Thursday, October 16, 2008

ချမ်းသာစွာနေလိုလျှင်

လူသားတိုင်းသည် ချမ်းသာတာကို ပိုင်ဆိုင်ချင်သည်၊ခံစားချင်ကြပါသည်၊ ဆင်းရဲသည့် ပိုင်ဆိုင်မှုကြီးကိုတော့ ဘယ်သူမှ မလိုချင်ကြ၊ မရင်ဆိုင်ချင်ကြပေ၊ လောကမှာ ချမ်းသာမှုကို ပိုင်ဆိုင်နေကြသည့် လူသားများ ရှိကြပါသည်၊ ကမ္ဘာ့သူဌေးစာရင်းဝင်တဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဆယ်ယောက်ကို လေ့လာကြည့်လျှင် သူတို့ရဲ့ချမ်းသာမှုသည် ပစ္စည်းဥစ္စာကို အခြေခံသည့် ချမ်းသာမှုမျိုးကို ပိုင်ဆိုင်သည့် သူများသာ ဖြစ်သည် ဟု ခန့်မှန်း၍ ရပါသည်။
သည်လိုပစ္စည်းဥစ္စာပေါများရုံနှင့် ချမ်းသာသွားပြီလော၊ ကမ္ဘာက အချမ်းသာဆုံး စာရင်းထဲတွင် သတ်မှတ်ခံထားရသည် ဆိုပေမယ့် ကိုယ်ကိုယ်တိုင် က တကယ်လည်း ချမ်းသာရဲ့လား ဆိုတာကို ကိုယ့်ကိုယ်တိုင်လည်း လေ့လာသုံးသပ်ဖို့လိုသလို စာဖတ်သူများလည်း “ ငါဟာ တကယ်ချမ်းသာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီလား” ဟု ကိုယ့်ကိုယ်ကို လေ့လာဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်၊ သို့မှသာလျှင် မိမိဘ၀၏ အဖြူအမဲ ကွဲပြားနိုင်မည်။ ချမ်းသာလား၊ဆင်းရဲလား ဆိုသည်ကို မိမိကိုယ်ကို လေ့လာဆန်းစစ်မှု မရှိသည့် လူတစ်ယောက်သည် အလွန်ရင်နာဖို့ ကောင်းလှပါသည်။

လောကတွင် ပစ္စည်းဥစ္စာပေါ၍ ချမ်းသာမှုနှင့် ပစ္စည်းဥစ္စာမပေါသော်လည်း စိတ်ချမ်းသာမှု နှစ်မျိုး ခွဲ၍ ရပါသည်။ သည်နှစ်မျိုးမှာ ဥစ္စာပေါသည့် ချမ်းသာမှုသည် တကယ့်ချမ်းသာအစစ်မဟုတ်ပေ၊ တကယ့်ချမ်းသာအစစ်ကား စိတ်ချမ်းသာမှုပင် ဖြစ်ပါသည်။ တဖန် စိတ်ချမ်းသာမှုကို လေ့လာကြည့်လျှင်လည်း မည်သည့်အတွက်ကြောင့် စိတ်ချမ်းသာရသလဲ၊ လိုချင်သည့် အရာကို ရရှိသည့်အခိုက်တွင် ၀မ်းပမ်း တသာဖြစ်ကာ စိတ်ချမ်းသာရပါသည်။ ထိုချမ်းသာမှုသည် တဒင်္ဂပဲ ဖြစ်မည်။ လိုတာရ၍ ချမ်းသာသည်ဆိုလျှင် ထိုသူသည် လိုတာ မရလျှင် စိတ် ဆင်းရဲပေတော့မည်။ ထို့ကြောင့် လိုတာရ၍ ချမ်းသာခြင်းသည် စစ်မှန်သည့် ချမ်းသာမှုမျိုး မဟုတ်သည်ကား သေချာလှပါသည်။
လူ၊နတ်များသည် လိုချင်တာရလျှင် ၀မ်းသာသည်၊ လိုချင်တာမရလျှင် စိတ်ဆင်းရဲနှလုံးမသာဖြစ်တတ်ကြသည် ဤအရာများကို ကိလေသာလို့ခေါ်သည်၊ ထိုတရားများ ဖြစ်ပေါ်ပြီဆိုလျှင် စိတ်ချမ်းသာမှု မရှိတော့ပေ။ ကိလေသာအရောင်ဆိုးထားသည့် စိတ်သည် ရှုပ်ထွေးနေပါသည်။ စိတ်ရှုပ်ထွေးနေလျှင် ချမ်းသာသည့်ပုဂ္ဂိုလ်ဟု မဆိုနိုင်တော့။ ထို့ကြောင့် ကမ္ဘာပေါ်တွင် ချမ်းသာသည်ဟု သမုတ်ခံရပါ သော်လည်း လိုချင်မှု၊နှလုံးမသာမှုများဖြင့် ရောထွေးနေလျှင် ကမ္ဘာ့အဆင်းရဲဆုံးလူသား ဟု ပြောရချေတော့မည်။
မြတ်စွာဘုရားသက်တော်ထင်ရှား ရှိစဉ်က တာဝတိံသာအုပ်ချူပ်ရသော သိကြားမင်းဟာ သူ့ကိုယ်သူ သိကြားမင်းအဖြစ်မှ စုတေရတော့မှာကို သိလိုက်ရသည်။ သိကြားမင်းသည် သူ စုတေ(သေ)တော့မည်ကို မည်သို့ ကြိုတင် သိနိင်သနည်း၊ သိကြားမင်းနည်းတူ ကြိုတင်သိနိုင်သည့် အရာများ ရှိပါသည်။ ၄င်းတို့မှာ နတ်တို့၏ ပုဗ္ဗနိမိတ်ငါးမျိုး ဖြစ်ပါသည်။
(၁)။ ။နတ်တို့ခန္ဓာကိုယ်၌ တန်ဆာဆင်ထားသည့် နတ်ပြည်၌ဖြစ်သည့် နတ်ပန်းများသည် ထူးဆန်းစွာ ညိုးလာသည်ကို တွေ့ရတတ်ပါသည်၊ နတ်ပန်းများသည် မည်သည့်အခါမှ ညိုးသွားခြင်း မရှိပေမယ့် နတ်တို့ သေတော့မည်ဆိုလျှင် အလိုလိုနေရင်းကနေ ညိုးနွမ်းသွားပါသည်။
(၂)။ ။နတ်တို့မှာ ၀တ်ဆင်ထားသည့် အ၀တ်(နတ်ဝတ်တန်ဆာ)တွေဟာ မည်သည့်အခါမှ ညိုးနွမ်းသွားခြင်း မရှိပေမယ့်၊ နတ်တွေ စုတေ (သေ)ခါနီးပြီဆိုလျှင် သူတို့ကိုယ်၌ ၀တ်ဆင်ထားသော အ၀တ်များသည် အလိုလို ညိုးနွမ်းလာရပါသည်။
(၃)။ ။လက်ကတီး(ဂျိုင်း)ကြားက မထွက်စဖူး ချွေးတွေလည်း ထွက်လာပါတော့သည်။
(၄)။ ။ နတ်ပြည်တွင် စတင်ဖြစ်ပေါ်လာသည့် နတ်တို့ခန္ဓကိုယ်သည် မည်သည့်အချိန်၌ဖြစ်စေ တစ်ခြောက်နှစ်အရွယ်မှာပဲ ရှိနေပါသည်။ နတ်ပြည်တွင် အိုမင်းသည့်နတ်များ မရှိပေ။ ဒါပေသည့် စုတေ(သေ)ခါနီးကျတော့ တဖြည်းဖြည်း အိုမင်းရင့်ရော်လာကာ အရွယ်ကြီးရင့်သည့် အိုမင်းမစွမ်းဖြစ်သည့် လူကြီးတစ်ယောက် အသွင် ဖြစ်လာချေသည်။
(၅)။ ။ နတ်ပြည်မှာ ပျော်ရွှင်စရာများသည့်အတွက် မည်သည့်အခါမျှ ပျင်းရိမှု မရှိပေ။ သေခါနီးပြီဆိုလျှင်တော့ အလိုလိုနေရင်း ပျင်းရိငြီးငွေ့ကာ မပျော်ပိုက်သလို ခံစားလာရပါသည်။ သည် ပုဗ္ဗနိတ်ငါးမျိုး စတင် ဖြစ်ပေါ်သည့် ရက်မှ နောက် ခုနှစ်ရက်မြောက်နေ့မှာ နတ်များဟာ စုတေ(သေ)ကြရသည်။ ဤသို့ဖြင့် နတ်များသည် မိမိကိုယ်ကို စုတေ(သေ)တော့မည်ကို ကြိုတင်သိကြရပေသည်။
ယခုလည်းသိကြားမင်းသည် စုတေ(သေ)တော့မယ်ဆိုတာကို ကြိုတင်သိရှိသည့်အတွက် သူ၏ စည်းစိမ်တွေကို စွန့်ခွါရရင် တစ်ခြား သိကြားမင်းတစ်ဦးက ငါ့၏နေရာကို ရောက်လာတော့မည် ဆိုပြီး သူ့နေရာကို သူတစ်ပါးအား မပေးချင်သည့်အတွက် ပူပန်နေရပါသည်။ နောက်တစ်ချက်က ကိုယ်ကလွဲ၍ တစ်ခြားတစ်ယောက်ကို သိကြားမင်း မဖြစ်စေချင်ဘူး။ သူတစ်ယောက်ထဲပဲ သိကြားမင်းနေရာကို ပိုင်ဆိုင်ချင်သည် ယခု သေရတော့မည်ဆိုသဖြင့် သိကြားမင်းအဖြစ်ကို စွန့်လွတ်ရမှာစိုးသည့်အတွက် ပူပန်နေရပါသည်။ သည်လိုနှင့် စိတ်နှလုံးပူပန်ပြီး ဆင်းရဲနေရပါသည်။ သိကြာမင်းက “ ငါရဲ့နေရာကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူး၊ ဒါပေမယ့် ငါသေရတော့မယ်၊ ငါဘယ်လို လုပ်ရမလဲ၊ ငါ့ရဲ့ စိတ်နှလုံးပူပန်မှုတွေကို ဘယ်သူဖြေရှင်းပေးနိုင်မလဲ၊ ငါ့ရဲ့အပူတွေကို လောကမှာ မြတ်စွာဘုရားမှတစ်ပါး အဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး၊ ဘုရားရှင်ထံ အခုပဲသွားမယ်” ဆိုပြီး သိကြားမင်းသည် ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမီ တာဝတိံသာမှ လူ့ပြည်ရှိ မြတ်စွာဘုရားထံ ရောက်လာခဲ့ပါသည်။
ထိုအခါ သိကြားမင်းက “ မြတ်စွာဘုရား….လူနတ်တို့ဟာ ဘေးရန်ကင်းကွာ ချမ်းချမ်းသာသာ နေလိုကြပါတယ်ဘုရား၊ သို့သော်လည်း လူနတ်များဟာ ဘေးဒုက္ခများနဲ့ ကြုံတွေ့ကာ ဆင်းရဲနေကြရပါတယ်ဘုရား၊ ထိုဆင်းရဲတွေကင်းပျောက် ချမ်းသာရောက်အောင် ဘယ်လို လုပ်ရမယ်ဆိုတာ လမ်းညွန်ပြတော်မူပါဘုရား” ဟု လျှောက်ပါသည်။
ထိုအခါ မြတ်စွာဘုရားက “ အသင်သိကြားမင်း…လူ၊နတ်အများဟာ ဘေးဒုက္ခများနှင့်တွေ့ကြုံရပြီး ဆင်းရဲရတယ်ဆိုတာ သူတစ်ပါး ကောင်းစားနေတာကို မနာလိုတဲ့ ဣဿာ၊ ကိုယ်ပိုင်ဆိုင်သည့်အရာတွေကို သူတစ်ပါးအားပေးရမှာ နမြောတွန့်တိုနေတဲ့ မစ္ဆရိယ တရားတွေ ကြောင့်ဖြစ်တယ်” စသည့် တရားတော်များကို ဟောတော်မူခဲ့ပါတယ်။ အဲဒီအချိန် သိကြားမင်းကလည်း ခန္ဓာဥာဏ်စိုက် တရားရှုမှတ်သောကြောင့် တရားဒေသနာအဆုံးတွင် သိကြားမင်းသည် သောတာပတ္တမဂ်ဖိုလ်ကိုရပြီး သောတာပန်တည်သွားခဲ့ပါသည်။
သိကြားမင်းသည် အရိယာဖြစ်သောအခါ တရားမနာမှီအချိန်က ဖြစ်ပေါ်ခဲ့သည့် ဣဿာ မစ္ဆရိယတရားတွေကိုလည်း အပြီးအတိုင်ပယ်သတ်ပြီးဖြစ်ကာ ချမ်းသာသည့်အဖြစ်သို့ ရောက်ရှိသွားပါတော့သည်။
သည်လိုသောတာပန်ဖြစ်ပြီး သည်နှင့် သိကြားမင်းသည် နေရာတွင်ပဲ စုတေ(သေ)ပြီး၊ ချက်ခြင်းပဲ သိကြားမင်းပြန်ဖြစ်ခဲ့ပါသည်။ ထိုဖြစ်ရပ်ကို ဘုရားရှင်နှင့် သိကြားမင်းသာလျှင် သိလိုက်ပါသည်။ တစ်ခြားမည်သူမှ မသိခဲ့ပေ။ ထိုဖြစ်ရပ်ကဲ့သို့ လောကလူသားများ အလွန်ကြောက်သည့် သေဘေးတို့ကို မကြာမီတွေ့ကြုံ ရင်ဆိုင်ကြရပေတော့မည်။ သည်လိုအချိန်မျိုးမှာ မည်သို့ ရင်ဆိုင်မလဲ၊ ဂယောင်ခြောက်ချား စိတ်တွေ (upsat) လှုပ်ရှားနေမည်လား၊ ကြောက်ရွံ့အားငယ်နေမည်လား၊ စိတ်ဓါတ်ကျဆင်းနေမည်လား၊ ထိုသို့ ဖြစ်ခဲ့မည် ဆိုပါလျှင် စာဖတ်သူအတွက် လူ့ဘ၀ကျင်လည်ခဲ့ရသည်မှာ အဓိပ္ပါယ်မရှိလှပေ။
တစ်ခါက စာရေးသူတို့ ရိပ်သာတွင် အမျိုးသမီးယောဂီ တစ်ဦး ရောက်ရှိလာပါသည်။ သူ့နာမည်က မမေသူ …ဖြစ်ပါသတဲ့။ (၁၀)ရက် တရားစခန်းအတွင်း ထိုယောဂီသည် သူ့တွင်စွဲကပ်နေသည့် ကင်ဆာရောဂါ၏ နှိပ်စက်မှုဒါဏ်ကြောင့် အော်ဟစ်ငြီးညူကာ အလူးအလဲ ခံခဲ့ရပါ သည်။ ရောဂါနှိပ်စက်မှုကြောင့် ညဖက်တွင် တစ်ညလုံး အိပ်ရသည်ဟု မရှိပေ။ သို့နှင့် တရားစခန်းသာ ပြီးသွားပါသည်။ ဒုတိယ(၁၀)ရက်တရားစခန်းပြန်ဝင်နိုင်ရန်အတွက် စာရေးသူက သူမအား အားပေးတိုက်တွန်း စကား ပြောကြားရာ ဒုတိယအကြိမ် တရားစခန်းပြန်ဝင်နိုင်ခဲ့ပါသည်။ ဒုတိယအကြိမ်တွင် ပထမအကြိမ်လို မဟုတ်တော့၊ ရောဂါ၏ ဒါဏ်ကို အနည်းငယ် ခံနိုင်ရည်ရှိလာကာ တရားရှုမှတ်ရသည်မှာ အဆင်ပြေမှုရှိလာပါသည်။
ယုံကြည်မှု အတော်အတန်ရှိလာက တတိယပတ် တရားစခန်းတွင် တရားပြန်၍ ရှုမှတ်ခဲ့ပါသည်။ သူမက “ အရှင်ဘုရား….တပည့်တော် ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ ရောဂါ အတော်ကို သက်သာသွားပါပြီဘုရား၊ တပည့်တော် သည်ရောဂါကို ရန်ကုန်မှာ သွားရောက်ကုသခဲ့ပါတယ်၊ ဆရာဝန်က မရတော့ဘူး ဆိုတဲ့အတွက် တပည့်တော် စိတ်လျှော့ပြီး ဘိတ်(မြိတ်)ကို ပြန်ခဲ့ပါတယ်ဘုရား၊ ယခုတော့ တပည့်တော် ရောဂါဟာ မပျောက်သေးပေမယ့်၊ အလွန်သက်သာတဲ့ အနေအထား ရောက်နေပါပြီဘုရား၊ တရားစခန်းစ၀င်တုန်းက တစ်ညလုံးပေါက် အော်ဟစ်ခဲ့ရပါတယ်၊ အခုတော့ ရောဂါမခံစားရတော့ တရားအများကြီး ရှုမှတ်နိုင်လာပါတယ်ဘုရား၊ တရားရှုမှတ်မှုကို ဆက်ပြီး ကြိုးစားသွားမယ် လို့ တပည့်တော်ဆုံးဖြတ်ထားပါတယ်ဘုရား၊ အရင်တုန်းက သေခြင်းတရားကြီးနဲ့ ရင်ဆိုင်ရဖို့အတွင် အလွန်ကြောက် လန့်မိပေမယ့် ယခုတော့ သေဖို့မကြောက်တော့ပါဘူးဘုရား၊ တပည့်တော် သေမယ်ဆိုတာတောင်မှ သေပျော်ပါပြီဘုရား” ဟု ၀မ်းသာအားရ စာရေးသူအား လျှောက်ထားလာသောအခါ သူမအတွက် အလွန်ဝမ်းမြောက်ပီတိ ဖြစ်ခဲ့ရသည်ကားအမှန်ပင်၊ သို့သော် ထိုပီတိကား တာရှည် ဖြစ်ခွင့်မရလိုက်ပေ။ အကြောင်းကား….
တစ်နေ့သ၌ ထိုကင်ဆာရောဂါသည်အမျိုးသမီးက “ အရှင်ဘုရား…တပည့်တော် ရောဂါလည်း အတော်ကောင်းနေပြီဘုရား၊တပည့် တော် အိမ်ကို ခဏပြန်ချင်ပါသေးတယ်၊ တပည့်တော်ကို ပြန်ခွင့်ပြုပါဘုရား” ဟု လျှောက်ထားလာသောအခါ စာရေးသူက “ အိမ်ပြန်မယ်ဆို လည်း ခေတ္တခဏလောက်ပဲ ပြန်ပါနော်၊ ရပ်ကွက်လူနေအိမ်ကြားထဲနေရတာဆိုတော့ ချက်ပြုတ်ကျော်လှော်တဲ့ အညှော်နံ့များ ရှူရှုက်မိရင် ရောဂါပြန်ကြွနိုင်တယ်နော်၊ သည်တစ်ခါ ရောဂါပြန်ကြွရင် မလွယ်တော့ဘူး၊ အကြားကြီးမနေနဲ့ တစ်ရက်နှစ်ရက်နေပြီး ပြန်လာခဲ့” ဟု ပြောလိုက်ပါသည်။ ပြောသာပြောလိုက်ရပါသည်။ စာရေးသူ၏ စိတ်ထဲသိပ်အားမရလှ၊ လူဆိုသည်မှာ တစ်ခုခု(ဘေးဒုက္ခ) ကြုံမှ ဘုန်းကြီးကျောင်းကို သတိရတတ်ပါသည်။ သက်သာရာရပြီဆိုလျှင် အိမ် ကို ပြန်သတိရသည်က လူ့ ဓမ္မတာပဲ ဖြစ်မည်ထင်ပါသည်။
ယခုလည်း မမေသူ သည် ခါတိုင်းလို ဆေးလည်းမစားရတော့ဘဲ ရောဂါက အလွန်သက်သာသည့် အနေအထားရှိနေပြီမို့ အိမ်ကို ပြန်သတိရသည်မှာလည်း မဆန်းပေ။ သို့နှင့် သူမသည် ၁..၂..၃…၄…၅ ရက် မပေါ်လာ၊ သို့နှင့် အချိန်အားဖြင့် နှစ်လခန့် ကြာမြင့်သောအခါ..
တစ်နေ့တွင် စာရေးသူတို့ နေ့ဆွမ်းဘုဉ်းပေးပြီး အနားယူခိုက် နေ့လည် (၁၂)နာရီခန့်တွင် အသက်အားဖြင့် ၂၅ နှစ်အရွယ်ခန့် အမျိုးသမီးတစ်ဦးသည် ကျောင်းပေါ်သို့ တက်လာကာ “ အရှင်ဘုရား..ကျောင်းအောက်မှာ မမေသူ ရောက်နေပါတယ်ဘုရား… ဆေး ကုမရတော့လို့ ဆေးရုံကနေ အိမ်ကိုပြန်ဆင်းလာပါတယ်ဘုရား၊ အရှင်ဘုရားကို ၀င်ရောက် ဖူးမြင်ချင်တယ်ဆိုလို့ ရောက်လာတာပါ၊ ယခု ကျောင်းအောက်ထပ် ရောက်နေပါတယ်ဘုရား” ဟု လျှောက်ထားလာသောကြောင့် စာရေးသူလည်းကျောင်းအောက်ထပ်သို့ ဆင်းခဲ့ပါသည်။ ထုံးစံအတိုင်း မမေသူသည် ကားထဲတွင် ပက်လက်အနေအထားဖြင့် မထနိုင်တော့၊ စာရေးသူအား အားကိုးသည့် မျက်ဝန်းများဖြင့် ကြည့်နေပါတော့သည်။
သို့နှင့် စာရေးသူက ကိုယ်ရှုမှတ်နေကျဖြစ်သည့် ၀ိပဿနာတရားကို ကြိုးစားပြီးရှုမှတ်ရန်နှင့် တစ်ခြားမည်သည့်အကြောင်းအရာမျှ မတွေးဘဲ တရားရှုမှတ်မှုဖြင့် အချိန်ကို ကုန်လွန်စေရန် သတိပေးစကားပြောကြားခဲ့ပါသည်၊ ဆက်လက်၍ လူများသည်တစ်နေ့နေ့တွင် မုချသေရ မည် မည်သည့်ရောဂါဖြင့် သေရမည်ကို မည်သူမျှ မသိနိုင်ပေ။ သေခါနီးအချိန်ရောက်လျှင် သေဘေးကို ကြောက်နေ၍လည်း ထူးမည်မဟုတ်ပေ၊ သေရမည်ပင်၊ ထို့ကြောင့် ရှုမှတ်ခဲ့သည့် ၀ိပဿာနာတရားကို သတိထားပြီး ကြိုးစားမှတ်ပါ။ မမေသူ်၏ တရားအားထုတ်မှုမှာ အလေ့အကျင့် နည်းလှသည် မဟုတ်သည့်အတွက် တရားရှုရင်း သေခြင်းကို ရဲဝံ့စွာ ရင်ဆိုင်နိုင်ပါကြောင်းနှင့် အားမငယ်ဖို့ရန် တိုက်တွန်းလိုက်ရပါသည်။
နောက်တစ်နေ့ တွင် သူတို့အိမ်မှ လူတစ်ယောက်ရောက်လာကာ စာရေးသူအား အိမ်သို့ကြွပေးပါရန် လျှောက်ထားသည့်အတွက် အိမ်သို့ လိုက်ခဲ့ရပြန်ပါသည်။ အိမ်သို့ရောက်သောအခါ…မမေသူက..
“ အရှင်ဘုရား…တပည့်တော် အရှင်ဘုရားကျောင်းကနေ ပြန်လာတော့ အရှင်ဘုရားကြွလိုက်လာတာကို တွေ့မြင်ရပါတယ် ဘုရား၊ ပြီးတော့ အရှင်ဘုရားက တပည့်တော်ကို တရားရှုမှတ်ဖို့ကြောင်း တဖွဖွပြောနေတော့ တပည့်တော်လည်း ငါ့နားမှာ ဆရာတော်ရှိနေပြီပဲ ငါတရားမှတ်မယ်ဆိုပြီး ရှုမှတ်လိုက်တာ အိမ်ကို ရောက်တာတောင် သတိမထားမိဘဲ တရားအာရုံနဲ့ပဲ တပည့်တော် နေလိုက်ပါတယ်ဘုရား… တပည့်တော်အနားက လူတွေကတော့ သေခါနီးပြီ ဆိုပြီး ကောက်ချက်ချနေကြတာပေါ့၊ ဒါပေမယ့် တပည့်တော်မှာတော့ တရားရှုမှတ်လို့ သတိပြန်ရလာတယ်ဆိုရင်ပဲ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလန်းဆန်းပြီး လူကောင်းလို ဖြစ်နေပါတော့တယ်ဘုရား၊ အဲဒါလေးကိုတပည့်တော် လျှောက်ချင်လို့ အရှင်ဘုရားကို အပင့်ခိုင်းလိုက်ရတာပါဘုရား….” ဟု မမေသူ သည် သူ၏ ဖြစ်ပုံကို ၀မ်းသာအားရဖြင့် ပြောပြပါတော့သည်။
သို့နှင့် မကြာမီ ရင်အနည်းငယ်အတွင်း မမေသူသည် သူ့ဘ၀ကနေ အပြီးအတိုင် ပယ်ခွာသွားခဲ့ချေတော့သည်။ ဤသည်မှ လူသားတိုင်း မလွဲမသွေ သွားရမည့် လမ်းပင် မဟုတ်ပါလော။ အကယ်၍ ဤနေရာတွင် မမေသူသည် အိမ်မပြန်ဘဲ တရားကိုသာ အားထုတ်သွားမည်ဆိုပါက ဘ၀တွင် အသက်ဆုံးတိုင်အောင် အသက်ရှင်လျှက် နေနိုင်မည်ကား မလွဲပေ။ တရားနှင့်သေရသည့်အတွက် သုဂတိသို့ ရောက်မည် ဟု ထင်မြင်ယူဆမိပါတော့သည်။
အချူပ်ဆိုရသော် သတိပဋ္ဌာန်တရားသည် လူသားတိုင်းအတွက် တကယ့်ချမ်းသာရေးအတွက် အားကိုးနိုင်သည့် ဆေးတစ်လက်ဖြစ်ကြောင်း ပြောကြားရင်း……… မမေသူ…….ကောင်းရာသုဂတိ လားပါစေသတည်း…

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More