Monday, November 9, 2009

ပတ်ဝန်းကျင်က မြတ်ဓမ္မ(၈)

ပါရမီ ကောင်းသူ ဖြစ်ပါသတဲ့
တစ်နေ့ အသက်ငါးဆယ်ကျော်ခန့် လူတစ်ယောက် ကျောင်းသို့ ရောက်ရှိလာပါတယ်။ စာရေးသူထံ လာရောက်ဝတ်ပြုအပြီး
“အရှင်ဘုရား….တပည့်တော် ငယ်ငယ်ကတည်းက အတွေးအခေါ်ပိုင်းဆိုင်ရာမှာ အလွန်ဝါသနာ ပါတယ်ဘုရား။ အခုကြီးလာတဲ့ အခါမှာလည်း အားအားရှိ တွေးခေါ်ပြီးနေပါတော့တယ်ဘုရား။ ဒီလိုတွေးခေါ်တဲ့နေရာမှာ တပည့်တော်က တစ်ခြားဟာထက် ဘာသာရေးနဲ့ပတ်သက်တဲ့ အတွေးတွေကိုပဲ တွေးတာများပါတယ်ဘုရား၊ သဘာဝတရားတွေကို တွေးတော့ နက်နဲတဲ့တရားတွေကိုပဲ တွေးမိလာ ပါတယ်။ ဒီလိုတွေးတဲ့အတွက်လည်း တပည့်တော်ဟာ ပါရမီပါခဲ့သူလို့လည်း ယူဆမိပါတယ်ဘုရား၊ ခက်ခဲနက်နဲတဲ့ တရားတွေကို တွေးနိုင်ပါတယ်ဘုရား။ ဒါကြောင့် မကြာခင်မှာပဲ သဘာဝအမှန်တရား(နိဗ္ဗာန်)ကို လွယ်လွယ်ကူကူ နဲ့ တပည့်တော် မြင်နိုင်မယ်လို့ ယူဆ မိပါ တယ်ဘုရား”။သူ့ကိုယ်သူ ပါရမီရက်ကျက်သူ လို့ ထင်ကာ လာရောက်လျှောက်ထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောချင်တာက………

လောကမှာ ကိုယ်ထင်တိုင်း ဖြစ်မလာတတ်တာ များပါတယ်။ ဖြစ်နိုင်တယ်လို့ ထင်မှတ်ထားတဲ့ အရာတစ်ခုဟာ ဖြစ်ချင်မှ ဖြစ်လာတတ်တာပါ။ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ အရာများဟာလည်း မမျှော်လင့်ပဲ ဖြစ်လာတတ်ကြတာလဲ ရှိပါတယ်။
တွေးသင့်သလောက်ပဲ တွေးရပါ့မယ်။ အမြဲတမ်းဖြစ်လာမဲ့အရာတွေကို ကြိုတင်တွေးပြီး အချိန်ကုန်ခံ မနေဖို့ပါ။ ဓမ္မရှုထောင့်ကနေကြည့်ရင်လဲ ဒီလိုပါပဲ၊ ငါဟာ ဒီဘ၀မဂ်ဖိုလ်မရနိုင်တော့ဘူး ဆိုပြီး စိတ်ပျက်အားငယ်တတ်ကြပါတယ်၊ အချို့က ဒီဘ၀တော့ မဂ်ဖိုလ်ရတော့မယ်၊ ငါဟာပါရမီ ပါသူဖြစ်တယ်ဆိုပြီး ကိုယ့်ဟာကို အထင်ကြီးနေတတ်ကြပါတယ်။ ဖြစ်နိုင်တယ်၊မဖြစ်နိုင်ဘူး ဆိုတဲ့ အတွေးအကြံကို အသာထားလို့ လက်ရှိကိုယ်လုပ်ရမဲ့ လုပ်သင့်တဲ့ အလုပ်ကို လက်တွေ့လုပ်လိုက်တာက အကောင်းဆုံးပါ။
ကိုယ့်ကိုယ်ကို အထင်ကြီးနေတာနဲ့ ပတ်သက်ပြီး၊ သီဟိုဠ်သာသနာထွန်းကားစဉ်က သီဟိုဠ်တောင်ဘက်စွန်းမှာ မဟာဂါမ ဆိုတဲ့ ရွာတရွာရှိတယ်။ အခုတာ့ မာဂမ လို့လည်း ခေါ်ကြတယ်။ မာဂမရွာရဲ့ မြောက်ဖက်မှာ တိဿမဟာစေတီ ဆိုတာရှိတယ်၊ ဒီတိဿမဟာစေတီ ရှိတဲ့နေရာမှာ တိဿမဟာဝီရ ဆိုတဲ့ ကျောင်းတစ်ကျေင်းရှိတယ်။ ဒီကျောင်း မဟာသီဝမထေရ် သီတင်းသုံးတော်မူပါတယ်။
ပိဋကတ်သုံးပုံကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်တော်မူပါတယ်။ တစ်နေ့တော့ သူ့ရဲ့ တပည့်ရဟန္တာတစ်ပါးက သူ့ဆရာ ဘယ်အခြေရောက်နေပီလဲ ဆိုတာကို ကြည့်တော့ ပုထုဇဉ်အဖြစ်နဲ့သာ ရှိသေးတာကို မြင်ရပါတယ်။ ဒါနဲ့ တပည့်ရဟန္တာက ဆရာကို တရားအားထုတ်ဖို့အတွက် သတိပေးတဲ့အနေနဲ့ ဆရာ့ထံ လာခဲ့ပါတယ်။
ရောက်တော့ ဆရာ့ထံမှာ စာတက်ချင်တယ်ဆိုတဲ့ အကြောင်းလျှောက်ထားတယ်။ ဆရာက သူ့ စာတက်စာမေးတဲ့ ပုဂ္ဂိုလ်တွေများ လွန်းလို့ စာမတက်ပေးနိုင်ဘူးလို့ ငြင်းလိုက်တယ်။ ဒီမှာ တပည့်ရဟန္တာက “ဒီလိုဆို ကိုယ့်အတွက် တရားအလုပ်အားထုတ်မဲ့အချိန်ရပါအုံးမလား ဘုရား၊ အရှင်ဘုရားဟာ သူတစ်ပါးရဲ့ မှီရာ ပျဉ်ချပ် လို ဖြစ်နေပီ။ တော်ပါပီ အရှင်ဘုရားထံမှ ဘာအနုမောဒနာမှ မနာလိုတော့ပါ” လို့ဆိုကာ ကောင်းကင်ကို ပျံတက်သွားတယ်။
မဟာသီဝမထေရ်က ဒီတပည့်ဟာ သူ့ထံ စာသင်လို့ လာတာမဟုတ်၊ ငါ့ကို သတိပေးရအောင်လာတာပဲ ဆိုပီး ညဖက် နောက်ဆုံးစာလာတက်တဲ့ရဟန်းတစ်ပါးနဲ့အတူ သပိတ်ယူကာ တောထွက်သွားပါတယ်။ တောထဲရောက်တော့ “ ငါလိုပုဂ္ဂိုလ်မျိုး ရဟန္တာဖြစ်ဖို့ မခဲယဉ်းပါဘူး။ ရဟန္တာဖြစ်သို့ ရောက်အောင် အားထုတ်ပြီး နှစ်ရက် သုံးရက်အတွင်း ရောက်အောင် ပြန်လာမယ်” လို့ တွေးထင်ထားပါတယ်။ ဒါပေမဲ့ သူထင်ထားတဲ့ သုံးရက်မပြောနဲ့ သုံးနှစ်ကြာလည်း မရသေးဘူး၊ နောင်နှစ်ပေါင်းသုံးဆယ်ကြာမှ အာသဝေါကင်းကွာ ရဟန္တာဖြစ်သွားပါ တယ်။
ဆိုလိုတာက ကိုယ်ထင်သလို မဖြစ်နိုင်တာလည်းရှိတယ်၊ မထင်မှတ်ထားပေမဲ့ မမျှော်လင့်ဘဲ ဖြစ်လာတတ်တာလည်း ရှိတယ် ဆိုတာပါပဲ။
လောကမှာ အချို့လူတွေဟာ ကိုယ်ထင်ရာကို ကိုယ်လုပ် အဟုတ်ထင်တတ်ကြပါတယ်။ အမှားအမှန်ဆိုတာကို ခွဲခြားဘို့နေနေသာသာ ကိုယ့် လုပ်တာမှ အမှန် လို့ ထင်တတ်ကြပါတယ်။ ဒါဟာလည်း ပုထုဇဉ်တို့ရဲ့ သဘာဝပါ။ သတ္တ၀ါတွေမှာ စရိုက် အမျိုးမျိုး ရှိတတ်ကြပါတယ်။
လူများဟာ မွေးလာကတည်းက တစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်းမတူ ကွဲပြားကြပါတယ်။ မအေတစ်ယောက်ထဲက ရှေ့နောက်ဆိုသလို လောကကြီးထဲ ရောက်လာတဲ့ အမွှားပူးလေးများတောင်မှ တစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်း မတူကြပါ။ စာရေးသူရဲ့နှမ အငယ်ဆုံးဝမ်းမှာ ကလေးသုံးယောက် အမွှာပူးမွေးခဲ့တယ်။ ရှေ့ဆက်နောက်ဆက်ဆိုသလို လောကအလယ်သို့ ရောက်လာကြ သူတွေပါ။ ဒါပေမဲ့ သူတို့လေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်းမတူကြပါဘူး။
ဒါကြောင့်လည်း ဘုရားရှင်က လူတွေမှာ ရာဂစရိတာ ၊ ဒေါသစရိတာ၊ မောဟစရိတာ၊ သဒ္ဓါစရိတာ၊ ဗုဒ္ဓိစရိတာ၊ ၀ိတက္ကစရိတာ၊ စရိုက် ခြောက်မျိုးရှိတယ်လို့ အဘိဓမ္မာမှာ ဟောတော်မူခဲ့ပါတယ်။
အဘိဓမ္မတ္ထသဂြိုလ်မှာပါတဲ့ စရိတ ကို အဋ္ဌကထာကြီးများမှာ ‘စရိယာ’ လို့ ပါရှိပါတယ်။ လူတို့ရဲ့ စရိုက်သဘောကို ဟောရာမှာ စရိယာ လို့ ပါတာက ပိုကောင်းပါတယ်လို့ မဟာဂန္ဓာရုံဆရာတော်က ဝေဖန်ပေးထားပါတယ်။ စရိုက်နဲ့ပတ်သက်ပြီး စာဖတ်သူများ နာလည်အောင် ပြော ရရင် စရိယာ(စရိုက်) ဆိုတာ “ပင်ကိုယ်ရိုးရာ သူတကာ ဖြစ်နေကျထက် လွန်ကဲပိုမိုပြီး အဖြစ်များခြင်းကို ‘စရိယာ’ လို့ ခေါ်ပါတယ်။
ရာဂစရိုက်ရှိသူဟာ ဒေါသ မောဟ ဖြစ်လောက်သော အာရုံမှာ မဖြစ်အောင် ချူပ်တည်းထားနိုင်သော်လည်း ရာဂ ဖြစ်လောက်တဲ့ အာရုံမှာတော့ လုံးဝမချူပ်တည်းနိုင်ပါ။ ထို့အတူပဲ ကျန်တဲ့ စရိုက်မျိုးရှိသူများမှာလည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ သတ္တ၀ါတစ်ဦးမှာ စရိုက်တစ်ခုစီ ရှိရမယ်လို့ မှတ်ယူလို့မရပါ။ အချို့သူများဟာ ဘယ်စရိုက်မှလည်း အထင်အရှားမရှိ။ အချို့ကတော့ စရိုက် နှစ်မျိုး ၊ သုံးမျိုး ရောနှောပြီး ရှိနေကြတာလည်း ရှိကြပါတယ်။
ဒီနေရာမှာ စရိုက်ရှိသူများရဲ့ အနေအထားကို သိရှိအောင် ပြောပြပါအုံးမယ်။
(၁)ရာဂစရိုက်…
ရာဂစရိုက်ရှိသူဟာ ဣရိယာပုထ်အနေနဲ့ အသွားအလာ အနေအထိုင် ယဉ်ကျေး ပျပ်ဝပ်ကြတယ်။ ကိစ္စအနေနဲ့ တံမြက်လှည်းတာ၊ အ၀တ်လျှော်ဖွတ်တာ၊ အ၀တ်အစား ဆင်ယင်တာ ကျန သေသပ်ပါတယ်။ အစားအစာအနေနဲ့ အချိုအဆိမ့် အမွှေးအကြိုင် နူးညံ့တဲ့ အစားအစာ များကို နှစ်သက်ပါတယ်။ ဒဿနအနေနဲ့ကတော့ အတော်အတန်လှပသာယာတဲ့ ရူပါရုံ၊သဒ္ဒါရုံများနဲ့ တွေ့ရင် မခွါချင်လောက်အောင် ဖြစ်တတ်ပါ တယ်။ သဘာဝ စိတ်အနေအထားကိုပြောရရင်တော့ ပရိယာယ် မာယာများတယ်၊ ကောက်ကျစ်စဉ်းလဲမှု သာဌေယျများတယ်၊မာနကြီးတယ်၊ လောဘရမက်ကြီးတယ်။
(၂) သဒ္ဓါစရိုက်….
ရာဂစရိုက်ရှိသူမှာ ပြခဲ့တဲ့ ဣရိယာပုထ်စတဲ့ အထက် လေးမျိုးစလုံး တူညီပါတယ်။ တရားဖြစ်ပုံ စိတ်အနေအထားကတော့ မာယာစတဲ့ အကုသိုလ်များ ဖြစ်လေ့မရှိဘဲ ကြည်လင် ရွှင်လန်းစွာနဲ့ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိပါတယ်။ ရဟန်းသံဃာကောင်းများကို ကိုးကွယ်ဆည်းကပ်ကာ တရားဒေသနာများ မှတ်သားနာယူလေ့ရှိကြပါတယ်။
(၃) ဒေါသစရိုက်..
ဣရိယာပုထ်အနေနဲ့ နွားရူးစူးထိုး နဖားကြိုးတင်းတဲ့ပုံဟန် လျင်မြန်မြန်ရှူးရှား ခြေဖျားနဲ့နင်းလျက် ရုန့်ရင်းကြမ်းတမ်းတေဲ့ အသွားအလာ အနေအထိုင်ရှိတယ်။ ကိစ္စ လုပ်ငန်းကို ပြုလုပ်တဲ့အခါမှာ တင့်တယ်သန့်ရပ်ခြင်းမရှိ၊ ချဉ် ငန် စပ် ခါး စူးရှတဲ့ အရသာများကိုပဲ နှစ်သက်တတ်တယ်။ မကောင်းတဲ့ အာရုံတွေနဲ့ တွေ့တဲ့အခါ ယမ်းပုံမှာ မီးကျသလို သည်းခံအောင်အည်း ချူပ်တည်းခြင်း ဆိုတာ မရှိ၊ဆဲဆိုငေါက်ငန်းတတ်ပြီး၊ စိတ်လဲတိုတတ်ပါတယ်။ သဘာဝစိတ်အနေအထားက ရန်ငြိုးဖွဲ့တဲ့ အာဃာတတရားတွေ ထားတတ်တယ်။ မနာလို ၀န်တိုမှု ရှိပါတယ်။ သူများဂုဏ်ကို ချေဖျက်လိုစိတ်ရှိတဲ့အတွက် ဂုဏ်တုဂုဏ်ပြိုင်ပြုလုပ်တတ်တယ်။ အပြောဆို ဆုံးမရခက်တတ် ပါတယ်။
(၄)ပညာစရိုက်ရှိသူ…
ပညာစရိုက်ရှိသူများမှာ ဒေါသစရိုက်ရှိသူများရဲ့ ဣရိယာပုထ်စတာတွေနဲ့ တူညီပြီး၊ စိတ်တိုခြင်းစတဲ့ အပြစ်များ မရောနှောဘဲ ဆိုးဆုံးမ လွယ်ကူတယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး ကိုယ့်နဲ့ သင့်မသင့်ဆိုတာကို နှိုင်းချင့်ပြီး စားတတ်တယ်။ ကုသိုလ်ကောင်းမှုအစုစုတွေကို ၀ီရိယ သန်သန်ဖြင့် မှန်မှန်ကြီး ပြုလေ့ရှိပါတယ်။
(၅)မောဟစရိုက်…
ဣရိယာပုထ်အနေနဲ့ မယဉ်ကျေး တွေဝေထိုင်းမှိုင်းပြီး၊ ရှုပ်ရှက်ခတ် ပြာယိပြာယာနဲ့ သွားလာတတ်ပါတယ်။ လုပ်ငန်းကိစ္စတွေမှာ ရုပ်ထွေးပေလိမ်လေ့ရှိတယ်။ အစားအသောက်မှာလည်း ဘယ်အရာကိုမှ တိတိပပ နှစ်သက်တာ မရှိ။ကိုယ့်အစွမ်းဖြင့် စုံစမ်းနှိုင်းချိန်ပြီး အဆိုးအကောင်း ကို မဆုံးဖြတ်တတ်။ နေရာတကာမှာ ကိုယ်က နောက်လိုက်ဖြစ်နေတတ်ပါတယ်။ အများကို ဘာဖြစ်တယ်ဆို သူကလဲ ဘာဖြစ် တယ် စတဲ့ သူများပါးစပ်ဖျားမှာ လမ်းဆုံးနေတတ်တယ်။ သတိပညာကင်းတယ်။ ထိုင်းမိုင်းပျင်းရိပြီး၊ ပျံ့လွင့်မှုများနဲ့သာ အချိန်ကုန်တတ်ပါတယ်။
(၆)၀ိတက်စရိုက်…
ဝိတက်စရိုက်ရှိသူများမှာ မောဟစရိုက်ရှိသူများနဲ့ မထူးခြား ၊ အကြံတွေများ စကားတွေ ပေါပြီး၊ ကိစ္စမချောဘဲ မျောနေတာက များပါ တယ်။ ကောင်းသောလုပ်ငန်း၊ ကုသိုလ်လုပ်ငန်းတွေမှာ အစွမ်းအစမရှိ၊ ပျင်းရိပြီး နေတတ်ပါတယ်။ အတွေးများ အကြံများတဲ့ သူတွေနဲ့သာ ပေါင်းဖက်ပြီး၊ တွေးကြံတွေများနေတတ်တဲ့ လူအား လူပိုတွေသာဖြစ်တယ်။ (သဂြိုလ်ဘာသာဋီကာ၊နှာ-၆၃၀)
ဘယ်သူဟာ ဘယ်လိုစရိုက်မျိုးရှိလဲ ဆိုတာ မပြောလိုပါဘူး၊ ကိုယ့်မှာ ဘာစရိုက်မျိုး ရှိတယ်ဆိုတာကို ဘုရှင်ဟောတော်မူတဲ့ စရိုက်ခြောက်မျိုးနဲ့ တိုက်ဆိုင်ကြည့်ရမယ်။ ပြီးမှ ကိုယ့်မှာ ရှိတဲ့စရိုက်နဲ့ လျော်အောင် ဘယ်တရားကို ကျင့်သုံးရမယ်ဆိုတာကို လေ့လာရပါမယ်။
ဒီလို ကျင့်သုံးနိုင်အောင် ဘုရားရှင်ဟောထားတာရှိပါတယ်။
တစ်ခါက ဘုရားရှင်ဟာ ကပိလ၀တ်မြို့နယ် မဟာဝုန်တောအရပ်မှာ သီတင်းသုံး စုဝေးနေခိုက်၊ စကြ်ာဝဠာတစ်သောင်းမှ နတ်ဗြဟ္မ များ ဘုရားရှင်ကို လာရောက်ဖူးမျှော်ကြပါတယ်။ မရေမတွက်နိုင်တဲ့ နတ်ဗြဟ္မာများ လာရောက်ဖူးမျှော်ကြတဲ့ မဟာသမယအခါကြီးမှာ ဘုရားရှင်က နတ်ဗြဟ္မာများ တရားထူးရရေးအတွက် သူတို့နဲ့ သင့်လျော်တဲ့ တရား -၆ သုတ်ကို ဟောကြားတော်မူပါတယ်။
(၁) ရာဂအဖြစ်များသူတို့အတွက် သမ္မာပရိဗ္ဗာဇနီယသုတ်၊(၂) ဒေါသအဖြစ်များသူတို့အတွက် ကလဟ၀ိဝါဒသုတ်။(၃) မောဟအဖြစ်များသူတို့အတွက် မဟာဗျူဟ သုတ်။(၄) ၀ိတက်အဖြစ်များသူတို့အတွက် စူဠဗျူဟ သုတ်။ (၅) သဒ္ဓါအဖြစ်များသူတို့အတွက် တိဝဋက သုတ်။ (၆) ပညာများသူတို့အတွက် ပုရာဘေဒသုတ် တို့ကို အသီးသီးဟောတော်မူခဲ့ပါတယ်။
ဥပမာလေးတစ်ခု အိုင်တီ ခေတ်ကြီးနဲ့ အညီ အင်တာနက်သုံးကြတဲ့ သူများဟာ ကိုယ်လိုချင်တဲ့ အကြောင်းကို ရှာဖွေကြပါတယ်၊ ကျောင်းသားများဆိုရင်လည်း စာမေးပွဲနဲ့ ပတ်သက်တဲ့ ၀က်ဆိုက်တွေကို ရှာဖွေပြီး စာမေးပွဲဖြေဆိုကြသလို၊ သတင်းနဲ့ပတ်သက်လို့ သိချင်တဲ့ သူများက သတင်းဝက်ဆိုက်တွေကို ရှာဖွေကြည့်ရှုကြတယ်။ ထို့အတူ အိမ်ထောင်ရေး၊ကျန်းမာရေး၊ စီးပွားရေး ၊ ဘာသာရေး စတဲ့ ကဏ္ဍများကို လိုအပ်သလို ဆိုင်ရာဝက်ဆိုက်များမှာ ၀င်ဝင်ရောက်လေ့လာခြင်းဖြင့် ဘ၀တိုးတက်အောင် ပြုလုပ်ကြရပါတယ်။
ဒီလိုပါပဲ အထက်ဖေါ်ပြခဲ့တဲ့ စရိုက်ခြောက်ပါးမှာ ကိုယ်ဟာ ဘယ်စရိုက်ရှိသလဲဆိုတာကို သိပြီး ကိုယ့်စရိုက်နဲ့ ကိုက်ညီမဲ့ တရားတော်များ( စရိုက်ခြောက်ပါးနဲ့သင့်လျော်တဲ့ တရားတော်ခြောက်ပုဒ်)ကို နာယူလေ့လာမှတ်သားရပါမယ်။ နာယူတဲ့အတိုင်းလဲ လိုက်နာကျင့်သုံးအားထုတ်ကြမယ်ဆိုရင် ဘ၀တိုးတက်ပြီး အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိနိင်ပါလိမ့် လို့ ပြောရင်း သတ္တ၀ါမှန်သမျှ တရားတွေ့နိုင်ကြပါစေ…………..

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More