သီတင်းကျွတ်မီးထွန်းပွဲတော်ရောက်တိုင်း ဖယောင်းတိုင်းများ၊ လမ်းဘေး မီးတိုင်များတွင် မီးထွန်းငြှိရသည်မှာ ငယ်စဉ်က အလွန်ပျော် ရွှင်ခဲ့ရပါသည်။ ယခုနှစ်တွင် ဆီမီးထွန်းရသည်မှာ စာရေးသူအဖို့ ကြည်နူးရပါသည်။ ဘာ့ကြောင့်ဆိုလျှင် မြတ်စွာဘုရားသည် မယ်တော် မိနတ်သားအား အဘိဓမ္မာတရားဟောကြားပြီး ၍ တာဝတိံသာနတ်ပြည်မှ လူ့ပြည် သင်္ကဿနဂိုပြည်သို့ နတ်တို့ဖန်ဆင်းသည့် စောင်းတန်း သုံးသွယ်ဖြင့် ကြွတော်မူလာခိုက် ဆီးမီတို့ဖြင့် ပူဇော်ခဲ့ကြသည် မဟုတ်ပါလား။ မြတ်စွာဘုရားကို အာရုံပြု၍ ဆီမီးငြှိထွန်းပြီး ပူဇော်ရသောကြောင့် ပျော်ရွှင်မှုအစား ကြည်နူးမှုတို့ဖြင့် လျှံဝေခဲ့ရပါသည်။
ထွန်းထားခဲ့သည့် မီးများသည် သူ့ရဲ့ တောက်လောင်နိုင်မှုစွမ်းအားပေါ်မူတည်၍ မီးလင်းခဲ့ရ၊ မီးတောက်လောင်ခဲ့ရသော်လည်း အချိန်ကြာမြင့်မှုမရှိ၊ သိပ်မကြာမီမှာ ထွန်းထားသည့် မီးများ ငြိမ်းကုန်တော့သည်။ မီးထွန်းစဉ်က မီးယောင်တို့ဖြင့် လင်းထိန်နေကာ လူသံများဖြင့် စည်ကားနေသည့် လမ်းမကြီးသည် ယခုအခါ၌ကား မီးရောင်မရှိ မှောင်မဲမှုနှင့်အတူ တိတ်ဆိတ်နေပါတော့သည်။ ယခင်က လင်းနေသည့် မီးသည် ယခုအခါ မည်သည့်နေရာသို့ ရောက်ကုန်သနည်း။ လိုက်ရှာလျှင်လည်း ကြက်ဥကို အစရှာ၍ရဦးမည်၊ မီးကို အစရှာရန်ကား မလွယ်ကူပေ။
ထိုမီးများ ငြှိမ်းသွားသကဲ့သို့ လူများသည်လည်း တဖြုတ်ဖြုတ်ဖြင့် ပျောက်နေကြပေသည်။ လူ့ဘ၀ဆိုတာ လျှပ်စီးလက်သကဲ့သို့ ခဏတာ နေရကာ ဘ၀ကို စွန့်ခွါသွားရသည်မှာ လူသားတိုင်းပင်မဟုတ်ပါလော။ တွေးကြည့်လျှင် လူဖြစ်လာရသည့်ဘ၀သည် ကိုယ့်အလိုသို့မပါ ခန္ဓာ့အလိုသို့သာ လိုက်ပါရသည့်အပြင် မကြာမီမှာပဲ မီးငြှိမ်းသကဲ့သို့ သေဆုံးခဲ့ကြရပါသည်။ စာရေးသူတို့သည် သီတင်းကျွတ်သောအခါ ထုံးစံအတိုင်း သံဃာအချင်းချင်း ပန်ကြား၍ ပ၀ါရဏာပြုကြရာ ထိုပ၀ါရဏာပွဲက အပြန်တွင် လမ်းမပေါ်၌် လူတစ်ယောက် သွေးတွေဖြင့် လှဲနေသည်၊ အရက်မူး၍လား၊ တကယ်ပဲသေသွားပြီလား၊ ကြည့်ရသည်မှာ သေပြီဟု ယူဆရပါသည်။
သည်မြင်ကွင်းကို မြင်လိုက်ရပြန်တော့လည်း လူ့ဘ၀၏ တိုးတောင်းသော အဖြစ်ကို တွေးမိကာ သံဝေဂဖြစ်မိပါတော့သည်။ တွေးမိသည်မှာ လောကလူသားများသည် သက်ရှိ/သက်မဲ့ပစ္စည်းဥစ္စာများ ခြံရံကာ ပျော်ရွှင်မေ့လျော့နေသူများသည် သေခြင်းတရားကို တွေးမိကြမည်ဆိုလျှင် ပျော်ရွှင်နိုင်ကြပါဦးမည်လော။
သုံးရာစုနှစ်က သီရိဓမ္မာသောကမင်းကြီး၏ ညီတော် တိဿက “ သည်ရဟန်းတော်များဟာ ငါ့အစ်ကိုပေးတဲ့ အစာရေစာတွေကို မြိန်ရေယှက်ရေ စားကြပြီး ပေးထားတဲ့ အိပ်ရာတွေမှာ အိပ်ရတာ အလွန်ပျော်ရွှင်ကြမှာပဲ” ဟု ရဟန်းတော်များအပေါ် သူ့အမြင်ကို အစ်ကိုဖြစ်သည့် သီရိဓမ္မာသောကမင်းအား ပြောပြပါသည်။ ထိုအခါ သီရိဓမ္မာသောကမင်းက စိတ်ဆိုးဟန်ပြုကာ “ ဟဲ့ တိဿ….မင်းဒီနေ့ကစပြီး ငါ့ရဲ့ ထီးနန်းစည်းစိမ်ကို ခံစားရမယ်၊ ခုနှစ်ရက်ပြည့်လျှင် မင်းကို ငါကိုယ်တော်တိုင်သတ်မယ်” ဟုပြောကာ မင်းစည်းစိမ်ကို ပေးလေတော့သည်။
ထိုအခါ တိဿသည် မင်းစည်းစိမ်ကို ခံစားရသော်လည်း ခုနှစ်ရက်ပြည့်လျှင် သေခြင်းတရားကြီးကို ရင်ဆိုင်ရတော့မည်ဖြစ်သဖြင့် အဘယ်မှာလျှင် ပျော်ရွှင်နိုင်ပါမည်နည်း။ ခုနှစ်ရက်သာကုန်သွားသည်၊ ခံစားခဲ့ရသည့် မင်းစည်းစိမ်သည် ဘယ်လိုမှန်းမသိတော့ချေ်။ သို့နှင့် ခုနှစ်ရက်သို့ရောက်သောအခါ မင်းကြီးက တိဿအား “ ဟဲ့……..တိဿ ဘယ်လိုဖြစ်တာတုန်း ခန္ဓာကိုယ်ကလည်း ခြောက်ကန့်ကန့်နဲ့ ပိန်သွားလိုက်တာ ဘာဖြစ်တာတုန်း” ဟု မေးသောအခါ တိဿက “ အရှင်မင်းကြီးက သတ်မယ်ဆိုတော့ ဘယ်မှာလျှင် ပျော်ရွှင်နိုင်ပါ့မလဲ” ဟု ပြန်ဖြေပါသည်။ မင်းကြီးက “ မှန်တယ်တိဿ..သေခြင်းတရားကို သိသည့် ရဟန်းတော်များသည် ကောင်းတဲ့ဆွမ်း၊ကောင်းတဲ့အိပ်ရာတို့ကို သုံးစွဲနေရပါသော်လည်း သင့်လိုပဲ ပျော်ရွှင် နိုင်ဖို့ ခဲရင်းလှပါတယ်” ဟု သေခြင်းတရားနှင့်ပတ်သက်၍ ညီတစ်ကိုယ်နှစ်ဦး၏ အမေးအဖြေကို စာပေ၌ ဖတ်ရှုရပါသည်။
မည်သည့်နေရာမဆို ကြည့်တတ်မြင်တတ်ရင် ပတ်ဝန်းကျင်မြင်သမျှတို့သည် တရားချည်းပါပဲလား၊ ပတ်ဝန်းကျင်က ကိုယ့်ကိုယ် တရားဟောနေပါလား ဆိုသည်ကို သိမြင်ကာ တရားသံဝေပွားနိုင်ကြမည်ဆိုပါရင် အလွန်ကောင်းသော တရားနာခြင်းတစ်မျိုးဖြစ်ပေ လိမ့်မည်။ မှန်ပါသည် ပတ်ဝန်းကျင်ကို လောဘမျက်စိ၊ဒေါသမျက်စိဖြင့်ကြည့်လျှင် လောက၏ဓမ္မများသည် အဓမ္မ အသွင်ဆောင်နေပါသည်။ ထိုသို့မဟုတ်မူ၍ ပတ်ဝန်းကျင်ကို ဓမ္မမျက်စိဖြင့် ကြည့်တတ်လျှင် လောက၏ဓမ္မများသည် ဓမ္မအသွင်ဆောင်နေပါတော့သည်။ သတိဖြင့်ကြည့်တတ်ဖို့ သာလိုပါသည်။
တစ်ခါက စာရေးသူ၏ ထမင်းစားဖိတ်သည့်အတွက် ဦး…………..သည် ကျောင်းသို့ ရောက်လာပါသည်။ သူ့အား စာပေနှင့်ပတ်သက်သည့် အကြောင်းအရာတစ်ချို့ကို တိုင်ပင်ပြောဆိုဆွေးနွေးရာ ထိုသူ့ထံမှ ပြောလာသောစကားများသည် ကြားရသူအဖို့ စိတ်ဓါတ်တွန့်ဆုတ်ဖွယ်ရာများသာ ဖြစ်နေ၍ စိတ်မကောင်းဖြစ်ခဲ့ရချေသည်။ အမှန်စင်စစ် ထိုသူသည် စာပေနှင့်ပတ်သက်၍ စကားများ ပြောလာပါသော်လည်း တစ်ဖက်သား၏ အောင် မြင်မှုကို မုဒိတာမပွားနိုင် ဖြစ်နေသည်မှာ စာရေးသူသာမက အနီးရှိ ကြားရသည့် လူများလည်း သိနေကြပါသည်။ ထိုအခါ စာရေးသူသည် ပတ်ဝန်းကျင်ကို ဓမ္မမျက်စိဖြင့် ကြည့်မိသည်၊ “အော်…..သူသည်လိုဖြစ်နေတာ အလွန်စိတ်ဆင်းရဲမှာဘဲ ၊ သူဖြစ်သလိုမျိုး ကိုယ့်သန္တာန်ဖြစ်မယ်ဆိုရင် ကိုယ်လည်း ပင်ပမ်းမှာပဲ” ဟု တွေးမိသောအခါ သူ့အပေါ်အပြစ်မမြင်ရက်သည့်အပြင် သနား၍ပင် သွားရချေသည်။ ပတ်ဝန်းကျင်က ဟောပြနေသည့် တရားများသည် နာယူ၍ပင် မကုန်နိုင်ရှိချေတော့သည်။
တစ်နေ့သ၌…..
ပုလောမှ ဆရာတော်တစ်ပါးသည် စာရေးသူတို့ ကျောင်းသို့ ကိစ္စတစ်ခုဖြင့် ရောက်လာရာ စာရေးသူက ထိုဆရာတော်အား “အရှင်ဘုရား…ဒေါ်ကုသလ၀တီ သတင်း ဘာများကြားပါသလဲဘုရား…..နွေရာသီက တပည့်တော်ဆီရောက်လာပါတယ်၊ သူ့မှာ ကုလို့မရတော့တဲ့ ကင်ဆာရောဂါ ဖြစ်နေပြီလို့ ပြောပါတယ်ဘုရား၊ သူ့အခြေအနေကို အရှင်ဘုရားများ သိနိုင်ပါသလားဘုရား” ဟု မေးလျှောက်သောအခါ ဆရာတော်က “ ဦးဇင်း…..ဒီသီလရှင် ယခုဝါမ၀င်မှီ လေးကမှ ဆုံးသွားတာပါ၊ သူအသက်ထွက်တာ အတော်ကိုညင်သာပါတယ်ဘုရား…၊ ပြီးတော့ သည်ဆရာလေးက အလွန်ရိုးသားတယ်ဘုရား..၊ သူဟာ အရင်က အထက်တန်းပြကျောင်းဆရာမဘုရား.. ကျောင်းဆရာအလုပ်ကို အငြိမ်းစားယူတော့မယ်၊ ထိုအတွက် ဆေးရုံမှာ သုံးညတက်အိပ်ပေးရပါမယ်။ သို့မှသာ ပင်စင်ရနိုင်ဖွယ်ရှိပါတယ် လို့ မိတ်ဆွေတချို့က အကြံပေးလာကြပါတယ်။ သူမက ဆေးရုံတွင် အနာရောဂါမရှိဘဲ သုံးရက်တက်အိပ်ရမည်ဆိုပါက ကျောင်းဆရာပင်စင် အတွက် ငွေကို လိမ်၍ ယူသလိုဖြစ်နေပါတယ်။ ဒီလိုတော့ မလုပ်နိုင် ပင်စင်မရချင်နေပါစေ ဟုဆိုကာ ကျောင်းဆရာမအလုပ်မှ အပြီးအတိုင် ထွက်ခဲ့ပါတယ်ဘုရား…ရိုးသားတဲ့နေရာမှာတော့ စံနမူနာယူထိုက်လှပါတယ်ဘုရား” ဟု စာရေးသူအား ပြောပြပါသည်။
စာရေးသူ၏ စိတ်ထဲတွင် ထိုသီလရှင်ဆရာလေး ဒေါ်ကုသလ၀တီ၏ ပုံရိပ်လွှာကို တဖြည်းဖြည်း ထင်ဟပ်လျှက် ပေါ်လွင်လာပါတော့သည် သူမသည် သဒ္ဓါတရားအလွန်ကောင်းသူလေး ဖြစ်သည့်နှင့်အညီ တရားအားထုတ်ရာတွင်လည်း ကြိုးစားအားထုတ်ရှာသည်။ နှစ်စဉ်ဆိုသလို စာရေးသူတို့ကျောင်းတွင် တရားအားထုတ်ဖြစ်သည်က များပါသည်။
စာရေးသူတို့ကျောင်းတွင် နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူး စုဗူးအလှူတော် အစီအစဉ်ဖြင့် စုဗူးအလှူရှင်များအား ဒုလ္လဘမဲဖေါက်ကာ ရဟန်း/သာမဏေ/သီလရှင်များ နှစ်စဉ် တစ်ရာကျော်ခန့် ပြုလုပ်ပါသည်။ လွန်ခဲ့သည့်ငါးနှစ်ခန့်က စုဗူးမဲဖြင့် သီလရှင် ပြုလုပ်သူများအနက် တစ်ယောက်သောသူသည် ကျောင်းဆရာမဘ၀မှ သီလရှင်ပြုလုပ်လာသူဖြစ်သည်။ သူ့နာမည်ကိုလည်း ဒေါ်ကုသလ၀တီ ဟု နာမည်ပေးခဲ့ပါသည်။ သူမသည် ကျောင်းဆရာမဘ၀တွင် စာအသင်ပြကောင်းသဖြင့် ကျူရှင်ဆရာဘ၀ဖြင့် အသက်မွေးကာ ၀င်ငွေအထူးကောင်းမွန်သည့် အောင်မြင်သော ဆရာမတစ်ယောက်ဖြစ်ပါသည်။ ထိုသို့ဝင်ငွေကောင်းနေရာက ရုတ်တရက် သီလရှင်ဘ၀ရောက်သွားရသည့်အကြောင်းကို ယခုတိုင် သူမကို သိသော လူတိုင်းအံသြမဆုံး ရှိနေပေသေးသည်။ အမှန်စင်စစ် ဆရာလေးကား အေးရိပ်ချောင်မဟာစည်ရိပ်သာ ဆယ်ရက်တရားစခန်းများကို မကြာခဏ ၀င်ရောက်တရားအားထုတ်ရာကနေ သီလရှင်ဘ၀သို့ ရောက်သွားရခြင်း ဖြစ်ပါတယ်။
သို့နှင့်၂၀၀၈ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဒေါ်ကုသလ၀တီသည် စာရေးသူတို့၏ ရိပ်သာသို့ ရောက်ရှိလာကာ သူ့တွင် ကင်ဆာရောဂါ ဖြစ်နေပါပြီ၊ အရှင်ဘုရားတို့ ရိပ်သာမှဲာ တရားအားထုတ်ပါရစေ၊ ဒီမှာ တပည့်တော် တရားအားထုတ်ရင်းနဲ့ သေချင်သေပါစေတော့ တပည့်တော်ကို နေခွင့်ပြုပါ ဘုရား…..” ဟု လျှောက်ထားလာသောကြောင့် “ ဆရာလေး……လူဆိုတဲ့အမျိုးဟာ တစ်နေ့မဟုတ်တစ်နေ့ သေလောက်တဲ့ ရောဂါစွဲကပ်၍ ဖြစ်စေ၊ ရောဂါမရဘဲ ရုတ်တရက်ဖြစ်စေ သေကြရမဲ့ သေမျိုးချည်းပဲလေ၊ ဆရာလေးအပါအ၀င် ဦးဇင်းတို့အားလုံးဟာလည်း ဒီပုတ်ထဲက ဒီပဲတွေ ဆိုတော့ တစ်နေ့ ဒီလမ်းကို အနှေးနဲ့ အမြန် သွားကြရမှာ၊ အားငယ်စရာ၊ တုန်လှုပ်စရာမလိုပါဘူး၊ ဆရာလေးမှာ ၀ိပဿနာအားထုတ်ထားတဲ့ အလေ့အကျင့် တွေ အများကြီး ရှိထားတာပဲ၊ တရားပဲ ကြိုးစားအားထုတ်ပါ။ သေရင်လည်း တရားနှင့် သေရတာက ပိုမြတ်ပါတယ်…ဆရာလေး …စိတ်ချမ်းသာသလို နေနိုင်ပါတယ်၊ အေးရိပ်ချောင်ဆိုတာ တစ်ခြားကျောင်းမှ မဟုတ်တာ ဆရာလေး နေချင်သလောက် နေလို့ရပါတယ်” ဟု နေခွင့်ပေးလိုက်ပြီးနောက် ဆရာလေးသည် တစ်ခြားယောဂီများနှင့်မတူ တရားကို ကြိုးစားအားထုတ်သွားခဲ့ပါသည်။ အရက်အနည်းငယ်ကြာသောအခါ နေရပ်ခဏပြန်ပါဦးမည် ဟုဆိုကာ နေရပ်ပြန်သွားခဲ့ရာက ယခုလို ဆရာတော်၏ ပြောပြချက်အရ သိရပါတော့သည်။
ဆရာလေး ဒေါ်ကုသလ၀တီကဲ့သို့ တစ်ခြားသူတွေရော စာရေးသူတို့အပါအ၀င် လောကထဲသို့ တဖြုတ်ဖြုတ်နှင့် ရောက်ရှိလာကာ မကြာမှီ လောကထဲမှ တဖြုတ်ဖြုတ်နှင့် ပျောက်ဆုံးသွားခဲ့ကြပေသည်။ တွေးကြည့်လျှင် တံလျှပ် ကဲ့သို့ တရိပ်ရိပ်နှင့် ဖြစ်ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေပါသည်။ ပတ်ဝန်းကျင်က မိမိအား တရားပြနေခြင်းပင်၊ စာဖတ်သူများလည်း ပတ်ဝန်းကျင်ကို ကြည့်တတ်မြင်တတ်လျှင် (ဓမ္မ)တရားချည်းသာ ဖြစ်ပါလိမ့်မည်။ အကယ်၍ မကြည့်မမြင်တတ်ဖူးဆိုပါက (အဓမ္မ) မတရား ဖြစ်သွားပါလိမ့်မည်။
တစ်နေ့သ၌ ရွှေကုန်သည် ဇနီးမောင်နှံနှစ်ဦးသည် စာရေးသူထံသို့ ရောက်ရှိခဲ့ပါသည်။ သူတို့သည် စာရေးသူအား လှူဖွယ်ဝတ္ထုများ လှူဒါန်းပြီးသောအခါ ခင်ပွန်းဖြစ်သူက “ အရှင်ဘုရား….တပည့်တော်တို့က ရောက်တဲ့အရပ်မှာ အလှူအတန်းတော့ အမြဲ ပြုလုပ်ဖြစ်ပါတယ် ဘုရား..ဒါပေမယ့် ကိုယ်တိုင် မကျင့်နိုင်သေးဘူးဘုရား…” ဟု ပြောလာပါသည်။ စာရေးသူက “ ဒကာကြီး…ဘာပြုလို့ မကျင့်နိုင်သေးရတာလဲ” မေးသောအခါ သူက “ တပည့်တော်က တရားအားထုတ်ချင်ပါတယ်ဘုရား..ဒါပေမယ့် ဒီသမီးလေးက ရှိသေးတော့ တပည့်တော်တို့ချည်းအားထုတ်ရင် တကိုယ်ကောင်းဆန်ရာ ကျမှာစိုးလို့ပါဘုရား..၊သမီးလေး ကြီးလာမှပဲ အားထုတ်တော့မယ်ဘုရား” ဟု စာရေးသူ အား လျှောက်ထားလာပါသည်။
သူတို့၏ စကားကြောင့် စိတ်ထဲ ဆန်းသလိုလိုပင်၊ တရားအားထုတ်ဖို့တောင်မှ သမီးလေးကို ငှဲ့ရဦးမယ်ဆိုပါလား၊ လေးတန်းကျောင်းသူအရွယ် သမီးလေးကို ငှဲ့သည်ဆိုရာဝယ် “သမီးလေးတစ်ယောက်ထဲရှိတာ ဒီလိုပဲလျစ်လျူရှုရသလား” ဟု ပတ်ဝန်းကျင်၏ ကဲ့ရဲ့ပြောဆိုမှု ဒါဏ်ကို ခံရမှာစိုးလို့လား၊ သမီးလေးကိုပဲ စိတ်မချလို့များလား၊ လားပေါင်းများစွာ………
အကယ်၍ သမီးလေးကို အမှန်တကယ် ငဲ့သည်ဆိုစေဦးတော့ တစ်နေ့ကျ ကိုယ့်သမီးက ကိုယ့်ကို ပြန်ငဲ့မှာလား၊သမီးလေး အရွယ်ရောက်သည်အထိ ဒို့များ လူ့လောကမှာ ရှိနေဦးမည်လား၊ အကယ်၍ ရှိသည်ဆိုစေဦးတော့ တရားအားထုတ်ဖြစ်ပါ့မလား၊ သို့မဟုတ်လုပ်ငန်း တွေ ဒီထက်ပို၍ တိုးချဲ့ကာ အလုပ်လုပ်နေမည်လား၊ တစ်ခုတော့ရှိသည် နောင်ဖြစ်လာမည့်အရာများသည် မရေရာ မသေချာသည်ကား အမှန်ပင် ဖြစ်ပါသည်။
စာရေးသူနှင့်အလွန်ရင်းနှီးသည့် လူချမ်းသာစာရင်းဝင် ဒကာတစ်ဦးက တစ်နေ့၌ စာရေးသူအား “ အရှင်ဘုရား…တပည့်တော်နောင်ငါးနှစ် ဆိုရင် အလုပ်တွေ ဖြတ်ကာရိပ်သာမှာနေပြီးတရားပဲအားထုတ်တော့မယ်ဘုရား” ဟု ပြောလာပါသည်။ သို့သော် နောက်ငါးနှစ်ကြာလျှင် အလုပ်တွေ ဖြတ်တော့မည်ဆိုသည့်ဒကာကြီးသည် ငါးနှစ်ကြာသောအခါ လုပ်လက်စ အလုပ်များ မပြတ်နိုင်သည့်အပြင် လုပ်ငန်းကို အံ့သြလောက်အောင် တိုးချဲ့ထားတာတွေ တွေ့ရှိရပါသည်။ ဤအကြောင်းအရာအတိုင်းဆိုလျှင် တွေးထင်ထား သည့် အနာဂတ်အကြောင်းအရာများသည် မသေချာ မရေရာသည့် အရာက များလှသည်မှာ ထင်ရှားလှပါသည်။
ထို့ကြောင့်ပင် မြတ်စွာဘုရားက ယနေ့လုပ်ရမည့်အလုပ်ကို နက်ဖြန်သဘက် ရက်မရွှေ့နေပါနှင့်၊ ယခုလုပ်ရမည့်အလုပ်ကို ယခုပင်လျှင် လုပ်လိုက်ပါတော့၊ ဘာကြောင့်ဆိုလျှင် သေမင်းက ဘယ်အချိန်မှာ ခေါ်မည် ခေါ်သည့်အခါတွင် မလိုက်လိုသေး၊ မည်သည့်အခါမှ လာခေါ်ပါ ဟူ၍ လက်ဆောင်ပေးပြီး အချိန်းအချက် ပြုလုပ်၍လည်း မရနိုင်သောကြောင့် ဖြစ်သည်။ အော်….တွေးတောတတ်၊ မြင်တတ်လျှင် ပတ်ဝန်းကျင်မှာ တရား(ဓမ္မ) ချည်းပါပဲလား၊ ပတ်ဝန်းကျင်ွက ငါတို့ကို အမြဲမပြတ် တရားဟောကြားနေပါလား ဆိုသည်ကို တွေးတောနေရာမှ……..လူသားများ ပတ်ဝန်းကျင်က တရား(ဓမ္မ)များကို နာကြားနိုင်သူများ ဖြစ်ကြပါစေ ဟု ဆန္ဒပြုရင်း …….
Sunday, October 19, 2008
ပတ်ဝန်းကျင်က မြတ်ဓမ္မ (၂)
Posted in: ဆောင်းပါး
0 comments:
Post a Comment