ဇာတိဿရဥာဏ်နဲ့ အညာသူ
အညာဒေသသို့ တစ်ခေါက် ရောက်ခဲ့ပြန်ပေါ့။ မြန်မာပြည်တောင်ပိုင်းကျတဲ့ မြိတ်မြို့မှ အညာဒေသ ကျေးရွာတစ်ခုဖြစ်တဲ့ ရမည်းသင်းမြို့နယ်၊သိုက်မြှောင်ကျေးရွာသို့ လာခဲ့ရတဲ့ ခရီးဟာ လေကြောင်း၊ ကုန်းကြောင်းကဆိုရင် ကားတစ်တန်၊ရထားတစ်တန်၊ မြင်းလှည်းတတန်၊ နွားလှည်းတတန်တို့ဖြင့် အဆက်ဆက်စီးပြီးမှ ရောက်လာရတာပါ။ ရောက်တယ်ဆိုရင်ပဲ သိုက်မြှောင်ရွာသူရွာသားများရဲ့ စေတနာမေတ္တာ၊ နွေးနွေးထွေးထွေး ဖေါ်ရွေမှုတွေကြောင့် ခရီးပမ်းခဲ့သမျှ လန်းခဲ့ရပါတော့တယ်။
ဒါဟာ တစ်ယောက်တည်းမဟုတ်ပါ။ အညာဒေသကျေးလက်နေသူများရဲ့ မပြုမပြင် ပင်ကိုယ်က သဘောကောင်းပြီး ရိုးသားဖြူစင်ကြပါတယ်။ အညာဒေသ တရားစခန်းနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှု အခြေအနေလေးကို ပြောပါအုံးမယ်။
တရားစခန်းမဖွင့်မှီ ကြိုတင်ပြီး ရောက်ခဲ့တာ ဖြစ်တဲ့အတွက့် စခန်းဖွင့်မဲ့ နေရာသို့သွားကြပါတယ်။ အညာဒေသထုံးစံအတိုင်း လယ်ခွက်ထဲ ဘိတ်အခါ် ကျွဲခလု လို့ခေါ်တဲ့ ထွန်တုန်းမြေစာခွင့်တွေနဲ့ ကြမ်းတမ်းတဲ့ နေရာကို ရေဖြင့် ပက်ဖြန်းကာ မြေကြီးကို ညီအောင် ပြုလုပ်ရပါတယ်။ ဒါနဲ့ပဲ တရားစခန်း ဖွင့်လစ်နိုင်ခဲ့တယ် ဆိုပါတော့။ ယောဂီက တစ်ရာကျော်လောက် ရှိပါတယ်။
တရားစခန်းအတွင်း ယောဂီ တစ်ရာကျော်အနက် အခြားယောဂီများနဲ့ မတူ တမူထူးခြားတဲ့ အမျိုးသမီးယောဂီလေးတစ်ယောက် တွေ့ခဲ့ရတယ်။ သူမနာမည်က ‘ခင်ယမုံ’။ အသက်က ၁၆ နှစ်ခန့်ရှိပါပြီ။ သူမဟာ တရားအားထုတ်တဲ့နေရာမှာ ကြိုးစားမှု အများဆုံးနဲ့ တရားအား ထုတ်ခဲ့တဲ့ သူလေးမို့ စာရေးသူ အထူးသတိထားမိခဲ့ပါတယ်။ တရားစခန်းပြီးတဲ့အခါကျ ၀ီရိယကောင်းသူ သူမအား ခေါ်ယူတွေ့ဆုံ ခဲ့ပါတယ်။ အများနဲ့မတူ တမူထူးခြားပြီး ၀ီရိယကောင်းတဲ့ သူမရဲ့ အကြောင်းကို မေးမြန်းခဲ့ပါတယ်။ သူမရဲ့ ပြန်လည်ပြောပြချက်များကို စာဖတ်သူများအား သံဝေဂရစေခြင်းငှာ တင်ပြပေးလိုက်ရပါတယ်။
သူမဘ၀ရဲ့ ဖြစ်ခဲ့ရတဲ့အကြောင်းတွေကား မနေ့တစ်နေ့က ဖြစ်ခဲ့သလိုပါပဲ ပူနွေးနေဆဲ၊ အမှတ်တရ ဖြစ်နေဆဲပါ။ ဒါပေမဲ့ဖြစ်ခဲ့တာက နှစ်ဘ၀တိုင်တိုင်ခြားခဲ့ပြီးပါပြီ။
သူဟာ ပြီးခဲ့တဲ့ နှစ်ဘ၀တုန်းက ဒီရွာမှာပဲ အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အရွယ်ရောက်တဲ့အခါ အမေများနဲ့အတူ လယ်လုပ်ငန်း၊ ယာလုပ်ငန်း ၊ကြက်သွန်ငရုပ်စိုက်ပျိုးခြင်းစတဲ့ အိမ်အလုပ်တွေကို ၀ိုင်းဝန်းကူလုပ်ပေးနေပါတယ်။ တစ်နေ့မှာ ရုတ်တရက်ဆိုသလို ရောဂါတစ်ခု အပြင်းအထန် ခံစားရကာ သေခဲ့ရပါတယ်။
သေပြီးနောက် သူဟာ ရွာရဲ့ အပြင်ဝန်းကျင်မှာ နေစရာ၊ စားစရာအတွက် အရေးတကြီး ဖွေရှာ ပြေးလွှားနေရပါတယ်။ ဘယ်နေရာ ကြည့်ကြည့် နေစရာတွေက ပိုင်ရှင်နဲ့ချည်း ဆိုတော့ သူ့မှာ နေစရာ အခက်အခဲ ဖြစ်လာတယ်။ ရွာမှာဆိုရင် သူ့အတွက်နေစရာ မရှားပါ။ ယခုတော့ နေစရာ ဗလာနတ္ထိ၊ စားစရာကျပြန်တော့လည်း ရှားလိုက်ပါဘိ၊ ရွာမှာဆိုရင် ဘယ်သူ့အိမ် တောင်းစား တောင်းစား ၀မ်းဝဖို့အတွက် မပူရပါ။ အခုတော့ မစားရတဲ့ရက်က များပါတယ်၊ စားစရာ ရလာပြန်တော့လဲ မ၀တ၀ ဖြစ်ခဲ့ရတယ်။ ဘယ်လိုနေရာများ ရောက်လာရတယ် လို့ သူမကို သူမ ဝေခွဲမရ ဖြစ်နေပါတယ်။
သို့နှင့် ၀မ်းစာရေးအတွက် ပြေးလွှားနေခဲ့ရတာ ငါးရက်တိတိကြာခဲ့ရပါတယ်၊ ဒီငါးရက်ဟာ သူမအတွက် ငါးနှစ်မက ရှည်ကြာတယ်လို့ ထင်နေရပါတယ်။ ဒီလိုပြေးလွှားနေရာက ရွာက အမေကိုသတိရလာတယ်။ ဒါနဲ့ ငါ အမေ့ကို သွားတွေ့မယ် ဆိုပြီး ရွာထဲကို လာဖို့ ပြင်ဆင်ပါတယ်။ အရင်ကဆိုရင် တစ်ရွာနဲ့တစ်ရွာ သွားရတာ လွယ်ကူလှပါတယ်၊ သွားချင်ရင် ငေါက်ကနဲ သွားလိုက်ရုံပဲ၊ အခုတော့ ရွာထဲ သွားဖို့ ဆိုတာ အတော်ခက်ခဲတဲ့ အလုပ်တစ်ခုလို ဖြစ်နေပါတယ်။
ရွာထဲဝင်တဲ့အခါ ဒီအတိုင်းသွားလို့ မဖြစ်၊ အချိန်ကိုလည်း ကြည့်ရသေးတယ်၊ သူတို့လို ဘ၀တူသားများ သွားရမဲ့အချိန်က ညနေ နေ၀င်ရီတရော အချိန် လေးပါ။ အဲဒီအချိန်ဆိုရင် ရွာတွင်းသို့ နွားများကို ပြန်လည်ယူဆောင်တဲ့ အချိန်ဖြစ်တယ်။ ထူးခြားတာက သူ့ကိုယ်သူ ခန္ဓာကိုယ်ကြီး ကြီးမားအောင်လည်း လုပ်လို့ရသလို အလွန်သေးငယ်အောင်လည်း လုပ်လို့ရပါတယ်ဆိုတာပါပဲ။
ဒါနဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို သေးငယ်အောင် လုပ်ပြီး နွားရဲ့ အမြီး အစွန်လေးမှာ တွဲခိုပြီး ရွာတွင်း လိုက်ခဲ့ရတာကို မှတ်မိနေပါသေးတယ်။ ရွာထဲဝင်တဲ့အခါ ဘယ်သူမှ မသိအောင် ပုန်းခိုပြီးဝင်ရတဲ့သဘောပါ။ သူတို့လာတာကို ပထမသိတာက ခွေးတွေပါ။ သူကို တွေ့တော့ ရန်သူလာ တဲ့အတိုင်းပဲ ခွေးတွေက ဟောင်ကြပါလေရော၊ အဲဒါကို ရွာစောင့်နတ်က သိတယ်ဆိုရင် သူရွာထဲမ၀င်ရတော့ဘဲ အပြင်ပြန်ထွက်ရပါလိမ့်မယ်။
ဒါကြောင့်လည်း ခွေးတွေမမြင်အောင် နွားရဲ့အမြီးကြားမှာ တွဲခိုပုန်းလျှိုးပြီး လိုက်ခဲ့ရတာပါ။ ရွာထဲရောက်တော့ နွားရဲ့အမြီးကနေ ဆင်းကာ သူမအမေရှိရာ အိမ်သို့ ရောက်ခဲ့ပါတော့တယ်။ အမေ့အိမ်ဟာ အရင်လိုပါပဲ ဘာမှ မပြောင်းလဲပါ။ အိမ်တံခါးရောက်တယ်ဆိုရင်ပဲ အိမ်ထဲမှာ အမေရှိနေတယ်ဆိုတာ သူသိနေတယ်။ ထူးခြားတာက သူသိနေသလို သူမလာတာကို အမေကလည်း သိနေတယ်ဆိုတာ သူသိလိုက်ရတာပါ။ (စိတ်ချင်းဆက်သွယ်တဲ့ သဘောထင်ပါရဲ့)
အမေက “အော်….သမီးရောက်လာပြီကိုး၊ သမီးရေ….အမေလေ သမီးအတွက် အလှူလုပ်ပေးခဲ့တယ်လေ၊ အမေပေးတဲ့ အမျှ သမီး မရခဲ့ဘူးလား၊ သာဓုခေါ်မရသေးဘူးဆိုရင်လည်း သမီးရေ အမျှ…..အမျှ……အမျှ ယူနော်”၊ လို့ အမေက အမျှပေးလိုက်တဲ့အခါ သူမဟာ သာဓု….သာဓု………သာဓု လို့ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပြီးတဲ့နောက် ဘာမှမသိတော့ဘဲ မေ့သွားပါတော့တယ်။ သတိရလာတဲ့အချိန်မှာ အခုလက်ရှိဘ၀ကို ရောက်နေပီလေ………………။
ဒါဟာ သူမ ဖြစ်ခဲ့တဲ့ ဘ၀နှစ်ခုကို ပြောပြပါတယ်။ သူဟာ ပထမလူဖြစ်ရာကနေ သေဆုံးတဲ့အခါ ရွာအပြင်မှာ ပြေးနေရတဲ့ ဘ၀ဟာ ကျမ်းအလာနဲ့ ညှိမယ်ဆိုရင် ပြိတ္တာဘ၀ မှာသွားဖြစ်တာပါ။ ပြိတ္တာဘ၀ဆိုတာ ချမ်းသာကင်းတဲ့နေရာဖြစ်တယ်၊ စားစရာလည်းမရှိ၊ နေစရာလည်း မရှိ၊ ၀တ်စရာလည်းမရှိ တကယ်ဆင်းရဲတဲ့ ဘ၀ကြီးပေါ့။ ပြိတ္တာဘ၀မှာ ငါးရက်သာ နေခဲ့ရတယ်။ အိမ်ကအမေ့ကို သတိရလို့ ပြန်အလာ သာဓုခေါ်ရလို့ ပြိတ္တာဘ၀က ကျွတ်လွတ်ပြီး ဒီရွာမှာပဲ လူပြန်ဖြစ်လာရတာပါ ။ အော် အမေဟာ သူ့ကို နောက်ဘ၀ကျအောင် ကူညီနေသေးပါလား။ ဒါဟာ မကုန်နိုင်တဲ့ အမေ့ရဲ့ မေတ္တာတရား တွေပေါ့။
ဖြစ်ခဲ့တဲ့ ဘ၀တွေကို ပြန်သတိရတိုင်း ဒီလိုဘ၀ပြန်ရောက်သွားရမှာကို ကြောက်လှတဲ့အတွက် ကုသိုလ်ရေးနဲ့ပတ်သက်လာရင် ကုသိုလ်ရမဲ့အလုပ်ဆိုရင် အကုန်လုပ်ခဲ့ပါတယ်။ အခုလဲ တရားအားထုတ်တာဟာ သူ့အတွက် မဟာအခွင့်အရေးကြီးမို့လို့ ကြိုးစားအားထုတ်ခဲ့ရတယ်ဆိုတဲ့အကြောင်း ပြန်လည်ပြောပြချက်အရ သိရပါတယ်။
စာဖတ်သူများလည်း အညာသူလေး ခင်ယမုံ ရဲ့ ဖြစ်စဉ်မျိုး တစ်ကြိမ်မက အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ဖူးကြမှာပါ။ ကိုယ်ကမသိလို့ဖြစ်ပါလိမ့်မယ်။ ဒီအကြောင်းအရာကို သတိသံဝေယူပြီး ကုသိုလ်တရားမှန်က ပြည့်စုံသထက် ပြည့်စုံအောင် အားထုတ်သွားကြရမှာပါ။ သေမင်းက မဦးခင် ကိုယ်က အရင်ဦးအောင် ကုသိုလ်တရားမှန်သမျှ ဆည်းပူးသွားကြဖို့ပါပဲ။
ဘုရားရှင်က အကုသိုလ်မှန်သမျှ မလုပ်မိစေနဲ့၊ ကုသိုလ်မှန်သမျှ ပြည့်စုံ အောင် အားထုတ်ကြ၊ စိတ်ကို ဖြူစင်အောင် ထားကြ ဆိုတဲ့ မိန့်တော်မူခဲ့တဲ့ သြ၀ါဒတော်အတိုင်း လူဘ၀ရခိုက် ကုသိုလ်တရားနဲ့ အချိန်ကုန်ပြီး စိတ်ဖြူစင်ဖို့အတွက် တရားဘာဝနာများ နှလုံးသွင်းနိုင်ကြပါစေကြောင်း ပြောကြားရင်း…………………….

0 comments:
Post a Comment