Saturday, October 11, 2008

သိသမျှ တွေးဆအဖြေ(၆)

အမေး။ ။ အမျိုးမျိုးသောနည်းတို့ဖြင့် သာသနာတော်အတွင်းမှာ သံဃာသင်းခွဲမှုကြီး ပြုလုပ်မှာကို သိပါလျှက်နဲ့ မြတ်စွာဘုရားက အရှင်ဒေ၀ဒတ် အား ဘာကြောင့် ရဟန်းပြုပေးရတာလဲဘုရား။
အဖြေ။ ။ ဤတွင် အဋ္ဌကထာဆရာအလိုအရ ပြောရမယ်ဆိုပါရင်….
အရှင်ဒေ၀ဒတ်အား အကယ်၍ ရဟန်းမပြုပေးဘူးဆိုပါက လူအဖြစ်နဲ့လည်း ဘုရားရှင်အား ၀န်လေးတဲ့အမှုကို ပြုလုပ်မှာ ဖြစ်ပါတယ်၊ ထိုသို့ ၀န်လေးတဲ့အမှုကို ပြုလုပ်မယ်ဆိုပါက နောင်အခါ ဘ၀လွတ်မြောက်မှုအတွက် ကြိုးစားအားထုတ်တဲ့အခါမှာ မျှော်လင့်ချက်တွေ ဆုံးရှုံးပြီး ကပ်ကမ္ဘာများစွာ ကြာသော်လည်း မဂ်ဖိုလ်မရနိင်ဖြစ်လိမ့်မယ်။

အကယ်၍ ရဟန်းဘ၀ဖြင့် ၀န်လေးတဲ့ သံဃာသင်းခွဲတဲ့အမှုကြီးကို ပြုမယ်ဆိုရင်တောင်မှ ဤကမ္ဘာမှစ၍ နောင်ကပ်ကမ္ဘာပေါင်း တစ်သိန်းအထက်တွင် အဋ္ဌိဿရ လို့အမည်ရတဲ့ အရှင်ပစ္စေကဗုဒ္ဓါ ဖြစ်မှာကို သိမြင်တော်မူတဲ့အတွက် ဘုရားရှင်က ဒေ၀ဒတ်ကို ရဟန်းပြုပေးတော်မူခြင်း ဖြစ်ပါတယ်။ ရဟန်းပြုပေးရခြင်းအကြောင်း နောက်တစ်ခုက….
အရှင်ဒေ၀ဒတ်ဟာ ဘုရားရှင်အား ဆန့်ကျင်ဘက်ပြုလာရာမှ ကိုးလတိုင်တိုင် အိပ်ယာထဲလဲကာ မကျန်းမမာဖြစ်ကာ သေဖို့အချိန်နီးကပ်လာတဲ့အခါကျမှ ဘုရားရှင်အား ဖူးမြင်လိုတဲ့စိတ်ဖြစ်ပေါ်ကာ တပည့်အပေါင်းတို့အား ထမ်းစင်ဖြင့် ထမ်းစေကာ ဘုရားရှင်ထံ သွားခဲ့ပါတယ် ဘုရားရှင်ရှိရာ ဇေတ၀န်ကျောင်းတော်အနီး ရေကန်တစ်ခုအနား ရောက်တော့ တပည့်များက ဒေ၀ဒတ်ကို သယ်ဆောင်လာသော ထမ်းစင်ကို ခဏချထားကာ ရေကန်ထဲ ရေဆင်းချိုး ပါတယ်။ အဲဒီအခါ အရှင်ဒေ၀ဒတ်ဟာ သူရဲ့ ခြေနှစ်ဖက်ကို မြေကြီးပေါ်ချနင်းလိုက်ပါတယ်၊ အဲဒီခါ မြေကြီးဟာ အသက်ရှိအလား ဟက်တက်နှစ်ခြမ်းကွဲပြီး အရှင်ဒေ၀ဒတ်အား ခြေဖျားမှစ၍ ဒူးဆစ် - ပေါင်ရင်း - ခါး - သားမြတ် - လည်ပင်း - မေးရိုးတိုင်အောင် မြေကြီးထဲသို့ နစ်မြုပ်သွားပါတော့တယ်။ အဲဒီအခါမှာ အရှင်ဒေ၀ဒတ်ဟာ ဘုရားရှင်အား အာရုံပြုကာ ရွတ်ပူဇော်လိုက်တဲ့ စကားလုံးများဟာ အလွန်ကို သံဝေဂရဖွယ်၊ သနားစဖွယ်တွေနဲ့ ရောယှက်နေတာကို တွေရပါတယ်။ အ၀ီစိကို သွားရတော့မှာဖြစ်တဲ့ အရှင်ဒေ၀ဒတ်က……
“ တစ်လောကလုံးတွင် အသာဆုံးဖြစ်တော်မူသော၊နတ်တို့ရဲ့ဦးခေါင်းညွတ်ကျိုး ရှိခိုးရာအစစ် နတ်မင်းကြီးလည်း ဖြစ်တော်မူသော၊ ရာပေါင်းများစွာ ဘုန်းသမ္ဘာကြောင့် တင့်တယ်သော လက္ခဏာတော်များလည်း ရှိတော်မူပေသော၊ သဗ္ဗညုတရွှေဥာဏ်တော်လည်း ရှိတော်မူပေသော မြတ်စွာဘုရားရှင်အား ….တပည့်တော်ရဲ့ သေခါနီးပြီဖြစ်တဲ့ ဤအသက်အပိုင်းအခြားတို့ဖြင့်၎င်း၊ အသားတွေချောက် အရေတွေပျောက်သဖြင့် မျက်မှောက်ထင်ရာ သုံးရာသော အရိုးစုတို့ဖြင့်၎င်း၊ ဦးတင်ကျန ဖူးချင်လှလည်း မရတော့ပါ ကိုးကွယ်ရာဟူ၍သာလျှင် အပြစ်ရှိသမျှ သတိရ၍ အားမ၀ံ့တံ အကုန်ခံလျှက် အဖန်ဖန် ကန်တော့ခဲ့ပါတယ် မြတ်စွာဘုရား…..” လို့ မြတ်စွာဘုရားအား အသက်နဲ့ခန္ဓာဖြင့် ကန်တော့လိုက်ရတဲ့ကုသိုလ်ကံကို ကြိုတင်သိမြင်တော်မူတဲ့အတွက် မြတ်စွာဘုရားဟာ အရှင်ဒ၀ဒတ်ကို ရဟန်းပြုပေးရခြင်းဖြစ်ပါတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။ (ဓမ္မပဒအဋ္ဌကထာ ပ၊နှာ၉၅)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More