Tuesday, November 3, 2009

အ၀တ်အစားထက် စိတ်သာအဓိကပါ

အမေး။ ။ဘုရားသွားတဲ့အခါ ဘောင်းဘီ စကပ် တွေ ၀တ်ပြီး သွားကြပါတယ်။ အ၀တ်အစားဟာ အဓိက မဟုတ်ဘူး စိတ်ပဲ အရေးကြီးတယ်လို့ သူငယ်ချင်းများက ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ခေတ်လူငယ်များအတွက် အမြင်ရှင်းအောင် ဖြေကြားပေးစေလိုပါတယ် ဘုရား။ ။
ခင်ဖုန်းမြင့်
ကွန်ပျူတာတက္ကသိုလ်

အဖြေ။ ။ ကာလံ ဒေသံ ဆိုတာ ရှိတယ်။ မြန်မာပြည်မှာ နေရင် မြန်မာပြည်ဓလေ့နဲ့ အညီ နေထိုင်နိုင်ရင်တော့ အကောင်းဆုံးပေါ့၊ သို့သော်လည်း ခေတ်ရေစီးကြောင်း ပြောင်းလဲလာတဲ့အတွက် ၀တ်စားဆင်ရင်မှု ပြောင်းလဲလာတာကိုတော့ လက်ခံရမှာပေါ့။ ဘုရားရင်ပြင်တော်ပေါ်မှာ ခေတ်ဆန်တဲ့ အ၀တ်အစားများကို ၀တ်သွားတဲ့အခါ လုံခြုံနေရင်တော့ အပြစ် မရှိပါဘူး။ ဒါပေမဲ့ ဘုရားရှင်အား အဂါရ၀ - မရိုသေရာ ရောက်နေပါတယ်။ စကပ်ဆိုတာမျိုးဟာ ခါးကုန်းလိုက်တာနဲ့ အဆင်မပြေတော့ဘူး။ ဒီလို အရှက်မလုံတဲ့ အ၀တ်အစားမျိုး ဘုရားအရှေ့ကို သွားရင် ဘယ်လိုသင့်တော်ပါ့မလဲ။
တစ်ချို့ကတော့ ခေတ်နဲ့အညီ ၀တ်စားဆင်ယင်ကြတာကို ပိုမိုနှစ်သက်ကြတယ်။ ဘုရားပေါ်ကို ဒီလိုအ၀တ်အစားတွေနဲ့ သွားလာချင်ကြတယ်။ ပိတ်ပင်တာကို မကြိုက်ကြဘူး။ ဒါဟာ လူငယ်သဘာဝပါ ။ ကိုယ်ကြိုက်တာထက် အများလက်ခံနိုင်ဖို့ လိုတယ်ဆိုတာ သိစေချင် ပါတယ်။
ဒါကြောင့် မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်သား စစ်စစ်ဖြစ်ကြတဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်များအနေနဲ့ မြန်မာပြည်ရဲ့ဓလေဖြစ်တဲ့ ၀တ်စားဆင်မှုကို ထိန်းသိမ်းဖို့ အထူးလိုအပ်ပါတယ်။ နောင်အနာဂတ်မှာ မြန်မာယဉ်ကျေးမှုအမွေအနှစ်ကို မျိုးဆက်သစ်လူငယ်များ မထိန်းသိမ်းရင် ဘယ်သူလာပြီး ထိန်းသိမ်းအုံးမှာလဲ။ ရှင်းရှင်းပြောရရင် ဘုရားပေါ်မှာ မြန်မာ့ယဉ်ကျေးမှုနဲ့အညီ သွားလာနိုင်က ပိုမိုကောင်းမွန်ပါ ကြောင်း အဖြေပေးလိုက်ရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More