မင်းကြီးက “ သင်ဖယ်ရှားနိုင်တယ်ဆိုရင် အခုပဲ ဖယ်ရှားပေးပါတော့” ဟု ပြောသောအခါ
လူငယ်ယောင်ဆောင်ထားသော ၀ိသကြုံနတ်သားသည် ထိုစက်ယန္တရားကို မြှားဖြင့်ပစ်လိုက်ရာ ချာချာလည်နေသော စက်ယန္တရားကြီးသည် ဖရိုဖရဲဖြစ်ကုန်ပါတော့သည်။
သို့နှင့် တံခါးဝတွင် လည်နေသော စယန္တရားကြီး ရပ်သွားသောအခါ တံခါးဝတွင် ပတ္တမြားတုံးကြီးနှင့်အတူ ရေးထိုးသော “နောင်တွင် မင်းဆင်းရဲသည် သည်ပတ္တမြားကြီးကို ယူ၍ ဓါတ်တော်တို့အား ပူဇော်စေသတည်း” ရွှေပေလွှာကို ဖတ်လိုက်ရသဖြင့် ကျွန်ပ် အံ့သြမိသကဲ့သို့ “ ငါလိုမင်းကို မင်းဆင်းရဲ လို့ မပြောသင့်ဘူး” ဟု တွေးကာ စိတ်မသက်သာ ဖြစ်ခဲ့ရသေးသည်။ မည်သို့ပင်ဖြစ်စေ သည်စာတန်းက ကျွန်ပ် အတွက် အရေးမကြီး မြတ်စွာဘုရား၏ ဓါတ်တော်များရရှိရန် အရေးကြီးနေသည်ကိုး……
သို့နှင့် အတွင်းတံခါးကို ဖွင့်၍ ကျောင်းအတွင်းသို့ ၀င်ကြသောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်ပ် မအံ့သြဘဲ မနေနိုင်သကဲ့သို့ အရိယာသူတော်ကောင်းကြီးတို့၏ တန်ခိုးအာနုဘော်တို့ကိုလည်း ကြည်ညိုခွင့်ရရှိခဲ့ပါသည်။ ကျွန်ပ်မြင်လိုက်ရသည်ကား တစ်ခြား မဟုတ်၊ လွန်ခဲ့သည့် နှစ်ပေါင်း (၂၁၈)နှစ်အထက်က ထွန်းညှိထားခဲ့သော ဆီမီးတိုင်သည် ယခုတိုင် ထွန်းတောက်နေဆဲ ဖြစ်သည့်အပြင် ဓါတ်တော်ကို ပူဇော်ထားခဲ့သည့် ပန်းများသည်လည်း မငြိုးနွမ်းဘဲ ပကတိ ပင်ကိုယ်အတိုင်းပင် ရှိနေပါတော့သည်။
ဓါတ်တော်တိုက်၏ တစ်နေရာတွင် စာရေးထားသော ရွှေပေလွှာတစ်ခုကို မြင်ရပါသည်။ ထိုရွှေပေလွှာကို ယူကြည့်လိုက်သောအခါ “နောင်သောအခါ ပိယဒါသအမည်ရှိသော မင်းသားသည် ထီးဖြူဆောင်းသည့် အသောကမင်း ဖြစ်လိမ့်မည်။ ထိုအသောကမင်းတရားကြီး သည် မြတ်စွာဘုရား၏ ဓါတ်တော်များကို ပျံ့နှံ့အောက်ပြုရစ်လိမ့်မည်” ဟု ဖတ်ရသောအခါ …..
ကျွန်ပ်သည် “အမောင်တို့……အရှင်မဟာကဿပမထေရ်ဟာ ဓါတ်တော်ပျံ့နှံ့ဖို့အတွက် ငါ့တစ်ယေက်ကိုပဲ မြင်တော်မူခဲ့တာကိုး” ဟုဆိုပြီး လွန်ကဲသော ၀မ်းမြောက်ခြင်းဖြင့် လက်ဝဲလက်မောင်းကို ခွေ၍ လက်ျာလက်ဖြင့် လက်ခမောင်း တဖြောင်းဖြောင်း ခတ်လေတော့သည်။
ကျွန်ပ်လည်း ထိုဓါတ်တော်တိုက်နေရာတွင် ပူဇော်ရုံသာ ပူဇော်နိုင်ရန် ဓါတ်တော် အနည်းငယ်ကို ထားခဲ့ပြီး ကျန်သည့် ဓါတ်တော် များကို ပင့်ဆောင်ကာ ဓါတ်တော်ကျောင်း ပြန်ပိတ်၍ ရှေးမူမပျက် ပကတိအတိုင်းပြန်ဖြစ်အောင် ပြုလုပ်ပြီး ကျောက်စေတီကို ပြန်၍တည်စေခဲ့ပါသည်။
ဤသို့ဖြင့် ကျွန်ပ်သည် ရှစ်သောင်းလေးထောင်သော ကျောင်းတို့၌ တည်ထားသော စေတီပေါင်း ရှစ်သောင်းလေး ထောင်တို့တွင် ဓါတ်တော်များကို ဌာပနာခဲ့ပါသည်။ သံဃာတော်အရှင်မြတ်များကလည်း တန်းခိုးအာနုဘော်ကြီးသော ဣန္ဒဂုတ္တအမည်ရှိ ရဟန္တာမထေရ်ကို ရှစ်သောင်းလေးထောင်သော ကျောင်းစေတီတို့ကို ဆောက်လုပ်ရာ၌ ပြီးစီးအောင်မြင်စေရန် စောင့်ရှောက်စေတော်မူခဲ့သည်။
(၈၄၀၀၀) ကျောင်းစေတီများ ဆောက်တည်မှု ပြီးစီးခြင်းအကြောင်း
ကျွန်ပ်၏ မပြီးစီးသေးသော ကျောင်းစေတီများကို ပြီးစီးခြင်းသို့ ရောက်အောင် ဣန္ဒဂုတ္တမထေရ်သည် သူ၏ တန်ခိုးအာနုဘော်ဖြင့် ဆောင်ရွက်ပေးခဲ့ပါသည်။ ကျောင်းစေတီများ စတင်၍ ဆောက်လုပ်သည်မှ ပြီးစီးသည်အထိ အချိန်ကာလ အားဖြင့် (၃)နှစ်တိတိကြာခဲ့ပါသည်။ ဤသို့ဖြင့် ရှစ်သောင်းလေးထောင်သော မြို့တို့မှ ကျောင်းစေတီများဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း စာသ၀ဏ်လွှာ များသည် ကျွန်ပ်ထံသို့ တစ်နေ့တည်း ရောက်လာကြပါသည်။
ကျောင်းစေတီဆောက်လုပ်ရာ၌ တာဝန်ပေးခြင်းခံရသော အမတ်တို့သည် ကျွန်ပ်ထံသို့ရောက်လာကာ “ အရှင်မင်းကြီး… စေတီတော်ဖြင့် တန်ဆာဆင်အပ်တဲ့ ကျောင်းပေါင်း ရှစ်သောင်းလေးထောင်ကို ဆောက်လုပ်ပြီးစီးကြပါပြီ …” လျှောက်တင်လာကြပါသည်။ ဤ၌ ထူးခြားချက်မှာ ကျောင်းအားလုံးကို စတင်ဆောက်လုပ်ခဲ့ကြသည့်နေ့မှာ လကို ရာဟုဖမ်းသည့် နေ့ဖြစ်သည့်အပြင် ကျောင်းအားလုံးပြီးသည့် နေ့သည်လည်း လကို ရာဟုဖမ်းသည့်နေ့ ဖြစ်နေသည်မှာ တိုက်ဆိုင်မှုဟုလည်း ပြော၍ ရပါသည်။ သို့သော်လည်း ထူးဆန်းအံ့သြဖွယ်ဖြစ်နေ သည်ကား အမှန်ပင်ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းသည် အရိယာသူတော်ကောင်းတို့၏ တန်ခိုးအာနုဘော်တော်ကြောင့် ဆိုလျှင် မှားမည်မထင်ပေ။ မည်သို့ပင်ဆိုစေ ကာယကံရှင် ကျွန်ပ်မှာတော့ ၀မ်းသာပီတိများ ဖြစ်ခဲ့ရသည်ကား အမှန်ပင် ဖြစ်ပါသည်။
ကျောင်းရေစက်ချ ပူဇော်ပွဲ
သို့နှင့်ကျွန်ပ်သည် ကျောင်းပူဇော်ပွဲကျင်းပနိုင်ရေးကို အမတ်များနှင့် တိုင်ပင်စည်းဝေးပြီး၊ ပါဋလိပုတ်ပြည်ထဲသို့ ဆော်အောရေး အဖွဲ့ကို တာဝန်ပေးခဲ့သည်၊ ဆော်အောရေးအဖွဲ့ကလည်း ပါဋလိပုတ်မြို့အတွင်းလှည့်ပတ်၍ “တိုင်းသူပြည်သားအလူအများတို့….. ယနေ့မှ နောက်ခုနှစ်ရက်မြောက်နေ့တွင် မင်းတရားကြီးက ကျောင်းပူဇော်ပွဲ ကျင်းပါ့လိမ့်မည်ဖြစ်ပါတယ်။ သို့အတွက် တိုင်းသူပြည်သားအားလုံး ထိုနေ့သို့ရောက်သောအခါ ရှစ်ပါးဥပုသ်သီလ ခံယူဆောက်တည်ပြီး မင်းတရားကြီးနှင့်အတူ ကျောင်းပူဇော်ပွဲကို ပါဝင်ဆင်နွဲကြရမယ်” ဟု မောင်းခတ်ဆော်အောကြပါသည်။
တိုင်းသူပြည်သားများကလည်း ထိုအကြောင်းကို ကြားသည်ဆိုလျှင် ၀မ်းသာပီတိဖြစ်ကြကာ “ကြုံတောင့်ကြုံခဲကျောင်းပူဇော်ပွဲ သဘင်ကို ငါတို့လည်းဆင်နွဲလိုက်ကြမယ်ဟဲ့” ဟုတွေးကာ ၀မ်းသာပျော်ရွှင်နေကြပါသည်။
သို့နှင့် ခုနှစ်ရက်လွန်သဖြင့် ကျောင်းပူဇော်ပွဲနေ့သို့ ရောက်သောအခါ တစ်သိန်းမကများစွာသော စစ်သည်တော်များနှင့်အတူ ကျွန်ပ်သည် စစ်အင်္ဂါလေးပါးခြံရံ၍ လိုက်ပါလာကာ အနောက်နားမှ တိုင်းသူပြည်သားများစွာတို့ကလည်း ၀တ်ကောင်းစားလှတို့ဖြင့် ပြင်ဆင်ပြီး အတီးအမှုတ်အကအခုန်တို့ဖြင့် ပါဋလိပုတ်ပြည်ကြီးကို လက်ျာရစ်လှည့်ပတ်ကာ အသောကာရာမကျောင်းရှိရာသို့ သွားခဲ့ကြပါတော့သည်။ ထိုကျောင်းပူဇော်ပွဲသဘင်တွင် ပါဝင်ဆင်နွဲတော်မူကြသော ရဟန်းသံဃာတော်များမှာ အကုဋေ(၈၀)ရှိပါသည်။ ဘိက္ခုနီများမှာ ကိုးသန်းခြောက်သိန်း ဖြစ်ပါသည်။ ထိုရဟန်းသံဃာအပေါင်းတွင် ရဟန္တာအရှင်သူမြတ်များက တစ်သိန်း အရေအတွက်ရှိပါ သည်။
ထိုအချိန်တွင် ရဟန္တာအရှင်သူမြတ်များ “ သီရိဓမ္မာသောကမင်းကြီးသည် သူ၏ ကုသိုလ်ကောင်းမှုအားလုံး ကို တပြိုက်နက်ထဲ တွေ့ရလျှင် မြတ်စွာဘုရားသာသနာတော်ကို များစွာကြည်ညိုလိမ့်မယ်” ဟု အကြံဖြစ်ကာ သြကာသလောကတစ်ခုလုံး ဟင်းလင်းပြင်ကဲ့သို့ ဖြစ်အောင် ဖန်တီးနိုင်သော လောက၀ိဝရဏ တန်ခိုးပြာဋိဟာတို့ကို ပြတော်မူကြလေကုန်၏ ။
ကျွန်ပ်သည်လည်း အသောကာရာမကျောင်းတော်၌ ရပ်လျှက် ကြည့်သောအခါ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အတားအဆီးမရှိ မြင်ရပါသည်။ ဆောက်လုပ်ပူဇော်ခဲ့သော ရှစ်သောင်းလေးထောင်သော ကျောင်းစေတီများကိုလည်း တပြိုက်နက်ထဲ တွေ့မြင်ရသောကြောင့် ကျွန်ပ်သည် ဖေါ်မပြနိုင်သည့် ၀မ်းသာပီတိများဖြင့် “ ယခု ငါသည် ၀မ်းမြောက်ပျော်မှု ပီတိသောမနဿများ အတိုင်းထက်အလွန်ဖြစ်ခဲ့ရသည်၊ ထိုသို့ နှစ်သက်မှု ပီတိမျိုး ဖြစ်ရသည်မှာ ငါမှတစ်ပါး တစ်ခြားသူများ ရှိပါသေးလား” ဟု တွေးမိကာ ရဟန္တာအရှင်မြတ်တို့အား “ အရှင်မြတ်တို့ ဘုရား……လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော မြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး၌ ကြီးမားသော စွန့်လှူမှုမျိုးကို မည်သူသည် စွန့်လှူဖူးပါသလဲဘုရား၊ မည်သူရဲ့ စွန့်လှူမှုဟာ အမြတ်ဆုံးစွန့်လှူမှု ဖြစ်ပါသလဲဘုရား”….. ဟု ကျွန်ပ်က လျှောက်ထားသော အခါ ရဟန္တာအရှင်မြတ်များက တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်အား အဖြေပေးစေချင်သည်ဖြစ်၍ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်လည်း “ မြတ်သောမင်းကြီး……မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကာလတုန်းကတောင်မှ ပစ္စည်း လေးပါးလှူဒါန်းသော ဒါယကာများထဲတွင် အရှင်မင်းကြီးနှင့်တူသူ မရှိပေ။ မင်းကြီးစွန့်ကြဲလှူဒါန်းခြင်းသည် ကြီးမြတ်လှပါပေတယ်” ဟု ကျွန်ပ်အမေး ကို ပြန်လည် မိန့်တော်မူခဲ့ပါသည်။
သာသနာ့အမွေခံ
မထေရ်မြတ်စကားကို ကျွန်ပ်ကြားသောအခါ အလွန်နှစ်သက်ရွှင်လန်းသောစိတ်ရှိသည်ဖြစ်၍ “ လောကတွင် ငါနှင့်တူတဲ့ ပစ္စည်းလေးပါး ဒါယကာမရှိ၊ ငါရဲ့ စွန့်ကြဲလှူဒါန်းမှုဟာ အလွန်ကြီးမြတ်တယ် အရှင်မြတ်များ မိန့်တော်မူကြတယ်၊ ဒါဖြင့်ရင် ငါဟာ သာသနာ တော်ရဲ့ အမွေခံ ဖြစ်လောက်ပြီထင်တယ်” ဟု ကျွန်ပ်တွေးမိပါသည်။ ထို့ကြောင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်အား “အရှင်ဘုရား…ဘုရားတပည့်တော်ဟာ သာသနာတော်ရဲ့ အမွေခံဖြစ်ပါပြီလာဘုရား….”။ ဟု ကျွန်ပ်မေးလျှောက်မိသည်။ အရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ်သည် ကျွန်ပ်၏ စကားကို ကြားသောအခါ မဟိန္ဒမင်းသား၏ ရဟန္တာဖြစ်မည့် အကြောင်းကို သိမြင်ပြီး၊ ထိုမင်းသား သာသနာတော်တွင် ရဟန်းပြုလျှင် သာသနာတော်ကြီး ကြီးပွားလိမ့်မည် ဟု တွေးမိ၍ မင်းကြီးအား မထေရ်က “အသင်မင်းကြီး….. ဒီလိုပစ္စည်းလေး ပါးလှူရုံမျှနဲ့ သာသနာအမွေခံ မဖြစ်သေး၊ ပစ္စည်းလေးပါးဒါယကာ အလုပ်အကျွေး လို့သာ ခေါ်ဝေါ်ကြပါတယ်၊ မြေကြီးမှ နေ ဗြဟ္မာ့ပြည်တိုင် အောင် စုပုံ၍ ပစ္စည်းများလှူဒါန်းသော်လည်း သာသနာ့အမွေခံ မဖြစ်သေးဘူး” ဟုမိန့်တော်မူသောအခါ ကျွန်ပ်က “အရှင်ဘုရား…ဒီလိုဆိုလျှင် မည်သို့ပြုလုပ်မှ သာသနာ့အမွေခံဖြစ်ပါမည်လဲ ဘုရား”….. ဟုလျှောက်လိုက်သည်။ မထေရ်က “ အသင်မင်းကြီး ….မိမိရင်၌ ဖြစ်သော သားသမီးများကို ရဟန်းပြုစေသောသူကို သာသနာ့အမွေခံ လို့ ခေါ်ဝေါ်ရပါတယ်” မိန့်တော်မူ၏။
ကျွန်ပ်သည် “ အော်….ပစ္စည်းလေးပါးတို့ဖြင့် သည်လောက်လှူတာတောင်မှ သာသနာ့အမွေခံ အဖြစ်ကို မရောက်သေးဘူး၊ သာသနာ့အမွေခံ ဖြစ်ချင်လှတယ်” ဟုတွေးကာ ဟိုဟိုဒီဒီကြည့်မိသောအခါ ကျွန်ပ်အနားတွင်နေသည့် သားတော် မဟိန္ဒမင်းသားကို မြင်၍ အကြံဖြစ်မိပါသည်။ “ ညီတော်တိဿ ရဟန်းပြုခဲ့သည့်အတွက် သားတော်မဟိန္ဒကို အိမ်ရှေ့မင်းအရာထားဖို့ အလိုရှိခဲ့တယ်၊ ဒါပေမယ့် အိမ်ရှေ့မင်းသာဘ၀ထက် ရဟန်းဘ၀က ပိုမြတ်ပါတယ်လေ” ဟု ကျွန်ပ်အကြံဖြစ်ကာ သားတော်မဟိန္ဒမင်းသားအား “ချစ်သား…… ရဟန်းပြုနိုင်ပါ့မလား”ဟု မေးခဲ့သည်။ သားတော်မဟိန္ဒသည်လည်း အိမ်ရှေ့မင်းသား တိဿရဟန်းပြုသည့်နေ့မှ စ၍ ရဟန်းအဖြစ်ကို လိုလား တောင်းတခဲ့ပါသည်။
ထို့ကြောင့် ခမည်းတော်စကားကို ကြားသောအခါ (ရေငတ်တုန်း ရေတွင်းထဲကျ) ဆိုသကဲ့သို့ နှစ်သက်ဝမ်းသာလှသည်ဖြစ်၍ “ဖခမည်းတော်မင်းကြီး….သားတော် ရဟန်းပြုနိုင်ပါတယ်၊ သားတော်အား ရဟန်းပြုပေးပြီး သာသနာ့အမွေကို ခံယူတော်မူပါ” ဟုသားတော်က ၀မ်းပမ်းတသာ ပြောလာသည်။ ထိုအချိန်တွင် သမီးတော် သင်္ဃမိတ္တာလည်း အနားတော်၌ ရှိနေပါသည်။ သမီးတော်ကို မြင်သောအခါ ကျွန်ပ်က “သမီးတော်….သာသနာ့ဘောင်ဝင်ပြီး ရဟန်းပြုနိုင်ပါ့မလား” ဟု သမီးတော်အား မေး၏။ သမီးတော်ကလည်း ခင်ပွန်းသည် ရဟန်းပြုသွားသည်မှစကာ သူလည်း ရဟန်းပြုချင်စိတ် ရှိခဲ့သည်ဖြစ်၍ သမီးတော်က “ ဖခမည်းတော်မင်းကြီး..သမီးတော်လည်း ရဟန်းပြုပါ့မယ်” ဟု ၀မ်းမြောက်ကျေနပ်စွာဖြင့် ပြန်ပြောခဲ့ပါသည်။
သို့နှင့် ကျွန်ပ်သည် သားတော်သမီးတော်များ၏ စကားကို ကြားရသောအခါ ရွှင်လန်းဝမ်းမြောက်လှသည်ဖြစ်၍ “ အရှင်မြတ် တို့ဘုရား…..တပည့်တော် သာသနာ့အမွေခံဖြစ်အောင် သားတော်နှင့်သမီးတော်တို့အား ရဟန်းပြုပေးတော်မူကြပါဘုရား” ကျွန်ပ်သည် မထေရ်မြတ်တို့အား လျှောက်ထားလိုက်ပါသည်။
ထိုအခါ မဟိန္ဒမင်းသားအား အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်က ဥပဇ္ဈာယ်ပြု၍ မဟာဒေ၀မထေရ်ကို သာမဏေ ပြုလုပ်စေပါ သည်။ ဤတွင် မဟိန္ဒမင်းသားသည် အသက်နှစ်ဆယ်ပြည့်ပြီ ဖြစ်သောကြောင့် မဇ္ဈန္တိက မထေရ်အား ကမ္မ၀ါစာဆရာ ပြုလုပ်စေ၍ ပဉ္ဇင်းခံစေ ပါသည်။ မဟိန္ဒမင်းသားသည် သိမ်အပြင်၌ ပဋိသမ္ဘိဒါတို့နှင့်တကွ ရဟန္တာဖြစ်တောမူပါသည်။
သင်္ဃမိတ္တာမင်းသမီးအားလည်း အာယုပါလိထေရီ အမည်ရှိ ဘိက္ခုနီမက သရဏဂုံပေးပါသည်။ သူမ၏ ဥပဇ္ဈာယ်ဆရာက ဓမ္မပါလိ ထေရီ ဘိက္ခုနီမ ဖြစ်ပါသည်။ ထိုအချိန်က သင်္ဃမိတ္တာမင်းသမီးသည် အသက်အားဖြင့် (၁၈)နှစ်သာရှိသေး၍ သိမ်အပြင်၌ ပါဏာတိပါတ အစရှိသော သိက္ခာပုဒ်(၆)ပါးကို ဆောက်တည်စေပြီး သိက္ခမာန် ကျင့်စေကုန်၏။
ဤတွင် ကျွန်ပ်၏ သားတော်နှင့်သမီးတော်တို့ သာသနာ့ဘောင်ဝင်ခဲ့သည့်နေ့ကို အမှတ်ရနေပါသေးသည်၊ သားသမီးများ ရဟန်းပြု သည့်နှစ်မှာ သာသနာတော်(၂၂၄)ခုနှစ် ဖြစ်သည်ကို ကျွန်ပ်မျက်ဝန်းထဲ မြင်ယောင်နေဆဲပါ။ ပြန်လည်တွေးလိုက်တိုင်း ၀မ်းမြောက်ပီတိဖြစ်ရသူက ကျွန်ပ်အသောကရယ်ပါ။)။ (ဆက်ရန်)
Sunday, November 23, 2008
သုံးရာစုထဲက ဘ၀ပုံရိပ် (၉)
Posted in: ဆောင်းပါး
0 comments:
Post a Comment