Thursday, October 2, 2008

မြတ်ဗုဒ္ဓ၏ ပိုးသတ်ဆေး

ယခင်၂၅၀၀ဗိုင်းရပ်စ်ဆော့်ဖ်ဝဲကို ပြန်လည်ဆန်းသစ်ထားပါသည်။
ကွန်ပျူတာတွင် အသုံးပြုသူတို့အတွက် ယခုအခါ ဗိုင်းရပ်စ်အန္တရာယ်သည် ယခင်ထက်ပို၍ များလာသည်ဟု ဆိုရပေမည်။ အွန်လိုင်း(online) နှင့်ချိတ်ဆက် အသုံးပြုသည့် ကွန်ပျူတာများ (computer) သာမက အွန်လိုင်း(online) အသုံးမပြုသည့် သာမန် ကွန်ပျူတာ(computer)များလည်း ဗိုင်းရပ်စ်အန္တရာယ် စက်ကွင်းက မလွတ်တော့ချေ။ ထိုသို့ဖြစ်ရခြင်းသည် မည်သို့နည်းဟူမူ နည်းပညာ (technology) ပိုင်းဆိုင်ရာ တိုးတက်လာသည်နှင့်အမျှ ဗိုင်းရပ်စ် ရေးဆွဲသူများလာလေလေ ဖြစ်သောကြောင့် ဟု ဆိုရပေမည်။
ကွန်ပျူတာ (Computer) တစ်လုံးသည် ဗိုင်းရပ်စ်အကိုက်ခံရခြင်းကြောင့် အသုံးပြုနေသည့် ပရိုဂရမ်(program) များကိုပါ ခြေရာခံ၍ ၀င်ရောက်နှောက်ယှက်ဖျက်ဆီးတတ်သည်။ ထို့ပြင် အခန့်မသင့်လျှင် ကွန်ပျူတာ (computer) ဟာ့ဒစ် ပါ ပျက်သွားတတ်သည်ပါသည်။ ကွန်ပျူတာကို အကျုးပြုမည့် ဗိုင်းရပ်စ်ဟူ၍ မရှိပေ။
ထို့အတူ လူသားတို့၏ ခန္ဓာကိုယ်တွင်းတွင် ဗိုင်းရပ်စ်ပိုး အမျိုးအစားအပေါင်း (၈၀)ရှိပြီး၊ အရေအတွက်အားဖြင့်ကား မရေတွက်နိုင်အောင် များပြားလှပေသည်။ ထိုခန္ဓာအတွင်းရှိ ပိုးများသည် ရောဂါဖြစ်စေသည့်ပိုးများကို တိုက်ခိုက်ချေဖျက်နိုင်သည့် အကျိုးပြုပိုးများ ရှိသကဲ့သို့ ရောဂါဖြစ်စေသည့် ရန်သူပိုးများလည်း ရှိပေသည်။ မည်သို့ပင်ဖြစ်စေ.. ပြောလိုသည်မှာ ဗိုင်းရပ်စ်ပိုးများကြောင့် လူအများ ရောဂါရကြ သေကြရပါသည်။


ထိုအတွက် ပဋိဇီဝဆေးသုံးစွဲခြင်းဖြင့် ရောဂါပျောက်ကင်းကြသည် ရှိသကဲ့သို့ ရောဂါမပျောက်ဘဲ အသက်သေဆုံးရသည်လည်း ရှိပေသည်။ ထို့ကြောင့် ရောဂါများကို ကာကွယ်နိုင်ဖို့၊ တိုက်ဖျက်နိုင်ဖို့အတွက် သိပ္ပံပညာရှင်များသည် မရပ်မနား တီထွင်ကြံဆနေကြပေသည်။ ယနေ့ခေတ်သိပ္ပံပညာရှင်များသည် ခန္ဓာဗေဒဆိုင်ရာ ကျွမ်းမှုရှိသည့်အတွက် လူ့ခန္ဓာနှင့်ပတ်သက်၍ သုတေသနပြုနေကြသည်မှာ ယခုအထိ ပြုကြတုန်းပင်ဖြစ်သည်။ သုတေသနပြုသလောက်လည်း ခက်ခဲသည့်ပြဿနာများကို ဖြေရှင်းနိုင်ခဲ့ကြပေသည်။
သို့သော်လည်း ထိုသိပ္ပံပညာရှင်များသည် ရုပ်ခန္ဓာပိုင်းဆိုင်ရာသာ သုတေသနပြုနိုင်ကြသည်။ စိတ္တဗေဒပိုင်းဆိုင်ရာကို ယခင်ကသုတေသန မပြုနိုင်သကဲ့သို့ ယခုလည်း မပြုနိုင်ကြသေးပေ။ အဘယ်ကြောင့်နည်း၊ စိတ္တဗေဒပိုင်းဆိုင်ရာကို သုတေသနပြုရကောင်း မှန်း မသိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်လည်း ရုပ်ဝါဒပိုင်းဆိုင်ရာသည် အံ့သြလောက်အောင် ထွန်းကာလာပေမယ့်လည်း စိတ္တပိုင်းဆိုင် ရာတွင် နိမ့်ကျလာနေသည်ဟု စာရေးသူ ထင်မြင်ယူဆမိပါသည်။
လွန်ခဲ့သည့် ၂၅ရာစုကျော်က စိတ်ကို နိုင်နင်းစွာ သုတေသနပြုကာ စိတ်တွင်ကပ်ရောက်နိုင်သည့် ဗိုင်းရပ်စ်ပိုးများကို တွေ့ရှိခဲ့ပေသည်။ ထိုတွေ့ရှိခဲ့သူကား အခြားမဟုတ် ဂေါတမမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးပင်ဖြစ်ပါသည်။ မြတ်စွာဘုရားသည် စိတ်ကို ဖျက်ဆီးနိုင်သည့် ဗိုင်းရပ်စ်ပိုးမျိုး ငါးမျိုးရှိသည်ဟု သူ၏ သုတေသနပြုချက်ကို ပိဋကတ်တော် မှတ်တမ်းတွင်တွေ့ရှိခဲ့ရပါသည်။ ထိုပိုးများသည် စိတ်အတွင်း ၀င်ရောက်လာပြီဆိုလျှင် ကုသိုလ်တရားလည်း ဆိတ်သုဉ်းခဲ့ရပေသည်။ ထိုကဲ့သို့ ကုသိုလ်တရားများ မဖြစ်အောင် တားဆီးတတ်သည့်အတွက် သည်ပိုးငါးမျိုးကို နိဝရဏတရား ဟုမြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ပါသည်။
ထိုနိဝရဏများမှာ ကာမဆန္ဒနိဝါရဏ၊ ဗျာပါဒနိဝရဏ၊ ထိနမိဒ္ဓနိဝရဏ၊ ဥဒ္ဓစ္စ ကုက္ကုစ္စနိဝရဏ၊ ၀ိစိကိစ္ဆာနိဝရဏ ဟူ၍ ငါးမျိုးဖြစ်ပါသည်။ ထိုနိဝရဏတရားများကို အရင်းစစ်လိုက်လျှင် လောဘ၊ဒေါသ၊မောဟ များပင်ဖြစ်ပါသည်။
မြတ်ဗုဒ္ဓတွေ့ရှိခဲ့သည်ဆိုသည့် ထိုနိဝရဏဗိုင်းရပ်စ်ပိုးများသည် စိတ်တွင် ၀င်ရောက်နေကြောင်းကို မည်သို့ သိနိုင်မည်နည်း။ အမှန်စင်စစ် မိမိစိတ်တွင် လိုချင်မှု လောဘ ၊ မခံသာမှုဒေါသ၊ အမှန်အတိုင်းမသိမှုဒေါသတရားများကို ဖြစ်နေသည်ကို သိအောင်မည်သို့ပြုလုပ်ရမည်နည်း။
လောကတွင် ဆေးပညာပိုင်းဆိုင်ရာ ကျန်းမာရေးသုတေသနပြုချက်အရ လူများသည် (၆)လတစ်ကြိမ်၊တစ်နှစ်တစ်ကြိမ်ဆိုသလို ကျန်းမာရေးအတွက် (medical check) ဆေးစစ်ကြရသကဲ့သို့ စိတ်ပိုင်းဆိုင်ရာကိုလည်း (check) စစ်ဆေးကြရပါမည်။ စစ်ဆေးသည့်အခါတွင် အနည်းဆုံးတစ်နေ့ကို တစ်ကြိမ်စစ်ဆေးနိုင်လျှင် သင့်မြတ်လှပေသည်။ ညအိပ်ရာဝင်လျှင် နဖူးပေါ်လက်တင်ပြီး “ ဒီတစ်နေ့မှာ ငါရဲ့စိတ်တွေဟာ မကောင်းတဲ့ဖက်မှာ ဘယ်လောက်များလဲ၊ ကောင်းတဲ့စိတ်ကရော ဘယ်လောက်များလဲ” ဟု စိတ်ကို စစ်ဆေးကြရပါမည်။ ထိုသို့ နေ့စဉ် စိတ်ကို (check) စစ်ဆေးဖန်များသောအခါ နောင်တွင် မကောင်းသောစိတ်များ အဖြစ်နည်းလာပြီး ကောင်းသောစိတ်များ အဖြစ်များလာနိုင်ပါသည်။
ထိုထက်ပို၍ သေချာသည့်နည်းကား နေ့စဉ် သတိရသည့်အချိန်အတိုင်း မိမိစိတ်ကို စောင့်ကြည့်ရန် ဖြစ်သည်။ ထိုအကြောင်းကို မြတ်စွာဘုရားက ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု စိတ္တေ စိတ္တာနုပဿီ ၀ိဟရတိ ဟုဟောတော်မူခဲ့ပါသည်။ ဆိုလိုသည်မှာ စိတ်ဖြစ်ပုံကို အဖန်ဖန်အထပ်ထပ် ရှုမြင်နေရမည်ဖြစ်ပါသည်။ စိတ်ကို မည်သို့ ရှုမြင်ရမည်နည်းဟူမူ၊ သရာဂံ ၀ါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ - တပ်မက်မှု နှင့်တကွဖြစ်သော စိတ်ကိုလည်း တပ်မက်မှုနှင့်တကွ ဖြစ်သောစိတ်ဟု သိနေရပါသည်။ လိုချင်တပ်မက်မှု လောဘ ဖြစ်နေသောအခါ၌ ထိုလောဘဖြစ်နေသောစိတ်ကို လောဘစိတ် ဟု သိနေရမည်။ ထို့အပြင် ၀ီတရာဂံ ၀ါ စိတ္တံ ၀ီတရာဂံ စိတ္တန္တိ ပဇာနာတိ - လိုချင်မှု၊တပ်မက်မှု မဖြစ်သောအခါ တွင်လည်း လိုချင်မှု ၊ တပ်မက်မှု ကင်းနေသောစိတ်ဟု သိနေရပါမည်။ တစ်ခါတစ်ရံ လိုချင်မှု တပ်မက်မှု မရှိသော စိတ်ကိုလည်း လိုချင်တပ်မှု ကင်းသောစိတ်ပဲ ဟု သိပါ …တဲ့။
သဒေါသံ ၀ါ စိတ္တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ - ဒေါသဖြစ်နေသည့်အခါ ဒေါသဖြစ်နေသည့်စိတ်ကို ဒေါသဖြစ်နေသည့်စိတ်ဟုသိရပါ မည်။ ထိုဒေါသစိတ်သည် ခက်ထန်ကြမ်းတမ်းသည့်အတွက် ပို၍ ထင်ရှားပေသည်။ ထိုဒေါသစိတ်ကိုလည်း ဖြစ်တိုင်း သိနေရမည် ဟူလို။ ဒေါသနှင့်တဆက်တည်း ဒေါသရဲ့ လက်အောက်ခံဖြစ်သည့် သူတစ်ပါးကောင်းစားသည်ကို မနာလို ဖြစ်သောအခါတွင်လည်း ထိုစိတ်ဖြစ်ပုံကို သိနေရမည်။ တစ်ခါတစ်ရံ နမြောတွန့်တိုသည့်အခါတွင်လည်း နမြောတွန့်တိုသည့်စိတ်ကို သိနေရမည်။ ပူပန်သည့်စိတ်ဖြစ်လာလျှင်လည်း ပူပန်သည့်စိတ်ကို သိနေရပါမည်။ ဤသို့ဖြင့် စိတ်အမူအရာဖြစ်တိုင်းကို သိနေမည်ဆိုလျှင် သတိပဋ္ဌာန်အားဖြင့် စိတ္တာနုပဿနာသတိပဋ္ဌာန် ဟုခေါ်ပါသည်။(သတိပဋ္ဌာနသုတ္တံ)
ထိုစိတ်ဖြစ်တိုင်းကို ကျွမ်းကျင်စွာ သိနိုင်ရန်အတွက် စာဖတ်သူများတွင် လိုအပ်သည့်အရာကား သီလ၊သမာဓိ၊ပညာ တို့ဖြစ်သည်။ ထိုကဲ့သို့ စိတ်ကို ကျွမ်းကျင်စွာ သိနေပြီဆိုလျှင် ထိုသူသဏ္ဍာန်တွင် မကောင်းသောစိတ်များနည်းပါးလာကာ ကောင်းသော စိတ်များသာ ဖြစ်လာပါမည်။ ထိုအခါ အထက်တန်းကျသော စိတ်ထားပိုင်ရှင်တစ်ယောက် ဖြစ်လာမည်မှာ မလွဲပေ။
တစ်ဖန်…..
ပုထုဇဉ်လူသားတိုင်းသည် စိတ်ရောဂါရှိသူများဖြစ်ကြသည်။ ပုထုဇဉ်လူသားတိုင်းသည် အရူးများ ဖြစ်ကြသည် ဟု ပြောလျှင် မည်သူမျှ ခံချင်ကြမည် မဟုတ်ပေ။ မခံချင်၍လည်း မရနိုင်ပါချေ။ ဘာကြောင့်ဆိုလျှင် ပုထုဇ္ဇနော ဥမ္မတ္တကော ဟုဆိုထားသည်ကိုး…….
ဥပမာ ရောဂါရလျှင် ဆေးကုတဲ့အခါ ဆရာဝန်ပေးတဲ့ဆေးကို မှန်မှန်သောက်သုံးခြင်းဖြင့် ရောဂါကို အမြစ်ပြတ်ပယ်သတ်နိုင်ပါသည်။ ထိုသို့မဟုတ်မူ၍ ပြတ်တောင်း ပြတ်တောင်း ဆေးကို စားပါက စားတုန်းခဏတော့ သက်သာနေမည်ဖြစ်သော်လည်း ဆေးပြတ်သွားပါက ရောဂါပြန်ဖြစ်နိုင်သည်။ ထို့အတူ ကိုယ့်စိတ်ထဲတွင် နိဝရဏဗိုင်းရပ်စ်ပိုး အကိုက်ခံရသည့်အတွက် စိတ်ရောဂါများ ဖြစ်နေကြရာ ထိုစိတ်ရောဂါကို ကုသရန်အတွက် မြတ်စွာဘုရားပေးသည့် သတိပဋ္ဌာန်ဆေးကို မပြတ်တလစပ် မှန်မှန် ရှုမှတ်ခြင်းဖြင့် သတိပဋ္ဌာန်ဆေးကို ပုံမှန် မှီဝဲသွားပါက တစ်နေ့တွင် စိတ်ရောဂါ ကင်းရှင်းစွာ အမြစ်ပြတ် ပယ်သတ်နိုင်ပါသည်။
သို့မဟုတ်မူ၍ သတိပဋ္ဌာန်ဆေးကို ညွန်ကြားတော်မူသည့်အတိုင်း မမှီဝဲဘဲ ပြတ်တောင်း ပြတ်တောင်း မှီဝဲမည်ဆိုပါက(တရားအားထုတ်လိုက် အနားယူလိုက်ဆိုပါက) မှီဝဲတုန်းခဏတွင် ရောဂါသက်သာပြီး နောင်တွင် စိတ်ရောဂါ ပြန်ဖြစ်လာနိုင်ပါသည်။
နိဝရဏဗိုင်းရပ်စ်ပိုးငါးမျိုးအနက် ကာမဂုဏ်ကို လိုချင်သည့်ဆန္ဒသည် ကာမစ္ဆန္ဒနိဝရဏ မည်၏။ အရကောက်လျှင် လောဘဖြစ်၏။ ဥပမာ - အကြွေးတင်လျှင် ပြန်ဆပ်ရသကဲ့သို့ စိတ်တွင် လိုချင်မှုလောဘဖြစ်နေလျှင် ၀ိပဿနာရှုမှတ်မှုဖြင့် အကြွေးပြန်ဆပ်ရပါသည်။
လူတို့၏ စိတ်ခန္ဓာထဲတွင် တဏှာကိလေသာပိုးများ အကိုက်ခံရပြီဆိုလျှင် ယခင်ကလန်းဆန်းကြည်လင်နေသည့်စိတ်သည် ရှုပ်ထွေးသည့်အခြေအနေသို့ ရောက်ရှိကာ သင့်တော်သည် ၊ မသင့်တော်သည်ကို မဝေခွဲတတ်ဘဲ၊ ပြုလုပ်သင့်သည်၊ မပြုလုပ်သင့်သည်ကိုလည်း မစဉ်းစားနိုင်ဘဲ၊ တဏှာလောဘ၏ စေရာသို့ ကောက်ကောက်ပါအောင် လိုက်ပါချေတော့၏။
ထိုအကြောင်းနှင့်ပတ်သက်၍ သက်တော်ထင်ရှား မြတ်စွာဘုရာလက်ထက်တော်အခါက သ၀တ္ထိပြည်တွင် ကုဋေလေးဆယ် ချမ်းသာသည့် သူကြွယ်ညီနောင်နှစ်ဦးရှိခဲ့ဖူးပါသည်။ တစ်နေ့သောအခါ ဇေတ၀န်ကျောင်းတော်သို့ လူအများနှင့်သွားရောက်ကာ မြတ်စွာဘုရား ဟောကြေားတော်မူသော တရားတော်များကို နာကြားရပြီး သာသနာ့ဝန်ထမ်း ရဟန်းပြုလုပ်ရန် စိတ်သန်လျှက်ရှိပါသည်။
သို့နှင့် ကုဋေလေးဆယ်သော ပစ္စည်းဥစ္စာတို့ကို ညီဖြစ်သူအား အပြီးအတိုင် လွဲပြောင်းပေးကာ အစ်ကိုဖြစ်သူသည် သာသနာ့ဘောင်သို့ဝင်ခါ ရဟန်းပြုခဲ့ပါတော့သည်။ ရဟန်းဖြစ်သောအခါ သင်ယူရမည့် ကိုယ့်ကျင့်တရားဆိုင်ရာသီလတရားများ၊ ဖြည့်ကျင့်ရမည့် ကျင့်ဝတ်တရားများကို သင်ယူကာ မကြာမီ တောထဲသို့ သွားရောက်ခါ တရားအားထုတ်နေပါတော့သည်။ ဤသို့ တောထဲတွင် တရားအားထုတ်၍ နှစ်ကာလအပိုင်းအခြားတစ်ခုသို့ ရောက်သောအခါ အိမ်တွင်ကျန်ရစ်ခဲ့သည့် ညီဖြစ်သူ ဇနီးက “ အကယ်၍ မတော်လို့များ ငါ့ခင်ပွန်းရဲ့အစ်ကို ရဟန်း သာသနာမှာမပျော်ပိုက်လို့ လူထွက်လာမယ်ဆိုရင် ပစ္စည်းဥစ္စာတွေကို ငါတို့ ခွဲဝေပေးရလိမ့်မယ်၊ ဒီပစ္စည်းတွေကို မခွဲပေးရအောင် ဘယ်လိုလုပ်ရပါ့မလဲ…..အင်း…ဘာပဲဖြစ်ဖြစ် ပစ္စည်းဥစ္စာတွေကို ခွဲမပေးရအောင် လုပ်ရမှာပဲ” ဟုတွေးက ခိုးသားများကို ခေါ်၍ “ အမောင်တို့…ဤမည်သော အရပ်မှာ ရဟန်းတစ်ပါး နေပါတယ်၊ အဲဒီရဟန်းကို သတ်ပေးနိုင်မယ်ဆိုရင် အမောင်တို့ လိုသလောက်ငွေကို ကျွန်ပ်ပေးပါ့မယ်” ဟုပြောပြီး ထိုရဟန်းအား အသတ်ခိုင်းလေသည်။
ဤကား လောဘဗိုင်းရပ်စ်ပိုး အကိုက်ခံရသည့်အတွက်ကြောင့် ပုံမှန်စိတ်ထားမဟုတ်တော့ဘဲ ရဟန်းကိုသတ်ခိုင်းသည်အထိ လွန်ကျူးခဲ့ပါသည်။ ထို့ပြင် ထိုဗိုင်းရပ်စ်ပိုးကြောင့် သူတစ်ပါးကို သတ်ခိုင်းသည့်အပြင် ကိုယ့်ကိုယ်တိုင်လည်း အသက်သေဆုံးသည်အထိ ဖြစ်ရ တတ်ပါသည်။
ရှေးအခါတုန်းက စာသင်တိုက်ကြီးတစ်တိုက်တွင် ပရိယတ္တိစာပေများကို စာသင်ပျိုတို့အား ပို့ချနေရာ ထိုစာသင်ပျိုများအနက် ငယ်ရွယ်နုပျို ပြီး ဥပဓိရုပ်ခန့်ညားသည့် ရဟန်းငယ်တစ်ပါးလည်း ပါဝင်ပါသည်။ ထိုရဟန်းငယ်သည် စာပေကို အသင့်အတင့် ကျွမ်းကျင်တတ်မြောက်လာ သောအခါ ရွာအတွင်းဆွမ်းခံကြွခဲ့ပါသည်။ သို့နှင့် တစ်နေရာတွင် အမျိုးသမီးလေးတစ်ဦးသည် ရောက်လာသောသံဃာတော်များအား ဆွမ်း လောင်းလှူလျှက်ရှိရာ ချောမောလှပသည့်ရဟန်းငယ်အလှည့်သို့ရောက်သောအခါ မည်သို့မျှ ဟန်ဆောင်နိုင်ခြင်းမရှိဘဲ ထိုရဟန်းငယ်အား လိုချင်သည့် ကာမဆန္ဒနိဝရဏဗိုင်းရပ်စ်ပိုးသည် ထိုအမျိုးသမီးငယ်၏ စိတ်ထဲအကိုက်ခံလိုက်ရပါသည်။ ထိုအခါ အမျီုးသမီးလေးသည် ထိုရဟန်းငယ်အား မရရင်သေရပါတော့မည် ဟု ဆိုသဖြင့် အဖေဖြစ်သူသည် ထိုရဟန်းနောက်သို့ အမြန်လိုက်၍ အကျိုးအကြောင်းပြောပါ သော်လည်း ရဟန်းငယ်ကား လူထွက်ဖို့ရာ စိတ်ကူးမရှိသဖြင့် သမီးဖြစ်သူအား ထိုရဟန်းငယ် လူမထွက်နိုင်ကြောင်းသိခဲ့ရသည်။ ထိုအချိန်မှစ၍ အမျိုးသမီးလေးသည် ရဟန်းငယ်အား စွဲလန်းတပ်မက်သည့် စိတ်ဖြင့် စိတ်ရောဂါဖြစ်ကာ မကြာမီ အသက်ဆုံးရှုံးလေတော့၏။
အကယ်၍ သည်နေရာတွင် အမျိုးသမီးလေးသည် နိဝရဏဗိုင်းရပ်စ်ပိုးကို သတ်နိုင်သည့် သီလ၊သမာဓိ၊ပညာ လက်နက်ကို ရခဲ့မည်ဆိုပါလျှင် အသက်သေဆုံးခြင်းသို့ မရောက်သည့်အပြင် တမလွန်အတွက်လည်း ကောင်းရာသုဂတိဘ၀သို့ ရောက်နိုင်ပါလိမ့်မည်။
ထို့ကြောင့် မိမိတွင် နိဝရဏဗိုင်းရပ်စ်ပိုးများ အကိုက်ခံနေရသည်ကို အကိုက်ခံနေရမှန်းသိပြီး အထက်တွင် ပြဆိုခဲ့သည့်အတိုင်း မြတ်ဗုဒ္ဓ၏ဆေးကို မှန်မှန်မှီဝဲခြင်းဖြင့် နိဝရဏဗိုင်းရပ်စ်ပိုးများအား မိမိသဏ္ဍာန်တွင် နည်းပါးအောင်၊နည်းပါးရာကနေ ကင်းရှင်းသွားအောင် သတ်နိုင်ကြစေရန် သီလ၊သမာဓိ၊ပညာ လက်နက်ဖြင့် တိုက်ခိုက်ကြပါစို့ ဟု တိုက်တွန်းရင်း နိဂုံးချူပ်လိုက်ရပါတော့သတည်း။

စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ
၂.၁၀.၂၀၀၈၊ ည ၇း၄၂ နာရီ

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More