Sunday, November 2, 2008

ဂန္ဓာရတိုင်းရဲ့နေရာမှန်

အမေး။ ။ အရှင်ဘုရား ဂန္ဓာရတိုင်းဆိုတာ ဘယ်နေရာကို ခေါ်တာလဲ၊ သိချင်ပါတယ်ဘုရား၊ ကျေးဇူးပြုပြီး အဖြေပေးတော်မူပါဘုရား။

ဒေါက်တာ ဦးတင့်
Mansfield, England
အဖြေ။ ။ ဂန္ဓာရတိုင်းနှင့်ပတ်သက်ပြီး စွယ်စုံကျော်ထင်ကျမ်းမှာ ဂန္ဓာလရာဇ်တိုင်းလို့ သုံးနှုန်းထားတာတွေ့ရပါတယ်။ သည်ဂန္ဓာရတိုင်းဟာ စွယ်တော်ထားရာ တရုတ်ပြည်ဟုတ် မဟုတ် ဆိုတာလည်း အငြင်းပွားနေကြပါတယ်။ ဒါကို အားလုံးသိအောင် ပြောချင်ပါတယ်။

မြတ်စွာဘုရားလက်ထက်က သည်တိုင်းကြီးသည် တိုင်းကြီး ၁၆ တိုင်းအနက် တစ်ခုဖြစ်ပါတယ်။ ဗဟုသုတအလို့ငှါ ဖေါ်ပြပေးပါ့ မယ်။ (၁)အင်္ဂတိုင်း။ (၂)မဂဓတိုင်း။ (၃)ကာသိတိုင်း။ (၄)ကောသလတိုင်း။ (၅) ၀ဇ္ဇီတိုင်း။ (၆)မလ္လတိုင်း။ (၇) စေတိယတိုင်း။ (၈)၀ံသတိုင်း။ (၉)ကုရုတိုင်း။ (၁၀)ပဉ္စာလတိုင်း။ (၁၁)မဇ္ဇတိုင်း။ (၁၂)သူရသေနတိုင်း။ (၁၃)အသကတိုင်း။ (၁၄)အ၀န္တိတိုင်း။ (၁၅)ဂန္ဓာရတိုင်း။ (၁၆)ကမ္ဘောဇတိုင်း ဟူ၍ တိုင်းကြီး ၁၆ တိုင်းရှိတယ်လို့ ပြဆိုထားပါတယ်။ (အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ်၊ဥပေါသထ၀ဂ်၊ သံခိတ္တသုတ်)။
ထိုတိုင်းကြီး ၁၆ တိုင်းအနက် ဂန္ဓာရတိုင်းမှာ တက္ကသိုလ်ပြည် ရှိကြောင်းကို (ဂန္ဓာရ ရဋ္ဌေ တက္ကသီလ နဂရေ ဒိသာပါမောက္ခဿ အာစရိယဿ သန္တိကေ )စသဖြင့် ပဉ္စာဝုဓ ဇာတ်တို့၌ ဆိုထားပါတယ်။
ထိုဂန္ဓာရတိုင်း တက္ကသိုလ်ပြည် ပက္ကုသာတိမင်း မင်းပြုသောအချိန်၊ မဇ္ဈိမဒေသမဂဓတိုင်း ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရမင်းနှင့်ရာဇမဟာမိတ်ဖွဲ့ကြပါတယ်။ပက္ကုသာတိမင်း ရဟန်းပြု၍ ဂန္ဓာရတိုင်းမှလာခဲ့ရာ ၁၉၂ ယူဇနာတိုင်တိုင်သွားသောအခါ သာဝတ္ထိသို့ရောက်ရှိပါတယ်။ သာဝတ္ထိပြည်မှ ၄၅ ယူဇနာရှိ ရာဇဂြိုလ်ပြည်သို့ရောက်ရှိပါတယ်။(ဥပရိပဏ္ဏာသအဋ္ဌကထာ)
ကလျာဏီကျောက်စာတွင် ဇမ္ဗူဒီပါကျွန်း၏ အလယ် မဂဓတိုင်းရဲ့အတွင်း ရာဇဂြိုလ်ပြည်ရဲ့အနီး ဥရုဝေလတောအုပ်တွင် မဟာဗောဓိပင်သို့ ရောက်ပါတယ်။ ဇမ္ဗူဒီပါကျွန်းတွင် အချင်းယူဇနာ တစ်သောင်း၏ အလယ်ဗဟိုတွင် ဗောဓိပင်တည်ရှိပါတယ်။ ဗောဓိပင်ရဲ့ဝန်းကျင် ယူဇနာငါးထောင်ခန့်တွင် မဟာသမုဒ္ဒရာဝန်းလျက်တည်ရှိ၏ မဟာသမုဒ္ဒရာ၏ အနီးအပါးတွင် တရုပ်ဥတည်မင်းနေတဲ့ ပီကျဉ်မြို့ ရှိပါတယ်။ ပီကျဉ်မြို့မှ ကျေးလက်အနီး ကွမ်းဋုံမြို့၊ ပါပိလွနမြို့၊ရဝေမြို့၊ပေယျမာဝေလင်မြို့၊သေဉ်လံမြို့၊ကျီနံကျဉ်မြို့၊ ကူစည်စဉ် မြို့၊ကန္နဇာမြို့၊ပါရိနာမြို့တို့လည်းကုန်သည် သဘောင်္ဆိပ်ပင် ဖြစ်တယ်လို့ ဇမ္ဗူဒီပါကျွန်း မြေပုံတို့မှာ ဆိုထားပါတယ်။ မဟာဗောဓိမှ တရုတ်ပြည်အရောက် တိုင်းတာရာတွင် မဟာသုမဒ္ဒရာနှင့်ထောက်ပြီး အနည်းဆုံးယူဇနာငါးထောင်ရှိသင့်ပါတယ်။
တက္ကသိုလ်ပြည် ဂန္ဓာရတိုင်းကား ပက္ကုသာတိမင်းသွားတဲ့ ခရီးအတိုင်းအတာကို ပြဆိုတဲ့ မဇ္ဈိမနိကာယ် အဋ္ဌကထာလာ စကားကို ထောက်၍ တွက်ဆကြည့်လျှင် မဟာဗောဓိမှ (၄၅)ယူဇနာကတစ်ခု၊ (၁၉၂)ယူဇနာကတစ်ခု၊ ထိုနှစ်ခုပေါင်းလျှင် (၂၃၇)ယူဇနာသာ ရှိပါတယ်။ ထိုစကားနှစ်ရပ်တို့သည် အကွာအဝေးမတူညီကြပေ။ ထို့ကြောင့် ဂန္ဓာရတိုင်းဟာ တရုပ်ပြည်မဟုတ်ဟု မှတ်ယူသင့်ပါတယ်။
(တစ်ယူဇနာလျှင် = ၈မိုင်နှုန်းခန့်)
ယခုအချိန်တွင် ဂန္ဓာရတိုင်းကား ကာဗုလ်ဒေသဖြစ်၍ ပန်ဂျပ်နယ်မြောက်ပိုင်း ပက်ရှဝါနှင့် ရာဝဲလ်ပင်ဒီ ဖြစ်တယ် လို့ အရှေ့တိုင်းပညာဌာနက ပညာရှင်များက ဆိုထားပါတယ်။
တစ်ဖန် ကသ္မီရဂန္ဓာရတိုင်း သည် ဤခေတ်အခေါ် ကက်ရှမီးယားနှင့်အနောက်ပါကစ္စတန်ဒေသဖြစ်တယ်လို့ (သာသနာ ၂၅၀၀ခရီး)တွင် ဆိုထားပါကြောင်း အဖြေပေးလိုက်ရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More