Monday, October 27, 2008

သိသမျှ တွေးဆအဖြေ(၁၂)

အမေး။ ။ဘုရားတပည့်တော် ရိုသေမြတ်နိုး လက်စုံမိုးလျက် ရှိခိုးလျှောက်တင်အပ်ပါတယ် အရှင်ဘုရား….
တရားဝင် မိန်းမနှင့် ဆက်ဆံတဲ့ မေထုန်ကို ပါဠိတော်၌ မြင့်မြတ်တယ်၊ နိမ့်ကျတယ် လို့ သတ်မှတ်ချက် ရှိပါသလား အရှင်ဘုရား။ မြင့်မြတ် သည်လည်းမဟုတ်၊ နိမ့်ကျသည်လည်း မဟုတ်ဘဲ ကာမရာဂကို မပယ်သတ်နိုင်သေးတာမို့ ကာမရာဂနူနာကို မီးကင်တဲ့သဘောပါလား အရှင်ဘုရား……..
ရိုသေမြတ်နိုး လက်စုံမိုးလျှက်
လေးစားစွာဖြင့်
ဝင်းမြင့်, ခေတ္တ ရုရှားနိုင်ငံ
အဖြေ။ ။ မောင်ဝင်းမြင့်…. တရားဝင်မိန်းမနှင့် ဆက်ဆံတဲ့ မေထုန်အမှုဟာ မြင့်မြတ်တယ်၊ နိမ့်ကျတယ်ဆိုတဲ့ သတ်မှတ်ချက် ရှိ/မရှိ ဆိုသည့် အချက်……ကို ပြောပါ့မယ်။

မေထုန်နှင့်စပ်၍ မြတ်တယ် မမြတ်ဘူး ဟူသည့်အချက်မှာ ‘ဗြဟ္မစရိယ’ မြတ်သောအကျင့်နှင့်ပတ်သက်ပြီး သုတ်သီလက္ခန် အဋ္ဌကထာ ၁၆၀ မှာ-
(ဗြဟ္မစရိယံ ပကာသေတီတိ ဧတ္ထ ပနာယံ ဗြဟ္မစရိယသဒ္ဒေါ ဒါနေန၊ ဝေယျဝေစ္စ၊ ပဉ္စသိက္ခာပဒသီလေ၊ အပ္ပမညာသု၊ မေထုန၀ိရတီယံ၊ သ ဒါရသန္တောသေ၊ ၀ီရိယေ၊ဥပေါသထင်္ဂေသု၊ အရိယမဂ္ဂေ၊ သာသနေတိ ဣမေသွတ္ထေသု ဒိဿတိ) လို့ ဖွင့်ထားပါတယ်။
အဓိပ္ပါယ်က မြတ်သောအကျင့်ဆိုတဲ့ အနက်ဟာ (၁)အလှူပေးခြင်း၊ (၂)ဝေယျဝေစ္စပြုလုပ်ခြင်း၊ (၃)ငါးပါးသီလ၊ (၄)အပ္ပမညာတရား၊ (၅)မေထုန်ကြဉ်ခြင်း၊ (၆) မိမိမယား,လင်ဖြင့် ရောင့်ရဲခြင်း၊ (၇) လုံ့လ၀ီရိယ၊ (၈)ဥပုသ်အင်္ဂါ၊ (၉) အရိယာမဂ်၊ (၁၀)သာသနာတော် ဆိုတဲ့ အနက်ဆယ်ပါးကို ဟောနိုင်ပါတယ်။ထိုဆယ်ခုအနက် နံပါတ်(၅)နှင့်(၆)ကိုသာ လိုရင်းထုတ်ပြပါ့မယ်။
(၅)မေထုန်မှ ကြဉ်ရှောင်ခြင်းဟာလည်း မြတ်သောအကျင့်တစ်ပါး ဖြစ်ပါတယ်၊ ရှင်းဦးအံ့။ မူလပဏ္ဏာသပါဠိတော် သလ္လေခသုတ်မှာ (ပရေ အဗြဟ္မစာရီ ဘ၀ိဿန္တိ အယမေတ္ထ ဗြဟ္မစာရီ ဘ၀ိဿာမာတိ) အဓိပ္ပါယ်ကတော့ “ အခြားသူတို့သည် မမြတ်သော မေထုန်အကျင့်ကို ကျင့်တတ်သူတို့ ဖြစ်ကြသော်လည်း ငါမူကား ဤအရာ၌ မေထုန်အမှုကို ကြဉ်သောအကျင့် ဟူသည့် မြတ်သောအကျင့်ကို ကျင့်တတ်သူတို့ ဖြစ်ကြကုန်အံ့” ဆိုထားသောကြောင့် မေထုန်အမှုသည် မမြတ်သောအကျင့် ဖြစ်ပါတယ်။ ထို့အပြင် မေထုန်အမှုမှ ရှောင်ကြဉ်တာဟာ မြတ်သောအကျင့်လို့ မှတ်ယူရပါမယ်။
(၆) မိမိမယား၊ လင်ဖြင့် ရောင့်ရဲခြင်း ဟူသည် မိမိလင်၊ မယား မှတစ်ပါး တစ်ခြားသော ယောက်ျား၊ မိန်းမများကို မလွန်ကျူးတာဟာ မြတ်သောအကျင့်လို့ဆိုပါတယ်၊ ဤနေရာတွင် သတိထားရမှာက မိမိ လင် ၊ မယား၌ မေထုန်ကျင့်ခြင်းကို မြတ်သောအကျင့် လို့မခေါ်ပါဘူး၊ မိမိ လင်၊မယားမှ တစ်ပါး တစ်ခြားတစ်ပါးသော ယောက်ျား၊ မိန်းမတို့နှင့် မေထုန်အမှုမပြုဘဲ ရှောင်ကြဉ်တာကို မြတ်သောအကျင့် လို့ဆိုလိုတာပါ။
မေထုန်ရဲ့ အဓိပ္ပါယ်ကို စာဖတ်သူများ သိအောင် ပြောပါဦးမယ်။
မေထုန ဟာ ‘အချင်းချင်း’ လို့ အဓိပ္ပါယ်ရပါတယ်၊ အချင်းချင်းဆိုတာ ရာဂ ထကြွသူချင်းကို ဆိုလိုပါတယ်၊ ထိုကိစ္စကို ပြုရာ၌ မိန်းမ ယောက်ျား နှစ်ဦးလုံးပင် ရာဂထကြွချင်း တူကြ၏။ ထိုကဲ့သို့ အတူတူနှင့် အနူနူ ဖြစ်ကြသူနှစ်ဦးတို့ရဲ့ ကိစ္စကို ‘မေထုန = မေထုန်’ ဟု ခေါ်ပါတယ်။( ပါတိမောက်ဘာသာဋီကာ နှာ - ၃၆)
ဤတွင် မေထုန်ကြောင့် ဖြစ်ရတဲ့ အပြစ် (၇)ပါးရှိပါတယ်။ (၁)မိမိ၏ တန်ခိုး ယုတ်လျော့ခြင်း။ (၂)ပညာဥာဏ် ယုတ်လျော့ခြင်း။ (၃)ခွန်အားယုတ်လျော့ခြင်း။ (၄) ကိုယ်လက် အရေအသား ပူလောင်ခြင်း။ (၅) အဆင်းအရောင် အသွေးအမွေး ပျက်စီးခြင်း။ (၆) ကုတ်ဟီးချောင်းဆိုး အနာမျိုး တည်တတ်ခြင်း။ (၇) ရောဂါဝေဒနာများ အလွယ်တကူ ကပ်ရောက်နိုင်ခြင်း တို့ ဖြစ်ကြပါတယ်။ ထို့ကြောင့် မေထုန်အမှုကို မီးကင်တဲ့သဘောပဲ ဖြစ်စေ၊ တစ်ခြား မည်သည့်အကြောင်းပြချက် ကြောင့်ပဲဖြစ်စေ မြတ်သောအကျင့်မဟုတ်ဘူး ဟု ဘုရားအစ သူတော်ကောင်းများ မိန့်တော်မူကြပါတယ်။
နောက်ဆုံးအနေဖြင့် မေထုန်နဲ့စပ်၍် မေထုန်ငယ်(၇)ပါးကိုလည်း ဗဟုသုတအလို့ငှါ တဆက်တည်း ဖေါ်ပြပေးလိုက်ပါတယ်။
မေထုန်ငယ်(၇)ပါးမှာ (၁) မိန်းမတို့က နံ့သာ စသည်တို့ဖြင့် သုံးသပ်ပေးတာကို သာယာခြင်း။ (၂)မိန်းမတို့နှင့် ပြုံးရယ်စကား ပျော်ပါးမြူးတူးခြင်း။ (၃)မိန်းမတို့အား စိန်းစိန်းစိုက်၍ ကြည့်ခြင်း။ (၄) မိန်းမအသံကို သာယာခြင်း။ (၅) ရှေးအခါက ပြုကျင့်ဖူးသော မေထုန်ကာမကို အာရုံပြု၍ သာယာခြင်း။ (၆)သူတစ်ပါးတို့ ပြုကျင့်သော မေထုန်ကာမကို အာရုံပြု၍ သာယာခြင်း။ (၇) ဤကောင်းမှုကြောင့် နတ်ရွာသုဂတိဘုံဘ၀သို့ ရပါလို၏ လို့ တောင့်တခြင်း တို့ဖြစ်ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More