Tuesday, November 24, 2009

မဟာယာနမှာလဲ ဓါတ်တော်တွေနဲ့

အမေး။ ။ အရှင်ဘုရား…..တပည့်တော်ဟာ ထေရ၀ါဗုဒ္ဓဘာသာကို အသက်နဲ့လဲပြီး ကြည်ညိုသူ တစ်ဦးဖြစ်ပါတယ်။ လျှောက်ထားချင်တာက….. မဟာယာန ဗုဒ္ဓဘာသာဝင် ရဟန်းတော်များမှာလည်း ရဟန္တာ ဆိုတာ ဖြစ်နိုင်ပါသလားဘုရား။ သူတို့ရဲ့ ဓါတ်တော်များ ချန်ထားနိုင်ပါသလား၊ မဟာယာန ဗုဒ္ဓဘာသာရဟန်းတော်/သီလရှင်ကြီးများရဲ့ ဓါတ်တော်များကို တင်ပေးထားတဲ့ (http://slz.goodweb.cn/monk_27.asp) website မှာ တွေ့မြင်ခဲ့ရပါတယ်ဘုရား။
ထိုwebsite မှာ ဆရာတော်ကြီးများကို ရဟန္တာ လို့ ပြောထားခြင်း မရှိပါ။ ထိုဆရာတော်ကြီးများဟာ ဘယ်လိုနည်းကို ကျင့်သုံးပြီး ဓါတ်တော်များ ချန်ထားခဲ့ပါသလဲဘုရား။ တရုတ်ပြည်မှာ ၀ိပဿနာအသံကို ကြားရဖို့ မလွယ်ပါ။ တကယ်လို့ ထိုဆရာတော်ကြီးများဟာ ရဟန္တာ ဖြစ်လျှင် ဘယ်လို ၀ိနည်းကို လိုက်နာပြီး အဘယ်ကျင့်စဉ်ကို ကျင့်သုံးသလဲ ဆိုတာ တပည့်တော် သိချင်ပါတယ်ဘုရား။
ဦးတင်လျှက်
ရဲလင်း

အဖြေ။ ။မေးသင့်တဲ့ မေးခွန်းပါပဲ။ မဟာယာန ဗုဒ္ဓဘာသာဝင်များမှာ ရဟန္တာဆိုတာ မရှိနိုင်ပါဘူး။ ဘာ့ကြောင့်ဆိုရင် သူတို့ကျင့်သုံးနေတဲ့ လမ်းစဉ်ဟာ သဗ္ဗညုတ ဘုရားရှင်ရဲ့ လမ်းစဉ်နဲ့ ကွဲလွဲနေလို့ဖြစ်ပါတယ်။ ဒါလောက်နဲ့တော့ ကျဉ်းလွန်းနေတဲ့အတွက် ပြည့်စုံမှုမရှိသေးဘူး။ အနည်းငယ် ချဲ့ပြီး ပြောပါအုံးမယ်။
အခါတစ်ပါး ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူခါနီးမှာ ဘုရားရှင်က သုဘဒ္ဒပရိဗိုဇ်အား မိန့်ကြားတော်မူခဲ့တာ ရှိပါတယ်။
“သုဘဒ္ဒ….. အကြင်တရားဝိနည်းဆိုတဲ့ သာသနာမှာ အရိယာမဂ်(မဂ္ဂင်ရှစ်ပါး)တရား မရှိ။ ထိုအရိယာမဂ် မရှိတဲ့ သာသနာမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဆိုတာ မရှိနိုင်ပါ။
သုဘဒ္ဒ…..အကြင်တရားဝိနည်းဆိုတဲ့ သာသနာမှာ အရိယာမဂ်(မဂ္ဂင်ရှစ်ပါး)တရား ရှိတယ်။ ထိုအရိယာမဂ် ရှိတဲ့ သာသနာမှာသာ သောတာပန် ပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်များ ရှိပါတယ်။
ငါဘုရားရဲ့ သာသနာတော်မှ တစ်ပါးသော အယူဝါဒ သာသနာတွေမှာ တရားကိုသိမြင်တဲ့ ကိလေသာကင်းတဲ့ ရဟန်းမြတ်ဆိုတာ မရှိပါ။ သုဘဒ္ဒ…..ဆိုခဲ့ပြီးတဲ့ ရဟန်းမြတ်များဟာ (ကိုယ်တိုင်လည်းကျင့် သူတစ်ပါးအားလည်း အဆင့်ဆင့် ဟောကြားလျက်)ကောင်းမွန်စွာနေကြမယ်ဆို ပါရင် လောကကြီးမှာ ရဟန္တာတို့မှ မဆိတ်မသုဉ်း နိုင်ပါ” လို့ မိန့်ကြားတော်မူခဲ့ပါတယ်။ (သုတ်မဟာဝါ၊ မဟာပရိနိဗ္ဗာနသုတ်၊ သုဘဒ္ဒပရိဗိုဇ်ဝတ္ထု၊ နှာ၊၁၄၅)
ဘုရားရှင်ဟောတော်မူခဲ့တဲ့အတိုင်းဆိုရင် ဘုရားရှင်ရဲ့အဆုံးအမ သာသနာတော်ကြီးဟာ မဂ္ဂင်ရှစ်ပါး ရှိတဲ့ သာသနာတော်ကြီးပါ။ ဘုရားရှင် သာသနာမှ တစ်ပါးအခြားသော သာသနာတွေမှာ ရဟန္တာ ဆိုတာ မရှိနိုင်ပါဘူး။
ဒါဖြင့်ရင် အင်တာနက်စာမျက်နှာတစ်ခုမှာ တွေ့ရှိချက်အရ မဟာယာန ရဟန်းတော်များရဲ့ ပုံနဲ့ သူတို့ရဲ့ ဓါတ်တော်များကို ပူးတွဲ ဖေါ်ပြထားတာ အများကြီးပါ။ ဒါဘယ်လိုဖြေရှင်းမလဲ……
ပထမအချက်က ဓါတ်တော်ဟုတ်မဟုတ်စီစစ်ချက်။ ဒုတိယအချက်က မဟာယာနများ အရိယာ ဖြစ်နိုင်/မဖြစ်နိုင် ဆိုတဲ့ နှစ်ချက်ကို ဖြေရှင်းရပါ့မယ်။
ပထမအချက်။ အချို့က ရဟန္တာဓါတ်တော်ဆိုတာ အလုံးလေးတွေလို့ ပြောကြပါတယ်။ ဘုရားရှင်ရဲ့ ဓါတ်တော်များတောင်မှ အဓိဋ္ဌာန်တော်မူတဲ့အတွက် အလုံးလေးတွေ ဖြစ်ရတာပါ။ သာမာန်ရဟန္တာများမှာ ဓါတ်တော်ဟာ အလုံးလေးတွေ ဖြစ်သင့်/မဖြစ်သင့်ဆိုတာနဲ့ ပတ်သက်ပြီး …. မဟာစည်ဆရာတော်ဘုရားကြီး အိန္ဒိယနိုင်ငံရောက်စဉ်က ……
“ဘုန်းကြီးတို့…..ကလကတ္တားမြို့ကို သီးသန့်လေယဉ်နဲ့ သွားပြီး အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ရဲ့ ဓာတ်တော်များကို အထင်အရှားတွေ့ခဲ့ရပါတယ်။ ပကတိ အရိုးအတိုင်းပါပဲ၊ အရောင်အဆင်းက ဖြူဖွေးတယ်။ ပုံသဏ္ဍာန်ကတော့ လက်ဆစ်ရိုးလေးတွေဟာ လက်ဆစ်လေးများအတိုင်းပါပဲ ၊ အစွန်းနှစ်ဖက် အဆစ်နေရာများက ကြီးပြီး ခါးလယ်ကသေးနေတယ် ဆိုတော့ ဒီပြင် ရဟန္တာဓါတ်တော်များဟာလည်း ပကတိအရိုးအတိုင်းပဲ ရှိလိမ့်မယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိဘူး။ ယခုကာလ ဆရာတော်များ မီးသဂြိုလ်တဲ့အခါ ကျောက်ခဲလုံးလေးများလို ဓါတ်တော်များ ကျတယ်ဆိုတာ ချင့်ပြီး ယုံကြည်ကြဖို့ပါပဲ” လို့ သလ္လေခသုတ်တရားတော်မှာ မဟာစည်ဆရာတော် ဘုရားကြီး မိန့်တော်မူထားတာကို ကြည့်ခြင်းဖြင့်….
Website မှာတွေ့မြင်ရပါတယ် ဆိုတဲ့ မဟာယာနများရဲ့ ဓါတ်တော်များဟာလည်း ချင့်ပြီး ယုံကြည်ကျဖို့ လိုပါလိမ့်မယ်။
ဒုတိယအချက်က။ မဟာယာနများကော ရဟန္တာ ဖြစ်နိုင်သလား……..ကျင့်စဉ်အားဖြင့် လုံးဝမတူညီ သူတို့ကျင့်စဉ်က မဂ္ဂင်ရှစ်ပါး မပါတဲ့အတွက် ဘုရားရှင်မိန့်တော်မူချက်အရ သူတို့ဟာ ရဟန္တာများ မဟုတ်နိုင်ပါဘူး။
ဒါပေမဲ့ ဘုရားရှင်ရဲ့ဝါဒက ၀ိဘဇ္ဇ၀ါဒဆိုတော့ ယနေ့ခေတ် အချိန်အခါ ပြည်ပနိုင်များမှာ ထေရ၀ါဒတို့ရဲ့ meditation စင်တာတွေ အများကြီးပေါ်ပေါက်နေပါတယ်။ ထို ကမ္မဋ္ဌာန်းဌာနများမှာ မဟာယာန ဘုန်းကြီးများ၊ မယ်သီလများ လာရောက်ပြီး နည်းနာနိဿယ ခံကာ တရားကြိုးစားအားထုတ်တဲ့ သူများကို တွေ့မြင်မိကြမှာပါ။သတိထားမိကြမှာပါ။
ဒီလို ထေရ၀ါဒနည်းဖြင့် ကမ္မဋ္ဌာန်းနည်းလမ်းကျနစွာ သင်ယူပြီး ၀ိပဿနာတရားကို ကိုယ်တိုင် တသက်လုံး ကြိုးစားအားထုတ်သွားတဲ့ မဟာယာနဘုန်းကြီး များလည်း ရှိနေကြတဲ့အတွက် အရိယာမဂ်ကို မျက်မှောက်ပြုတယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ် လို့ ယူဆရပါတယ်။
ဒါပေမဲ့ မဟာယာန အများစုကတော့ မဟုတ်နိုင်ပါဘူး။ အချူပ်ပြောရရင် မဟာယာနတို့ရဲ့ မဂ္ဂင်မပါတဲ့ ကျင့်စဉ်နဲ့ အရိယာ မဖြစ်နိုင်ပါဘူးဆိုတာပါပဲ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More