Tuesday, November 18, 2008

သုံးရာစုထဲက ဘ၀ပုံရိပ် (၄)

ကျွန်ပ်သည်လည်း ပျားရည်လောင်းလှူပြီးသည့်အချိန်မှစ၍ စိတ်ထဲရွှင်လန်းနှစ်သက်လွန်းသည့်အတွက် ထိုအလှူကို ဖန်ခါထပ်ထပ် ဆင်ခြင်ပွားများ၍ နေပါသည်။ ထိုအချိန်တွင် ပျားရည်အတွက် တောကနေ အိမ်သို့ ပြန်လည်ရောက်ရှိလာသော အစ်ကို နှစ်ယောက်အား “ အစ်ကိုတို့ရေ………အစ်ကိုတို့ ၀မ်းမြောက်ကြပါတော့၊ ရွှင်လန်းကြပါတော့၊ ကြည်ညိုစိတ်တွေ ဖြစ်ကြပါကုန်တော့” ဟု ဆိုလာသောကြောင့် အစ်ကိုများက “ ဘာများတုန်း ငါ့ညီရ…”

“ ဒီလို…အစ်ကိုရ……ကျွန်ပ်အတွက်ရယ်၊ အစ်ကိုယ်တို့နှစ်ယောက်အတွက်ရယ် သုံးယောက်စာ ပျားရည်ကို အရှင်မြတ်ပစ္စေကဗုဒ္ဓါ အား လောင်းလှူလိုက်ပါတယ်၊ အစ်ကိုတို့ ၀မ်းသာရအောင်လို့ပါ……အလှူခံဆိုတာ တွေ့ခဲတယ်အစ်ကိုတို့ရေ…ကြုံတုန်းလှူလိုက်ရတာလေ.. ၀မ်းသာပေတော့ ၊ ကြည်နူးပေတော့ အစ်ကိုတို့ရေ….” ဟု ကျွန်ပ်သည် ရွှေအိုးကြီးတစ်လုံးကောက်ရသည့်ပမာ စိတ်ရွှင်လန်းထက်သန်စွာနှင့် အစ်ကိုကြီးနှစ်ယောက်အား ပြောပြလိုက်သည်။
ထိုအခါ အစ်ကိုအကြီးဆုံးက “ငါ့ညီလှူတာတော့ထားပါတော့ …ပျားရည်ကို လျှံကျ ဖိတ်စင်သည့်တိုင်အောင် လှူလိုက်တာကို သူမို့လို့ အလိုက်မသိ ခံယူရက်လိုက်တာ၊ ဧကန္တ ငါ့ညီထံမှ အလှူခံသွားသူဟာ ဒွန်းစဏ္ဍားတစ်ယောက်များ ဖြစ်နေမလားဘဲ” ဟု တွေးကာ “ဒွန်းစဏ္ဍားတို့လည်း သင်္ကန်းဝတ်ကုန်ကျတာကိုး…….ငါ့ညီလက်ကနေ အလှူခံသွားသူဟာ မညှာမတာ သုံးယောက်စာတောင်ယူသွားတဲ့ အတွက် ဒွန်းစဏ္ဍား ဖြစ်လိမ့်မယ်” ဟု ကျွန်ပ်အစ်ကိုယ်အကြီးဆုံးက အမျက်ဒေသထွက်ကာ မမြင်ခဲ့ရသော ပစ္စေကဗုဒ္ဓါအား ဆဲဆိုလေတော့၏။
အစ်ကိုကြီးသာ ဒေါသထွက်နေသည်မဟုတ် အစ်ကိုလတ်ပါ ဒေါသထွက်နေသည့်အတွက် သူ၏မျက်နှာကြီးသည် နီးမြန်းလျှက် “အလိုက်အကမ်းအဆိုးမသိ ….ငါ့ညီဆီက ပျားရည်အလှူခံသွားတဲ့ ပစ္စေကဗုဒ္ဓါ ကို သမုဒ္ဒရာတစ်ဖက် ကမ်းသို့ ပစ်လိုက်ရရင်ကောင်းပါဘိ” ဟု အစ်ကိုလတ်ကလည်း ဆိုခဲ့ချေ၏။
ဖြစ်ပျက်ပြီးတဲ့အရာတစ်ခုအတွက် မည်သို့မျှ ပြန်လည်ပြုပြင်၍ မရနိုင်တော့ပေ။ ကျွန်ပ်ကား စေတနာထက်သန်စွာဖြင့် လှူဒါန်းခဲ့ပေမယ့် အစ်ကိုကြီးနှစ်ယောက်ကား ကျွန်ပ်လှူဒါန်းခဲ့၍သာ မတတ်သာပဲ ငြိမ်နေရသည်၊ ပစ္စေကဗုဒ္ဓါအပေါ်တွင်တော့ အခဲမကျေ ဖြစ်ခဲ့ပေသည်။ ဤပျားရည်အလှူပွဲတွင် ကျွန်ပ်က စိတ်ထားဖြူစင်သလောက် ကျွန်ပ်အစ်ကိုများကတော့ သူတော်ကောင်းကို ပြစ်မှားခဲ့မိချေပြီ။
ထိုပျားရည်လှူခဲ့သည့်အချိန်တုန်းက မတူညီသည့် စိတ်နေစိတ်ထားများကြောင့် ဘ၀၏ အပြောင်းအလဲများ အကြီးအကျယ်ဖြစ်သွားလိမ့်မည် ဟု သိခဲ့မည်ဆိုပါလျှင်…………..။
နောင်အခါတွင် အလှူ၏ အကျိုးနှင့်စပ်၍ ကျွန်ပ် ပြောပြသောအခါ ထိုပျားရည်အလှူအတွက် အစ်ကိုနှစ်ယောက်လည်း ၀မ်းမြောက်ဝမ်းသာစွာဖြင့် စာဂနုဿတိ ကုသိုလ်များ ရခဲ့ကြသည်မဟုတ်ပါလော။
ထိုအလှူပြုစဉ်က ကျွန်ပ်ထံသို့ ပျားရည်အလှူခံနိုင်ရန် လမ်းညွန်ပေးခဲ့သော အိုးထိန်းသည် ကျွန်မသည်လည်း ပျားရည်လှူသူ၏ ဆု တောင်းကို ပစ္စေကဗုဒ္ဓါက မိန့်တော်မူသောအခါ “ နောင်တွင် ပျားရည်လှူသူ၏ မိဖုရားဖြစ်ရပါလို၏” ဟု ဆုတောင်းခဲ့ပါသည်။
ထိုအဖြစ်အပျက်တို့တွင် ညီအငယ်ဆုံး ကျွန်ပ် ဓမ္မာသောကသည်ကား ပျားရည်အလှူကောင်းမှုကြောင့် ဇမ္ဗူဒီပါကျွန်းတစ်ကျွန်းလုံး တွင် ဧကရာဇ်မင်း အဖြစ်ကို ရရှိခဲ့ပါသည်။ အိုးထိန်းသည် ကျွန်မကတော့ သူ့ဆုတောင်းအတိုင်းပင် အဆင်းအလွန်လှသည့် အသန္ဓိမတ္တာ မိဖုရားကြီး ဖြစ်ရပါသည်။ သမုဒ္ဒရာတစ်ဖက်သို့ လွင့်ပစ်လိုက်ရ ကောင်းမှာပဲ ဟု အမျက်ဒေါသဖြင့် ပြောဆိုခဲ့သော ကျွန်ပ်အစ်ကိုလတ်ကတော့ သီဟိုဠ်ကျွန်းတွင် ဘုန်းတန်ခိုးကြီးသော ဒေ၀ါနံပိယတိဿမင်း ဖြစ်လာလေသည်။ အစ်ကိုယ်အကြီးဆုံးကား ပစ္စေကဗုဒ္ဓါအား ဒွန်းစဏ္ဍား ဟု ဆိုသောကြောင့် နောင်တွင် ဒွန်းစဏ္ဍားရွာ၌ဖြစ်ကာ နိဂြောဓသာမဏေ ဖြစ်လေသည်။(၀စီဘေဒ၏ သတိထားစရာအချက်တစ်ခုဖြစ်သည်)။
ကျွန်ပ်ပြောလိုသည်မှာ ကုသိုလ်မျိုးစေ့ စိုက်ပျိုးကြသည့်အခါ စိုက်ပျိုးတတ်ဖို့ အထူးလိုအပ်သည်ဟု ပြောလိုပါသည်။ စိတ်သဘောထားပြည့်ဝလျှင် ပြည့်ဝသလောက် အကျိုးခံစားခွင့်ရှိသကဲ့သို့ စိတ်ထားယုတ်ညံ့လျှင် ယုတ်ညံ့သလောက် အကျိုးဆုတ်ယုတ်မှုများလှပေသည်။ ထို့ကြောင့် မာဃာဒေ၀မင်းကြီးက သူ့သားတော်အား မှာတော်မူပုံအခဏ်းတွင်…..
ဝိပါက်ဟူသည်…
လျှာမရှည်ခင်၊ ပြန်လည်တစ်မျိုး၊ မကောင်းကျိုးဖြင့်၊ နောက်ပိုးလိုက်တက်၊ သူ့ကိုဖျက်ကာ ၊ ကိုယ်ပျက်တတ်စွာ။
ဤလူ့ရွာဝယ်၊ ဓမ္မတာအရိုး၊ ပမာနိုးမို့၊ ခါးမျိုး ချိုမျိုး ၊ စေ့စိုက်ပျိုးကာ၊ ထိုပျိုးအလား..၊ မခြားတူ၏၊ ခါးချိုသီးသို့၊
သားကြီးမင်းပျို၊ မပိုက် သိုလော့၊ သူ့ကိုသရမ်း၊ မလျှော့ကြမ်းတဲ့၊ လူ နန်းကိစ္စ၊ ကျိုးမလှဘူး၊ နိယာမမျိုး၊
အကောင်းဆိုးတည်း၊ ပြည့်ကျိုးနှစ်ပါး၊ ဖြစ်တတ်ငြားက၊ ဘုရားသော်မှ ၊ မလွတ်ရဘူး။ လို့ စပ်ဆိုခဲ့ပေသည်။
ဤကား ကျွန်ပ်၏ ရှေးဘ၀ကံအကြောင်းကို တစ်စေ့တစ်စောင်း ဖေါ်ပြရခြင်းပါ။
နိဂြောဓသာမဏေ၏ နောက်ကြောင်း..
တစ်ဆက်တည်း ကျွန်ပ်၏ ဘ၀ဇာတ်ကြောင်းမှာ မပါလျှင်မပြီး ဟုပြောနိုင်သည့် နိဂြောဓသာမဏေ ၏ နောက်ခံသမိုင်း (background history) ကို မပြောရင် မပြည့်စုံတာမို့ ပြောရဦးမည်ပေါ့……..
တစ်ရာတစ်ယောက်သော ညီတော်နောင်တော်တို့အနက် နောင်တော်တစ်ယောက်ဖြစ်သည့် သုမနမင်းသားအား နောင်တွင် ပုန်ကန်မည်စိုးသောကြောင့်၎င်း၊ ကျွန်ပ်၏ထီးနန်းကို ထိပါးလာမည်စိုးသောကြောင့် နောင်တော်ပင်ဖြစ်သော်လည်း ရန်သူအလား သတ်ခဲ့မိပါသည်။
ထိုအခါ သုမနဒေ၀ီမင်းသမီးသည် သူ၏ခင်ပွန်းဖြစ်သော သုမနမင်းသားအား သတ်လိုက်ပြီဟူသော သတင်းကို ကြားခဲ့ရသည်။ သုမနဒေ၀ီမင်းသမီးတွင်လည်း သုမနမင်းသားကိုစွဲ၍ ကိုယ်ဝန်အရင့်အမာကြီးနှင့်ဖြစ်နေသည်။ ကျွန်ပ်ကလည်း ကျုပင်ခုတ်ကျုငုတ်မကျန်ဆို သကဲ့သို့ ခလုတ်မှန်သမျှ ကြီးကြီးငယ်ငယ် အကုန်ရှင်းရပေမည်။ ထို့ကြောင့်ထင်သည်၊ သုမနဒေ၀ီမင်းသမီးသည် ကိုယ်ဝန်အရင့်အမာနှင့် ကျွန်ပ်၏ နယ်ပယ်မှ လွတ်အောင် တိမ်းရှောင်ခဲ့ရာ၊ တစ်ခုသော ဒွန်းစဏ္ဍားတို့ နေထိုင်သော ရွာတစ်ရွာသို့ ရောက်ခဲ့ပါသည်။ ထိုဒွန်းစဏ္ဍားရွာ၏ အကြီးအကဲအိမ်အနီးတွင် ပညောင်ပင်ကြီးတစ်ခုရှိပါသည်။ ထိုပညောင်ပင်ကို စောင့်သောနတ်မင်းက “ သုမနဒေ၀ီ…အသင် ဒီကိုလာခဲ့၊ ဒီနေရာမှာပဲနေပါ” ဟု နတ်တို့၌ဖြစ်သော ပြသဒ်တစ်ခုကို ဖန်ဆင်းပေးပြီး သုမနဒေ၀ီမင်းသမီးအား နေထိုင်စေပါသည်။ ဤ၌ ပညောင်ပင်ရင်းတွင် ပြဿဒ်ဖြင့် နေရသည်ကို နတ်တို့၏ တန်ခိုးအာနုဘော်နှင့် ပြုလုပ်ထားသောကြောင့် မည်သူမျှ ထင်ထင်ရှားရှားမမြင်ရခဲ့ပေ။
သုမနဒေ၀ီမင်းသမီးလည်း ဒွန်းစဏ္ဍားရွာသို့ ရောက်သည့်နေ့တွင်ပင်လျှင် ကမ္မဇလေလှုပ်ကာ သားတော်လေးတစ်ပါးအား ဖွားမြင်ခဲ့ပါသည်။ ထိုသားတော်၏အမည်ကိုလည်း ပညောင်ပင်ကို အစွဲပြု၍ “ နိဂြောဓလုလင်” ဟု အမည်မှည့်လေ၏။
နိဂြောဓလုလင်သည် ရှင်ဘုရင်သွေး၊မင်းသွေးပါပါလျှက် ဒွန်းစဏ္ဍားရွာ၌ ဖြစ်ရသည့်အကြောင်းမှာ…… အခါးမျိုးစိုက်လျှင် အခါးမျိုး ၊ အချိုမျိုးစိုက်လျှင် အချိုမျိုးပေါက်ရောက်ရသကဲ့သို့ သူသည် ပစ္စေကဗုဒ္ဓါအား “ဒွန်းစဏ္ဍားတို့လည်း သင်္ကန်းဝတ်ကုန်ကျတာကိုး…….ငါ့ညီလက်ကနေ မညှာမတာ အလှူခံသွားသူဟာ သုံးယောက်စာတောင်ယူသွားတဲ့ အတွက် ဒွန်းစဏ္ဍား ဖြစ်လိမ့်မယ်” ဟု ပျားရည်လှူစဉ်က အမျက်ဒေါသဖြင့် ပြောခဲ့ပြစ်မှားမိခဲ့သည်။ ထို့ကြောင့် မင်းသွေးပင်ဖြစ်သော်လည်း ဒွန်းစဏ္ဍားရွာတွင် ဖြစ်ရချေသည်။ ၀ိပါက်ကြမ္မာ ဟူသည် ဘုရားသော်မှ မလွတ်နိုင်ဘူးဟု ဆိုရိုးရှိခဲ့သည်မဟုတ်ပါလား။
ဒွန်းစဏ္ဍားရွာမှ အကြီးအကဲဖြစ်သော သူကြီးသည်လည်း သုမနမိဖုရားကို မြင်သည့်နေ့မှစ၍ မိမိ၏ အရှင်သမီးသကဲ့သို့ မှတ်ထင်ကာ အမြဲပြုစုလုပ်ကျွေးလေသည်။ မိဖုရားလည်း ထိုဒွန်းစဏ္ဍားတို့၏ အရပ်တွင် (၇)နှစ်တိုင်အောင် နေထိုင်ခဲ့ပါသည်။ နိဂြောဓလုလင် လေးသည် (၇)နှစ်ရွယ်သို့ ရောက်သောအခါ….
တစ်နေ့သ၌ မဟာဝရုဏအမည်ရှိသော ရဟန္တာအရှင်မြတ်သည် မကြာမီ နိဂြောဓလုလင်အား ရဟန္တာဖြစ်နိင်သည့် အရည်သွေးနှင့် ပြည့်စုံနေသည့်အပြင်၊ (၇)နှစ်အရွယ်သို့လည်း ရောက်နေပြီဖြစ်သဖြင့် ရဟန်းပြုဖို့ရာအခွင့်ကောင်းပဲ ဟု တွေးကာ နိဂြောဓလုလင် ရဟန်းပြုဖို့အရေး ဆွေးနွေးသဘောတူညီချက်ကိုယူရန်အတွက် မယ်တော် သုမနဒေ၀ီမင်းသမီးထံသို့ လူတစ်ယောက်စေလွတ်ခဲ့ပါသည်။
သို့နှင့် ရဟန်းပြုခြင်းငှာ အချိန်တန်ပြီ ဟု တွေးကာ နိဂြောဓလုလင်အား မယ်တော်မိဖုရားထံ ပန်ကြားခွင့်တောင်းစေခဲ့ပါသည်။ ထိုသို့ ရဟန်းပြုဆဲခဏ သင်တုန်းဓားဖြင့် ဦးခေါင်းပေါ်မှ ဆံပင်များရိတ်ပယ်နေစဉ် နိဂြောဓလုလင်အား တဉ္စ ပဉ္စကကမ္မဋ္ဌာန်းကို သင်ပေးပြီး၊ ထိုကမ္မဋ္ဌာန်းဖြင့် ရှုမှတ်ပြီးနေစဉ် သင်တုန်းဓါးဖြင့် ခေါင်းရိတ်အပြီးခဏတွင် အာသဝေါကင်းကွာ ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။
မိရိုးဖလာဘာသာမှသည် ဗုဒ္ဓဘာသာသို့
ကိုးကွယ်မှုဘာသာရေးနှင့်ပတ်သက်ပြီး ကျွန်ပ်တို့၏ အစဉ်အဆက်မှာ တိတ္ထိတက္ကတွန်းတို့ကိုသာ ကိုးကွယ်ခဲ့ကြသည်။
တိတ္ထိတက္ကတွန်းတွေကို ကိုးကွယ်လာသည်မှာ ကျွန်ပ်လက်ထက်သာမဟုတ် ကျွန်ပ်၏ဖခမည်းတော်လက်ထက်ကပင်ဖြစ်သည်။
ကျွန်ပ်၏ ဖခမည်းတော် အသက်ထင်ရှားရှိစဉ်ကပင် ဘာသာရေးတွင် နိဓိကဏ္ဍနာဋပုတ္တ၏ တပည့်အစဉ်အဆက်တို့ကိုသာ ကိုးကွယ်ခဲ့ပါသည်။ သူတို့ဘာသာအယူဝါဒက လောကတွင် အသက်ရှိ/အသက်မဲ့ အားလုံးသည် အသက်ရှိသည်ဟု အယူရှိကြသည်။ ရေတောင်မှ အသက်ရှိသည့်အတွက် ကိုယ်တိုင် မကျိုချက်ရ၊ ကိုယ်တိုင်ချက်ရင် အပြစ်ရှိသည်ဟု ယူဆထားပုံရပါသည်။ မည်မျှအထိနည်းဟူမူ ရေတွင် အသက်ရှိသည်ဖြစ်၍ ကျင်ကြီးကျင်ငယ်စွန့်သည့်အခါတွင် ကုဋီထဲ ရေလောင်းဆေးထားခဲ့သည်မရှိ ဒီအတိုင်းပဲထားခဲ့ကြသည်။ (ယခုခေတ် ထိုအယူဝါဒကို ဂျိန်းဘာသာ ဟူ၍ ခေါ်ဆိုကြပါသည်။) ထိုအယူအ၀ါဒသည် ဇမ္ဗူဒီပါကျွန်းတွင် ယခုတိုင်အောင် အထင်ရှားရှိနေသေးသည်။
မြတ်စွာဘုရားလက်ထက်က တိတ္ထိဆရာကြီး (၆)ယောက်ရှိသည့်အနက် ယခုအခါ ဇမ္ဗူဒီပါကျွန်းတွင် ထိုဂျိန်းဘာသာဟု ခေါ်ဆိုသည့် နိဓိဂဏ္ဍနာဋပုတ္တ တိတ္ထိတက္ကတွန်းတို့၏ အယူတစ်ခုသာ ကျန်ရှိတော့ပေသည်။ ကျန်ငါးယောက်တို့၏ အယူဝါဒကား မကျန်ရှိတော့။
ထိုဂျိန်းဘာသာကို ဖခမည်းတော်ကြီးက ကိုးကွယ်ခဲ့သည့်အတွက် ယခုကျွန်ပ် အာသောက လက်ထက်တွင် ထိုဘာသာကိုပဲ ကိုးကွယ်ခဲ့ရပါသည်။ ထိုအလှူခံပုဂ္ဂိုလ်များဖြစ်သော တိတ္ထိများသည် ကိုယ်လက်အင်္ဂါလည်း ဣနြေ္ဒမရဘဲ ခြေလုပ်၊လက်လုပ်ဖြင့် (Upset) မတည်မငြိမ် ဖြစ်နေသည်ကို ကြည့်ပြီး ကျွန်ပ်၏ စိတ်ထဲတွင် လုံးဝမကျေနပ်နိုင်ပဲ ရှိနေပေသည်။ ဖခမည်းတော်၏ ဘာသာရေးအမွေကို မတတ်သာလို့သာ ဆက်ခံရသည်၊ စိတ်ထဲတွင် သိပ်ဘ၀င်မကျလှ ၊ ရှင်းရှင်းပြောရရင် ကိုးကွယ်မှုဘာသာရေးဆိုင်ရာ အစာမကျေမှုလေးတွေ ရှိနေပါသည်။
ဒါပေမယ့်လည်း ကျွန်ပ်နန်းတော်တွင် တစ်နေ့လျှင် အလှူခံလာသော တိတ္ထိတက္ကတွန်း ၆၀၀၀၀ ခန့်ကို အမြဲတမ်း နိစ္စဒူဝ ကျွေးမွေးလှူဒါန်းလာခဲ့ပါသည်။ ထိုအလှူခံပုဂ္ဂိုလ်ဆိုသူ အ၀တ်မပါ ဗလာကျင်း တိတ္ထိတက္ကတွန်းများ၏ အနေ အထိုင် အပြော အဆို များသည် သာမန်လူတစ်ယောက်လောက်တောင်မှ ဣနြေ္ဒမရှိ၊ သူတို့သဏ္ဍာန်တွင် မည်သည့်တရားများရှိသည်ကို ကျွန်ပ်မသိပါ၊ ကျွန်ပ်မျက်စိစပါးမွှေးစူး နေတာက သူတို့၏ အ၀တ်မပါ ဗလာကျင်းကြီးရယ်၊ မျက်စိဂဏာမငြိမ်တာရယ်၊ လက်ခြေမငြိမ်တာရယ် …..အို …စုံလို့ ဘာဆိုဘာမျှ ကြည့်၍ မရ။ ဤသို့သဘောရှိသော ပုဂ္ဂိုလ်များသည် သူတော်ကောင်းများတော့ မဖြစ်နိုင်၊သူယုတ်မာများသာဖြစ်ချေသည်။
သို့သော်လည်း ခမည်းတော်ကြီးကိုးကွယ်ခဲ့သည့် သူများဖြစ်သည့်အတွက် “မချစ်သော်လည်း အောင့်ကာနမ်း” ဆိုသကဲ့သို့ စိတ်မပါ သော်လည်း တိတ္ထိတို့အား နေ့တိုင်း ကျွေးမွေးနေခဲ့ရသည်။ သည်လိုသာ ရှေ့ဆက်နေမည်ဆိုလျှင် သူတော်မြတ် သူတော်ကောင်းများ ရဖို့မလွယ်နိုင်ပေ၊ ထို့ကြောင့် မြတ်သော အလှူခံပုဂ္ဂိုလ်များကို ရွေးချယ်စိစစ်ပြီး မြတ်သော အလှူခံပုဂ္ဂိုလ်များကို လှူဒါန်းရတာက ပို၍ ကောင်းပေမည် ဟု ကျွန်ပ်တွေးနေမိပါသည်။ ထိုအတွေးအတိုင်း အကောင်အထည်ဖေါ်ရန်အတွက် အမတ်ကြီးများကို ခေါ်တော်မူ၍ “ အမတ်ကြီးများ…..သင်တို့က သူတော်ကောင်းပုဂ္ဂိုလ် ရဟန္တာပုဂ္ဂိုလ် လို့ သမုတ်အပ်တဲ့ ရဟန်း ၊ ပုဏ္ဏားများကို နန်းတော်အတွင်းသို့ ပင့်ဆောင်လာပေးကြပါ၊ ငါကိုယ်တော်မြတ် အလှူကြီးပေးမယ်” ဟု ကျွန်ပ်ကပြောလိုက်ပါသည်။ အလှူကြီးပေးမည့်ရက်၌ မင်းနန်းတော် ခန်းမကြီး အတွင်း နေရာထိုင်ခင်းတို့ကို အယုတ် အလတ် အမြတ် အသီးသီးခင်းထားစေပါသည်။
ထိုနေ့တွင် ရောက်လာကြကုန်သော တိတ္ထိ တို့အား ကြိုဆို၍ “ အရှင်တို့ ….အရှင်တို့နှင့်သင့်လျော်မယ့် နေရာထိုင်တွေမှာ ထိုင်နိုင်ပါတယ်” ဟုလည်း ကျွန်ပ်က တိတ္တိတို့အားပြောကြား သောအခါ တစ်ချို့ပုဂ္ဂိုလ်တို့သည် သံမာန်တလင်း၏ တစ်ဆင့်နိပ်အောက်တွင် နေရာယူကြပါသည် ၊ တစ်ချို့က ဖျာပေါ်မှာ၊ တစ်ချို့က ကော်ဇောခင်းထားသည့်နေရာမှာ၊ တစ်ချို့ကား ကွပ်ပျစ်ကဲ့သို့ ပြုလုပ်ထားသော နေရာမှာ အသီးသီးနေရာယူကာ ထိုင်နေကြပါသည်။ (ဆက်ရန်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More