Tuesday, November 18, 2008

သိသမျှ တွေးဆအဖြေ(၁၃)

သမ္ဖပလာပ မြောက်/မမြောက်
အမေး။ ။တပည့်တော် သမပ္ဖလာပ၀ါစာကို သိမ်ဖျင်းယုတ်ညံ့သောစကား၊ တချို့နေရာမှာလဲ အဆံမပါသော စကားလို့ ဖတ်ရပါတယ်။ ဘာကို သိမ်ဖျင်းတယ် ပြောရမလဲ သိလိုပါတယ်ဘုရား။ ရာမ အီနောင် စတဲ့ ပုံဝတ္ထု ပြောခြင်းဟာ သမဖ္ဖလာပ၀ါစာ မြောက်တယ်ဆိုရင် တပည့်တော် တို့ စာရေးသူတွေ စာရေးတာရော သမ္ဖပ္ပလာပ၀ါစာ ဖြစ်ပါသလားဘုရား
တပည့်တော်တို့ ၀တ္ထုရေးရာမှာ စိတ်ကူးယဉ်ဇာတ်လမ်းများ လဲ ရေးကြပါတယ်။ ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ရေးတာ ရှိသလို စိတ်ကူးယဉ်သက်သက်ဆိုရင်လဲ တကယ့်အဖြစ်မှန်လို့လဲ မလိမ်ပါ။ ဒါပေမယ့် ဒါဟာ အဆံမပါသောစကား မြောက်ပါသလားဘုရား။

အဖြေ။ ။ အကျိုးမဲ့ ဒဏ္ဍာရီဝတ္ထုများကို ရေးသားတာဟာ ကာယဒွါရ၌လည်း အနည်းငယ်ဖြစ်၍ ‘ဗာဟုလ္လ ၀ုတ္တိတော’ ၀စီဒွါရ၌ များသောအားဖြင့် ဖြစ်တတ်သောကြောင့် စာပေရေးသားခြင်းဟာ ၀စီဒွါရတွင် အများဆုံးဖြစ်ပါတယ်။ ထို့ကြောင့် အကျိုးမဲ့စာပေရေးသားတာဟာ ‘သမ္ဖပလာပ၀ါစာ’ မည်ပါတယ်။ (အရှင်ဇနကာဘိဝံသရဲ့ သဂြိုလ်ဘာသာဋီကာ နှာ-၃၇၇ )
ဖြစ်ရပ်မှန်ဇာတ်လမ်းများကို အကျိုးရှိ၍ ရေးသားတာက ပြောစရာမရှိပါ။သို့သော် စိတ်ကူးယဉ်သက်သက်ဖြစ်တဲ့ ဒဏ္ဍာရီဇာတ်လမ်း ရေးသားမှုဟာ သမ္ဖပလာပ ဖြစ်/မဖြစ် ဖြေရမည်ဆိုပါက..
သမ္ဖပလာပ မြောက်တဲ့ အင်္ဂါ (၂)ပါးရှိပါတယ်။
(က) အကျိုးမဲ့စကားကို ရှေ့ရှု ပြောဆိုခြင်း။
(ခ) စိတ်ကူးယဉ်ရေးတာကို တစ်ပါးသူက အမှန်ဟု စွဲယူခြင်း တို့ဖြစ်ပါတယ်။
ရေးတဲ့စာက အကျိုးလည်း မရှိတဲ့အပြင် စိတ်ကူးယဉ်သက်သက်ရေးထားတာကို ဖြစ်ရပ်မှန်ပဲဟု စာဖတ်သူများက မှတ်ထင်နေလျှင် သမ္ဖပလာပ ဖြစ်ပါတယ်။ စိတ်ကူးယဉ် သက်သက်ကို တကယ့်ဖြစ်ရပ်မှန်လို့ မလိမ်သော်ငြားလည်း အကျိုးမရှိတဲ့စာဖြစ်ပါက သမ္ဖပလာပ အဆံမပါသောစကား မြောက်ပါတယ်။ အဓိကအကြောင်းအရင်းမှာ ရေးတဲ့စာက အကျိုးရှိတဲ့စာဖြစ်ဖို့ ပါ၊ ဒါဆိုရင် အဆံမဟုတ် အနှစ်ပါသောစကား ဖြစ်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။
ပါရမီဖြည့်ရာကာလ၊ ကျွတ်တမ်းဝင်နှင့် သင်္ချေယျ အရေအတွက်
အမေး။ ။(၁)ပညာဓိကာရ၊ သဒ္ဓါဓိကာရ ၊ ၀ီရိယဓိကာရ ဘုရားအမျိုးအစားသုံးမျိုးကို ရှင်းပြပေးပါဘုရား။
(၂)ဘာကြောင့် ပါရမီဖြည့်ကျင့်ရသည့်ကာလ ကွာခြားမှု ရှိရပါလဲ၊ တခြားမည်သည့်အချက်တွေမှာ ကွဲပြားခြားနားမှု ရှိသလဲ၊ ဖြေရှင်းပေးပါ ဘုရား။
(၃)ဘုရားတစ်ဆူနှင့်တစ်ဆူ သာသနာတွင် ကျွတ်လွတ်သည့် သတ္တ၀ါအရေအတွက် ကွာခြားသည်ဟုလည်း ကြားဖူးပါတယ်။မှန်မမှန် ဖြေရှင်းပေးတောမူပါဘုရား။
(၄)လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရာတွင် တစ်သင်္ချေတွင် ကမ္ဘာပေါင်းမည်မျှ ရှိပါသလဲ (သို့) တစ်သင်္ချေဆိုသည်မှာ မည်မျှ ကြာညောင်းပါသလဲဆိုသည်ကို ဖြေကြားပေးတော်မူပါဘုရား။

မင်းထက်ဝင်း
Moscow Power Engineering Institute (MPEI)
အဖြေ။ ။နံပါတ်(၁)အဖြေက သဒ္ဓါအားနည်းပြီး ပညာထက်မြက်တဲ့ပုဂ္ဂိုလ်ကို ပညာဓိက လို့ခေါ်ပါတယ်။ ပညာအလယ်အလတ်မျှသာရှိပြီး သဒ္ဓါအားကြီးတဲ့ ပုဂ္ဂိုလ်ကို သဒ္ဓါဓိက လို့ ခေါ်ပါတယ်။ သဒ္ဓါနှင့်ပညာအားနည်းပြီး ၀ီရိယအားကောင်းတဲ့ပုဂ္ဂိုလ်ကို ၀ီရိယာဓိက လိုခေါ်ပါတယ်။
နံပါတ်(၂)မေးခွန်းက ပါရမိဖြည့်ရာကာလကွာခြားခြင်းအကြောင်းကို မေးထားတာနဲ့ စပ်လျဉ်း၍ ပညာဓိကက ၄သင်္ချေနဲ့ကမ္ဘာတစ်သိန်း။ သဒ္ဓါဓိကက ၈ သင်္ချေနဲ့ကမ္ဘာတစ်သိန်း။ ၀ီရိယာဓိကက ၁၆ သင်္ချေနဲ့ကမ္ဘာတစ်သိန်း ဟု အသီးသီး ပါရမီဖြည့်ရာကာလ မတူညီပုံကို ရေးထားပါတယ်။ မတူညီကွဲပြားရခြင်းအကြောင်းက
သောတတ္တကီကျမ်း အ၀ိဒူရေနိဒါန်းမှာ….
(၁) ဥဂ္ဃါဋိတညူ ဘုရားလောင်း။
(၂) ၀ိပဉ္စိတညူ ဘုရားလောင်း။
(၃)နေယျဘုရား လောင်းရယ်လို့ (၃)မျိုးရှိပါတယ်။ ထိုသုံးမျိုးအနက်…….(၁)ဥဂ္ဃါဋိတညူ ဘုရားလောင်းဟာ ပညာဦးစီးတဲ့ ပညာဓိကဘုရားလောင်း ဖြစ်ပါတယ်။ (၂)၀ိပဉ္စိတညူဘုရားလောင်းဟာ သဒ္ဓါဦးစီးတဲ့ သဒ္ဓါဓိက ဘုရားလောင်း ဖြစ်ပါတယ်။ (၃)နေယျဘုရားလောင်းဟာ ၀ီရိယဦးစီးတဲ့ ၀ီရိယာဓိကဘုရားလောင်းဖြစ်ပါတယ်။
ပညာဓိကဘုရားလောင်းဟာ ဥဂ္ဃါဋိတညူမျိုးဖြစ်တဲ့အတွက် အလွန်ဥာဏ်ထက်မြက်တယ်။ ကိလေသာအပေါ်ဥာဏ်က လွန်နေပါတယ်။ ဒါကြောင့် ပါရမီဖြည့်တဲ့အခါ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းသာ ပါရမီဖြည့်ရပါတယ်။
သဒ္ဓါဓိကဘုရားလောင်းဟာ ၀ိပဉ္စိတညူမျိုး ဖြစ်တဲ့အတွက် ဥာဏ်နဲ့ကိလေသာ ညီမျှနေပါတယ်။ ဒါကြောင့် ရှစ်သင်္ချေနဲ့ ကမ္ဘာတစ် သိန်းသာပါရမီဖြည့်ရပါတယ်။
ဝီရိယာဓိကဘုရားလောင်းဟာ နေယျ ပုဂ္ဂိုလ်မျိုး ဖြစ်တဲ့အတွက် ဥာဏ်အားနည်းပြီးကိလေသာကများနေပါတယ်။ ဒါကြောင့် ၁၆သင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်မှ အထွတ်အထိပ်ကို ရောက်ပါတယ်။
အချူပ်ဆိုရသော် ဘုရားလောင်းတော်တို့ ပါရမီဖြည့်ရာ ကာလမတူညီသည်မှာ ဥာဏ်ပညာနှင့် ကိလေသာ နှစ်ခုအထူးကြောင့် ပါရမီဖြည့်တော်မူတဲ့နေရာမှာ ကွာခြားကြခြင်းဖြစ်ပါတယ်။
နံပါတ်(၃)အမေးတွင် ဘုရားတစ်ဆူနှင့်တစ်ဆူ ကျွတ်တမ်းဝင်သည့် အရေအတွက်ဟာ ကွာခြားတယ်ဆိုတာမှန်/မမှန်ကို ဖြေကြားပေးပါ သတဲ့….
ဘုရားတစ်ဆူလျှင် ၂၄ သင်္ချေနှင့်ကုဋေ ၆၀၊ ဗိုလ်ခြေတစ်သိန်း ကျွတ်တမ်းဝင်ကြပါတယ် ဟု တထာဂတုပ္ပတ္တျိကျမ်းမှာဆိုထားပြီး၊ ဇိနာလင်္ကာရကျမ်းက ၂၄ သင်္ချေ ပမာဏ ကျွတ်တမ်းဝင်ကြတယ်လို့ ဆိုထားပါတယ်။ ဤစကားများဟာ ပါဠိတော်၊ အဋ္ဌကထာတို့၌ မတွေ့ရပါ။ ဒါပေမယ့် ဓမ္မပဒအဋ္ဌကထာမှာတော့ တစ်ဂါထာ တစ်ဂါထာဟောတော်မူလျှင် ကျွတ်တမ်းဝင်သော ဝေနေယျ အလွန်များပါတယ်။ ဤကဲ့သို့ ကျွတ်တမ်းဝင်ကြသော သုတ္တန်ဒေသနာဟာ အများအပြား ရှိပါတယ်။
အင်္ဂုတ္တရနိကာယ် ဧကနိပါတ် အဋ္ဌကထာတွင် မဟာသမယသုတ်၊ မင်္ဂလသုတ်၊ စူဠရာဟုလောဝါဒသုတ်၊ သမစိတ္တ ပဋိပဒါသုတ် ထိုသုတ် ၄ သုတ်နဲ့ တရားထူးရကုန်သော သတ္တ၀ါများဟာ အပိုင်းအခြားမရှိ ဟု ဆိုထားပါတယ်။
သုတ္တနိပါတ် အဋ္ဌကထာ ပရာဘ၀သုတ် အဖွင့်မှာ မဟာသမယသုတ်၊ မင်္ဂလသုတ်၊ သမစိတ္တသုတ်၊ရာဟုလောဝါဒသုတ်၊ ဓမ္မစက္ကသုတ်၊ ပရာဘ၀သုတ် တို့ကို ဟောကြားရာဆီသို့ အစည်းအဝေးရောက်ရှိလာတဲ့ နတ်များဟာ မရေမတွက်နိုင်အောင် များလှပါတယ် ဟု ဆိုပါတယ်။
အရှင်မဟိန္ဒထေရ် သီဟိုဠ်ကျွန်းသို့ရောက်တဲ့နေ့ သမစိတ္တသုတ် ကို ဟောကြားတော်မူသည်၏ အဆုံး၌ မရေမတွက်နိုင်တဲ့ နတ်များ တရားထူးရကြပါတယ်။ နဂါး၊ဂဠုန်တို့လည်း သရဏာဂုံတည်ကြပါတယ်လို့ ၀ိနည်း အဋ္ဌကထာ၌ ဆိုထားပါတယ်။
အချူပ်ဆိုရသော် ဘုရားတစ်ဆူဆူလျှင် ကျွတ်တမ်းဝင်ကြတာဟာ အပိုင်းအခြားမရှိ များလှတဲ့အတွက် ဆရာမထေရ်မြတ်တို့ တစ်ထစ်ချ ၀န်မခံနိုင်ကြပါ။
နံပါတ်(၄)မေးခွန်းမှာ အသင်္ချေရဲ့အရေအတွက်ကို မေးထားပါတယ်။
ရှေးဦးစွာ တစ်ကမ္ဘာရဲ့ အရေအတွက်ကို ပြောပါ့မယ်။ အလျား၊ အနံ ၊ အမြင့် တစ်ယူဇနာ(၈မိုင်) စီရှိတဲ့ တိုက်ခန်း(ဂိုဒေါင်)ကြီး အတွင်း၌ သေးငယ်တဲ့ မုန်ညင်းဖြူစေ့ အပြည့်ထည့်၍ နှစ်ပေါင်းတစ်ရာပြည့်လျှင် ဂိုင်ဒေါင်ထဲက မုန်ညင်းဖြူစေ့ တစ်စေ့ယူ ထုတ်ပါ။ ဤသို့အားဖြင့် နှစ်ပေါင်းတစ်ရာပြည့်တိုင်း မုန်ညင်းဖြူစေ့တစ်စေ့ယူထုတ်၍ ဂိုဒေါင်ထဲက မုန်ညင်းစေ့ကုန်သွားဖွယ် ရှိပါတယ်၊ ဒါပေမယ့် တစ်ကမ္ဘာရဲ့သက်တမ်းကတော့ မကုန်သေးပါဘူး…….တဲ့။
နောက်တစ်ခုက အသင်္ချေယျရဲ့အရေအတွက် ဖြစ်ပါတယ်။ ကမ္ဘာဦးလူတို့ သက်တမ်းဟာ အသင်္ချေယျတမ်းအထိရှည်ပါတယ်။ နောက်ပိုင်းတွင် လောဘ ၊ ဒေါသ အကုသိုလ်များကြောင့် အသက်တမ်းဟာ တဖြည်းဖြည်း ဆုတ်ယုတ်နိမ့်ကျလာရာမှ ဆယ်နှစ်သက်တမ်း တိုင်အောင် ဆုတ်ယုတ်သွားပါတယ်။ အဲဒါကို ဆုတ်ကပ် တစ်ကပ် လို့ခေါ်ပါတယ်။
တဖန် ဆယ်နှစ်သက်တမ်းတွင် ဗြဟ္မစိုရ်တရားများ ပွားများလာရာမှ သက်တမ်းဟာ တဖြည်းဖြည်းမြှင့်တက်လာရာမှ အသင်္ချေယျ တမ်းတိုင်အောင် တက်လာပါတယ်။ အဲဒါကို တက်ကပ်လို့ ခေါ်ပါတယ်။
ထို သက်တမ်း ဆုတ်ကပ် နှင့် တက်ကပ် တစ်စုံကို အန္တရကပ် တစ်ကပ် ဟု ခေါ်ပါတယ်။ ဤ အန္တရကပ်ပေါင်း (၆၄)ကပ်ကြာလျှင် အသင်္ချေယျကပ် တစ်ကပ် ဖြစ်ပါတယ်။ ဤအသင်္ချေယျကပ် ၄ ကပ်လျှင် မဟာကပ်တစ်ကပ်ဖြစ်ပါတယ်။ ထိုမဟာကပ်ကိုပင်လျှင် တစ်ကမ္ဘာ ဟု ခေါ်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။
ကျောင်းဝင်းအတွင်း ဖိနပ် စီးသင့်/မစီးသင့်ပြဿနာ
အမေး။ ။ကိုးရီးယားကလူတွေက ပြောကြပါတယ်၊ မြန်မာဘုန်းတော်ကြီးကျောင်းထဲဝင် ဘာကြောင့် ဖိနပ်ချွတ်ရတာလဲ………..မချွတ်ရင် ကော မရဘူးလား လို့ မေးကြပါတယ်၊ ဒီအကြောင်းကို ဘုန်းဘုန်း အဖြေပေးတော်မူပါဘုရား
မဣန္ဒ
ဆိုးလ်၊ တောင်ကိုးရီးယား
အဖြေ။ ။ ကျောင်းဝင်းအတွင်း ဖိနပ်စီးခြင်းကို အချို့ကျောင်းတွေမှာ စီးခွင့်ပြုထားပါတယ်။ တစ်ချို့ကျောင်းတွေမှာတော့ စီးခွင့်မပြုပါဘူး။ ဒီအကြောင်းနဲ့စပ်လျဉ်း၍ ကျောင်းဝင်းအတွင်း ဖိနပ်စီးခွင့်ပေးထားတာကို ထောက်သောအားဖြင့် ကျောင်းဝင်းအတွင်း ဖိနပ်စီးတာဟာ သိပ်အပြစ်မကြီးဘူး။ သို့သော်
မရိုသေတဲ့စိတ် တမင်စီးလျှင်တော့ အပြစ်ဖြစ်ပါတယ်။ ဗိမ္ဗိသာရမင်းကြီး ခြေဖ၀ါး ဓားခွဲခံရခြင်းဟာ မရိုသေ မလေးစားတဲ့ ပဒုဋ္ဌစေတနာကြောင့်ပါ။ အဓိကက စိတ်ထားပါပဲ စိတ်ထဲက ဘုရားအစ ရဟန်းသံဃာများအား မရိုသေတဲ့စိတ်နဲ့ ဖိနပ်စီးမည်ဆိုပါက အဖြစ်ရှိပါတယ်။ ကျောင်းဝင်းအတွင်း ဖိနပ်စီးချင်သပဆိုရင်တော့ မရိုသေတဲ့စိတ်အနေအထားကို ပြောင်းပြီး၊ ရိုသေတဲ့စိတ်ဖြင့် ဖိနပ်စီးမည်ဆိုပါက အပြစ်မရှိ စီးကောင်းပါကြောင်း အဖြေပေးလိုက်ပါတယ်။

1 comments:

မေးခွန်းနဲ့ ဆရာတော်ဘုရားရဲ့အဖြေတွေကို တပည့်တော် လာရောက်ဖတ်မှတ်သွားပါတယ် အရှင်ဘုရား... သံသယအမှောင်ကို ဓမ္မအလင်းဖြင့် ထိုးထွင်းဖောက်လျက် သံသယပျောက်ပျက် အသိဉာဏ်လင်းလက်ခွင့်ကို ကျေးဇူးပြုတဲ့ ဆရာတော်ဘုရားကို အထူးကျေးဇူးတင်ပါတယ်...

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More