Tuesday, November 18, 2008

သုံးရာစုထဲက ဘ၀ပုံရိပ် (၇)

စဏ္ဍ၀ဇ္ဇိတမထေရ်သည်လည်း သာမဏေရောက်၍ ရှစ်ရက်မြောက်နေ့မှစကာ ဘုရားစကားတော်များကို သင်ယူစေ၏။ ပုဏ္ဏားသားငယ် တိဿသည် သာမဏေပင်ဖြစ်သော်လည်း ၀ိနည်းပိဋကတ်မှတစ်ပါး ဘုရားစကားတော်များကို အဋ္ဌကထာနှင့်တကွ သင်ယူ၏။ ရဟန်းဖြစ်၍ တစ်ဝါမရမီမှာပင် ပိဋကတ်သုံးပုံကို သင်ယူတတ်မြောက်ခဲ့၏။
ဥပေဇ္ဈာယ်ဆရာမထေရ်တို့သည်လည်း အသက်အတိုင်းနေ၍ ပရိနိဗ္ဗာန်ပြုတော်မူကြလေသည်။ နောင်တွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿသည်လည်း ကမ္မဋ္ဌာန်းကို ဆက်လက်ပွားတော်မူရာ အာသဝေါကင်းကွာ ရဟန္တာအဖြစ်သို့ရောက်တော်မူခဲ့ပါ သည်။ သို့နှင့် မထေရ်သည် ထိုအချိန်မှစ၍ ရဟန်းတို့အား သုတ်၊၀ိနည်း၊အဘိဓမ္မာတို့ကို သင်ကြားစေ၍ အိန္ဒိယတွင် သာသနာမျိုးဆက်သစ် များကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။

ဤကား နောင်တွင် ကျွန်ပ်၏အာသောကလက်ထက်၌ သာသနာဘေးရန်ကို သုတ်သင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ၏ ဘ၀ဇာတ်ကြောင်းပင်ဖြစ်ပါသည်။
ညီတော်တိဿ၏ ယုံမှားပယ်ဖျောက် သာသနာတော်ရောက်ခြင်းအကြောင်း
ကျွန်ပ်အာသောကသည် အဘိသိက်ခံပြီး လေးနှစ်တာကာလသို့ ရောက်သောအခါ ကျွန်ပ်၏ ညီတော်အရင်းဖြစ်သူ တိဿအိမ်ရှေ့ မင်းသားသည် တစ်နေ့သ၌ သားကောင်များကို ဖမ်းဆီးရန် တောထဲသို့သွားခဲ့သည်။ ထိုအခါ တောထဲတွင် သမင်၊ဒရယ်၊ဂျီ၊စိုင်၊ဆတ်စသည့် တောကောင်လေးများသည် ဘာသာဘာဝ မြူးတူးပျော်ပါးကစားနေကြ ပျော်ရွှင်နေကြသည်ကို တွေ့မြင်သောအခါ တိဿမင်းသားရဲ့ စိတ်ထဲ တွင် “သမင်၊ဒရယ်၊ဂျီ၊စိုင်၊ဆတ် စတဲ့ တောကောင်လေးများဟာ မြက်တွေကို စားပြီး မြူးတူးပျော်ပါးနေကြတယ်၊ ဒါဆိုရင် ရဟန်းများလည်း ငါ့ရဲ့နောင်တော်လှူဒါန်းတဲ့ မွန်မြတ်ပြီးနူးညံ့တဲ့ ထမင်းဟင်းတွေကို ဘုဉ်းပေးပြီး၊ ကောင်းမွန်တဲ့ အိမ်ရာတွေမှာ အိပ် ကြရတော့ ရဟန်းများလည်း မပျော်ဘဲနေကြမှာမဟုတ်ဘူး၊ ပျော်ရွှင်ကြမှာပဲ” ဟု ကြန်ကြန်ဖန်ဖန် တွေးမိ့သည်။
တိဿမင်းသားသည် တောထဲမှ ပြန်လာသောအခါ တွေးမိသည့်အတိုင်း ကျွန်ပ်အားပြောပါသည်၊ ထိုအခါကျွန်ပ်က “ တိဿဟာ ကိုယ့်အရာမဟုတ်တာကို တွေးနေတာပဲ၊ သိအောင်တော့ လုပ်ရမှာပဲ” ဟု အကြံဖြစ်ကာ…
ကျွန်ပ်သည် ဒေါသအလွန်ထွက်နေသည့် အမူအရာပြ၍ တိဿအား “ ဟဲ့ ….တိဿ မင်း ပါဋလိပုတ်ပြည်ကြီးမှာ ခုနှစ်ရက်တိုင်တိုင် မင်းပြုရမယ်၊ ခုနှစ်ရက်လွန်လို့ရှိရင်တော့ မင်းကို ငါကိုယ်တိုင် သတ်မယ်” ဟု သေဘေးဖြင့် ခြိမ်းခြောက်ပြီး ပြောလိုက်သည်။
ထိုအခါ တိဿ အိမ်ရှေ့မင်းသားသည် မင်းစည်းစိမ်ကို ခံစားနေရသော်လည်း ခုနှစ်ရက်လွန်လျှင် သေရတော့မည် ဟု တွေးပြီး သေဘေးကို ကြောက်လှသည့်အတွက် မင်းဖြစ်သည့်နေမှစ၍ မောင်းမတွေနှင့်လည်း မပျော်နိုင်ရှာ၊ ရေလည်းမချိုး၊ ကောင်းပေ့ဆိုသည့် အစား အစာများလည်း မစားနိုင်၊ မသောက်နိုင်၊ ဖြစ်နေတော့သည်။ သည်ဖြစ်အင်ကို ရိပ်မိသော ကျွန်ပ်က “ ဟဲ့…တိဿ မင်းစည်းစိမ်ခံစားနေရတာတောင်မှာ မျက်နှာလည်းမသာယာ၊ ခန္ဓာကိုယ်ကလည်း ပေရေနေတာပဲ၊ ဘယ်လိုလဲ မင်းစည်းစိမ်ခံစားရတာ မပျော်ဘူးလား” ဟု ပြောသောအခါ တိဿအိမ်ရှေ့မင်းသားက “မင်းစည်းစိမ်ခံစားရပေမယ့် သေဘေးက မလွတ်တဲ့ ကျွန်ပ်အဖြစ်ကို တွေးပြီး စိတ်ပူပန်နေပါတယ်၊ ပျော်လည်းမပျော်တော့ဘူး ” ပြန်လျှောက်ထားပါသည်။ ထိုအခါ ကျွန်ပ်က “ ဟယ်….တိဿ မင်းက ခုနှစ်ရက်လောက်ကိုပဲ သေဘေးကိုမြင်ပြီး မပျော်ဖြစ်နေသေးတယ်၊ ရဟန်းတော်များက ထွက်သက်ဝင်သွက် အတွင်းမှာလည်း သေနိုင်တယ် လို့ သေဘေးကို နေ့ရောညပါ ရှုနေကြတဲ့အတွက် အဘယ်မှာ ပျော်နိင်ကြမှာလဲ၊ သင်တွေးသလို ရဟန်းတော်များ အစားကောင်းစားပြီး ပျော်ရွှင်တယ်ဆိုတာ မဟုတ်ဘူး၊ အခု သင်ကိုယ်တိုင် ခံစားရတော့ သိပြီမဟုတ်လား” ဟု ညီတော် တိဿအား ကျွန်ပ်က ပညာပေး ဆုံးမလိုက်ပါသည်။
ထိုအခါမှစ၍ ညီတော် တိဿမင်းသားသည် ဘုရားသာသနာတော်၌ ကြည်ညိုလာလေသည်။ တစ်နေ့သ၌ တိဿသည် သားသမင် တို့ ပျော်ရာ တောထဲသို့ တောလယ်ထွက်ခဲ့ပါသည်။ တောတွင်းတစ်နေရာအရောက်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
ရဟန်းတော်တစ်ပါး တောထဲတွင် သီတင်းသုံးနေသည်၊ ထိုရဟန်းအား ဆင်ပြောင်ကြီးက အင်ကြင်းခက်ယူ၍ ယပ်ခတ်ပေးနေသည်ကို တွေ့ရ ပါသည်။ အနီးရောက်၍ သေသေချာချာ ကြည့်လိုက်တော့မှာ ယောနကတိုင်းမှလာကာ ပါဋလိပုတ်ပြည်၌ ရဟန်းပြုသော မဟာဓမ္မရက္ခိတ မထေရ်ဖြစ်နေသည်ကို သိရတော့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရလေတော့သည်။
သို့နှင့် တိဿမင်းသားက “ ငါလည်း သည်မထေရ်လို ရဟန်းပြုချင်လိုက်တာ ဘယ်အခါမှ ရဟန်ပြုရပါ့မလဲ” ဟုတွေးနေမိပါတော့ သည်။ မဟာဓမ္မရက္ခိတမထေရ်သည်လည်း ထိုမင်းသား၏ မြတ်သောအကြံကို သိသောကြောင့် ထိုမင်းသားမြင်နိင်သည့်နေရာအနီးတွင် ကောင်းကင်သို့ ပျံတက်၏၊ နောင်သောအခါ အာသာကာရာမကျောင်းဖြစ်လာမည့်နေရာအနီး လေးထောင့်ရေကန်၏ ရေအပြင်ထက်တွင် ရပ်တော်မူကာ ကောင်းကင်၌် ခါးပန်းကြိုးကို တန်းပြုလုပ်ပြီး ထိုခါပန်းကြိုးတန်း၌ သင်္ကန်းတော်ကိုတင်ကာ ရေချိုးတော်မူ၏။
တိဿမင်းသားသည်လည်း မဟာဓမ္မရက္ခိတမထေရ်၏ တန်ခိုးအာနုဘော်ကို မြင်သောအခါ အလွန်ကြည်ညိုသည်ဖြစ်၍ “ ငါသည် ဒီနေ့ပဲ ရဟန်းပြုတော့မယ်” ဟု တွေးမိပြီး၊ တောမှ ပြန်လာကာ “ မင်းကြီး…ကျွန်ပ် ရဟန်းပြုတော့မယ် ခွင့်ပြုတော်မူပါ” ဟု ကျွန်ပ်အား လျှောက် လာသည်။ ထိုအခါ ကျွန်ပ်က “ ဟဲ့….တိဿ ရဟန်းပြုတယ်ဆိုတာ လွယ်တာမဟုတ်ဘူးနော်၊စဉ်းစားပါဦး” ဟု မည်မျှပင် တောင်းပန်ပါသော်လည်း မရသည့်အဆုံး ကျွန်ပ်ညီတော်အား တန်ဆာဆင်ကာ စစ်သည်များခြံရံလျှက် ကျောင်းတော်သို့ ပို့စေပါသည်။ အိမ်ရှေ့မင်းသားသည်လည်း အခြံအရံတစ်ထောင်နှင့်အတူ ဆိတ်ငြိမ်သော ကျောင်းသို့သွားကာ မဟာဓမ္မရက္ခိတမထေရ်ထံ ရဟန်းပြုလေတော့သည်။
ကျွန်ပ်၏ ညီတော် တိဿ အိမ်ရှေ့မင်းသားသည် သာသနာ့ဘောင်သို့ဝင်၍ ရဟန်းပြုသည့် အကြောင်းကို ကြားရသောကြောင့် ရဟန်းပြုကြကုန်သော လူတို့သည် မရေမတွက်နိုင်လောက်အောင် များပြားလှသည်။ ရဟန်းပြုသူများအနက် အဂ္ဂိဗြဟ္မာမင်းသားလည်း တစ်ယောက်အပါအ၀င်ဖြစ်သည်။ ထိုမင်းသားကား ကျွန်ပ်၏ သမက်တော်သူ တစ်ယောက်ဖြစ်ပါသည်။ ကျွန်ပ်၏ သမီးတော် သင်္ဃမိတ္တာနှင့် သမက်တော်ဖြစ်သူ အဂ္ဂဗြဟ္မာကို အစွဲပြု၍ မြေးတော်လေးတစ်ယောက် ဖွားမြင်ပါသည်။ မြေးတော်လေး၏အမည်က သုမန မင်းသားဟု ခေါ်ဝေါ်ခဲ့ပါသည်။ ကျွန်ပ်၏ သမက်တော် အဂ္ဂိဗြဟ္မာသည် တိဿအိမ်ရှေ့မင်းသား ရဟန်းပြုသည် ဟု ကြားသောအခါ ကျွန်ပ် ထံလာပြီး “ အရှင်မင်းကြီး…. ကျွန်ပ်လည်း ရဟန်းပြုချင်ပါသည်၊ ရဟန်းပြုခွင့်ပေးတော်မူပါ” ဟုလျှောက်တင်လာသောကြောင့် ကျွန်ပ်ကလည်း ၀မ်းသာအာားရသောကြောင့် ရဟန်းပြုခွင့် ပေးလိုက်ပါသည်။ သင်္ဃမိတ္တာ၏ ခင်ပွန်း အဂ္ဂိဗြဟ္မာသည် တိဿအိမ်ရှေ့မင်းသားနှင့် တစ်နေ့ တည်း ရဟန်းပြုခဲ့ကြလေသည်။
စေတီကျောင်းပေါင်း (၈၄၀၀၀)ဆောက်လုပ်ကြောင်း
တစ်နေ့သောအခါ ကျွန်ပ်သည် အသောကရာမကျောင်းကြီးဆောက်လုပ်မည့် နေရာ၌ အလှူကြီးတစ်ခုကို ပေးခဲ့ပါသည်၊ သည်တွင် နေ့စဉ်ကြွရောက်တော်မူနေကျဖြစ်သည့် သံဃာတော်ပေါင်း (၆၀၀၀၀)၏ အလယ်တွင်နေကာ ကျွန်ပ်က “ အရှင်မြတ်တို့ဘုရား…..ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ဆေး ပစ္စည်းလေးပါး အလိုရှိတော်ရှိက အလိုရှိသလို ဘုရားတပည့်တော်အား မိန့်ကြားနိုင်ပါတယ်ဘုရား” ဟု ပစ္စည်းလေးပါး ဖြင့် ဖိတ်ကြားပြီး၊ ရဟန်းသံဃာတော်များအား …..
“ အရှင်မြတ်တို့ဘုရား……မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်များဟာ အဘယ် မျှလောက် ရှိပါသလဲဘုရား” ဟု ကျွန်ပ်က မေးလျှောက်သောအခါ ..
“ ဒကာတော်မင်းကြီး…..မြတ်စွာဘုရားဟောကြားတော်မူထားခဲ့တဲ့ တရားတော်များဟာ အင်္ဂါအားဖြင့် ကိုးပါး၊ ဓမ္မခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် ရှိပါတယ်” ဟု မိန့်တော်မူလျှင် ကျွန်ပ်သည် တရားတော်အပေါ်ဝယ် အလွန်ကြည်ညိုသည့်စိတ်များ ဖြစ်ပေါ်ကာ ဓမ္မက္ခန္ဓာတစ်ခုကို ကျောင်းတစ်ဆောင်ကျဖြင့် ရှစ်သောင်းလေးထောင်သော ကျောင်းတို့ကို ဆောက်လုပ်ပြီး သာသနာတော်ကို ထောက်ပံ့ပေး မည်ဟု ကျွန်ပ် တွေးမိပြီး တစ်နေ့ချင်းတွင်ပင်လျှင် ကိုးဆယ့်ခြောက်ကုဋေသောဥစ္စာများကို အမတ်တို့အားပေး၍ “ အမတ်ကြီးများ…. ဤ ဇမ္ဗူဒိပ်ကျွန်းတွင် တစ်မြို့လျှင် ကျောင်းတစ်ဆောင်၊ စေတီတစ်ဆူကျဖြင့် မြို့ပေါင်းရှစ်သောင်းလေးထောင်တွင် ကျောင်းပေါင်း စေတီပေါင်း ရှစ်သောင်းလေးထောင်ကို ဆောက်ပေးကြပါ” ဟု အမတ်တို့အား စေခိုင်းလိုက်ပါသည်။ ကျွန်ပ်ကလည်း ပါဋလိပုတ်နေပြည်တွင် အသောကရာမ ကျောင်းတော်ကြီးကို ကျွန်ပ်ကိုယ်တိုင် ဦးစီးကာ ဆောက်လုပ်ရန် စံမံခန့်ခွဲခဲ့ပါသည်။
လောကတွင် အလှူပြုလုပ်သူတိုင်းသည် စိတ်စေတနာခြင်းမတူ ကွဲပြားခြားနားကြသကဲ့သို့ ထင်ပေါ်ချင်၍လှူခြင်း၊ တုပြိုင်၍လှူခြင်း၊ စသည့် အောက်တန်းကျသည့် အလှူများလည်း ရှိပေသည်။
တစ်ခါက ကောသလမင်းကြီးသည် တိုင်းသူပြည်သားများနှင့် တုပြိုင်၍ တိုင်းသူပြည်သားများထက်သာအောင် အလှူကိုပေးလှူပေသည်။ ယခု အသောကမင်း လှူသောအလှူသည်ကား မည်သူ့ကိုမှ တုပြိုင်မှုမရှိဘဲ၊ မြတ်စွာဘုရား၏ တရားတော်အပေါင်းကို အာရုံပြုကာ ပေးလှူခဲ့သောကြောင့် ထိုမင်းနှစ်ပါး၏ အလှူကုသိုလ်နှစ်ခုလုံးသည် ကုသိုလ်ရကြသည်မှန်သော်လည်း ပြုလုပ်ပုံသည့် အကြောင်းအရင်း မတူညီပေ၊ တစ်ဦးက ပြည်သူနှင့်တုပြိုင်ပြီး လှူပေမယ့် တစ်ဦးကတော့ တရားတော်ကို အာရုံပြုပြီး လှူဒါန်းခဲ့သောကြောင့် ကောသလမင်းအလှူထက် အသောကအလှူက ပို၍ မြတ်သည် ဟုဆိုရပေမည်။ (အလှူပြုရာ၌ အတုယူသင့်သည့် အရာတစ်ခုပင်)။
ကျွန်ပ်တွေးမိသည်မှာ ဇမ္ဗူဒိပ်ကျွန်းနေ ပြည်သူအများ အကျိုးများစေရန် စေတီပေါင်းရှစ်သောင်းလေးထောင်တို့တွင် မြတ်စွာဘုရား၏ ဓါတ်တော်များ ဌာပနာလျှင် ကောင်းလိမ့်မည်။ သည်လိုဆိုလျှင် ဌာပနာဖို့အတွက် ဓါတ်တော်များ လိုအပ်နေသည်။ မည်သည့် နေရာတွင်ရှာရမည်နည်း။ ဓါတ်တော်ကို ရှာဖွေဖို့အတွက် တွေးကြည့်ရာ ဘဲဥအစရှာမရသကဲ့သို့ ဓါတ်တော်ရှာဖွေရန် အလွန်ခက်ခဲနေပါ သည်။ “ အင်း….နေ့စဉ်နန်းတော်ကို ကြွတော်မူလာကြတဲ့ ရဟန်းသံဃာတော်များကို ဓါတ်တော်အကြောင်း မေးမြန်းလျှောက်ထားရရင် ကောင်းမှာပဲ” ဟု ကျွန်ပ်တွေးမိပါသည်။ တွေးမိသည့်အတိုင်း….
တစ်နေ့တွင် နန်းတော်သို့ ဆွမ်းအလို့ငှါ ကြွတော်မူလာကြကုန်သည့် ရဟန်းသံဃာတော်များအား “ အရှင်မြတ်များ ဘုရား….ဘုရားတပည့်တော်သည် ကျောင်းပေါင်းစေတီပေါင်း ရှစ်သောင်းလေးထောင်ကို အမတ်တို့အားဆောက်လုပ်ထားစေပါတယ်ဘုရား… ထိုစေတီပေါင်းရှစ်သောင်းလေးထောင်တွင် တပည့်တော် မြတ်စွာဘုရား၏ ဓါတ်တော်များကို ဌာပနာချင်ပါတယ်ဘုရား..ထိုဓါတ်တော်များ ဘယ်အရပ်မှာ ရနိုင်လဲဘုရား…” ဟု ကျွန်ပ်က မေးလျှောက်သောအခါ ရဟန်းတော်များက “ ဒကာတော်မင်းကြီး… ဓါတ်တော်များကို အဇာတသတ်မင်းကြီး ထားခဲ့တယ်လို့တော့ ငါတို့ကြားဖူးတယ်၊ ဒါပေမယ့် ဘယ်အရပ်မှာ ထားခဲ့တယ်ဆိုတာတော့ တပ်အပ်သေချာမသိနိုင်ဘူး” ဟု အမိန့်ရှိတော်မူကြကုန်၏။
ရဟန်းသံဃာတော်များတောင်မှ တပ်အပ်သေချာ မသိနိင်လျှင် မည်သို့ ကြံဆရပါမည်နည်း။ “ အင်းလေ….မဖြစ်နိုင်တာမရှိ မဖြစ်သေးတာဘဲ ရှိတယ် ဆိုတဲ့ လောကဆိုရိုးစကားလည်း ရှိခဲ့တာပဲ တစ်နေ့တော့ တွေ့ကို တွေ့ရလိမ့်မယ်” ဟု ကျွန်ပ်၏ စိတ်ထဲတွင် ဓါတ် တော်နှင့်ပတ်သက်၍ ယုံကြည်မှု အပြည့်အ၀ ရှိနေသည်ကိုပင် ကိုယ့်ကိုယ်ကို အံ့သြနေမိပါတော့သည်။
အဇာတသတ်မင်း ဓါတ်တော်ထားခဲ့သည့်အကြောင်း
ဤနေရာတွင် ဓါတ်တော်အကြောင်းနှင်ပတ်သက်၍ ဖေါ်ပြရန် လိုအပ်သည့်အတွက် ဖေါ်ပြလိုက်ရပါသည်။ မြတ်စွာဘုရားပရိနိဗ္ဗာန် ပြုတော်မူ၍ တေဇောဓါတ်လောင်ကျွမ်းသောအခါ ဒေါဏပုဏ္ဏားဝေငှသော ဓါတ်တော်များကို ရှစ်ပြည်ထောင်မင်းများက သူတို့မြို့ရွာသို့ အသီးသီး ပင့်ဆောင်ကြပြီး စေတီတီကာ ဌာပနာသွင်း၍ ကိုးကွယ်ခဲ့ကြပေသည်။ ထိုအခါ အရှင်မဟာကဿပမထေရ်သည် သည်ဓါတ်တော် များသည် မိစ္ဆာဒိဋ္ဌိဘေးကြောင့် အန္တရာယ်ဖြစ်နိုင်သည်ကို မြင်တော်မူသောကြောင့် အဇာတသတ်မင်းအား “ မြတ်သောမင်းကြီး….နောင်တွင် ဓါတ်တော်များစာ မိစ္ဆာဒိဋ္ဌိအန္တရာယ်ကြောင့် ပျောက်ဆုံးနိုင်တယ်၊ ဓါတ်တော်များကို ထားရှိဖို့အတွက် လုံခြုံစိတ်ချရတဲ့ နေရာရှာစေချင်ပါတယ်” ဟု အရှင်မဟာကဿပက မိန့်တော်မူပါသည်။ (ဆက်ရန်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More