ထိုအခါ ကျွန်ပ်၏ စီမံချက်အရ အဆင်း၊ အနံ့တို့နှင့်ပြည့်စုံသော မြေတွင်ပွင့်သောပန်း၊ ရေတွင်ပွင့်သောပန်း၊ ရွှေပန်းစသည်တို့ဖြင့် နဂါးမင်းအား ပူဇော်စေပါသည်။ မောင်းမမိဿံတစ်သောင်းခြောက်ထောင်တို့အား နဂါးမင်းကို ၀န်းရံစေကာ ဥာဏ်တော်နှင့်ပြည့်စုံတော်မူသော မြတ်သော ဓမ္မစကြာရတနာကို လည်စေတော်မူသော မြတ်စွာဘုရား၏ အသွင်တော်ကို ဖန်ဆင်းပြပါရန် ကျွန်ပ်က နဂါးမင်းအား ပြောသောအခါ နဂါးမင်းသည် မြတ်စွာဘုရား၏ အဆင်းတော်အတိုင်း ဖန်ဆင်းပြခဲ့သည်။
ထိုအခါ ကျွန်ပ်သည် လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် တင့်တယ်သပ္ပါယ်တော်မူသော မြတ်စွာဘုရား၏အဆင်းတော် ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့်လည်း ဖူးမြင်လို့မ၀ရှိလှသည့်အတွက်ကြောင့် အိပ်စက်အနားယူခြင်းကို မပြုတော့ဘဲ ခုနှစ်ရက်ပတ်လုံး စားတော်မခေါ်ဘဲ မပြန့်မလွင့် တည်ကြည်ငြိမ်သောစိတ်ဖြင့် ဖူးမြင်ပူဇော်လာခဲ့ပါသည်။
မောဂ္ဂလိပုတ္တတိဿ မထေရ်၏(history) သမိုင်းကြောင်း
(ကျွန်ပ်၏ ဘ၀ရပ်ဝန်းတွင် အရှင်မြတ် မောဂ္ဂလိပုတ္တတိဿမထေရ်၏ သမိုင်းကြောင်း (history)မပါလျှင် ပြီးပြည့်စုံမှု မရှိသောကြောင့် ထိုမထေရ်အကြောင်းကိုလည်း ဆက်လက်ပြောရပေဦးမည်။)
ဒုတိယ သင်္ဂါယနာတင်ခဲ့ပြီးသည့် ရဟန္တာအရှင်မြတ်တို့သည် နောင်အခါတွင် သာသနာသည် မည်သို့ဖြစ်လာမည်နည်းဟု အဘိဥာဏ်နှင့်ကြည့်သောအခါ သာသနာနှစ် (၂၁၈)နှစ်သို့ ရောက်လျှင် ပါဋလိပုတ်ပြည်တွင် ဓမ္မာသောက အမည်ရှိမင်းသည် အဘိသိက်ခံယူပြီး ဇမ္ဗူဒိပ်တစ်ကျွန်းလုံးတွင် မင်းကရာဇ်ဖြစ်လိမ့်မည်။ ထိုမင်းသည် မြတ်စွဘုရား သာသနာတော်ကို ကြည်ညိုလှသည်ဖြစ်၍ လွန်ကဲသော ပူဇော်သက္ကာရဖြင့် ပူဇော်လိမ့်မည်။
သည်အခါတွင် တိတ္ထိတို့သည် ပူဇော်သက္ကာရ လဘ်လာဘကို လိုလားတောင်းတကြကုန်သည်ဖြစ်ရာ။ သဒ္ဓါတရားဖြင့် မဟုတ်ဘဲ လာဘ်လာဘကို လိုလား၍ မြတ်ဘုရားသာသနာ တော်အတွင်း ၀င်ရောက်ကာ ရဟန်းပြုလာကြလိမ့်မည်။ တိတ္ထိများသည် အကြံဖြင့်ရဟန်းပြု လာကြသောကြောင့် သာသနာတော်အတွင်းတွင် သူတို့၏ အယူဝါဒကို ပြကြလိမ့်မည်။။ ထိုအခါ သာသနာတ်ေကြီးသည် အုတ်ရောရော ကျောက်ရောရောဖြစ်ကာ ဘေးအန္တရာယ်နှင့် ကြုံရလိမ့်မည်။ ထိုသို့သသနာဘေးအန္တရာယ်ကြုံသောအခါ ငါတို့သည် “ အသက်ထင်ရှားရှိဦးမှာလား၊ မရှိတော့ပြီလား” ဟူသည်ကို ဆင်ခြင်ကြည့်သောအခါ ထိုအချိန်တွင် အသက်ထင်ရှားမရှိတော့ပြီကို သိလိုက်ရပါသည်။ သည်လိုဆိုလျှင် ‘သည်ဘေးအန္တရာယ်ကို မည်သူ ငြိမ်းစေနိုင်မည်နည်း’ ဟု ဆက်လက်၍ ဆင်ခြင်ကြည့်ရာ လူ့ပြည်၊ နတ်ပြည်သာ ကုန်သွားသည် တစ်ယောက်မှမမြင်ပေ။ ဒါပေမယ့် ဗြဟ္မာ့ပြည်မှ စုတေခါပြီး၊ အထက်ဗြဟ္မပြည်သို့ ဖြစ်နိုင်ကြောင်းဈာန်နှင့်ပြည့်စုံနေသည့် တိဿ ဗြဟ္မာကြီး အား တွေ့မြင်တော်မူကြပါသည်။
ထိုသူသည်သာ နောင်အခါတွင် သာသနာအတွင်း တိတ္ထိတို့ကို နှိမ်နင်းကာ အဓိကရုန်းကို ဆုံးဖြတ်ပြီး သာသနာတော်ကို ချီးမြှောက် လိမ်မည်ဟု ကြိုတင်သိမြင်ကာ ရဟန္တာအရှင်မြတ်တို့သည် ဗြဟ္မာ့ပြည်သို့ ကြွတော်မူကြပြီး တိဿဗြဟ္မာကြီးအား ပြောတော်မူကြသည်။
“ဗြဟ္မာကြီး……သာသနာတော်နှစ် (၂၁၈)နှစ်သို့ ရောက်တဲ့အခါ သာသနာတော်တွင် ဘေးရန်ကြီး ဖြစ်လိမ့်မယ်။ ငါတို့ဟာ လူပြည် နတ်ပြည် နေရာအနံ့ကြည့်သော်လည်း သာသနာတော်ကို ချီးမြှောက်နိုင်တဲ့သူကို မမြင်မိပါ။ ဗြဟ္မပြည်ကို စုံစမ်းတဲ့အခါမှာသာ သင်ဗြဟ္မာကြီးကို တွေ့ရပါတယ်။ သူတော်ကောင်းဖြစ်သော ဗြဟ္မာကြီး………ငါတို့တောင်းပန်ပါတယ်၊ သင်သည် လူ့ပြည်တွင် ပဋိသန္ဓေနေ ကာ မြတ်ဘုရားရဲ့ သာသနာတော်ကြီးကို ချီးမြှောက်နိုင်ဖို့အတွက် သင် ၀န်ခံစမ်းပါ ဗြဟ္မာကြီး….” ဟု ရဟန္တာအရှင်မြတ်များက ပြောကြပါသည်။ ထိုစကားကို ကြားရသော ဗြဟ္မာကြီးသည် “ ငါသည် သာသနာတော်ရဲ့ ဘေးရန်ကို သုတ်သင်ပြီး သာသနာတော်ကြီးကို ချီး မြှောက်ဖို့အတွက် အစွမ်းနိုင်ဆုံးသူတစ်ယောက် ဖြစ်လိမ့်မယ် ဆိုပါလား” ဟု တွေးကာ စိတ်ထဲအလွန်ရွှင်လန်းရသည် ဖြစ်သောကြောင့် ဗြဟ္မာကြီးက အရှင်မြတ်တို့အား “ အရှင်တို့ဆန္ဒအတိုင်းဖြစ်ရပါစေ့မယ်” ဟု ၀န်ခံကတိကို ပြုခဲ့ပေသည်။
ထိုအခါ သိဂ္ဂ၀မထေရ်နှင့် စဏ္ဍ၀ဇ္ဇိမထေရ်နှစ်ပါးတို့သည် ရဟန်းငယ်သာဖြစ်သေးသော်လည်း ပိဋကတ်သုံးပုံဆောင်သော ပဋနသမ္ဘီဒါပတ္တ ရဟန္တာများ ဖြစ်တော်မူကြသည်။ ရဟန္တာမထေရ်ကြီးတို့သည် ထိုရဟန်းငယ်နှစ်ပါး “ သင်တို့နှစ်ပါးဟာ ဒုတိယသင်္ဂါယနာတင်စဉ်က မလာကြကုန်၊ ဒါကြောင့် သင်တို့အား ဒဏ်တစ်ခု ဖြစ်စေရမယ်၊ တိဿမည်တဲ့ ဗြဟ္မာဟာ မောဂ္ဂလိပုဏ္ဏေးမရဲ့ အိမ်မှာ ပဋိသန္ဓေ နေလိမ့်မယ်။ သင်တို့နှစ်ယောက်တွင် တစ်ယောက်က ထိုသူကို ရဟန်းပြု၊ တစ်ယောက်က ဘုရားစကားတော်ကို သင်ပေးပါ” ဟု မှာတော်မူရစ်ကြပါသည်။ (ရဟန္တာအရှင်မြတ်ကြီးတို့၏ ဥပေက္ခာမပြုဘဲ သာသနာတော်အတွက် စွမ်းဆောင်တော်မူခဲ့ကြ သည်မှာ နောင်လာနောင်သား ရဟန်းတော်များနှင့်လူပုဂ္ဂိုလ်များ အတုယူဖွယ်ကောင်းလေစွ။)
ထိုအချိန်မှစ၍ ဗြဟ္မာကြီးသည် ဗြဟ္မာ့ပြည်မှ စုတေ၍ မောဂ္ဂလိပုဏ္ဏေးမ၏ ၀မ်းတွင် ပဋိသန္ဓေယူပါသည်။ မထေရ်ကြီးများ တာဝန်ပေးသည့်အတိုင်း သိဂ္ဂ၀မထေရ်သည် ဗြဟ္မာကြီး ပဋိသန္ဓေယူသည်မှစ၍ ခုနှစ်နှစ်ပတ်လုံး ပုဏ္ဏားအိမ်သို့ ဆွမ်းခံဝင်တော်မူခဲ့ရာ တစ်နေ့မျှ ဆွမ်းမရခဲ့ပေ။ ခုနှစ်နှစ်လွန်သောအခါမှ တစ်နေ့တွင် ‘ကန်တော့ပါ၏’ ဟူသော စကားတစ်ခွန်းကိုပဲ ရခဲ့လေ၏။ ဤတွင် မွေးလာသော ကလေး၏ အမည်ကို ‘တိဿ’ ဟုအမည်မှည့်ကြကုန်၏၊ အမေ၏ အမျိုးအနွယ်ကိုအစွဲပြုကာ မောဂ္ဂလိပုတ္တတိဿ (မောဂ္ဂလိ၏သား တိဿ)ဟုအမည်တွင်ခဲ့လေသည်။
(ရှေးပညာရှိများ သာသနာပြုတော်မူပုံမှာ အံ့မခန်းရှိသကဲ့သို့ အတုယူဖို့လည်း ကောင်းလှပါသည်)။
တစ်နေ့သ၌ ပုဏ္ဏားသည် ကိစ္စတစ်ခုဖြင့် အပြင်မှာ ပြန်လာသောအခါ လမ်းတွင် မထေရ်နှင့်တွေ့သောအခါ “ ငါတို့အိမ်ကို သင်သွားပါသလား” ဟုမေးပါသည်။
မထေရ် “ အသင်ပုဏ္ဏား…သွားပါတယ်”
ပုဏ္ဏား “ တစ်စုံတစ်ခုကို သင်ရခဲ့သလား”
မထေရ် “ ရခဲ့ပါတယ်” ဟုဆိုသည်။ ပုဏ္ဏးလည်း အိမ်သို့ ရောက်သောအခါ “ တစ်စုံတစ်ခုကို ရဟန်းအား လှူလိုက်ကြလား” ဟု မေးသော အခါ ပုဏ္ဏေးမက“ အရှင်…တစ်စုံတစ်ခုကိုမျှ မလှူလိုက်ဘူး” ဟု ဖြေ၏။ ထိုအခါ ပုဏ္ဏားက မနက်ဖြန် ထိုရဟန်းနှင့်တွေ့လျှင် လိမ်လည်မှု မုသာဝါဒနှင့် စွတ်စွဲရမည် ဟု အတွေးပေါ်လာလေ၏။
မနက်မိုးသောက်အလင်းရောက်သည့်အခါ ထုံးစံအတိုင်း ရဟန်းသည် ပုဏ္ဏား၏ အိမ်တံခါးဝသို့ ဆွမ်းရပ်တော်မူလာ၏။ ထိုအခါ ပုဏ္ဏားကစတင်ကာ “ အသင်ရဟန်း…. မနေ့တုန်းက ကျွန်ပ်၏ အိမ်မှာ တစ်စုံတစ်ခုမရပါဘဲနှင့် ရခဲ့တယ် လို့ဆိုတယ်။ အသင်ရဟန်းတို့ဟာ လိမ်လည်ပြီး မုသားစကား မပြောကောင်းဘူး” ဟုပြောသောအခါ မထေရ်က “ အသင်ပုဏ္ဏား ငါသည် သင်တို့အိမ်မှာ ခုနှစ်နှစ်ပတ်လုံး ဆွမ်းရပ်ခဲ့သော်လည်း တစ်စုံတစ်ခုကိုမျှ မရခဲ့ပေ။ မနေ့ကမှ ကန်တော့ပါ၏ ဆိုတဲ့ စကားကိုသာ ငါရခဲ့ ပါတယ်၊ ဒါကို အကြောင်းပြုပြီး တစ်စုံတစ်ခုရခဲ့တယ်လို့ ငါပြောခြင်းဖြစ်တယ်” ဟု ပြန်ပြောပါသည်။
ထိုအခါပုဏ္ဏားက “ အော်…ရဟန်းတွေဟာ ‘ကန်တော့ပါ၏’ ဆိုတာတောင်မှ ဒီကန်တော့ပါ၏ကိုပဲ အလေးထားကာ ချီးမွန်းပြောဆိုသေးရင် တကယ့်ဆွမ်းကို ရရင်တော့ ပိုပြီး ချီးမွန်းပြောဆိုဦးမှာပဲ” ဟု တွေးကာ မထေရ်အပေါ်ကြည်ညိုသည်ဖြစ်၍ သူ့အဖို့ထား သောထမင်းကိုယူကာ မထေရ်အား လောင်းလှူလိုက်ပြီး၊ “ အရှင်ဘုရား…တပည့်တော်အိမ်မှာ နေ့တိုင်း ဆွမ်းအလှူခံတော်မူပါဘုရား” ဟူ၍ ဖိတ်မန္တကပြုလိုက်၏။ သိဂ္ဂ၀မထေရ်သည်လည်း ပုဏ္ဏား၏ အိမ်၌ နေ့တိုင်း ဆွမ်းခံကြွတော်မူကာ မြတ်စွာဘုရား၏ တရားတော်များကိုလည်း တစ်နေ့လျှင် အနည်းငယ်စီ ဟောတော်မူခဲ့ပါသည်။ ထိုအခါ ပုဏ္ဏားတို့သည်လည်း မထေရ်သည် ငြိမ်သက်သော ဣနြေ္ဒရှိသည်ဖြစ်၍ ကြာလေ ကြာလေ ပို၍ ကြည်ညိုလေလေ ဖြစ်ခဲ့ပါသည်။
ဗြဟ္မာ့ပြည်က ဖြစ်လာသော လူငယ်လေးသည်လည်း တဖြေးဖြေးနှင့်ကြီးပျင်းလာကာ အသက်(၁၆)နှစ်အရွယ်သို့ ရောက်သောအခါ ဗေဒင်(၃)ပုံကို တတ်မြောက်ခဲ့လေသည်။ လူငယ်သည် ဗြဟ္မာ့ပြည်မှာလာသည်ဖြစ်၍ သူ၏အိပ်ရာတွင် မည်သူမျှ မနေရ၊ လူငယ်သည် ဗေဒင်အတတ်သင်ရန် ဆရာ့အိမ်သို့ သွားသောအခါ လူငယ်၏ အသုံးအဆောင် အိပ်ရာနေရာ ထိုင်ခုံစသည်တို့ကို အ၀တ်ဖြူဖြင့် ရစ်ပတ်ကာ ဆွဲထားရသည်။
တစ်နေ့တွင် သိဂ္ဂ၀မထေရ်သည် “ အင်း…ဒီအိမ်ကို ငါလာတာလည်း ကြာနေပြီ လူငယ်သည်လည်း ရဟန်းပြုချိန် ရောက်နေပြီ၊ လူငယ်ကို စကားပြောမှ ဖြစ်လိမ့်မယ်” အကြံဖြစ်တော်မူကာ မထေရ်သည် လူငယ်၏ အိမ်သို့ ကြွတော်မူခဲ့၏။ အိမ်ရောက်သောအခါ လူငယ်၏ နေရာအိပ်ရာမှတစ်ပါး တစ်ခြားနေရာများကို မမြင်ပါစေနှင့် ဟု အဓိဋ္ဌာန်လိုက်ပါသည်။ ပုဏ္ဏားကလည်း လူငယ်နေရာမှတစ်ပါး တစ်ခြားနေရာ ကို မမြင်သည့်အတွက် မထေရ်အား လူငယ်နေသည့်နေရာတွင် သီတင်းသုံးပါရန် လျှောက်ထားလိုက်ရပါသည်။ မကြာမီ လူငယ်ပြန်ရောက် လာသောအခါ “ ကျွန်တော့နေရာကို ရဟန်းနေထိုင်ဖို့အတွက် အဘယ်သူက ခွင့်ပေးလိုက်သလဲ” ဟုဒေါသတကြီး အော်ဟစ်ပြောဆိုပါတော့ သည်။ သူကားဗြဟ္မာ့ပြည်မှ စုတေလာသည်ဆိုတော့ စင်ကြယ်မှုကိုသာ အလေးထားလိုလားသည်။ သို့နှင့် မထေရ်သည် ထိုအိမ်၌ လှူဒါန်းသောဆွမ်းကို ဘုဉ်းပေးပြီးခဲ့သည်။ ထိုအချိန်တွင် လူငယ်သည် ဒေါသပြေလောက်ပြီဖြစ်၍ မထေရ်ကာ လူငယ်အား စကားစလိုက်သည်၊
မထေရ် “ လူကလေးရေ…မင်း ဗေဒင် တစ်စုံတစ်ရာ တတ်ပါသလား” ၊
လူငယ် “ ရှင်ရဟန်း………ငါဗေဒင်မတတ်ဘူးဆိုရင် တစ်ခြားဘယ်သူတတ်ဦးမှာလဲ၊ ရှင်ရဟန်းတို့ကော ဗေဒင်တတ်ပါသလား” လူငယ်သည် သူတတ်ထားသည့် ဗေဒင်ပညာကို အလွန်အထင်ကြီးပုံရသည်။ မထေရ်ကလည်း သည်အကြောင်းအရာကို အခွင့်ကောင်းယူကာ စကားပြောဖြစ်အောင် အကောင်အထည်ဖေါ်ရ ပါသည်။ ထိုအခါ….
မထေရ် “ လူကလေးရေ….မင်းသိချင်တာမေးလေ” ဟု မေးခွင့်ပြုလိုက်သောအခါ..
လူငယ်က ဗေဒင်သုံးပုံတွင် သူလည်းမမြင်၊ သူ၏ဆရာလည်း မမြင်သည့် ခက်ခဲသောပုစ္ဆာများကို ခံရာခဲဆစ်မေးလေတော့သည်။ ထိုအခါမထေရသည် ငယ်ရွယ်စဉ်က ဗေဒင်သုံးပုံကို တတ်ကျွန်းရုံမျှမက ယခအခါ ပဋိသမ္ဘိဒါလေးပါးသို့ ရောက်ခဲ့ပြီ။ ထို့ကြောင့် လူငယ်မေးသော အမေးမှန်သမျှကို အခက်အခဲမရှိ ဖြေနိုင်ခဲ့ပါသည်။ ထိုအခါ
မထေရ်က “ လူကလေးရေ… ငါ့ကို သင်အများကြီးမေးခဲ့ပါသည်၊ အခုအခါ ငါက သင့်ကို မေးခွန်းတစ်ခုပဲ မေးပါမယ်၊ ဖြေမှာလား”
လူငယ် “ မေးသာမေးပါ မေးရင် ဖြေရမှာပေါ့ ” ဟုဆိုလျှင် မထေရ်သည် စိတ္တယမိုက်လာ စုတိစိတ်နှင့်ပြည့်စုံသော ရဟန္တာ၏ စုတိစိတ်၏ ဖြစ်ဆဲခဏကို ရည်ရွယ်၍ ပြဿနာကို မေးတော်သောအခါ လူငယ်သည် ထိုအမေး၏ အနက်အဓိပ္ပါယ်ကို မသိသောကြောင့် မဖြေနိုင်ခဲ့ပေ။
လူငယ် “ အရှင်ရဟန်း အခုမေးလိုက်သော ဗေဒင်ကား အဘယ်ဗေဒင်ဖြစ်ပါသလဲ”
မထေရ် “ ဒါက ဘုရားဗေဒင်လို့ခေါ်တယ်”
လူငယ် “ ဒီလိုဆို သည်ဘုရားဗေဒင်အတတ်ကို ကျွန်ပ်အား သင်ပေးနိုင်ပါမည်လား”
မထေရ် “ သင်ပေးနိုင်တာပေါ့၊ဒါပေမယ့်တစ်ခုတော့ရှိတယ်၊ ငါလို ရဟန်းဝတ်မှ သင်ပေးလို့ရမယ်” ဟု ပြောသောအခါ လူငယ်သည် ထိုဘုရားဗေဒင်ကို သင်ချင်လှသည်ဖြစ်၍ မိဘများထံချည်းကပ်ကာ… “ အဖေတို့အမေတို့ရေ…သားလေ..ဘုရားဗေဒင်သင်ချင်တယ်၊ ဒီဗေဒင်ကိုသင်ရင် ရဟန်းဝတ်ပြီးမှ သင်ရမယ်လို့ ပြောတဲ့အတွက် သား ရဟန်းဝတ်ပါရစေ၊ ဗေဒင်တတ်မှ သားပြန်လာခဲ့မယ်” ဟုပြောသော အခါ သားရဲ့ဆန္ဒကို မဆန့်ကျင်လိုသောကြောင့် ဗေဒင်တတ်လျှင် ငါတို့၏သားသည် အိမ်သို့ပြန်လာလိမ့်မည် ဟုတွေးကာ သား၏အလိုသို့လိုက်ကာ ရဟန်းပြုခွင့်ပေးလိုက်ပါသည်။
ဤသို့ဖြင့် လူငယ်သည် သာသနာ့ဘောင်သို့ဝင်ကာ ရဟန်းဖြစ်ခဲ့ပါတော့သည်။ ဤတွင် မထေရ်က ဒွတ္တိံသကာရ ကမ္မဋ္ဌာန်းကို ရှေးဦးစွာ ပေးတော်မူ၏၊ သာမဏေသည်လည်း ဒွတ္တိံသကာရ ကမ္မဋ္ဌာန်းကို စီးဖြန်းသောအခါ မကြာမီ သောတာပန်တည်တော်မူ၏။ ထိုအခါ မထေရ်က “ သာမဏေကား သောတာပန်တည်ပြီဖြစ်ခဲ့ပြီ၊ ကမ္မဋ္ဌာန်းကို ဆက်လက်ပွားစေမယ်ဆိုရင် ရဟန္တာဖြစ်လိမ့်မယ်၊ ရဟန္တာဖြစ်ရင် ဘုရားစကားတော်ကို သင်ဖို့အတွက် အားထုတ်မှာမဟုတ်တော့ဘူး၊ သာမဏေကို စဏ္ဍ၀ဇ္ဇိတမထေရ်ထံ စေလွတ်ဖို့ အချိန်တန်ပြီ” ဟု တွေးမိသည်ဖြစ်၍ သာမဏေအား “သင်သည် စဏ္ဍ၀ဇ္ဇိတမထေရ်ထံသို့ သွားပြီး ဘုရားစကားတော်များကို သင်ယူချေ” ဟုပြောကာ စဏ္ဍ၀ဇ္ဇိတမထေရ်ထံသို့ စေလွတ်လိုက်သည်။ သာမဏေသည်လည်း ဆရာအား ပြုလုပ်ရမည့် ၀တ်ကြီးဝတ်ငယ်အသီးသီးကို ကြားကာ စဏ္ဍ၀ဇ္ဇိတမထေရ်ထံသို့ ကြွသွားတော်မူခဲ့ပါသည်။ (ဆက်ရန်)
Tuesday, November 18, 2008
သုံးရာစုထဲက ဘ၀ပုံရိပ် (၆)
Posted in: ဆောင်းပါး
0 comments:
Post a Comment