Sunday, November 30, 2008

ဇော(၇)ကြိမ်လား၊(၃)ကြိမ်လား

အမေး။ ။ဇော ၇တန်တော့ တပည့်တော်သိတယ်။
ဇော ၃တန်ဆိုတာ ရှိသေးလားဘုရား
တယောက်က မေးနေလို
ဦးတင့် (အင်္ဂလန်)
အဖြေ။ ။ဇောရှိတာက ရ တန်ပါပဲ၊ ဒါပေမယ့် ဇောကျပုံချင်းမှာ အသီးသီးကွာခြားကြပါတယ်၊ အဲဒါကို ဗဟုသုဖြစ်ဖွယ်ဖေါ်ပြပေးလိုက်ပါတယ်။
ဇ၀နေသုစ ပရိတ္တဇ၀န၀ီထိယံ ကာမာဝစရဇ၀နာနိ သတ္တက္ခတ္တု ဆက္ခတ္တုမေ၀ ၀ါ ဇ၀န္တိ၊
ပကတိ ပုံမှန်အခါမှာ ကာမဇောဟာ (၇)ကြိမ် သို့မဟုတ် (၆)ကြိမ်စောနိုင်ပါတယ်။

ငါးကြိမ်စောသောသူများ….
မန္ဒပ္ပ၀တ္တိယံ ပန မရဏကာလဒီသု ပဉ္စ၀ါရမေ၀၊
သေခါနီးကာလမှာ ကာမဇော ငါးကြိမ်သာစောပါတယ်။ ထိုအကြောင်းကို သဂြိုလ်ဘာသာဋီကာမှာ မရဏကာလာဒီသုအရ … မုစ္ဆာတ၊ ၀ိသညိတ၊ အတိတရုဏ ပုဂ္ဂိုလ်များလည်း ကာမဇော ငါးကြိမ်သာစောပါတယ်။ ရှင်းဦးအံ့…
မုစ္ဆကာလဆိုတာ သစ်ပင်မှကျလို့ဖြစ်စေ၊ ရေနစ်မွန်းလို့ဖြစ်စေ၊ အနာရောဂါ ပြင်းထန်စွာ နှိပ်စက်တဲ့ ဒုက္ခကြီးတို့ကြောင့် မိန်းမောတွေဝေ သေငယ်ဇော မြောနေရာအခါမျိုးမှာ ဇော ငါးကြိမ်သာ စောတယ်လို့ မှတ်ယူရပါမယ်။
ဝိသညိတကာလ = အလမ္ဗုနတ်သမီးရဲ့ အတွေ့ကြောင့် ဣသိသိင်္ဂရသေ့မေ့သွားသလို ပီတိအဟုန်ခွေ့သဖြင့် မေ့နေရာအခါ၊ နတ် ဘီလူး ပြိတ္တာများ ဖမ်းစားသဖြင့် မေ့နေရာအခါ ၊ အလွန်အကြူး အရက်မူးနေတဲ့အတွက် ရူးမေ့နေရာအခါ ၊ အိပ်ချင်မူးတူးဖြစ်ပြီး အိပ်မက်မက်နေရာအခါစတဲ့ ပကတိရိုးရာ အမှတ်သညာမှကင်းကွာတဲ့အခါမျိုးမှာ ငါးကြိမ်သာ စောပါတယ်။
အတိတရုဏကာလ = အမိဝမ်းတွင်း ကိန်းအောင်းနေတဲ့အခါ ဖွားမြင်ပြီးခါစ အခါ အလွန်နုနယ်သေးတဲ့အခါတွေမှာ ငါးကြိမ်သာ စောတယ်လို့ မှတ်ယူရပါမယ်။
လေးကြိမ်၊ငါးကြိမ်စောသောသူများ….
ဘဂ၀တော ပန ယမကပါဋိဟာရိယကာလာဒီသူ လဟု ကပ္ပ၀တ္တိယံ စတ္တာရိ ပဉ္စ ၀ါ ပစ္စဝေက္ခဏစိတ္တာနိ ဘ၀န္တီတိပိ ၀ဒန္တိ။
ရေးမီးအစုံ တန်ခိုးပြာဋိဟာ ပြရာအခါ ၊ အရှင်မဟာမောဂ္ဂလန် နန္ဒောပနန္ဒနဂါးမင်းကို ဆုံးမရာအခါ ဥာဏ်ထက်သူဆိုရင် လေးကြိမ်၊ ဥာဏ်နုံ့သူဆိုရင် ငါးကြိမ်စောပါတယ်။
မဟဂ္ဂုတ်ဇော တစ်ကြိမ်သာစောသောသူများ…
အာဒိကမ္မိကဿ ပန ပဌမကပ္ပနာယံ မဟဂ္ဂတဇ၀နာနိ ဧက၀ါရမေ၀။
ဈန်ကို အားထုတ်ပြီးတဲ့အခါ ပဌမဆုံး ဈာန်ရရှိခိုက် ပုဂ္ဂိုလ်ကို အာဒိကမ္မိကပုဂ္ဂိုလ်လို့ခေါ်ပါတယ်။ ဒီအာဒိကမ္မိကပုဂ္ဂိုလ်ဟာ မဟဂ္ဂုတ်ဇော တစ်ကြိမ်သာစောပါတယ်။
အဘိညာဉ် ပဌမဆုံးရခါစတွင်ဖြစ်စေ၊ နောင် ထပ်ခါထပ်ခါ အသုံးပြုရာတွင်ဖြစ်စေ အခါခပ်သိမ်း တစ်ကြိမ်သာစောတယ်၊
ဒါကြောင့် ကာမဇောဆိုတာ ရကြိမ်လည်းကျတာရှိသလို၊ ခြောက်ကြိမ်ကျတာလည်း ရှိပါတယ်၊ ငါးကြိမ်၊ လေးကြိမ်လည်း ရှိကြပါတယ်။ဒါပေမယ့် မဟဂ္ဂုဇောကျတော့ တစ်ကြိမ်ကျတဲ့ ပုဂ္ဂိုလ်လည်းရှိတယ်ဆိုတဲ့အကြောင်း အဖြေပေးလိုက်ရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More