Wednesday, October 22, 2008

သိသမျှ တွေးဆအဖြေ (၁၁)

အမေး။ ။အရှင်ဘုရား…. လက်ဖက်သုပ်ကို သံဃာတော်များအား ညနေ လှူခွင့် ရှိပါသလားဘုရား၊ သံဃာတော်များကို ညနေဘက် ဆက်ကပ်ခွင့်ရှိတဲ့ အရာများ ရှင်းပြပေးပါ။
အဖြေ။ ။ လူအများသည် နေမွန်းလွဲအချိန်တွင် ရဟန်းတော်များအား လက်ဖက်သုပ်များကို မလှူကောင်းသကဲ့သို့ သံဃာတော်များကလည်း အကပ်မခံကောင်းပေ။ ဘုဉ်းပေးဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ ပါတိမောက်ဘာသာဋီကာတွင် အသုပ်တို့နှင့်ပတ်သက်ပြီး ရေးထားပါတယ်။ ယခုခေတ်ပေါ် ညချင်း(ဂျင်း)သုပ်များဟာ ကြက်သွန်၊ဆီ၊ဆား၊ချင်း များကို တစ်ခုစီကြည့်လျှင် တစ်ခါအကပ်ခံထားလျှင် ခုနှစ်ရက်အတွင်းစားထိုက်သည့် သတ္တာဟကာလိက နှင့် တစ်သက်လုံးစားထိုက်သည့် ယာဇီဝက ဖြစ်သောကြောင့် “အပ်၏” ဟုထင်မှတ်ဖွယ် ရှိပါသည်။ သို့သော် ချင်း ကို ပင်ကိုယ်အကြမ်းအတိုင်းမဟုတ်ဘဲ စားကောင်းအောင် ပြုပြင်ကာ လက်သုပ်တစ်မျိုး ဖြစ်အောင် စီမံထားသဖြင့် နေမွန်းလွဲလျှင် မစားကောင်းသည့် ယာဝကာလိက ခဲဘွယ်ထဲ ပါဝင်နေပါသည် လို့ ဆရာများတို့က ယူကြပါသည်။ ယာဝကာလိက မဟုတ် ဟု ငြင်းစေဦးတော့ ထိုချင်းသုပ်ကြောင့် ကင်းပျောက်မည့် ရောဂါရှိမှ စားကောင်းပါတယ်။ အကြောင်းမဲ့ဖြစ်စေ၊ ဆာလောင်မွန်သိပ်၍ ဖြစ်စေ စားလျှင် မည်သည့်နည်းနှင့်မျှ လွပ်လပ်ခွင့် မရ၊ အကပ်ခံလျှင် ဒုက္ကဋ်အာပတ်သင့်သလို မျိုတိုင်းမျိုတိုင်း ဒုက္ကဋ်များစွာ သင့်ပါတယ်။
ရဟန်းတော်များအတွက် ညနေဘက် ဆက်ကပ်ခွင့်ရှိတဲ့ အရာများက (ဖေါ်ပြခဲ့ပြီးသည့် သစ်သီးရှစ်မျိုး) ဖျော်ရည်များအပြင်၊ မန်ကျည်းဖျော်ရည်၊ဆီးဖျော်ရည်၊ ရှောက်သံပုရာဖျော်ရည်တို့ကိုလည်း ဆက်ကပ်ခွင့် ရှိပါတယ်။
နောက် သတ္တာဟကာလိက ဆေးအဖြစ် ထောပတ်၊ဆီဦး၊ဆီ ၊ ပျား၊ တင်လဲစသည်တို့ကိုလည်း ဆက်ကပ်ခွင့် ရှိပါသည်။ သို့သော် သံဃာတော်များဘက်က ဆိုခဲ့ပြီးသည့်ဖျော်ရည်၊ ထောပတ်စသည်တို့ကို အကပ်ခံ၍ ရပါသော်လည်း သုံးစွဲသောအခါ အနာရောဂါပျောက်စေရန်သာ သုံးစွဲသင့်သည်၊ ဆာလောင်မွတ်သိပ်ရုံမျှဖြင့် မဘုဉ်းပေးကောင်း(မစားကောင်း)ပါ။ ဆာလောင်၍ ဘုဉ်းပေးလျှင် အာပတ်သင့်ပါတယ် လို့ ဖြေကြားပေးလိုက်ပါတယ်။

အမေး။ ။အရှင်ဘုရား…နတ်ပြည်တွင်တည်ထားသော စူဠာမဏိစေတီတော် တည်ရာတွင် သုံးသောပစ္စည်းများနှင့် နတ်တစ်ယောက်ရဲ့ အရပ်က သုံးဂါဝုတ်ဆိုတော့ စေတီကရော ဘယ်လောက်မြင့်သလဲဆိုတာ သိချင်ပါတယ်ဘုရား။
အဖြေ။ ။စူဠာမဏိစေတီတော်တွင် ပါဝင်တည်ထားသော ပစ္စည်းများအကြောင်းကို ‘ဣန္ဒနီလမယံ’ လို့ပါရှိတဲ့အတွက် စူဠာမဏိစေတီတော်တွင် ‘ပတ္တမြားညို’ လို့ ခေါ်တဲ့ ကျောက်မျက်ရတနာများ ပါဝင်ပါတယ်။ ထိုအကြောင်းကို မဟာမယာဝတ္တုတွင် လာရှိပါကြောင်း သမန္တစက္ခုဒီပနီကျမ်းတွင် မုံးရွေးဇေတ၀န်ဆရာတော်က ပြဆိုထားပါတယ်။ မဟာဗုဒ္ဓ၀င် ဒုတိယတွဲ နှာ-၂၀၄ တွင်တော့ ထိုစေတီကြီးဟာ ရတနာခုနှစ်ပါးဖြင့် မွမ်းမံ စီခြယ်အပ်သော လို့ လာရှိတဲ့အတွက် ရတနာခုနှစ်ပါးလည်း ဖြစ်နိုင်လောက်တယ် လို့ ယူဆမိပါတယ်။
စူဠာမဏိစေတီတော်ရဲ့ ပမာဏကို ကျမ်းဂန်တို့၌ အမျိုးမျိုးပြဆိုထားပါတယ်။
သီဟိုဠ်ကျွန်းက သုမနသာမဏေဟာ တာဝတိံသာ သို့သွားပြီး သိကြားမင်းထံ၌ ညှပ်ရိုးတော်ဓာတ်ကို တောင်းသောအခါ သိကြားမင်းက တစ်ယူဇနာပမာဏရှိတဲ့ စေတီကို ဖွင့်၍ လက်ယာညှပ်ရိုးတော်ဓာတ်ကို ထုတ်ကာ သုမန သာမဏေအား ပေးလိုက်တယ် လို့ ပါရာဇိကဏ်အဋ္ဌကထာ တွင် ပြဆိုထားသကဲ့သို့ မဟာဝင်ကျမ်းတွင်လည်း တစ်ယူဇနာ လို့ ပြဆိုထားပါတယ်။သီဟဠမူမှာကား သုံးယူဇနာ ရှိပါသတဲ့၊ မဟာဗုဒ္ဓ၀င် ဒုတိယတွဲတွင်လည်း သုံးယူဇနာလို့ ဖေါ်ပြပါတယ်။ ဇိနာလင်္ကာရဋီကာ -၂၃၃- တွင် ယူဇနာသုံးဆယ် ရှိပါတယ် လို့ အသီးသီးဖေါ်ပြထားကြပါတယ်။
ထိုကဲ့သို့ စေတီဥာဏ်တော်အမြင့်ဟာ တစ်ယူဇနာ၊ သုံးယူဇနာ၊ ယူဇနာသုံးဆယ် လို့ အသီးသီးဖေါ်ပြချက်တို့တွင် ဘယ်ဟာကို ယူရပါမလဲ ဆိုတာကို ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ အမှတ်(၆)တွင် တည်တောဆရာတော်ကြီး ဝေဖန်တော်မူထားတာကို တွေ့ရပါတယ်၊ သဘာဝလည်းကျလှတဲ့အတွက် ဖေါ်ပြပေးလိုက်ပါတယ်။
ဥာဏ်တော်အမြင့် ကျန်းဂန်အသီးသီးတို့တွင် ပြဆိုထားသည်မှာ မတူညီကြသော်လည်း စဉ်းစားကြည့်ဖို့ကတော့ သိကြားမင်းစံရာ ဝေဇယန္တာ ပြာသာဒ်ပါ၊ ဘယ်လိုစဉ်းစားကြည့်ရမှာလည်းဆိုရင် (သတ္တယောဇနသတုဗ္ဗေဓော - ယူဇနာခုနှစ်ရာ အစောက်ရှိသော၊ ဝေဇယန္တောနာမ ပါသာဒေါ - ဝေဇယန္တာပြာသာဒ်သည်၊ ဥဂ္ဂဉ္စိ-ပေါက်၏)လို့ ဓမ္မပဒအဋ္ဌကထာ မဃ၀တ္ထုအဖွင့်မှာ ပြထားပါတယ်၊ သိကြာမင်းနေရာက ပြာသာဒ် ယူဇနာ -၇၀၀- မြင့်တယ်ဆိုရင် ဘုရားရှင်ရဲ့ စူဠာမဏိစေတ်ီတော် သုံးယူဇနာဆိုတော့ နိမ့်လွန်းနေပါတယ်၊ ဒါကြောင့် ယူဇနာ -၃၀- ဆိုတာ ဖြစ်လောက်စရာ ရှိတယ်လို့ ယူဆမိပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။ ။

အမေး။ ။ ဗြဟ္မာ့ပြည်က ဒုဿ စေတီအကြောင်းကို သိချင်ပါတယ်ဘုရား၊ စာထဲတွေ့ရတာက ၀တ်လဲပုဆိုး ဋ္ဌာပနာတယ်ဆိုတာပဲ တွေ့ရပါတယ်၊ တစ်ခြား ဘာပစ္စည်းများ ဋ္ဌာပနာသေးပါသလဲဆိုတာ သိချင်ပါတယ်ဘုရား။
အဖြေ။ ။ ဒုဿ စေတီိအကြောင်း….
သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်ဟာ ဆံတော်ကို ပယ်ပြီးတဲ့နောက် ယခု ငါဝတ်ထားတဲ့ အ၀တ်တွေဟာ ရဟန်းများနဲ့ မလျောက်ပတ်ဘူး၊ သူတို့ကိုလည်း ပယ်စွန့်မှ တော်မယ်လို့ ကြံစည်တော်မူသတဲ့၊ အဲဒီအခါ ကဿပဘုရားရှင် လက်ထက်တော်က မိတ်ဆွေ ဖြစ်ဖူးတဲ့ ဃဋိကာရဗြဟ္မာကြီးဟာ ကမ္ဘာဦးက နိမိတ်အဖြစ် ပေါ်ထွန်းလာတဲ့ ကြာရုံအတွင်း ကြာတစ်ပွင့်မှ ပရိက္ခရာရှစ်ပါးကို ထိန်းသိမ်းထား ရာက အလောင်းတော်ထံ လာရောက် ကပ်လှူပါတယ်။ အလောင်းတော်ဟာ ဗြဟ္မာမင်း လာရောက် ဆက်ကပ်တဲ့ ပရိက္ခရာများကို သပ္ပာယ်စွာ ဆင်မြန်းပြီး ၀တ်လဲတော်ကို မြှောက်ပစ်လိုက်သတဲ့။ အဲဒီမြှောက်ပစ်လိုက်တဲ့ ၀တ်လဲတော်ကို ဗြဟ္မာမင်းက ဆောင်ယူပြီး၊ သုဒ္ဓ၀ါသ ဗြဟ္မာ့ဘုံမှာ စေတီ တည်ထားပါသတဲ့။ စေတီတော်ဟာ ဗုဒ္ဓ၀ံသအဋ္ဌကထာ -၃၃၃- မှာ ဆိုထားပါတယ်။
ဒုဿစေတီတော်ကို တည်ထားတဲ့ ဃဋိကာရ ဗြဟ္မာဆိုတာ ကဿပဘုရားရှင်လက်ထက်တော်က ဘုရားရှင်နှင့် အလွန် အကျွမ်းဝင်တဲ့ အိုးလုပ်သမား တစ်ဦးဖြစ်ခဲ့ပါတယ်။ ကဿပဘုရားရှင်ရဲ့ တရားတော်ကို နာယူရတဲ့အတွက် အနာဂါမ်တည်ပြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ အနာဂါမ်ဘ၀နှင့် ကွယ်လွန်ရင် သုဒ္ဓါဝါသငါးဘုံရှိရာ တစ်ဘုံဘုံကို ရောက်ပါတယ်၊ ဒါကြောင့် ဃဋိကာရ ဗြဟ္မာကြီးဟာ အနာဂါမ်ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သုဒ္ဓါဝါသငါးဘုံတွင် တစ်ဘုံဘုံသို့ရောက်နိုင်ပါတယ်။ ဒါကြောင့် ဒုဿစေတီဟာလည်း သုဒ္ဓါဝါသဘုံ တစ်ဘုံဘုံတွင် တည်ရှိနေမည်မှာ အမှန်ဖြစ်ပါတယ်။ ဤနေရာ၌ ဃဋိကာရဗြဟ္မာကြီးဟာ သုဒ္ဓါဝါသငါးဘုံအနက် အကနိဋ္ဌဘုံ မှာဖြစ်တဲ့အတွက် ဒုဿစေတီတော်ဟာလည်း အကနိဋ္ဌဘုံမှာပဲ ရှိနိုင်တယ် ဟုယူဆသင့်ပါတယ် လို့ သမန္တစက္ခုဒီပနီကျမ်းက ဆိုထားပါတယ်။
စေတီတော်၏ ဥာဏ်တော်အမြင့်ကိုလည်း သမန္တစက္ခုဒီပနီကျမ်း၌ ကျမ်းအမျိုးမျိုးတို့ကို ထောက်ဆ၍ (၁၂)ယူဇနာ ရှိပါတယ်လို့ မှတ်ယူရမယ် လို့ ပြဆိုထားပါတယ်။
နောက်မေးခွန်းတစ်ခုက ဒုဿစေတီတွင် ၀တ်လဲတော်မှ တစ်ပါး ဌာပနာထားတဲ့ တစ်ခြားပစ္စည်းကို ကျမ်းတွေမှာ မတွေ့ရပါဘူး။ ၀တ်လဲတော်ကို ပါဠိလို ဒုဿ လို့ခေါ်ပါတယ်၊ ၀တ်လဲတော် ဌာပနာတာကို အကြောင်းပြု၍ ဒုဿစေတီလို့ခေါ်တွင်ခြင်း ဖြစ်ပါကြောင်း ဖြေကြားပေးလိုက်ရ ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More