အဇာတသတ်မင်း “ အရှင်ဘုရား…..ဓါတ်တော်ထားရာကို ပြုလုပ်တာတော့ ဟုတ်ပါပြီ၊ ရှစ်ပြည်ထောင်မင်းများ ပင့်ဆောင်သွားသော ဓါတ်တော်များကို ဘယ်လို ပြန်ပင့်ဆောင်ရပါ့မလဲဘုရား” ဟုလျှောက်သောအခါ ……
မထေရ်က “ ဓါတ်တော်များ ပင့်ဆောင်ရန် အပိုင်းကိုတော့ ငါတာဝန်ယူပါ့မယ်”
အဇာတသတ် “ ဒီလိုဆို အရှင်မြတ်ဘုရားက ဓါတ်တော်ကို ပင့်ဆောင်တော်မူပါဘုရား၊ တပည့်တော်က ဓါတ်ထားမည့် နေရာကို လုံခြုံစိတ်ချရအောင် ပြုလုပ်စီမံပါမည်ဘုရား” ဟု မထေရ်အားလျှောက်ထားပါသည်။ သို့နှင့်..အရှင်မဟာကဿပအရှင်မြတ်သည် ဓါတ်တော်များကို ပင့်ဆောင်ရန် ရှေးဦးစွာ ဆင်ခြင်ကြည့်သောအခါ ရာမရွာတွင်ရှိသော ဓါတ်တော်များမှာ နဂါးစောင့်သည်ဖြစ်၍ မည်သည့် အန္တရာယ်မှ မဖြစ်နိုင်ပေ။ နောင်သောအခါတွင် သီဟိုဠ်ကျွန်း မဟာစေတီတည်ရာ၌ ဌာပနာလိမ့်မည်ကို ကြိုတင်သိမြင်တော်မူသောကြောင့် ထို ရာမရွာမှ ဓါတ်တော်များကို မပင့်ဆောင်ခဲ့တော့ချေ။ ရာမရွာမှတစ်ပါး ကျန်သည့် ခုနှစ်မြို့တို့မှ အသီးသီးသော မင်းတို့အား ပူဇော်နိုင်ရုံ ဓါတ်တော်အနည်းငယ်စီသာ ထားခဲ့ပြီး ခုနှစ်မြို့မှာ ဓါတ်တော်များကို ပင့်ဆောင်တော်မူခဲ့ပါတော့သည်။
အရှင်မဟာကဿပသည် ရာဇဂြိုလ်ပြည်၏ အရှေ့တောင်ထောင့်အရပ်တွင် “ ဒီအရပ်မှာရှိတဲ့ ကျောက်ဖျာကြီးလည်း မရှိပါစေနဲ့၊ မြေကောင်းမြေသန့်ဖြစ်ပါစေ၊ ပြီးလျှင် သည်အရပ်မှာ ရေတွေလည်းမထွက်ပါစေနဲ့” ဟု အဓိဋ္ဌာန်တော်မူခဲ့ပါသည်။ ထိုအချိန်တွင် အဇာတသတ် မင်းကလည်း အရှင်မဟာကဿပ အဓိဋ္ဌာန်တော်မူသည့် ဓါတ်တော်ထားမည့်မြေနေရာကို တူးဖေါ်စေပါသည်။ တူးဖေါ်ရာမှ ထွက်ရှိလာသော မြေများကို အုတ်ဖုတ်စေပြီး ထိုအုတ်ဖြင့် ရှစ်ဆယ်သော မဟာသ၀ကတို့၏ စေတီများကို တည်စေခဲ့ပါသည်။
ထိုသို့ပြုနေသည့်အခြင်းအရာကို မြင်ကြကုန်သော လူတို့သည် “ သည်နေရာမှာ မင်းကြီး ဘာများလုပ်မလို့ပါ့လိမ့်” ဟု လူများ မေးမြန်းစုံစမ်းလာကြသောအခါ ဓါတ်တော်ထားမည့် အကြောင်းကို လုံးဝမသိစေဘဲ မဟာသ၀ကများ၏ စေတီတည်ရန် စီမံနေကြပါသည် ဟုသတင်းလွင့်ထားခဲ့ပါသည်။(ဓါတ်တော်များလုံခြုံစေရန်အတွက် အမှန်အတိုင်းမပြောခြင်းဖြစ်သည်ကို သတိပြု)။ ဤနေရာတွင် ဓါတ်တော်ထားမည်ဟု အဇာသတ်မင်းနှင့်အရှင်မဟာကဿပမထေရ်မှတစ်ပါး မည်သူမျှ မသိကြချေ။
သို့နှင့် အပေါ်ယံမြေကြီးမှ အတောင်ရှစ်ဆယ်(ပေ-၁၂၀-ခန့်)တွင် အောက်အခင်းကို ကြေးအခင်းကြီးကို ခင်းစေ၍ ထိုကြေးအခင်းကြီးအပေါ်၌ ထူပါရုံစေတီအိမ်ပမာဏ်ရှိသော ကြေးနီ တိုက်အိမ်ကြီးကို ပြုလုပ်စေပါသည်။ ပြီးလျှင် အဆင့်ဆင့် ငုံနိုင်လောက် သော စန္ဒကူးရွှေကြုတ်(၈)လုံး၊ စန္ဒကူးရွှေစေတီ(၈)ဆူတို့ကို အသင့်စီမံ ပြုလုပ်စေပါသည်။ ပြီးလျှင် မြတ်စွာဘုရား၏ သရီရဓာတ်တော်များကို ရှေးဦးစွာ စန္ဒကူးဝါကြုတ်၌ ထည့်ပြီးလျှင် ထိုကြုတ်ကိုလည်း အခြားစန္ဒကူးရွှေကြုတ်တွင် ထည့်စေပါသည်။ ထိုစန္ဒကူးရွှေကြုတ်ကို စန္ဒကူးရွှေစေတီ ရှစ်ဆူတို့တွင် ထည့်သွင်းစေပါသည်။
ဌာပနာခဲ့ပါတယ်။
ထိုစန္ဒကူး စေတီရှစ်ဆူကို စန္ဒကူးအနီ ကြုတ်ရှစ်လုံးတို့တွင် ရှေးနည်းတူ အဆင့်ဆင့် ထည့်စေပြီးလျှင် စန္ဒကူးနီကြုတ် ရှစ်လုံးကို စန္ဒကူးနီစေတီ ရှစ်ဆူတို့တွင် ထည့်သွင်းစေပါသည်။
တဖန် စန္ဒကူးနီစေတီရှစ်ဆူတို့ကို ဆင်စွယ်ကြုတ်ရှစ်လုံးတို့တွင် အဆင့်ဆင့်ထည့်စေပြီးလျှင် ထိုဆင်စွယ်ကြုတ် ရှစ်လုံးကို ဆင်စွယ်စေတီရှစ် ဆူ တို့တွင် ထည့်သွင်းစေပါသည်။
-ဆင်စွယ်စေတီ ရှစ်ဆူတို့ကို ရတနာခုနှစ်ပါး စီခြယ်ထားသော ကြုတ် ရှစ်လုံးတို့တွင် အဆင့်ဆင့်ထည့်စေပြီးလျှင် ထိုကြုတ် ရှစ်လုံးတို့ကို ရတနာခုနှစ်ပါးစီခြယ်ထားသော စေတီ ရှစ်ဆူတို့တွင် ထည့်သွင်းစေပါသည်။
-ရတနာခုနှစ်ပါးစီခြယ်ထားသော စေတီရှစ်ဆူတို့ကို ရွှေကြုတ် ရှစ်လုံးတို့၌ အဆင့်ဆင့်ထည့်စေ၍ ထိုကြုတ်ရှစ်လုံး တို့ကို ရွှေစေတီ ရှစ်ဆူတို့ တွင် ထည့်သွင်းစေပါသည်။
-ထိုရွှေစေတီ ရှစ်ဆူတို့ကို ငွေကြုတ် ရှစ်လုံးတို့၌် အဆင့်ဆင့်ထည့်စေပြီး၍ ထိုကြုတ် ရှစ်လုံးတို့ကို ငွေစေတီ ရှစ်ဆူတို့တွင် ထည့်သွင်းစေပါ သည်။
-ထိုငွေစေတီ ရှစ်ဆူတို့ကို မြကြုတ် ရှစ်လုံးတို့၌ အဆင့်ဆင့်ထည့်စေပြီး၍ ထိုမြကြုတ် ရှစ်လုံးတို့ကို မြစေတီ ရှစ်ဆူတို့တွင် ထည့်သွင်းစေပါ သည်။
- ထိုမြစေတီ ရှစ်ဆူတို့ကို ပတ္တမြားနီကြုတ် ရှစ်လုံးတို့၌ အဆင့်ဆင့်ထည့်သွင်းစေပြီး၍ ထိုပတ္တမြားနီကြုတ် ရှစ်လုံးတို့ကို ပတ္တမြားနီစေတီ ရှစ် ဆူတို့တွင် ထည့်သွင်းစေပါသည်။
- ထိုပတ္တမြားနီစေတီ ရှစ်ဆူတို့ကို မသာရဂလ်ကျောက်(ပတ္တမြားပြောက်)ကြုတ် ရှစ်လုံးတို့၌ အဆင့်ဆင့်ထည့်စေပြီး၍ ထိုပတ္တမြားပြောက် ကြုတ် ရှစ်လုံးတို့ကို ပတ္တမြားပြောက်စေတီ ရှစ်ဆူတို့တွင် ထည့်သွင်စေပါသည်။
- ထိုပတ္တမြားပြောက်စေတီ ရှစ်ဆူတို့ကို ဖလ်ကြုတ် ရှစ်လုံးတို့၌ အဆင့်ဆင့်ထည့်သွင်းစေပြီး၍ ထိုဖလ်ကြုတ်ရှစ်လုံးတို့ကို ဖလ်စေတီ ရှစ်ဆူတို့ တွင် ထည့်သွင်းစေပါသည်။
-
ထိုကဲ့သို့ အားလုံးတို့၏ အထက်ဆုံးဖြစ်သောနေရာ၌ အပြင်အကျဆုံး ဖလ်စေတီသည် သီဟိုဠ်ကျွန်း ထူပါရုံရာမစေတီပမာဏ ရှိ၏
ထိုဖန်စေတီ၏အထက်တွင် ရတနာကျောင်းဆောက်စေသည်။ ထိုရတနာကျောင်း၏အထက်တွင် ရွှေကျောင်းကြီးကို ဆောက်စေသည်။ ရွှေကျောင်း၏ အထက်တွင် ငွေကျောင်းကို ဆောက်လုပ်စေသည်။ ငွေကျောင်း၏ အထက်တွင် ကြေးနီကျောင်း။ ထိုကြေးနီကျောင်းတွင် ရတနာသဲကို ကြဲလျက် ကြည်းပန်း၊ ရေပန်း၊များစွာတို့ကို ဖရိုဖရဲ ဖြန့်ကြဲကာ ငါးရာငါးဆယ်ဇာတ်တော်၊ ရှစ်ဆယ်သော မဟာထေရ်၊ သုဒ္ဓေါဒနမင်းကြီး၊ မဟာမာယာဒေ၀ီမိဖုရား၊ဖွားဖက်တော် ခုနှစ်ယောက် ပုသဏ္ဍာန်အားလုံးကို ရွှေချည်းသက်သက်ဖြင့် သွန်းလုပ်စေ၍ ရွှေတံခွန်ငါးရာ၊ ငွေတံခွန်ငါးရာတို့ကို ဆောက်စေသည်။ ရွှေဆီမီးခွက်ငါးရာ၊ ငွေဆီမီးခွက်ငါးရာတို့ကို လုပ်စေ၍ နံ့သာဆီများထည့်ကာ ဘွဲ့ဖြူချည် မီးစာတို့ကို ညှိထွန်းထားလေသည်။
ထိုအခါ အရှင်မဟာကဿပမထေရ်က ထိုဓါတ်တော်တိုက်တွင် “ပူဇော်ထားသော ပန်းများ မည်သည့်အခါမျှ မညိုးပါစေသတည်း။ ပူဇော်ထားသော နံ့သာဆီမီးများ မည်သည့်အခါမျှ မငြိမ်းစေသတည်း” ဟု အဓိဋ္ဌာန်တော်မူခဲ့ပါသည်။ ထိုအချိန်မှစ၍ နှစ်ပေါင်း နှစ်ရာကျော်တိုင်အောင် ပန်များလည်း မညိုးခြောက်သည့်အပြင် ထွန်းထားသည့် နံ့သာဆီမီးများလည်း မငြိမ်းဘဲ ရှိနေလေတော့သည်။
ထိုကဲ့သို့ တာရှည်ခံသည့် ဆီမီးနှင့် ပန်းများသည် ယခုခေတ်တွင် မြင်တွေ့ရန် ခက်ခဲလှသည်။ အစွမ်းထက်သည့် သိပ္ပံပညာရှင် ပင်ဖြစ်သော်လည်း ထိုကဲ့သို့ ဖန်တီးနိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ဤကား အရှင်မဟာကဿပမထေရ်၏ တန်ခိုးအာနုဘော်ကြောင့် နှစ်ပေါင်းရာချီ၍ ပကတိပင်ကိုယ်အတိုင်းရှိခဲ့ပေသည်။
ရွှေပေလွှာတွင်လည်း “ နောင်သောအခါ ပိယဒါသ အမည်ရှိသော မင်းသားသည် အသောကမင်းတရားဖြစ်လိမ့်မည်။ ထိုအသောကမင်းတရားသည် ဤဓါတ်တော်ကို ပျံ့နှံ့စေလိမ့်မည်” ဟူ၍ စာရေးထားခဲ့ပါသည်။
ဤသို့ဖြင့် အဇာတသတ်မင်းသည် မိမိကိုယ်၌ ဆင်မြန်းထားသည့် တန်ဆာများကို ဤဓါတ်တော်တိုက်၌ ပူဇော်ခဲ့ကာ အတွင်းကစ၍ တံခါးကို ပိတ်ကာ ထွက်ခဲ့သည်။ ထိုမှတဆင့် ကြေးနီကျောင်းကို ပိတ်ပြီး ထိုတံခါး၏ မင်းတုပ်နေရာတွင် ကြီးမားသော ပတ္တမြားတုံးကြီးကို ဖွဲ့ချည်ထားခဲ့ပြီး “ နောင်တွင် မင်းဆင်းရဲသည် သည်ပတ္တမြားကြီးကို ယူ၍ ဓါတ်တော်တို့အား ပူဇော်စေသတည်း” ဟု စာရေးထားခဲ့သည်။
ထိုအချိန်တွင် သိကြားမင်းသည် ၀ိသကြုံနတ်သားကို ခေါ်ကာ အဇာတသတ်မင်း ဓါတ်တော်ထားရာ၌ လုံခြုံမှုအပြည့်ရှိစေရန် အစောင့်အရှောက်ထားပေးပါ ဟု စေလိုက်သည်။ ၀ိသကြုံနတ်သားလည်း သိကြားမင်းစေခိုင်းသည့်အတိုင်း ဓါတ်တော်ထားရာ နေရာ၌ သစ်သားရုပ်တို့ကို သန်လျက်စွဲကိုင်ဟန်ပြုပြီး လေကဲ့သို့ လျင်မြန်စွာ ပတ်ချည်လှည့်နေသော ယန္တရားကြီးကို တပ်ဆင်ခဲ့သည်သာမက ကြောက်စရာအသွင်ဆောင်သော သားရဲရုပ်များလည်း တတ်ဆင်ခဲ့ပါသည်။ ထိုမှတဆင့် အဇာတသတ်မင်းသည် ထိုဓါတ်တော်တိုက်အထက်မှ ကြီးမားသော ကျောက်ဖျာချပ်ကြီးဖြင့် ပိတ်၍ အထက်တွင် ကျောက်စေတီကို တည်ထားခဲ့သည်။ ထိုကဲ့သို့ စီမံချက်များကြောင့် ဓါတ်တော်ထားရာကို မည်သူမျှ မသိခဲ့ချေ။ ဤကား အရှင်မဟာကဿပမထေရ်နှင့်အဇာတသတ်မင်းတို့၏ ဓါတ်တော်တိုက် ထားခဲ့သည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါသည်။ (ထိုဆိုခဲ့သည့် အကြောင်းကို ရာဇ၀င်များ၌ ကွဲလွဲမှုများရှိသဖြင့် ဖြစ်နိုင်ချေရှိသည်များကို အနီးစပ်ဆုံးရေးသားထားသည့် မှန်နန်းမဟာရာဇ၀င်တော်ကြီးတွင် လာရှိသည့် အတိုင်း နည်းမီ၍ ပြန်လည်ဖေါ်ပြပေးလိုက်ပါသည်။)
သီရိဓမ္မာသောကမင်းကြီး ဓါတ်တော်များကို တူးဖေါ်ပင့်ဆောင်ခြင်း
ကျွန်ပ်သည် မသေချာမရေရာသော စုံစမ်းမှုတို့ဖြင့် ရာဇဂြိုလ်ပြည်တွင် ဓါတ်တော်ရှိမည်ထင်သည့်စေတီများကို ဖေါက်ထွင်းကာ ရှာခဲ့ ပါသော်လည်း ဓါတ်တော်များကို မမြင်တွေ့သောကြောင့် ယခင်အတိုင်းလက်ရာမပျက် စေတီများကို ပြန်လည်ပြုပြင်ပေးခဲ့ပါပြီး၊ ရဟန်း၊ ဘိက္ခုနီ၊ ဥပါသကာ၊ဥပါသိကာ ပရိသတ်လေးပါးကို ခေါ်ဆောင်ကာ ဝေသာလီပြည်သို့ ဓါတ်တော်ရှာပုံတော် ထွက်ခဲ့ပါသည်။ ထိုမှတဆင့် ကပိလ၀တ်ပြည်၊ ရာမရွာ၊အလ္လကပ္ပပြည်၊ ဝေဋ္ဌဒီပပြည်၊ပါဝါပြည်၊ကုသိနာရုံပြည် အမြို့မြို့အရွာရွာတွင်ရှိသည့် စေတီများကို ဖေါက်ကာ ရှာခဲ့ပါသော်လည်း ဓါတ်တော်များကို မရခဲ့ပေ။ ကျွန်ပ်မျှော်လင့်ချက်ကား ကြက်ဥအစရှာမရသကဲ့သို့ သဲလွန်စမျှ မရရှိခဲ့ပေ။ ကျွန်ပ်သည် ထိုထိုဖေါက်ခဲ့ပြီးသော စေတီတိုင်းကို ယခင်မူမပျက်အောင် ပြန်လည်ပြုပြင်စေခဲ့ပါသည်။ ကုသိုလ်ပြုရာတွင် အကုသိုလ်တော့ အဖြစ်မခံနိုင် ဟု ကျွန်ပ်တွေးမိသောကြောင့် ဖြစ်ပါသည်။
ထိုအခါ ကျွန်ပ်တို့သည် ရာဇဂြိုလ်ပြည်သို့ ပြန်လာခဲ့ကြပါသည်။ ဤတွင် ကျွန်ပ်သည် ပရိသတ်လေးပါးတို့ကို စည်းဝေးစေပြီး “ အရှင်မြတ်တို့ဘုရား…..ဓါတ်တော်ထားရာကို သိရှိသောသူ ရှိကြပါသလားဘုရား” ဟုမေးလျှောက်သောအခါ အသက်(၁၂၀)အရွယ်ရှိ မထေရ် ကြီးတစ်ပါးက “ မြတ်သောမင်းကြီး….ဓါတ်တော်ထားရာကိုတော့ မသိပါ၊ ဒါပေမယ့် ငါရဲ့အဘိုးဖြစ်သူ မထေရ်က ငါ ခုနှစ်နှစ်အရွယ်မှာ ပန်းများထည့်ထားသည့် တောင်းကိုယူစေပြီး ကျောက်စေတီကြီးရှိသည့်နေရာသို့ အတူတကွသွား ရောက်သောအခါ ထိုကျောက်စေတီကို ပန်းများဖြင့် ပူဇော်ခဲ့ပါသည်။ ထိုအခါ အဘိုဖြစ်သူမထေရ်က “ ကိုရင်….သည်နေရာဟာ မှတ်သားစရာကောင်းတဲ့ အရပ်ဖြစ်တယ်။” ဟု ကျွန်ပ် အား ပြောခဲ့ဖူးပါတယ်၊ မြတ်သောမင်းကြီး ငါသိတာ ဒီလောက်ပါပဲ” ဟု မထေရ်က ပြောပြသောခါ ကျွန်ပ် စုံစမ်းထားသည့်အကြောင်းအရာ များအနက် ကျောက်စေတီရှိသည့်အရပ်ဟု ပါရှိရာ တစ်ခါမျှ မဖြစ်ဖူး သော ပီတိသောမနဿများဖြင့် ကျွန်ပ်သည် ရွှင်လန်းတက်ကြွ လာပြီး “တန်တော့….ဒီနေရာဟာ ဧကန်မုချ ဓါတ်တော်တိုက်ထားရာ ဖြစ်ဖို့သေချာလောက်ပေတယ်” ဟုတွေးကာ မထေရ်ညွန်ပြသည့် အရပ်သို့သွားပြီး ထူထပ်နေသော တောချူံများကို သုတ်သင်ရှင်းလင်းစေခဲ့ပါသည်။
ထိုသို့ရှင်းလင်းသောအခါ ဦးစွာ ပေါ်ထွက်လာသည့် ကျောက်စေတီကို မြင်ရပါသည်။ ထိုမှတစ်ဆင့် ကျောက်စေတီ၏ မြေမှုန့်တို့ကို ဖယ်ရှားလိုက်သောအခါ အင်္ဂတေအုတ်(ကျောက်ဖျာ)ကို မြင်ရပါသည်။ ထိုအင်္ဂတေအုတ်(ကျောက်ဖျာ)ကို ပယ်ရှား၍ အတွင်းသို့ ဆင်းလိုက်သောအခါ ရတနာခုနှစ်ပါးဖြင့် ပြုလုပ်ထားသည့် သစ်သားရုပ်ကြီးသည် သံလျက်ကိုင်လျှက် ထိုသံလျက်ကြီးသည် လျှင်မြန်စွာ ချာချာလည်နေတာကို တွေ့မြင်ရပါသည်။ ထိုအခါ ထိုစက်ယန္တရားတပ်ဆက်ထားသည့် ထိုအရုပ်ကို ကျော်ဖြတ်ဖို့ရာ ခက်ခဲနေပါသည်။ ကျွန်ပ်သည်လည်း လူထဲကလူတစ်ယောက်ပင်ဖြစ်ရာ ကြံရာမရသည့်အဆုံး နတ်ဝင်သည်တို့ကို ခေါ်စေ၍ သူတို့၏ အကူအညီဖြင့် ပြုလုပ်စေသော်လည်း မည်သို့ မျှ အရာမထင်ခဲ့။ ထို့ကြောင့်ကျွန်ပ်သည် နောက်ဆုံးတွင် နတ်များကို တိုင်တည်ကာ “ ငါသည် ဒီဓါတ်တော်တို့ကို ရှစ်သောင်းလေးထောင် သော စေတီတို့မှာ ဌာပနာပြီး ပူဇော်မှာဖြစ်ပါတယ်။ ကျွန်ပ်အား နတ်တို့သည် အန္တရာယ်ကင်းအောင် စောင့်ရှောက်တော်မူပါ” ဟု နတ်များအား တိုင်တည်လိုက်ပါသည်။
ထိုအချိန်တွင် တာဝတိံသာမှ သူကြားမင်းသည် ထိုအကြောင်းကို သိမြင်သည့်အတွက် ၀ိသကြုံနတ်သားအား “ အမောင်ဝိသကြုံ ဓမ္မာသောကမင်းကြီးဟာ ဓါတ်တော်တို့ကို ပင့်ဆောင်ဖို့အတွက် ဓါတ်တော်တိုက်အတွင်းကို ဆင်းနေပြီ၊ အန္တရာယ်များကင်းရှင်းအောင် သင်သွားပြီး သစ်သားစက်ယန္တရားကို ဖယ်ရှားလိုက်ပါ” ဟုစေခိုင်းလိုက်သောအခါ. ၀ိသကြုံနတ်သားသည် သျှောင်ငါးခုထုံးထားသည့် လူငယ် အသွင်ဖြင့် ယောင်ဆောင်၍ လေးကို ကိုင်ကာ
“ အရှင်မင်းကြီး ကျွန်ပ် သစ်သားရုပ်ကို ဖယ်ရှင်းပေးပါ့မယ်” ဟုပြောသည်။ (ဆက်ရန်)
Sunday, November 23, 2008
သုံးရာစုထဲက ဘ၀ပုံရိပ် (၈)
Posted in: ဆောင်းပါး
0 comments:
Post a Comment