါ့မယ်။

အလှူနဲ့စပ်သိမှတ်ဖွယ်ရာအဖြာအဖြာကို ဘုရားရှင်ဟောကြားတော်မူထားတဲ့တရားတော်များရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး အနီးစပ်ဆုံး တရားကို ပြောရရင် ဘုရားရှင်ဟာ သာဝတ္ထိ၊ ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေခိုက် ညဥ့်တစ်ညဉ့်ရဲ့သန်းခေါင်ယံအချိန်မှာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပလျှက်ရှိတဲ့ နတ်သားတစ်ဦးက ဘုရားရှင်ထံပါး ရောက်လာပါတယ်။ သူသိလိုတဲ့အချက်အလက်တွေကို ဘုရားရှင်အားမေးလျှောက်ပါ တယ်။ မေးလျှောက်ရတဲ့အကြောင်းအရင်းက သူလိုလားတဲ့အရာတွေရှိနေလို့ပါပဲ၊ ဒါတွေက ခွန်အားကြီးချင်တယ်။ အရုပ်ချောချင်တယ်။ ချမ်းသာချင်တယ်။ မျက်စိအားကောင်းချင်တယ်။ အရာအားလုံးကို လိုချင်တဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒီအတွက် ဘာလုပ်ရမလဲဆိုတာ လမ်းညွန်ပေးဖို့ ဘုရားရှင်အား လျှောက်ထားပါတယ်။
နတ်သားရဲ့မေးခွန်းကို ဘုရားရှင်က တုံ့ဆိုင်းမနေ ချက်ခြင်းပဲ ဖြေကြားတော်မူလိုက်တယ်။ “နတ်သား…အားကောင်းချင်ရင် အစာရေစာပေး လှူပါ ။ အရုပ်ချောချင်တယ်ဆိုရင်တော့ အ၀တ်၊သင်္ကန်းစတာတွေကို ပေးလှူပါ၊ ချမ်သာချင်တယ်ဆိုရင် ထီး၊ဖိနပ်စတဲ့ယဉ်အလှူကို လူဒါန်းရတယ်။ မျက်စိ အမြင်ကောင်းအောင်ကတော့ ဆီမီးအလှူကို လှူဒါန်းရတယ်။ အထက်ကဆိုခဲ့တဲ့အရာအားလုံးကို လိုချင်ရင်တော့ နေထိုင်သီတင်းသုံးရာ ကျောင်းကို လှူရပါတယ်။
ဘုရားရှင်က ရှေ့ဆက်ပြီး ဘယ်သူမှမမေးပေမဲ့ လိုအပ်နေတဲ့အရာတစ်ခုကို မိန့်တော်မူခဲ့ ပါတယ်။ စာပေပို့ချမှုတွေ၊ စာပေသင်ယူမှုတွေ၊ အမေးပုစ္ဆာများရှင်းလင်းဖြေကြားပေးတာတွေ ၊ကမ္မဋ္ဌာန်းတရားပေးတာတွေ ၊ သွန်သင်ဆုံးမလမ်းပြပေးတာတွေဟာ သံသရာဝဋ်က လွတ်ရာလွတ်ကြောင်းဖြစ်တဲ့အတွက် အမြိုက်နိဗ္ဗာန်ကို လှူရာရောက်ပါတယ်။ နားလည်အောင်ပြောရရင် သာသနာ တော်ရဲ့တာဝန်များဖြစ်တဲ့ ပရိယတ္တိ၊ပဋိပတ္တိလုပ်ငန်းများ အောင်မြင်အောင် တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ပေးတာ ၊ လှူဒါန်းပေးတာ တွေဟာ အမြိုက်နိဗ္ဗာန်ကို လှူရာရောက်ပါတယ်။ တနည်းပြောရင် ဓမ္မဒါန တရားအလှူ လို့ ခေါ်ပါတယ်။
ဒါကြောင့် ဓမ္မပဒပါဠိတော် ၊တဏှာဝဂ်၊ သက္ကပဥှသုတ်မှာ “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” အလှူတကာ့အလှူထဲမှာ တရားအလှူဟာ အကောင်းဆုံးအမြတ်ဆုံး လို့ ဘုရားရှင် ဟောတော်မူထားပါတယ် လို့ ပြောလိုက်တော့…
ထိုအမျိုးသမီးက “ အရှင်ဘုရား……တပည့်တော်သဘောပေါက်ပါပြီဘုရား။ တပည့်တော်က ပရဟိတ အားသန်တယ်ဘုရား၊ ဒုက္ခရောက်နေသူကိုလဲ မကြာခဏ အကူအညီပေးပါတယ်။ ဒီလိုအကူအညီပေးလိုက်ရလို့ သူတို့လေးတွေ အဆင်ပြေသွားတာကို ကြည့်ပီး တပည့်တော်မ ပီတိဖြစ်ခဲ့ရတာလဲ ရှိပါတယ်ဘုရား။ ဒါကိုကော အကောင်းဆုံးအလှူလို့ ပြောလို့ရပါသလားဘုရား” လို့ မေးလျှောက်လာပြန် ပါတယ်။ သာသနာအတွက် တစ်ဖက်တစ်လမ်းက အားပေးထောက်ပံ့နေတဲ့ သူမအတွက် အတွေးသံသယတွေ ပယ်ဖျောက်ပေးဖို့အတွက် ဘာသာရေးခေါင်းဆောင်များဖြစ်တဲ့စာရေးသူတို့ရဲ့ တာဝန်ပါ။
သူမအပြောအရ လူသားချင်းစာနာတဲ့စိတ်ရှိတယ်ဆိုတာ အလွန်ကောင်းတဲ့စိတ်ထားပါ။ ပရဟိတ သူတစ်ပါးအကျိုးကို ကြည့်တဲ့စိတ် ဓါတ်လေ၊ အလွန်မွန်မြတ်တဲ့စိတ်ဓါတ်ပေါ့။ ဒီလိုစိတ်ဓါတ်မျိုးဟာ ရှေးရှေးဘုရားအလောင်းသူတော်ကောင်းများ နှလုံးသွင်းမြဲဖြစ်တဲ့ စိတ်ဓါတ်မျိုးပါ။ ဒီလိုပဲ ကိုယ့်အကျိုးမဖက် သူတစ်ပါးအကျိုးငှဲ့ပီး ပေးကမ်းစွန့်ကြဲ တယ်ဆိုတာ သူတော်ကောင်းတွေပြုလေ့ရှိတဲ့ဒါနမျိုးပါ။ ဒါကိုပဲ ဒါနပါရမီ လို့ ကျမ်းဂမ်များမှာ နာမည်တတ်ထားပါတယ်။ ဒီဒါနမျိုးဖြစ်ဖို့အတွက် အလှူခံပုဂ္ဂိုလ်နဲ့ပတ်သက်ပြီး အယုတ်၊ အလတ်၊အမြတ်မရွေးရဘူး၊ အလှူခံက ဘာပဲဖြစ်နေနေ ကိုယ့်အလှူဒါနမြောက်ဖို့အရေးကြီးပါတယ်။
ထိုအခါ အမျိုးသမီးက “အရှင်ဘုရား….ဒါဆိုရင် အလှူခံက သီလမစင်ကြယ်ဘူးဆိုရင် ကိုယ့်အလှူဟာ အကျိုးပေးနည်းတယ်၊ အလှူခံကို ရွေးချယ်စိစစ်ပြီး လှူရမယ်ဆိုတာလဲ တပည့်တော် ကြားဖူးပါတယ်ဘုရား၊ အဲဒါက ဘယ်လိုပါလဲဘုရား” လို့ လျှောက်ထားလာတယ်။
ခုတလော ဒီမေးခွန်းမျိုး အတော်မေးကြတယ်။ ဒါနဲ့ပတ်သက်ပြီး အကျယ်ရှင်းပြချင်ပါတယ်၊ဒါမှလဲ နားလည်သဘောပေါက် နိုင်မှာမို့လို့ပါ။
ပါဠိတော်မှာ “၀ိစေယျ ဒါနံ ဒါတဗ္ဗံ ယတ္ထဒိန္နံ မဟပ္ဖလံ” အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ပြီး လှူရမယ်ဆိုတာ ဟုတ်ပါတယ်။ ဥပရိပဏ္ဏာသပါဠိတော်မှလာတဲ့ သာဓကတစ်ခု ထုတ်ပြပါ့မယ်။
ဘုရားရှင်လက်ထက်က ဣန္ဒကနတ်သားနဲ့အင်္ကုရနတ်သားဆိုတာရှိတယ်။ မယ်တော်မိနတ်သားကို အကြောင်းပြုလို့ တာဝတိံသာမှာ ၀ါတွင်းသုံးလ အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပါတယ်။ စကြ၀ဠာများစွာ နတ်ဗြဟ္မာတွေလဲ တရားနာဖို့ လာကြပါတယ်။ဒီအထဲမှာ ဣန္ဒကနတ်သားနဲ့ အကုင်္ရနတ်သားတို့က ရှေ့ဆုံးကတော့ ဘုရားရဲ့အနီးဆုံးနေရာမှာ နေရာယူနေကြတယ်။ တဖြေးဖြေးနဲ့ တန်ခိုးကြီးတဲ့နတ် တွေ ရောက်လာတော့ အင်္ကုရနတ်သားက နေရာဖယ်ပေးရတယ်။ တန်ခိုးကြီးတဲ့ နတ်ဗြဟ္မာများကြောင့် အင်္ကုရနတ်သားဟာ (၁၂)ယူဇနာ ဝေးတဲ့အရပ်ကနေ တရားနာကြားရတယ်။ ဒါပေမဲ့ ဣန္ဒကနတ်သားကတော့ အရင်နေမြဲတိုင်းဖြစ်တဲ့ ဘုရားရဲ့အနီးဆုံးနေရာမှာပဲ နေပြီး တရားနာနေပါတယ်။ ဣန္ဒကနတ်သားနဲ့ အင်္ကုရနတ်သားတို့ နတ်ဖြစ်တာခြင်းအတူတူ ဘာ့ကြောင့် တစ်ဦးက တန်းခိုးကြီးပြီး ကျန်တစ်ဦးက တန်ခိုးနည်းပါးရပါသလဲဆိုရင် အကုင်္ရနတ်သားက သာသနာပမှာ သီလမရှိတဲ့သူများကိုသာ ကာလကြာမြင့်စွာ ပေးလှူခဲ့ရတဲ့အတွက် တန်းခိုးကြီးတဲ့နတ် မဖြစ်လိုက်ဘူး။ ဣန္ဒကနတ်သားကတော့ သာသနာတွင်းမှာ အရှင်အနုရဒ္ဓာမထရ်ကို ဆွမ်းတစ်ဇွန်းမျှ လောင်းလှူလိုက်ရတဲ့ အတွက် နတ်ပြည်မှာတန်ခိုးကြည့်တဲ့နတ်ဖြစ်ရတယ်။ ဒါဟာ အလှူခံပုဂ္ဂိုလ် အယုတ်အလတ်အမြတ်ကို အခြေခံပြီး အကျိုးသက်ရောက်မှု ကွာခြားပုံပါ။ ဒါကြောင့်လဲ ဘုရားရှင်က အလှူခံကို ရွေးချယ်စိစစ်ပြီး လှူကြဖို့ ဟောကြားတော်မူခဲ့ပါတယ်။ (ဥပရိပဏ္ဏာသပါဠိတော် ဒက္ခိဏ၀ိဘင်္ဂသုတ်)
မဟာဗုဒ္ဓ၀င်မှာကျတော့ အလှူပုဂ္ဂိုလ်တို့ကို အယုတ်၊အလတ်၊အမြတ်မရွေး ပေးလှူရမယ်လို့ ဟောတော်မူထားပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ဒါနပြုရင် အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်စရာမလိုပါ။ ထင်ရှားအောင် သာဓကထုတ်ပြရရင်….
ဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးရဲ့ဖြစ်စဉ်မှာ မင်းကြီးဟာ ဒါနမြောက်ဖို့အတွက် သားတော်နဲ့ သမီးတော်ကို သီလမရှိတဲ့ ဇူဇကာပုဏ္ဏားအား ပေးလှူလိုက်ပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ဘုရားရှင်ဟာ အလှူခံကို မကြည့်ဘဲ သူ့ရဲ့အလှူဒါနမြောက်ဖို့သာ ပြတ်သားစွာ တွေးခဲ့ပြီး လှူဒါန်းလိုက်တာဖြစ်တယ်။ ဒါကိ မဟာဗုဒ္ဓ၀င်မှာ တိပိဋကဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဦးဝိစိတ္တာသာရာဘိဝံသရဲ့ ကျမ်းညှိထားတာ လေးကို ဖေါ်ပြပါ့မယ်။
အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ပီးလှူရမယ်ဆိုတာက သာမည လူနတ်တို့ရဲ့ရည်ရွယ်ချက်က အကောင်းဆုံး လောကီစည်းစိမ်ချမ်းသာ ကို တောင့်တကြတာဖြစ်တဲ့အတွက် အကောင်းဆုံးအလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဥပရိပဏ္ဏာသပါဠိတော်မှာ ဟော တော်မူထားတဲ့နည်းလမ်းက သာမညနတ်လူတို့အတွက် ရည်ရွယ်ပြီး ဟောတော်မူခဲ့ခြင်း ဖြစ်တယ်လို့ မှတ်ယူရပါမယ်။
တစ်ဖန် ဘုရားအလောင်းသူတောင်ကောင်းတို့ ပါရမီဖြစ်ကျင့်တဲ့အခါမှာ သဗ္ဗညုတဥာဏ်တော်ရရှိရေးအတွက် အလှူခံပုဂ္ဂိုလ် ရွေးချယ်နေစရာမလိုဘဲ ဒါနပါရမီမြောက်အောင် လှူဒါန်းရမယ် လို့ မိန့်တော်မူခဲ့တာဖြစ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အလှူဒါနနဲ့ပတ်သက်ပြီး နှစ်မျိုးဖြစ်နေတော့ အလှူလုပ်တဲ့အခါ ဒီနှစ်မျိုးစလုံးပါသွားအောင် ဘယ်လိုလုပ်ရမလဲဆို တာစဉ်းစားရမယ်။ ဒါနဲ့စပ်ပြီး စစ်ကိုင်းမြို့ မြစကြာဆရာတော်ရဲ့ “စိတ်ထားစင်ကြယ် စွမ်းအားကြွယ်”ဆိုတဲ့စာအုပ်မှာ သုံးသပ်ပြထားတာ အတော်ကောင်းပါတယ်။ ဒါလဲ စာချစ်သူများသိသင့်တယ်ထင်လို့ ဖေါ်ပြပေးလိုက်ပါတယ်။
စာချစ်သူများသတိထားရမှာက အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ရမယ်ဆိုတာကိုပဲဆုပ်ကိုင်ထားပြီး၊ အမြဲတမ်း အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ပြီးနေတယ်ဆိုရင် နစ်နာမှုရှိနိုင်ပါတယ်။ ပါရမီဖြစ်ဖို့မလွယ်ဘူး။ အချို့ပုဂ္ဂိုလ်များကျတော့ အယုတ်၊အလတ်၊အမြတ်မရွေး လှူဒါန်းပါဆိုတဲ့အယူကို ဆုပ်ကိုင်ပြီး လှူဒါန်းတယ်။ဒါဆိုရင် အဆိပ်ပင်ရေလောင်းတဲ့သဘောမျိုးတွေ ဖြစ်တတ်တယ်။သတိထားစရာကောင်း ပါတယ်။ ဒီနှစ်ခုကို ညှိပြပါ့မယ်။ တောင်မြို့မဟာဂန္ဓရုံကျောင်းအစ်မ ဒေါ်ကျင်သန်းဆိုတာရှိတယ်။ သူ့ကို တောင်မြို့၊မဟာဂန္ဓာရုံဆရာတော်က ဆုံးမဖူးတဲ့စကားရှိတယ်။
ဆရာသမားအဖြစ်နဲ့ဆည်းကပ်ကိုးကွယ်တဲ့အခါမှာ နှလုံးလှတဲ့ဆရာသမား၊ပရိယတ်၊ပဋိပတ်စွယ်စုံလှတဲ့ဆရာသမားမျိုး ဖြစ်ရပါမယ်။ ဒါ့ပြင် သီလလဲလုံခြုံအောင်ထိမ်းမယ်၊ အားလုံးအတွက်အနစ်နာခံတယ်၊ မေတ္တာတရားပြည့်ဝတဲ့နူညံ့တဲ့နှလုံးသားပိုင်ရှင်ဖြစ်ရမယ်၊ ဒကာဒကာမ များနဲ့ဆက်ဆံတောင်မှ ရလိုမှုကြောင့်မဟုတ်ဘူး။ ဒီလိုဆရာသမားမျိုးဟာ သမာဓိအားကောင်းတယ်လို့ ဆိုရပါမယ်။ ပီးတော့ ပညာပြည့်ဝတဲ့ ဆရာသမားများကိုလဲ ဆည်းကပ်ရပါမယ်။ ဒီလို သီလ၊သမာဓိ၊ပညာ ရှိတဲ့ဆရာသများအား ဆည်းကပ်ကိုးကွယ်ကြရမယ်။ ဆည်းကပ်ဆိုတဲ့အထဲမှာ နောက်ကွယ်က လှူဒါန်းမှုတွေလဲပါဝင်သွားတယ်။ ဒါဆိုရင် သီလာ သမာဓိ ပညာ ရှိတဲ့သူကို လှူဒါန်းပူဇော်မှုအားလုံး ပါဝင်သွားပါတယ်။
ပြီးတော့ မဟာဂန္ဓာရုံဆရာတော်ကြီးက ပေးကမ်းရုံသက်သက်ဆိုရင်တော့ အယုတ်၊ အလတ်၊အမြတ် မရွေးပါနဲ့ ဒုက္ခရောက်တဲ့ပုဂ္ဂိုလ် မှန်သမျှ ကူညီလှူဒါန်းပါလို့ မိန့်တော်မူခဲ့ပါတယ်။ ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်အားလုံးကို ကူညီပံ့ပိုးပေးတာဟာ ပါရမီဖြည့်တာပါပဲ။ အိမ်မိုးမလုံတာကို မိုးလုံအောင်လုပ်ပေးတယ်။ သဘာဝဘေးအန္တရာယ်နဲ့ တွေ့ကြုံခဲ့ရတဲ့ နာဂစ် ဒုက္ခသည်တွေကို စားဝတ်နေရေးကူညီပံ့ပိုးပေး တာတွေဟာ ကိုယ့်အကျိုးမကြည့် ဒုက္ခသည်အကျိုးသာကြည့်တဲ့အတွက် မွန်မြတ်သန့်ရှင်းတဲ့ပေးကမ်းမှုပါ။
အချူပ်ပြောရင် ဆရာသမားအဖြစ်နဲ့ ဆည်းကပ်ကိုးကွယ်လိုတယ်ဆိုရင် ပညာပြည့်ဝနှလုံးလှတဲ့ပုဂ္ဂိုလ်မျိုးကို ဆည်းကပ်ကိုးကွယ် ပူဇော်ရပါမယ်။ ပေးကမ်းရုံသက်သက်ဆိုရင်တော့ အယုတ်၊အလတ်၊အမြတ်မရွေး ပေးကမ်းလှူဒါန်းပါတယ်ဆိုတာပါပဲ။ မေးခွန်းမေးလာတဲ့ အမျိုးသမီးနဲ့တကွ စာချစ်သူများအားလုံး အလှူနဲ့စပ်ပြီး ရှင်းရှင်းလင်းလင်းသိကာ အမျိုးဘာသာ သာသနာကို ဆထက်တံဘိုး ထမ်းဆောင်နိုင်ပါစေလို့ဆန္ဒပြုရင်း…………..။
လိုရာဆန္ဒပြည့်ဝကြပါစေ
ဦးကောဝိဒ(မြိတ်)
၆.၈.၂၀၁၀၊ နံနက်-၇း၁၅နာရီ၊

Tuesday, August 3, 2010

ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်း

ဒါဝင်သီအိုရီနဲ့ ပတ်သက်ပြီး ဘ၀င်မကျ လက်မခံနိုင်ခဲ့ပါ။ ဒီအယူအဆကို အရင်တုန်းက မှန်သင့်သလောက်မှန် တယ်လို့ ယူဆပြီး လက်ခံခဲ့ကြတာများတယ်။ စာရေးသူလဲ ငယ်စဉ်က ဒီလိုဖြစ်ခဲ့ဖူးပါတယ်။ မကြာသေးခင်က စာရေးသူကို လူအစ မျောက်ကလားဆိုတာကို မေးတဲ့အတွက် မဟုတ်ပါဘူး လို့ပဲ တိုကျဉ်းလိုရင်း ပြောခဲ့တယ်။ဒါပေမဲ့ အဖြေက ဒီလောက်နဲ့ မလုံလောက်မှန်းသိပါတယ်။ ဒီလိုနဲ့ ဇူလှိုင်လထုတ် ဓမ္မရံသီမဂ္ဂဇင်းမှာ စာရေးဆရာ ဥာဏ်ဝင်း(ပင်လယ်ဘူး)ရဲ့ “ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ အယူအဆလေးတွေကောင်းလွန်းတဲ့အတွက် ဒီ ဖတ်မိသမျှစာများကဏ္ဍမှာ ကူးယူဖေါ်ပြပေးလိုက်ပါတယ်။
ဒါကို ဖေါ်ပြရတာကလဲ လူအများ ဘာသာအယူအဆ အမြင်မှန်သူများဖြစ်ကြပါစေ ဆိုတဲ့ ရည်ရည်ချက်နဲ့ပါ……..

ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်း
(၁)
ဓမ္မရံသီမဂ္ဂဇင်းဟောင်းများကို ပြန်လည်မွှေနောက်၍ဖတ်ရာတွင် ဆရာစောနေလတ်၏ “အစများ၏အစ” ဆောင်းပါးကို၂၀၀၂- ခုနှစ်၊မတ်လထုတ် ဓမ္မရံသီမှာ ဖတ်မိ၍ မိမိ၏အမြင်ကိုလည်း တင်ပြလိုစိတ်ဖြစ်မိပါသည်။ ဆရာအောင်မှိုင်း၏ “မနုဿနိဒါန်း”ဟူသော ဆောင်းပါးကို ဖတ်ရာမှ “အစများ၏အစ”ဆောင်းပါးကို ရေးဖြစ်ကြောင်း ဆရာစောနေလတ်ဆိုထားပါသည်။
ဆရာစောနေလတ်ပြောသလို မိမိကလည်း မဆိုင်သည့်အလုပ်၊ အကျိုးမရှိလှသည့်အလုပ်ကို ၀ါသနာအလျောက်သိချင်လုပ်ချင် မိသည်ဟု ဆိုနိုင်ပါသည်။ သို့သော် ထေရ၀ါဒဗုဒ္ဓကို လူအများ အမှန်အတိုင်း သက်ဝင်ယုံကြည်နိုင်ရန်ဟူသော ရည်ရွယ်ချက်ထားရှိပါ သည်။
မြတ်စွာဘုရားဟောတော်မူသော “သံသရာ၏အစသည် မထင်” ဆိုသည်မှာ ဤဘဒ္ဒကမ္ဘာ၏ အစကို ဆိုထားသည်ကားမဟုတ်။ အနမတဂ္ဂသံသရာ၏အစကို ဆိုခြင်းဖြစ်ပါသည်။ ဒါဝင်၏ Evolution သီအိုရီသည် အနောက်တိုင်းမှာရော အရှေ့တိုင်းမှာပါ ပျံ့နှံ့လျှက်ရှိ သည်။ သိပ္ပံပညာကို ဦးဆောင်နေသော အနောက်တိုင်းသားတို့ဋ္ဌ အတွေးအခေါ်ကို အရှေ့တိုင်းသားတို့က သဘောကျသည်ဖြစ်စေ၊ မျက်သည်ဖြစ်စေ မလွှမ်းမိုးနိုင်ကြ။ အနောက်တိုင်းမှစတင်သော သိပ္ပံပညာနှင့် အတွေးအခေါ်တို့သည် ကမ္ဘာမျက်နှာစာမှာ အသာစီကရနေပါသည်။ သူတို့ အသာစီးရနေသဖြင့် သူတို့သမိုင်းမှ အမှန်၊ သူတို့သမိုင်းမှအခိုင်အမာ အတိအကျ ဖြစ်နေရပါသည်။
အမှန်စင်စစ် သူတို့သည်လည်း ခိုင်မာသော ကျောက်စာ၊ကျောက်ဖြစ်ရုပ်ကြွင်းတို့ထက်ကို ကျော်လွန်၍ ခန့်မှန်းတွေးခေါ်နေကြ သည်သာ။ ခန့်မှန်းသည်ဆိုကတည်းက အတိအကျ သိမြင်သည်မဟုတ်၍ မှန်ချင်မှန်မည်၊လွဲချင်လွဲမည် သေချာသောအလုပ်ကားမဟုတ်။
(၂)
မြတ်ဗုဒ္ဓ၏ ပိဋကတ်တော်တို့ကို ပထမသင်္ဂါယနာမှစ၍ ယခုမျက်မှောက်အချိန်ထိ သံဃာတော်တို့က မူရင်းအတိုင်း ထိန်းသိမ်းသယ်လာနိုင် ကြသည်ဟုဆိုလျှင် အနောက်တိုင်းသားတို့ သံသယ၀င်ချင်ဝင်ဦးမည်။
ထေရ၀ါဒသံဃာတော်မြတ်တို့၏ သဒ္ဓါ၊၀ီရိယ၊သီလ၊သမာဓိ၊ပညာတို့ကို ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့သာလျှင် သက်ဝင် ယုံကြည်နူင်ကြ၏။ သဒ္ဓ၊ပညာမရှိသူတို့ မမြင်နိုင် မယုံနိုင်လေရာ။
ထိုဘုရားဟော ပိဋကတ်တော်တို့ကိုကြည့်၍ မြတ်ဗုဒ္ဓသည် ပုဗ္ဗေနိဝါသာနုဿတိဥာဏ်၊ဒိဗ္ဗစက္ခုဥာဏ်၊ အာသ၀က္ခယဥာဏ် စသော ၀ိဇ္ဇာဥာဏ်တို့နှင့်ပြည့်စုံတော်မူသည်ဟုလည်း ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကြသည်။ ယုံကြသည်ဆိုရာမှ သဒ္ဓါ၊ပညာအဆင့်လိုက် ကွာဟမှုတော့ ရှိကြပေမည်။
သဗ္ဗညုတဥာဏ်တော်သခင် မြတ်ဗုဒ္ဓ၏ဒေသနာပါဠိတော်တို့တွင် ဗုဒ္ဓ၀ံသပါဠိတော်များ စရိယာပိဋကပါဠိတော်နှင့် ထိုထို အဘိဓမ္မာသုတ္တန်ပါဠိတော်တို့ကို လေ့လာသောအခါ ယဉ်ကျေးသော လူ့အဖွဲ့အစည်းသည် ကကုသန်မြတ်စွာဘုရားလက်ထက်တော် မတိုင်မီကတည်းက ရှိနေပြီးဖြစ်ကြောင်း သိရပေသည်။
လူသားမျိုးနွယ်ဆက်သည် တကမ္ဘာပတ်လုံး အမြဲတမ်းယဉ်ကျေးတိုးတက်၍ မနေသလို အမြဲတမ်းလဲ နိမ့်ကျမနေဟု ယူဆပါ သည်။ ပိဋကတ်ကျမ်းစာများအဆိုအရ မိမိတို့ဝန်းကျင်ရှိ လူသက်တမ်းသည် အတက်အကျရှိပါသည်။ ဗြဟ္မစိုရ်တရားထွန်းကား၍ လူတွေ တရားစောင့်ကြသောကာလတွင် အသက်တမ်းသည် အသင်္ချေအထိ တွက်သွားသည်။ ဗြဟ္မစိုရ်တရားခြောက်သွေ့၍ လူတွေတရားမစောင့် သောကာလတွင် ဤလူတို့သက်တမ်းသည် ၁၀-နှစ်တမ်းအထိ ဆုတ်ယုတ်သည်ဟု ဆိုပါသည်။ မုသားစကားစတင်ပြောသော စေတိယမင်းတို့ခေတ်တွင် အသက်တမ်းသည် အသေင်္ချေဖြစ်ပါသည်။ အလောင်းတော် မာဃဒေ၀မင်းတို့ခေတ်တွင် လူတို့သက်တမ်းသည် သိန်းချီ၍ ရှိနေသေးကြောင်း သိရပါသည်။ မန္ဓာတုစကြာမင်းတို့ခေတ် မဟာသုဒဿနစကြာမင်းတို့ခေတ်သည်လဲ သူ့ခေတ်နှင့်သူ ယဉ်ကျေးသော လူအဖွဲ့အစည်းဖြစ်ပါသည်။
ဤကမ္ဘာပေါ်တွင် တစ်နေရာမှာ ယဉ်ကျေးသောလူ့အဖွဲ့အစည်းရှိနေခိုက် အခြားတစ်နေရာတွင် မယဉ်ကျေးသော လူရိုင်းများ လဲရှိနေနိုင်ပါသည်။ ယခုတိုးတက်ပါသည်ဆိုသော ခေတ်ထဲမှာပင် အချို့နေရာများမှာ လူရိုင်းများ ရှိနေသည်ကို သတိပြုရပါ၏။ အာရှဒေသမှာ ယဉ်ကျေးမှုတိုးတက်နေချိန်တွင် ဥရောပ၌ လူတူပရိုင်းမိတ်များ၏သမိုင်းခေတ်ဖြစ်ချင်ဖြစ်နေမည်။ ဒိုင်နိုဆောခေတ် ဖြစ်ချင် ဖြစ်နေမည်။ ယခုသီရိလင်္ကာနိုင်ငံသည် ဘုရားရှင်လက်ထက်က ယဉ်ကျေးသော လူအဖွဲ့အစည်း မရှိသေးကြောင်းသိရပေသည်။ အိမ်နား မှာစိုက်ထားသော ငှက်ပျောမျိုးကို တောကြီးမျက်မည်းတွင် သွား၍စိုက်ပါက တောငှက်ကဲ့သို့ ငှက်ပျောသီးတွင် အစေ့များပါရှိလာပြီး ရိုင်းလာသည်ကို တွေ့ရှိရသည်။ တော်ငှက်ပျော၏၀တ်မှုံများ ကူးစက်ခံရသောကြောင့် ဖြစ်ပေမည်။
လူသည်လည်း မျိုးနွယ်စဉ်ဆက် တောထဲသို့ ရှေ့တိုးသွား၍တောသဘာဝနှင့် လိုက်လျောညီထွေသော ကြမ်းတမ်းမှုစသည် လောက်တော့ ဖြစ်လာစရာရှိပါသည်။ သို့သော် လူသည်လူသာဖြစ်၍ တိရစ္ဆာန်အနွယ် ဖြစ်မသွားနိုင်ဟု ယူဆပါသည်။ လူအနွယ်မှနေ၍ တိရစ္ဆာန်အနွယ် မဖြစ်နိုင်သလို၊ တိရစ္ဆာန်အနွယ်မှလည်း လူ့အနွယ်ဖြစ်လာစရာအကြောင်းမရှိဟို ယူဆပါသည်။
ဣသိသိင်္ဃ ဇာတ်တော်တွင် ဘုရားအလောင်းရသေ့ကြီး၏ ကျင်ငယ်ရေကို သမင်မသောက်ရာမှ ကျင်ငယ်ရေတွင် မျိုးဗီဇပါ၍ သမင်မကိုယ်ဝန်တည်ကာ ဣသိသိင်္ဃရသေ့ငယ်ကို ဖွားမြင်ကြောင်း ဆိုပါသည်။ ဤသည်မှာ သမင်မ၀မ်းမှ လူသားစင်စစ်မွေးလာခြင်းဖြစ် သည်။ တစ်စတစ်စ မျီုးဗီဇတို့ ဇာတ်ခြားသည်အထိ ရိုင်းရာမှယဉ် ယဉ်ရာမှရိုင်းခြင်း မဟုတ်ပါ။ ဣသိသိင်္ဃဇာတ်နဲ့ပတ်သက်၍ မိမိငယ်စဉ် က ဆရာဝန်တစ်ဦးရေးသော ဆောင်းပါးတစ်ပုဒ်ဖတ်ဖူးသည်ကို သတိရမိသည်။
ယင်းဆရာဝန်စာရေးဆရာက လူ၏မျိုးဗီဇနှင့် တိရစ္ဆာန်သမင်မ၏ မျိုးဗီဇ မတူညီဇာတ်ခြားသောကြောင့် ဆေးပညာအရ မဖြစ်နိုင်ကြောင်းဆိုပါသည်။ ထိုအဆိုသည် သူသိသောဆေးပညာအရသာ ဆိုခြင်းဖြစ်ပြီး၊ သူသိသောဆေးပညာထက် ကျော်လွန်သော အကြောင်းတို့အရ ဆိုခြင်းမဟုတ်ဟု နားလည်မိပါသည်။
မကျည်းပင်၊ကြာပွင့်တို့၌ သံသေဒဇပဋိသန္ဓေဖြစ်သည်ဟူသော စာအဆိုကို ရုပ်ဝါဒီသမားများ စဉ်းစားလျှင် ဦးနှောက်ခြောက် ဖွယ်ရာ ရှိပါမည်။ ရုပ်ဝါဒီသမားတို့ ပို၍ပိုစဉ်းစားမရနိုင်ဖြစ်ရသည်မှာ ဥပပါတ်ပဋိသန္ဓေဖြင့် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် ဘွားကနဲကိုယ်ထင်ရှား ဖြစ်သည်ဟူသော ဥပပါတ်သတ္တ၀ါများအကြောင်းပင် ဖြစ်ပါသည်။ အဘိဓမ္မာဒေသနာတွင် ပဋိသန္ဓေသည် ၀မ်း၌ဖြစ်သော ဂဗ္ဘသေယျက ပဋိသန္ဓေသည်လည်း အဏ္ဏဇ ဥ၌ဖြစ်သော ပဋိသန္ဓေနှင့် သားအိမ်၌ပေါက်ဖွားသော ဇလာဗုဇ ပဋိသန္ဓေဟူ၍ နှစ်မျိုးကွဲပြန်သည်။ ဤပဋိသေန္ဓများအနက် သြပပါတိက (ဥပပါတ်)ပဋိသန္ဓေတွင် ယုံကြည်နားလည်ရာမှာ သာမန်ရုပ်ဝတ္ထုများကိုသာ စူးစမ်းသော အသိဥာဏ် ဖြင့် မလုံလောက်တော့ချေ။ မြတ်ဗုဒ္ဓ၏ ဒိဗ္ဗစက္ခုဥာဏ်၊သဗ္ဗညုတဥာဏ်တို့ကိုလဲ ယုံကြည်နိုင်ရန် မလွဲမသွေလိုအပ်ပါ၏။ ယုံကြည်ဟု အတင်းတိုက်တွန်း၍ ရကောင်းသောအရာကား မဟုတ်။ ယုံကြည်နိုင်သောအသိဥာဏ် ဖြစ်ပေါ်လာအောင် လေ့လာစူးစမ်းရန်သာ ဖြစ်ပါသည်။
ဗုဒ္ဓဘာသာစာပေတို့တွင် ဗြဟ္မပြည်မှ စုတေ၍ ဥပပါတ်ပဋိသန္ဓေဖြင့် ကမ္ဘာဦးလူသားများ ဖြစ်ပေါ်လာသည်ဟု ဆိုပါသည်။ ဥပပါတ်ပဋိသန္ဓေကို နားလည်ယုံကြည်လျှင် မျောက်ကနေ၍ လူဖြစ်လာသည်အထိ ဖြစ်နိုင်ချေကို ယုတ္တိပြရန် အပင်ပမ်းခံစားဖွေခြင်းသည် သာမာန်လူတစ်ဦ၏ ကိုယ်ပိုင်အတွေးအခေါ်အပိုင်းအခြား (သာမညယုတ္တိ)ပေါ်တွင်သာ ရပ်တည်ထားခြင်းဖြစ်ကြောင်း နားလည်နိုင်ပေ သည်။ ဥပပါတ်ပဋိသန္ဓေသည် လောကတွင် မရှိဟု ခံယူလျှင် ဗုဒ္ဓဘာသာ၏ အပြင်ဖက်သို့ ရောက်သွားဖွယ်ရာရှိပါသည်။ မြတ်စွာဘုရားကို ခံ၍ငြင်းရာလဲရောက်ပါမည်။ အဘယ်ကြောင့်နည်း…..ဥပပါတ်သတ္တ၀ါများရှိကြောင်း မြတ်ဗုဒ္ဓဒေသနာတော်တို့တွင် အတိအလင်း ဟောထားသောကြောင့် ဖြစ်ပါသည်။
(၃)
ဒါဝင်၏ Evolution သီအိုရီအရဆိုလျှင် ယခုခေတ်လူသားတို့သည် နောင်နှစ်ပေါင်းများစွာ ကြာသောအခါ ခြေလက်အင်္ဂါများ ယခုထက်ပိုပြီး ပြောင်းလဲတိုးတက်လာစရာရှိပါသည်။ လက်ရုံးနှစ်ဖက်မှ လက်ရုံးလေးငါးဖက် ဖြစ်လာမလားလို့ တွေးရန်ရှိပေ၏။ အဘယ် ကြောင့်ဆိုသော် ဒါဝင်၏ Evolution သိအိုရိအရ နိမ့်ရာမှ မြင်ရာသို့ အကန့်အသတ်မရှိ တိုးတက်ပြောင်းလဲနေရမည် ဖြစ်သောကြောင့် တည်း။ ဒါဝင်၏အဆိုကို ဘာထရန်ရပ်ဆယ် ကလည်း ငြင်းဆို ကပ်ကွက်ခဲ့ကြောင့် သိရပေသည်။ အစ၏အစ ဆိုရာမှ သတ္တ၀ါ၏အစကို အသာထား၍ ရေမြေလေမီးဟူသော ပရမတ္ထဓါတ်ကြီးလေးပါး၏အစကို ရှာကြည့်လျှင်လည်း အသိဥာဏ်တုန်းပြီး မျောသွားဖွယ်ရာရှိပါ၏။ မြတ်ဗုဒ္ဓသည် နာမ်ကိုယ်သာပိုင်းခြားသိတော်မူသည်ကားမဟုတ်၊ ရုပ်တရားများကိုလဲ ပိုင်းခြားသိတော်မူပါပေ၏ လောက၀ိဒူ ဂုဏ်တော် ဆိုသည်မှာ သတ္တလောက သတ္တ၀ါတို့အကြောင်း၊ သင်္ခရလောကတွင် သင်္ခါရတရားတို့၏အကြောင်း၊ သြကာသလော နေလကမ္ဘာ အနန္တစကြာဝဠာ ဘုံတို့အကြောင်းကို ပြိုင်ဖက်မရှိ အကြွင်းမဲ့သိမြင်တော်မူသော ဂုဏ်တော်ဖြစ်ပါသည်။
ဤသတ္တ၀ါအပေါင်းတို့သည် ဆန်းကြယ်သကဲ့သို့ ဤအတူဆန်းကြယ်သော အခြားဖြစ်သည့် တစ်ခုသောအပေါင်း (ဧကနိကယ) ကိုမျှလဲ ငါဘုရားမြင်တော်မမူ ဟူ၍ အင်္ဂုတ္ထိုရ်၌ ဒေသနာရှိပေသည်။ ကိုယ်ထင်ရှားဖြစ်သော ဥပါပတ်ပဋိသန္ဓေသည် ဆန်းကြယ်သော အရာတို့တွင် တစ်ခုအပါအ၀င်ဖြစ်ပေလိမ့်မယ်။ ဥပပါတ်ပဋိသန္ဓေကို မယုံကြည်နိုင်သူအဖို့ (ဣဿရနိမ္မာန) ဖန်ဆင်းရှင်ဝါဒကိုလျှင်လဲ ယုံကြည်ယူဆမိမည်။ သို့မဟုတ်ဒါဝင်၏ Evolution သီအိုရီကိုလျှင်လဲ ယုံကြည်ယူဆမိပေမည်။ Evolution သီအိုရီသည်လဲ သာမညယုတ္တိ နောက် လိုက်လွန်းသော အစွန်းတစ်ခုဟု ဆိုချင်ပါသည်။ ယခုခေတ်တွင် ဖြစ်ထွန်းနေသော နည်းပညာပစ္စည်းများ အကြောင်းကို လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)လောက်ကာလမှာ သွားပြောလျှင် ဥဏ်မီရာ ယုတ္တိရှာမရ၍ မယုံကြည်နိုင်ဖြစ်ပေလိမ့်မည်ကို တွေးကြည့်နိုင်ပါသေည်။
နိဂုံးချူပ်အနေဖြင့် တစ်ခုပြောလိုသေးသည် အဇ္ဈတ္တသန္တာန်ရှိ ရုပ်ကလာပ်တို့သည် ကံ -စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရားလေးပါးတို့ကြောင့် အသီးသီးဖြစ်ပေါ်ရပေသည်။ ဗဟိဒ္ဓ၌ဖြစ်သော ရုပ်တရားတို့ကိုကား သီတဥတု၊ ဥဏှဥတုတို့က ဖြစ်စေပါသည်။ ဗဟိဒ္ဓရုပ်ဖြစ်သော သုဒ္ဓဋ္ဌကလာပ် (ရေ-မြေ-လေ-မီး-အဆင်း-အသံ-အနံ့-အရသာ-သြဇာ) သဒ္ဒန၀ကကလာပ် (သုဒ္ဓဋ္ဌကလာပ်တွင် သဒ္ဒထည့်) တို့သည် ဥတုအကြောင်းတစ်ပါးသာ ရှိသည်ကား မှန်၏။ အ၀ိဇ္ဇာ တဏှာ ကံ သင်္ခါရတို့နှင့် လုံးလုံးအဆက် အသွယ်ပြတ်တောက်သည်တော့ မဟုတ်သေး။ ဝေးသောအကြောင်း အဖြစ်ဖြင့်ကား ရှိနေသေးသည်သာ။
“စိတ်သည် လောကကို ဆောင်အပ်၏” ဟူသောမြတ်ဗုဒ္ဓ၏အဆိုအမိန့်ကို ဤအရာ၌ပညာရှင်တို့ ထုတ်ဆောင်ကြပေသည်။ အကျယ်သိလိုမူ သေက္ချတောင်ဆရာတော်၏ ပဏ္ဍိတဝေဒနိယကျမ်းတွင် ကြည့်ရှုနိုင်ကြပါသည်။
ဤဆောင်းပါးကို ရေးဖြစ်သည့်အတွက် ဆရာအောင်မှိုင်း ၊ ဆရာစောနေလတ်တို့ကို အထူးကျေးဇူးတင်ပါသည်။

အကောင်းကြိုက်သူများအတွက် အကောင်းဆုံးဓမ္မ

လောကမှာ အကောင်းမွန်ဆုံး အမြတ်ဆုံး အကောင်းဆုံး ဆိုတဲ့အရာတွေကို လူသားများ စိတ်ဝင်စားလေ့ရှိကြတယ်။ နားလည်အောင် ပြောရရင် စားစရာနဲ့ပတ်သက်လို့ အကောင်းဆုံးအစားအစာဆိုရင် စိတ်ဝင်စားတယ်၊ မြည်းစမ်းကြည့်ချင်တယ်။ ထိုအစားအစာရှိတဲ့နေရာကို မရောက်ရောက်အောင်သွားပြီး ၀ယ်ယူစားသောက်ကြတယ်။အကြိုက်တွေ့ပြီဆိုရင် ဘယ်လောက်ဈေးကြီးကြီး ၀ယ်စားလေ့ရှိကြတယ်။ အ၀တ်အထည်နဲ့စပ်လို့လဲ ဒီလိုပါပဲ၊ အညံ့စားအ၀တ်အထည်တွေဆို မ၀တ်ချင်ကြ၊ အချို့က ပိုက်ဆံမတတ်နိုင်လို့သာ ညံ့တဲ့အ၀တ်အထည် တွေကို ၀တ်ကြရတယ်။ ဒါပေမဲ့ ဖြစ်နိုင်ရင် အကောင်းဆုံးအ၀တ်ပဲလိုချင်ကြတယ်။ နေစရာအိမ်တွေလဲ ဒီလိုပါပဲ၊ အိမ်ကောင်းကောင်း နဲ့ နေချင်ကြတာ ဓမ္မတာပါ။
ဒါကြောင့်လဲ ဘုရားမြတ်စွာဟာ လူတို့ရဲ့စိတ်သဘောသဘ၀ကို သိတော်မူတဲ့အတွက် “ဓမ္မ” ကို လူတို့စိတ်ဝင်စားလာအောင် အဆန်းတကြယ်ဟောကြားတော်မူခဲ့တာဖြစ်မှာပါပဲ လို့ တွေးမိပါတယ်။ ဒါကြောင့် အကောင်းဆုံးကြိုက်ကြတဲ့သူများအတွက် မြတ်စွာဘုရားဟော ကြားတော်မူခဲ့တဲ့ တရားတော်များထဲမှ အမြတ်ဆုံးဖြစ်တဲ့ ဓမ္မတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။

အထက်ကဆိုခဲ့တဲ့အတိုင်း လူတွေမှာ အကောင်းဆုံးလာဘ်လာဘတွေကို ရရှိခံစားသုံးဆောင်ကြရပြီဆိုရင် သဘောတွေ မနောခွေ့ပြီး အကြိုက်တွေ့နေတတ်ကြပါတယ်။ ဒီအကောင်းဆုံးလာဘ်လာဘတွေဟာ ရရှိတဲ့ခဏမှာတော့ ပျော်ရွှင်ကြတာပါပဲ။ ဒါပေမဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတာက ရရှိလာတဲ့လာဘ်လာဘတွေကို ထိန်းသိမ်းရ၊ မပျောက်ပျက်အောင် ကြောင့်ကြစိုက်ရနဲ့ ရတက်မအေး သောကပူဆွေးခဲ့ရ တယ်။ဒါဟာ လာဘ်လာဘနဲ့ပတ်သက်ပြီး ဖြစ်ရတဲ့ ပူဆွေးမှု၊စိတ်ဆင်းရဲမှု၊ရတက်မအေးမှုတွေပါ။ဒါကြောင့် ရရှိလာတဲ့လာဘ်လာဘတွေဟာ အကောင်းဆုံး လာဘ် လို့ မဆိုနိုပါဘူး။ ဒါဖြင့် အကောင်းဆုံးလာဘ်က ဘာများဖြစ်နိုင်မလဲ…။
(၁)“အာရောဂျ ပရမာ လာဘာ” လောကမှာ အကောင်းဆုံးလာဘ်ဟာ အနာရောဂါကင်းခြင်း ဖြစ်တယ် လို့ ဘုရားရှင် မိန့်တော်မူခဲ့ပါတယ်။ ဆက်ပြောပါအုံးမယ်။ လူများဟာ ငယ်စဉ် ကျန်းမာရေးကောင်းခဲ့တုန်းက ကျန်းမာရေးအတွက်ဂရုစိုက်စရာမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စာ နေထိုင်လာခဲ့ကြတယ်။ဒါပေမဲ့ ကျန်းမာရေးချို့ယွင်းလာတဲ့အခါ ပေါ့ပေါ့ပါးပါးမဖြစ်တော့၊ လုပ်ချင်တာမလုပ်ရတော့၊စားချင်တာမစားရတော့ပါ။ ထင်ရှားအောင်ပြောရရင် အုန်းထမင်းဟာ ရောဂါမရှိသူများအတွက် အာဟာရဖြစ်ရုံမက ခွန်အားလဲဖြစ်စေပါတယ်။ ဒါပေမဲ့ သွေးတိုးရောဂါရှိသူ များအတွက်တော့ အုန်းထမင်းဟာ အဆိပ်စားသလိုပါပဲ။ ဘာ့ကြောင့်ဆိုရင် သွေးတိုးပြီးသေဆုံးနိုင်တဲ့အထိ ဖြစ်တတ်လို့ပါပဲ။ ပီးတော့ ကောက်ညှင်းပျက်၊ စပွန်ဆာအချိုရည်များစတာတွေဟာ ရောဂါမရှိသူတို့အတွက် အားကိုဖြစ်စေပေမဲ့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိသူများ အတွက်တော့ သွေးတိုးနိုင်၊ဆီးချိုတက်နိုင်တဲ့အတွက် အဆိပ် ပင်သဖွယ်ပါပဲ။ ပူအိုက်တဲ့အခါဆိုရင် အအေးဓါတ်ရရှိဖို့အတွက် အဲယားကွန်းနဲ့ နေလေ့ရှိကြတယ်။ ရောဂါမရှိသူအတွက်တော့ကောင်းတာပဲ၊ဒါပေမဲ့ အဆုတ်သမားတွေအတွက်တော့ ထိုအအေးဟာ အန္တရာယ်ပါ။
ဒါကြောင့် လောကမှာ အကောင်းဆုံးလာဘ်ဟာ အနာရောဂါကင်းခြင်း လို့ ဘုရားရှင် မိန့်တော်မူခဲ့တာ ဖြစ်မှာပါ။
(၂) “သန္တုဋ္ဌီ ပရမံ ဓနံ”လောကမှာ အကောင်းဆုံးဥစ္စာဟာ ရောင့်ရဲနိုင်ခြင်းပါပဲ။
လူတွေဟာ ရောင့်ရဲနိုင်မှုမရှိတဲ့အတွက် အလိုရမက်ကြီးစွာနဲ့ မဆုံးနိုင်တဲ့လောဘနောက်လိုက်နေရတဲ့အတွက် ပူပင်သောကရောက် ကြရတယ်။ စိတ်ဆင်းရဲကြရတယ်၊ ငြိမ်းချမ်းမှုဆိုတာတော့ ဝေလာဝေးပါပဲ။ အလိုကြီးတဲ့သူကို ပါဠိလို မဟိစ္ဆ လို့ခေါ်ပါတယ်။ အလိုကြီးတဲ့သူ သုံးဦးရှိပါတယ်။ (က) အတြိစ္ဆ။ (ခ) မဟိစ္ဆ။ (ဂ) ပါပိစ္ဆ တို့ဖြစ်တယ်။ ရသင့်တာထက် ပိုလွန်ပြီး ရယူချင်၊လိုချင်တဲ့သူကို “အတြိစ္ဆ” လို့ခေါ်ပါတယ်၊
ထင်ရှားအောင်ပြောရရင် သူတစ်ပါးက အားကြိုးမာန်တက် ကြိုးစားပီးမှ ရရှိလာတဲ့ပစ္စည်းဥစ္စာတွေကို မစွမ်းနိုင်တဲ့ကိုယ်က လိုချင်နေတယ်ဆိုရင် ရသင့်တာထက်ပိုလိုချင်တာဖြစ်တဲ့အတွက် “အတြိစ္ဆ” ပုဂ္ဂိုလ်လို့ခေါ်ပါတယ်။
(ခ)အလိုကြီးတဲ့ပုဂ္ဂိုလ်ကို “မဟိစ္ဆ” လို့ခေါ်ပါတယ်။ သူ့ရဲ့သဘောက ကိုယ့်ရှိတဲ့ဂုဏ်ကို မလိုအပ်ဘဲ ကြွားဝါပြီး ပြောဆိုတာပါ။ လိုအပ်တဲ့အခါ ကိုယ့်ရှိတဲ့ဂုဏ်ကို ထုတ်ဖေါ်ပြောသင့်ရင် ပြောရမှာပါ။ မလိုအပ်ဘဲနဲ့ မသင့်တော်မှန်းသိရက်နဲ့ လူတကာရှေ့ သူများအထင်ကြီးအောင် ကိုယ့်ဂုဏ်ကို ဖေါ်ပြီး ကြွားဝါခြင်းဖြစ်တယ်။ ဒါ့အပြင် သူတစ်ပါးပစ္စည်းပေးလို့ ယူတဲ့အခါမှာ အတိုင်းမရှည်မသိဘဲ ယူတဲ့အလေ့ရှိတယ်။ ကိုယ့်မှာ ပြည့်စုံနေရင် ငါ့မှာတော့ ပြည့်စုံနေတယ်။ ဘယ်သူ့မှာဖြင့် လိုအပ်နေတဲ့အတွက် ဘယ်သူ့ကို သွားပေးပါဆိုပြီး လမ်းညွန်ရင်တော့ ထိုသူဟာ အပ္ပိစ္ဆ အလိုနည်းတဲ့သူလို့ ဆိုနိုင်တယ်။ ဒီအရည်အချင်းတွေမရှိဘူးဆိုရင်တော့ အလိုရမက်ကြီးတဲ့ မဟိစ္ဆပုဂ္ဂိုလ်ဖြစ်သွားပါပြီ။
(ဂ) ယုတ်မာပြီး အလိုဆိုးရှိတဲ့ပုဂ္ဂိုလ်မျိုးကို “ပါပိစ္ဆ” လို့ခေါ်ပါတယ်။သူကျတော့ ကိုယ့်ထင်ရှားမရှိတဲ့ဂုဏ်ကို သူတကာကို ပြောဆိုတာပါ။ ဆိုပါစို့၊ ကိုယ့်မှာ လုပ်ငန်းတစ်ခုရရေးအတွက် လျှောက်လွှာတင်တဲ့အခါ လိုအပ်တဲ့အရည်အချင်း၊ ဘွဲ့ထူးဂုဏ်ထူးတွေကို လျှောက်လွှာအတွင်း ရေးဖြည့်ပြီးတင်ရပါတယ်။ ဒီလိုတင်တဲ့အခါမှာ လုပ်ငန်းရရှိအောင်ဆိုပြီး ကိုယ့်မရှိတဲ့ အရည်အချင်းတွေ ဘွဲ့တွေဂုဏ်ထူးတွေကို ရေးဖြည့်ပြီးတင် ကြတယ်။ဒါဟာ ယုတ်မာပြီး အလိုဆိုးရှိတဲ့ ပါပိစ္ဆ ပုဂ္ဂိုလ်ပါပဲ။ အလိုကြီးတဲ့သူများထဲမှာ အယုတ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်။
ပြောခဲ့တဲ့ပုဂ္ဂိုလ်သုံးဦးဟာ အလိုရမက်ကြီးကြတဲ့အတွက် သူတို့သန္ဆာန်မှာ မဖြစ်သေးတဲ့အကုသိုလ်တရားများ အဖြစ်များလာပြီး၊ ဖြစ်ပြီးတဲ့ကုသိုလ်တရားများ ဆုတ်ယုတ်လာပါတော့တယ်။ ဒါကြောင့် အလိုကြီးတာဟာ ဆင်းရဲမှုကို အပြည့်အ၀ပေးပြီး ရသမျှနဲ့ရောင့်ရဲတာဟာ ငြိမ်းချမ်းမှုကို အပြည့်အ၀ပေးနိုင်ပါတယ်။
တစ်ခါက လယ်ပိုင်ရှင်သူဌေးတစ်ဦးဟာ သူ့အပေါ်ကျေးဇူးများတဲ့ လယ်သမားတစ်ယောက်ကို လယ်မြေတွေ ပေးဖို့အတွက် လယ်သမားကို ပန္နက်ရိုက်ခိုင်းပါတယ်။ လယ်သမားက ပထမပန္နရိုက်ရမဲ့နေရာမှာ မရိုက်သေးဘဲ ပေးထားတဲ့လယ်ကွက်ထက် ပိုပြီးလိုတဲ့ အတွက် နောက်တစ်ကွက်ကိုရောက်သွားပြန်တယ်။ ဒီအကွက်ရောက်တော့လဲ ထပ်လိုပြန်တဲ့အတွက် တစ်ကွက်ပြီးတစ်ကွက် တိုးသွားလိုက်တာ နောက်ဆုံး လယ်သမားဟာ ပန္နမရိုက်ရတော့ဘဲ အမောဆို့ကာ သေဆုံးသွားခဲ့တယ်။ တကယ်လို့ လယ်သများဟာ တစ်ကွက်နှစ်ကွက်လောက် ပေးသမျှနဲ့တင်းတိမ်ရောင့်ရဲနိုင်ခဲ့မယ်ဆိုရင် အသက်မသေနိုင်တဲ့အပြင် လယ်ကွက်တောင်ပိုင်ဆိုင်သွားအုံးမှာပါ။ ဒါကြောင့် ပစ္စည်းဥစ္စများဟာ ဆင်းရဲပူပန်မှုအပြင် အသက်ပါသေဆုံး နိုင်တဲ့အတွက် အမြတ်ဆုံးဥစ္စာ လို့ မဆိုနိုပါဘူး။

ရသမျှနဲ့ရောင့်ရဲတင်းတိမ်မှုမရှိဘဲ ရသင့်တာထက်ပိုပြီး လိုချင်တယ်၊ အလိုကြီးတယ်၊ ယုတ်မာတဲ့အလိုဆိုးရှိကြတဲ့သူများဟာ ကာမဂုဏ်အပေါ်မှာခံစားချင်တဲ့ အာသာဆန္ဒက များနေတဲ့အတွက်သူတို့ရဲ့သန္တာန်မှာ စိတ်ချမ်းသာမှု မရှိနိုင်သလို ငြိမ်းအေးမှုလဲ မရရှိနိုင်ပါ။ ရှေးရှေးဘုရားလောင်းသူကောင်းများဟာ ကာမဂုဏ်နဲ့ပတ်သက်ပြီး အတတ်နိုင်ဆုံး ရှောင်ရှားတော်မူကြတဲ့အတွက် သူတို့ရဲ့စိတ်ဟာ လွတ့်လပ်ပေါ့ ပါးပြီး ငြိမ်းချမ်းမှုကို ရယူနိုင်ကြခြင်ဖြစ်ပါတယ်။
ဒါကြောင့် လောကမှာ အမြတ်ဆုံးဥစ္စာဟာ တင့်တိမ်ရောင့်ရဲမှုလို့ ဘုရားရှင် မိန့်တော်မူခဲ့တာ ဖြစ်မှာပါ။
(၃) “၀ိဿဿ ပရမာ ဥာတိ” လောကမှာ အမွန်မြတ်ဆုံး ဆွေမျိုးဆိုတာ အကျွမ်းဝင်မှု ပါပဲ..လို့ ဘုရားရှင်မိန့်တော်မူပါတယ်။
သွေးသားတော်စပ်တိုင်းလဲ ဆွေမျိုးလို့ မခေါ်ဆိုနိုင်ပါ။ တစ်ချို့ဆွေမျိုးများဆိုရင် ပေါင်းသင်းရတာ သူစိမ်းထက်တောင် ဆိုးပါသေးတယ်။ အကျိုးရှိမှ ခေါ်ပြောတယ်။ သာမန်အချိန်ဆို မသိတဲ့အတိုင်းနေကြတယ်။ အနစ်နာမခံနိုင်ဘူး။ မိမိသက္ခာကျအောင် ဆုတ်ယုတ်အောင် မပြောသင့်တဲ့အရာတွေကို လူများအား ပြောဆိုလေ့ရှိတယ်။ မိမိ အခက်ကြုံလာတဲ့အခါ မကူညီတဲ့အပြင် အပြစ်တောင်ပြော လိုက်သေးတယ်။ မိမိအဆင်ပြေနေတဲ့အခါတုန်းကတော့ ပြောဆိုနေသေး၊ အဆင်မပြေတဲ့တစ်နေ့ လုံးဝအပြောအဆို မရှိတော့။ ထိုသူများဟာ ဆွေးမျိုးတော်စပ်သော်လဲ ဆွေးမျိုး လို့မခေါ်နိုင်ပါ။
သို့သော်လဲ လောကမှ သွေးသားတော်စပ်မှု လုံးဝမရှိသော်လဲ သွေးသွားရင်းချာတစ်ယောက်လို အားကိုးရတဲ့သူတွေရှိတယ်။ ထိုသူများရဲ့အလေ့အထက မိမိကို ပေါင်းသင်းတဲ့နေရာမှာ မိမိအကျိုးကိုပဲကြည့်ပြီး ပေါင်းသင်းတယ်။ မိမိရဲ့သိက္ခာကျစရာ၊ လျှို့ဝှက်ရမဲ့အရာတွေကို လူတွေမသိအောင် အထူးလျှို့ဝှက်ပေးတယ်။ မိမိဘေးဒုက္ခကြုံလာတဲ့အခါ အရှေ့ဆုံးကနေ အကူအညီပေးပေးတယ်။ ချမ်းသာတဲ့အခါမှာလဲ ပေါင်းသင်းသလို ဆင်းရဲတဲ့အခါမှာလဲ မပြောင်းလဲဘဲ ပေါင်းသင်းမြဲဖြစ်တယ်။ ကုသိုလ်ရေးနဲ့ပတ်သက်လာရင် မိမိကုသိုလ်ရအောင် ကြံဆောင်ပေးတတ်တယ်။ ဒီလိုလူမျိုးဟာ မိမိအတွက် အမြတ်ဆုံးဆွေမျိုး လို့ပြောနိုင်ပါတယ်။
(၄) “နိဗ္ဗာနံ ပရမံ သုခံ” နိဗ္ဗာန်ဟာ အမြတ်ဆုံးချမ်းသာပါပဲ တဲ့။ နိဗ္ဗာန်ဆိုတာ စာချစ်သူများလဲသိကြမှာပါ။ တကယ်တန်း သူ့ရဲ့အနက်ကို ဘာသာပြန်တော့ နိဗ္ဗာန =နိ + ၀ါန ၊ နိ -မရှိ၊ ၀ါန-ကိလေသာ၊ ပေါင်းလိုက်တော့ ကိလေသာမရှိခြင်း၊ကိလေသာကင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကိလေသာမရှိရင် အချမ်းသာဆုံးဆိုတော့ ကိလေသာရှိနေရင် အဆင်းရဲဆုံးလို့ ဆန့်ကျင်ဘက် ယူလို့ရပါတယ်။ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတရား များပြားနေရင် ဘယ်တော့မှ မချမ်းသာနိုင်ပါဘူး။ ဥပမာ.. လူတစ်ယောက်က မိမိနှစ်သက်တဲ့ ပစ္စည်းတစ်ခုကို မိမိအား လာပေးတယ်ဆိုပါစို့၊ ပစ္စည်းမရခင်တုန်းကတော့ အကောင်းသား၊ မိမိနှစ်သက်တဲ့ပစ္စည်းရလိုက်တော့မှ ပစ္စည်းအပေါ် ပျက်စီးသွားမှာစိုးလို့ ကြောင့်ကြစိုက်ရ ၊ ထိန်းသိမ်းရနဲ့ စိတ်ဟာ မလွတ်လပ်တော့။ စိတ်ချမ်းသာတာတွေ အဘယ်မှာလာနိုင်တော့မလဲ။ ထို့အတူ ဒေါသထွက်နေတဲ့ သူများဟာလဲ စိတ်ဆင်းရဲလှပါတယ်။ စိတ်တွေကျဉ်းကြပ်လွန်းလှပါတယ်။ ဒါကြောင့် လိုချင်မှု တဏှာလောဘ၊ မခံသာမှု ဒေါသတရားတွေ မသိမှုဆိုတဲ့မောဟကိလေသာတွေရှိတဲ့သူများဟာ စိတ်ဆင်းရဲလှတာ ထင်ရှားလှပါတယ်။ ကိလေသာတွေ အနှောင်အဖွဲ့ရှိနေသမျှကာလ ပတ်လုံး ဘယ်တော့မှ ချမ်းသာမှာမဟုတ်ပါ။ အဲ…စိတ်ချမ်းသာချင်တယ်ဆိုရင်တော့ ကိလေသာတွေက အနှောင်အဖွဲ့ကင်းအောင် နေတတ်ဖို့လိုပါတယ်။ ဒီလိုသာနေတတ်သွားပီဆိုရင် အမြတ်ဆုံးချမ်းသာကို ပိုင်ဆိုင်သွားတော့မှာပါ။
သဂါထာဝဂ္ဂသံယုတ်ပါဠိတော်မှာလာတဲ့ သုဗြဟ္မာနတ်သားအကြောင်းလေးကို ဒီနေရာမှာ အလျင်းသင့်လို့ ပြောပါအုံးမယ်။ တာဝတိံသာနတ်ပြည်မှာ သုဗြဟ္မာနတ်သားဆိုတာရှိတယ်၊ နတ်သမီးတစ်ထောင်အခြံအရံရှိတယ်။ တစ်နေ့မှာ သူ့တို့ရဲ့အရှင်သခင်နတ်သား ပန်းပန်ဖို့အတွက် နတ်သမီးငါးရာက နတ်ပြည်မှာပေါက်တဲ့သစ်ပင်ပေါ်မှာ သီချင်းဆိုပြီး ပန်းခူးနေကြတယ်။ ကျန်တဲ့နတ်သမီးငါးရာက အပင်အောက်ရောက် လာတဲ့ ပန်းတွေကို သီကုံးပေးကာ သီချင်းသီဆိုနေကြပါတယ်။ ဒီအချိန်မှာပဲ မမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခု…သစ်ပင် ပေါ်က နတ်သမီးငါးရာ ပျောက်ချင်းမလှပျောက်သွားတယ်။ နတ်သားကလဲ နတ်တို့မျက်စိနဲ့ကြည့်လိုက်တော့ နတ်သမီးငါရာ သေပြီး ငရဲကျခံနေရတာကို မြင်တယ်။သူတို့လဲ မကြာခင်သေဆုံးကာ ငရဲကျရမယ်ဆိုတာကို သိလိုက်တယ်။ ဒီလိုသိလိုက်တော့ နတ်သားခမျာ နတ်သားဘ၀ကိုလဲ မစွန့်လွတ်နိုင်မှုဆိုတဲ့ လောဘတဏှာ၊ သေရင်ငရဲကျမှာစိုးရိမ်ပူပန်ရတဲ့ ဒေါသကိလေသာများဖြစ်ကာ စိတ်ဆင်းရဲနေပါတယ်။ ဒီအပူကို ငါ့အားငြိမ်းပေးနိုင်တဲ့သူဟာ လောကမှာ ဘုရားရှင်မှတစ်ပါး အခြားမရှိ၊ ဘုရားထံ အမြန်သွားမှာဆိုပြီး ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ နတ်တို့ရဲ့အဘိညာဉ်နဲ့ ဘုရားရှင်ထံရောက်တော့ ဘုရားရှင်က နညတြ ဗောဇ္ဈတပသာ စတဲ့ ဆင်းရဲငြိမ်းကြောင်းတရားများကို ဟောတော်မူပါတယ်။ အဓိပ္ပါယ်က သတ္တ၀ါတွေ ကိလေသာကင်းပြီးချမ်းသာဖို့အတွက် ဗောဇ္ဈင်တရား၊ ဣနြေ္ဒတရားများမှ တစ်ပါး အခြားတရားကို ငါဘုရား မြင်တော်မမူဘူး……တဲ့။
ဗောဇ္ဈင်တရားဖြစ်အောင်ဆိုတာ သတိပဋ္ဌာန်လေးပါးတရားကိုပဲ လက်တွေ့ကျင့်သုံးကြရမှာဖြစ်တယ်။ သတိပဋ္ဌာန်တရားတော်အရ ကျင့်သုံးရင် မဂ်ဖိုလ်နိဗ္ဗာန်ကို ထိုးထွင်းသိနိုင်တဲ့ သတိ၊ပညာ၊ ၀ီရိယ၊ပီတိ၊ပဿဒ္ဓိ၊သမာဓိ၊ဥပေက္ခာဆိုတဲ့ တရားတွေ ဖြစ်လာမှာပါ။ ထိုတရားများ ကိုယ့်သန္တာန်မှာပြည့်စုံပြီဆိုရင် ကိလေသာတွေလဲကင်းသွားပါပြီ။ ကိလေသာတွေကင်းပြီဆိုရင် အမြတ်ဆုံးချမ်းသာပါပဲ။ ဒါကြောင့် လောကမှာ ကိလေသာကင်းခြင်းဟာ အမြတ်ဆုံးချမ်းသာ ပါပဲ လို့ ဘုရားရှင်မိန့်တော်မူခဲ့တာ ဖြစ်မှာပါ။
အချူပ်ပြောရရင် ရောဂါကင်းခြင်းဆိုတဲ့ အမြတ်ဆုံးလာဘ်၊ ရောင့်ရဲခြင်းဆိုတဲ့ အမြတ်ဆုံးဥစ္စာ၊ အကျွမ်းဝင်ခြင်းဆိုတဲ့ အမြတ်ဆုံး ဆွေမျိုး၊ ကိလေသာကင်းခြင်းဆိုတဲ့ အမြတ်ဆုံးချမ်းသာကို စာချစ်သူများ ရရှိနိုင်ကြစေဖို့ ဆန္ဒပြုရင်း………..

လိုရာဆန္ဒပြည့်ဝကြပါစေ
ဦးကောဝိဒ(မြိတ်)
၃.၈.၂၀၁၀၊ ညနေ ၅ နာရီ

Twitter Delicious Facebook Digg Stumbleupon Favorites More