Tuesday, November 18, 2008

သုံးရာစုထဲက ဘ၀ပုံရိပ် (၃)

ထို့ကြောင့် ကျွန်ပ် ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပါသည်။
ကျွန်ပ်အား မတရားပြစ်မှားလာသည့်သူပင် ဖြစ်လင့်ကစား ထိုပြစ်မှားသူအား သည်းခံနိုင်သလောက် သည်းခံတော့မည် ဟူ၍…..ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချခဲ့ပါတော့သည်။
“တော်ပြီ ….ဒီနေ့ကစ ကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက် ဆေးကြောရင်း သူတစ်ပါးအား ဖျက်ဆီးလိုစိတ်အလျင်းမရှိဘဲ သူတစ်ပါး ကောင်းကျိုးအတွက် ဆောင်ရွက်တော့မယ်၊ မည်သူ့ကိုမှ ဒေါသပါတဲ့ မျက်လုံး၊ အမုန်းပါတဲ့ မျက်လုံးနဲ့လည်း မကြည့်တော့ဘူး၊ အားလုံးအပေါ် မေတ္တာပါတဲ့ မျက်လုံး၊ချစ်ခင်တဲ့မျက်လုံးနဲ့ပဲ ကြည့်တော့မယ်၊ အောင်မြင်တယ်ဆိုတာ သည်လိုမတရားတဲ့အောင်မြင်မှုထက် တရားသဖြင့် အောင်မြင်တာက ငါ့အတွက်သာမက လူတိုင်းအတွက်လည်း ပစ္စုပ္ပန်-တမလွန်အတွက်ကောင်းလိမ့်မယ်” ဟု ကျွန်ပ်သည် နက်နဲစွာ တွေးနေမိပါတော့သည်။ တွေးမိသည့်အတိုင်းလည်း လက်တွေ့အကောင်အထည် ဖေါ်ခဲ့ပါသည်။

“လူတို့အား….ကိုယ်ကျင့်သီလဆောက်တည်ခြင်း၊ ကုသိုကောင်းမှုပြုခြင်း၊ တစ်ပါးသူအား သားနားငှဲ့ညာတတ်ခြင်း၊ မေတ္တာထား ခြင်း၊ စသည့် ကောင်းသောတရားများသည် ပစ္စုပ္ပန် တမလွန်နောက်ဘ၀များစွာအတွက် ထောက်ရာတည်ရာ ရပါလိမ့်မယ်၊ ဒါကြောင့် လူအများသည် ကောင်းမှုကုသိုလ်တရားများကို ပြကြပါကုန်၊ ကျွန်ပ်၏သြ၀ါဒကို လိုက်နာကျင့်သုံးမည်ဆိုပါက သင်တို့အကျိုးအတွက်ပဲဖြစ်ပါလိမ့်မယ်”စသဖြင့် တရားနှင့်ယှဉ်သည့် အဆုံးအမများကို ဖြန့်ဝေနိုင်ရန်အတွက် ကျွန်ပ်ပိုင်သည့် အင်ပါယာအတွင်း နေထိုင်သောသူများသာမက နယ်စပ်ဒေသ အပြင်ဖက် လက်လှမ်းမှီသမျှ မြိ့ရွာများတွင် ကျောက်စာ အမြောက်အများ စိုက်ထူစေခဲ့ပါသည်။
ထို့ကြောင့်ထင်သည်… ထိုအချိန်ကစ ကျွန်ပ်ရဲ့နာမည် တစ်မျိုးထပ်တိုးခဲ့ရပြန်ပါသည်.. ပိယဒဿီ .. တဲ့။
သီရိဓမ္မာသောက အမည်ရ
ကျွန်ပ် နန်းတက်တော်မူစက ကျွန်ပ်အား ဆန့်ကျင်လာသောရန်သူမှန်သမျှကို ညှင်းပန်းနှိပ်စက်ဖို့ အလွန်ကြောက်စရာကောင်းသည့် ထောင်ကြီးတစ်ခုကို တည်ဆောက်ထားခဲ့သည်။ ထောင်မှူးကြီး၏နာမည်က ဂီရိ ဖြစ်ပါသတဲ့။ အလွန်ကြမ်းကြုတ်ရက်စက်လွန်းလို့ (စဏ္ဍာဂီရိ)လို့လည်း ခေါ်ကြပါသည်။
တစ်နေ့….သမုဒ္ဒဂုတ္တအမည်ရှိသည့် ရဟန်းတော်တစ်ပါး ထောင်တွင်းရောက်လာပါသည်။ သည်အခါတွင် ထောင်မှူးကြီး စဏ္ဍာဂီရိက ထိုရဟန်းအား ဖမ်းယူပြီး သတ်မည်လုပ်သောအခါ ရဟန်းတော်က “ အို…ထောင်မှူးကြီး ငါ့ကို မသတ်ပါနှင့် ၊ ခုနှစ်ရက် နေခွင့်ပြု ပါဦး” ဟု တောင်းပန်ရှာတယ်။ ထောင်မှူးကြီးက ရဟန်းတော်၏ စကားအတိုင်း ထောင်တွင်းမှာ ခုနှစ်ရက်ချူပ်ထားလိုက်ပါသည်။ ခုနှစ်ရက်မြောက်နေ့သို့ ရောက်သောအခါ ရေပူတို့ဖြင့် ပွက်ပွက်ဆူနေသော ကြေးအိုးကြီးအတွင်းကို ရဟန်းတော်အား ပစ်ချလိုက်ပါသည်။
သည်လိုပစ်ချလိုက်သောအခါ ကြေးအိုးကြီးအတွင်းက လှည်းဘီးအ၀န်းခန့်ရှိ ကြာပွင့်ချပ်ကြီး ပွင့်လာကာ ရဟန်းတော်ကို အောက်ကနေခံယူပါသည်။ ထိုမြင်ကွင်းကို ထောင်မှူးကြီးမြင်ရသောအခါ တုန်လှုပ်သောစိတ်ရှိသည်ဖြစ်၍ ကျွန်ပ်ထံ လာရောက်လျှောက် ထားပါသည်။ ကျွန်ပ်လည်း ထောင်မှူးကြီး ပြောဆိုချက်အရ ထိုကြေးအိုးရှိရာသို့ မှူးကြီးမတ်ရာ သေနာပတိ အခြံအရံဖြင့် သွားရောက်ဖူးမျှော် ခဲ့ပါသည်။ ထိုအခါ ရဟန်းတော်သည် ရောက်လာသော ကျွန်ပ်နှင့်တကွ ပရိသတ်တို့အား တရားဟောကြားတော်မူခဲ့ပါသည်။
ထိုအချိန်ကစ၍ ကျွန်ပ်သည် ထောင်ကြီးကို ဖျက်ဆီးကာ ဖမ်းထားသူအားလုံးကို ပြန်လွတ်ပေးခဲ့ပါသည်။ သည်အချိန်ကစ၍ ကျွန်ပ်သည် သာသနာတော်အတွင်း သက်ဝင်ယုံကြည်ကာ တရားသဖြင့် အုပ်စိုးလာလို့ သီရိဓမ္မာသောကမင်း ဆိုသည့်အမည်ကို ရရှိခဲ့ပါတော့ သည်။ ဤကား ကျွန်ပ်၏ သီရိဓမ္မာသောကမင်း အမည်တွင်းရခြင်း၏ အကြောင်းဖြစ်ပါသည်။
ဘုန်းတန်ခိုးကြီးမားခြင်း
ဖခမည်းတော်ကြီး နတ်ရွာစံသည်မှ လေးနှစ်ပြည့်မြောက်တွင် ကျွန်ပ်သည် သာသနာသက္ကရာဇ် (၂၁၈)ခုနှစ်တွင် ဇမ္ဗူဒိပ်တစ်ကျွန်း လုံး၏ မင်းဧကရာဇ်အဖြစ် အဘိက်သိက် ခံခဲ့ပါသည်။ ထိုအချိန်က ကျွန်ပ်ညီတော် တိဿမင်းသားကို အိမ်ရှေ့အရာကို အပ်နှင်းခဲ့ပါသည်။ မိဖုရားကြီး ဝေဒိဿကဒေ၀ီကတော့ ပါဋလိပုတ်နေပြည်ကို လိုက်မလာတော့ပဲ ဝေဒိဿကပြည်မှာပဲ အေးချမ်းစွာ နေရစ်ခဲ့ပြီး၊ သားတော် မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာတို့ကို ကျွန်ပ်ထံသို့ စေလွတ်ခဲ့သည်။
မှတ်မိပါသေးသည်… ကျွန်ပ် ဇမ္ဗူဒိပ်ကျွန်းတွင် မင်းဧကရာဇ်ဖြစ်သည်မှအစပြု၍ ဘုန်းတန်ခိုးအာနုဘော်များ ဖြစ်လာခဲ့သည်ဟု ဆိုရပေမည်။ ရရှိလာသည့် ဘုန်းကံအကြောင်းကို မပြောလျှင် ကျွန်ပ်အကြောင်း ပြည့်စုံနိုင်မည်မထင်ပေ။
အောက်မြေကြီးထဲသို့ တစ်ယူဇနာ(၈)မိုင်အကွာအဝေးခန့် ကျွန်ပ်၏ အာဏာစက် ပြန့်နှံ့ခဲ့သည့်အပြင် အထက်ကောင်းကင်သို့လည်း တစ်ယူဇနာ(၈)မိုင်အမြင့်အထိ အာဏာစက်ပြန့်နှံ့ခဲ့သည်။ အထက်တစ်ယူဇနာ ၊အောက်တစ်ယူဇနာအတွင်း နေထိုင်ကြကုန်သော လူ၊နတ်၊သတ္တ၀ါမှန်သမျှ အလိုတော်ရှိသလို ခိုင်းနိုင်သည့် အာဏာပါဝါ ရှိခဲ့ပါသည်။
ထိုအချိန်တွင် နတ်တို့ဖန် ရေကန်အသင့်ကြာအသင့်ဆို သည့်အတိုင်း ကျွန်ပ်၏ ဘုဉ်းကံကြောင့် အန၀တတ်အိုင်မှာ ရေကြည်တော် အိုးအလုံးပေါင်း(၁၆)လုံးကို နေ့တိုင်း နေ့တိုင်း နတ်တို့သည် ကျွန်ပ်ထံသို့ လာရောက်ဆက်သကြကုန်၏ ။ ထိုအန၀တတ်ရေကြည်(၁၆)လုံးတို့ တွင် ရဟန်းသံဃာများအား နေ့စဉ် ရေကြည်တော် ရှစ်လုံးကို၎င်း၊ ပိဋကတ်သုံးပုံဆောင်သော ရဟန်း(၆၀၀၀၀)အား ရေကြည်တော် နှစ်လုံးကို၎င်း၊ နှစ်လုံးသောရေကြည်တော်ကိုတော့ အသန္ဓိမိတ္တာ အမည်ရှိ မိဖုရားကြီးအား၎င်း နေ့စဉ်နေ့တိုင်း ပေးဝေလှူဒါန်းခဲ့ပြီး၊ ကျွန်ပ်မှာတော့ နေ့စဉ် ရေအိုးလေးလုံးကို သုံးဆောင်ခဲ့ပါသည်။
ထို့ပြင် နတ်တို့ နေ့စဉ်နေ့တိုင်း ကျွန်ပ်အားဆက်သလာသော အရာများမှာ ဟိမ၀န္တာတော်၌ နူးညံ့သိမ်မွေ့သည့် အရသာနှင့်ပြည့်စုံသော နာဂလတာ အမည်ရှိ ဒန်ပူများစွာတို့ကိုလည်းကောင်း။ ဆေးဖြစ်သည့် သျှိသျှားသီး၊ သဖန်းခါးသီး ၊ ရွှေအဆင်းနှင့်ပြည့်စုံပြီး အနံ့အရသာနှင့်ပြည့်စုံသော သရက်သီးမှည့်ကိုလည်း ဆက်သလာကြပါသည်။ ထိုဆေးစသည့် သရက်သီးမှည့်များကို စားရသည့်ခဏ၌ ခဏချင်းပင် အဟာရများတိုးပွားကာ ရောဂါအတော်များများကိုလည်း ချေဖျက်နိုင်စွမ်းရှိပေ၏။ ဆဒ္ဒန်အိုင်အနီး(နတ်ဗိမာန်လည်းဆို၏)၌ တည် ရှိသော ပဒေသာပင်များမှ ကောင်းပေ့ဟူသော အ၀တ်အထည် လက်သုတ်ပုဝါ ၊ နတ်ပြည်ဖြစ် ဖျော်ရည်စသည်တို့ကိုလည်းကောင်း။ဦးခေါင်းလျှော်စရာတစ်ခုဖြစ်သည့် နံ့သာ၊လိမ်းစရာနံ့သာပျောင်း ချည်မပါသည့် မုလေးပွင့်ကဲ့သို့ အဆင်တန်ဆာနှင့် ပြည့်စုံသည့် အပေါ်တင်ပုဆိုးတို့ကိုလည်းကောင်း နေ့စဉ်နေ့တိုင်း နတ်တို့သည် ကျွန်ပ်အား ဆက်သလာကြကုန်၏။
မြေကြီးအောက်ဖက် နဂါးပြည်မှ နဂါးမင်းက သူတို့နိုင်ငံတွင် အကောင်းဆုံးဟု ပြောရမည်ဖြစ်သော မျက်စဉ်းဆေးကိုလည်း လာရောက်ပို့ဆောင်ကြကုန်၏ ။
ဆဒ္ဒန်အိုင်အနီးတွင် သဘာဝပေါက်ရောက်နေသည့် သလေးစပါးများကိုလည်း ကျွန်ပ်နှင့်တကွ နန်းတွင်းသူ/သားများ စားသုံးရန် ဟုဆိုကာ သလေးစပါး လှည်းအစီးရေပေါင်း (၉၀၀၀)တို့ကို ကျေးသားများက လာရောက်ဆက်သကြကုန်၏။ (ယခုအခေါ်အဝေါ် အသုံးပြု သည့် တင်းဖြင့်ရေတွက်လျှင် လှည်းကိုးထောင်သည် တင်းပေါင်း(၇၂၀၀၀၀)ရှိ၏။ ( ဦးကုလား-ပ၊ ၈၅)
အံ့သြစရာကောင်းသည်မှာ ကျွန်ပ်ထံပို့လာသော ထိုသလေးစပါးများကို ကျိတ်ခွဲစက်ထည့်စရာမလို၊ ထိုသလေးစပါးများ၏ အသီးအခွံများ၊ ဆန်ကွဲများကို ကြွက်များက စားကြသဖြင့် အခွံနွာပေးသကဲ့သို့ဖြစ်ပြီး စပါးကျိတ်ခွဲစရာမလိုတော့ဘဲ အဆင့်သင့် ထမင်းချက်စားရုံသာ ရှိတော့သည်။ ဖြစ်ပေါ်လာသည့်ဘုန်းကံများကို ပြောလို့ပင်ကုန်နိုင်ဖွယ်မရှိပေ။
ကျွန်ပ်ခေါင်းထဲအတွေးတစ်ခုဖြတ်ကနဲ ၀င်ရောက်လာသည်၊ “ငါဟာ ဒီလိုမျိုး(တိုင်းပြည်အုပ်ချူပ်သည့်မင်း) ဖြစ်လာလိမ့်မယ်ဆိုတာကို ကြိုတင် ဟောကိန်းထုတ်ထားသူများ ရှိနိုင်ကောင်းပါရဲ့” လို့ပေါ့၊ သို့နှင့် “ဒီအကြောင်းမယ်တော်ကြီးကို သွားမေးရ ကောင်းမှာပဲ” ဟု စဉ်းစားကာ မယ်တော်ကြီးရှိရာ တိုက်ခန်းဆောင်သို့ ထွက်လာခဲ့ပါသည်။
“ မယ်တော်ကြီး….သားတော်တစ်ခုမေးချင်ပါတယ်” ဟု ကျွန်ပ်ကပြောရာ မယ်တော်ကြီးက “ ဘာများတုန်း…သားရဲ့ မယ်တော် သိရင်ပြောပြမှာပေါ့ မေးပါသားလေးရဲ့” ဟု မယ်တော်ကြီးက မေးမြန်းခွင့်ပြုလိုက်သောအခါ ကျွန်ပ်က “ မယ်တော်….သားတော်လေ ဒီလို အိမ်ရှေ့အရာ၊မင်းအရာစတဲ့ ဒီလို အခြေအနေမျိုး ရောက်လာမယ်ဆိုတာကို တတ်အပ်သေချာ ဟောကိန်းကြိုတင်ထုတ်ထားသူများ ရှိပါသလား မယ်တော်” ဟု စိတ်ထဲမေးချင်တာကို မေးမိပါသည်။ ထိုအခါ မယ်တော်ကြီးက “ သိပ်ရှိခဲ့တာပေါ့….သားတော် ဒီလိုဖြစ်လာမယ်ဆိုတာ ပြောတဲ့သူက တစ်ခြားမဟုတ်ဘူး၊ မယ်တော့်ရဲ့ဆရာဖြစ်တဲ့ စရဏာဇီဝက ပေါ့” ဟုပြောရာ ကျွန်ပ်က “ မယ်တော်ကြီး …ဒါဆို မယ်တော်ကြီးရဲ့ ဆရာ အသက်ထင်ရှားရှိသေးလားဟင်….အသက်ထင်ရှားရှိရင် ဘယ်နားနေထိုင်သလဲဆိုတာ သားတော်သိချင်ပါတယ် ပြောပြပါလား” ဟုကျွန်ပ်ကမေးပြန်ရာ မယ်တော်ကြီးက “ ချစ်သား…ဒီကနေ ယူဇနာ တစ်ရာဝေးတဲ့အရပ်မှာ နေထိုင်နေပါတယ်” ဟု မယ်တော့်ဆီက အဖြေစကား ကြားရသောအခါ… ထိုဆရာအား အထူးထူးသောပူဇော်သက္ကာရတို့ဖြင့် ပူဇော်မည်ဟု တွေးကာ ထိုဆရာအား ရွှေထမ်းစဉ်ဖြင့် မင်းခစားတို့အား ပင့်ဆောင်စေခဲ့ပါသည်။
အချိန်တန်၍ မင်းခစားများသာ ပြန်ရောက်လာကြသည်၊ မယ့်တော့်ဆရာဆိုသူ ပါမလာခဲ့ပေ။ အကြောင်းမှာ မယ်တော့်ဆရာသည် ကျွန်ပ်ပင့်ဆောင်ချက်အရ လာရောက်စဉ် လမ်းခရီးအကြားတွင် အဿဂုတ္တမထေရ်အား ဖူးမျှော်ကြည်ညိုရာမှ ထိုမထေရ်ထံ၌ ရဟန်းပြုကာ ၀ိပဿနာတရားကို ပွားစေ၍ ရဟန္တာအဖြစ်သို့ရောက်တော်မူခဲ့လေသည်။ ထိုအကြောင်းကို နောက်ပိုင်းတွင် မယ်တော် ပြောပြ၍ သိခဲ့ရပါသည်။
ကျွန်ပ်၏ ရှေးကောင်းမှုအကြောင်း……..
ထိုကဲ့သို့ အံ့ဖွယ်ရာအဖြာဖြာ ဘုန်းသမ္ဘာနှင့်ပြည့်စုံရခြင်းသည် လွန်ခဲ့သည့်အတိတ်ဘ၀က ကျွန်ပ်အား မည်သို့သော အကြောင်းများရှိမည် နည်း ဟု တွေးတောလျှက်………….
လွန်လေပြီးသော အတိတ်ကာလဆီက ဗာရာဏသီပြည်တွင် ကျွန်ပ်အပါအ၀င် ညီအစ်ကို သုံးယောက်ရှိခဲ့ဖူးပါသည်။ ထိုညီအစ်ကို သုံးယောက်တို့တွင် ကျွန်ပ်ကား ညီအငယ်ဆုံးဖြစ်ပြီး၊ကျန်နှစ်ယောက်က ကျွန်ပ်အစ်ကိုများ ဖြစ်ကြပါသည်။ ကျွန်ပ်တို့သည် ပျားရည် ရောင်းဝယ်ရေးတို့ဖြင့် အသက်မွေးကာ လုပ်ကိုင်လာခဲ့ကြပါသည်။ အစ်ကိုနှစ်ယောက်က တောထဲမှ ပျားရည်များကို ၀ယ်ယူကာ အိမ်သို့ပို့ပြီး ကျွန်ပ်က အိမ်တွင်နေကာ ပျားရည်များကို ၀ယ်ယူလိုသူအား ရောင်းပါသည်။
တစ်နေ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးသည် မကျန်းမမာဖြစ်ကာ ဆေးအဖြစ် ပျားရည်အလိုရှိသည်ဖြစ်၍ ပစ္စေကဗုဒ္ဓါအရှင်မြတ် တစ်ပါးက မြို့ထဲသို့ ပျားရည်ဆွမ်းခံထွက်တော်မူခဲ့ပါသည်။ မြို့ထဲရောက်သောအခါ လမ်းတွင် အိုးထိန်းသည်ကျွန်မတစ်ယောက်ကို တွေ့၍ ပျားကုန်သည်များ မည်သည့်အရပ်တွင်ရှိသနည်း ဟု မေးကြည့်ရာ ကျွန်မက “ အရှင်ဘုရား……ဟော ဟိုနားအရပ်မှာ ပျားကုန်သည်တွေ ရှိပါတယ်ဘုရား…. ဟု အိုးထိန်းသည်ကျွန်မ၏ လမ်းညွန်ချက်ဖြင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် ပျားကုန်သည်ဖြစ်သည့် ကျွန်ပ်ထံသို့ ရောက်ကာ အိမ်၏အရှေ့တွင် ပျားရည်ဆွမ်းအတွက် ရပ်တော်မူနေပါသည်။
ထိုအခါ ကျွန်ပ်က နှစ်သက်ရွှင်လန်းသောစိတ်ရှိလှသည်ဖြစ်၍ ကျွန်ပ်ကပင်ဦးစွာ “ အရှင်ဘုရား…ဘာအလိုရှိပါလဲဘုရား” ဟုမေးလျှောက်သောအခါ ပျားရည်အလိုရှိကြောင်းကို သိရသည့်အတွက် ကျွန်ပ်ရောင်းချနေသော ပျားရည်များကို အရှင်မြတ်၏ သပိတ်ထဲသို့ လောင်းလှူလိုက်ပါသည်။ ထိုသို့လောင်းထည့်ရာတွင် ပျားရည်သည် သပိတ်၏ အထက်အနားရေးသို့ကျော်ကာ လျှံကျပြီး မြေကြီးအောက်သို့ပင် စီးကျကုန်တော့သည်။ ပြည့်ပြည့်၀၀ဟူသော အဓိပ္ပါယ်ဖြင့် အလျှံပယ်လှူဒါန်းခြင်းသည် သည်လိုမျိုးကို ဆိုလိုလိမ့်မည် ဟု ကျွန်ပ်တွေးထင်မိပါသည်။ ပြုလိုက်ရသည့်ကုသိုလ်အတွက် အားရကျေနပ် ရွှင်လန်းဝမ်းမြောက်စွာ “ဤသို့ပြုရသော ကောင်းမှုကုသိုလ် ကြောင့် ဇမ္ဗူဒီပါကျွန်း၌ မင်းဧကရာဇ် ဖြစ်ရပါလို၏။ အာဏာသည်လည်း ကောင်းကင်၌ တစ်ယူဇနာ၊မြေကြီး၌ တစ်ယူဇနာ ပြန့်နှံ့ပါစေသတည်း” ဟု ဆုတောင်းရာ အရှင်မြတ်ပစ္စေကဗုဒ္ဓါက “ အသင် တောင်းတဲ့ဆုအတိုင်း ပြည့်စုံစေသတည်း” ဟု မိန့်တော်မူပြီးလျှင် ဂန္ဓာမာဒနတောင်သို့ ကြွကာ မမာမကျန်းဖြစ်နေသော ပစ္စေကဗုဒ္ဓါအား ဆေးအဖြစ် ပေးလေသည်။ (ဆက်ရန်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More