အမေး။ ။ အင်္ဂလန်မှဆရာဝန်ကြီးက မေးချင်ပါသတဲ့ဝိပါက်တော်(၁၂)ပါးကို ပြည့်ပြည့်စုံစုံ ရေးပေးစေချင်ပါတယ်ဘုရား၊
အဖြေ။ ။ ပြည့်ပြည့်စုံစုံဖြေရမယ်ဆိုလို့ အလွန်ကျယ်ဝန်းသွားမည်စိုးသဖြင့် သိသာရုံ လိုရင်းကိုပဲ ပြောပေးပါ့မယ်။
(၁)ပထမ၀ဋ်တော်
မြတ်စွာဘုရားရှင်ဟာ် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘ၀မှာ မုနာဠိ လို့ခေါ်တဲ့ အရက်သမားဖြစ်ခဲ့ဖူးပါတယ်။ တစ်နေ့သ၌ သုရဘိ လို့ခေါ်တဲ့ ရှင်ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို “ သည်ကိုယ်တော်ဟာ လူသူလေးပါးလွတ်တဲ့ ဆိတ်ကွယ်ရာမှာ ကာမဂုဏ်လိုက်စား မွေ့လျော် ပျော်ပါးတယ်။ တရားလည်း မရှိဘူး၊ ဒုဿီလပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်” လို့ စွပ်စွဲကာ ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ပြစ်မှားမိခဲ့ပါ တယ်။ ထိုမကောင်းမှုကြောင့် ငရဲ၌ နှစ်ပေါင်းများစွာ ခံစားရပြီး၊ ယခုနောက်ဆုံး ဘ၀ ဘုရားအဖြစ်သို့ ရောက်တော်မူတဲ့အခါ လူသူအများ အထင်မှားအောင် သုန္ဒရီပရိဗိုဇ်မရဲ့ စွပ်စွဲခြင်းကို ခံရပါတယ်။ ။
(၂)ဒုတိယ၀ဋ်တော်
အလောင်းတော်ဘ၀က တစ်ခုသောဘ၀မှာ သဗ္ဗာဘိဘူ လို့ခေါ်တဲ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်ရဲ့ တပည့်သာဝက တစ်ဦးဖြစ်ခဲ့ဖူးပါ တယ်။ သူ့နာမည်က နန္ဒ လို့ခေါ်ပါသတဲ့။ တစ်နေ့တွင် ထို သဗ္ဗာဘိဘူ ပစ္စေကဗုဒ္ဓါအရှင်မြတ်အား “ အရှင်ဘုရား သီလမရှိဘူး၊ သူယုတ်မှာပဲ” ဟု စွပ်စွဲကား ပြစ်မှားမိခဲ့ပါတယ်။
ထိုမကောင်းမှုကြောင့် အနှစ်တစ်သောင်းပတ်လုံး ငရဲတွင် ဒုက္ခခံစားရပြီး လူဖြစ်တဲ့ဘ၀များစွာတို့၌ လူအများ၏ မဟုတ်မတရား စွပ်စွဲတာကို ခံခဲ့ရတဲ့အပြင် ယခုနောက်ဆုံး ပစ္ဆိမဘ၀ ဘုရားအဖြစ်သို့ ရောက်သောအခါ ပရိသတ်ဗိုလ်ပုံအလယ်တွင် စိဉ္ဇမာဏ၀ိကာ လို့ခေါ် တဲ့ မိန်းမယုတ်ရဲ့ အဟုတ်မတရား စွပ်စွဲတာကို ခံတော်မူရပါတယ်။
(၃)တတိယ၀ဋ်တော်
မြတ်စွာဘုရားရှင် အလောင်းတော်ဘ၀က တစ်ခုသောဘ၀တွင် လူအများ ချစ်ခင်လေးစားရသည့်အပြင် ဗေဒင်သုံးရပ်ကို တစ်ဖက်ကမ်းခပ်အောင် တတ်မြောက်သည့် ပါမောက္ခဆရာကြီး ပုဏ္ဏားတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ သူ့ထံတွင် ဗေဒင်ပညာကို လာ ရောက်သင်ကြားသော တပည့်ပေါင်း ငါးရာတိတိရှိပါတယ်။ တစ်နေ့သ၌ အဘိညာဉ်တန်ခိုးဖြင့် ပြည့်စုံပြီး ဘီမ လို့ခေါ်တဲ့ ရသေ့သူမြတ်တစ် ဦးဟာ ထိုအရပ်ဖက်သို့ ကြွရောက်လာသည်ကို ပါမောက္ခဆရာကြီးက မြင်ရသောအခါ “ ဒီရသေ့ဟာ ကာမဂုဏ် ခံစားတဲ့ ရသေ့စဉ်းလဲ ဖြစ်တယ်” လို့ ကြည်ညိုရမည့်အစား နှလုံးသွင်းမှားလေတော့၏။ ထိုအကြောင်းကို တပည့်တို့အား ပြောသောအခါ တပည့်ငါးရာတို့ကလည်း “ အချင်းတို့….ဒီရသေ့ဟာ ကာမဂုဏ်ခံစားတဲ့ ရသေ့စဉ်းလဲတစ်ယောက်ဖြစ်တယ်” လို့ ရွာထဲတွင် အိမ်တိုင်းလိုက်၍ ပြောကြပါတယ်။
ထိုကဲ့သို့ ပြုမိခဲ့သော အကုသိုလ်ကံအကျိုးအဆက်ကြောင့် တပည့်ငါးရာတို့ဟာ ယခုဘ၀ ဘုရားရှင်လက်ထက်တော်တွင် တပည့် ရဟန်းငါးရာ လာဖြစ်ကြ ပြီး၊ သုန္ဒရီပရိဗိုဇ်မ (တိတ္ထိတို့သတ်၍) သေရတဲ့ အကြောင်းနှင့်ပတ်သက်၍ လူအများ၏ မဟုတ်မတရား စွပ်စွဲတာကို ခံခဲ့ရပါသည်။ တပည့်များ စွပ်စွဲခံရခြင်းဟာ ဘုရားရှင်အား စွပ်စွဲခံရတာနဲ့ အတူတူပါပဲ။ ဤသည်ပင်လျှင် တတိယ၀ဋ်တော်ဖြစ်ပါသည်။
(၄)စုတုတ္ထ၀ဋ်တော်
ဘုရားရှင်ဟာ အလောင်းတော်ဘ၀က တစ်ခုသော လူ့ဘ၀ဖြစ်စဉ်တွင်ပစ္စည်းဥစ္စာများကို မတရားလိုချင်တပ်မက်သောကြောင့် ဖအေတူ မအေကွဲ ညီအစ်ကိုတော်စပ်တဲ့ ညီငယ်ဖြစ်သူအား တောင်ချောက်ကြားသို့ ပစ်ချခဲ့ရုံမျှမက ကျောက်တုံးကြီးဖြစ်လည်း တဖန်ထပ်ပြီး ကြိတ်ချေမှုကို ပြုလုပ်ခဲ့ပါတယ်။
ထိုမကောင်းမှု အကုသိုလ်ကံကြောင့် နောက်ဆုံးဘ၀ ဘုရားအဖြစ်သို့ ရောက်သောအခါ ရှင်ဒေ၀ဒတ်က ကျောက်မောင်းဆင်ပြီး ပစ်ချသည်ကို ခံခဲ့ရပါတယ်၊ သည်တွင် ကျောက်ချပ်ကျောက်လွှာများ လွင့်စင်ကာ ဘုရားရှင်၏ ခြေမတော်ကို ထိခိုက်မိကာ သွေးစိမ်းတည်တဲ့အဖြစ်အထိ ခံခဲ့ရပါတယ်။
(၅)ပဉ္စမ၀ဋ်တော်
ဘုရားရှင်ဟာ တစ်ခုသောဘ၀ဆီက အမြော်အမြင် ဆင်ခြင်ဥာဏ်နည်းပါးကာ ဆိုးသွမ်းသော လူငယ်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူဟာ သူငယ်ချင်းများနှင့် လမ်းပေါ်ဝယ် မြူးတူးပျော်ပါးကစားနေကြစဉ် အရှင်ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ဆူကို မြင်ရတဲ့အခါ ကြည်ညိုရ မည့်အစား နှလုံးသွင်းမှားယွင်းကာ ထိုအရှင်ပစ္စေကဗုဒ္ဓါအား ကျောက်ခဲဖြစ် ပစ်ခတ်ကာ ပြစ်မှားခဲ့ပါတယ်။
ထိုမကောင်းမှုကံကြောင့် ရှင်ဒေ၀ဒတ်က ဘုရားရှင်အား အသေသတ်ရန် လူသတ်သည့်လေးသမားများအား စေလွတ်တာကို ခံတော်မူရပါတယ်။
(၆) ဆဋ္ဌမ၀ဋ်တော်
ဘုရားရှင်ဟာ တစ်ခုသောဘ၀မှာ ဆင်ထိန်းသမားတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ တစ်နေ့သောအခါ ဆွမ်းခံကြွတော်မူလာတဲ့ အရှင်ပစ္စေကဗုဒ္ဓါအား ဆင်ဖြင့်နင်းသတ်တော့မည်ဟန်ဖြင့် အမျိုးမျိုး ခြောက်လှန့်ခဲ့ပါတယ်
ထိုမကောင်းမှုကံကြောင့်ရာဇဂြိုဟ်ပြည်ဝယ် အရက်များစွာသောက်၍ အကြမ်းစိတ် အရိုင်းစိတ်ပေါက်နေသော နာဠာဂီရိ ဆင်က ကိုယ်တော်မြတ်ကြီးကို နင်းသတ်ရန် ရှေးရှုချဉ်းကပ်လာသည်ကိုခံတော်မူရပါတယ်၊ ဤကား ဆဋ္ဌ၀ဋ်တော်ဖြစ်ပါတယ်။
(၇) သတ္တမ၀ဋ်တော်
မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘ၀မှာ ပြည့်ရှင်မင်းဖြစ်၍ မင်းမာန်တက်ကာ (ဒုစရိုက်ကိုမစဉ်းစားဘဲ) ယောက်ျားတစ်ယောက်ကို လှံဖြင့်ထိုး၍ သတ်ဖြတ်ခဲ့ပါတယ်။
ထိုမကောင်းမှုအကုသိုလ်ကံ အကျိုးဆင်ကြောင့် ငရဲ၌ နှစ်များစွာခံခဲ့ရပြီး နောက်ဆုံးပစ္ဆိမ ဘ၀မှာ(ရှင်ဒေ၀ဒတ်ကကျောက်မောင်း ဆင်သဖြင့် ကျောက်လွှာကျောက်ချပ်တစ်ခုက ခြေမတော်၌ထိခိုက်၍သွေးစိမ်းတည်သောအနာရောဂါကိုကုစားရန်အတွက်) ဆရာဇီဝက က ခြေမတော်ကိုဓါးဖြင့် ခွဲသည်ကိုခံတော်မူရပါတယ်။
(၈) အဋ္ဌမ၀ဋ်တော်
မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ်တစ်ခုသောဘ၀မှာ တံငါရွာ၌ဖြစ်၍ မိမိဆွေမျိုးတံငါတို့က ငါးတို့ကိုရက်ရက်စက် စက်သတ်ဖြတ်ကြတာကို မြင်ရသောအခါ ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့ဖူးပါတယ်(ကိုယ်တိုင်သတ်သည်မဟုတ်)
ထိုမကောင်းမှုကံ အကျိုးဆက်ကြောင့် နောက်ဆုံးဘ၀ ဘုရားဖြစ်တော်မူတဲ့အခါ ဦးခေါင်းကိုက်ရောဂါ မကြာခဏဖြစ်တာကို ခံ တော်မူရပါတယ်။ (ရှေးအခါက ငါးများကို ရက်ရက်စက်စက် သတ်ခဲ့တဲ့ ဆွေမျိုးတံငါသည်တွေက ယခုအခါ သာကီဝင်မင်းများ ဖြစ်လာကြပြီး၊ ၀ိဋဋူဘရဲ့ အသတ်အဖြတ်ကို ခံရပါတယ်)။
(၉)န၀မ၀ဋ်တော်
ဘုရားအလောင်းတော်ဟာ် တစ်ခုသောဘ၀ဖြစ်စဉ် ဖုဿမြတ်စွာဘုရား၏ သာသနာတော်မှာ တပည့်သာဝကရဟန်းတော်တို့ကို “ သင်တို့ မုယောကို စားကြ၊ သလေးဆွမ်းတို့ကို မစားကြကုန်လင့်” လို့ ရေရွတ်စကား ပြောမှားခဲ့ပါတယ်။
ထိုမကောင်းမှု အကုသိုလ်ကံရဲ့ အကျိုးဆက်ကြောင့် ဘုရားအဖြစ်သို့ ရောက်သောအခါ ဝေရဉ္ဇာပြည်၌ ဝေရဉ္ဇာပုဏ္ဏား ပင့်လျှောက်ချက်အရ ဘုရားရှင်ဝါကပ်တော်မူသောအခါ ၀ါတွင်းသုံးလပတ်လုံး မုယောမှုန့်ကိုသာ ဘုဉ်းပေးသုံးဆောင်တော်မူကြရပါတယ်။
(၁၀)ဒသမ၀ဋ်တော်
ဘုရားရှင်အလောင်းတော်ဖြစ်စဉ်က တစ်ခုသောဘ၀တွင် လက်ဝှေ့သမားဖြစ်တော်မူပါတယ်။ အဲဒီမှာ တစ်ခြားလက်ဝှေ့သမား တစ်ဦးကို ခါးကျိုးအောင် ရိုက်ချိုးထိုးသတ်ခဲ့ပါတယ်။
ထိုမကောင်းမှုအကျိုးဆက်ကြောင့် နောက်ဆုံးဘ၀ ဘုရားအဖြစ်သို့ ရောက်သောအခါ ခါးတော်ညောင်းညာတဲ့ရောဂါဖြင့် နာကျင် ကိုက်ခဲ ဆင်းရဲဒုက္ခကို ခံတော်မူရပါတယ်။
(၁၁)ဧကာဒသ၀ဋ်တော်
ဘုရားရှင်ဟာ အလောင်းတော်ဘ၀က တစ်ခုသောဘ၀မှာ ဆေးဆရာ ဖြစ်ခဲ့ဖူးပါတယ်။ ထိုအခါ သူဌေးသားတစ်ယောက်ကို ဆေးကုပါတယ်၊ အဲဒီမှာ သူဌေးသားက ဆေးဖိုးဝါးခ မပေးလိုတဲ့အတွက် ၀မ်းလျှော စေတတ်တဲ့ ဆေးကို တိုက်ကျွေးခဲ့ပါတယ်။
ထိုအကုသိုလ်ကံကြောင့် နောက်ဆုံးဘ၀ ဘုရားဖြစ်စဉ် ပရိနိဗ္ဗာန်စံတော်မူခါနီး သွေးဝမ်းသွန်တဲ့ ရောဂါဝေဒနာ စွဲကပ်တော်မူလာ ရပါတယ်။
(၁၂)ဒွါဒသမ၀ဋ်တော်
ဘုရားရှင်အလောင်းတော်ဘ၀ဖြစ်စဉ် ကဿပမြတ်စွာဘုရားလက်ထက်မှာ ဇောတိပါလ ပုဏ္ဏားဖြစ်ခဲ့ဖူးပါတယ်။ အဲဒီဘ၀မှာ ကဿပမြတ်စွာဘုရားရှင်ကို “ ဒီ ဦးပြည်းရဟန်းမှာ သဗ္ဗညုတရွှေဥာဏ်တော်ဆိုတာ အဘယ်မှာ ဖြစ်နိုင်မှာလဲ၊ သဗ္ဗညုတရွှေဥာဏ်တော် ဆိုတာ အလွန်ရခဲတဲ့ တရားတစ်ခု ဖြစ်တယ်” လို့ နှုတ်ဖြင့် ပြစ်မှား ပြောဆိုခဲ့ပါတယ်။
ထိုမကောင်းမှုကံကြောင့် နောက်ဆုံးဘ၀ တောထွက်တော်မူ၍ ဘုရားဖြစ်ရန်အတွက် ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူတဲ့အခါ အခြားတပါးသော ဘုရားအလောင်းတို့မှာ ရက် လ အနည်းငယ်သာ အထိုက်အလျောက် ကျင့်ရပါသော်လည်း ၀စီဝိပါက် ၀ဋ်တော်လိုက်မှု ကြောင့် ခြောက်နှစ်ကြာအောင် ဒုက္ကရစရိယအကျင့်ကို ကျင့်ခဲ့ရပါတယ် လို့ ဖြေကြားပေးလိုက်ပါတယ်။
မှတ်ချက်။ ။ ခုဒ္ဒကနိကာယ် ထေရာပဒါနပါဠိ၃၉- အ၀ဋဖလ၀ဂ္ဂ၊ ၁၀-ပုဗ္ဗကမ္မပိလောတိက ဗုဒ္ဓအပဒါန် ၃၊၃၄၆-
0 comments:
Post a Comment