Monday, November 2, 2009

ပတ်ဝန်းကျင်က မြတ်ဓမ္မ(၄)

အရက်သမားရဲ့စကား
နေ့တစ်နေ့ရဲ့ နံနက်ပိုင်းတစ်ခု…….အိပ်ရာထ မနက်မိုးလင်းကတည်းက ခေါင်းထဲ နောက်ကျိကျိနဲ့ အဆင်မပြေလှ၊ သွေးတိုင်းကြည့်တော့ သွေးတိုးနေတာ သိရတော့တယ်။ ခေါင်းက ကြာလေ မူးလေပဲ၊ ဒါနဲ့ နေသာအောင် ပက်လက်ကုလားထိုင်မှာ လျောင်းလျက် မိန်းပီးနေ လိုက်ပါတယ်။
ထိုစဉ် ကျောင်းပေါ်သို့ လူတစ်ယောက် ဒယိမ်ဒယိုင်နဲ့ တက်လာတာကို တွေ့လိုက်ရတယ်။ လမ်းသွားလို့မှ တည့်အောင် မသွားနိုင်တဲ့ လူဟာ အရက်မူးသမားဆိုတာ မြင်ယုံနဲ့ သိသာနေတော့တယ်။ အရက်မူးသမား အနားရောက်လာတော့ စာရေးသူရဲ့ ခြေကို ဖက်ပြီး ငိုပါလေ ရော။
စာရေးသူက သူမူးလို့ ငိုနေတာနေမှာ ဆိုပြီး ပေါက်ကွဲနေတဲ့ ကလေးတစ်ယောက်ကို ကြည့်သလိုပဲ ဘာမှ မပြောဘဲ ဆိတ်ဆိတ်နေ လိုက်တယ်။ ထိုသူဟာ ငိုလို့အားရပီဆိုတော့မှ မျက်ရည်သုတ်ပြီး မမျှော်လင့်တဲ့ စကားတစ်ခုကို ပြောလာတယ်။

“အရှင်ဘုရား………ဘာဖြစ်တာလဲဘုရား....”
“ ခေါင်းမူးလို့ မိန်းနေတာပါ ဒကာကြီး”
“ အရှင်ဘုရားရယ်……..ဒီအတိုင်းမနေပါနဲ့ ၊ တရားလေးဘာလေး မှတ်ဖို့ကော သတိရပါသေးလားဘုရား၊ တရားမှတ်ရတယ်ဘုရား” လူမှန်းမသိအောင် သောက်ထားတဲ့ အရက်သမားထံမှ မမျှော်လင့်တဲ့ စကားတစ်ခွန်းပါ။ အရက်သမားက ငါ့ကို ဆရာလာလုပ်ရကောင်းလားဆို ပြီး ဒေါသလည်း မထွက်နိုင်ပါ။ ခေါင်းထဲက မူးလိုက်တာလဲ တအားပဲ၊ ကိုယ့်ကိုယ်မှာလည်း ဒီတုန်းက ဘယ်တရားကိုမှ မရှုမှတ်မိပဲ မေ့နေတဲ့ အဖြစ်ပါ။ ဒါကို အရက်သမားက သတိပေးလိုက်သလိုဖြစ်သွားပါတယ်။ ဒါကြောင့်လည်း အရက်သမားအပေါ် ဒေါသမထွက်နိုင်အားတော့ပဲ ရောဂါဖြစ်ခြင်းအပေါ် သတိတရားထားနေ မိပါတော့တယ်။
အရက်သမားရဲ့ မမျှော်လင့်တဲ့စကားကြောင့် ရောဂါခံစားရလို့ မေ့နေတဲ့ သတိတရားများ ပြန်လည်ဖြစ်ပေါ်လာပြီး ခန္ဓာဥာဏ်စိုက် နှလုံးသွင်း ရှုမှတ်နေပါတော့တယ်။ အရက်သမားစကားဟာ သူများအတွက်တော့ ဘာမှ မဟုတ်ဘူးဆိုပေမဲ့ စာရေးသူအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာကြီး ကို ပိုင်ဆိုင်ရသလိုပါပဲ။ တန်ဖိုးကြီးလှပါတယ်။ စာရေးသူတောင်မှ မေ့နေသေးတယ်ဆိုရင်…
အိမ်ယာတည်ထောင် လူတို့ဘောင်မှာ နေကြတဲ့ လူများအဖို့ကတော့ အဘယ်ဆိုဘွယ်ရာ ရှိတော့မှာလဲ၊ လူတွေမှာ စားဝတ်ရေရေး အပြင် အိမ်ထောင်ရေး ကျန်းမာရေး အားလုံးအတွက် အလုပ်များလှပါတယ်။ ‘ လူတစ်ခု ပူမှုရယ်က ဆယ်ကုဋေ’ ဆိုတဲ့အတိုင်း ပူပင်သောက ရတက်မအေးလှတဲ့ လူသားများအဖို့ တရားဘာဝနာ ပွားမှုကို သတိရဖို့ နေနေသာသာ ဘုန်းတော်ကြီးကျောင်းကိုမှ ရောက်ဖို့ လွယ်လှတာ မဟုတ်ပါ။
“နွားသေရင် မြက်တန်းလန်း၊ လူသေရင် အလုပ်တန်းလန်း” ဆိုတဲ့ စကားပုံအတိုင်း နွားများဟာ မြက်စားရင်းနဲ့ သေကြရသလို လူများဟာ ကုသိုလ်ရေးတွေ မေ့လျော့နေပြီး အလုပ်လုပ်ရင်း သေကုန်ကြပါတော့တယ်။ ဒါဖြင့် လူတစ်ယောက်အဖို့ သားကျွေးမှု မယားကျွေးမှုတွေနဲ့ ဒီလိုသာ အလုပ်များနေမယ်ဆိုရင် သူ့အတွက် လူဖြစ်ရ ကျိုးမနပ်သလို အသက်ရှင်နေတာလည်း အဓိပ္ပါယ်မရှိတော့၊
တစ်ခါက ဒကာကြီးတစ်ယောက်က “ အရှင်ဘုရား…အခုအချိန်မှာ တပည့်တော် အလုပ်တွေကို ဖြတ်နိုင်အောင် ကြိုးစားနေပါတယ်။ နောင် ငါးနှစ်လောက်ကြာရင် အရှင်ဘုရားကျောင်းမှာပဲ လာနေတော့မယ်လို့ တွေးထားပါတယ်ဘုရား” ထိုသူပြောစကားအရ ငါးနှစ်ကြာတဲ့အခါ ကျောင်းမှာလာနေဖို့ နေနေသာသာ အလုပ်တွေကို အရင်ကထက် ပိုပြီး တိုးချဲ့ထားတဲ့အတွက် မအားလပ်အောင် ရှိနေပါတော့တယ်။
ဒါဆိုရင် ထိုသူ့အတွက် လူဖြစ်ရတာ အဓိပ္ပါယ်ရှိပါတော့မလား၊ အသက်ရှင်နေရတာ ဘ၀အတွက်လား အလုပ်အတွက်လား ဆိုတာကို ခွဲခြား မသိသေးသမျှကာလပတ်လုံး ဒီဘောင်ထဲက ရုံးထွက်နိုင်မှာ မဟုတ်ပါ။
သတိရမိပါသေးတယ်၊ တစ်နေ့ အမျိုးသမီးတစ်ယောက်က “အသက်ရှင်နေတာဟာ သူ့အတွက်လား ကိုယ့်အတွက်လား၊ အများအတွက်လား ဆိုတာကို သိချင်တယ်ဆိုတဲ့အကြောင်း အင်တာနက် စာမျက်နှာပေါ်မှာ လာရောက်မေးမြန်းထားပါတယ်။ ဒီအမေးဟာ ခေတ်လူငယ်တစ်ဦးရဲ့ အတွေးသစ်နဲ့ မေးထားတဲ့ မေးခွန်းလေးပါ။
ဒါကြောင့်လည်း စာရေးသူက အတွေးသစ်နဲ့မေးထားတာလေးကို အတွေးအခေါ်ဆန်းသစ်တဲ့ အဖြေလေးနဲ့ ပြန်ဖြေပေးလိုက်ပါ တယ်။
(အသက်ရှင်နေတာဟာ ကိုယ့်အတွက်ဖြစ်သလို သူများအတွက်လည်း ပါတယ်လို့ ဆိုရပါမယ်။ သူများအတွက်ဆိုတာက အများကောင်းကျိုးအတွက် အသက်ရှင်နေတာကို ပြောတာပါ၊ တခါက ဆရာတော်ကြီးတစ်ပါးကို ဒကာတစ်ဦးက “အရှင်ဘုရား…တရားကောအား ထုတ်ရဲ့လား” လို့ လျှောက်ထားတော့ ဆရာတော်က “ အေး…ဘုန်းကြီး တရားအားမထုတ်သေးဘူး၊ တကယ်လို့ တရားအားထုတ်လို့ မတော်တဆ ရဟန္တာဖြစ်သွားရင် အခုလုပ်နေတဲ့ ဆေးရုံလုပ်ငန်း၊ ရေအလှူလုပ်ငန်း၊ တက္ကသိုလ်လုပ်ငန်းတွေကို ဘယ်သူမှ လုပ်တဲ့သူ ရှိမှာမဟုတ်ဘူး” ဆိုပီး ပြောခဲ့ပါသေးတယ်။
ဆရာတော်ဘုရားကြီးဟာ ပရဟိတ အများကောင်းကျိုးအတွက် အလုပ်လုပ်နေတယ်ဆိုပေမဲ့ သူ့အတွက်လည်း ရပီးသား ဖြစ်သွားပါတာပါ။ “အများအကျိုးဆောင် ကိုယ့်အကျိုးအောင်” ဆိုတဲ့ စကားအတိုင်းပေါ့။ ဒါကြောင့် အသက်ရှင်နေရတာဟာ သူများအကျိုးအတွက်လည်း ဖြစ်သလို ကိုယ့်အတွက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူတစ်ပါး အကျိုးအတွက်လည်းမပါ ကိုယ့်အတွက်လည်း မပါတဲ့ အသက်ရှင်ခြင်းမျိုးတော့ လုံးဝမဖြစ်သင့်ဘူး ဆိုတဲ့ အကြောင်းကို ဖြေကြားပေးလိုက်ပါတယ်။
ဒါက ကြုံလို့ ပြောလိုက်ရခြင်းပါ အထက်ကစကားကို ပြန်ဆက်ပါရစေ၊ လောကလူများဟာ အရက်သမားပြောသလို မေ့နေကြတာက များပါတယ်။ စာရေးသူအား အရက်သမားရဲ့ မမျှော်လင့်တဲ့ စကားကြောင့် “ငါ မသေသေးသမျှ ဘာဝနာတရား ကြိုးစား ပွားများရအုံးမှာလား” ဆိုတဲ့ အသိတရားဝင်လာရပါတယ်။ ဒီလိုပါပဲ လောကလူသားများလည်း အရက်သမားစကားလို မမေ့မလျော့စေပဲ တရားဘာဝနာများ အားထုတ် နိင်ပါစေလို့ ဆန္ဒပြုရင်း………..

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More