Friday, November 28, 2008

သုံးရာစုက ဘ၀ပုံရိပ် (၁၀)

သားတော်မဟိန္ဒမထေရ် ရဟန်းပြုသည်မှစ၍ ဆရာဥပဇ္ဈာယ်ထံတွင် သုတ်၊၀ိနည်း၊ အဘိဓမ္မာဆိုသည့် ပိဋကတ်သုံးပုံကို အဋ္ဌကထာ နှင့်တကွ (၃)နှစ်အတွင်း သင်ယူတတ်မြောက်ခဲ့ပါသည်။ထို့ကြောင့်လည်း မဟိန္ဒထေရ်သည် ဥပဇ္ဈာယ်ဆရာဖြစ်တော်မူသော အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်၏ တပည့် တစ်ထောင်ရှိသော ရဟန်းတို့၏ အကြီးအမှူး ဖြစ်ခဲ့ရပါသည်။ ထိုအချိန်က ကျွန်ပ်မင်းအဖြစ် အဘိသိက်ခံခဲ့သည်မှာ ကိုးနှစ်ရှိခဲ့ပေပြီ။

အသောက၏ မွေးစားသားနှစ်ယောက်အကြောင်း
ကျွန်ပ်တွင် မွေးစားသား(ကိတ္တိမသား)နှစ်ယောက်ရှိခဲ့ပါသည်။ သူတို့၏ အကြောင်းကား အလွန်စိတ်ဝင်စားဖွယ်ရာကောင်းပါသည်။ ရှေးအခါက ပါဋလိပုတ်ပြည်၌ မုဆိုးတစ်ယောက်ရှိခဲ့ဖူးပါသည်။ တစ်နေ့သ၌ တောထဲတွင် ကိန္နရာမတစ်ဦးနှင့် ပေါင်းဖေါ်မိကြရာမှ သားနှစ်ယောက် ဖွားမြင်ခဲ့ပါသည်။ အစ်ကိုကြီး၏အမည်မှာ ကောန္တပုတ္တတိဿ ဖြစ်ပြီး၊ ညီငယ်၏အမည်မှာ သုမိတ္တ ဖြစ်ပါသည်။
ထိုကလေးနှစ်ယောက်ကို ကျွန်ပ် မွေးမြူစောင့်ရှောက်ခဲ့ရာမှ အရွယ်ရောက်သောအခါ မဟာဝရုဏ မထေရ်ထံတွင် ရဟန်းပြုပါသည်။ ထိုနှစ်ပါးရဟန်းနှစ်ပါးလုံးပင် အဘိညာဉ်ခြောက်ပါးနှင့်တကွ ရဟန္တာ ဖြစ်တော်မူကြပါသည်။ တစ်နေ့တွင် အစ်ကိုကြီး ကောန္တပုတ္တတိဿထေရ်သည် လေနာရောဂါ အနှိပ်စက်ခံနေရပါသည်။ ထိုအကြောင်းကို ညီဖြစ်သူ သုမိတ္တထေရ် သိမြင်သောအခါ နောင်တော်ထေရ်အား “ အရှင်ဘုရား…..ဒီရောဂါအတွက် ဘာဆေးများ လိုအပ်ပါသလဲဘုရား” ဟုမေးသောအခါ နောင်တော်ထေရ်က “ ငါ့ရှင်..ထောပတ်နည်းနည်းရရင် အဆင်ပြေပါလိမ့်မယ်” ဟု ပြောပါသည်။
ထိုအခါ ထောပတ်အလှူခံထွက်ရန် ပြင်ဆင်နေသော ညီဖြစ်သူထေရ်အား အစ်ကိုဖြစ်သူထေရ်က “ ငါ့ရှင်…မင်းအိမ်ကို သွားပြီးတော့လည်း ဆေးပစ္စည်းကို အလှူမခံနှင့်၊ နေလွဲသောအခါမှာလည်း ထောပတ်ကို အလှူမခံပါနဲ့၊ ဆွမ်းခံချိန်၌ ဆွမ်းခံ၍ ထောပတ်ရလာမယ်ဆိုရင်တော့ အဲဒီထောပတ်ကို တပည့်တော်ဆီ ယူခဲ့ပါ” ဟု နောင်တော်ထေရ်ပြောသည့်အတိုင်း ဆွမ်းခံချိန်မှ ဆွမ်းခံဝတ်ဖြင့် သွားရသည်ဖြစ်၍ ထောပတ် နည်းနည်းလေးမှ မရရှိခဲ့ပေ။ ထောပတ်မရသောအခါ လေနာရောဂါက ပို၍ ပြင်းထန်စွာ နှိပ်စက်ခံ ခဲ့ရပါသည်။ သို့နှင့်သာသနာတော်(၂၂၆)ခုနှစ်တွင် ကောန္တပုတ္တတိဿထေရ်သည် ကောင်းကင်၌ ထက်ဝယ်ဖွဲ့နေတော်မူ၍ ပရိနိဗ္ဗာန်စံခဲ့ရလေသည်။ (သီလတရားကို အသက်သေချင်သေပါစေ ၊ သီလအပျက်မခံခဲ့သည်မှာ သူတောင်ကောင်းကြီးများ၏ အတုယူစံပြုထိုက်စရာ ဓလေ့ထုံးစံပင်မဟုတ်ပါလား)။
ထောပတ်စသော ကန်လေးကန်နှင့်နေ့စဉ်အသပြာငါးသိန်းလှူဒါန်ခြင်း
ကျွန်ပ်သည် ကောန္တပုတ္တတိဿထေရ် ပရိနိဗ္ဗာန်စံတော်မူသည်ကို ကြားသိရသောအခါ ထိုထေရ်၏ ဓါတ်တော်များကို ပူဇော်၍ ပြီးဆုံးသောအခါမှ ပရိနိဗ္ဗာန်စံတော်မူခဲ့သည့် အခြေအနေအရပ်ရပ်ကို သုံးသပ်မိလျှက် “ ငါကဲ့သို့သော မင်းဧကရာဇ်တစ်ပါး ရှိပါလျှက်နဲ့ ထောပတ်မရသည့်အတွက် ပရိနိဗ္ဗာန်ပြုရတယ်” ဟု တွေးပြီး စိတ်မကောင်းဖြစ်ရသူက ကျွန်ပ်အသောက ရယ်ပါ။ ဒါပေမယ့် ဖြစ်ခဲ့ပြီးသည့် အကြောင်းအရာများကို အကြိမ်ကြိမ် ပြန်တွေးပြီး စိတ်မကောင်းရုံမှတစ်ပါး မည်သို့မျှ မတတ်နိုင်ချေ။ နောင်ဒီလို အဖြစ်မျိုး မဖြစ်ရအောင်သာ စီံမံရပေတော့မည်။
ထို့ကြောင့် နောင်တွင် ထိုကဲ့သို့ အဖြစ်မျိုး မဖြစ်စေရန် ကျွန်ပ်သည် ချက်ခြင်းပင် တာဝန်ရှိသူအရာရှိများအား ခေါ်ကာ ပါဋလိပုတ်မြို့၏ တံခါးလေးမျက်နှာတို့တွင် ရေကန်ကြီးလေးကန်ကို တူးဖေါ်စေပါသည်။ ပထမကန်ကို ထောပတ်၊ ဒုတိယကန်ကို ပျား၊ တတိယကန်ကို တင်လဲ၊ စတုတ္ထကန်ကို သကာတို့ကို ကန်လေးကန်၌ ထည့်စေ၍ ရဟန်းသံဃာတော်တို့အား ဆေးအဖြစ် နေ့တိုင်းလှူလေတော့သည်။ ထိုစဉ်က ပါဋလိပုတ်ပြည်၏ တံခါးလေးခုတွင် အခွန်လေးသိန်း၊ တရားဆုံးဖြတ်ရာသဘင်၌ တစ်သိန်း၊ ဤသို့ဖြင့် တိုင်းပြည်မှရသည့် အခွန်မှတစ်ပါး ကျွန်ပ်သည် တစ်နေ့လျှင် အခွန်တော် ငါးသိန်းကို ရရှိခဲ့ပါသည်။
ကျွန်ပ်သည် နေ့စဉ်ရရှိသည့် ငါးသိန်းအနက် အမှောင်ပယ်ဖျောက် အလင်းရောက်အောင် လမ်းညွန်ပေးတော်မူခဲ့သည့်အပြင် မှန်ကန်သည့် ဗုဒ္ဓအယူဝါဒ လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးတော်မူခဲ့သော ကျွန်ပ်၏ ဆရာတစ်ဆူဖြစ်သည့် နိဂြောဓမထေရ်အား နေ့စဉ်တစ်သိန်းနှင့်ညီမျှသည့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့သည်။
ကျွန်ပ်သည် တစ်နေ့လျှင် သုံးကြိမ် အ၀တ်လဲပါသည်။ ထိုအ၀တ်လဲတိုင်း နိဂြောဓမထေရ်အားသင်္ကန်း ပို့စေပါသည်။ မထေရ်အား သင်္ကန်းတော်ပို့ပြီးပြီဆိုတော့မှ ကျွန်ပ်အ၀တ်လဲပါသည်။ သို့ဖြင့်၍ နိဂြောဓမထေရ်သည် ဘုရင်းမြတ်၏ သဒ္ဓါတရားကို ငှဲ့ကာ တစ်နေ့လျှင် သင်္ကန်းသုံးကြိမ်လဲတော်မူပါသည်။ ကျွန်ပ်သည် သင်္ကန်းတော်နှင့် နံ့သာ၊ပန်းစသည်များကို နံနက်စောစောတစ်ကြိမ်၊နေ့လည်တစ်ကြိမ်၊ညနေတစ်ကြိမ်အားဖြင့် တစ်နေ့လျှင် သုံးကြိမ် ဆင်ကျောက်ကုန်းပေါ်တင် ၍ ပို့စေပါသည်။ နိဂြောဓမထေရ်ကလည်း သင်္ကန်းတော်များကို တခြားမှ ရောက်ရှိလာသော ရဟန်းသံဃာတော်များအား ဝေငှ လှူဒါန်းခဲ့ သည်ချည်းပင်။ ထို့ကြောင့် ဇမ္ဗူဒီပါကျွန်းတွင် သီတင်းသုံးတော်မူကြသော ရဟန်းသံဃာတော်များထံတွင် နိဂြောဓမထေရ်၏ သင်္ကန်းသာများပါသည်။ ဤသို့ဖြင့် ကျွန်ပ်သည် နိဂြောဓမထေရ်အား နေ့စဉ်တစ်နေ့လျှင် တစ်သိန်း လှူဒါန်းခဲ့ပါသည်။
ထို့အပြင် ကျွန်ပ်သည် မြတ်စွာဘုရားသခင်အား ရည်ရွယ်၍ စေတီတော်၌ ပန်းနံ့သာစသည့် တစ်သိန်းဖိုး နေ့စဉ်လှူဒါန်းပါသည်။
ဓမ္မရတနာအား ရည်ရွယ်၍ တရားတော်ကို ဆောင်ရွက်တော်မူကြသည့် ရဟန်းသံဃာတော်များအား ပစ္စည်းလေးပါးအတွင် တစ်သိန်းလှူဒါန်း ခဲ့ပါသည်။ သံဃာရတနာအားရည်ရွယ်၍ သံဃာတော်အရှင်မြတ်များအား တစ်သိန်းတန်သည့် ပစ္စည်းလေးပါးကို လှူဒါန်းပါသည်။ ထိုမှတစ်ပါး ကျန်တစ်သိန်းကို တံခါးလေးမျက်နှာတွင် (ထောပတ်၊တင်လဲ၊ပျား၊သကာ)စသည့်ဆေးပစ္စည်းအတွက် နေ့စဉ်တစ်သိန်းကျ လှူဒါန်းခဲ့ပါသည်။ ဤသို့ဖြင့် ကျွန်ပ်သည် တစ်နေ့လျှင် ငါးသိန်းကျဖြင့် သာသနာတော်အား ချီးမြှောက်ထောက်ပံ့ လှူဒါန်းခဲ့ပါသည်။
သာသနာ့အတွင်း ရဟန်းတုယောင်များ
နိဂြောဓသာမဏေ၏ တုနှိုင်းမရသော ကျေးဇူးတော်ကြောင့် ကျွန်ပ်သည် သာသနာတော်ကြီးကို ကြည်ညိုလှသောကြောင့် ရဟန်း သာမဏေများအား ဆွမ်း၊သင်္ကန်း၊ကျောင်း၊ ဆေး ပစ္စည်းလေး လိုလေသေးမရှိရလေအောင် နေ့စဉ်မပြတ် လှူဒါန်းလာခဲ့သောကြောင့် သာသ နာတော်ကြီး စည်ပင်နေချိန်ဝယ် ကျွန်ပ် ဖခမည်းတော်ကြီး ရှိစဉ်က ကိုးကွယ်ခဲ့သည့် တိတ္ထိတို့အား ကြည်ညိုသူ မရှိသလောက်ဖြစ်ခဲ့သည်။
ထိုကဲ့သို့ လာဘ်လာဘရှားပါးလာသောအခါ လာဘ်လာဘပေါများရန်အတွက် သာသနာတော်အတွင်း သင်္ကန်းဝတ်ပြီး ၀င်ရောက်လာခဲ့ကြပါသည်။ ထိုသို့ ၀င်ရောက်ခဲ့ရုံမျှ ဖြင့် မပြီးသေးချေ။ သူတို့၏ တိတ္ထိအယူဝါဒကို လူတို့အား “ ဒကာတို့…..ဒါက သုတ်၊ ဒါက ၀ိနည်း၊ဒါက အဘိဓမ္မာဖြစ်တယ်၊ အဲဒါတွေဟာ ဘုရားဟောခဲ့တာတွေပါ” ဟု သူတို့၏ မမှန်ကန်သည့် အယူဝါဒကို လူအများ ထင်ယောင်ထင်မှား ဖြစ်အောင် လှည့်ပတ်ကြကုန်၏။ ထိုသို့ လှည့်ပတ်ခါ အဆန်းထွင်ပြောမှ လာဘ်လာဘ ပေါများလာမည်ကိုး………..။
တိတ္ထိတို့သည် ရဟန်းမဟုတ်ဘဲ ရဟန်းယောင်ဆောင်ကာ ၀င်ရောက်လာသည်က များလှသည်။ ထို တိတ္ထိတို့ တဖြစ်လဲ ရဟန်းအတုများသည် သံဃာတော်များ၏ ကျောင်း၌ ဥပုသ်ပ၀ါရဏာ၊သံဃကံ၊ဂဏကံ ပြုလုပ်ကြရာသို့ ရဟန်းကောင်းတို့နှင့်အတူ သိမ်အတွင်းသို့ ၀င်ခဲ့ကြပါသည်။ ထိုအခါ ရဟန်းကောင်းတို့သည် ထိုရဟန်းအတုများနှင့် ဥပုသ် မပြုကြတော့ပေ။ ထို အဓိကရုဏ်းသည် တဖြေးဖြေးကြီးထွားလာခဲ့ပါသည်။ ထိုအဓိကရုဏ်းသည် မကြာမှီ အလွန်ကြီးကျယ်သော အဓိကရုဏ်းဖြစ်လာတော့မည်ကို ကြိုတင်သိတော်မူ သော အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်သည် သံဃာဂိုဏ်းကြီးကို အရှင်မဟိန္ဒမထေရ်အား လွဲအပ်ခဲ့ကာ အဟောဂင်္ဂါတောင်သို့ ကြွတော်မူကာ သီတင်းသုံးတော်မူနေလေတော့သည်။
ထိုအခါ တိတ္ထိတဖြစ်လဲ ရဟန်းအတုများ ကျင့်သုံးနေကြသော မမှန်ကန်သည့်အယူဝါဒများကို စွန့်လွတ်ကြရန်အတွက် သံဃဂိုဏ်း ကြီးက စောဒနာခြင်း၊ ဥတ်ကမ္မ၀ါဖြင့် ဖြေရှင်းခြင်းစသည့် သံဃအာဏာစစ်ဖြင့် ဖြေရှင်းနှိမ်နှင်းတော် မူခဲ့ကြပါသည်။သံဃကံဖြင့် နှိမ်နှင်းကြပါကုန်သော်လည်း သူတို့အယူကို မစွန့်လွတ်ကြသည့်အပြင် သူတို့အယူမှန်ကန်ကြောင်းကို ထပ်လောင်း၍ လူတို့အား ဟောပြောပြသကြကုန်၏။ အချို့ရဟန်းအတုများက မီးကို ပူဇော်ကြသည်။ အချို့က မီးပုံအလယ်တွင် နေလျှက် နေပူခံကြသည်။ အချို့က နေ ထွက်သည်မှ နေ၀င်သည်အထိ နေကို မပြတ်ကြည့်နေကြသည်။ အချို့သူတို့က သုတ်၊၀ိနည်း၊ အဘိဓမ္မာ ပိဋကတ်သုံးပုံကို ဖျက်ဆီးပစ်ရန် ကြံစည်နေကြပါသည်။
ထိုအခါမှစ၍ ရဟန်းကောင်းတို့သည် ထိုရဟန်းအတုအယောင်များနှင့်အတူ ဥပုသ်မပြုတော့ပေ။ ထိုစဉ်က အသောကာရာမ ကျောင်းတိုက်ကြီးတွင် ခုနှစ်နှစ်တိုင်အောင် ဥပုသ်ပြုခြင်း မရှိတော့ပေ။
ကောင်းစေချင်သော်လည်း အဖြစ်ဆိုးနှင့်ကြုံရ
တစ်နေ့သ၌ ကျွန်ပ်သည် သံဃာတော်များ ဥပုသ်မပြုသည့်အကြောင်းကို ကြားလိုက်သည်၊ မည်သည့်အတွက်ကြောင့် ဥပုသ်မပြုကြသနည်း ဆိုသည်ကိုကား သေချာစွာ မသိပေ။ ထို့ကြောင့် သံဃာတော်များ ချမ်းသာစွာ နေနိုင်ကြရန်အတွက် စေတနာဖြင့် အမတ်တစ်ဦးကို ခေါ်ကာ ကျွန်ပ်က “အမတ်ကြီးများ ….သံဃာတော်များ အဓိကရုဏ်းဖြစ်နေသည်ဟု ငါကြားတယ်၊ အဲဒီအဓိကရိုဏ်းကို ငြိမ်းစေပြီး သံဃာတော်များအား ဥပုသ်ပြုနိုင်ရန် စီစဉ်လော့” ဟု အမိန့်တော်ချသောအခါ ထိုအမတ်က ထိုသို့ငြိမ်းစေရန် မည်သို့ပြုလုပ်ရမည်ကို ပြန်လည် မလျှောက်ထားဝံ့သဖြင့် တစ်ခြားအမတ်တစ်ဦးကို တိုင်ပင်ပါတော့သည်။
“အမတ်ကြီး… ကျွန်ပ်ကို အရှင်မင်းကြီးက သံဃာတော်များအား အဓိကရုဏ်းကို ငြိမ်းစေပြီး ဥပုသ်ပြုဖို့ရာ စေခိုင်းလိုက်တယ်၊ ကျွန်ပ်ဘယ်လို လုပ်ရမှာလဲ အကြံပေးစမ်းပါဦး” ဟု တခြားအမတ်ကြီးတစ်ဦးအား အကြံအဥာဏ် တောင်းခဲ့ပါသည်။
တခြားအမတ်ကြီးက… “ ယခင်တုန်းက တိုင်းစွန်ပြည်ဖျားတွေမှာ သူပုန်ရန်ကို အေးငြိမ်းအောင်လုပ်တဲ့နေရာမှာ ဒီသူပုန်တွေကို သတ်ရတာပဲ။ ဒီမှာလည်း ဒီလိုပဲ ရဟန်းသံဃာတွေကို မင်းကြီးက သတ်စေချင်လို့ ခိုင်းတာဖြစ်မှာပဲ” ဟု အကြံပေးလိုက်ပါသည်။ ထိုအကြံပေး ချက်ကို မင်းကြီးစေခိုင်းလိုက်သည့် အမတ်က “ ဒါဖြစ်နိုင်လောက်တယ် ၊ ဟုတ်နိုင်လောက်တယ်၊ အကြံပေးအမတ်ပြောသကဲ့သို့ လုပ်ရမှာပဲ” ဟု ဆုံးဖြတ်ချက်ချကာ ရဟန်းသံဃာတော်များ နေထိုင်သီတင်းသုံးရာ အသောကာရာမကျောင်းသို့ သွားပါတော့သည်။ ရောက်သောအခါ ရဟန်းသံဃာတော်များကို စည်းဝေစေ၍ “ အရှင်တို့…အရှင်တို့အား ဥပုသ်ပြုကြရန် ကျွန်ပ်ကို မင်းကြီးက ခိုင်းလိုက်ပါတယ်၊ အရှင်တို့ ဥပုသ်ပြု ကြပါကုန်လော့” ဟု အမတ်ကပြော၏။ ထိုအခါ ရဟန်းသံဃာတော်များကလည်း” ငါတို့ ရဟန်းအတုများနှင့် ဥပုသ်မပြုလို” ဟုဆိုကာ ဥပုသ်မပြုဘဲ နေတော်မူကြကုန်၏။
ထိုအခါ အမတ်သည် ဆုံးဖြတ်ထားသည့်အတိုင်း ဥပုသ်မပြုကြကုန်သော ရဟန်းကောင်းတို့အား ၀ါကြီးမှ ၀ါငယ်သို့ အစဉ်အတိုင်း ဦးခေါင်းကို သံလျက်ဖြင့် ဖြတ်ကာ တစ်ပါးစီတစ်ပါးစီ သတ်လေတော့သည်။ ထိုအခြင်းအရာကို ညီတော် တိဿမထေရ်မြင် သောခါ “ရဟန်းသံဃာများကို သတ်ဖို့ရာ မင်းကြီးစေခိုင်းတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး၊ ငါ့ကိုတောင် မင်းကြီးဟာ သံဝေဂရစေဖို့အတွက် အားထုတ်ခဲ့သေးတာပဲ၊ ဒီလိုဖြစ်တာဟာ ဒီအမတ်ရဲ့ ချွတ်ယွင်းချက်သာ ဖြစ်လိမ့်မှာပါ” ဟုတွေးကာ သူ၏ တန်ခိုးဖြင့် အမတ်နှင့် နီးသော နေရာတွင် နေလိုက်သည်။ အမတ်သည် တိဿမထေရ်ကို မြင်သောအခါ “ တိဿမထေရ်ဟာ မင်းကြီးညီတော်ဖြစ်တယ်၊ ငါမသတ်ဝံ့ဘူး၊ မင်းကြီးကို ပြန်လျှောက်မှ တော်တော့မယ်” ဟုတွေးပြီး မင်းကြီးထံသွားကာ “ အရှင်မင်းကြီး..ယခုအခါ ဥပုသ်မပြုကုန်သော ရဟန်းသံဃာများ အား သတ်ခဲ့ပါတယ်၊ ယခုအခါ အရှင်မင်းကြီး၏ ညီတော် တိဿမထေရ်အလှည့်သို့ ကျရောက်နေပါပြီ၊ ဘယ်လိုစီရင်ရမှာလဲ အရှင်မင်းကြီး” ဟု အမတ်ကလျှောက်သည်။
ထိုစကားကြားခါစက “ ငါ နားကြားလွဲတာများလား..အင်း..နားကြားလွဲတာပဲ ဖြစ်ပါစေတော့..” ကျွန်ပ်သည် ကြားလိုက်မိသော စကားကို မယုံနိုင်သဖြင့် တဖန်ပြန်၍ ကျွန်ပ်က “ အမတ်ကြီး…ခုနက ပြောတာဘာတဲ့လဲ…ပြန်လျှောက်တင်စမ်း” ဟု ပြန်မေးသောအခါ အမတ်က ရှေးနည်းအတိုင်း ပြန်၍ သံတော်ဦးတင်လိုက်သည်။ ထိုအခါ ကျွန်ပ်စိတ်ထဲတွင် အံ့သြတုန်လှုပ်မှု ခြောက်ချားမှု နှလုံးမသာယာမှုများ သာ ကြီးစိုးနေပါတော့သည်။ သို့နှင့် ကျွန်ပ်သည် တုန်လှုပ်ခြောက်ချားစွာဖြင့် “ ဟယ်…..အမတ်ယုတ်၊ ဥပုသ်မပြုတဲ့ရဟန်းသံဃာများကို ငါ မခိုင်းစေပါဘဲ ဘာပြုလို့ သတ်ရတာလဲ” ဟု မေးရုံသာမေးနိုင်တော့သည်၊ မမျှော်လင့်သည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့လေပြီ။ ကျွန်ပ်မည်သို့ ပြုလုပ်ရပါတော့မည်နည်း၊ ပူပန်သည့်စိတ်နှလုံးကြောင့် ဆုံးဖြတ်ချက်မချနိုင်ဖြစ်နေရပါသည်။ (ဆက်ရန်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More