Tuesday, November 18, 2008

သုံးရာစုထဲက ဘ၀ပုံရိပ် (၅)

ထိုသူတို့၏ နေရာယူပုံအခြင်းအရာကို ကြည့်ခြင်းအားဖြင့် သူတို့သဏ္ဍာန်တွင် ကိုယ်ကျင့်တရားမရှိနိုင်ဟု ကျွန်ပ် တွေးမိသည်၊သို့နှင့် တိတ္ထိတို့အား လျောက်ပတ်သော အစားစာများကို ပေးကာ သူတို့ အလိုရှိရာသို့ ပြန်သွားစေလေသည်။ သည်လိုနည်းဖြင့် ကာလအတန်ကြာ မြတ်သောအလှူခံပုဂ္ဂိုလ်ကို စုံစမ်းရှာဖွေသော်လည်း မတွေ့ဘဲ ရှိနေသည်။
အသက်ခုနှစ်နှစ်အရွယ် နိဂြောဓသာမဏေသည် တစ်နေ့သောအခါ မိုးသောက်ယံတွင် မိမိကိုယ်ကို သုတ်သင်ရှင်းလင်း၍ ဆရာဥပဇ္ဈာယ်တို့အား ပြုရမည့် (ဥပဇ္ဈာယ)၀တ်ကို ဖြည့်ကျင့်ပြီးလျှင် သပိတ်၊သင်္ကန်းယူ၍ မယ်တော် အိမ် သွားမည် ဟု အကြံဖြစ်သည်။ သာမဏေ၏မယ်တော်နေထိုင်ရာအရပ်သည် ပါဋလိပုတ်ပြည်တွင်းသို့ တောင်တံခါးဖြင့် မြို့ထဲဝင်၍ မြို့လယ်ကနေ ဖြတ်လျှောက်လျှက် မြို့၏ အရှေ့တံခါးဆီသို့ ထွက်သွားမှ မယ်တော်အိမ်သို့ ရောက်သည်ဖြစ်ရာ နိဂြောဓသာမဏေသည် မင်းနန်းတော်၏ ရင်ပြင်မှ ဖြတ်လျှောက်ရသည်။

ထိုသို့ နိဂြောဓသာမဏေ ကြွလာခိုက် ကျွန်ပ်သည် အရှေ့ဖက်သို့ မျက်နှာမူ၍ ခြင်္သေ့ခံသော လေသာနန်းတံခါးအနီး အညောင်းပြေ စေရန် လမ်းလျှောက်နေကျ ဖြစ်ပါသည်။ ထိုခဏ၌ ငြိမ်သက်သောဣနြေ္ဒ၊ နူးညံ့သိမ်မွေ့သောနှလုံးရှိသည်ဖြစ်၍ မျက်လွှာချကာ အရှေ့ကို လေးတောင်ခန့်မျှ ကြည့်လျှက် မင်းရင်ပြင်သို့ ကြွတော်မူလာသော နိဂြောဓသာမဏေကို ကျွန်ပ် ဖူးမြင်လိုက်ရပါသည်။
ထိုအခိုက် ကျွန်ပ်သည်……..
“လူအများသည် တုန်လှုပ်သော သမင် ၊ သား၊ ငါးများနည်းတူ ပျံ့လွင့်သောကြောင့် မတည်ကြည်သော နှလုံးရှိကြတယ်၊ ယခုနန်းရင်ပြင်မှာ ဖြတ်လျှောက်နေတဲ့ သူငယ်ကား တည်ကြည်သောစိတ်လည်းရှိပါပေတယ်၊ ရှေ့တည့်တည့်ကြည့်တာ၊ စောင်းငှဲ့ကြည့်တာ လက်ကွေးတာ ဆန့်တာတွေကလည်း အလျင်မလို အလွန်တင့်တယ် ကျစ်လစ်လွန်းလှပါပေတယ်၊ တန်တော့…..ဒီ သူငယ်ရဲ့ အတွင်းသဏ္ဍာန်မှာ ဧကန်မုချ ထူးမြတ်တဲ့ တရားရှိကိုရှိရမယ်” ဟု တွေးကြံမိပါသည်။
ကျွန်ပ်သည် ထိုသူငယ်(သာမဏေ)ကို မြင်ဆဲခဏတွင် ဘာကြောင့်ရယ်မသိ ကြည်ညို မြတ်နိုးမိသည်၊ မတွေ့ရတာကြာပြီဖြစ်သော ညီအစ်ကိုများ ပြန်တွေ့သည့်အခါ ၀မ်းသာအားရကျေနပ်မှုတွေ ဖြစ်သကဲ့သို့ ထိုသူငယ်ကို ယခုမှစတွေ့ခါစပေမယ့် နှစ်ပေါင်းများစွာ တော် တော်ရင်းနှီးသော သူများကဲ့သို့နှယ် ထိုသူငယ်ပေါ်တွင် ချစ်ခင်မြတ်နိုးမိသည်မှာ အမှန်ပင်။
(သည်လိုဖြစ်ရခြင်းသည် ရှေးဘ၀ကုသိုလ်ကောင်းမှုပြုသောအခါ နိဂြောဓသာမဏေသည် အာသောကမင်း၏ အစ်ကိုကြီး ပျားကုန်သည် ဖြစ်ဖူးသောကြောင့် ချစ်ခင်ခြင်းဖြစ်သည်)
ကျွန်ပ်သည် အမတ်များကို ခေါ်ကာ “ အမတ်ကြီးများ..မင်းနန်းရင်ပြင်မှ ဖြတ်လျှောက်လာတဲ့ သူငယ်ကို နန်းတော်အတွင်းသို့ ပင့်ဆောင်ကြချေ” ဟု စေခိုင်းမိသည်။ အမတ်များကလည်း ကျွန်ပ်စေခိုင်းသည့်အတိုင်း သွားရောက်ပင့်ဆောင်ကြသည်၊ အတန်ငယ်ကြာ သည်အထိ အမတ်များ ပြန်မရောက်သည်ကို မြင်လျှင် ကြာလှသည်ထင်၍ နောက်အမတ်တို့အားစေလွတ်ခဲ့သည်။ ထိုသို့ အကြိမ်ကြိမ်ထပ်၍ စေလွတ်ခဲ့သည်။ ကျွန်ပ်က အလျင်အမြန်ပင့်စေသော်လည်း နိဂြောဓသာမဏေကား အလျင်စလိုမကြွ ဖြေးညင်းစွာ ဣနြေ္ဒဖြင့် ကြွလာပါသည်။
နန်းတော်ထဲရောက်သောအခါ ကျွန်ပ်ကပင်လျှင် ဦးစွာ ခရီးဦးကြိုဆို၍ “ လျောက်ပတ်သောနေရာ တွင် သီတင်းသုံးပါ” ဟု ပြောလိုက်ပါသည်။ ထိုအခါ နိဂြောဓသာမဏေသည် နန်းတော်ထဲ ဟိုဟိုဒီဒီ ကြည့်သောအခါ ယခင်ရောက်နေပြီးသော သူများကိုကြည့်လိုက်ရာ မိမိထက် သိက္ခာအားဖြင့်၎င်း၊ ဂုဏ်အားဖြင့်၎င်း မြင့်သည့်သူကို မတွေ့သည့်အတွက် ထီးဖြူမိုးထားသော ရာဇပလ္လင်ပေါ်သို့ သွားကာ ထိုင်တော်မူ လေသည်။ ဆက်လက်ဖေါ်ပြပါဦးမည်။
ထိုအခြင်းအရာကို မြင်သောအခါ “ဤသူငယ်သည် ယနေ့ပင် ငါနန်းတော်၏ အရှင်သခင်ဖြစ်လိမ့်မည်၊ လောကတွင်ငါ့ကို ဆုံးမသွန်သင်မည့်သူ ပေါ်ပေါက်လာပြီ” ဟု ကျွန်ပ်တွေးမိပါတော့သည်။
သို့နှင့် ကျွန်ပ်လည်း ထိုသူငယ်အား မွန်မြတ်သော ဆွမ်းခဲဘွယ်ဘောဇဉ်တို့အား ဆက်ကပ်သောအခါ နိဂြောဓသာမဏေသည် ကျွန်ပ်လှူသော ဆွမ်းကို သည်းခံဘုဉ်းပေးရှာသည်။ ဆွမ်းကိစ္စပြီးသောအခါ …..
ကျွန်ပ်က “ ချစ်သား…….ချစ်သားဟာ အဘယ်သူရဲ့ အဆုံးအမကို ခံယူပါသလဲ၊ ချစ်သားကား အဘယ်အယူကို ယူပါသလဲ” ဟုမေးသောအခါ
နိဂြောဓသာမဏေက “ မြတ်သောမင်းကြီး….ကျွန်ပ်ကား သဗ္ဗညု မြတ်စွာဘုရားရဲ့ အဆုံးအမကို ခံယူပါတယ်၊ ကျွန်ပ်ဟာ နိဗ္ဗာန် ဆိုတဲ့ ကိလေသာကုန်ရာကို အာရုံပြုပါတယ်” ဟု မိန့်တော်မူပါသည်။ ထိုအခါ ကျွန်ပ်ကဆက်လက်၍ “ ချစ်သား…သင်ရဲ့ဆရာဖြစ်သော မြတ်စွာဘုရာရဲ့ အဆုံးအမကို သိတော်မူပါသလား”ဟု မေးသည်တွင် သာမဏေက “တစ်စိတ်တစ်ဒေသလောက် တော့ သိပါတယ်” ဟု မိန့်တော်မူပါသည်။
“ ဒီလိုဆို ချစ်သား…..ချစ်သားသိသော တရားများကို တပည့်တော်အား ဟောပြပါလား” ဟု ကျွန်ပ်၏ လျှောက်ထား တောင်းပန်မှု ကြောင့် နိဂြောဓသာမဏေက “ ကောင်းပါပြီ” ဟု ၀န်ခံ၍ ကျွန်ပ်အား တရာဟောတော်မူပါသည်။
အပ္ပမာဒေါ အမတံ ပဒံ ၊ ပမာဒေါ မစ္စုနော ပဒ။ံ
အပ္ပမတ္တာ နမီယန္တိ ၊ ယေ ပမတ္တာ ယထာမတာ။
“တကာတော်မင်းကြီး….မမေ့မလျော့သော အပ္ပမာဒတရားဟာ မသေဖို့ရာ အကြောင်းဖြစ်တယ်၊ မေ့လျော့သော ပမာဒတရားဟာ သေဖို့အကြောင်းဖြစ် တယ်။ မမေ့မလျော့နေသူဟာ မသေနိုင်၊ မေ့လျော့နေသူဟာ အသက်ရှင်သော်လည်း လူသေနှင့်အလားတူပါပေတယ်” ဟု တရားဟောကြားတော်မူလိုက်ပါသည်။
ကျွန်ပ်၏ စိတ်ထဲတွင် ထိုတရားစကားကြားနာလိုက်ရသည့်အချိန်မှစ၍ နိဂြောဓသာမဏေနှင့်တကွ ရဟန်းသံဃာများအပေါ် ကြည်ညိုသောစိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။ သာမဏေ၏ ဆရာဆိုသူ မြတ်စွာဘုရားကို မဖူးမြင်ရသော်လည်း ကြည်ညိုစိတ်များ တဖွားဖွားဖြစ်ပေါ်ခဲ့ရပေသည်။ ကျွန်ပ်စိတ်ထဲတွင် ယခင်အချိန်တုန်းက သည်လိုစိတ်ချမ်းသာမှုမျိုး မရရှိခဲ့ဖူး။ သူတစ်ပါး အား အနိုင်ရခဲ့သည့်အတွက် အလိုပြည့်၍ ၀မ်းသာခြင်း၊အားရကျေနပ်ခြင်းဖြစ်ခဲ့သော်လည်း ယခုကဲ့သို့ ငြိမ်းချမ်းသော ၀မ်းမြောက်မှု အားရမှုမျိုးမဖြစ်ခဲ့ပေ။
အလှူရေစက် လက်နှင့်မကွာ
သို့နှင့် ကျွန်ပ်သည် တရားအဆုံးသောအခါ နိဂြောဓသာမဏေအား “ အရှင်ဘုရား…အရှင်ဘုရားအား ရှစ်ဦးသော(ရှစ်ပါးစာ)ဆွမ်းဝတ်တို့ကို လှူပါတယ်၊ လက်ခံတော်မူပါဘုရား”
သာမဏေ.. “ ဒီ ရှစ်ဦးသော ဆွမ်းဝတ်တို့ကို ကိုရင်၏ ဥပဇ္ဈာယ်အား လှူပါတယ်”
ကျွန်ပ်…. “ အရှင်ဘုရား… ဥပဇ္ဈာယ်ဆိုတာ ဘယ်လိုဟာကို ခေါ်ပါသလဲဘုရား”
သာမဏေ.. “ ကိုရင်၏ အပြစ်ကြီး အပြစ်ငယ်အသီးသီးတို့ကို ဆုံးမတတ်သော သူကို ဥပဇ္ဈာယ်ဆရာ လို့ခေါ်ပါတယ်ဒကာတော်မင်းကြီး”
ကျွန်ပ်… “ အရှင်ဘုရားရဲ့ဥပဇ္ဈာယ်ကိုလည်း ဆွမ်းရှစ်ဝတ်လှူပါတယ်၊ အရှင်ဘုရားအားလည်း ထပ်မံပြီး ဆွမ်းရှစ်ဝတ်လှူပါတယ်ဘုရား”
သာမဏေ… “ ဒကာတော်မင်းကြီး ထိုဆွမ်းရှစ်ဝတ်ကို ဆရာအားလှူလိုပါတယ်”
ကျွန်ပ်… “ အရှင်ဘုရား…..ဆရာဆိုတာ ဘယ်လိုမျိုးကို ခေါ်ပါသလဲဘုရား”
သာမဏေ.. “ ဒကာတော်မင်းကြီး…ဆရာဆိုတာ မြတ်စွာဘုရားဟောတော်မူခဲ့တဲ့ တရားတော်တွေကို သင်ပေးသူ၊ ထိုတရားတော်အတိုင်း နည်းလမ်းမှန်ကန်သည့် အကျင့်ပဋိပတ္တိကို သင်ပေးသူကို ဆရာ လို့ ခေါ်ပါတယ်”
ကျွန်ပ်.. “ အားရစရာကောင်းလိုက်တာဘုရား… အရှင်ဘုရားရဲ့ဆရာများကိုလည်း ဆွမ်းရှစ်ဝတ်လှူဒါန်းပါတယ်ဘုရား…အရှင်ဘုရားကိုလည်း ထပ်မံပြီး ဆွမ်းရှစ်ဝတ်လှူဒါန်းပါတယ်ဘုရား..”
သာမဏေ… “ ဒကာတော်မင်းကြီး…..ဒီဆွမ်းဝတ်တို့ကိုလည်း ရဟန်းသံဃာတော်တို့အား ကိုရင်လှူလိုပါတယ်”
ကျွန်ပ်.. “ အရှင်ဘုရား….ရဟန်းသံဃာတော်တို့ ဆိုတာ ဘယ်လိုလူမျိုးတွေပါလဲဘုရား”
သာမဏေ.. “ ဒကာတော်ကြီး…ရဟန်းသံဃာဆိုတာ.. ကိုရင်ကို ဆုံးမသော ဥပဇ္ဈာယ်ဆရာ၊ ကိုရင် ၊ ကိုရင်ပြုလုပ်ခြင်း၊ ပဉ္ဇင်းခံခြင်းတို့၏ မှီရာ မရှိလျှင်မဖြစ်သော ရဟန်းသံဃာတော်တို့ ဖြစ်ကြပါတယ်” ဟု မိန့်တော်မူ၏။
ကျွန်ပ်သည် အတိုင်းအထက် အလွန် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ “ အရှင်ဘုရား..လှူပြီးသော ဆွမ်းဝတ်မှာတစ်ပါး ရှစ်ဦးသော ဆွမ်းဝတ်တို့ကို ကိုရင်အား လှူပါတယ်ဘုရား” ဟု လျှောက်သောအခါ သာမဏေသည်လည်း ကျွန်ပ်၏ လှူဒါန်းမှုကို “ကောင်းပါပြီ” ဟု ၀န်ခံကတိ ပေးပြီး ကျောင်းသို့ ပြန်ကြွတော်မူပါသည်။
နံနက်မိုးသောက်ယံသို့ရောက်သောအခါ နိဂြောဓသာမဏေကပင် ရဟန်းသံဃာတော် (၃၂)ပါးအား နန်းတော်သို့ ပင့်ဆောင်၍ ဆွမ်းဘုဉ်းပေးတော်မူကြလေသည်။ ဆွမ်းဘုဉ်းပေးတော်မူစဉ် သံဃာတော်များ၏ သိမ့်မွေ့ပြီး ဣနြေ္ဒနှင့်ပြည့်စုံတော်မူပုံကို ကျွန်ပ်မျက်ဝါးထင်ထင် ဖူးမြင်လိုက်ရသောအခါ “ငါက နိဂြောဓသာမဏေတစ်ပါးပဲ ဣနြေ္ဒရတယ်ထင်တာ အခုတော့ ရဟန်းသံဃာတော်များလည်း ဒီလိုပဲ ဣနြေ္ဒရကြတာပါပဲလား” ဟုတွေးကာ ရဟန်းသံဃာတော်များအား ကျွန်ပ်ကြည်ညိုလို့မဆုံးရှိချေတော့၏။
ရဟန်းသံဃာတော်များကို ကြည်ညိုရလေလေ တိတ္ထိတွေအပေါ် ပို၍ အထင်သေးလေလေ ဖြစ်ခဲ့ရသည် က ကျွန်ပ် အာသောကပါ။
သို့နှင့် ဆွမ်းကိစ္စများ ပြီးသောအခါ ကျွန်ပ်က “ယနေ့ကြွတော်မူလာကြသည့် ရဟန်းသံဃာ (၃၂)ပါးနှင့်အတူ ထပ်မံ၍ (၃၂)ပါးတိုးကာ ရဟန်းသံဃာတော်(၆၄)ပါးတို့သည် အရှင်ဘုရားနှင့်အတူ မနက်ဖန် ဆွမ်းခံတော်မူကြပါရန်ကျွန်ပ်က ထပ်မံ၍ ပင့်ဖိတ်လိုက်ပါသည်။
သည်လိုဖြင့် တစ်နေ့လျှင် ရဟန်းသံဃာတော်များ တစ်ဆတိုး တစ်ဆတိုးကာ ပင့်ဖိတ်၍ လှူဒါန်းခဲ့ပါသည်။ ယခင်က နန်တော်တွင် ပုဏ္ဏား၊ တိတ္ထိ ၊ပရိဗိုဇ်အစရှိသော ခြောက်သောင်းသော အလှူခံပုဂ္ဂိုလ်များ၏ ဆွမ်းဝတ်ကို ဖြတ်တောက်ကာ တစ်နေ့လျှင် ရဟန်းသံဃာ ခြောက်သောင်းဖြင့် ဆွမ်းဝတ်ထားကာ နေ့တိုင်း လှူဒါန်းလာခဲ့ပါတော့သည်။ ဤသို့ လှူဒါန်းရခြင်းသည် ကျွန်ပ်အား အရတော်လေစွ ဟု မှတ်ယူရပါမည်။
မြတ်ဘုရားကို ဖူးတွေ့လို
ထိုအခါ နိဂြောဓသာမဏေက ကျွန်ပ်အပါအ၀င် နန်းတော်မှပရိသတ်များအား သရဂုံသုံးပါး ၊ ငါးပါးသီးလတို့၌ တည်စေပါသည်။ ကျွန်ပ်အပါအ၀င် နန်းတော်မှ ပရိသတ်များသည် ဗုဒ္ဓဘာသာဝင် စစ်စစ်များ ဖြစ်ခဲ့ကြလေသည်။ နိဂြောဓသာမဏေ၏ ကျေးဇူးကြောင့် ရတနာသုံးပါး တို့၌ ကျွန်ပ်သည် မတုန်မလှုပ် သက်ဝင်ယုံကြည်မှုများစွာ ဖြစ်ပေါ်ရပါသည်။
တစ်နေ့သ၌ ကျွန်ပ်သည် “ပွင့်တော်မူခဲ့ပြီးဖြစ်တဲ့ ကကုသန်အစရှိတဲ့ ဘုရားလေးဆူကို ဖူးမြင်ရရင် ကောင်းမှာပါ” ဟု အကြံဖြစ်ခဲ့ပါသည်။ ထို့ကြောင့် နန်းတော်တွင် ညီလာခံ ၀င်စေ၍ ဘုရားလေးဆူစလုံး၏ အဆင်းတော်ကို ဖူးမြင်လိုက်ရသောသူကို ရှာဖွေရန် တိုင်ပင်ကြသောအခါ ၀ိဝဋဋ္ဌာယီ ကပ်တစ်ကပ်လုံးအသက်ရှည် သော ကာလနဂါးကြီးသည် တွေ့မြင်နိုင်လိမ့်မည် ဟု ညီလာခံအတွင်း မှူးကြီးမတ်ရာများက အဆိုပြိုကြသောကြောင့်…
ကျွန်ပ်သည် အချိန်မဆိုင်းတော့ဘဲ နန်းတော်အတွင်း ရွှေခြေကျင်းအဖွဲ့ကို ခေါ်ကာ ကာလနဂါးကို ခေါ်ဆောင်ရန် တာဝန်ပေးလိုက်ပါသည်။ ကာလနဂါးကြီးသည် မြေကြီးအောက် တစ်ယူဇနာအလွန်တွင် နေထိုင်သည်၊ ကျွန်ပ်၏ အာဏာစက်က တစ်ယူဇနာသာ ပြန့်နှံ့သည်ဟု ဆိုရသော်လည်း ကာလနဂါးနေသည့်နေရာကား မြေကြီးအောက တစ်ယူဇနာအကွာအဝေးနှင့်တစ်စပ်တည်း ရှိနေသည့်အတွက် ခေါ်လို့ရနိုင်သည်ဟု တွေးမိကာ ရွှေခြေကျင်းအဖွဲ့ကို စေလွတ်ရခြင်းဖြစ်သည်။
သို့နှင့် ရွှေခြေကျင်းအဖွဲ့က ဂင်္ဂါမြစ်သို့ သွားပြီးရွှေခြေကျင်းကို မျောလိုက်ရာ ရွှေခြေကျင်းသည် နဂါးမင်း၏ အထံသို့ ကျရောက်သွားသည်။ ထို့ကြောင့် ကာလနဂါးမင်းလည်း သူ့ကို လူ့ပြည်ကခေါ်သည်ဟု မှတ်ယူကာ နောက်ဆုံး မင်းနန်းတော်သို့ ကာလနဂါး ရောက်လာပါတော့သည်။ ကာလနဂါးမင်းသည် သူ့အားစီစဉ်ပေးသောနေရာဖြစ်သည့် ထီးဖြူအောက်က ပလ္လင်တွင် နေထိုင်ပါသည်။(ဆက်ရန်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More