ကျွန်ပ်တစ်သက်တာတွင် ဇမ္ဗူဒိပ်ကျွန်း မင်းဧကရာဇ် ဖြစ်နိုင်ရေးအတွက် လောဘရမက်ဇောကပ်ကာ လူပေါင်းသိန်းချီ၍ သတ်ခဲ့သည့်အပြင် ဖအေတူ မအေကွဲ ညီအစ်ကိုယ်တော်စပ်သူများကို ရာချီ၍ သတ်ခဲ့လေပြီး၊ ယခင်ကတော့ လူတွေမို့လို့ တော်သေးသည်။ ယခုအခါ၌ကား မတွေးဝံ့စရာ အသိဥာဏ်နည်းလှသည့် အမတ်ယုတ်ကြောင့် ကျွန်ပ်မခိုင်းပါဘဲလျှက် ရဟန်းသံဃာများကို သတ်မိခဲ့ပြီ။ ။
“ အင်း….ငါ ဘယ်လိုလုပ်ရမလဲ….ဘယ်လိုလုပ်ရမလဲ………” ကျွန်ပ်ရင်တွင်း တုန်လှုပ်စွာ ခံစားနေရသော သောကအပူမီးသည် နေဆယ်စင်း၏ အပူထက်ပင် သာချေမည်။ သည်လို ပူနေလို့လည်း ဘာမျှ ထူးလာမည်မဟုတ်၊ ယခင်က အကြောင်းရှိလျှင် အသောကာရာမကျောင်းသွားနေကျပါ၊ ယခုလည်း ကျောင်းတော်သို့ သွားပြီး စိတ်သက်သာရာရအောင် မေးမြန်းလျှောက်ထားရချေတော့မည်။ သို့နှင့် ကျွန်ပ်သည် အသောကာရာမကျောင်းတော်ကြီးသို့ ရောက်ခဲ့ကာ ရဟန်းသံဃာတော်များ၏ ရှေ့မှောက်ရောက်သောအခါ ထိခြင်းငါးပါး ဖြင့် ရိုသေစွာ ထိုင်၍ ရှိခိုးလျှက် …..
“အရှင်မြတ်များဘုရား……အမတ်ယုတ်သည် ဘုရားတပည့်တော်က ရဟန်းသံဃာတော်များကို သတ်လိုက်ပါ ဟု မစေခိုင်းပါဘဲလျှက် ရဟန်းသံဃာတော်များအား သတ်ခဲ့ပါသည်ဘုရား၊ သည်လိုပြုလုပ်သည့်အတွက် မည်သူ့မှာ အကုသိုလ် ဖြစ်ပါသလဲ အရှင်ဘုရား”…. ဟု လျှောက်ထားသောအခါ အချို့ရဟန်းတော်များက “ အရှင်မင်းကြီး……အရှင်မင်းကြီး၏ စကားကြောင့် သတ်ရတဲ့အကြောင်းဖေါ်လာတဲ့ အတွက် အရှင်မင်းကြီးမှာသာလျှင် အကိုသိုလ်ဖြစ်တယ်” ပြောကြသည်။ အချို့သောရဟန်ူးများက“မင်းကြီးနှင့်အမတ်နှစ်ယောက်လုံးမှာ အကုသိုလ်ဖြစ်တယ်” ဟု ပြောကြကုန်၏။ အချို့သော မထေရ်များက “ အရှင်မင်းကြီး…အရှင်မင်းကြီးက အမတ်ကို ကျောင်းသွားပြီး ရဟန်း များကို သတ်ပေးရန် စိတ်ထဲရှိပါသလား” ဟုမေးတော်မူသောအခါ ကျွန်ပ်က “ ဒီလို စိတ်မျိုးမရှိပါဘုရား…ကုသိုလ်လိုချင်၍ ရဟန်းသံဃာတော် များ အညီအညွတ်ဖြစ်ကာ ဥပုသ်ပြုကြပါစေ လို့ စိတ်ဆန္ဒနဲ့ အမတ်ကို လွတ်လိုက်တာပါဘုရား” ဟု လျှောက်ထားသည်။ ထိုအခါ မထေရ်များ က “ အသင်မင်းကြီးသည် ကုသိုလ်ကို အလိုရှိတဲ့အတွက် ဒီကိစ္စမှာ အကုသိုလ်မဖြစ်၊သို့သော်လည်း အမတ်မှာတော့ အကုသိုလ်ဖြစ်တယ်” ဟု ရဟန်းတော်များ၏ အမျိုးမျိုး ပြောဆိုတော်မူသည်ကို မည်သည့်ပြောဆိုချက်ကို အမှန်ယူရမည် မသိ၊ ယုံမှားသံသယစိတ်တွေ ဖြစ်နေ ပါတော့သည်။
ကျွန်ပ်က “ အရှင်မြတ်တို့ဘုရား….တပည့်တော်၏ ယုံမှားသံသယကို ပယ်ဖျောက်ပြီး သာသနာတော်ကို ချီးမြှောက်နိုင်စွမ်းနိုင်သော ရဟန်းရှိပါသလား ဘုရား”…… ဟုမေးသောအခါ ရဟန်းများက “ မြတ်သောမင်းကြီး…အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် တစ်ပါးရှိပါတယ်။ ထိုမထေရ်ဟာ သင်မင်းကြီးရဲ့ ယုံမှား သံသယများကို ပယ်ဖျောကပြီ်း သာသနာတော်ကို ချီးမြောက်နိုင်ဖို့ စွမ်းနိုင်ပါလိမ့်မယ်” ဟု ပြောဆိုကြကုန်သည်။
ကျွန်ပ်သည် ထိုနေ့ပင်လျှင် ထိုအရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ကိုပင့်ဆောင်ရန်အတွက် ရဟန်းတစ်ထောင် တစ်ထောင်စီ အခြံအရံရှိသော ဓမ္မကထိက ရဟန်းလေးပါး၊ ယောင်္ကျားတစ်ထောင် တစ်ထောင်စီ အခြံအရံရှိသော အမတ်လေးယောက်တို့ မထေရ်အား ပင့် ဆောင်စေခဲ့သည်။ ထိုဓမ္မကထိကနှင့် အမတ်တို့သည် ထိုမထေရ်ထံသွားကာ “ မင်းကြီးခေါ်ပါတယ်” ဟုလျှောက်ထားကြသည်။ သို့ပေမယ့် အရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ်သည် ထိုလျှောက်ထားချက်ကို လက်မခံသောကြောင့် နန်းတော်သို့ ကြွတော်မူခြင်း အလျင်းမရှိချေ။
ထိုသို့ နန်းတော်သို့ ကြွတော်မမူလာသောအခါ တစ်ထာင်တစ်ထောင်စီ အခြံအရံရှိသော ဓမ္မကထိကရဟန်း ရှစ်ပါးနှင့်အမတ်တို့ကို ရှေးနည်းအတိုင်း စေခိုင်းလိုက်ပါသည်။ ရဟန်းများနှင့်အမတ်များကလည်း ရှေးနည်းအတိုင်းပဲ ပြန်လည်လျှောက်ထားကြသောကြောင့် ပင့်လျှောက်ချက်ကို လက်မခံဘဲ နန်းတော်သို့ ကြွတော်မမူပေ။
(မင်းကြီးက ထောင်ပေါင်းများစွာသောအခြံအရံတို့ဖြင့် ပင့်ပါသော်လည်း ကြွတော်မမူခြင်းသည် ထိုသူတို့ပင့်လျှောက်သည့်စကား သည် မလျောက်ပတ်သောစကား ဖြစ်နေသောကြောင့် မထေရ်သည် နန်းတော်သို့ မကြွတော်မူခြင်း ဖြစ်သည်ကို သတိထားရပါမည်။)
ကျွန်ပ်လည်း ရဟန်းတော်များအား “ အရှင်မြတ်တို့ဘုရား….တပည့်တော်သည် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်အား နှစ်ကြိမ်တိုင်တိုင်ပင့်ခေါ်သော်လည်း ကြွတော်မမူတာ ဘာကြောင့်များပါလဲဘုရား”….ဟု မေးလျှောက်သောအခါ ရဟန်းတော်များက “မြတ်သောမင်းကြီး…… မင်းကြီးက ခေါ်သည် လို့ မလျောက်ပတ်တဲ့စကားနဲ့ လူကိုခေါ်သလိုခေါ်တဲ့အတွက် မကြွလာတာ ဖြစ်ပါတယ်၊ အကယ်၍ အရှင်မင်းကြီးက သာသနာတော် နစ်မွန်းခဲ့ပါတယ်ဘုရား၊ သာသနာတော်ကို ချီးမြှောက်ခြင်းငှာ ကြွတော်မူပါဘုရား လို့လျှောက်ထားမည်ဆိုလျှင် မထေရ် ကြွလာပါလိမ့် မယ်” ဟု ရဟန်းသံဃာတော်များက ကျွန်ပ်အား အကြံပေးကြပါသည်။
ထိုအခါ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်အား ပင့်ဆောင်ရန်အတွက်
မင်းကြီး “ အရှင်မြတ်တို့ဘုရား…ထိုမထေရ်သည် အသက်ကြီးပြီ လား၊ ဒါမှမဟုတ် အသက်ငယ်သေးလား ဘုရား”
ရဟန်းများ “ မြတ်သောမင်းကြီး….အရွယ်တော် ကြီးရင့်ပါပြီ”
မင်းကြီး “ အရှင်မြတ်တို့ဘုရား…ဒါဆိုရင် မထေရ်မြတ်က် လှည်း ထမ်းစင်များကို စီးတော်မူပါသလားဘုရား”
ရဟန်းများ “ မထေရ်မြတ်က လှည်း ၊ ထမ်းစင်တို့ကို စီးမှာ မဟုတ်ဘူး မင်းကြီး”
မင်းကြီး “ အရှင်မြတ်တို့ဘုရား..မထေရ်မြတ် ဘယ်အရပ်မှာ သီတင်းသုံးတော်မူပါသလဲဘုရား”
ရဟန်းများ “ ဂင်္ဂါအညာတွင် သီတင်းသုံးနေပါတယ် မင်းကြီး”
မင်းကြီး “ အမောင်တို့….လှေဖေါင်တို့တွင် မထေရ်ကို စီးစေတော်မူပြီး ကမ်းနားနှစ်ဖက်တွင် အစောင့်အရှောက်လုံခြုံစွာ ထားပြီး ပင့်ခဲ့ကြပါ” ဟု တစ်ထောင်ထောင်စီရှိသော ဓမ္မကထိက (၁၆)ပါး၊နှင့်အမတ် (၁၆)ယောက်တို့အား စေခိုင်းလိုက်ပါသည်။
အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သည်လည်း “ ငါကား သာသနာတော်ကို ချီးမြှောက်ခြင်းငှာ ရဟန်းပြုလာတာပဲ၊ ယခုအခါမှာ သာသနာတော်အား ချီးမြှောက်ရန် အချိန်တန်ပြီ” ဟု ကြံလျှက် စမ္မခဏ်ကိုကိုင်တော်မူကာ လာရောက်ပင့်ဆောင်ကြသော သူတို့နှင့်အတူ ပါဋလိပုတ်ပြည်ရှိရာသို့ လှေ ဖေါင်ဖြင့် ကြွတော်မူခဲ့ပါသည်။
ကျွန်ပ်သည် မထေရ်မရောက်မှီ် ညဉ့်တွင် စက်တော်ခေါ်သောအခါ ကိုယ်လုံးဖြူသော ဆင်ပြောင်ကြီးတစ်ကောင်လာပြီး ကျွန်ပ်ကို ဦးခေါင်းမှစ၍ သုံးသပ်လျှက် လက်ယာလက်ကို ကိုင်သည်ဟု အိပ်မက် မြင်မက်တော်မူခဲ့သည်။ သို့နှင့် မိုးသောက် အလင်းရောက် သောအခါ အိပ်မက်ဖတ်တတ်သော ပညာရှိတို့အား ခေါ်ကာ အိပ်မက်ကို ဖတ်စေပါသည်။
ထိုအခါ အိပ်မက်ဖတ်များသည် အာဂုံ-မကောင်းမှုကို၊ နကရောတိ-မပြုတတ်၊ ဣတိ-ထို့ကြောင့် နာဂေါ- နာဂမည်၏ ဟု ဆိုသောကြောင့် ဤအရာတွင် နာဂသည် ရဟန်းဟု ယူဆကြကုန်သည်ဖြစ်၍ အိပ်မက်ဖတ်သူများက “ အရှင်မင်းကြီး….ရဟန္တာတစ်ပါးသည် အရှင်မင်းကြီး၏ လက်ျာလက်တော်ကို ကိုင်ပါလိမ့်မယ်” ဟု ကျွန်ပ် အားပြောကြားစဉ်နေမှာပဲ ….မင်းချင်းတစ်ယောက် ရောက်လာကာ…
“အရှင်မင်းကြီး….အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ရောက်တော်မူပြီ” ဟု လျှောက်ထားလာသည်။ သို့နှင့် ကျွန်ပ်သည် ၀မ်းမြောက်စွာ ဖြင့် မြစ်ဆိပ်သို့သွားပြီး ပုဆစ်မြုပ်သည်အထိ ရေထဲသို့ဆင်းကာ မထေရ်အားကျွန်ပ်က လက်ကမ်းပေးပါသည်။ ထိုအခါ မထေရ်သည်လည်း ကျွန်ပ်၏ လက်ျာလက်တော်ကို ကိုင်တော်မူပါသည်။ ထိုသို့ ကျွန်ပ်၏လက်တော်ကို ကိုင်သောအခါ သက်တော်စောင့်တို့က မြင်သည်နှင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်၏ ဦးခေါင်းကို ဖြတ်ရန် သန်လျက်ဖြင့် ခုတ်ရန်ရွယ်နေသည်ကို ရုတ်တရက် ရေအရိပ်တွင် တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ကျွန်ပ်က “ အမောင်တို့….. ယခင်ကလည်း ရဟန်းသံဃာတော်များအား ပြစ်မှားမိသောကြောင့် ငါသည် တုန်လှုပ်ခြောက်ခြားကာ စိတ်နှလုံးမသာမယာ ဖြစ်ခဲ့ရပြီးပြီ၊ ယခုလည်း အရှင်မြတ်တို့အား ပြစ်မှားခြင်းကို မပြုပါနှင့်” ဟု ပြော၍ သက်တော် စောင့်အား တားမြစ်လိုက်ရပါသည်။
(ဤဆိုခဲ့ပြီးစကားကို ထောက်၍ လူ၊ရှင်၊ရဟန်းတို့သည် မင်းဧကရာဇ်တို့ကို ရင်းနှီး၍သော်လည်းကောင်း၊ အခွင့်သာ၍ သော်လည်းကောင်း မကိုင်မထိအပ်ချေ။ ထိပါးကိုင်မိမည်ဆိုလျှင် အပြစ်ဖြစ်လိမ့်မည် ဟု ဆရာတို့ မိန့်ဆိုတော်မူကုန်၏) (ဦးကုလားရာဇ၀င် နှာ ၁၀၇)
(သည်အရာတွင် မင်းကြီး၏လက်ကိုကိုင်ရသည့်အကြောင်းကား မထေရ်သည် တမင်သက်သက် မင်းကြီးလက်ကို ကိုင်သည် မဟုတ်၊ မင်းကြီးသည် ပြဿနာမေးရန် ခေါ်စေသောကြောင့် သည်မင်းကြီးသည် ငါ၏ တပည့်ဖြစ်သည် ဟု နှလုံးပိုက်လျှက် မင်းကြီးလက်ကို ကိုင်တော်မူသည်ဟု မှတ်ယူရပါမည်)။
သို့ဖြင့် မထေရ်မြတ်ကို ဥယျာဉ်တော်သို့ ပင့်ဆောင်ကာ အစောင့်အရှောက်လုံခြုံစွာဖြင့် ကျွန်ပ်ကိုယ်တိုင် မထေရ်အား ခြေဆေးပေး ခြင်း၊ ဆီလိမ်းကျံခြင်းစသည့် ပြုသင့်သည့်ဝေယျာဝစ္စများကို ပြုပြီးလျှင်.. “ မထေရ်ဟာ င့ါရဲ့ ယုံမှားသံသယကို ပယ်ဖျောက်ပြီး၊ သာသနာ တော်ကို ချီးမြှောက်နိုင်ပါ့မလား” ဟု မထေရ်အားစုံစမ်းလိုသည့်အတွက် ကျွန်ပ်က …..
“ အရှင်ဘုရား..တပည့်တော်သည် တန်ခိုးပြာဋိဟာကို ကြည့်လိုပါတယ်ဘုရား”…ဟု မထေရ်အား လျှောက်ထားသောအခါ မထေရ်ကလည်း ခဲယဉ်းသည့် တန်ခိုးပြာဋိဟာကို ပြတော်မူပါသည်။ ကျွန်ပ်သည်လည်း ထိုမထေရ်၏ ခဲယဉ်းသည့် တန်ခိုးပြာဋိဟာကို မျက်ဝါးထင်ထင် တွေ့မြင်ရသောအခါ “ သည်မထေရ်သည် သာသနာတော်ကို ချီးမြှောက်နိင်ပါလိမ့်မယ်” ယုံကြည်လျှက် …..
မင်းကြီး “ အရှင်ဘုရား…. သံဃာတော်များ၏ အဓိကရုဏ်းငြိမ်းစေပြီး၊ သံဃာတော်များ ဥပုသ်ပြုကြဖို့ တပည့်တော် ခိုင်းစေလိုက်ပါတယ်၊ ထိုအမတ်ဟာ ခိုင်းစေသည့်အတိုင်း မဟုတ်ဘဲ၊ ကျောင်းသို့သွားကာ ရဟန်းတော်များကို သတ်ခဲ့ပါတယ်ဘုရား၊ ဒီအကုသိုလ်များဟာ ဘယ်သူ့အား ဖြစ်နိုင်ပါသလဲ ဘုရား”……။
မထေရ် “ မင်းကြီး….ဒီအမတ်ကို ကျောင်းသို့သွား၍ ရဟန်းသံဃာတော်များအား သတ်စေ ဟု စိတ်ထဲမှာကော ဖြစ်ပါသလား”
မင်းကြီး “ အရှင်ဘုရား……..တပည့်တော် သတ်လိုသောစိတ် မရှိပါဘူးဘုရား”
မထေရ် “ မင်းကြီး …..မင်းကြီးဟာ သတ်လိုတဲ့စိတ်မရှိဘူးဆိုရင် အသင်မင်းကြီးမှာ အကုသိုလ်မဖြစ်ဘူး၊ သတ်လိုတဲ့စိတ်ရှိရင်တော့ အသင် မင်းကြီးမှာ အကုသိုလ်ဖြစ်ဖို့သေချာပါတယ်” ဟု မိန့်တော်မူခဲ့ပြီးလျှင် မထေရ်က ဆက်လက်၍ အသိပိုရှင်းသွာစေရန် စတုက္ကနိပါတ် တိတ္တိရဇာတ်၌လာသော တိန်ညင်ခါ ဇာတ်ကို ဟောာတော်မူပါသည်။
(စတုက္ကနိပါတ်
ခါမင်းဇာတ်ကို ဟောပြတော်မူခြင်း……
“မြတ်သောမင်းကြီး လွန်လေပြီးသည့်အခါက ပစ္စ န္တ ရွာတစ်ခုတွင် ငှက်မုဆိုးတစ်ယောက်သည် တိန်ညင်ခါကို ကောင်းစွာ သင်ကြားပြီး မွေးမြူထားလေ၏ ။ မုဆိုးသည် သင်ထားသော တိန်ညင်ခါကို ယူဆောင်ပြီး ထိုတိန်ညင်ခါဖြင့် ထောင်၍ လာသမျှ ခါများကို ဖမ်း၏။ ထိုအခါ တိန်ညင်ခါ၏ အသံကြောင့် လာလာသမျှသော ခါတို့ကို ဖမ်းလေတော့သည်။ ထိုအခါ တိန်ညင်ခါက “ငါ့ကို အမှီပြု၍ များစွာသော ဆွေမျိုးတို့ ပျက်စီးလေကုန်ပြီ၊ ထို တိန်ညင်ခါ အမျိုးတို့၏ သေကျေပျက်စီးရာ၌ မကောင်းမှုအကုသိုလ်သည် ငါ့မှာဖြစ်ကုန်ပြီ” ဟု တွေးကာ အသံမပြုဘဲ ဆိတ်ဆိတ်သာ နေလေတော့၏။ ထိုအခါ ငှက်မုဆိုးသည် အသံမပြုဘဲနေသော တိန်ညင်ခါကို ၀ါးခြမ်းစိတ်ဖြင့် ဦးခေါင်းကို ရိုက်သည့်အတွက် နာကျင်လှသည့်အတွက် တွန်ရပြန်ပါသည်။
သို့ဖြင့် ငှက်မုဆိုးသည် တိန်ညင်ခါကို မှီပြီး တောထဲမှ တိန်ညင်ခါ တို့ကိုဖမ်းကာ အသက်မွေးနေ၏။ ထိုအခါ မုဆိုး၏ တိန်ညင်ခါက “ငါ့ကိုမှီပြီး တိန်ညင်ခါများ သေကျေပျက်စီးရပေပြီ၊ ငါ့မှာ အကုသိုလ်ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား၊ ငါ့ရဲ့ ယုံမှား သံသယကို မည်သူပယ်ဖျောက်နိုင်မှာလဲ” ဟုတွေးပြီး ပညာရှိကို စုံစမ်းလျှက် ရှိသည်။
တစ်နေ့သောအခါ ငှက်မုဆိုးသည် တောတွင် တိန်ညင်ခါများဖမ်း၍ များစွာရသောအခါ ဈာန်သမာပတ်ရရှိသော ဘုရားအလောင်း ရသေ့ကျောင်းအနီး ရေအိုးစဉ်မှ ရေသောက်ကာ သဲပြင်တွင် အိပ်ပျော်နေ၏။ ထိုအခါ တိန်ညင်ခါသည် သူ၏ သံသယကို ရသေ့အား မေးမည် ဟုဆိုကာ ရသေ့အား “ အရှင်ရသေ့….ကျွန်ပ်အသံမမြည်ဘူးဆိုရင် ခါတွေမလာဘူး၊ ကျွန်ပ်အသံမြည်မှ ခါများ ရောက်ရှိလာကာ သေကျေပျက်စီးရပါတယ်။ (ဆက်ရန်)
Friday, November 28, 2008
သုံးရာစုက ဘ၀ပုံရိပ် (၁၁)
Posted in: ဆောင်းပါး
0 comments:
Post a Comment