Tuesday, November 18, 2008

သုံးရာစုထဲက ဘ၀ပုံရိပ် (၂)

သတ္တ၀ါတို့၏သဘာဝနိယာမ
သို့နှင့် ခမည်းတော်မင်းကြီး မမာမကျန်းဖြစ်စဉ် ကျွန်ပ်ကိုယ်တိုင် ပြုစုစောင့်ရှောက် ကျွေးမွေးခွင့်ရခဲ့ပါသည်။သို့သော်လည်း ကံကြမ္မာက မျက်နှာသာမပေးသည်လားမပြောတတ်၊ ဖခမည်းတော်ကြီးသည် မကြာမီ ရက်အတွင်း နတ်ရွာစံကံကုန်ခဲ့ရရှာပါတော့သည်။ ကျွန်ပ်အတွက် ဖေါ်မပြနိုင်သော ခံစားမှုများစွာဖြင့် “ငါ့အတွက် လောကတွင် အစားထိုးမရသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ခဲ့ချေပြီ” ဟု ယူကျုံးမရဖြစ်ခဲ့ရပါတော့သည်။
သတ္တ၀ါမှန်လျှင် မွေးလာကတည်းက သေဖို့ဖြစ်လာတာပဲ..၊ဒါဟာ သတ္တ၀ါများရဲ့ သဘာဝနိယာမတရားတစ်ခု ဖြစ်တယ်၊ ငါလည်း ဒီလမ်းသွားရမှာပဲ ၊ ထို့အတူ ဖခမည်းတော်ကြီးလည်း ဒီနိယာမလမ်းကြီး ကို လိုက်ရရှာတာပါပဲလား…..ဟု မတတ်သာသည့်အဆုံးတွင် ကိုယ့်ကိုယ်ကို ဆုံးမကာ သောကကို ဖြေဖျောက်ခဲ့ရပါတော့သည်။

မင်းဧရာဇ်ရာထူး ယစ်မူးချိန်
ပါဋလိပုတ်နေပြည်တော်ကြီးတွင် နန်းတော်စိုးစံသည့်နှစ်(၂၈)နှစ်ရှိသောအချိန်တွင် ဖခမည်းတော်ကြီး နတ်ရွာစံခဲ့သည်။ ထိုနတ်ရွာစံ သည့်နှစ်ကား မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုတော်မူပြီးသည့်နှစ်မှစ၍ ရေတွက်လျှင် နှစ်ပေါင်း (၂၁၄)ခုနှစ် ဖြစ်သည်ဟု ကျွန်ပ်စိတ်ထဲ စွဲစွဲထင်ထင် ရှိခဲ့ပါသည်။
ဖခမည်းတော် နတ်ရွာစံပြီးနောက် ကျွန်ပ်၏ စိတ်တွင် ဇမ္ဗူဒိပ်ကျွန်းတစ်ကျွန်းလုံးကို အစိုးရသော မင်းဧကရာဇ်သာလျှင်ဖြစ်ချင်သည်။ တစ်ခြားလက်အောက်ခံတို့၏ မင်းမျိုး မဖြစ်လိုပေ။ တစ်ပါးလက်အောက်ခံဆိုသည်မှာ ကိုယ်စိတ်တိုင်းကျ လုပ်ပိုင်ခွင့်မရနိုင်၊ ယခုဇမ္ဗူဒိပ်ကျွန်းလုံးကို အစိုးရသောမင်း ဖြစ်စေရန်အတွက် စိတ်ထဲတွင် အကြံတစ်ခုဖြစ်ပေါ်ခဲ့သည်။ ထိုအကြံကို လုပ်သင့် မလုပ်သင့်စဉ်း စားတွေးတောနေရာမှ လိုချင်မှုကို ရအောင်ယူတတ်မှုတို့၏ ဦးစီးခေါင်းဆောင် သဖွယ်ဖြစ်သော လောဘတဏှာ၏ စေခိုင်းရာနောက်သို့ လိုက်မှန်း မသိ လိုက်ခဲ့ရသည်။
ထိုစဉ်က ကျွန်ပ်စိတ်သည် ပြုပြင်၍ မရ၊ လိုချင်မှုသာ များနေသည့်အတွက် အမှန်ကို အမှန်အတိုင်းမသိမြင်နိုင်တော့၊ အကွတ်မရှိ သည့်ကြမ်း ပရမ်းပတာဖြစ်ဆိုသကဲ့သို့ ကျွန်ပ်စိတ်သည် အထိန်းအကွတ်မရှိ၊ ဖခမည်းတော် အသက်ထင်ရှားရှိစဉ်က မိမိအား အမှားမပါစေရန် နောက်ကွယ်ကနေ ထိန်းကျောင်းပေးခဲ့သည်။ ယခုမူကား မိမိအား သတိပေး ဆုံးမမည့်သူ မရှိတော့၊ မယ်တော်ကြီးဆိုလျှင်လည်း အသက်ကြီးပြီမို့ သူ၏ နန်းဆောင်မှာ အေးအေးသက်သာစွာ နေခဲ့လေပြီ။
သို့ဖြင့် ကျွန်ပ်သည် လောဘအလိုသို့ ဦးတည်မိသောကြောင့် လက်ရှိအခြေအနေကို အသိဥာဏ်ဖြင့် မထိန်းချူပ်မိ၊ လုပ်သင့်သည့်အလုပ်ထက် ဖြစ်ချင်နေသည့် အလုပ်ကိုသာ အကောင်အထည်ဖေါ်ဖို့ အရေးကြီးနေသည်ကိုး………..။
သို့နှင့် အမြန်နည်းဖြင့် လုပ်ငန်းအကောင်အထည်ဖေါ်ရပေတော့မည်။ သို့မဟုတ်ပါက ကျွန်ပ်အကြံအစည်ကို သူတစ်ပါးသိသွားလို့ကတော့ အစီအစဉ်များ ပျက်သွားနိုင်သည်။ အထူးသဖြင့် မယ်တော်ကြီးအား အသိမပေးလိုပေ။ ထို့ကြောင့်ဖြစ်ချင်ရာဖြစ်ပါစေတော့ ဆုတ်ဆိုင်းမနေတော့ဘဲ…..တွေးထားသည့်အတိုင်း ညီအစ်ကိုအရင်းဖြစ်သူ တိဿ မင်းသားကို ချန်ထားကာ ဖအေတူ မအေကွဲဖြစ်ကြသည့် နောင်တော် သုမန မင်းသားကြီးအပါဝင် တစ်ဝမ်းကွဲညီတော်ပေါင်း ၉၉ ယောက်ကို စစ်ကြေညာခဲ့သည်။
မိုက်တွင်းနက်လှသည့် ကျွန်ပ်၏ စစ်ကြေညာမှုကို နောင်တော်သုမနမင်းနှင့်မင်းညီမင်းသားအားလုံးတို့သည် အက္ခောဘိဏီတပ် အလား ကြီးမားသည့် စစ်တပ်ကြီးကို ဦးစီးကာ တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုတိုက်ပွဲတွင် ကျွန်ပ် အသောက စစ်အနိုင်ရရှိခဲ့ပါသည်။ ဖမ်းမိခဲ့သည့် နောင်တော်သုမနမင်းနှင့် မင်းသား ၉၉ ယောက်တို့ကို နောင်အခါတွင် ပုန်ကန်ခြားနားမည်စိုးသောကြောင့် စစ်မြေပြင်မှာပင် သတ်ပစ်ခဲ့ပါသည်။ မိမိချမ်းသာဖို့အတွက် လူအပေါင်း၏ အသက်သွေးမြေကျခဲ့ရသည့်အဖြစ်ကို ထိုစဉ်က အသိမရှိခဲ့၊ မင်းဧကရာဇ်ဖြစ်ချင်နေသည်ကိုး………..။
ထိုစဉ်က ဒီဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အစိုးရသော မင်းဖြစ်ချေပြီ ဟုဆိုကာ မိမိအဖြစ်ကို ၀မ်းမြောက်ဝမ်းသာစွာ ပီတိများဖြစ်၍ “ငါလိုဘုရင်မျိုး လောကမှာ ရှိနိုင်ပါဦးမလား” ရရှိသည့် မင်းစည်းစိမ်အပေါ် သွေးနားထင်ရောက်ကာ မာန်မာနတွေတက်လျှက် ယခင်ကစိတ်နေ စိတ်ထားမျိုးနှင့်လုံးဝမတူ ခုန်အုပ်တော့မည့် ကျားတစ်ကောင်နယ် ကျွန်ပ်၏ စိတ်သည် ခက်ထန်ကြမ်းတမ်းနေသည်ကို တော့ ကိုယ့်ကိုယ်ကို သိပါ သည်။
ထိုအချိန်မှစ၍ ကျွန်ပ်၏ လုပ်ရပ်ကို အကြောင်းပြု၍ ငယ်စဉ်ကတွင်ခဲ့သည့် ဓမ္မာသောက ဆိုသည့် နာမည်အစား ကြမ်းတမ်းသော အာသောက (စဏ္ဍာသောက) ဟု နိုင်ငံတွင်းသာမက ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကပါ ခေါ်ဝေါ်နေကြပေမည်။ မိုက်တွင်းနက်လှချည့် ဟုဆိုချင်ဆိုတော့ ထိုနာမည်အတွက် ကျွန်ပ်ကိုကျွန်ပ် ဂုဏ်ယူဝင့်ကြွားနေမိပါသည်။
မည်သို့ပင်ဖြစ်စေ နာမည်ကောင်းတာ မကောင်းတာ၊ သမိုင်းကြောင်းကောင်းတာ မကောင်းတာ အပထား မင်းဧကရာဇ်ဖြစ်ဖို့သာ အဓိကဖြစ်သည် မဟုတ်ပါလား။ ကျွန်ပ်ပြုလုပ်ခဲ့သော လူသတ်ပွဲကြီး အမှုကိစ္စအတွက် “အရှင်မှားနေပါပြီ” ဟု မည်သူပဲ ပြောလာပါစေ၊ ပြောလာသူ သတိပေးလာသူကိုပင် ကျွန်ပ်သတ်မိလေမလားဘဲ။ ကျွန်ပ် နားမ၀င်နိုင်တော့ပြီ၊ ဘာကြောင့်တုန်းဆိုလျှင် သည်လို အခွင့်အရေးမျိုးကို စောင့်ဆိုင်းငံ့လင့်ခဲ့ရသည်မှာ ကြာခဲ့ပြီလေ။ ယခုတော့ကျွန်ပ်ဖြစ်ချင်သည့်ဆန္ဒအတိုင်း ဖြစ်ခဲ့ရပေပြီ။
ခမည်းတော်ကြီးနတ်ရွာစံပြီးသည့်နောက်ပိုင်းနှစ်များ၌ ဇမ္ဗူဒီပါကျွန်းတွင် ထီးနန်းအုပ်ချူပ်မင်းလုပ်နေကြကုန်သည့် မဟာရာဇာ လို့ခေါ်သည့် မင်းပေါင်း ၈၄၀၀၀ တို့ကို အမြစ်ကမကျန်တောလှန်ပယ်ဖျက် ချေမုန်းခဲ့သည်။
ကျွန်ပ်၏ ရက်စက်ကြမ်းကြုပ် လုပ်ရပ်တွေကြောင့် ဇမ္ဗူဒီပါလက်ျာတောင်ကျွန်းတစ်ခုလုံးသည် မြစိမ်းရောင်လွှမ်းရာကနေ ချင်းချင်းနီသော သွေးအရောင်တို့ဖြင့် မြင်မကောင်းအောင် သွေးချောင်းစီးခဲ့ရပေသည်။ ကျွန်ပ်သည် ညီအရင်းတိဿကို ထား၍ ညီအစ်ကိုတော်စပ်သူ မင်းသားကိုးဆယ်ကျော်ကို သတ်ခဲ့သည့်အတွက် ကျွန်ပ်သမိုင်းကြောင်း မကောင်းခဲ့ဟုဆိုလျှင်လည်း ပြောလို့ရပေသည်။
စည်းစိမ်အတွက် ရတက်မအေးနိုင်သူ
ကျွန်ပ်သတ်ခဲ့သည့် ညီအစ်ကိုယ်တော်များ၏ မိဖုရားများသည် အသက်ဘေးလွတ်ရာ ဟိုဟိုဒီဒီပြေးလွှားတိမ်းရှောင်နေကြသည် ဆိုပေမယ့် တစ်နေ့နေ့တွင် မုဆိုးမဖြစ်ခဲ့သည့် မိဖုရားများတွင် သားသမီးမရဟု မပြောနိုင်ပေ။ ထိုသားသမီးများမှတစ်ဆင့် ကျွန်ပ်အား ပြန်လည် ပုန်ကန်ခြားနားလာမည်ကိုလည်း စိုးရိမ်လှသဖြင့် စိတ်ထဲတွင် တစ်နေ့မှ စိတ်မအေးခဲ့ရပေ။
သည်လိုအခြေအနေမျိုးကို ရရှိအောင် ခက်ခဲပင်ပန်းစွာဖြင့် သွေးချောင်းစီး တိုက်ခိုက်ခဲ့ရသည်။ မင်းဧကရာဇ်အဖြစ် ရရှိလာပြန်တော့လည်း ထိုအခြေအနေမှ အောက်သို့ မနိမ့်ကျစေရန် ထိန်းသိမ်းရသည့် အလုပ်ကလည်း လွယ်ကူလှသည်မဟုတ်ပေ။ ထို့ကြောင့် ကျွန်ပ်သည် နောင်တွင် ကျွန်ပ်၏ ရာထူးဂုဏ်သိရ် စည်းစိမ်များ မလျောကျသွားစေရန်အတွက် မည်သူက ငါ့၏ ထီးနန်းကို လုယူမည်နည်း ဟု တွေးကာ စိုးရိမ်ပူပန်မှုများ လွမ်းမိုးခဲ့ရသည့်အတွက်ကြောင့် ညတိုင်းလိုလို အိမ်၍ မပျော်ခဲ့ပေ။
သို့ဆိုလျှင် မိမိခံစားနေသည့် စည်းစိမ်ချမ်းသာဟူသမျှသည် မည်သို့ အဓိပ္ပါယ်ရှိပါတော့အံ့နည်း။ အတိတ်ကာလဆီက ပြုခဲ့သည့် မကောင်းမှုများက မိမိကို ပြန်၍ ချောက်လန့်နေသည်ထင့်။
မယ်တော်ခမည်းတော်များ အသက်ထင်ရှားရှိစဉ်က ကျွန်ပ်အားပေးခဲ့သော နာမည်မှာ “အသောက” တဲ့၊ ယခုတော့ ထိုနာမည်နှင့် မလိုက်ဖက် ဆန့်ကျင်ဖက်ဖြစ်ကာ အချိန်နှင့်အမျှ သောက ဖြစ်နေရလေသူကား ကျွန်ပ် အသောက ရယ်ပါ၊ ထိုအချိန်က ကျွန်ပ်၏ ရက်စက်ကြမ်းကြုတ်မှု ပြယုဂ်အဖြစ် မှတ်ကျောက်တင်ခံခဲ့ရသည့် နာမည်ကတော့ “ကြမ်းတမ်းသော အသောကမင်း(စဏ္ဍာသောက)”……..တဲ့
နန်းတော်ထဲတွင် နေသာနေရသည် စိတ်ချမ်းသာသည့်ရက်ကို ရေတွက်ကြည့်လျှင် သိပ်မရှိလှ။
တစ်ခါတစ်ရံ ကျွန်ပ်စဉ်းစားမိသည်မှာ.. အဲသလောက် စည်းစိမ်တွေနဲ့ပြည့်စုံသည့် မင်းဧကရာဇ် စည်းစိမ်ချမ်းသာကို ရခဲ့သည်မှာ ပျော်ရွှင်မည်ထင်ခဲ့သည်၊ ယခုတော့ အထင်အမြင်တွေ တစ်လွဲဖြစ်နေသည်၊ မည်သည့်အတွက် ကြောင့် စိတ်မအေးဖြစ်ရသနည်း….ပေါ့၊
ထိုသို့ တွေးတောစဉ်းစားနေရာမှ ကျွန်ပ်၏ အတွေးဘ၀ပုံရိပ်တွင် တံလျှပ်လို တရေးရေးပေါ်လာသည်…..
စည်းစိမ်အတွက် ရက်စက်ခဲ့ရ
စစ်မြေပြင်တွင် အားကိုးရာမယ့်ဖြစ်နေသည့် စစ်သည်များ၊ ညီအစ်ကိုတော်များ ကူပါကယ်ပါ တစာစာအော်ဟစ် အကူအညီတောင်းသော်လည်း သနားညှာတာခြင်း အလျင်းမရှိ၊ တွေ့သမျှအားလုံးကို ရက်စက်စွာသတ်ခဲ့သည့် ပုံရိပ်များ ၀ိုးတ၀ါးပေါ်လာခဲ့သည်….၊ ထိုကဲ့သို့ တရိပ်ရိပ်ဖြင့် ဘ၀ပုံရိပ်တွင် ညီအစ်ကိုယ် ၉၀ ကျော်လူသတ်မှုကြီးနှင့် မဟာရာဇာ ခေါ်သည့် မင်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် လူသတ်မှုကြီးတို့သည် အရိပ်မည်းကြီးပမာ ထပ်ချပ်မကွာ လိုက်ပါနေလေတော့ မည်သို့များ စိတ်ထဲ ချမ်းသာနိုင်ပါတော့မည်နည်း….။
သို့ပါသော်လည်း မပြီးဆုံးသေးသည့် မင်းဧကရာဇ် ဖြစ်ရန် စစ်ပွဲကို တိုက်ခိုက်နေရပြန်ပါသည်၊ မည်သည့်အချိန်မှ ထိုစစ်ပွဲပြီးဆုံးမည်ကို တတ်အပ်သေချာမသိနိုင်ပေ၊ တစ်ခုတော့ရှိသည်၊ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးတွင် မင်းဧကရာဇ်ဖြစ်လျှင်တော့ စစ်ပွဲလည်း ပြီးသွားနိုင်ပြီဟု ဆိုရပေမည်။
သို့နှင့် ဇမ္ဗူဒီပါကျွန်းတစ်ကျွန်းလုံးတွင် ရှိသည့် မဟာရာဇာ မင်းများကို တစ်နိုင်ငံပြီး တစ်နိင်ငံ တိုက်ခိုက်သတ်ဖြတ်လာ သည်မှာ ယခုဆိုလျှင် မဟာရာဇာ မင်းများကုန်သလောက်ရှိနေပြီ၊ မှတ်မိပါသေးသည်…….။
တစ်ခါက ကာလိံင်္ဂတိုင်း (ယခုအခေါ် သြရိသ)ကို တိုက်ခိုက် စဉ်က လူပေါင်းသိန်းချီပြီး သေခဲ့ရသည်။ လူတစ်သိန်းခွဲခန့် တိုင်းပြည်ကထွက်ပြေးကြရပါသည်။ ကျွန်ပ်ကို မနှစ်သက်သည့် အမတ်ငါးရာကိုလည်း ကျွန်ပ်ကိုယ်တိုင် သတ်ခဲ့ပါသည်။ ကျွန်ပ်ကို ပြောင်လှောင်သည် ထင်ရသည့် မင်းမောင်းမ ငါးရာကိုလည်း သတ်ခဲ့ပါသေးသည်။ထို့ကြောင့်လည်း စဏ္ဍာသောကမင်း ဟု လူတိုင်းလိုလို သိရှိခဲ့ရသည်မှာ မဆန်းတော့ချေ။
နောင်တနှင့်အတူ သံဝေဂယူ
ထိုစစ်ပွဲမှ ပါဋလိပုတ်သို့ အပြန်လမ်းတွင် အတုံးအရုန်းသေနေသည့် အလောင်းကောင်များနှင့် မသေမရှင် ဖြစ်နေသည့် ခြေပြတ်လက်ပြတ်များ မြင်မကောင်းအောင်ပင်၊ မည်သည့်နေရာကို ကြည့်ကြည့် အနိဋ္ဌာရုံချည်းပင်၊ ထိုအခြင်းအရာကို မြင်ရသည့်အတွက် “စစ်ပွဲရဲ့ ရလာဒ်ဟာ ဒါတွေပါပဲလား….လူအများ အတုံးအရုန်းသေဆုံးနေခြင်း၊ ခြေပြတ်လက်ပြတ်ဖြစ်ကာ မသေမရှင်ဖြစ်နေခြင်းစသည့် စစ်၏ အနိဋ္ဌာရုံကို ကျွန်ပ်မြင်ရသောအခါ သူတို့လို ကိုယ်လည်းတစ်နေ့ ဒီလိုဖြစ်လာလိမ့်မည်ဆိုပါက မတွေးဝံ့စရာပါပဲလား..”
စစ်၏ အနိဋ္ဌာရုံများကို မြင်ရသောအခါ “ ငါကောင်းစားချမ်းသာဖို့အတွက် သူတစ်ပါးတွေရဲ့အသက် သွေးမြေကျခဲ့ရပေပြီ၊ သားမယားကွဲကာ မိသားစုလုံးလုံးပါမကျန် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရချေပြီ။ မင်းဧကရာဇ်စည်းစိမ်အတွက် ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်များ ပျက်သုဉ်းခဲ့ရချေပြီ။ ဒီလိုဆိုရင် ငါ့ရဲ့အောင်မြင်မှုဟာ အမှန်တကယ် အောင်မြင်တယ်လို့ ယူဆလို့ ရနိုင်ပါ့မလား….ကိုယ့် အောင်မြင်မှုအတွက် သူတစ်ပါး သွေးမြေကျရတယ်ဆိုတာ အပေါ်ယံကြည့်လျှင်တော့ အောင်မြင်မှုလို့ ဆိုရပေမယ့် အမှန်မှာတော့ ကျွန်ပ်ဟာ ရှုံးနိမ့်သူတစ်ယောက် ဖြစ်ခဲ့ရတယ် ဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံးပါ၊ သည်လိုဆိုလျှင် အောင်မြင်မှုဆိုတာ ဘယ်လိုဟာမျိုးကို အောင်မြင်မှုလို့ ခေါ်ရပါ့မလဲ” ဟု အတွေးရေယဉ်ကြောတွင် မျောပါခဲ့ရချေသည်။
ကျွန်ပ်သည် ကာလိံင်္ဂတိုင်းကို တိုက်ခိုက်သိမ်းယူပြီးနောက် နောင်တကြီးစွာရခဲ့ပေပြီ။ ဒါပေမယ့် နောင်တဆိုတဲ့အရာမျိုးသည် စားလို့ရသည့်အရာလည်းမဟုတ်၊ ၀တ်လို့ရသည့်ရာလည်းမဟုတ်သည့်အတွက် ကောင်းလှသည်တော့မဟုတ်ပေ၊ နောင်တ၏ နောက်ကွယ်မှာ မကောင်းသည့်အကျိုးရလဒ်များ ဖြစ်ပေါ်လာနိုင်သည့်အပြင် နောင်တ၏ အရှေ့တွင် မှားခဲ့သည့်အရာများက ပြင်လို့ရသည့် အမှားမျိုးဖြစ်ခဲ့ လျှင်တော်ပေသေးသည် ပြင်လို့မရသည့် အမှားမျိုးဖြစ်ခဲ့မည်ဆိုပါလျှင် ဘ၀အတွက် မတွေးရဲစရာပင်။
လူပေါင်းများစွာတို့ အသတ်ခံရခြင်း၊ သေကြေပျက်စီးခဲ့ရခြင်း၊ သုပ်ပန်းအဖြင့် ခေါ်ဆောင်ကာ အကျဉ်းကျခံရခြင်းစသည်တို့သည် ကာလိံင်္ဂစစ်ပွဲ၏ အနိဋ္ဌာရုံများသည် အရိပ်မည်းကြီးပမာ ထပ်ချပ်မကွာ လိုက်ပါနေသည်။ ထို့အတွက် ကျွန်ပ် စိတ်ချမ်းသာမှု လုံးဝမရှိခဲ့ပေ၊ ဤသည်ပင်လျှင် အောင်မြင်မှုအတုဖြစ်သည့် ကျွန်ပ်၏ ရှုံးနိမ့်မှုများ ဖြစ်သည်။ လောကတွင် အောင်မြင်မှုရရှိသော သူများသည် အများအားဖြင့် ၀မ်းသာပီတိ ကြည်နူးကြရသည်က များပါသည်။
ထိုထက်ပို၍ ၀မ်းနည်းစရာကောင်းသည်မှာ ကလိင်္ဂတိုင်း၌ပုဏ္ဏားများသည်၎င်း၊ ရဟန်းများ သည်၎င်း၊အခြားယူရှိသည့်ဂိုဏ်းများသည်၎င်း၊ မိသားစုအသိုက်အ၀န်းလေးဖြင့် နေထိုင်ကြကုန်၏။ ထိုသူတို့တွင် သက်ကြီး၊၀ါကြီး၊ မိဖ ဆရာသမား မိတ်ဆွေအပေါင်းအဖေါ် အသိအကျွမ်း၊ ဆွေမျိုးတို့သည် သေကျေရခြင်း၊ ဒါဏ်ရာအနာတဖြစ်ရခြင်း၊ လွန်စွာချစ်ခင်သူများနှင့် ကွေကွင်း၍ သေကျေပျက်စီးကုန်၏ တတိုင်းပြည်လုံး ပျက်စီးဆုံးရှုံးကြကုန်၏ ထိုအတွက် အကျွန်ပ်သည် အလွန်ဝန်လေးသောအမှုကို ပြုမိခဲ့လေပြီ။ ထိုဝန်လေးသော လုပ်ရပ်အတွက် ပေးဆပ်ချင်သည်။ ဘ၀၏ အဖြူရောင်အသွင် ဖြစ်စေချင်သည်။ ဤကားကျွန်ပ်၏ ရင်တွင်းဆန္ဒတစ်ခုဖြစ်သည်။ (ဆက်လက်ဖေါ်ပြပါဦးမည်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More