Thursday, October 9, 2008

သိသမျှတွေးဆဖြေ(၅)

အမေး။ ။သောတာပန် ပုဂ္ဂိုလ်များဟာ ဣဿာ၊ မစ္ဆရိယ ကိုပယ်ပြီးပြီလို့ ပြောပါတယ်။ အဲဒါကို ဆရာတော်တစ်ပါးက ဒိဋ္ဌိ၊၀ိကိစ္ဆာ သာပယ် တယ်၊ ဣဿာ ၊ မစ္ဆရိယမပယ်ပါဘူး၊ ဒီတရားနှစ်ပါးဟာ ဒေါသအခြံအရံဖြစ်လို့ အနာဂါမ်ဖြစ်မှ အပြီးတိုင်ပယ်တယ်လို့ ပြောပါတယ်၊ အဲဒီ အယူအဆ နှစ်ချက်မတူတာကို ရှင်းပြပေးပါဘုရား။
အဖြေ။ ။ သောတာပတ္တိမဂ်ဟာ ဣဿာ၊ မစ္ဆရိယ တရားနှစ်ပါးကို အပြီးအတိုင်ပယ်ပြီးဖြစ်ပါတယ်။ ထိုအကြောင်းနဲ့ပတ်သက်ပြီး ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်က တာဝတိံသာပြည့်ရှင်ဖြစ်တဲ့ သိကြားမင်းဟာ သူကိုယ်သူ စုတေ(သေ)တော့မည့်အကြောင်းကို သိမြင်ပါတယ်၊ နတ်တွေဟာ စုတေ(သေ)တော့မယ်ဆိုတာကို ကြိုတင်ပြီး ဘယ်လိုသိနိင်လဲဆိုတာ ဗဟုသုတအဖြစ် ဖေါ်ပြလိုပါတယ်။

နတ်များစုတေနိုင်ကြောင်း သိနိုင်တဲ့ တရားငါးမျိုး ရှိပါတယ်၊ (၁) နတ်တို့ခန္ဓာကိုယ်တွင် ပန်ထားတဲ့ပန်းတွေ ညိုးနွမ်းလာပါတယ်။(၂) ၀တ်ထားတဲ့ အ၀တ်တွေလည်း ဟောင်းနွမ်းလာပါတယ်။(၃) ဂျိုင်းကြားက ချွေးများထွက်လာတယ်။ (၄) ကိုယ်ကြီးဟာ အိုမင်းလာပါတယ်။ (၅) နတ်ပြည်တွင် မမွေ့လျော် မပျော်ပိုက်ခြင်း မရှိတော့ဘူး။ သည်ငါးမျိုးကို နတ်တို့ရဲ့ပုဗ္ဗနိမိတ်ငါးမျိုးလို့လည်း ခေါ်ပါတယ်။
သိကြားမင်းက သူသေတော့မည်ကို သိသောအခါ “ ငါဟာ သိကြားမင်းအဖြစ်ကို စွန့်လွတ်ရတော့မယ်၊ ငါ့နေရာကိုလည်း တစ်ပါးသူအား ပေးရတော့မယ်” လို့ တွေးမိပြီး အလွန်အမင်း စိုးရိမ်ပူပန်မှု ဒေါမနဿတွေ ဖြစ်နေပါတယ်။ “ ငါ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဘယ်သူငြိမ်းပေးနိုင်ပါမလဲ၊ ငါ့အပူမီးတွေကို မြတ်စွာဘုရားမှတစ်ပါး ဘယ်သူမှ ငြိမ်းပေး နိုင်မှာ မဟုတ်ဘူး” လို့တွေးကာ သိကြားမင်းဟာ မြတ်စွာဘုရားထံကို လာခဲ့ပါတယ်။
မြတ်စွာဘုရား အရှေ့မှောက်သို့ ရောက်သောအခါ သိကြားမင်းက “ အရှင်ဘုရား….လူ၊နတ်တွေဟာ ဘေးဒုက္ခကင်းပပြီး ချမ်းသာကိုလိုချင်ကြတာချည်းပါပဲဘုရား၊ ဒါပေမယ့် လူ၊နတ်တွေဟာ ဘေးဒုက္ခများနဲ့ တွေ့ကြုံကာ ဆင်းရဲနေကြပါတယ်ဘုရား….ချမ်းသာအောင် ဘယ်လိုလုပ်ရပါ့မလဲ၊ လမ်းညွန်တော်မူပါ မြတ်စွာဘုရား” လို့ ဘုရားရှင်အား လျှောက်သောအခါ…
မြတ်စွာဘုရားက “ အသင်သိကြားမင်း ဘေးဒုက္ခတွေနဲ့ တွေ့ကြုံကာ ဆင်းရဲနေတာက ဣဿာ၊ မစ္ဆရိယ တရား နှစ်ပါး ကြောင့် ဖြစ်ပါတယ် လို့ အစချည်၍ တရားဟောကြားတော်မူသောအခါ တရားအဆုံး၌ သိကြားမင်းဟာ ခန္ဓာဥာဏ်စိုက် တရားရှုမှတ်တဲ့အတွက် သောတာပန်တည်သွားပါတယ်၊ သည်လို သောတာပန်ဖြစ်သောအခါ ဣဿာ၊ မစ္ဆရိယတရားများကို အပြီးအတိုင်ပယ်သတ်လိုက်တဲ့အတွက် ယခင်က ထိုတရားနှစ်ပါးကြောင့် ဖြစ်ပေါ်ခဲ့တဲ့ စိတ်ဆင်းရဲမှုတွေလည်း မရှိတော့ပါဘူး။
ထိုဇာတ်ကြောင်းအရ သောတာပန်ပုဂ္ဂိုလ်ဟာ ဣဿာ ၊ မစ္ဆရိယတရားနှစ်ပါးကို အပြီးအတိုင်ပယ်သတ်ပြီး ဖြစ်ပါတယ်။ နောက်တစ်ခုက ထို ဣဿာ၊မစ္ဆရိယတရားနှစ်ပါးဟာ ဒေါသရဲ့ အခြံအရံတွေမို့လို့ သောတာပန်က မပယ်ဘဲ အနာဂါမိမဂ်က ပယ်တယ်ဆိုတာ မှားပါတယ်။ အမှန်စင်စစ်သောတာပတ္တိမဂ်ဖြင့်ပယ်တာက ဣဿာ၊ မစ္ဆရိယနှင့်ယှဉ်တဲ့ဒေါမနဿမျှသာ ပယ်သတ်တာပါ၊ တစ်ခြား(သေကွဲကွဲတာ၊ဥစ္စာဆုံးရှုံးတာ၊ ရောဂါနှိပ်စက်တာ၊ လာဘ်မရခြင်းစတဲ့လောကဓံတရားများ)ကြောင့် ဖြစ်တဲ့ ဒေါမနဿဆိုတာ ရှိပါသေးတယ်။ ထိုဒေါမနဿများကိုတော့ အနာဂါမိမဂ်ကပယ်ပါတယ် လို့ ဖြေကြားပေးလိုက်ပါတယ်။

အမေး။ ။ သောတာပန်ပုဂ္ဂုလ်များ ပယ်သတ်တဲ့ ကိလေသာနှင့် အနာဂါမ် ရဟန္တာများ ပယ်သတ်ကိလေသာဟာ အလွန်ကွာခြားလွန်းလှတဲ့ အတွက် ပြောစရာမရှိပေမယ့်လို့ ထိုသောတာပန်နှင့် သကဒါဂါမ်ပုဂ္ဂိုလ်များဟာ ပယ်သတ်တာ သိပ်မကွာဘူးလို့ သိရပါတယ်။ ဘယ်လိုကွာခြား တယ်ဆိုတာ သိချင်ပါတယ်ဘုရား၊ သူတော်ကောင်းတွေအနေနဲ့ ဘယ်လိုသိနိုင်မှာလဲဘုရား။ ။
အဖြေ။ ။သောတာပန်နှင့်သကဒါဂါမ်တို့ ကွာခြားပုံကို ပြောရမယ်ဆိုရင်….
ဦးစွာ လောကဓံတရား(ဂ)ပါးကို မဂ်ဖြင့်ပယ်သတ်ပုံကို အရင်ပြောပါ့မယ်၊
သည်လောကဓံတရား(၈)ပါးအနက် လာဘ်မရခြင်းစတာတွေကြောင့် ဖြစ်ပေါ်တဲ့ ဒေါမနဿများကိုတော့ အနာဂါမိမဂ်က ပယ်သတ်ပါ တယ်။ လာဘ်ရခြင်းစတာတွေကြောင့်ဖြစ်ပေါ်တဲ့ လောဘတရားကိုတော့ အရဟတ္တမဂ်က ပယ်ပါတယ်။ သောတာပန်နှင့်သကဒါဂါမ်တို့က လောကဓံကို မပယ်နိုင်ကြဘူး။
အဘိဓမ္မာနည်းအရ သံယောဇဉ်(၁၀)ပါးမှာ (၁)ကာမရာဂသံယောဇဉ်၊ (၂) ဘ၀ရာဂသံယောဇဉ်၊(၃)ပဋိဃသံယောဇဉ်၊(၄) မာနသံယောဇဉ်၊(၅)ဒိဋ္ဌိသံယောဇဉ်၊(၆) သီလဗ္ဗတပရာမာသ သံယောဇဉ်(၇)၀ိစိကိစ္ဆာ သံယောဇဉ်၊(၈)ဣဿာသံယောဇဉ်၊(၉) ဥဒ္ဓစ္စသံယောဇဉ်၊ (၁၀) အ၀ိဇ္ဇာသံယောဇဉ် လို့ ဆယ်မျိုး ရှိပါတယ်။
ဒီ သံယောဇဉ် ဆယ်ပါးအနက် သက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ သံယောဇဉ် သုံးပါးတို့နှင့် အပါယ်ကိုလားစေတတ်တဲ့ ကာမရာဂသံယောဇဉ်၊ ပဋိဃသံယောဇဉ်တို့ကို သောတာပတ္တိမဂ်က ပယ်သတ်ပါတယ်။ အပါယ်ကိုလားစေတတ်တဲ့ ကာမရာဂသံယောဇဉ်၊ ရုန့်ရင်းတဲ့ ပဋိဃသံယောဇဉ်တို့ကို သကဒါကာမိမဂ်က ပယ်သတ်ပါတယ်လို့ပဲ ဖြေကြားပေးလိုက်ပါတယ်။ ဆိုလိုတာက သောတာပတ္တိမဂ်က ပယ်သတ်ပြီး ကျန်တဲ့ ကိလေသာတွေကို ပိုပြီးပါးသွားအောင် ပိုပြီးသိမ်မွေ့သွားအောင် သကဒါဂါမ်က ပယ်နိုင်ရုံသာ ကွာခြားပါတယ်လို့ အဖြေပေးလိုက်ပါတယ်။

အမေး။ ။ အရှင်ဘုရား….တပည့်တော်တို့ လူ၊နတ် များမှာ ပဋ္ဌာန်းဒေသနာတော် သဟဇာတပစ္စည်း၊ အညမညပစ္စည်းအရ စိတ်ကရုပ်ကို ကျေးဇူးပြုသလို ရုပ်ကလည်းစိတ်ကို ကျေးဇူးပြုပါတယ်ဘုရား၊တပည့်တော်သိချင်တာက စိတ်ချည်းသက်သက်သာ ရှိတဲ့ အရူပဘုံ၊ ရုပ်ချည်းသက်သက်သာရှိတဲ့ အသညသတ်ဘုံတို့မှာ ဘယ်လိုကျေးဇူးပြုကြလဲဆိုတာ သိချင်ပါတယ်ဘုရား၊ နောက်ပီး အသညသတ်ဗြဟ္မာ များဟာ ဘယ်လိုမွေးပြီး ဘယ်လိုသေကြတယ်ဆိုတာလည်း သိချင်နေကြပါတယ်ဘုရား။ ။


အဖြေ။ ။စိတ်ချည်းသက်သက်သာရှိတဲ့ အရူပဘုံပုဂ္ဂိုလ်များဟာ စိတ်အချင်းချင်းကျေးဇူးပြုသလို၊ အသညသတ်ဗြဟ္မာများဟာ ရုပ်အချင်းချင်း ကျေးဇူးပြုကြတယ်လို့ပဲ ပဋ္ဌာန်းဒေသနာတော်မှာလာပါတယ်။
ယခင်ဘ၀က ထိုင်လျှက်သေလျှင် အသညသတ်ဘုံမှာထိုင်လျှက်နဲ့ သစ်တုံးကြီးလိုပဲ လာဖြစ်ကြတာပါ၊ လဲလျှက်သေလျှင် လဲလျှက်နဲ့ သွားဖြစ်ပါတယ်။ ဒီလိုနဲ့ အသညသတ်ရဲ့သက်တမ်းအတိုင်းဖြစ်လာရာက စုတေ(သေ)တော့မယ်ဆိုရင် လူ့ပြည်က လူများလို ဥတုဇရုပ်အလောင်းမကျန်ရစ်တော့ပါဘူး။ ဆီမီးများငြိမ်းသလို ချူပ်ငြိမ်းသွားတော့တယ်။ ထို့အတူ နတ်နှင့်ငရဲစတဲ့ သြပပါတိက ဟူသမျှတို့ဟာ သေရင် ဒီလိုပဲ ချူပ်ငြိမ်းကွယ်ပျောက်သွားပါတယ်။
အမေး။ ။ သိပ္ပံပညာရှင်များရဲ့ နောက်ဆုံးသုတေသနပြုချက်အရ ပင်လယ်ရေအောင်ကြမ်းပြင်မှာ ထူးဆန်းတဲ့အပင်တွေ တွေ့ရပါတယ်၊ ဒီအပင်လေးတွေဟာ သစ်ပင်သက်သက်မဟုတ်ဘဲ သစ်ပင်တစ်ပိုင်း သတ္တ၀ါတစ်ပိုင်း ဖြစ်ပါတယ်ဘုရား၊ ဒီအပင်လေးတွေဟာ တစ်နေရာတည်းမှာ မနေပဲ ဟိုနားဒီနား ရွေ့လျားနေတတ်ပါတယ်။ ဒီအပင်အနီးသို့ ရောက်လာတဲ့ ငါးလေးတွေကို ဒီအပင်က ဖမ်းယူလိုက်တာကိုလည်းထူးဆန်းစွာ တွေ့ရပါတယ်ဘုရား၊ တပည့်တော်သိချင်တာက ထိုထူးဆန်းတဲ့ သစ်ပင်တစ်ပိုင်းသတ္တ၀ါတစ်ပိုင်းဖြစ်နေတဲ့ အကောင်လေးတွေဟာ ဗုဒ္ဓတရားတော်အရ ပြိတ္တာလား၊ တိရစ္ဆာန်လား၊ ငရဲကျနေတဲ့သူတွေလားဆိုတာ သိချင်ပါတယ်ဘုရား။ ။
အဖြေ။ ။ ဒီအကြောင်းအရာလေးတွေက ထူးဆန်းသလို မေးလည်း မေးထိုက်တဲ့ မေးခွန်းတစ်ခုပါ။
ပင်လယ်ကြမ်းပြင်အောက်ရှိ ထူးဆန်းတဲ့ သတ္တ၀ါလိုလို အပင်လိုလိုဟာတွေဟာ ငါးလေးတွေ အပင်အနီးရောက်ရင်ဖမ်းယူနိုင်စွမ်းရှိပါတယ်လို့ ပြောထားပေမယ့် ငါးကို အပင်ကမစားနိုင်ပါဘူး၊ သဘာဝအလျှောက်ဖြစ်ကြတာလို့ပဲ မှတ်ယူရပါမယ်။ အကယ်၍ သတ္တ၀ါလေးတွေဖြစ်နေတယ်ဆိုရင်လည်း တိရစ္ဆာန်စာရင်းထဲ သွင်းယူရပါမယ်။ ဘုန်းကြီးတို့ရဲ့ ပတ်ဝန်းကျင်မှာ ဘီလူးဂမုန်းဆိုတာ ကြားဖူးပါတယ်၊ အဲဒီဂမုန်းပင်ဟာ သားကောင်ရဲ့သွေးရည်များကို လောင်းပေးမှ ရှင်သန်တယ်လို့ ကြားဖူးပါတယ်။ သွေးကို သောက်တဲ့အတွက် ဒီအပင်ဟာ တိရစ္ဆာန်တစ်ကောင်လိုပဲ အသက်ရှိတယ်လို့ထင်ရတယ်၊ အမှန်ကားအသက်မရှိပေ၊ ဒီအပင်ရဲ့သဘာဝကိုက သွေးဓါတ်ကိုရရှိမှ ရှင်သန်တဲ့သဘောပါ။
လောကမှာ ဒီလိုထူးဆန်း တဲ့သစ်ပင်လိုပဲ ကမ္ဘာမြေကြီးပေါ်မှာလည်းပဲ ထူးဆန်းတဲ့အပင်လေးတွေရှိသေးတယ်ဆိုတာကို ဖေါ်ပြပေး ချင်ပါတယ်။
(Pitcher plant ) ဆိုတဲ့ ရေတကောင်းပင်လေးတွေဟာ သူ့ရဲ့အပွင့်လေးတွေက ရေတကောင်းလိုပါပဲ၊ အဲဒီအပွင့်လေးတွေရဲ့ထိပ်မှာ တံခါးလို ပိတ်နိုင်ဖွင့်နိုင်တဲ့ ပွင့်ချပ်လေးတွေပါပါတယ်။ အဲဒီမှာ ပိုးမွှားလေးတွေဟာ ထိုပန်းပွင့်ရဲ့ထိပ်အ၀ကို ရောက်တယ်ဆိုရင် တံခါးနဲ့တူတဲ့ ပွင့်ချပ်လေးတွေက ဖုံးအုပ်လိုက်သောအခါ ပိုးလေးတွေဟာ ပြန်မထွက်နိုင်ပဲ ပိတ်မိပြီး သေဆုံးကြရပါတယ်၊ နောက်တော့ သေဆုံးတဲ့ပိုးတွေကို ရေတကောင်းပန်းပွင့်က ကျိတ်ခြေပစ်လိုက်တော့တာပါပဲ။ အဲဒါဟာ အသက်(နာမ်သက်)ရှိလို့မဟုတ်ပါဘူး။ သူ့သဘာဝကိုက ဖြစ်နေတာကို သိရပါမယ်။
နောက်တစ်မျိုးက (Venus fly trap) ပါ၊ သူ့ကို ဘာသာပြန်ရင် နတ်သမီးထောင်ချောက် ဖြစ်ပါသတဲ့….။ ဒီအပင်မှာ (Sticky hairs, Sticky fluid) စေးကပ်တဲ့အရည်တစ်မျိုး ရှိပါတယ်။ ဒီစေးကပ်ကပ်အရည်တွေဟာ အပင်ရဲ့ နံဘေးတ၀ိုက်ကို စိမ့်ထွက်နေပါတယ်သတဲ့။ ထိုအပင် အနီးရောက်လာတဲ့ ပိုးကောင်မှန်သမျှကို သူ့ရဲ့စေးကပ်နေတဲ့ အရည်နဲ့ ဖမ်းယူထားလိုက်တယ်၊အဲဒီအခါ ပိုးကောင်လေးတွေဟာ သေဆုံးပြီး ထိုစေးကပ်တဲ့အရည်ကြောင့် အရည်ပျော်တဲ့အဆင့် ရောက်ရှိသွားပါတယ်၊ သာမန်ကြည့်ရင်တော့ ပိုးလေးတွေကို ဒီအပင်က စားလိုက်သလိုပါပဲ၊ အမှန်တော့ စားလိုက်တာမဟုတ်တဲ့အပြင် သဘာဝကဖြစ်လာတဲ့သဘောပါ။
နောက်တစ်မျိုးက (Sun drew) ဘာသာပြန်ရင် နွေနှင်းပေါက်ပင်လို့ ခေါ်ပါတယ်၊ ဒီအပင်ရဲ့သဘောက အကောင်တွေကို စေးကပ်စေပြီး (Digestion) ပြုလုပ်ပြီး အစာအဟာရ အဖြစ်ရယူတာပါ။
ဖေါ်ပြခဲ့တဲ့အပင်များဟာ အသက်ရှိသယောင်ယောင်ထင်ရပေမယ့် တကယ်တော့ အသက်မရှိပါဘူး၊ ဒါပေမယ့် ရုပ်ဇီဝိတလို့ခေါ်တဲ့ ရုပ်အသက်တော့ ရှိပါတယ်၊ နာမ်ဇီဝိတလို့ခေါ်တဲ့ နာမ်အသက်မရှိဘူးလို့ မှတ်ထားရပါ့မယ်။ ဒီအပင်လေးတွေဟာ သဘာဝအလျှောက်ဖြစ်နေကြတာတွေပါ။ ဒါတွင်မက လောကကြီးမှာ ရုပ်ပိုင်းဆိုင်ရာ ထူးခြားဆန်းကြယ်မှုတွေက ပြောလို့မကုန်နိုင်အောင် ရှိပါတယ်။
ဒီထက်ထူးတာက တရုတ်ပြည်ကလာတဲ့ ဆေးတစ်မျိုးပါ၊ အဲဒီမှာ ဘာနဲ့ဖေါ်စပ်ထားသလဲဆိုရင် (ဆောင်းပိုးနွေမြက်)ဆိုတဲ့ ထူးဆန်းတဲ့ မြက်ပင်တစ်မျိုးနဲ့ ဖေါ်စပ် ထားတယ်လို့ သိရပါတယ်။ ဆောင်းပိုးနွေမြက် ဆိုတဲ့အတိုင်း ဆောင်းရာသီတွင် ပိုးကောင်အဖြစ်တည်ရှိပြီး နွေရာသီဆိုရင် မြက်လေးတွေ ဖြစ်သွားရောတဲ့။ ဒဏ္ဍာရီဆန်သလို ရှိပါတယ်။ ဆောင်းပိုးနွေမြက်ဆိုတဲ့ မြက်ဟာ ပိုးဖြစ်နေတဲ့အချိန်ဟာ တိရစ္ဆာန်လို့ယူဆရပါတယ်။ ဒီအကောင်လေးတွေဟာ ဆောင်းရာသီမှာရှင်သန်ပြီး နွေရာသီရောက်တော့ သေဆုံးကာ မြက်ပင်ဖြစ်တဲ့သဘောရှိပါတယ်။ မြက်ပင်မှာ သံသေဒဇအဖြစ်နဲ့ ပိုးကောင်လေးတွေဖြစ်လာတာပဲ။
နိဂုံးချူပ်ပြောရရင် ပင်လယ်ကြမ်းပြင်အောက်က အဆိုပါ အပင်တွေဟာ သဘာဝအလျောက် ဖြစ်တဲ့သဘောရှိတဲ့အတွက် သူတို့ရဲ့ ထူးဆန်းတဲ့ အရာတွေ ဖြစ်တည်နေကြပါတယ်။ အသက်ရှိတယ်ဆိုတာတောင်မှ ရုပ်ဇီဝိတ လို့ခေါ်တဲ့ ရုပ်အသက်လောက်သာ ရှိကြမှာဖြစ်ပါတယ်။ အကယ်၍ တကယ့်သတ္တ၀ါတစ်ကောင်ဆိုရင်တော့ ရေထဲရှိတဲ့သတ္တ၀ါမှန်သမျှ တိရစ္ဆာန်စာရင်းထဲ သွင်းယူရမှာဖြစ်ပါတယ် လို့ ဖြေကြားပေးလိုက်ရပါတယ်။ ။

စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(မြိတ်)
၉.၁၀.၂၀၀၈၊၂း၄၀ pm

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More