This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, October 31, 2008

အိပ်မက်အကြောင်း သိကောင်းစရာ

အမေး။ ။မြတ်စွာဘုရား ဖွားတော်မူခန်း ဗုဒ္ဓင်ပြခန်း ကို အိမ်မှာ ဘုရားခန်း အဖြစ် ဆောက်ပြီး ပူဇော်ရတယ်။ ဓမ္မစကြာတရားဟော နေတဲ့ ဘုရားရုပ်ပွားတော် ရွှေဆင်းတုတော်က ညာလက်ထဲ သူ့အလိုလို ရောက်လာတယ် အိပ်မက် မက်ပြီးတည်းက အဲဒါကို တအား သိချင်နေတာ အဖြေပေးတော်မူပါဘုရား။
ခွန်မြလှိုင်
ထိုင်းနိုင်ငံ
အဖြေ။ ။အိပ်မက်မက်ကြတယ်ဆိုတာ အိပ်မက်မက်ခြင်း အကြောင်း လေးမျိုးရှိတယ်လို့ မှတ်ယူရပါမယ်။
ထိုလေးမျိုးမှာ…..

(၁) ဓာတ်ချောက်ချား၍ အိပ်မက်မြင်မက်ခြင်း။
(၂)ရှေးကလေ့ကျင့် ခံစားဖူးလို့ အိပ်မက်မြင်မက်ခြင်း။
(၃) နတ်များက လှည့်စားသောကြောင့် အိပ်မက်ခြင်း။
(၄)ပုဗ္ဗနိမိတ်ကြောင့် အိပ်မက်မြင်မက်ခြင်း တို့ ဖြစ်ကြပါတယ်။
(၁)ဓာတ်ချောက်ချား၍ အိပ်မက်မက်ခြင်း။
ဓာတ်ချောက်ချားသည့်အတွက် အိပ်မက်မြင်မက်ရာတွင် တောင်ပေါ်မှ လိမ့်ကျသယောင်ယောင်, ဆင်ကြမ်း,မြင်းကြမ်း,ခြင်္သေ့, သစ်ကျားစသော သားရဲများ၊ လူဆိုးသူခိုးစသူတို့ မိမိနောက် တကောက်ကောက်လိုက်နေသယောင်ယောင် ကြောက်မက်ဖွယ်အိပ်မက်တို့ကို မြင်မက်တတ်ကြတယ်။

မိမိရှေးကမြင်ဖူး သုံးဆောင်ခံစားဖူးသည့် အာရုံများကို မြင်ရ ကြားရ သုံးဆောင်ခံစားရသယောင်ယောင် မြင်မက်တတ်ကြပါတယ်။
(၃)နတ်များက လှည့်စားောကြောင့် အိပ်မက်မြင်မက်ခြင်း။
နတ်များက အကျိုးလိုလား၍ဖြစ်စေ၊ အကျိုးမဲ့ကို လိုလား၍ဖြစ်စေ၊ အကျိုးရစေရန်၊ အကျိုးမဲ့စေရန် စတဲ့ နတ်တို့ရဲ့ အာနုဘော် ကြောင့် အာရုံအမျိုးမျိုးကို မြင်မက်တတ်ကြပါတယ်။
(၄)ပုဗ္ဗနိမိတ်ကြောင့် မြင်မက်ခြင်း။
ကောင်းမှု၊ မကောင်းမှု (ကုသိုလ်,အကိုသိုလ်)အစွမ်းကြောင့် ကောင်းကျိုး မကောင်းကျိုးရဖို့ရန် ရှေ့ပြေးပုဗ္ဗနိမိတ်ဖြစ်သော အိပ်မက်တို့ကို မြင်မက်တတ်ကြပါတယ်။ မဟာမာယာဒေ၀ီ သားရဖို့ရန် အိပ်မက်မြင်မက်မှု၊ ယခုအခါ ဘုရားအလောင်းတော် အိပ်မက်ကြီး ငါးပါးကို မြင်မက်မှုစသည့် ကောင်းကျိုး ၊ မကောင်းကျိုး ဖြစ်ပေါ်ဖို့ရန် မြင်မက်သည့် အိပ်မက်မျိုး ဖြစ်ပါတယ်။
ထိုအိပ်မက်(၄)မျိုးတွင် (၁)ဓာတ်ချောက်ချား၍ မြင်မက်ခြင်း။ (၂)ရှေးက လေ့ကျင့်ခံစားခဲ့ဖူးသည့်အတိုင်း မြင်မက်ခြင်း။ ထိုနှစ်မျိုးတို့သည် မက်သည့်အတိုင်း မမှန်တတ်သည်ကများပါသည်။ (၃) နတ်များ လှည့်စားသောကြောင့် မြင်မက်သည့် အိပ်မက်မှာ မှန်လည်းမှန်တတ်သကဲ့သို့ လွဲလည်းလွဲတတ်ပါတယ်။
နတ်များ ဒေါသထွက်လျှင် ပရိယာယ်ဖြင့် ပျက်စီးရာပျက်စီးကြောင်း အလွဲလွဲအမှားမှား အိပ်မက်ပေးတတ်ကြပါတယ်။ တစ်ခါက သီဟိုဠ်ကျွန်း ရောဟနအရပ် နာဂကျောင်းတိုက်ကြီးတွင် သံဃမထေရ်ကြီးတစ်ပါးဟာ ရဟန်းသံဃာများကို မပန်ကြားဘဲ ကံ့ကော်ပင်ကြီးတစ်ပင်ကို ခုတ်လှည်းစေ၏၊ ထိုကံ့ကော်ပင်တွင် နေထိုင်တဲ့ ရုက္ခစိုးနတ်ဟာ ပထမတွင်တော့ ထိုမထေရ်အား မှန်ကန်တဲ့ အိပ်မက်ကိုပဲ ပေးနေပါတယ်။ ယုံလောက်တဲ့အချိန်ရောက်သောအခါ “ ဤနေ့မှ (၇)ရက်မြောက်နေ့၌ အရှင်ဘုရား၏ ဒါယကာ ပြည့်ရှင်မင်းကြီးဟာ နတ်ရွာစံလိမ့်မယ်” လို့ အိပ်မက်၌ ပြောကြားခဲ့ပါတယ်။ မထေရ်ဟာ ထိုအိပ်မက်မှ စကားကို ယုံကြည်ကာ မင်းကြီးအား ပြောကြားစေပါတယ်။ မင်းကြီးလည်း ရက်ကိုရေတွက်ပြီး (၇)ရက်လွန်မြောက်သောအခါ နတ်ရွာမစံဘဲရှိနေသည့်အတွက် ထိုမထေရ်သည် မဟုတ်မတရား ပြောကြားပေတယ် ဆိုပြီး ထိုမထေရ်ရဲ့ လက်ခြေတို့ကို ဖြတ်စေခဲ့ပါတယ်။ (သာရတ္ထဒီပနီဋီကာ ဒု၊ နှာ ၃၁၂)။
(၄)ပုဗ္ဗနိမိတ်ကြောင့် မြင်မက်သော အိပ်မက်တို့ကား ဧကန် အမှန်ချည်းပင် ဖြစ်ပါတယ်။
အိပ်မက်မြင်မက်သောပုဂ္ဂိုလ်များမှာ ၀ိပလ္လာသတရား မပယ်ရှားသေးသည့် ပုထုဇဉ်၊သောတာပန်၊သကဒါဂါမ်၊အနာဂါမ် ပုဂ္ဂိုလ်တို့သာ မြင်မက်ကြပါတယ်။ ရဟန္တာများမှာ ၀ိပလ္လာသတရား ပယ်ရှားပြီးဖြစ်သောကြောင့် အိပ်မက်မမြင်မက်ကြတော့ပေ။ ထို့ပြင် အိပ်မက်မြင်တဲ့အခါ အချိန်နှင့်အကျိုးပေးကိုလည်း ဖေါ်ပြပါဦးမည်။
ညဦးယံ သန်းခေါင်ယံ မိုးသောက်ယံတို့၌ မြင်မက်သော အိပ်မက်တို့သည် မမှန်တတ်ပေ။ ဒါပေမယ့် မိုးသောက်အားကြီး လင်းခါနီး အာရုဏ်တက်အချိန်တွင် မြင်မက်သော အိပ်မက်တို့သည်ကား မှန်သည်က များတတ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အရုဏ်တက် အချိန်တွင် စားသောက်ထားသည့် အစာအာဟာရများသည် ကြေကျက်၍ ခန္ဓာကိုယ်၌ အဆီအနှစ်သြဇာများ တည်နေသည့်အချိန်ဖြစ် သောကြောင့် ဖြစ်ပါတယ်။ ထို အာရုဏ်တက်အချိန်တွင် ကောင်းသော အရာများကို မြင်မက်လျှင် ကောင်းကျိုးရတတ်ပါတယ်။ မကောင်းသော အရာများကို မြင်မက်လျှင် မကောင်းကျိုးရတတ်ပါတယ်။ (အင်္ဂုတ္ထိုရ် အဋ္ဌကထာ တတိယအုပ် ပဉ္စကနိပါတ်အဖွင့်၊ စတုတ္ထပဏ္ဏာသက၊ ၅-ဗြာဟ္မဏ၀ဂ်၊ ၆-မဟာသုပိနသုတ်အဖွင့် နှာ ၇၁ - ၇၂)
ထိုကြောင့် ဒကာမ မခွန်မြလှိုင်မြင်မက်တဲ့ အိပ်မက်က ဘုရားစတာတွေကို မြင်မက်တဲ့အတွက်ကောင်းတဲ့ အာရုံ ဖြစ်နေပါပြီ။ ထိုအိပ်မက် မက်သောအချိန်ကား ညဉ့်ဦးယံ၊ သန်းခေါင်ယံ၊ မိုးသောက်ယံဖြစ်ပါမူ မမှန်သည်က များပါတယ်၊ ဒါပေမယ့် ခွန်မြလှိုင်အိပ်မက်က အရုဏ်တက်အချိန်၌့ မြင်မက်တဲ့ အိပ်မက်ဖြစ်မယ်ဆိုရင် ကောင်းတဲ့အာရုံဖြစ်တဲ့အတွက် ကောင်းတဲ့အကျိုး ရတတ်ပါတယ် ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

Monday, October 27, 2008

သိသမျှ တွေးဆအဖြေ(၁၂)

အမေး။ ။ဘုရားတပည့်တော် ရိုသေမြတ်နိုး လက်စုံမိုးလျက် ရှိခိုးလျှောက်တင်အပ်ပါတယ် အရှင်ဘုရား….
တရားဝင် မိန်းမနှင့် ဆက်ဆံတဲ့ မေထုန်ကို ပါဠိတော်၌ မြင့်မြတ်တယ်၊ နိမ့်ကျတယ် လို့ သတ်မှတ်ချက် ရှိပါသလား အရှင်ဘုရား။ မြင့်မြတ် သည်လည်းမဟုတ်၊ နိမ့်ကျသည်လည်း မဟုတ်ဘဲ ကာမရာဂကို မပယ်သတ်နိုင်သေးတာမို့ ကာမရာဂနူနာကို မီးကင်တဲ့သဘောပါလား အရှင်ဘုရား……..
ရိုသေမြတ်နိုး လက်စုံမိုးလျှက်
လေးစားစွာဖြင့်
ဝင်းမြင့်, ခေတ္တ ရုရှားနိုင်ငံ
အဖြေ။ ။ မောင်ဝင်းမြင့်…. တရားဝင်မိန်းမနှင့် ဆက်ဆံတဲ့ မေထုန်အမှုဟာ မြင့်မြတ်တယ်၊ နိမ့်ကျတယ်ဆိုတဲ့ သတ်မှတ်ချက် ရှိ/မရှိ ဆိုသည့် အချက်……ကို ပြောပါ့မယ်။

မေထုန်နှင့်စပ်၍ မြတ်တယ် မမြတ်ဘူး ဟူသည့်အချက်မှာ ‘ဗြဟ္မစရိယ’ မြတ်သောအကျင့်နှင့်ပတ်သက်ပြီး သုတ်သီလက္ခန် အဋ္ဌကထာ ၁၆၀ မှာ-
(ဗြဟ္မစရိယံ ပကာသေတီတိ ဧတ္ထ ပနာယံ ဗြဟ္မစရိယသဒ္ဒေါ ဒါနေန၊ ဝေယျဝေစ္စ၊ ပဉ္စသိက္ခာပဒသီလေ၊ အပ္ပမညာသု၊ မေထုန၀ိရတီယံ၊ သ ဒါရသန္တောသေ၊ ၀ီရိယေ၊ဥပေါသထင်္ဂေသု၊ အရိယမဂ္ဂေ၊ သာသနေတိ ဣမေသွတ္ထေသု ဒိဿတိ) လို့ ဖွင့်ထားပါတယ်။
အဓိပ္ပါယ်က မြတ်သောအကျင့်ဆိုတဲ့ အနက်ဟာ (၁)အလှူပေးခြင်း၊ (၂)ဝေယျဝေစ္စပြုလုပ်ခြင်း၊ (၃)ငါးပါးသီလ၊ (၄)အပ္ပမညာတရား၊ (၅)မေထုန်ကြဉ်ခြင်း၊ (၆) မိမိမယား,လင်ဖြင့် ရောင့်ရဲခြင်း၊ (၇) လုံ့လ၀ီရိယ၊ (၈)ဥပုသ်အင်္ဂါ၊ (၉) အရိယာမဂ်၊ (၁၀)သာသနာတော် ဆိုတဲ့ အနက်ဆယ်ပါးကို ဟောနိုင်ပါတယ်။ထိုဆယ်ခုအနက် နံပါတ်(၅)နှင့်(၆)ကိုသာ လိုရင်းထုတ်ပြပါ့မယ်။
(၅)မေထုန်မှ ကြဉ်ရှောင်ခြင်းဟာလည်း မြတ်သောအကျင့်တစ်ပါး ဖြစ်ပါတယ်၊ ရှင်းဦးအံ့။ မူလပဏ္ဏာသပါဠိတော် သလ္လေခသုတ်မှာ (ပရေ အဗြဟ္မစာရီ ဘ၀ိဿန္တိ အယမေတ္ထ ဗြဟ္မစာရီ ဘ၀ိဿာမာတိ) အဓိပ္ပါယ်ကတော့ “ အခြားသူတို့သည် မမြတ်သော မေထုန်အကျင့်ကို ကျင့်တတ်သူတို့ ဖြစ်ကြသော်လည်း ငါမူကား ဤအရာ၌ မေထုန်အမှုကို ကြဉ်သောအကျင့် ဟူသည့် မြတ်သောအကျင့်ကို ကျင့်တတ်သူတို့ ဖြစ်ကြကုန်အံ့” ဆိုထားသောကြောင့် မေထုန်အမှုသည် မမြတ်သောအကျင့် ဖြစ်ပါတယ်။ ထို့အပြင် မေထုန်အမှုမှ ရှောင်ကြဉ်တာဟာ မြတ်သောအကျင့်လို့ မှတ်ယူရပါမယ်။
(၆) မိမိမယား၊ လင်ဖြင့် ရောင့်ရဲခြင်း ဟူသည် မိမိလင်၊ မယား မှတစ်ပါး တစ်ခြားသော ယောက်ျား၊ မိန်းမများကို မလွန်ကျူးတာဟာ မြတ်သောအကျင့်လို့ဆိုပါတယ်၊ ဤနေရာတွင် သတိထားရမှာက မိမိ လင် ၊ မယား၌ မေထုန်ကျင့်ခြင်းကို မြတ်သောအကျင့် လို့မခေါ်ပါဘူး၊ မိမိ လင်၊မယားမှ တစ်ပါး တစ်ခြားတစ်ပါးသော ယောက်ျား၊ မိန်းမတို့နှင့် မေထုန်အမှုမပြုဘဲ ရှောင်ကြဉ်တာကို မြတ်သောအကျင့် လို့ဆိုလိုတာပါ။
မေထုန်ရဲ့ အဓိပ္ပါယ်ကို စာဖတ်သူများ သိအောင် ပြောပါဦးမယ်။
မေထုန ဟာ ‘အချင်းချင်း’ လို့ အဓိပ္ပါယ်ရပါတယ်၊ အချင်းချင်းဆိုတာ ရာဂ ထကြွသူချင်းကို ဆိုလိုပါတယ်၊ ထိုကိစ္စကို ပြုရာ၌ မိန်းမ ယောက်ျား နှစ်ဦးလုံးပင် ရာဂထကြွချင်း တူကြ၏။ ထိုကဲ့သို့ အတူတူနှင့် အနူနူ ဖြစ်ကြသူနှစ်ဦးတို့ရဲ့ ကိစ္စကို ‘မေထုန = မေထုန်’ ဟု ခေါ်ပါတယ်။( ပါတိမောက်ဘာသာဋီကာ နှာ - ၃၆)
ဤတွင် မေထုန်ကြောင့် ဖြစ်ရတဲ့ အပြစ် (၇)ပါးရှိပါတယ်။ (၁)မိမိ၏ တန်ခိုး ယုတ်လျော့ခြင်း။ (၂)ပညာဥာဏ် ယုတ်လျော့ခြင်း။ (၃)ခွန်အားယုတ်လျော့ခြင်း။ (၄) ကိုယ်လက် အရေအသား ပူလောင်ခြင်း။ (၅) အဆင်းအရောင် အသွေးအမွေး ပျက်စီးခြင်း။ (၆) ကုတ်ဟီးချောင်းဆိုး အနာမျိုး တည်တတ်ခြင်း။ (၇) ရောဂါဝေဒနာများ အလွယ်တကူ ကပ်ရောက်နိုင်ခြင်း တို့ ဖြစ်ကြပါတယ်။ ထို့ကြောင့် မေထုန်အမှုကို မီးကင်တဲ့သဘောပဲ ဖြစ်စေ၊ တစ်ခြား မည်သည့်အကြောင်းပြချက် ကြောင့်ပဲဖြစ်စေ မြတ်သောအကျင့်မဟုတ်ဘူး ဟု ဘုရားအစ သူတော်ကောင်းများ မိန့်တော်မူကြပါတယ်။
နောက်ဆုံးအနေဖြင့် မေထုန်နဲ့စပ်၍် မေထုန်ငယ်(၇)ပါးကိုလည်း ဗဟုသုတအလို့ငှါ တဆက်တည်း ဖေါ်ပြပေးလိုက်ပါတယ်။
မေထုန်ငယ်(၇)ပါးမှာ (၁) မိန်းမတို့က နံ့သာ စသည်တို့ဖြင့် သုံးသပ်ပေးတာကို သာယာခြင်း။ (၂)မိန်းမတို့နှင့် ပြုံးရယ်စကား ပျော်ပါးမြူးတူးခြင်း။ (၃)မိန်းမတို့အား စိန်းစိန်းစိုက်၍ ကြည့်ခြင်း။ (၄) မိန်းမအသံကို သာယာခြင်း။ (၅) ရှေးအခါက ပြုကျင့်ဖူးသော မေထုန်ကာမကို အာရုံပြု၍ သာယာခြင်း။ (၆)သူတစ်ပါးတို့ ပြုကျင့်သော မေထုန်ကာမကို အာရုံပြု၍ သာယာခြင်း။ (၇) ဤကောင်းမှုကြောင့် နတ်ရွာသုဂတိဘုံဘ၀သို့ ရပါလို၏ လို့ တောင့်တခြင်း တို့ဖြစ်ပါတယ်။

Wednesday, October 22, 2008

အေးရိပ်ချောင် ဘုံကထိန်

ကထိန်အလှူရှင်များအား ချီးမြောက်ရန် ဓမ္မာရုံသို့အလာ
ကထိန်ပွဲလာတဲ့ စာရေးဆရာမ မြတ်နိုးရှင်းကိုလည်း တွေ့ရပါတယ်။
ကထိန်တရားတော်နာ၊ အေးရိပ်ချောင်မဟာစည်သာသနာ့ရိပ်သာ

တက္ကသိုလ် ပါမောက္ခများ၊ ဆရာမများကလည်း ကူညီကြပါသည်။
ကထိန်သင်္ကန်း၊ပရိက္ခရာလှူဒါန်းသူများဖြင့်
ကထိန်အလှူပွဲလာကြသော ဆရာလေးများ
Type the rest of your post here.

သိသမျှ တွေးဆအဖြေ (၁၁)

အမေး။ ။အရှင်ဘုရား…. လက်ဖက်သုပ်ကို သံဃာတော်များအား ညနေ လှူခွင့် ရှိပါသလားဘုရား၊ သံဃာတော်များကို ညနေဘက် ဆက်ကပ်ခွင့်ရှိတဲ့ အရာများ ရှင်းပြပေးပါ။
အဖြေ။ ။ လူအများသည် နေမွန်းလွဲအချိန်တွင် ရဟန်းတော်များအား လက်ဖက်သုပ်များကို မလှူကောင်းသကဲ့သို့ သံဃာတော်များကလည်း အကပ်မခံကောင်းပေ။ ဘုဉ်းပေးဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ ပါတိမောက်ဘာသာဋီကာတွင် အသုပ်တို့နှင့်ပတ်သက်ပြီး ရေးထားပါတယ်။ ယခုခေတ်ပေါ် ညချင်း(ဂျင်း)သုပ်များဟာ ကြက်သွန်၊ဆီ၊ဆား၊ချင်း များကို တစ်ခုစီကြည့်လျှင် တစ်ခါအကပ်ခံထားလျှင် ခုနှစ်ရက်အတွင်းစားထိုက်သည့် သတ္တာဟကာလိက နှင့် တစ်သက်လုံးစားထိုက်သည့် ယာဇီဝက ဖြစ်သောကြောင့် “အပ်၏” ဟုထင်မှတ်ဖွယ် ရှိပါသည်။ သို့သော် ချင်း ကို ပင်ကိုယ်အကြမ်းအတိုင်းမဟုတ်ဘဲ စားကောင်းအောင် ပြုပြင်ကာ လက်သုပ်တစ်မျိုး ဖြစ်အောင် စီမံထားသဖြင့် နေမွန်းလွဲလျှင် မစားကောင်းသည့် ယာဝကာလိက ခဲဘွယ်ထဲ ပါဝင်နေပါသည် လို့ ဆရာများတို့က ယူကြပါသည်။ ယာဝကာလိက မဟုတ် ဟု ငြင်းစေဦးတော့ ထိုချင်းသုပ်ကြောင့် ကင်းပျောက်မည့် ရောဂါရှိမှ စားကောင်းပါတယ်။ အကြောင်းမဲ့ဖြစ်စေ၊ ဆာလောင်မွန်သိပ်၍ ဖြစ်စေ စားလျှင် မည်သည့်နည်းနှင့်မျှ လွပ်လပ်ခွင့် မရ၊ အကပ်ခံလျှင် ဒုက္ကဋ်အာပတ်သင့်သလို မျိုတိုင်းမျိုတိုင်း ဒုက္ကဋ်များစွာ သင့်ပါတယ်။
ရဟန်းတော်များအတွက် ညနေဘက် ဆက်ကပ်ခွင့်ရှိတဲ့ အရာများက (ဖေါ်ပြခဲ့ပြီးသည့် သစ်သီးရှစ်မျိုး) ဖျော်ရည်များအပြင်၊ မန်ကျည်းဖျော်ရည်၊ဆီးဖျော်ရည်၊ ရှောက်သံပုရာဖျော်ရည်တို့ကိုလည်း ဆက်ကပ်ခွင့် ရှိပါတယ်။
နောက် သတ္တာဟကာလိက ဆေးအဖြစ် ထောပတ်၊ဆီဦး၊ဆီ ၊ ပျား၊ တင်လဲစသည်တို့ကိုလည်း ဆက်ကပ်ခွင့် ရှိပါသည်။ သို့သော် သံဃာတော်များဘက်က ဆိုခဲ့ပြီးသည့်ဖျော်ရည်၊ ထောပတ်စသည်တို့ကို အကပ်ခံ၍ ရပါသော်လည်း သုံးစွဲသောအခါ အနာရောဂါပျောက်စေရန်သာ သုံးစွဲသင့်သည်၊ ဆာလောင်မွတ်သိပ်ရုံမျှဖြင့် မဘုဉ်းပေးကောင်း(မစားကောင်း)ပါ။ ဆာလောင်၍ ဘုဉ်းပေးလျှင် အာပတ်သင့်ပါတယ် လို့ ဖြေကြားပေးလိုက်ပါတယ်။

အမေး။ ။အရှင်ဘုရား…နတ်ပြည်တွင်တည်ထားသော စူဠာမဏိစေတီတော် တည်ရာတွင် သုံးသောပစ္စည်းများနှင့် နတ်တစ်ယောက်ရဲ့ အရပ်က သုံးဂါဝုတ်ဆိုတော့ စေတီကရော ဘယ်လောက်မြင့်သလဲဆိုတာ သိချင်ပါတယ်ဘုရား။
အဖြေ။ ။စူဠာမဏိစေတီတော်တွင် ပါဝင်တည်ထားသော ပစ္စည်းများအကြောင်းကို ‘ဣန္ဒနီလမယံ’ လို့ပါရှိတဲ့အတွက် စူဠာမဏိစေတီတော်တွင် ‘ပတ္တမြားညို’ လို့ ခေါ်တဲ့ ကျောက်မျက်ရတနာများ ပါဝင်ပါတယ်။ ထိုအကြောင်းကို မဟာမယာဝတ္တုတွင် လာရှိပါကြောင်း သမန္တစက္ခုဒီပနီကျမ်းတွင် မုံးရွေးဇေတ၀န်ဆရာတော်က ပြဆိုထားပါတယ်။ မဟာဗုဒ္ဓ၀င် ဒုတိယတွဲ နှာ-၂၀၄ တွင်တော့ ထိုစေတီကြီးဟာ ရတနာခုနှစ်ပါးဖြင့် မွမ်းမံ စီခြယ်အပ်သော လို့ လာရှိတဲ့အတွက် ရတနာခုနှစ်ပါးလည်း ဖြစ်နိုင်လောက်တယ် လို့ ယူဆမိပါတယ်။
စူဠာမဏိစေတီတော်ရဲ့ ပမာဏကို ကျမ်းဂန်တို့၌ အမျိုးမျိုးပြဆိုထားပါတယ်။
သီဟိုဠ်ကျွန်းက သုမနသာမဏေဟာ တာဝတိံသာ သို့သွားပြီး သိကြားမင်းထံ၌ ညှပ်ရိုးတော်ဓာတ်ကို တောင်းသောအခါ သိကြားမင်းက တစ်ယူဇနာပမာဏရှိတဲ့ စေတီကို ဖွင့်၍ လက်ယာညှပ်ရိုးတော်ဓာတ်ကို ထုတ်ကာ သုမန သာမဏေအား ပေးလိုက်တယ် လို့ ပါရာဇိကဏ်အဋ္ဌကထာ တွင် ပြဆိုထားသကဲ့သို့ မဟာဝင်ကျမ်းတွင်လည်း တစ်ယူဇနာ လို့ ပြဆိုထားပါတယ်။သီဟဠမူမှာကား သုံးယူဇနာ ရှိပါသတဲ့၊ မဟာဗုဒ္ဓ၀င် ဒုတိယတွဲတွင်လည်း သုံးယူဇနာလို့ ဖေါ်ပြပါတယ်။ ဇိနာလင်္ကာရဋီကာ -၂၃၃- တွင် ယူဇနာသုံးဆယ် ရှိပါတယ် လို့ အသီးသီးဖေါ်ပြထားကြပါတယ်။
ထိုကဲ့သို့ စေတီဥာဏ်တော်အမြင့်ဟာ တစ်ယူဇနာ၊ သုံးယူဇနာ၊ ယူဇနာသုံးဆယ် လို့ အသီးသီးဖေါ်ပြချက်တို့တွင် ဘယ်ဟာကို ယူရပါမလဲ ဆိုတာကို ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ အမှတ်(၆)တွင် တည်တောဆရာတော်ကြီး ဝေဖန်တော်မူထားတာကို တွေ့ရပါတယ်၊ သဘာဝလည်းကျလှတဲ့အတွက် ဖေါ်ပြပေးလိုက်ပါတယ်။
ဥာဏ်တော်အမြင့် ကျန်းဂန်အသီးသီးတို့တွင် ပြဆိုထားသည်မှာ မတူညီကြသော်လည်း စဉ်းစားကြည့်ဖို့ကတော့ သိကြားမင်းစံရာ ဝေဇယန္တာ ပြာသာဒ်ပါ၊ ဘယ်လိုစဉ်းစားကြည့်ရမှာလည်းဆိုရင် (သတ္တယောဇနသတုဗ္ဗေဓော - ယူဇနာခုနှစ်ရာ အစောက်ရှိသော၊ ဝေဇယန္တောနာမ ပါသာဒေါ - ဝေဇယန္တာပြာသာဒ်သည်၊ ဥဂ္ဂဉ္စိ-ပေါက်၏)လို့ ဓမ္မပဒအဋ္ဌကထာ မဃ၀တ္ထုအဖွင့်မှာ ပြထားပါတယ်၊ သိကြာမင်းနေရာက ပြာသာဒ် ယူဇနာ -၇၀၀- မြင့်တယ်ဆိုရင် ဘုရားရှင်ရဲ့ စူဠာမဏိစေတ်ီတော် သုံးယူဇနာဆိုတော့ နိမ့်လွန်းနေပါတယ်၊ ဒါကြောင့် ယူဇနာ -၃၀- ဆိုတာ ဖြစ်လောက်စရာ ရှိတယ်လို့ ယူဆမိပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။ ။

အမေး။ ။ ဗြဟ္မာ့ပြည်က ဒုဿ စေတီအကြောင်းကို သိချင်ပါတယ်ဘုရား၊ စာထဲတွေ့ရတာက ၀တ်လဲပုဆိုး ဋ္ဌာပနာတယ်ဆိုတာပဲ တွေ့ရပါတယ်၊ တစ်ခြား ဘာပစ္စည်းများ ဋ္ဌာပနာသေးပါသလဲဆိုတာ သိချင်ပါတယ်ဘုရား။
အဖြေ။ ။ ဒုဿ စေတီိအကြောင်း….
သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်ဟာ ဆံတော်ကို ပယ်ပြီးတဲ့နောက် ယခု ငါဝတ်ထားတဲ့ အ၀တ်တွေဟာ ရဟန်းများနဲ့ မလျောက်ပတ်ဘူး၊ သူတို့ကိုလည်း ပယ်စွန့်မှ တော်မယ်လို့ ကြံစည်တော်မူသတဲ့၊ အဲဒီအခါ ကဿပဘုရားရှင် လက်ထက်တော်က မိတ်ဆွေ ဖြစ်ဖူးတဲ့ ဃဋိကာရဗြဟ္မာကြီးဟာ ကမ္ဘာဦးက နိမိတ်အဖြစ် ပေါ်ထွန်းလာတဲ့ ကြာရုံအတွင်း ကြာတစ်ပွင့်မှ ပရိက္ခရာရှစ်ပါးကို ထိန်းသိမ်းထား ရာက အလောင်းတော်ထံ လာရောက် ကပ်လှူပါတယ်။ အလောင်းတော်ဟာ ဗြဟ္မာမင်း လာရောက် ဆက်ကပ်တဲ့ ပရိက္ခရာများကို သပ္ပာယ်စွာ ဆင်မြန်းပြီး ၀တ်လဲတော်ကို မြှောက်ပစ်လိုက်သတဲ့။ အဲဒီမြှောက်ပစ်လိုက်တဲ့ ၀တ်လဲတော်ကို ဗြဟ္မာမင်းက ဆောင်ယူပြီး၊ သုဒ္ဓ၀ါသ ဗြဟ္မာ့ဘုံမှာ စေတီ တည်ထားပါသတဲ့။ စေတီတော်ဟာ ဗုဒ္ဓ၀ံသအဋ္ဌကထာ -၃၃၃- မှာ ဆိုထားပါတယ်။
ဒုဿစေတီတော်ကို တည်ထားတဲ့ ဃဋိကာရ ဗြဟ္မာဆိုတာ ကဿပဘုရားရှင်လက်ထက်တော်က ဘုရားရှင်နှင့် အလွန် အကျွမ်းဝင်တဲ့ အိုးလုပ်သမား တစ်ဦးဖြစ်ခဲ့ပါတယ်။ ကဿပဘုရားရှင်ရဲ့ တရားတော်ကို နာယူရတဲ့အတွက် အနာဂါမ်တည်ပြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ အနာဂါမ်ဘ၀နှင့် ကွယ်လွန်ရင် သုဒ္ဓါဝါသငါးဘုံရှိရာ တစ်ဘုံဘုံကို ရောက်ပါတယ်၊ ဒါကြောင့် ဃဋိကာရ ဗြဟ္မာကြီးဟာ အနာဂါမ်ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သုဒ္ဓါဝါသငါးဘုံတွင် တစ်ဘုံဘုံသို့ရောက်နိုင်ပါတယ်။ ဒါကြောင့် ဒုဿစေတီဟာလည်း သုဒ္ဓါဝါသဘုံ တစ်ဘုံဘုံတွင် တည်ရှိနေမည်မှာ အမှန်ဖြစ်ပါတယ်။ ဤနေရာ၌ ဃဋိကာရဗြဟ္မာကြီးဟာ သုဒ္ဓါဝါသငါးဘုံအနက် အကနိဋ္ဌဘုံ မှာဖြစ်တဲ့အတွက် ဒုဿစေတီတော်ဟာလည်း အကနိဋ္ဌဘုံမှာပဲ ရှိနိုင်တယ် ဟုယူဆသင့်ပါတယ် လို့ သမန္တစက္ခုဒီပနီကျမ်းက ဆိုထားပါတယ်။
စေတီတော်၏ ဥာဏ်တော်အမြင့်ကိုလည်း သမန္တစက္ခုဒီပနီကျမ်း၌ ကျမ်းအမျိုးမျိုးတို့ကို ထောက်ဆ၍ (၁၂)ယူဇနာ ရှိပါတယ်လို့ မှတ်ယူရမယ် လို့ ပြဆိုထားပါတယ်။
နောက်မေးခွန်းတစ်ခုက ဒုဿစေတီတွင် ၀တ်လဲတော်မှ တစ်ပါး ဌာပနာထားတဲ့ တစ်ခြားပစ္စည်းကို ကျမ်းတွေမှာ မတွေ့ရပါဘူး။ ၀တ်လဲတော်ကို ပါဠိလို ဒုဿ လို့ခေါ်ပါတယ်၊ ၀တ်လဲတော် ဌာပနာတာကို အကြောင်းပြု၍ ဒုဿစေတီလို့ခေါ်တွင်ခြင်း ဖြစ်ပါကြောင်း ဖြေကြားပေးလိုက်ရ ပါတယ်။

Sunday, October 19, 2008

သိသမျှ တွေးဆအဖြေ (၁၀)

အမေး။ ။မြတ်စွာဘုရား စကားတော်တွေကို ပြန်ပြောပြတဲ့နေရာမှာ “ မင်း…..ငါ…….ကွ” ဆိုတဲ့ အသုံးအနှုန်းတွေကို မိုးကုတ်ဆရာတော်ကြီး သုံးနှုန်းထားတာ ဖတ်ရပါတယ်ဘုရား။ မြတ်စွာဘုရားဟာ ဒီလို မသုံးနှုန်းဘူးထင်ပြီး တပည့်တော် စိတ်ထဲ မအီမသာ ဖြစ်မိပါတယ်။ စာစကားကို ရွာနားအရောက်ပို့မယ် ဆိုတဲ့ စေတနာနဲ့ဆိုတော့ သုံးလို့ရပါသလားဘုရား။
အဖြေ။ ။ မေးခွန်းရှင်က ဒီလိုအသုံးအနှုန်းကြောင့် သိပ် ဘ၀င်မကျဖြစ်နေတာကို တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်ပြီးပြောရင် တရားစကားပြောရာမှာ သည်လိုအသုံးအနှုန်းမျိုးတွေဟာ ယခင်အတိတ်က ၀ါသနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သန့်ရှင်းတဲ့ စိတ်စေတနာဖြင့် ဒကာ/ဒကာမတို့အား ဟောပြောတာကတော့ အပြစ်မရှိပါဘူး။ (မင်း….ငါ…….ကွ)စတဲ့ အသုံးအနှုန်းကို မဆိုနဲ့ဦး။ မြတ်စွာဘုရားလက်ထက်တော်က ပိလိန္ဒ၀စ္ဆ ဆိုတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးပါတယ်။ ထိုမထေရ်ဟာ ကျောင်းမှာပဲဖြစ်စေ၊ အရပ်ထဲ ၊ ရွာထဲဖြစ်စေ သူနှင့်ရင်ဆိုင်တွေ့တဲ့ ဆင်းရဲ၊ချမ်းသာ ပုဂ္ဂိုလ်မှန်သမျှ ကို “ဟဲ့..သူယုတ်မာ…..လာလော့၊ ဟဲ့..သူယုတ်မာ…….သွားလော့” (ဧဟိ ၀သလိ……ယာဟိ ၀သလိ) လို့ မြင်သမျှလူတွေကို ပြောဆိုနုတ်ဆက်တော့တာပဲ။ ထိုအကြောင်းကို ကြားရဖန်များတဲ့ ရဟန်းတော်များက မြတ်စွဘုရားအား သွားလျှောက်ပါတယ်။ မြတ်စွာဘုရားက ပိလိန္ဒ၀စ္ဆမထေရ်ကို ခေါ်ပြီး “ချစ်သား….ဒီလို ပြောတယ်ဆိုတာ မှန်ပါသလား” လို့မေးတော်မူသောအခါ မထေရ်က “မှန်ပါတယ်ဘုရား” လို့ လျှောက်ထားပါတယ်။
သို့နှင့် မြတ်စွာဘုရားဟာ ပိလိန္ဒ၀စ္ဆရဲ့ ရှေးကဖြစ်ခဲ့တဲ့ဘ၀တွေကို ပြန်ပြီး ဆင်ခြင်တဲ့အခါ ထိုမထေရ်ဟာ ဘ၀ငါးပတ်လုံး ဗြဟ္မဏအမျိုးမှာ ဖြစ်ပြီး “သူယုတ်မာ” ဆိုတဲ့ စကားကို ပြောဆိုခဲ့တယ်။ ထိုမထေရ်ဟာ စိတ်ထဲဒေါသဖြစ်လို့ မဟုတ်ဘဲ၊ ဘ၀များစွာက ၀ါသနာဘာဂီအရ ပြောဆိုနေခြင်းသာ ဖြစ်ကြောင်း သိတော်မူတဲ့အခါ “ ချစ်သားရဟန်းတို့……ပိလိန္ဒ၀စ္ဆ ကို အပြစ်မတင်ကြပါနဲ့၊မရှုပ်ချကြ ပါနဲ့၊ ချစ်သားပိလိန္ဒ၀စ္ဆဟာ ဒေါသထွက်လို့ ပြောခြင်းမဟုတ်၊စိတ်ထဲရှိလို့ ပြောတာမဟုတ်ဘူး၊ အာသဝေါကင်းကွာသော သူတို့မည်သည် သူတစ်ပါးအား ခက်ထန်ကြမ်းတမ်းပြီး ထိခိုက်နစ်နာစေတဲ့ပြောဆိုခြင်းမျိုးကို ပြောဆိုလေ့မရှိတော့ပါဘူး၊ ဘ၀ါဘ၀က အလေ့အကျင့် ကြောင့်သာ ပြောဆိုခြင်းဖြစ်ပါတယ်” လို့ မိန့်တော်မူခဲ့ပါတယ်။
ထိုအတူ ယခုလည်း မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ မင်း…ငါ …ကွ စတဲ့ စကားအသုံးအနှုန်းများဟာလည်း စိတ်ထဲအပြစ်ဒေါသမရှိဘဲ၊ ဒကာ/ဒကာမအပေါ်တွင် ဖြစ်စေချင်တဲ့ စေတနာထက်သန်သည့်အတွက် ပြောခြင်းဖြစ်ဟန်တူပါတယ်။ ‘သူယုတ်မာ’ ဆိုတဲ့စကားဟာ ‘မင်း ငါ ကွ’ ဆိုတဲ့စကားထက် အဆပေါင်းများစွာရင့်သီးပါတယ်။ ဒါပေမယ့် ထိခိုက်နစ်နာစေလိုတဲ့ စေတနာမပါတဲ့အတွက် အပြစ်မရှိပါဘူး။ ထို့ကြောင့် မိုးကုတ်ဆရာတော်ကြီး မိန့်တော်မူခဲ့တဲ့ ‘မင်း ငါ ကွ’ စကားဟာလည်း ဒေါသနှင့်ပြော ခြင်းမဟုတ် စားစကား ရွာနားအရောက်ပို့မယ်ဆိုတဲ့ စေတနာနဲ့ ပြောတာဖြစ်တဲ့အတွက် သုံးလို့ရပါကြောင်း အဖြေပေးလိုက်ရပါတယ်။

အမေး။ ။အရက်ကြိုက်တဲ့ မိတ်ဆွေတွေက အရက်တိုက်ဖို့ တောင်းဆိုရင် လှူသင့်ပါသလားဘုရား
တပည့်တော် ထိုင်းနိုင်ငံရောက်စဉ် မိတ်ဆွေတစ်ယောက် အရက်ကြမ်းကို ပဲကြီးလှော်စေံ အနည်းငယ်နဲ့ မြည်းပြီး သောက်နေတာ တွေ့ခဲ့ရပါတယ်။ သောက်တဲ့အရက်ကလဲ ဈေးညံ့တဲ့ အရက်ကြမ်း အရက်ပြင်း၊ အစာမည်မည်ရရလဲ မခံဘဲ ပဲလှော်စေ့ လေးငါးစေ့နဲ့ သောက်နေတော့ အစာအိမ် ထိခိုက်မှာ စိုးလို့ စားစရာ ၀ယ်ကျွေးမိရင် အပြစ်ဖြစ်ပါသလားဘုရား။
အဖြေ။ ။ ပထမမေးခွန်းမှာ မိတ်ဆွေတွေက အရက်တိုက်ဖို့တောင်းဆိုရင် လှူသင့်ပါသလား။ အရက်ဆိုတာ လူတို့ရဲ့ သီလဆိုတဲ့ ငါးပါး သီလထဲမှာပါပါတယ်။ အရက်ကို ကိုယ်တိုင်သောက်လို့ပဲဖြစ်စေ၊ သူတစ်ပါးအား ရောင်းလို့ပဲဖြစ်စေ၊ သူတစ်ပါးအား ပေးလို့ပဲဖြစ်စေ ကိုယ်ကျင့်တရား ချွတ်ယွင်းမှု ဖြစ်သွားပါတယ်။ ထိုအရာများအနက် မိမိပေးလိုက်သော အရက်ကို သောက်ကြသောသူများဟာ အရက်ကြောင့် ပုံမှန်စိတ်အနေအထားမဟုတ်တော့ပဲ စိတ်အနေဖေါက်ပြန်ကာ မကောင်းမှုများကို ပြုလုပ်ဖို့ ၀န်မလေးတော့ပါ။ ကိုယ်က အရက်ကိုလှူလိုက်သည်ဖြစ်သော်လည်း လှူလိုက်သည့်အရက်က ကောင်းကျိုးထက်ဆိုးကျိုးကိုသာ ပေးတတ်တဲ့အတွက် အရက်လှူရင် လည်း အပြစ်ရှိပါတယ်လို့ ဖြေကြားလိုက်ပါတယ်။
ဒုတိယအချက်က တစ်ဘက်သားရဲ့ အစာအိမ်ထိခိုက်မှာကိုစိုးတဲ့အတွက် အမြည်းအနေနဲ့ စားစရာလှူတာဟာ အပြစ်မဖြစ်ပါဘူး၊ ဘာကြောင့်ဆိုရင် တစ်ဘက်သားအား အစာအိမ်ထိခိုက်မှာစိုးတယ်ဆိုတဲ့ မေတ္တာစိတ်အရင်းခံဖြင့် စားစရာကို ပေးလှူသောကြောင့် ဖြစ်ပါတယ်။ လှူဒါန်းလိုက်တဲ့ စားစရာကြောင့် သူတစ်ပါးရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးကို ဖြစ်စေတတ်သောကြောင့် စားစရာလှူရင် အပြစ်မဖြစ်တဲ့အပြင် ကုသိုလ်တောင်ရပါသေးတယ်၊ တစ်ခုတော့ရှိတာပေါ့။ သည်လိုစိတ်ထားမျိုးမဟုတ်ဘဲ အရက်အတွက် သက်သက် အားပေးအားမြောက်ပြုပြီး အမြည်းဝယ်ပေးတာကတော့ အားပေးရာရောက်တဲ့အတွက် အပြစ်ဖြစ်နိုင်ပါတယ်။

အမေး။ ။ ရဟန်းတော်များဟာ ရရှိထားတဲ့ တရားအဆင့်ကို ဖော်ပြကြတာ မတွေ့ရပါ၊ လူတစ်ယောက်သာဖြစ်တဲ့ ဆရာသက်ကြီးဟာ သူ့နာမည်အရှေ့မှာ အနာဂါမ်ဆိုတဲ့နာမည်နှင့်တွဲကာ အနာဂါမ် ဆရာသက်ကြီးလို့ ခေါ်ရတဲ့အကြောင်းရင်းကို ရှင်းပြပေးပါဘုရား။
အဖြေ။ ။ ဆရာသက်ကြီးရဲ့ဘ၀ဇာတ်ကြောင်းကို ဓမ္မာစရိယဦးဌေးလှိုင်ရေးတဲ့ အနာဂါမ်ဆရာသက်ကြီး စာအုပ်မှာ ဖတ်ရတာ အလွန်ကြည်ညိုစရာလည်းကောင်းသလို တရားလိုသူတို့အတွက်လည်း အားကိုးရာ မဏ္ဍိုင်ကြီးသဖွယ်ဖြစ်ခဲ့တယ်ဆိုတာ စာဖတ်ပြီး ကြည်ညိုခဲ့ရပါတယ်။ ဆရာကြီး ဆရာသက်ဟာ သူ့ဘ၀တစ်လျှောက် ပဋိပတ္တိလုပ်ငန်းကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့ရာမှာ ဝေနေယျတို့အား တရားပြရာ၌ သာမန်လူများ သိနိုင်ခဲတဲ့ အချက်အလက်တွေကို ကြိုသိနေခြင်း၊ စတဲ့ ထူးခြားတဲ့ အမြင်ရှိနေတယ်ဆိုတာ စာဖတ်ပြီး သိရကြည်ညိုခွင့်ရခဲ့ပါတယ်။ ဖြစ်နိုင်သည်မှာ သူ့ကိုယ်၌က အနာဂါမ်ရယ်လို့ တရားအဆင့်အတန်းကို တပ်ထားတာ မတွေ့ရပါဘူး၊ သူ့ရဲ့လုပ်ဆောင်ချက်တွေကို အခြေခံပြီး သူ့ပရိသတ်က ခေါ်ဝေါ်သမုတ်ခံရတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် လို့ ဖြေကြားပေးလိုက်ပါတယ်။

ပတ်ဝန်းကျင်က မြတ်ဓမ္မ (၂)

သီတင်းကျွတ်မီးထွန်းပွဲတော်ရောက်တိုင်း ဖယောင်းတိုင်းများ၊ လမ်းဘေး မီးတိုင်များတွင် မီးထွန်းငြှိရသည်မှာ ငယ်စဉ်က အလွန်ပျော် ရွှင်ခဲ့ရပါသည်။ ယခုနှစ်တွင် ဆီမီးထွန်းရသည်မှာ စာရေးသူအဖို့ ကြည်နူးရပါသည်။ ဘာ့ကြောင့်ဆိုလျှင် မြတ်စွာဘုရားသည် မယ်တော် မိနတ်သားအား အဘိဓမ္မာတရားဟောကြားပြီး ၍ တာဝတိံသာနတ်ပြည်မှ လူ့ပြည် သင်္ကဿနဂိုပြည်သို့ နတ်တို့ဖန်ဆင်းသည့် စောင်းတန်း သုံးသွယ်ဖြင့် ကြွတော်မူလာခိုက် ဆီးမီတို့ဖြင့် ပူဇော်ခဲ့ကြသည် မဟုတ်ပါလား။ မြတ်စွာဘုရားကို အာရုံပြု၍ ဆီမီးငြှိထွန်းပြီး ပူဇော်ရသောကြောင့် ပျော်ရွှင်မှုအစား ကြည်နူးမှုတို့ဖြင့် လျှံဝေခဲ့ရပါသည်။
ထွန်းထားခဲ့သည့် မီးများသည် သူ့ရဲ့ တောက်လောင်နိုင်မှုစွမ်းအားပေါ်မူတည်၍ မီးလင်းခဲ့ရ၊ မီးတောက်လောင်ခဲ့ရသော်လည်း အချိန်ကြာမြင့်မှုမရှိ၊ သိပ်မကြာမီမှာ ထွန်းထားသည့် မီးများ ငြိမ်းကုန်တော့သည်။ မီးထွန်းစဉ်က မီးယောင်တို့ဖြင့် လင်းထိန်နေကာ လူသံများဖြင့် စည်ကားနေသည့် လမ်းမကြီးသည် ယခုအခါ၌ကား မီးရောင်မရှိ မှောင်မဲမှုနှင့်အတူ တိတ်ဆိတ်နေပါတော့သည်။ ယခင်က လင်းနေသည့် မီးသည် ယခုအခါ မည်သည့်နေရာသို့ ရောက်ကုန်သနည်း။ လိုက်ရှာလျှင်လည်း ကြက်ဥကို အစရှာ၍ရဦးမည်၊ မီးကို အစရှာရန်ကား မလွယ်ကူပေ။

ထိုမီးများ ငြှိမ်းသွားသကဲ့သို့ လူများသည်လည်း တဖြုတ်ဖြုတ်ဖြင့် ပျောက်နေကြပေသည်။ လူ့ဘ၀ဆိုတာ လျှပ်စီးလက်သကဲ့သို့ ခဏတာ နေရကာ ဘ၀ကို စွန့်ခွါသွားရသည်မှာ လူသားတိုင်းပင်မဟုတ်ပါလော။ တွေးကြည့်လျှင် လူဖြစ်လာရသည့်ဘ၀သည် ကိုယ့်အလိုသို့မပါ ခန္ဓာ့အလိုသို့သာ လိုက်ပါရသည့်အပြင် မကြာမီမှာပဲ မီးငြှိမ်းသကဲ့သို့ သေဆုံးခဲ့ကြရပါသည်။ စာရေးသူတို့သည် သီတင်းကျွတ်သောအခါ ထုံးစံအတိုင်း သံဃာအချင်းချင်း ပန်ကြား၍ ပ၀ါရဏာပြုကြရာ ထိုပ၀ါရဏာပွဲက အပြန်တွင် လမ်းမပေါ်၌် လူတစ်ယောက် သွေးတွေဖြင့် လှဲနေသည်၊ အရက်မူး၍လား၊ တကယ်ပဲသေသွားပြီလား၊ ကြည့်ရသည်မှာ သေပြီဟု ယူဆရပါသည်။
သည်မြင်ကွင်းကို မြင်လိုက်ရပြန်တော့လည်း လူ့ဘ၀၏ တိုးတောင်းသော အဖြစ်ကို တွေးမိကာ သံဝေဂဖြစ်မိပါတော့သည်။ တွေးမိသည်မှာ လောကလူသားများသည် သက်ရှိ/သက်မဲ့ပစ္စည်းဥစ္စာများ ခြံရံကာ ပျော်ရွှင်မေ့လျော့နေသူများသည် သေခြင်းတရားကို တွေးမိကြမည်ဆိုလျှင် ပျော်ရွှင်နိုင်ကြပါဦးမည်လော။
သုံးရာစုနှစ်က သီရိဓမ္မာသောကမင်းကြီး၏ ညီတော် တိဿက “ သည်ရဟန်းတော်များဟာ ငါ့အစ်ကိုပေးတဲ့ အစာရေစာတွေကို မြိန်ရေယှက်ရေ စားကြပြီး ပေးထားတဲ့ အိပ်ရာတွေမှာ အိပ်ရတာ အလွန်ပျော်ရွှင်ကြမှာပဲ” ဟု ရဟန်းတော်များအပေါ် သူ့အမြင်ကို အစ်ကိုဖြစ်သည့် သီရိဓမ္မာသောကမင်းအား ပြောပြပါသည်။ ထိုအခါ သီရိဓမ္မာသောကမင်းက စိတ်ဆိုးဟန်ပြုကာ “ ဟဲ့ တိဿ….မင်းဒီနေ့ကစပြီး ငါ့ရဲ့ ထီးနန်းစည်းစိမ်ကို ခံစားရမယ်၊ ခုနှစ်ရက်ပြည့်လျှင် မင်းကို ငါကိုယ်တော်တိုင်သတ်မယ်” ဟုပြောကာ မင်းစည်းစိမ်ကို ပေးလေတော့သည်။
ထိုအခါ တိဿသည် မင်းစည်းစိမ်ကို ခံစားရသော်လည်း ခုနှစ်ရက်ပြည့်လျှင် သေခြင်းတရားကြီးကို ရင်ဆိုင်ရတော့မည်ဖြစ်သဖြင့် အဘယ်မှာလျှင် ပျော်ရွှင်နိုင်ပါမည်နည်း။ ခုနှစ်ရက်သာကုန်သွားသည်၊ ခံစားခဲ့ရသည့် မင်းစည်းစိမ်သည် ဘယ်လိုမှန်းမသိတော့ချေ်။ သို့နှင့် ခုနှစ်ရက်သို့ရောက်သောအခါ မင်းကြီးက တိဿအား “ ဟဲ့……..တိဿ ဘယ်လိုဖြစ်တာတုန်း ခန္ဓာကိုယ်ကလည်း ခြောက်ကန့်ကန့်နဲ့ ပိန်သွားလိုက်တာ ဘာဖြစ်တာတုန်း” ဟု မေးသောအခါ တိဿက “ အရှင်မင်းကြီးက သတ်မယ်ဆိုတော့ ဘယ်မှာလျှင် ပျော်ရွှင်နိုင်ပါ့မလဲ” ဟု ပြန်ဖြေပါသည်။ မင်းကြီးက “ မှန်တယ်တိဿ..သေခြင်းတရားကို သိသည့် ရဟန်းတော်များသည် ကောင်းတဲ့ဆွမ်း၊ကောင်းတဲ့အိပ်ရာတို့ကို သုံးစွဲနေရပါသော်လည်း သင့်လိုပဲ ပျော်ရွှင် နိုင်ဖို့ ခဲရင်းလှပါတယ်” ဟု သေခြင်းတရားနှင့်ပတ်သက်၍ ညီတစ်ကိုယ်နှစ်ဦး၏ အမေးအဖြေကို စာပေ၌ ဖတ်ရှုရပါသည်။
မည်သည့်နေရာမဆို ကြည့်တတ်မြင်တတ်ရင် ပတ်ဝန်းကျင်မြင်သမျှတို့သည် တရားချည်းပါပဲလား၊ ပတ်ဝန်းကျင်က ကိုယ့်ကိုယ် တရားဟောနေပါလား ဆိုသည်ကို သိမြင်ကာ တရားသံဝေပွားနိုင်ကြမည်ဆိုပါရင် အလွန်ကောင်းသော တရားနာခြင်းတစ်မျိုးဖြစ်ပေ လိမ့်မည်။ မှန်ပါသည် ပတ်ဝန်းကျင်ကို လောဘမျက်စိ၊ဒေါသမျက်စိဖြင့်ကြည့်လျှင် လောက၏ဓမ္မများသည် အဓမ္မ အသွင်ဆောင်နေပါသည်။ ထိုသို့မဟုတ်မူ၍ ပတ်ဝန်းကျင်ကို ဓမ္မမျက်စိဖြင့် ကြည့်တတ်လျှင် လောက၏ဓမ္မများသည် ဓမ္မအသွင်ဆောင်နေပါတော့သည်။ သတိဖြင့်ကြည့်တတ်ဖို့ သာလိုပါသည်။
တစ်ခါက စာရေးသူ၏ ထမင်းစားဖိတ်သည့်အတွက် ဦး…………..သည် ကျောင်းသို့ ရောက်လာပါသည်။ သူ့အား စာပေနှင့်ပတ်သက်သည့် အကြောင်းအရာတစ်ချို့ကို တိုင်ပင်ပြောဆိုဆွေးနွေးရာ ထိုသူ့ထံမှ ပြောလာသောစကားများသည် ကြားရသူအဖို့ စိတ်ဓါတ်တွန့်ဆုတ်ဖွယ်ရာများသာ ဖြစ်နေ၍ စိတ်မကောင်းဖြစ်ခဲ့ရချေသည်။ အမှန်စင်စစ် ထိုသူသည် စာပေနှင့်ပတ်သက်၍ စကားများ ပြောလာပါသော်လည်း တစ်ဖက်သား၏ အောင် မြင်မှုကို မုဒိတာမပွားနိုင် ဖြစ်နေသည်မှာ စာရေးသူသာမက အနီးရှိ ကြားရသည့် လူများလည်း သိနေကြပါသည်။ ထိုအခါ စာရေးသူသည် ပတ်ဝန်းကျင်ကို ဓမ္မမျက်စိဖြင့် ကြည့်မိသည်၊ “အော်…..သူသည်လိုဖြစ်နေတာ အလွန်စိတ်ဆင်းရဲမှာဘဲ ၊ သူဖြစ်သလိုမျိုး ကိုယ့်သန္တာန်ဖြစ်မယ်ဆိုရင် ကိုယ်လည်း ပင်ပမ်းမှာပဲ” ဟု တွေးမိသောအခါ သူ့အပေါ်အပြစ်မမြင်ရက်သည့်အပြင် သနား၍ပင် သွားရချေသည်။ ပတ်ဝန်းကျင်က ဟောပြနေသည့် တရားများသည် နာယူ၍ပင် မကုန်နိုင်ရှိချေတော့သည်။
တစ်နေ့သ၌…..
ပုလောမှ ဆရာတော်တစ်ပါးသည် စာရေးသူတို့ ကျောင်းသို့ ကိစ္စတစ်ခုဖြင့် ရောက်လာရာ စာရေးသူက ထိုဆရာတော်အား “အရှင်ဘုရား…ဒေါ်ကုသလ၀တီ သတင်း ဘာများကြားပါသလဲဘုရား…..နွေရာသီက တပည့်တော်ဆီရောက်လာပါတယ်၊ သူ့မှာ ကုလို့မရတော့တဲ့ ကင်ဆာရောဂါ ဖြစ်နေပြီလို့ ပြောပါတယ်ဘုရား၊ သူ့အခြေအနေကို အရှင်ဘုရားများ သိနိုင်ပါသလားဘုရား” ဟု မေးလျှောက်သောအခါ ဆရာတော်က “ ဦးဇင်း…..ဒီသီလရှင် ယခုဝါမ၀င်မှီ လေးကမှ ဆုံးသွားတာပါ၊ သူအသက်ထွက်တာ အတော်ကိုညင်သာပါတယ်ဘုရား…၊ ပြီးတော့ သည်ဆရာလေးက အလွန်ရိုးသားတယ်ဘုရား..၊ သူဟာ အရင်က အထက်တန်းပြကျောင်းဆရာမဘုရား.. ကျောင်းဆရာအလုပ်ကို အငြိမ်းစားယူတော့မယ်၊ ထိုအတွက် ဆေးရုံမှာ သုံးညတက်အိပ်ပေးရပါမယ်။ သို့မှသာ ပင်စင်ရနိုင်ဖွယ်ရှိပါတယ် လို့ မိတ်ဆွေတချို့က အကြံပေးလာကြပါတယ်။ သူမက ဆေးရုံတွင် အနာရောဂါမရှိဘဲ သုံးရက်တက်အိပ်ရမည်ဆိုပါက ကျောင်းဆရာပင်စင် အတွက် ငွေကို လိမ်၍ ယူသလိုဖြစ်နေပါတယ်။ ဒီလိုတော့ မလုပ်နိုင် ပင်စင်မရချင်နေပါစေ ဟုဆိုကာ ကျောင်းဆရာမအလုပ်မှ အပြီးအတိုင် ထွက်ခဲ့ပါတယ်ဘုရား…ရိုးသားတဲ့နေရာမှာတော့ စံနမူနာယူထိုက်လှပါတယ်ဘုရား” ဟု စာရေးသူအား ပြောပြပါသည်။

စာရေးသူ၏ စိတ်ထဲတွင် ထိုသီလရှင်ဆရာလေး ဒေါ်ကုသလ၀တီ၏ ပုံရိပ်လွှာကို တဖြည်းဖြည်း ထင်ဟပ်လျှက် ပေါ်လွင်လာပါတော့သည် သူမသည် သဒ္ဓါတရားအလွန်ကောင်းသူလေး ဖြစ်သည့်နှင့်အညီ တရားအားထုတ်ရာတွင်လည်း ကြိုးစားအားထုတ်ရှာသည်။ နှစ်စဉ်ဆိုသလို စာရေးသူတို့ကျောင်းတွင် တရားအားထုတ်ဖြစ်သည်က များပါသည်။
စာရေးသူတို့ကျောင်းတွင် နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူး စုဗူးအလှူတော် အစီအစဉ်ဖြင့် စုဗူးအလှူရှင်များအား ဒုလ္လဘမဲဖေါက်ကာ ရဟန်း/သာမဏေ/သီလရှင်များ နှစ်စဉ် တစ်ရာကျော်ခန့် ပြုလုပ်ပါသည်။ လွန်ခဲ့သည့်ငါးနှစ်ခန့်က စုဗူးမဲဖြင့် သီလရှင် ပြုလုပ်သူများအနက် တစ်ယောက်သောသူသည် ကျောင်းဆရာမဘ၀မှ သီလရှင်ပြုလုပ်လာသူဖြစ်သည်။ သူ့နာမည်ကိုလည်း ဒေါ်ကုသလ၀တီ ဟု နာမည်ပေးခဲ့ပါသည်။ သူမသည် ကျောင်းဆရာမဘ၀တွင် စာအသင်ပြကောင်းသဖြင့် ကျူရှင်ဆရာဘ၀ဖြင့် အသက်မွေးကာ ၀င်ငွေအထူးကောင်းမွန်သည့် အောင်မြင်သော ဆရာမတစ်ယောက်ဖြစ်ပါသည်။ ထိုသို့ဝင်ငွေကောင်းနေရာက ရုတ်တရက် သီလရှင်ဘ၀ရောက်သွားရသည့်အကြောင်းကို ယခုတိုင် သူမကို သိသော လူတိုင်းအံသြမဆုံး ရှိနေပေသေးသည်။ အမှန်စင်စစ် ဆရာလေးကား အေးရိပ်ချောင်မဟာစည်ရိပ်သာ ဆယ်ရက်တရားစခန်းများကို မကြာခဏ ၀င်ရောက်တရားအားထုတ်ရာကနေ သီလရှင်ဘ၀သို့ ရောက်သွားရခြင်း ဖြစ်ပါတယ်။
သို့နှင့်၂၀၀၈ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဒေါ်ကုသလ၀တီသည် စာရေးသူတို့၏ ရိပ်သာသို့ ရောက်ရှိလာကာ သူ့တွင် ကင်ဆာရောဂါ ဖြစ်နေပါပြီ၊ အရှင်ဘုရားတို့ ရိပ်သာမှဲာ တရားအားထုတ်ပါရစေ၊ ဒီမှာ တပည့်တော် တရားအားထုတ်ရင်းနဲ့ သေချင်သေပါစေတော့ တပည့်တော်ကို နေခွင့်ပြုပါ ဘုရား…..” ဟု လျှောက်ထားလာသောကြောင့် “ ဆရာလေး……လူဆိုတဲ့အမျိုးဟာ တစ်နေ့မဟုတ်တစ်နေ့ သေလောက်တဲ့ ရောဂါစွဲကပ်၍ ဖြစ်စေ၊ ရောဂါမရဘဲ ရုတ်တရက်ဖြစ်စေ သေကြရမဲ့ သေမျိုးချည်းပဲလေ၊ ဆရာလေးအပါအ၀င် ဦးဇင်းတို့အားလုံးဟာလည်း ဒီပုတ်ထဲက ဒီပဲတွေ ဆိုတော့ တစ်နေ့ ဒီလမ်းကို အနှေးနဲ့ အမြန် သွားကြရမှာ၊ အားငယ်စရာ၊ တုန်လှုပ်စရာမလိုပါဘူး၊ ဆရာလေးမှာ ၀ိပဿနာအားထုတ်ထားတဲ့ အလေ့အကျင့် တွေ အများကြီး ရှိထားတာပဲ၊ တရားပဲ ကြိုးစားအားထုတ်ပါ။ သေရင်လည်း တရားနှင့် သေရတာက ပိုမြတ်ပါတယ်…ဆရာလေး …စိတ်ချမ်းသာသလို နေနိုင်ပါတယ်၊ အေးရိပ်ချောင်ဆိုတာ တစ်ခြားကျောင်းမှ မဟုတ်တာ ဆရာလေး နေချင်သလောက် နေလို့ရပါတယ်” ဟု နေခွင့်ပေးလိုက်ပြီးနောက် ဆရာလေးသည် တစ်ခြားယောဂီများနှင့်မတူ တရားကို ကြိုးစားအားထုတ်သွားခဲ့ပါသည်။ အရက်အနည်းငယ်ကြာသောအခါ နေရပ်ခဏပြန်ပါဦးမည် ဟုဆိုကာ နေရပ်ပြန်သွားခဲ့ရာက ယခုလို ဆရာတော်၏ ပြောပြချက်အရ သိရပါတော့သည်။
ဆရာလေး ဒေါ်ကုသလ၀တီကဲ့သို့ တစ်ခြားသူတွေရော စာရေးသူတို့အပါအ၀င် လောကထဲသို့ တဖြုတ်ဖြုတ်နှင့် ရောက်ရှိလာကာ မကြာမှီ လောကထဲမှ တဖြုတ်ဖြုတ်နှင့် ပျောက်ဆုံးသွားခဲ့ကြပေသည်။ တွေးကြည့်လျှင် တံလျှပ် ကဲ့သို့ တရိပ်ရိပ်နှင့် ဖြစ်ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေပါသည်။ ပတ်ဝန်းကျင်က မိမိအား တရားပြနေခြင်းပင်၊ စာဖတ်သူများလည်း ပတ်ဝန်းကျင်ကို ကြည့်တတ်မြင်တတ်လျှင် (ဓမ္မ)တရားချည်းသာ ဖြစ်ပါလိမ့်မည်။ အကယ်၍ မကြည့်မမြင်တတ်ဖူးဆိုပါက (အဓမ္မ) မတရား ဖြစ်သွားပါလိမ့်မည်။
တစ်နေ့သ၌ ရွှေကုန်သည် ဇနီးမောင်နှံနှစ်ဦးသည် စာရေးသူထံသို့ ရောက်ရှိခဲ့ပါသည်။ သူတို့သည် စာရေးသူအား လှူဖွယ်ဝတ္ထုများ လှူဒါန်းပြီးသောအခါ ခင်ပွန်းဖြစ်သူက “ အရှင်ဘုရား….တပည့်တော်တို့က ရောက်တဲ့အရပ်မှာ အလှူအတန်းတော့ အမြဲ ပြုလုပ်ဖြစ်ပါတယ် ဘုရား..ဒါပေမယ့် ကိုယ်တိုင် မကျင့်နိုင်သေးဘူးဘုရား…” ဟု ပြောလာပါသည်။ စာရေးသူက “ ဒကာကြီး…ဘာပြုလို့ မကျင့်နိုင်သေးရတာလဲ” မေးသောအခါ သူက “ တပည့်တော်က တရားအားထုတ်ချင်ပါတယ်ဘုရား..ဒါပေမယ့် ဒီသမီးလေးက ရှိသေးတော့ တပည့်တော်တို့ချည်းအားထုတ်ရင် တကိုယ်ကောင်းဆန်ရာ ကျမှာစိုးလို့ပါဘုရား..၊သမီးလေး ကြီးလာမှပဲ အားထုတ်တော့မယ်ဘုရား” ဟု စာရေးသူ အား လျှောက်ထားလာပါသည်။
သူတို့၏ စကားကြောင့် စိတ်ထဲ ဆန်းသလိုလိုပင်၊ တရားအားထုတ်ဖို့တောင်မှ သမီးလေးကို ငှဲ့ရဦးမယ်ဆိုပါလား၊ လေးတန်းကျောင်းသူအရွယ် သမီးလေးကို ငှဲ့သည်ဆိုရာဝယ် “သမီးလေးတစ်ယောက်ထဲရှိတာ ဒီလိုပဲလျစ်လျူရှုရသလား” ဟု ပတ်ဝန်းကျင်၏ ကဲ့ရဲ့ပြောဆိုမှု ဒါဏ်ကို ခံရမှာစိုးလို့လား၊ သမီးလေးကိုပဲ စိတ်မချလို့များလား၊ လားပေါင်းများစွာ………
အကယ်၍ သမီးလေးကို အမှန်တကယ် ငဲ့သည်ဆိုစေဦးတော့ တစ်နေ့ကျ ကိုယ့်သမီးက ကိုယ့်ကို ပြန်ငဲ့မှာလား၊သမီးလေး အရွယ်ရောက်သည်အထိ ဒို့များ လူ့လောကမှာ ရှိနေဦးမည်လား၊ အကယ်၍ ရှိသည်ဆိုစေဦးတော့ တရားအားထုတ်ဖြစ်ပါ့မလား၊ သို့မဟုတ်လုပ်ငန်း တွေ ဒီထက်ပို၍ တိုးချဲ့ကာ အလုပ်လုပ်နေမည်လား၊ တစ်ခုတော့ရှိသည် နောင်ဖြစ်လာမည့်အရာများသည် မရေရာ မသေချာသည်ကား အမှန်ပင် ဖြစ်ပါသည်။
စာရေးသူနှင့်အလွန်ရင်းနှီးသည့် လူချမ်းသာစာရင်းဝင် ဒကာတစ်ဦးက တစ်နေ့၌ စာရေးသူအား “ အရှင်ဘုရား…တပည့်တော်နောင်ငါးနှစ် ဆိုရင် အလုပ်တွေ ဖြတ်ကာရိပ်သာမှာနေပြီးတရားပဲအားထုတ်တော့မယ်ဘုရား” ဟု ပြောလာပါသည်။ သို့သော် နောက်ငါးနှစ်ကြာလျှင် အလုပ်တွေ ဖြတ်တော့မည်ဆိုသည့်ဒကာကြီးသည် ငါးနှစ်ကြာသောအခါ လုပ်လက်စ အလုပ်များ မပြတ်နိုင်သည့်အပြင် လုပ်ငန်းကို အံ့သြလောက်အောင် တိုးချဲ့ထားတာတွေ တွေ့ရှိရပါသည်။ ဤအကြောင်းအရာအတိုင်းဆိုလျှင် တွေးထင်ထား သည့် အနာဂတ်အကြောင်းအရာများသည် မသေချာ မရေရာသည့် အရာက များလှသည်မှာ ထင်ရှားလှပါသည်။
ထို့ကြောင့်ပင် မြတ်စွာဘုရားက ယနေ့လုပ်ရမည့်အလုပ်ကို နက်ဖြန်သဘက် ရက်မရွှေ့နေပါနှင့်၊ ယခုလုပ်ရမည့်အလုပ်ကို ယခုပင်လျှင် လုပ်လိုက်ပါတော့၊ ဘာကြောင့်ဆိုလျှင် သေမင်းက ဘယ်အချိန်မှာ ခေါ်မည် ခေါ်သည့်အခါတွင် မလိုက်လိုသေး၊ မည်သည့်အခါမှ လာခေါ်ပါ ဟူ၍ လက်ဆောင်ပေးပြီး အချိန်းအချက် ပြုလုပ်၍လည်း မရနိုင်သောကြောင့် ဖြစ်သည်။ အော်….တွေးတောတတ်၊ မြင်တတ်လျှင် ပတ်ဝန်းကျင်မှာ တရား(ဓမ္မ) ချည်းပါပဲလား၊ ပတ်ဝန်းကျင်ွက ငါတို့ကို အမြဲမပြတ် တရားဟောကြားနေပါလား ဆိုသည်ကို တွေးတောနေရာမှ……..လူသားများ ပတ်ဝန်းကျင်က တရား(ဓမ္မ)များကို နာကြားနိုင်သူများ ဖြစ်ကြပါစေ ဟု ဆန္ဒပြုရင်း …….

Thursday, October 16, 2008

ချမ်းသာစွာနေလိုလျှင်

လူသားတိုင်းသည် ချမ်းသာတာကို ပိုင်ဆိုင်ချင်သည်၊ခံစားချင်ကြပါသည်၊ ဆင်းရဲသည့် ပိုင်ဆိုင်မှုကြီးကိုတော့ ဘယ်သူမှ မလိုချင်ကြ၊ မရင်ဆိုင်ချင်ကြပေ၊ လောကမှာ ချမ်းသာမှုကို ပိုင်ဆိုင်နေကြသည့် လူသားများ ရှိကြပါသည်၊ ကမ္ဘာ့သူဌေးစာရင်းဝင်တဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဆယ်ယောက်ကို လေ့လာကြည့်လျှင် သူတို့ရဲ့ချမ်းသာမှုသည် ပစ္စည်းဥစ္စာကို အခြေခံသည့် ချမ်းသာမှုမျိုးကို ပိုင်ဆိုင်သည့် သူများသာ ဖြစ်သည် ဟု ခန့်မှန်း၍ ရပါသည်။
သည်လိုပစ္စည်းဥစ္စာပေါများရုံနှင့် ချမ်းသာသွားပြီလော၊ ကမ္ဘာက အချမ်းသာဆုံး စာရင်းထဲတွင် သတ်မှတ်ခံထားရသည် ဆိုပေမယ့် ကိုယ်ကိုယ်တိုင် က တကယ်လည်း ချမ်းသာရဲ့လား ဆိုတာကို ကိုယ့်ကိုယ်တိုင်လည်း လေ့လာသုံးသပ်ဖို့လိုသလို စာဖတ်သူများလည်း “ ငါဟာ တကယ်ချမ်းသာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီလား” ဟု ကိုယ့်ကိုယ်ကို လေ့လာဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်၊ သို့မှသာလျှင် မိမိဘ၀၏ အဖြူအမဲ ကွဲပြားနိုင်မည်။ ချမ်းသာလား၊ဆင်းရဲလား ဆိုသည်ကို မိမိကိုယ်ကို လေ့လာဆန်းစစ်မှု မရှိသည့် လူတစ်ယောက်သည် အလွန်ရင်နာဖို့ ကောင်းလှပါသည်။

လောကတွင် ပစ္စည်းဥစ္စာပေါ၍ ချမ်းသာမှုနှင့် ပစ္စည်းဥစ္စာမပေါသော်လည်း စိတ်ချမ်းသာမှု နှစ်မျိုး ခွဲ၍ ရပါသည်။ သည်နှစ်မျိုးမှာ ဥစ္စာပေါသည့် ချမ်းသာမှုသည် တကယ့်ချမ်းသာအစစ်မဟုတ်ပေ၊ တကယ့်ချမ်းသာအစစ်ကား စိတ်ချမ်းသာမှုပင် ဖြစ်ပါသည်။ တဖန် စိတ်ချမ်းသာမှုကို လေ့လာကြည့်လျှင်လည်း မည်သည့်အတွက်ကြောင့် စိတ်ချမ်းသာရသလဲ၊ လိုချင်သည့် အရာကို ရရှိသည့်အခိုက်တွင် ၀မ်းပမ်း တသာဖြစ်ကာ စိတ်ချမ်းသာရပါသည်။ ထိုချမ်းသာမှုသည် တဒင်္ဂပဲ ဖြစ်မည်။ လိုတာရ၍ ချမ်းသာသည်ဆိုလျှင် ထိုသူသည် လိုတာ မရလျှင် စိတ် ဆင်းရဲပေတော့မည်။ ထို့ကြောင့် လိုတာရ၍ ချမ်းသာခြင်းသည် စစ်မှန်သည့် ချမ်းသာမှုမျိုး မဟုတ်သည်ကား သေချာလှပါသည်။
လူ၊နတ်များသည် လိုချင်တာရလျှင် ၀မ်းသာသည်၊ လိုချင်တာမရလျှင် စိတ်ဆင်းရဲနှလုံးမသာဖြစ်တတ်ကြသည် ဤအရာများကို ကိလေသာလို့ခေါ်သည်၊ ထိုတရားများ ဖြစ်ပေါ်ပြီဆိုလျှင် စိတ်ချမ်းသာမှု မရှိတော့ပေ။ ကိလေသာအရောင်ဆိုးထားသည့် စိတ်သည် ရှုပ်ထွေးနေပါသည်။ စိတ်ရှုပ်ထွေးနေလျှင် ချမ်းသာသည့်ပုဂ္ဂိုလ်ဟု မဆိုနိုင်တော့။ ထို့ကြောင့် ကမ္ဘာပေါ်တွင် ချမ်းသာသည်ဟု သမုတ်ခံရပါ သော်လည်း လိုချင်မှု၊နှလုံးမသာမှုများဖြင့် ရောထွေးနေလျှင် ကမ္ဘာ့အဆင်းရဲဆုံးလူသား ဟု ပြောရချေတော့မည်။
မြတ်စွာဘုရားသက်တော်ထင်ရှား ရှိစဉ်က တာဝတိံသာအုပ်ချူပ်ရသော သိကြားမင်းဟာ သူ့ကိုယ်သူ သိကြားမင်းအဖြစ်မှ စုတေရတော့မှာကို သိလိုက်ရသည်။ သိကြားမင်းသည် သူ စုတေ(သေ)တော့မည်ကို မည်သို့ ကြိုတင် သိနိင်သနည်း၊ သိကြားမင်းနည်းတူ ကြိုတင်သိနိုင်သည့် အရာများ ရှိပါသည်။ ၄င်းတို့မှာ နတ်တို့၏ ပုဗ္ဗနိမိတ်ငါးမျိုး ဖြစ်ပါသည်။
(၁)။ ။နတ်တို့ခန္ဓာကိုယ်၌ တန်ဆာဆင်ထားသည့် နတ်ပြည်၌ဖြစ်သည့် နတ်ပန်းများသည် ထူးဆန်းစွာ ညိုးလာသည်ကို တွေ့ရတတ်ပါသည်၊ နတ်ပန်းများသည် မည်သည့်အခါမှ ညိုးသွားခြင်း မရှိပေမယ့် နတ်တို့ သေတော့မည်ဆိုလျှင် အလိုလိုနေရင်းကနေ ညိုးနွမ်းသွားပါသည်။
(၂)။ ။နတ်တို့မှာ ၀တ်ဆင်ထားသည့် အ၀တ်(နတ်ဝတ်တန်ဆာ)တွေဟာ မည်သည့်အခါမှ ညိုးနွမ်းသွားခြင်း မရှိပေမယ့်၊ နတ်တွေ စုတေ (သေ)ခါနီးပြီဆိုလျှင် သူတို့ကိုယ်၌ ၀တ်ဆင်ထားသော အ၀တ်များသည် အလိုလို ညိုးနွမ်းလာရပါသည်။
(၃)။ ။လက်ကတီး(ဂျိုင်း)ကြားက မထွက်စဖူး ချွေးတွေလည်း ထွက်လာပါတော့သည်။
(၄)။ ။ နတ်ပြည်တွင် စတင်ဖြစ်ပေါ်လာသည့် နတ်တို့ခန္ဓကိုယ်သည် မည်သည့်အချိန်၌ဖြစ်စေ တစ်ခြောက်နှစ်အရွယ်မှာပဲ ရှိနေပါသည်။ နတ်ပြည်တွင် အိုမင်းသည့်နတ်များ မရှိပေ။ ဒါပေသည့် စုတေ(သေ)ခါနီးကျတော့ တဖြည်းဖြည်း အိုမင်းရင့်ရော်လာကာ အရွယ်ကြီးရင့်သည့် အိုမင်းမစွမ်းဖြစ်သည့် လူကြီးတစ်ယောက် အသွင် ဖြစ်လာချေသည်။
(၅)။ ။ နတ်ပြည်မှာ ပျော်ရွှင်စရာများသည့်အတွက် မည်သည့်အခါမျှ ပျင်းရိမှု မရှိပေ။ သေခါနီးပြီဆိုလျှင်တော့ အလိုလိုနေရင်း ပျင်းရိငြီးငွေ့ကာ မပျော်ပိုက်သလို ခံစားလာရပါသည်။ သည် ပုဗ္ဗနိတ်ငါးမျိုး စတင် ဖြစ်ပေါ်သည့် ရက်မှ နောက် ခုနှစ်ရက်မြောက်နေ့မှာ နတ်များဟာ စုတေ(သေ)ကြရသည်။ ဤသို့ဖြင့် နတ်များသည် မိမိကိုယ်ကို စုတေ(သေ)တော့မည်ကို ကြိုတင်သိကြရပေသည်။
ယခုလည်းသိကြားမင်းသည် စုတေ(သေ)တော့မယ်ဆိုတာကို ကြိုတင်သိရှိသည့်အတွက် သူ၏ စည်းစိမ်တွေကို စွန့်ခွါရရင် တစ်ခြား သိကြားမင်းတစ်ဦးက ငါ့၏နေရာကို ရောက်လာတော့မည် ဆိုပြီး သူ့နေရာကို သူတစ်ပါးအား မပေးချင်သည့်အတွက် ပူပန်နေရပါသည်။ နောက်တစ်ချက်က ကိုယ်ကလွဲ၍ တစ်ခြားတစ်ယောက်ကို သိကြားမင်း မဖြစ်စေချင်ဘူး။ သူတစ်ယောက်ထဲပဲ သိကြားမင်းနေရာကို ပိုင်ဆိုင်ချင်သည် ယခု သေရတော့မည်ဆိုသဖြင့် သိကြားမင်းအဖြစ်ကို စွန့်လွတ်ရမှာစိုးသည့်အတွက် ပူပန်နေရပါသည်။ သည်လိုနှင့် စိတ်နှလုံးပူပန်ပြီး ဆင်းရဲနေရပါသည်။ သိကြာမင်းက “ ငါရဲ့နေရာကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူး၊ ဒါပေမယ့် ငါသေရတော့မယ်၊ ငါဘယ်လို လုပ်ရမလဲ၊ ငါ့ရဲ့ စိတ်နှလုံးပူပန်မှုတွေကို ဘယ်သူဖြေရှင်းပေးနိုင်မလဲ၊ ငါ့ရဲ့အပူတွေကို လောကမှာ မြတ်စွာဘုရားမှတစ်ပါး အဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး၊ ဘုရားရှင်ထံ အခုပဲသွားမယ်” ဆိုပြီး သိကြားမင်းသည် ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမီ တာဝတိံသာမှ လူ့ပြည်ရှိ မြတ်စွာဘုရားထံ ရောက်လာခဲ့ပါသည်။
ထိုအခါ သိကြားမင်းက “ မြတ်စွာဘုရား….လူနတ်တို့ဟာ ဘေးရန်ကင်းကွာ ချမ်းချမ်းသာသာ နေလိုကြပါတယ်ဘုရား၊ သို့သော်လည်း လူနတ်များဟာ ဘေးဒုက္ခများနဲ့ ကြုံတွေ့ကာ ဆင်းရဲနေကြရပါတယ်ဘုရား၊ ထိုဆင်းရဲတွေကင်းပျောက် ချမ်းသာရောက်အောင် ဘယ်လို လုပ်ရမယ်ဆိုတာ လမ်းညွန်ပြတော်မူပါဘုရား” ဟု လျှောက်ပါသည်။
ထိုအခါ မြတ်စွာဘုရားက “ အသင်သိကြားမင်း…လူ၊နတ်အများဟာ ဘေးဒုက္ခများနှင့်တွေ့ကြုံရပြီး ဆင်းရဲရတယ်ဆိုတာ သူတစ်ပါး ကောင်းစားနေတာကို မနာလိုတဲ့ ဣဿာ၊ ကိုယ်ပိုင်ဆိုင်သည့်အရာတွေကို သူတစ်ပါးအားပေးရမှာ နမြောတွန့်တိုနေတဲ့ မစ္ဆရိယ တရားတွေ ကြောင့်ဖြစ်တယ်” စသည့် တရားတော်များကို ဟောတော်မူခဲ့ပါတယ်။ အဲဒီအချိန် သိကြားမင်းကလည်း ခန္ဓာဥာဏ်စိုက် တရားရှုမှတ်သောကြောင့် တရားဒေသနာအဆုံးတွင် သိကြားမင်းသည် သောတာပတ္တမဂ်ဖိုလ်ကိုရပြီး သောတာပန်တည်သွားခဲ့ပါသည်။
သိကြားမင်းသည် အရိယာဖြစ်သောအခါ တရားမနာမှီအချိန်က ဖြစ်ပေါ်ခဲ့သည့် ဣဿာ မစ္ဆရိယတရားတွေကိုလည်း အပြီးအတိုင်ပယ်သတ်ပြီးဖြစ်ကာ ချမ်းသာသည့်အဖြစ်သို့ ရောက်ရှိသွားပါတော့သည်။
သည်လိုသောတာပန်ဖြစ်ပြီး သည်နှင့် သိကြားမင်းသည် နေရာတွင်ပဲ စုတေ(သေ)ပြီး၊ ချက်ခြင်းပဲ သိကြားမင်းပြန်ဖြစ်ခဲ့ပါသည်။ ထိုဖြစ်ရပ်ကို ဘုရားရှင်နှင့် သိကြားမင်းသာလျှင် သိလိုက်ပါသည်။ တစ်ခြားမည်သူမှ မသိခဲ့ပေ။ ထိုဖြစ်ရပ်ကဲ့သို့ လောကလူသားများ အလွန်ကြောက်သည့် သေဘေးတို့ကို မကြာမီတွေ့ကြုံ ရင်ဆိုင်ကြရပေတော့မည်။ သည်လိုအချိန်မျိုးမှာ မည်သို့ ရင်ဆိုင်မလဲ၊ ဂယောင်ခြောက်ချား စိတ်တွေ (upsat) လှုပ်ရှားနေမည်လား၊ ကြောက်ရွံ့အားငယ်နေမည်လား၊ စိတ်ဓါတ်ကျဆင်းနေမည်လား၊ ထိုသို့ ဖြစ်ခဲ့မည် ဆိုပါလျှင် စာဖတ်သူအတွက် လူ့ဘ၀ကျင်လည်ခဲ့ရသည်မှာ အဓိပ္ပါယ်မရှိလှပေ။
တစ်ခါက စာရေးသူတို့ ရိပ်သာတွင် အမျိုးသမီးယောဂီ တစ်ဦး ရောက်ရှိလာပါသည်။ သူ့နာမည်က မမေသူ …ဖြစ်ပါသတဲ့။ (၁၀)ရက် တရားစခန်းအတွင်း ထိုယောဂီသည် သူ့တွင်စွဲကပ်နေသည့် ကင်ဆာရောဂါ၏ နှိပ်စက်မှုဒါဏ်ကြောင့် အော်ဟစ်ငြီးညူကာ အလူးအလဲ ခံခဲ့ရပါ သည်။ ရောဂါနှိပ်စက်မှုကြောင့် ညဖက်တွင် တစ်ညလုံး အိပ်ရသည်ဟု မရှိပေ။ သို့နှင့် တရားစခန်းသာ ပြီးသွားပါသည်။ ဒုတိယ(၁၀)ရက်တရားစခန်းပြန်ဝင်နိုင်ရန်အတွက် စာရေးသူက သူမအား အားပေးတိုက်တွန်း စကား ပြောကြားရာ ဒုတိယအကြိမ် တရားစခန်းပြန်ဝင်နိုင်ခဲ့ပါသည်။ ဒုတိယအကြိမ်တွင် ပထမအကြိမ်လို မဟုတ်တော့၊ ရောဂါ၏ ဒါဏ်ကို အနည်းငယ် ခံနိုင်ရည်ရှိလာကာ တရားရှုမှတ်ရသည်မှာ အဆင်ပြေမှုရှိလာပါသည်။
ယုံကြည်မှု အတော်အတန်ရှိလာက တတိယပတ် တရားစခန်းတွင် တရားပြန်၍ ရှုမှတ်ခဲ့ပါသည်။ သူမက “ အရှင်ဘုရား….တပည့်တော် ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ ရောဂါ အတော်ကို သက်သာသွားပါပြီဘုရား၊ တပည့်တော် သည်ရောဂါကို ရန်ကုန်မှာ သွားရောက်ကုသခဲ့ပါတယ်၊ ဆရာဝန်က မရတော့ဘူး ဆိုတဲ့အတွက် တပည့်တော် စိတ်လျှော့ပြီး ဘိတ်(မြိတ်)ကို ပြန်ခဲ့ပါတယ်ဘုရား၊ ယခုတော့ တပည့်တော် ရောဂါဟာ မပျောက်သေးပေမယ့်၊ အလွန်သက်သာတဲ့ အနေအထား ရောက်နေပါပြီဘုရား၊ တရားစခန်းစ၀င်တုန်းက တစ်ညလုံးပေါက် အော်ဟစ်ခဲ့ရပါတယ်၊ အခုတော့ ရောဂါမခံစားရတော့ တရားအများကြီး ရှုမှတ်နိုင်လာပါတယ်ဘုရား၊ တရားရှုမှတ်မှုကို ဆက်ပြီး ကြိုးစားသွားမယ် လို့ တပည့်တော်ဆုံးဖြတ်ထားပါတယ်ဘုရား၊ အရင်တုန်းက သေခြင်းတရားကြီးနဲ့ ရင်ဆိုင်ရဖို့အတွင် အလွန်ကြောက် လန့်မိပေမယ့် ယခုတော့ သေဖို့မကြောက်တော့ပါဘူးဘုရား၊ တပည့်တော် သေမယ်ဆိုတာတောင်မှ သေပျော်ပါပြီဘုရား” ဟု ၀မ်းသာအားရ စာရေးသူအား လျှောက်ထားလာသောအခါ သူမအတွက် အလွန်ဝမ်းမြောက်ပီတိ ဖြစ်ခဲ့ရသည်ကားအမှန်ပင်၊ သို့သော် ထိုပီတိကား တာရှည် ဖြစ်ခွင့်မရလိုက်ပေ။ အကြောင်းကား….
တစ်နေ့သ၌ ထိုကင်ဆာရောဂါသည်အမျိုးသမီးက “ အရှင်ဘုရား…တပည့်တော် ရောဂါလည်း အတော်ကောင်းနေပြီဘုရား၊တပည့် တော် အိမ်ကို ခဏပြန်ချင်ပါသေးတယ်၊ တပည့်တော်ကို ပြန်ခွင့်ပြုပါဘုရား” ဟု လျှောက်ထားလာသောအခါ စာရေးသူက “ အိမ်ပြန်မယ်ဆို လည်း ခေတ္တခဏလောက်ပဲ ပြန်ပါနော်၊ ရပ်ကွက်လူနေအိမ်ကြားထဲနေရတာဆိုတော့ ချက်ပြုတ်ကျော်လှော်တဲ့ အညှော်နံ့များ ရှူရှုက်မိရင် ရောဂါပြန်ကြွနိုင်တယ်နော်၊ သည်တစ်ခါ ရောဂါပြန်ကြွရင် မလွယ်တော့ဘူး၊ အကြားကြီးမနေနဲ့ တစ်ရက်နှစ်ရက်နေပြီး ပြန်လာခဲ့” ဟု ပြောလိုက်ပါသည်။ ပြောသာပြောလိုက်ရပါသည်။ စာရေးသူ၏ စိတ်ထဲသိပ်အားမရလှ၊ လူဆိုသည်မှာ တစ်ခုခု(ဘေးဒုက္ခ) ကြုံမှ ဘုန်းကြီးကျောင်းကို သတိရတတ်ပါသည်။ သက်သာရာရပြီဆိုလျှင် အိမ် ကို ပြန်သတိရသည်က လူ့ ဓမ္မတာပဲ ဖြစ်မည်ထင်ပါသည်။
ယခုလည်း မမေသူ သည် ခါတိုင်းလို ဆေးလည်းမစားရတော့ဘဲ ရောဂါက အလွန်သက်သာသည့် အနေအထားရှိနေပြီမို့ အိမ်ကို ပြန်သတိရသည်မှာလည်း မဆန်းပေ။ သို့နှင့် သူမသည် ၁..၂..၃…၄…၅ ရက် မပေါ်လာ၊ သို့နှင့် အချိန်အားဖြင့် နှစ်လခန့် ကြာမြင့်သောအခါ..
တစ်နေ့တွင် စာရေးသူတို့ နေ့ဆွမ်းဘုဉ်းပေးပြီး အနားယူခိုက် နေ့လည် (၁၂)နာရီခန့်တွင် အသက်အားဖြင့် ၂၅ နှစ်အရွယ်ခန့် အမျိုးသမီးတစ်ဦးသည် ကျောင်းပေါ်သို့ တက်လာကာ “ အရှင်ဘုရား..ကျောင်းအောက်မှာ မမေသူ ရောက်နေပါတယ်ဘုရား… ဆေး ကုမရတော့လို့ ဆေးရုံကနေ အိမ်ကိုပြန်ဆင်းလာပါတယ်ဘုရား၊ အရှင်ဘုရားကို ၀င်ရောက် ဖူးမြင်ချင်တယ်ဆိုလို့ ရောက်လာတာပါ၊ ယခု ကျောင်းအောက်ထပ် ရောက်နေပါတယ်ဘုရား” ဟု လျှောက်ထားလာသောကြောင့် စာရေးသူလည်းကျောင်းအောက်ထပ်သို့ ဆင်းခဲ့ပါသည်။ ထုံးစံအတိုင်း မမေသူသည် ကားထဲတွင် ပက်လက်အနေအထားဖြင့် မထနိုင်တော့၊ စာရေးသူအား အားကိုးသည့် မျက်ဝန်းများဖြင့် ကြည့်နေပါတော့သည်။
သို့နှင့် စာရေးသူက ကိုယ်ရှုမှတ်နေကျဖြစ်သည့် ၀ိပဿနာတရားကို ကြိုးစားပြီးရှုမှတ်ရန်နှင့် တစ်ခြားမည်သည့်အကြောင်းအရာမျှ မတွေးဘဲ တရားရှုမှတ်မှုဖြင့် အချိန်ကို ကုန်လွန်စေရန် သတိပေးစကားပြောကြားခဲ့ပါသည်၊ ဆက်လက်၍ လူများသည်တစ်နေ့နေ့တွင် မုချသေရ မည် မည်သည့်ရောဂါဖြင့် သေရမည်ကို မည်သူမျှ မသိနိုင်ပေ။ သေခါနီးအချိန်ရောက်လျှင် သေဘေးကို ကြောက်နေ၍လည်း ထူးမည်မဟုတ်ပေ၊ သေရမည်ပင်၊ ထို့ကြောင့် ရှုမှတ်ခဲ့သည့် ၀ိပဿာနာတရားကို သတိထားပြီး ကြိုးစားမှတ်ပါ။ မမေသူ်၏ တရားအားထုတ်မှုမှာ အလေ့အကျင့် နည်းလှသည် မဟုတ်သည့်အတွက် တရားရှုရင်း သေခြင်းကို ရဲဝံ့စွာ ရင်ဆိုင်နိုင်ပါကြောင်းနှင့် အားမငယ်ဖို့ရန် တိုက်တွန်းလိုက်ရပါသည်။
နောက်တစ်နေ့ တွင် သူတို့အိမ်မှ လူတစ်ယောက်ရောက်လာကာ စာရေးသူအား အိမ်သို့ကြွပေးပါရန် လျှောက်ထားသည့်အတွက် အိမ်သို့ လိုက်ခဲ့ရပြန်ပါသည်။ အိမ်သို့ရောက်သောအခါ…မမေသူက..
“ အရှင်ဘုရား…တပည့်တော် အရှင်ဘုရားကျောင်းကနေ ပြန်လာတော့ အရှင်ဘုရားကြွလိုက်လာတာကို တွေ့မြင်ရပါတယ် ဘုရား၊ ပြီးတော့ အရှင်ဘုရားက တပည့်တော်ကို တရားရှုမှတ်ဖို့ကြောင်း တဖွဖွပြောနေတော့ တပည့်တော်လည်း ငါ့နားမှာ ဆရာတော်ရှိနေပြီပဲ ငါတရားမှတ်မယ်ဆိုပြီး ရှုမှတ်လိုက်တာ အိမ်ကို ရောက်တာတောင် သတိမထားမိဘဲ တရားအာရုံနဲ့ပဲ တပည့်တော် နေလိုက်ပါတယ်ဘုရား… တပည့်တော်အနားက လူတွေကတော့ သေခါနီးပြီ ဆိုပြီး ကောက်ချက်ချနေကြတာပေါ့၊ ဒါပေမယ့် တပည့်တော်မှာတော့ တရားရှုမှတ်လို့ သတိပြန်ရလာတယ်ဆိုရင်ပဲ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလန်းဆန်းပြီး လူကောင်းလို ဖြစ်နေပါတော့တယ်ဘုရား၊ အဲဒါလေးကိုတပည့်တော် လျှောက်ချင်လို့ အရှင်ဘုရားကို အပင့်ခိုင်းလိုက်ရတာပါဘုရား….” ဟု မမေသူ သည် သူ၏ ဖြစ်ပုံကို ၀မ်းသာအားရဖြင့် ပြောပြပါတော့သည်။
သို့နှင့် မကြာမီ ရင်အနည်းငယ်အတွင်း မမေသူသည် သူ့ဘ၀ကနေ အပြီးအတိုင် ပယ်ခွာသွားခဲ့ချေတော့သည်။ ဤသည်မှ လူသားတိုင်း မလွဲမသွေ သွားရမည့် လမ်းပင် မဟုတ်ပါလော။ အကယ်၍ ဤနေရာတွင် မမေသူသည် အိမ်မပြန်ဘဲ တရားကိုသာ အားထုတ်သွားမည်ဆိုပါက ဘ၀တွင် အသက်ဆုံးတိုင်အောင် အသက်ရှင်လျှက် နေနိုင်မည်ကား မလွဲပေ။ တရားနှင့်သေရသည့်အတွက် သုဂတိသို့ ရောက်မည် ဟု ထင်မြင်ယူဆမိပါတော့သည်။
အချူပ်ဆိုရသော် သတိပဋ္ဌာန်တရားသည် လူသားတိုင်းအတွက် တကယ့်ချမ်းသာရေးအတွက် အားကိုးနိုင်သည့် ဆေးတစ်လက်ဖြစ်ကြောင်း ပြောကြားရင်း……… မမေသူ…….ကောင်းရာသုဂတိ လားပါစေသတည်း…

Tuesday, October 14, 2008

သိသမျှ တွေးဆအဖြ (၉)

အမေး။ ။နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီတို့ဟာ မိထွေးတော်ဂေါတမီက ဖွားတဲ့ ဖအေတူ မအေတူ မောင်နှမရင်းလို့ ဖတ်ရပါတယ်။ အိန္ဒိယမှာ ၀မ်းကွဲများ ဖတူ မိကွဲများ ရှေးက ပေးစားတတ်ပေမယ့် မိခင်တူရင် ရှောင်ကြပါတယ်။ မြတ်စွာဘုရားရဲ့ ညီတော်နဲ့ နှမတော်မှာ မိတူဖတူချင်း ဘာပြုလို့ လက်ထပ်ပေးရတာလဲဘုရား။ ။
အဖြေ။ ။ နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီတို့ဟာ မောင်နှမအရင်းအချာကြီးဖြစ်ကြတာမှန်ပါတယ်၊ဒါပေမယ့် ဘာဖြစ်လို့ လက်ထပ်ပေးရလဲ ဆိုရင် သူတို့ဟာ သာကီဝင်မင်းမျိုးများဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ သာကီဝင်မင်းမျိုးများဟာ အချင်းချင်းယူကြတဲ့စနစ်ကို ရှေးပဝေသဏီ ကတည်းက ကျင့်သုံးခဲ့ကြပါတယ်။ ရှင်းလင်းပါဦးမယ်။
သကျာသာကီဝင် ဖြစ်လာပုံအကြောင်း….

ဘုရားအလောင်းတော်ဟာ တစ်ခုသောဘ၀မှာ ချမ်းသောတဲ့ ပုဏ္ဏားမျိုးမှဆင်းသက်လာပြီး နာမည်က ကပိလ ဖြစ်ပါတယ်။ သူဌေးအဖြစ်ကို စွန့်လွတ်၍ ဟိမ၀န္တာတောင်နံပါး ကျွန်းသစ်တောကြီးအတွင်း ရေကန်တစ်ခုအနီးတွင် သစ်ရွက်မိုးကျောင်း ဆောက်ကာ ရသေ့ပြုပြီး နေပါတယ်။
တစ်နေ့တွင် ဥက္ကာမုခအမှူးရှိတဲ့ မင်းသားတို့ဟာ မြို့ရွာတည်ထောင်လိုကြတဲ့အတွက် မြို့နေရာကို လှည့်လည်ရှာဖွေကြရာ ဘုရားအလောင်းတော် ကပိလရသေ့ရဲ့ ကျောင်းသင်္ခမ်းသို့ ရောက်လာပါတယ်။ အဲဒီမှာ ရသေ့ကမေးတဲ့အတွက် မင်းသားများက မြို့တည်ထောင်ရန် မြို့နေရာကို ရှာနေကြပါကြောင်း လျှောက်ထားကြပါတယ်။ အလောင်းတော်ကပိလရသေ့ကလည်း မင်းသားတို့အပေါ်သနား လှတာကြောင့် …
“အသင်မင်းသားတို့.. ငါ့ရဲ့ ကျောင်းသင်္ခမ်းနေရာမှာ မြို့တည်ကြမယ်ဆိုပါရင် ဇမ္ဗူဒိပ်ကျွန်းအပြင်တွင် အမြတ်ဆုံး မြို့တစ်မြို့ ဖြစ်လိမ့် မယ်။ ဤမြို့တွင် ဖွားမြင်တဲ့ ယောက်ျားတို့တွင် တစ်ယောက်တစ်ယောက်သော ယောက်ျားဟာ တစ်ခြား၌ မွေးဖွားသော ယောက်ျား အရာအထောင်တို့ကို လွှမ်းမိုးပါလိမ့်မယ်” စသဖြင့် ဘုရားအလောင်းတော်ရသေ့ကပြောသောအခါ..မင်းသားများက “ အရှင်ရသေ့…သည်နေ ရာဟာ အရှင်ရသေ့ အသုံးပြုနေဆဲနေရာဖြစ်တယ် မဟုတ်လား” လို့ လျှောက်သောအခါ ကပိလရသေ့က “ မင်းသားတို့…သည်နေရာဟာ ငါအသုံးပြုနေဆဲဖြစ်တယ် ဆိုပြီး အတွေးအများကြနေနဲ့၊ ငါအတွက်က အစွန်အဖျား နေရာတစ်ခုမှာ ကျောင်းသင်္ခမ်းဆောက်လုပ်ပေးကြပါ၊ငါညွန် ပြတဲ့နေရာသာ မင်းသားတို့ မြို့တည်ဖို့ လုပ်ကြတော့ မြို့နာမည်ကိုလည်း ကပိလ၀တ္တုမြို့ လို့ အမည်ပေးကြပါ” လို့ ကပိလရသေ့ ကပြောပါတယ်။
ဥက္ကမုခမင်းသားအမှူးရှိမင်းသားလေးယောက်တို့ဟာ မှူးမတ်သေနာပတိများစွာတို့နှင့်အတူ ကပိလ၀တ္ထုအမည်ဖြင့် ရသေ့ညွန်ပြ သော နေရာတွင် မြို့တည်ကာ နေထိုင်ကြပါတယ်။ မင်းသားတို့လည်း အသက်ကြီးလို့ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်လာသောအခါ မှူးမတ်အပေါင်းက “မင်းသားများနှင့်မင်းသမီးများလည်း အရွယ်ရောက်ကုန်ပြီ၊ အကယ်၍ ဥက္ကာကမင်းကြီး အနီးမှာ ရှိမယ်ဆိုရင် မင်းသားမင်းသမီးတို့အား ထိမ်းမြားလက်ထပ်ပေးမည်မှာ အမှန်ဖြစ်တယ်၊ ယခုတော့ ငါတို့တာဝန်ဖြစ်ခဲ့ပြီ” ဟု တွေးပြီး မင်းသားတို့အား ထိုအကြောင်းကို လျှောက်ထားကြပါတယ်။ မင်းသားများက..
“အမတ်တို့..သည်အရပ်မှာ ငါတို့နှင့်အမျိုးနွယ်တူတဲ့ မင်းသမီးများ မရှိဘူး၊ နှမတော်များနှင့်အမျိုးနွယ်တူတဲ့ မင်းသားများလည်း မရှိကြ၊ အမျိုးနွယ်ဇတ်မတူတာချင်း အိမ်ထောင်ဖက်ကြမယ်ဆိုရင် ငါတို့မှာ ဖွားမြင်လာတဲ့ သားသမီးများဟာ အမျိုးဇတ်ပျက်ပြီး မသန့်ရှင်းဖြစ်ကြလိမ့်မယ်။ တစ်ခြားအမျိုးဇတ်တွေလည်း ၀င်ရောကုန်လိမ့်မယ်။ဒါကြောင့် အစ်မကြီးပိယကို အမိအရာတင်မြှောက်ပြီး၊ ကျန်တဲ့ ငါတို့ မောင်လေးယောက်နှင့် နှမလေးယောက်တို့ အမျိုးအနွယ်ဇတ်ပျက်ပြားမှုမှ ကာကွယ်ရန် ငါတို့မောင်နှမအချင်းချင်း အိမ်ထောင်ဖက်ကြကုန်စို့” လို့ တိုင်ပင်ကာ အချင်းချင်း ထိမ်းမြားလက်ထပ်ကာ ကပိလ၀တ္ထုမြို့မှာပဲ နေထိုင်လာခဲ့ကြပါတယ်။
ထိုသို့နေထိုင်လာရာက မင်းသားမင်းသမီးအစုံအစုံတို့မှာ ဖွားမြင်တဲ့ သားသမီးတို့ဖြင့် ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။ အခြားအမျိုးတို့ နှင့် မရောယှက်ဘဲ အချင်းချင်း အိမ်ထောဖက်ကြကာ ကြီးပွားတိုးတက်နေတာကို ခမည်းတော်ကြီး ဥက္ကာကမင်းကြီးကြားတော်မူသောအခါ ..
ပရမာ သကျာ ၀တ ဘော ကုမာရော = အို…အမောင်တို့ ငါ့သားတော်သမီးတော်တွေဟာ လွန်ကဲမြင့်မြတ်ကာ စွမ်းနိုင်ကြပါပေစွတကား လို့ ဥက္ကာကမင်းကြီးက ချီးကြူးစကား ပြောခဲ့ပါတယ်။ ထိုချီးကျူးစကား၌ သကျ =စွမ်းဆောင်နိုင်ခြင်း ဆိုတဲ့ အနက်ကို အစွဲပြု၍ ဥက္ကာမုခစတဲ့ မင်းသားမင်းသမီး မျိုးနွယ်စုတိုကို သကျ =သာကီယ =သာကီဝင် =သာကီမျိုး = သာကီနွယ် လို့ ခေါ်တွင် မှတ်သား ထင်ရှားခဲ့ပါတော့တယ်။
အချူပ်ဆိုရသော သာကီဝင်မင်းအမျိုးသည် ယခုမှာ အချင်းချင်းလက်ထပ်ခဲ့သည်မဟုတ် ၊ ရှေးပဝေသဏီကတည်းက အချင်းချင်းလက်ထပ်ခဲ့ကြပါတယ်ဆိုကို ဖြေကြားပေးလိုက်ပါတယ်။

အမေး။ ။ စာရေးဆရာကြီးတစ်ဦးရဲ့ အဆိုဖြစ်တဲ့ သောတာပန်ဟာ အရက်သောက်ရင် ကြိုးကြာရေသောက်သလို ရေသာဝင်တယ်၊ အရက်မ၀င်ဘူး ဆိုတာကို သိလိုပါတယ်ဘုရား။ ။
အဖြေ။ ။ စာရေးဆရာကြီး ရေးသားချက်အရ သောတာပန်ဟာ အရက်သောက်သေးသတဲ့ ဆိုတာ မဟုတ်ပါ။ ဘာ့ကြောင့်နည်း..သောတာပန် ပုဂ္ဂိုလ်ဟာ သာမာန်လိုမဟုတ်တော့၊ ရတနာသုံးပါး၌ ချွင်းချက်မရှိ ယုံကြည်မှုအပြည့်ရှိသလို၊ ငါးပါးသီလကိုလည်း သီးသန့်ဆောက်တည်နေစရာ မလိုတော့ဘဲ လုံခြုံပြီးသား ဖြစ်ပါတယ်။ သို့မဟုတ် “အရက်မသောက်က သတ်ပစ်မယ်” လို့ ခြိမ်းခြောက်ကာ အရက်ကို အတင်းတိုက်ဦးတော့ ၊ အသက်သာအသေခံမယ် သီလအပျက်မခံတော့တာ ဟာ သောတာပန်အရိယာများရဲ့ သဘာဝပါ။ သည်နေရာတွင် အလျဉ်းသင့်၍ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ အရိယာဝါသတရားတော်ထဲက ကောက်နှုတ်တင်ပြလိုက်ပါတယ်။
ခုနပြောတဲ့စာရေးဆရာကြီးက “ သောတာပန်ဟာ အရက်သေစာသောက်သည်အထိ ငါးပါးသီလ ကျုးလွန်နိုင်သေးတယ်” လို့ပြောထား ပါတယ်။ သူဟာ လူတွေရဲ့ စိတ်ဓါတ်ကို လေ့လာခဲ့တာ ကြာပါပြီတဲ့၊ အဲဒီလို လေ့လာပြီးဖြစ်တဲ့အတွက် သူက ဒီလို ရဲရဲရင့်ရင့် ဆိုနိုင်ပါသတဲ့။ သူ့စိတ်သူ လေ့လာတာ ဖြစ်မှာပေါ့။ သူက သူ့ကိုယ်သူ သောတာပန်လို့ ယူဆထားဟန်တူပါတယ်။ ပြီးတော့ သူက အရက်ကိုလည်း ကြိုက်တတ်တယ် လို့ သတင်းကြားရတယ်။ ဒါကြောင့် သူ့စိတ်နှင့်နှိုင်းပြီး ဆုံးဖြတ်လိုက်ဟန် တူပါတယ်။ ဒါလည်း အံ့သြစရာပဲ၊ ကိုယ်နဲ့နှိုင်း မရိုင်းဘူးဆိုတဲ့ မြန်မာစကားပုံဟာ အဆင့်အတန်းတူတဲ့ သူအချင်းချင်းသာ သုံးစွဲရမည့်စကားပုံဖြစ်ပါတယ်။
အဆင့်အတန်း မတူရာမှာ ကိုယ်နဲ့နှိုင်းရင် အလွန်ပင် ရိုင်းပါတယ်။ စဉ်းစားကြည့်ပါ၊ ဂဏန်းသင်္ချာကို မသင်ဖူးတဲ့ လူတစ်ယောက်က ဂဏန်းအရာမှာ ပါရဂူမြောက် တတ်မြောက်နေတဲ့လူကို ဂဏန်းသင်္ချာနဲ့စပ်ပြီး ငါလိုပဲလို့ ကိုယ်နဲ့နှိုင်းရင် အများကြီး လွဲမှားမယ်။ အများကြီးရိုင်းမယ်ဆိုတာကို သိနိုင်ပါတယ်။ အဲဒါလိုပဲ ပုထုဇဉ်ပုဂ္ဂိုလ်က ကိုယ့်စိတ်နဲ့နှိုင်းပြီး သောတာပန်ကို ဆုံးဖြတ်လျှင် အလွန်ရိုင်းပြီး အလွန်လွဲမှားတတ်ပါတယ်။
အမှန်မှာတော့ သောတာပန်အစစ် တကယ်ဖြစ်နေတဲ့ ပုဂ္ဂိုလ်မှာ သတိကလေးက အတော်လေးကောင်းနေပြီ။ ဒါကြောင့် ရုတ်တရက် လောဘဖြစ်လာတယ်ဆိုရင် အဲဒီ သတိကလေးက သူ့အလိုလို ဖြစ်ပေါ်လာပြီးတော့ ထိန်းထားလိုက်တယ်၊ ဒီလို သတိက အုပ်ထိန်းလိုက်တဲ့ အတွက် လောဘဟာ အရှိန်ပျက်သွားပါတယ်။ အကြီးအကျယ် မဖြစ်ရတော့ဘူး၊ ဒေါသဖြစ်လာရင်လည်း သတိက နည်းတူပဲ အုပ်ထိန်းလိုက်တာပဲ။ ဒါကြောင့် အကုသိုလ်တရားတွေဟာ အလွန်အကဲ အကြီးအကျယ် မဖြစ်ပွားရတော့ဘူး။ သီလသိက္ခာပုဒ်တွေကို ကျူးလွန်နိုင်လောက်အောင် ပြင်းပြင်းထန်ထန် မဖြစ်ရတော့ဘူး။ ဒါကြောင့် သောတာပန်မှာ အပါယ်လားကြောင်း အကုသိုလ်တွေလည်း ငြိမ်းတယ်။ အပါယ်လေးပါးမှလည်း လွတ်တယ်လို့ ယုံကြည်စိတ်ချရတာ၊ ဒါတွေဟာ သတိကလေး ကောင်းနေခြင်းရဲ့ အကျိုးတွေပါပဲ။
ဒါဟာ သောတာပန်များရဲ့ ပင်ကိုယ်သဘာဝပဲ ဖြစ်ပါတယ်။ ဒါကြောင့် သောတာပန်များ ဟာ အရက်တိုက်ရင် ရေသာဝင်တယ် အရက်မ၀င်ဘူးဆိုတဲ့ စကားအရ လုံးဝမဖြစ်နိုင်ပါဘူး လို့ ဖြေကြားပေးလိုက်ပါတယ်။
အမေး။ ။ ကောသလမင်းကြီးရဲ့ မိဖုရားကြီးဖြစ်တဲ့ မလ္လိကာဟာ ပြုမိခဲ့တဲ့အမှားကို ကျုးလွန်ခဲတာ မှန်ရင်တောင် ပြန်သတိရပြီး စိတ်မချမ်းသာ ဖြစ်နေခြင်းဟာ ကုက္ကစ္စ ကိလေသာ သာဖြစ်တဲ့အတွက် ငရဲကျနိုင်လောက်အောင် အကျိုးမပေးပါ။ နတ်ပြည် မရောက်မီ အ၀ီစိငရဲကို ခုနှစ်ရက် ကျရတာ ဘာကြောင့်ဆိုတာ သိလိုပါတယ်ဘုရား။ ။
အဖြေ။ ။ ကောသလမင်းကြီးရဲ့ မိဖုရားကြီး မလ္လိကာဟာ သူပြုခဲ့တဲ့ အကုသိုလ်ကံကြောင့် (သာ မရဏကာလေ ဧ၀ရူပံ မဟာပရိစ္စာဂံ နာနုဿရိတွာ တဒေ၀ ပါပကမ္မံ အနုဿရန္တီ ကာလံ ကတွာ အ၀ီစိမှိ နိဗ္ဗတ္တိ) ဟု ဓမ္မပဒအဋ္ဌကထာအရ- သေခါနီးအချိန်တွင် ကျန်းမာစဉ်က ပြုလုပ်ခဲ့တဲ့ ကြီးစွာသော အလှူဒါနကို အမှတ်မရနိုင်ဘဲ သူပြုခဲ့တဲ့မကောင်းမှုကံကို အဖန်ဖန်အထပ်ထပ် အမှတ်ရနေသောကြောင့် သေသောအခါ အ၀ီစိငရဲမှာ ဖြစ်ရပါတယ် လို့ ဆိုထားပါတယ်။ ထိုအဆိုအရ သူပြုခဲ့တဲ့မကောင်းမှုကို အမှတ်ရပြီး နှလုံးမသာ ပူပန်စိတ်တွေဖြစ်နေတယ် ထင်ရှားပါတယ်။
သေခါနီး ပူပန်တဲ့စိတ်ဆိုတာ မေးခွန်းရှင်ပြောသလို ကုက္ကုစ္စ လို့ခေါ်နိုင်ပါတယ်။ အဘိဓမ္မာလက်သန်းအဋ္ဌကထာလာအတိုင်း ပြောရရင် ဒေါသစိတ်မှာ ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ စေတသိက်များ ယှဉ်ပါတယ်၊ သည်စေတသိက် လေးမျိုးဟာ ဒေါသရဲ့ မူပိုင်စေတသိက်လို့လည်း ခေါ်ပါတယ်။ ဒါကြောင့် ကုက္ကုစ္စဟာ ဒေါသနှင့်ဆွေမျိုးတော်ပါတယ်။ တဖန် နှလုံးမသာမှုဆိုတာကလည်း ဒေါသပါပဲ၊ ဒါကြောင် ဒေါသနှင့်သေ ငရဲပြည် မသွေလားရတယ် ဆိုတဲ့အတိုင်း မလ္လိကာသေတော့ အ၀ီစိငရဲမှာ ခုနှစ်ရက်ခံရပါတယ်။ ခံရပြီးနောက် သူပြုခဲ့တဲ့ကုသိုလ်အရှိန်အဟုန်ကများလှသောကြောင့် အ၀ီစိငရဲမှာ ခုနှစ်ရက်ခံရပြီးတာနဲ့ တုသိတာနတ်ပြည်မှာ ဖြစ်ရပါတယ် ဆိုတဲ့အကြောင်း ဖြေကြားပေးလိုက်ရပါတယ်။ ။
အမေး။ ။အရှင်ဘုရား….ပစ္ဆိမသာဝကဖြစ်တဲ့ သုဘဒ္ဒဟာ တချို့ကလည်း စာပါနှင့်ဥပကသား ဆိုတယ်။ တချို့ကလည်း ဗြဟ္မဏအနွယ် ဆိုတယ်။ ဘယ်ဟာက မှန်ပါသလဲဘုရား…..လို့ အင်္ဂလန်မှ Dr. ဦးတင့်က မေးထားပါတယ်။
အဖြေ။ ။ သည်မေးခွန်းက ဘုန်းကြီးထံ ရောက်နေတာ ကြာပါပြီ၊ အခုမှ ပြန်လည်ဖြေကြားပေးလိုက်ရပါတယ်။
နောက်ဆုံး ပစ္ဆိမသာဝကဖြစ်တဲ့ သုဘဒ္ဒ ဟာ စာပါတို့ရဲ့သား သုဘဒ္ဒလည်း မဟုတ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အရှင်မဟာကဿပမထရ်မြတ်ကြီး ပါဝါပြည်မှ ကုသိနာရုံပြည်သို့ ရဟန်းများစွာနဲ့ ကြွရောက်လာတဲ့အခါ နောက်ပါရဟန်းတို့အထဲမှ “ မြတ်စွာ ဘုရား ပရိနိဗ္ဗာန်စံပြီဖြစ်တဲ့အတွက် ငါတို့ပြုလုပ်လိုရာ လွတ်လွတ်လပ်လပ် ပြုလုပ်ရပေတော့မယ်” လို့ ရိုင်းပြရင့်သီးတဲ့စကား ပြောကြားတဲ့ တောထွက် သုဘဒ္ဒ ရဟန်းကြီးလည်း မဟုတ်ပါ။ အမှန်စင်စစ် ယခုပစ္ဆိမသာဝကဖြစ်တဲ့ သုဘဒ္ဒပုရိဗိုဇ်ဟာ အလွန်ထင်ရှားတဲ့ ပုဏ္ဏားသူဌေးမျိုးမှ ပုရိဗိုဇ် ရဟန်းပြုတဲ့ မြတ်စွာဘုရားရဲ့ နောက်ဆုံး ဝေနေယျလို့ ပြောနိုင်တဲ့ အ၀တ်ဝတ်တဲ့ ပရိဗိုဇ် ရဟန်းတစ်ဦးဖြစ်ပါတယ် ဆိုတာ ဖြေကြားပေးလိုက်ပါတယ်…..ဒေါက်တာကြီးရေ….။ ။

Twitter Delicious Facebook Digg Stumbleupon Favorites More