အရှေ့ဖက် တောတန်းဆီက တစ်နေ့တာအတွက် လောကကြီးကို အလင်းရောင်တို့ဖြင့် တောက်ပလင်းလက်ရန် အားယူနေသည့် နေမင်းကြီး၏ ရှေ့တော်ပြေးဟုဆိုရမည့် အာရုဏ်ဦး ရောင်နီပျိုးလာခဲ့ချေပြီ။ အကာလညအခါဆီက ထိုရောင်နီများ ဆိတ်သုဉ်းခဲ့သလောက် ယခုအခါတွင်တော့ နောက်မဆုတ် ရှေ့သို့သာ တက်လှမ်းနေသည့် အာရုဏ်ဦးရောင်နီသည် တဖြည်းဖြည်း ရဲသထက် ရဲတက်လာချေပြီ။
အာရုဏ်ဦး၏ အရသာကို ရှုမြင်ခံစား နေစဉ်ပင် နံနက်ခင်းသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပေပြီ်။ အော်…အချိန်ကား လူသားများအား တစ်စက္ကန့်လေးတောင်မှ မျက်နှာ သာမပေးဘူးဆိုသည်မှာ ထင်ရှားလှပေသည်။ အချိန်သည် လူကိုမစောင့်ပေ။ သည်လောက် မြန်ဆန်စွာ ပြောင်းလဲနေသည့်ကြားမှ အတိတ်ဖြစ်ရပ်တွေကို ပြန်ပြောင်းတွေးတောလိုက်ရာတွင် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်ကာလက ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများသည် မနေ့တစ်နေ့ကမှ ဖြစ်ပျက်နေသကဲ့သို့ ထင်ရလောက်အောင် မြန်ဆန်လွန်းလှသည်ထင့်။
အချိန်သည် အနာဂတ်သို့ လှမ်းချီနေသော်ငြားလည်း ဖြစ်ပျက်ခဲ့ပြီးသည့် ပုံရိပ်လွှာများသည် ရေးခြယ်ခဲ့ပြီးသည့် ပြောင်မြောက်သော ဘ၀ပန်းချီကား တစ်ချပ်ပမာ စိတ်အာရုံတွင် တရေးရေး ထင်ယောင်မြင်ယောင် ရှိလာပါတော့သည်။………………
ဘ၀ပုံရိပ် အစ
အချိန်ကား…မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ပေါင်း (၁၄၆)ခုနှစ်၊ ခရစ်မပေါ်မီ(ဘီစီ-၃၉၈) ဖြစ်သည်………………။
ဖခမည်းတော်မင်းကြီး ဗိန္ဒုသာရမင်းနှင့် မောရိယအမျိုးမှ မွေးဖွားလာသော သုဓမ္မာ မိဖုရားတို့သည် ထီးနန်းစည်းစိမ်ကို အတူတကွ ခံစားခဲ့ကြသည်။
တစ်နေ့သောအခါ သုဓမ္မာမိဖုရားကြီး၌ ပဋိသန္ဓေ ရှိစဉ် ချင်ခြင်းတတ်လေသည်။ မိဖုရားကြီး၏ ချင်ခြင်းတတ်သည့်အရာ ငါးမျိုးဖြစ်သည်။ (၁) လ၊ နေကိုနင်းလိုခြင်း။(၂)ကြယ်ကို စားလိုခြင်း၊(၃)တိမ်ကို စားလိုခြင်း။(၄) မြေကျစ်သည့် တီကို စားလိုခြင်း။(၅) သစ်ပင်ကို စားလိုခြင်း တို့ဖြစ်ပါသည်။ ထိုချင်ခြင်းငါးမျိုးတတ်သောကြောင့် သုဓမ္မာမိဖုရားကြီးသည် စိတ်နှလုံးညိုးနွမ်းကာ မျက်နှာမသာမယာ ဖြစ်နေရသည်၊ ဗိန္ဒုသာရမင်းကြီးက မိဖုရားကြီး မျက်နှာညိုးနေသည်ကို သတိထားမိသဖြင့်…..
“ နှမတော် …..မျက်နှာလည်း မကောင်းပါလား ဘာများအလိုမကျဖြစ်နေတာလဲ နှမတော်ရဲ့”
“ မှန်လှပါ အရှင်မင်းကြီး .. နှမတော်မှာ ချင်ခြင်းဖြစ်နေလို့ပါ ဘုရား….”
“ အော် နှမတော်ရယ်…ငါကိုယ်တော်မြတ်ရှိပါရက်နဲ့ကွယ်… နှမတော်ရဲ့ ချင်ခြင်းကို ပြေပျောက်စေဖို့အတွက် အဆင်ပြေပါရစေ့မယ်” ဟု ပြောပြီး မူးကြီးမတ်ရာများကို ခေါ်ကာ တိုင်ပင်ပြီး သုဓမ္မာမိဖုရားကြီး၏ ချင်ခြင်းကို ပြေပျောက်စေခဲ့ပါသည်။
နန်းတော်တွင် မိဖုရားကြီး အလွန်အားကိုးအားထားပြုရသော ဆရာတစ်ယောက်ရှိသည်။ သူ့နာမည်ကား ‘စရဏာဇီဝက’ဟုခေါ်ပါသည်။ မိဖုရားကြီး၏ ထူးဆန်းစွာ ချင်ခြင်းတတ်သည့်အကြောင်းကို မူးကြီးမတ်ရာများ နန်းတွင်းသူများ သိချင်နေကြသည်သာမက ကာယကံရှင်ဖြစ်သည့် မိဖုရားကြီးကိုယ်တိုင် သိချင်နေသည်။ ထို့ကြောင့် မိဖုရားကြီးက ‘သည်ချင်ခြင်းအကြောင်းကို မှန်ကန်စွာပြောနိုင်မည့်သူ မည်သူရှိနိုင်မလဲ’ စဉ်းစား၍ နန်းတော်အတွင်း အတွေးဖြင့် လိုက်လံရှာဖွေမိသည်။ ဝေးဝေးတွင် မရှာလိုက်ရ သူအလွန်အားထားရသည့် သူကို သတိရလိုက်မိသည်။ သူကား ဆရာစရဏာဇီဝက ပင်။ သို့နှင့်….
မိဖုရားကြီးသည် ‘ ငါ့ရဲ့ဆရာ စရဏာဇီဝကတော့ ဒီကိစ္စ သိနိုင်လောက်တယ်’ ဟု တွေးမိပြီး စရဏာဇီဝကကို လူလွတ်၍ အခေါ်ခိုင်းလိုက်ပါသည်။ နန်းတော်သို့ ဆရာရောက်လာသောအခါ ထိုကိစ္စရဲ့အဖြစ်မှန်ကို နန်းတွင်းသူအားလုံးကို မသိစေချင်ပေ။ထို့ကြောင့် ဆရာသည် မိဖုရားကြီးနေသည့် အဆောင်သို့ သွားကာ ……..
“ မိဖုရားကြီး….. မွေးလာမည့်သားတော်လေးသည် နောင် မင်းဖြစ်လိမ့်မယ်။ လ၊နေတို့ကို နင်းရတယ်ဆိုတာက နေလသဖွယ်ဖြစ်တဲ့ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးတွင် အုပ်စိုးနေကြသော ရှင်ဘုရင်အားလုံးဟာ သားတော်လေးရဲ့ ခြေရင်းအလုပ်အကျွေး (လက်အောက်ခံများ)သာ ဖြစ်ကြရမည့် ရှေ့ပြေးနိမိတ်တစ်ခုဖြစ်ပါတယ်။ ကြယ်ကို စားလိုတာက တစ်ဖသားချင်း(ဖအေတူမအေကွဲ)ညီအစ်ကိုတော်များကို သတ်ပစ်မည့် နိမိတ်ဖြစ်ပါတယ်။ တိမ်လွှာကို စားချင်တယ်ဆိုတာက (၉၆)ပါးသော ဒိဋ္ဌိအယူတို့ကို ဖျက်ဆီးပြီး ဘုရားရှင်ရဲ့ သာသနာတော်ကို ချီးမြှောက်မည့် နိမိတ်ဖြစ်ပါတယ်။ မြေတွင်ကျက်စားတဲ့ တီကို စားလိုခြင်းဟာ မြေကြီး အောက် တစ်ယူဇနာ(၈)မိုင်အထိ အာဏာစက် ပျံ့နှံ့မည့် နိမိတ်ဖြစ်ပါတယ်။ သစ်ပင်ကို စားလိုတာက အထက်ကောင်းကင် တစ်ယူဇနာ(ဂ)မိုင်တိုင်အောင် အာဏာစက် ပျံ့နှံ့မည့် နိမိတ်ဖြစ်ပါတယ်” ဟု ချင်ခြင်းတတ်ရခြင်း၏ အကျိုးသက်ရောက်မှုကို စရဏဇီဝဆရာက ပြောပြရာ မိဖုရားကြီးသည် နှစ်သက်ဝမ်းမြောက်မှုများစွာဖြင့် မျက်နှာမမြင်ရသေးသည့် သားတော် လေးအတွက် ပီတိတွေဖြာဝေခဲ့ရသည်ကား ပါးစပ်ဖြင့် ပြော၍ ပြည့်စုံနိုင်မည်မထင်၊ မိခင်တို့၏ မေတ္တာကား ထိုကဲ့သို့ ပြည့်စုံသည့် ‘သား’ ကို မဆိုထားနှင့်၊ သာမန်မပြည့်စုံသည့် ‘သား’ပင်ဖြစ်စေကာမူ မိမိအသက်နှင့်ရင်း၍ ချစ်ခြင်းမေတ္တာဖြစ်ရသည်ကား မိခင်တိုင်း၏ သဘာဝနိယာမတစ်ခု ဖြစ်ချေသည်။
သို့နှင့် မိဖုရားကြီးသည် ကိုးလလွယ် ဆယ်လသို့တိုင် ရောက်သောအခါ ကမ္မဇလေလှုပ်သဖြင့် မင်းသားလေးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါသည်။ သားလေး သည် အများနှင့်မတူချေ။ သူ၏ ဥပဓိရုပ်က ထူးခြားသည့်အသွင်ကို ဆောင်နေသည်ကား အမှန်ပင်။
ငယ်စဉ်အခါက မင်းသားလေးဘဝ
ထိုစဉ်က ကျွန်ပ်သည် နန်းတွင်းသူများ၏ အရေးပေးမှုကိုလည်း များစွာခံရသောကြောင့် နန်းတွင်းသူများ၏ လက်ပေါ်တွင်သာ အချိန်ကုန်လွန်ခဲ့ရပေသည်။ ဤသို့ဖြင့် ရက်မှသည် လသို့တိုင် ရောက်ခဲ့ပေပြီ။ မယ်တော်မိခင်ကြီးမှာမူကား ရှေးဘုန်းရှေးကံကြီးလှသော သားတော်လေးအား ချစ်မ၀ ရှုမ၀ ဖြစ်ခဲ့ရပါသည်။ ထိုစဉ်က ကျွန်ပ် ကို အကြောင်းပြု၍ နန်းတော်တစ်ခုလုံး စိုစိုပြေပြေ ရှိနေသည်ဟု နောင်တွင် ခမည်းတော်မယ်တော်များ ပြောပြချက်အရ သိရပါတော့သည်။
ကျွန်ပ်သည် လူမှန်းသိတတ်ခါစအရွယ် ရောက်သောအခါ ခမည်းတော်နှင့်မယ်တော်တို့က “ဓမ္မာသောက” ဟု နာမည်မှည့်တော်မူကြပါသည်။ ထိုကြောင့် မှူးကြီးမတ်ရာ၊သေနာပတိများမှအစ နန်းတွင်းသား/နန်းတွင်းသူများပါမကျန် သိသူမှန်သမျှ ကျွန်ပ်အား ‘ဓမ္မာသောက’ ဟုခေါ်ဝေါ်ခဲ့ကြပါသည်။
တစ်နေ့သ၌ ကျွန်ပ်သည် ဖခမည်းတော်ကြီး၏ ရင်ခွင်ထက်တွင် အတူတကွ ဆော့ကစားနေစဉ် ရုတ်တရက် ရှူး ရှူး ပေါက်ချင်လာ သည်နှင့် အောင့်ထားမနိုင်တော့ဘဲ ဖခမည်းတော်ကြီးကိုယ်ပေါ်သို့ ရှူ ရှူး ပေါက်ချမိပါတော့သည်။ ထိုစဉ် ကျွန်ပ် စွန့်ချသော ရှူးရှူးများကို ခမည်းတော်မင်းကြီးက လက်ယာရစ်ခရုသင်းကို ကိုင်၍ ရှူးရှူးများကို ခံယူ ပြီး ၊ ကျွန်ပ်ဦးထိပ်ပေါ်သို့ လောင်းချလိုက်တာကို သိလိုက်ရပါ သည်။ ဘာရယ်လို့တော့မသိပေမယ့် နောင်တွင် ကျွန်ပ်သည် ဇမ္ဗူဒိပ်တစ်ကျွန်းလုံးတွင် အစိုးရသော မင်းဧကရာဇ်တစ်ပါးအဖြစ် အဘိဘ်သိက် သွန်းခံရလိမ့်မယ်ဟု မယ်တော်ကြီး၏ ဆရာဆိုသူ(စရဏာဇီဝက)က နိမိတ်ဖတ်ကြောင်း သိရပါသည်။ ထိုစဉ်က ခမည်းတော်နှင့်မယ်တော်တို့ သည် မိဘတို့သဘာဝ ပျော်ရွှင်နေကြပါသော်လည်း ကျွန်ပ်မှာတော့ လူလားမမြောက်သေးသည့်အတွက် ဘာရယ်လို့မသိခဲ့ပေ။
ဘ၀တစ်ကွေ့ဆုံတွေ့လေသူ
သို့နှင့် ကျွန်ပ်သည် အရွယ်ရောက်လာခဲ့ရပါသည်။ တစ်နေ့ ဖခမည်းတော် ဗိန္ဒုသာရမင်းကြီးက ကျွန်ပ်အား အိမ်ရှေ့အရာပေးကာ အ၀န္တိတိုင်း ဥဇ္ဇေနီပြည်ကို အပိုင်စားပေး သနားတော်မူလိုက်ပါသည်။ လူ့လောကထဲရောက်သည့်နေ့မှစ၍ တစ်သက်နှင့်တစ်ကိုယ် ထို စည်းစိမ်မျိုးကို မရခဲ့ဖူးသည့်အပြင် အိပ်မက်တောင် မမက်ခဲ့ဖူးပေ၊ ယခုတော့ ဥဇ္ဇေနီမြို့စားဘ၀အဖြစ်သို့ ရောက်ရှိခဲ့ပါတော့သည်။
ဥဇ္ဇေနီပြည်သည် ပါဋလိပုတ်နေပြည်တော်ကြီးနှင့် ယူဇနာတစ်ရာ (မိုင်-၈၀၀)တိတိဝေးကွာသည်။ ကျွန်ပ်သည် အပိုင်စားရသော ဥဇ္ဇေနီပြည်ကြီးသို့လာခဲ့ပါသည်။ ယူဇနာငါးဆယ်ခန့် ခရီးနှင်လာခဲ့ရာ ဝေဒိဿက အမည်ရှိသည့် သာကီဝင်တို့၏ ပြည်ကြီးကို ရောက်ခဲ့ပါသည်။ ထိုဝေဒိဿကပြည်ကြီးကား ဘုရားရှင်လက်ထက် ၀ိဋဋူဘ၏ဘေးကို ကြောက်ရွံ့၍ သာကီဝင်တို့ ပြောင်းရွေ့နေထိုင်သော ပြည်ကြီးဖြစ်လေသည်။ ထိုဝေဒိဿကပြည်သို့ ကျွန်ပ်ရောက်ရှိစဉ် အလွန်တရာမှ ချောမောလှပသော အမျိုးသမီးတစ်ဦးကို မြင်တွေ့ရသောအခါ အတိတ်ရေစက်ကြောင့်လောမသိပေ၊ မြင်မြင်ချင်း သံယောဇဉ်တွယ်မိသည်ကားအမှန်ပင်၊ သို့နှင့် ထိုအမျိုးသမီးကို စုံစမ်းသောအခါ သာကီဝင်သူဌေးသမီးတစ်ဦး ဖြစ်ကြောင်းသိရှိရသည်။
သူ၏ နာမည်ကား “ဝေဒိဿကဒေ၀ီ” ဖြစ်ပါသတဲ့။ နာမည်နှင့်လူနှင့်လည်း လိုက်ပါပေ့၊ ကျွန်ပ်သည် သူ့ကို မြင်ရသည့်အချိန်မှစ၍ သူ့အကြောင်း မစဉ်းစားလျှင် မနေနိုင်၊ သူ့ရဲ့မျက်လုံး၊မျက်ခုံး၊ နှာတံ၊ ခန္ဓာကိုယ် သူ့နေရာနှင့်သူ အချိုးအစားပြေပြစ်မှုက အပြစ်ပြောစရာ မရှိလောက်အောင် လှပကျော့ရှင်းနေသည်။ ခဏတာ တွေ့ကြရသော်လည်း နူးညံ့သော သူမ၏ စိတ်နေသဘောထားကိုလည်း တစ်စိတ် တစ်ဒေသ သိခွင့်ရခဲ့သည်။ ထိုသို့ သိရလေလေ သူ့အား မြတ်နိုးမိလေလေပင်၊ ထို့ကြောင့် ဘ၀တစ်ကွေ့ ဆုံတွေ့လာသော သူမအား ကျွန်ပ် လက်ထပ်ထိမ်းမြားခဲ့ခြင်း ဖြစ်ပါသည်။
သို့နှင့် ကျွန်ပ်သည် ဝေဒိဿကဒေ၀ီ အမည်ရှိ သာကီဝင်သူဌေးသမီးအား ယူဆောင်ကာ ဥဇ္ဇေနီမြို့စားမင်းအဖြစ်ကို ရရှိခဲ့ပါသည်၊ ဤသည်မှာ ဖခမည်းတော်ကြီး၏ ကျေးဇူးတော်ကြောင့် မဟုတ်ပါလော။
မကြာမီ ကျွန်ပ်ကို အစွဲပြု၍ ဝေဒိဿကဒေ၀ီတွင် သားတော်တစ်ပါး မျက်နှာမြင်လေသည်။ ထိုသားတော်၏ အမည်ကို မဟိန္ဒ မင်းသား ဟုနာမည်တွင်စေသည်။ မဟိန္ဒမင်းသား လမ်းလျှောက်တတ်ခါစအရွယ်တွင် ဝေဒိဿကဒေ၀ီ မိဖုရားတွင် သမီးတော် တစ်ပါး မျက်နှာမြင်ရပြန်သည်။ ထိုသမီးတော်၏ အမည်ကိုတော့ သင်္ဃမိတ္တာမင်းသမီး ဟု နာမည်မှည့်ခဲ့ပါသည်။
မိဘမေတ္တာ စမ်းရေပမာ
ဖခမည်းတော်ကြီး ဗိန္ဒုသာရမင်းတွင် (ကျွန်ပ်နှင့်ဖအေတူ မအေကွဲတော်စပ်သူ)သားတော်ပေါင်း ကျွန်ပ်နှင့်ကျွန်ပ်ညီဖြစ်သူ တိဿ အပါအ၀င် မင်းသားပေါင်း (၁၀၁)ပါးရှိရာ အကြီးဆုံးဖြစ်သော သားတော်က ‘သုမန’ မင်းသား ဖြစ်ပါသည်။ အခါတစ်ပါးတွင် တက္ကသိုလ်နယ် မြေ ပတ်ဝန်းကျင်တွင် သူပုန်များ ထကြွသောင်းကျန်းသည့်အတွက် သားတော်ကြီး သုမန ကို သူပုန်ရန် နှိမ်နှင်းဖို့ လွှတ်လိုက်ပါသည်။ ထိုအခိုက် ဖခမည်းတော်ကြီး မကျန်းမမာဖြစ်တော်မူလေတော့သည်။
ထိုသတင်းကို ကြားရသောအခါ ဖခမည်းတော်ကြီးအား တွေ့လိုသည့် အာသာဆန္ဒကများနေသောကြောင့် ဥစ္စေနီပြည်မှ ပါဋလိပုတ်နေပြည်သို့ လျှင်မြန်စွာလာခဲ့ပါသည်။ ထိုသို့ ဖခမည်းတော်ကို မြင်ချင်သည့်ဇောကပ်နေသဖြင့် ဝေဒိဿကဒေ၀ီမိဖုရားနှင့်တကွ သားတော် သမီးတော်များကိုပါ မခေါ်ခဲ့နိုင်ဘဲ သူတို့အား ဝေဒိဿကပြည်တွင် ထားခဲ့ကာ ပါဋလိပုတ်နေပြည်တော်သို့ အသော့နှင်ခဲ့ပါတော့သည်။
နေပြည်တော်ကြီးသို့ ကျွန်ပ်ရောက်သည်ဆိုလျှင် အချိန်မဆိုင်းဘဲ ခမည်းတော်ကြီးရှိရာ နန်းဆောင်သို့ အရောက်သွားခဲ့ပါသည်။ နန်းတော်ထဲရောက်တော့ ဖခမည်းတော်ကြီးခမျာ အိပ်ယာထဲလဲနေသည်။ သားတော်အလာကို စောင့်မျှော်နေဟန်ရှိသည့် ခမည်းတော်ကြီးခမျာ သားတော်ကို မြင်လိုက်ရသည်ဆိုလျှင် ဖေါ်မပြနိုင်သော အံ့သြ၀မ်းသာမှု အားကိုးမှုတို့ဖြင့် ပြည့်နက်နေသည့် မျက်လုံးအစုံဖြင့် ကျွန်ပ်အား စူးစိုက်စွာကြည့်နေပါတော့သည်။
သားသမီးများက မိဘကို အားကိုးသည်ဆိုသော်လည်း တစ်ရံတစ်ခါ မိဘက သားသမီးကို အားကိုးသည်လည်း ရှိပေသည်။ ဖခမည်းတော်ကြီးသည် ကျွန်ပ်ရောက်သည့်အတွက် အလွန်ပဲ အားရကျေနပ်နေပုံရသည်၊ သူ၏ မျက်နှာကား ယခင်ကနှင့်မတူ ရွှင်လန်းတက်ကြွနေသည်ဟု အနီးရှိ မယ်တော်ကြီး ပြောပြချက်အရ သိရပါသည်။ ဖခမည်းတော်သည် တိုင်းပြည်အတွက် ကျွန်ပ်အား အလွန်အားကိုးထားဟန်ရှိပေသည်။ ဘာကြောင့်နည်းဆိုလျှင် ငယ်ရွယ်စဉ်ကတည်းက ကျွန်ပ်၏မင်းအဖြစ်ရရန် အံ့သြဘနန်း ထူးဆန်းစွာ ရှေ့ပြေးနိမိတ်တွေ ဖြစ်ခဲ့သည်၊ထို့ကြောင့်ပင် ဖခမည်းတော်က ကျွန်ပ်အား အလွန်အားထားနေသည်မှာ သိသာထင်ရှားလှပေသည်။ အော်……မိဘ - သားသမီးတို့၏ မေတ္တာသည်ကား နက်ရှိုင်းလှပေစွ။ (ဆက်လက်ဖေါ်ပြပါမည်)
Tuesday, November 18, 2008
သုံးရာစုထဲက ဘ၀ပုံရိပ် (၁)
Posted in: ဆောင်းပါး
0 comments:
Post a Comment