Thursday, October 2, 2008

ပတ်ဝန်းကျင်က မြတ်ဓမ္မ

ပဋိသန္ထာရ ဟူသော ဝေါဟာရ သည် ယခုမှ ပေါ်ပေါက်လာသော စကားမဟုတ်ပါချေ။ လွန်ခဲ့သော ၂၅ ရာစုနှစ်ကတည်းက ပေါ်ပေါက်ခဲ့သော စကားတစ်ခုဖြစ်သည်။
တစ်ဦးနှင့်တစ်ဦးတွေ့ဆုံကျရာဝယ် နေကောင်းပါရဲ့လား၊စသည် နှုတ်ဆက်ခြင်းသည် မြန်မာတို့၏ ချစ်စရာကောင်းသော စိတ် နေသဘောထားကို ဖေါ်ကျုးနေပါသည်။ မြန်မာတို့သာမက ထိုင်းလူမျိုးများဆိုရင်လည်း “ ဆ၀ါဒီ ခန့်” ။ တရုတ်လူမျိုးတို့က “နီင်းဟောင်န်”။ ရုရှားကျပြန်တော့ “ ဒေါ့ဘရယ်ဥတရာ” ။ အင်္ဂလိပ်များက How are you? ၊ How do you do? ၊ Good morning ။ ထိုကဲ့သို့ လူမျိုးအသီးသီး၌ နှုတ်ဆက်စကား ဟူသည် ရှိကြစမြဲ ဖြစ်ပါသည်။


တစ်နေ့သ၌ စာရေးသူသည် ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ကိစ္စတစ်ခုဖြင့် သွားရောက်သောအခါ ထိုကျောင်း၌ သီတင်းသုံးတော်မူသော ကျောင်းထိုင်ဆရာတော်အား “ ဆရာတော်ဘုရား…..ကျန်းမာပါရဲ့လားဘုရား” ဟ
ု မေးလိုက်ရာ ထိုဆရာတော် က “ငါ့ရှင်…….ငါ့ရှင်က မေးရလောက်အောင် တပည့်တော်က အနာရောဂါ ဖိစီးနေလို့လား အဲဒီလို မမေးပါနဲ့” ဟု စိတ်ဆိုးကာ စာရေးသူ၏ စကားကို တုန့်ပြန်ပါလေတော့သည် ။ ဤသို့ မေးရုံမျှဖြင့် ထိုဆရာတော်သည် အဘယ့်ကြောင့် ဒေါသထွက်ရပါသနည်း၊ “ငါမေးတာ လွန်များသွားလို့လား” ဟု ပြန်လည်တွေးမိပါတော့သည်။ ထိုအချိန်တုန်းက ဘယ်လိုပင် စဉ်းစားတွေးတောပါသော်လည်း တိကျမှန်ကန်သော အဖြေကို မရရှိခဲ့ပေ။ တစ်ဦးနှင့်တစ်ဦး ခင်မင်းရင်းနှီးမှုဖြင့် တွေ့ကြသောအခါ ပဋိသန္ထာရစကားများ၊ အမှတ်ရဖွယ်ရာစကားများ ပြောဆိုရပါသည်။ အထက်ပါ စာရေးသူ တွေ့ကြုံခဲ့ရသော အဖြစ်အပျက်အရဆိုလျှင် တစ်ယောက်နှင့်တစ်ယောက်တွေ့သော်လည်း အမှတ်ရဖွယ်စကား ပဋိသန္ထာရ စကားများ ပြောဆိုဖို့ရာ ခက်ချိမ့်မည်။
ကာလအတန်ကြာသောအခါ အတိတ်ရေစက်ကြောင့်လားတော့မသိပါ၊ စာရေးသူနှင့် ထိုကျောင်းထိုင်ဆရာတော်တို့ ပြန်လည် တွေ့ဆုံကြပါသည်။ ထိုအခါ ရှေးဦးစွာ နုတ်ဆက်လိုက်သူကား ထိုကျောင်းထိုင်ဆရာတော် ဖြစ်နေသည်။
“ငါ့ရှင် ….. ကျန်းမာရေးကောင်းပါရဲ့လား”ဟုမေးလိုက်ရာ “ မှန်ပါ…တပည့်တော် နေကောင်းပါတယ်ဘုရား” ဟု အလိုက်သင့်ပြန်ဖြေ လိုက်ရသော်လည်း စာရေးသ၏ စိတ်ထဲတွင် “ ဒီလိုမေးရလောက်အောင် ငါ့မျက်နှာက နေမကောင်းတဲ့ မျက်နှာကြီးဖြစ်နေလို့လား” ဟု တွေးတောလျှက် တစ်ချိန်တုန်းက စာရေးသူ၏ “နေကောင်းပါရဲ့လား” ဟူသောအမေးကြောင့် စိတ်ဆိုးစွာ ပြန်လည်တုန့်ပြန် လိုက်သောထိုကျောင်းထိုင်ဆရာတော်၏ သဘောကို စာရေးသူကိုယ်တိုင် ခံစားလိုက်ရပါမှ သဘောပေါက်သွားပါတော့သည်။
ဤသို့ဆိုလျှင် ရင်းနှီးသမှုဖြင့် ထိုသို့မနှုတ်ဆက်ကောင်းတော့ပြီလား၊ နှုတ်ဆက်၍ မရတော့ပြီလား ၊ အမှတ်ရဖွယ်စကားများ မပြောရတော့ပြီလား၊ စသည် လားပေါင်းများစွာနှင့် စာရေးသူ တွေးနေမိပါတော့သည်။
အမှန်စင်စစ် နှုတ်ဆက်ကြသည်ဆိုရာဝယ် -
မြန်မာတို့ ဓလေ့ဝယ် တွေ့ဆုံကြ၍ နှုတ်ဆက်ကြခြင်းသည် အလွန်နှစ်လိုဖွယ်ကောင်းသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါသည်။ တစ်ခြားသော လူမျိုးများလည်း ဤနည်းအတိုင်းပင် ဖြစ်ပါသည်။ နှုတ်ဆက်ခြင်းသည် လူမျိုးတိုင်းရဲ့ ယဉ်ကျေးမှုတစ်ရပ်ပင် ဖြစ်ပါလိမ့်မည်။
ထိုမျှသာမကာ မြတ်ဗုဒ္ဓလက်ထက်တော်က သီတင်းဝါလကျွတ်သောအခါ၌ မြတ်စွာဘုရားကို လာရောက်ဖူးမျှော်ကြကုန်သော ရဟန်းတော် များအား “ချစ်သားတို့ …..ဆွမ်းဖြင့်မျှတပါ၏လော၊ ကျန်းခံ့သာလို့ မာပါရဲ့လား” ဟု မြတ်ဘုရားက နှုတ်ဆက်စကား မိန့်ကြားတော်မူနေကျဖြစ်ပါသည်။ နှုတ်ဆက်စကားကို မြတ်ဘုရားတောင်မှာ မပယ်ရှားဘဲ ကျင့်သုံးခဲ့ပါသည်။ထို့ကြောင့် နှုတ်ဆက်စကားဆိုခြင်း၊ ပဋိသန္ထာရစကားပြောဆိုခြင်းစသည် ပြုလုပ်ကြရာဝယ် ယဉ်ကျေးမှုတစ်ရပ်အနေနှင့် မေတ္တာထားကာ ပြောဆိုဆက်ဆံကြသည့်အတွက် အချင်းချင်းပြောဆိုသောအခါမှာလည်း “ ယဉ်ကျေးမှုအရ ပြောဆိုနှုတ်ဆက်တာပဲလေ” ဟု မှတ်ယူကာ မှန်ကန်သော အတွေးအမြင်ရှိကြဖို့လိုပေသည်။ ထိုစဉ်က ဆရာတော်နှင့်စာရေးသူတို့၏ စိတ်နေစိတ်ထားသည် မှန်ကန်သော စိတ်ထား မဟုတ်သည်ကို တွေ့ရပေသည်။ စာရေးသူတို့ဖြစ်သကဲ့သို့ လောက၀ယ် လူအတော်များများ ဖြစ်တတ်ကြသောကြောင့် ထိုအချက်ကိုသတိပြုကြစေရန် ဤဆောင်းပါးကို ရေးရခြင်းဖြစ်ပါသည်။
တစ်ခါကလည်း စာရေးသူသည် ထင်ရှားသည့်ကမ္မဋ္ဌာန်းဌာနတစ်ခု၏ ကမ္မဋ္ဌာန်းဆရာတော်တစ်ပါးကို “နေကောင်းပါရဲ့လား” ဟု နှုတ်ဆက်ခဲ့ဖူးပါသည်။ ထိုဆရာတော် ပြောလိုက်သည်က “ အရှင်ဘုရား…… လူဆိုတာ ခန္ဓာရှိရင် အမြဲတမ်း အနာရောဂါနဲ့ဆက်နေရတာပါ၊ ဘယ်မှာ နေကောင်းတယ်ရယ်လို့ ရှိပါ့မလဲ၊ ဒီစကားမျိုး အရှင်ဘုရားမေးစရာမလိုပါဘူး” ဟု ဒေါသသံနှောကာ ပြန်လည်ဖြေကြားလိုက်သောအသံကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားရပါတော့သည်၊ “ ငါမေးလိုက်တာ မှားများ သွားပါပြီလား” ။
အမှန်စင်စစ် စာရေးသူ မေးလိုက်သော စကားသည် မမှားသည့်အပြင် ရင်းနှီးမှုဖြင့် နှုတ်ဆက်သင့်သော စကားဖြစ်ပါသည်။ သို့ပါလျှက် ထိုဆရာတော်သည် မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ သော စကားမျိုးဖြင့် တုံ့ပြန်ရပါသနည်း။ ဤသို့ဆိုလျှင် မြတ်ဘုရား၏ နှုတ်ဆက်ရာ၌ ပြောဆိုသော အလေ့အထကို လည်းဆန့်ကျင်ရာ ကျနေပါတော့သည်။ သူပြောဆိုလိုက်သော အသုံးအနှုံးများသည် ဤနေရာ၌ မသုံးနှုံးသင့် ဟု ထင်မြင်ယူဆမိပါသည်။ ပြောဆိုရမည့် နေရာမှားနေပေပြီ၊ ထိုတရားစကားမျိုးကို တရားဟောတဲ့အခါ၌ ဖြစ်စေ၊ တရားဆွေးနွေးတဲ့အခါ၌ ဖြစ်စေ၊ ပြောဆို ဟောပြောရပါမည်။ နှုတ်ဆက်သည့်နေရာ၌ မပြောသင့်ပါဟု ထင်မြင်မိပါသည်။
တစ်ဖန် တရားစကားပြောသည်ဆိုစေဦးတော့ ဒေါသသံပါနေသည့်အတွက် နှုတ်က တရားအကြောင်းပြောနေသော်လည်း စိတ်ထဲတွင်တော့ မတရားဖြစ်နေသည်မှာ ပေါ်လွင်လှပါသည်။ ထို့ကြောင့် သူ၏ အဆင့်အတန်း အနိမ့်အမြင့်ကို သူကိုယ်တိုင်ပဲ ခွဲခြားနေလေပြီ ဟု ယူဆမိပါသည်။
အခြေအနေမှန်ကို ယောနိသော မနသိ ကာရ သင့်တင့်စွာ နှလုံးသွင်းပြီး နားလည်ပေးနိုင်မည်ဆိုပါက အလားတူဖြစ်ရပ်များ သည် ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိပေ။ အကယ်၍ ဖြစ်ပေါ်လာခဲ့သော် “ င့ါအား တရား ဟောနေပါလား” ဟု ဆင်ခြင်ကာ တရားနာ လိုက်ရုံသာ။
မှန်ပါသည်……မိမိပတ်ဝန်းကျင်တွင် ရှိရှိသမျှသော အကြောင်းအရာများစွာတို့သည် မိမိအားတရားဟောနေသယောင် ဖြစ်ချေ၏၊ ဤနေရာတွင် အလျဉ်းသင့်၍ ဖေါ်ပြလိုသည်မှာ စာရေးသူ ရဟန်းဖြစ်ခါစ တစ်ဝါရသောအချိန်က အသုဘတစ်ခုကို ဘုန်းကြီးများနှင့်အတူ လိုက်ပါခဲ့သည်။ သုဿာန်သို့ ရောက်သောအခါ ဆရာတော်တစ်ပါးက သီလပေး ၊ တရားဟော ၊ ရေစက်ချ ချီးမြှင့်ခဲ့ပါသည်။ ထိုစဉ် စာရေးသူသည် အသုဘခေါင်းကိုကြည့်ကာ စိတ်ထဲမည်သို့ဖြစ်သည်မသိ၊ သည်အလောင်းကောင်ကဲ့သို့ ငါလည်း တစ်နေ့သေရဦးမည် ဟု တွေးကာ ယခုပင် သေတော့မည့်ဟန် စိတ်ထဲထင်ပေါ်နေသည့်အတွက် သည်စိတ်ကို မည်သို့မျှ ဖြောက်ဖျက်၍မရ၊ လွှမ်းမိုးမြဲ လွှမ်းမိုးခံနေရပါသည်။ သို့နှင့်ထိုစိတ်၏ လွှမ်းမိုးမှုကြောင့် မည်သို့မျှ နေထိုင်၍မရ နေစရာနေရာလည်း ကျဉ်းမြောင်းလာသည်ဟု ထင်ရသည်။ ထိုအချိန်က စိတ်ထဲ တွေးမိသည်က သည်အချိန်သည် ငါ့အတွက် အလွန်အရေးကြီးနေပြီ၊ သူများတွေလို အေးအေးဆေးဆေးနေ၍ မရတော့ချေ။
သိှု့နှင့် ထိုအခြေအနေမှ ကျော်လွှားနိုင်ရန် ကျမ်းဂန်တတ်သည့် ဆရာမထေရ်ထံတွင် “ ဆရာတော်ဘုရား…လူများဟာ သေခါနီးအချိန်သို့ရောက်သောအခါ ဘယ်လိုအခြေအနေဖြစ်ပြီး ဘ၀ကို ကူးပြောင်းကြပါသလဲဘုရား” မေးလျှောက်ထားသောအခါ ဆရာသမားက သင်္ဂြီုလ်ကျမ်းလာ ကံ၊ ကမ္မနိမိတ်၊ဂတိနိမိတ်အကြောင်းကို စိတ်လက်ရှည်စွာ ရှင်းပြသည့်အတွက် အနည်းငယ် စိတ်သက်သာရာ ရခဲ့ပါသည်။ အမှန်စင်စစ် ထိုသို့ သေတော့မည်ဟု စိတ်ထဲထင်ရခြင်းမှာ အသုဘရှုစဉ်က အသုဘက ဟောသော တရားကို နာလိုက်ရသောကြောင့် ဖြစ်ပါသည်။ စာရေးသူမှတစ်ပါး ကျန်သည့် ရဟန်းရှင်လူများသည်လည်း အသုဘကဟောသော တရားကို နာခဲ့ရပါမူ စာရေးသူကဲ့သို့ ဖြစ်မည်မှာမလွဲပေ။
ထိုကြောင့် လောကတွင် ရဟန်းဖြစ်စေ၊လူဖြစ်စေ သံဝေဂဥာဏ်များများရနိုင်လေလေ သံဝေဂနှင့်ယှဉ်သည့် ကုသိုလ်တရား များများရလေလေဖြစ်ပေမည်။ အဘယ့်ကြောင့် သံဝေဂယှဉ်ရုံမျှဖြင့် ကုသိုလ်ရပါသနည်းဟူမူ- သံဝေဂများများရလေလေ သံဝေဂကြောင့် ယခင်က မပြုလုပ်ဖူးသည့် ကုသိုလ်တရားများကို အရေးတကြီး ပြုလုပ်လာလေလေဖြစ်သည်၊ ယခင်က ကုသိုလ်တရား၌ တွန့်ဆုတ်နေ သော်လည်း ယခုအခါ ထိုသံဝေဂကြောင့် ကုသိုလ်တရား၌ မတွန့်ဆုတ်နိုင်တော့ဘဲ အချိန်ရှိခိုက် ကြိုးစားပြုမှ ဘ၀အတွက် သက်သာရာရ မည်ဖြစ်သောကြောင့် သံဝေဂရလေလေ ကုသိုလ်ရလေလေ ဟုမှတ်ရပါမည်။
သို့မဟုတ်မူ၍ မေးလိုက်သော ပဋိသန္ထာရစကားကြောင့် “ ခန္ဓာရလာလျှင် ရောဂါအမြဲရှိနေမှာဖြစ်တဲ့အတွက် နေကောင်းတယ် ဆိုတာ မရှိနိုင်ဘူး၊ ငါ့ရှင်မေးစရာမလိုပါဘူး” ဟု တရားနှင့်ယှဉ်သည့် ဒေါသအငွေ့အသက်များ ဖြစ်ပေါ်ရခြင်းသည် အဘယ့်ကြောင့်နည်း။ ထိုအချိန်က စိတ်အလိုမကျ ဖြစ်နေသည်နှင့် ကြုံနေ၍လော စဉ်းစားပေမယ့် မဖြစ်နိုင်၊ မကြာမီကမှ အနှီဆရာတော်သည် တစ်ခြားရဟန်းများနှင့်အတူ ပြုံးရွှင်စွာ စကားဝိုင်းဖွဲ့ကာ ပြောနေသေးသည်ကိုး…….
မည်သို့ပင်ဖြစ်စေ အနှီဆရာတော်ထံမှ တရားတစ်ပုဒ်ကို ကောင်းစွာနားကြားလိုက်ရသောကြောင့် ထိုဆရာတော်အား အပြစ်မတင်သည့်အပြင် ကျေးဇူးတောင်တင်ရမလို ဖြစ်နေသည်။ ပတ်ဝန်းကျင် တစ်ခွင်၌ သတိထားမိမည်ဆိုပါက အသက်ရှိ/အသက်မဲ့အရာများက မိမိအား တရားဟောနေသည် ကို မြင်ရပေလိမ့်မည်။ ထိုတရားကို နာယူတတ်ရန်အောင် ကြိုးစားရပေ မည်။
ထိုနာလိုက်ရသည့်တရားကား သူထံတွင် ဖြစ်ပေါ်နေသည့် စိတ်နေစိတ်ထားမျိုး ငါ့သဏ္ဍာန်သာမက ပုထုဇဉ်လူသားတိုင်းတွင် မကင်းနိုင်ကြပေ။ သူဖြစ်သကဲ့သို့ ငါ့မှာဖြစ်လျှင်လည်း ထိုဖြစ်လာသည့် ဒေါသတရားကို နှိမ်နှင်းနိုင်ရန် အလေ့အကျင့်ပြုလုပ်ရပေဦးမည်။ ထို့အတူ ခက်ထန်ကြမ်းတမ်းသည့် ဒေါသသာမက ဒေါသနှင့်ဆွေမျိုး တော်စပ်သည့် ပူပန်မှု၊နှလုံးမသာယာမှု၊စိတ်ဆင်းရဲမှု၊ အလိုမကျမှု၊ စိတ်ဆိုးမှု၊ အငြိုးမပြေ တေးမှတ်မှု စသည့်တရားများသည်လည်း ပုထုဇဉ်လူသားတို့သဏ္ဍာန်တွင် အကြောင်းညီညွတ်ရင် တိုက်ဆိုင်မှုရှိရင် ဖြစ်တတ်ကြပါသည်။ ထိုလောဘစသည့်တရားများသည် အပါယ်သို့တွန်းချစေနိုင်သည့် တရားများဖြစ်သည့်အတွက် မိမိတွင်ဖြစ်လာပါက အပါယ်ကျနိုင်လောက်သည့် စွမ်းအင်သတ္တိများ လျော့နည်း အောင် သတိ၊သမာဓိ၊ပညာ တရားတို့ဖြင့် ထိန်းချူပ် (control)ရမည် ဖြစ်ပါ သည်။
ဆိုရေးရှိကဆိုအပ်စွ ဆိုတာလို တစ်ခါက ဆရာတော်ကြီးတစ်ပါးသည် ကိစ္စတစ်ခုဖြင့် ရွာထဲကနေ ပြန်ကြွလာခဲ့ရာ လမ်းတွင် အမျိုးသမီးငယ်နှစ်ဦးသည် ဒေါသမာန်ဟုန်ပြင်းစွာဖြင့် ကိုက်တော့မည့် ခွေးနှစ်ကောင်နှယ် တစ်ယေက်နှင့်တစ်ယောက် ရန်ဖြစ်နေကြရာ နောက်ကပါလာသောကပ္ပိယအား “ ဒကာ..ဟောဟိုမှတွေ့လား ဒကာမနှစ်ယောက် တရားဟောနေကြတာလေ ….သူတို့ကို ငှက်ပျောသီးသွားပေးလိုက်” ဟု ဆိုသော အခါ ဒကာသည် ထိုရန်ဖြစ်နေသော အမျိုးသမီးနှစ်ယောက်ထံသွား၍ “ ဆရာတော်က ညည်းတို့ကို ပေးခိုင်းလိုက်တာ” ဟုပြောပြီး ပေးလိုက်ရာ ရန်ဖြစ်နေသည့် အမျိုးသမီးနှစ်ဦး အသံတွေ တိတ်ကုန်ပါသတဲ့……..။
ထို့ကြောင့်လောကတွင် မိမိပတ်ဝန်းကျင်တွင် ရှိရှိသမျှသောတရားများကို မယူတတ်က မတရားဖြစ်ပြီး အကုသိုလ်ဖြစ်တတ်ပေ မယ့် ယူတတ်က တရားဖြစ်ပြီး ကုသိုလ်တရာပွားများနိုင်ပါကြောင်း ….
စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ
၃.၁၀.၂၀၀၈ နံနက် ၄း၂၆ နာရီ

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More