အညာသူတို့ရဲ့သဒ္ဓါတရား
စာရေးသူဟာ လွန်ခဲ့ဆယ်နှစ်ခန့်က အညာဒေသတစ်ခွင် သာသနာပြု ကြွဖြစ်ခဲ့ပါတယ်။ အညာဒေသဆိုလို့ ရမည်းသင်းမြို့နယ်၊ သိုက်မြှောင်ရွာလေးပါ။ ထိုရွာလေးဟာ လယ်လုပ်၊ ငရုပ်၊ ကြက်သွန် စိုက်ပျိုးခြင်းဖြင့် လုပ်ကိုင်ကြပါတယ်။ အညာကျေးလက်ဒေသနေ လူများဟာ စိတ်ထား ဖြောက်မတ် ဖြူစင် ရိုးသားကြတဲ့အပြင် စိတ်သဘောထားလည်း ကောင်းကြပါတယ်။
အညာဒေသ တရားစခန်းကျင်းပမယ်လို့ သိလိုက်ကြတဲ့ ရွာသူရွာသားများဟာ ကြိုတင်ပြီး အလုပ်ပြီးအောင် ကြိုးစားလုပ်ထားကြပါတယ်။ တရားစခန်းကျရင် တရားအားထုတ်နိုင်အောင်လို့ပါပဲ။ သို့နှင့် တရားစခန်း ဖွင့်လှစ်ပါပြီ။ ရွာထဲမှ ဒကာတစ်ဦး စာရေးသူထံသို့ အရေးတကြီး လာရောက်လျှောက်ထားပါတယ်။
“အရှင်ဘုရား…..တပည့်တော်မ သမီးလေးနှစ်ယောက်ယောက်လည်း တရားစခန်းဝင်ချင်ပါတယ်၊ ဒါပေမဲ့ အခုထိ အလုပ်ကမပီးသေးတော့ တရားအားမထုတ်ရ ဖြစ်နေပါတယ်ဘုရား။ ဒီညတော့ လုပ်လက်စအလုပ်လေးကို အပြီးသတ် တစ်ညလုံးပေါက် မပြီးမချင်းလုပ်ပြီး မနက်ဖန် တရားစခန်းဝင်မယ်လို့ ပြောနေပါတယ်ဘုရား။ ခမျာများ အရှင်ဘုရား ကြွမလာခင်ကတည်းက တရားစခန်းဝင်ဖို့ အားခဲ့ထားကြတာပါဘုရား။ မနက်ဖန် သမီးလေးနှစ်ယောက် တရားအားထုတ် နိုင်ဖို့အတွက် တပည့်တော် လာရောက်လျှောက်ထားရခြင်း ဖြစ်ပါတယ်ဘုရား”။
ကြားလိုက်ရတဲ့ စကားကြောင့် မမြင်ရသေးတဲ့ ရွာသူလေးနှစ်ယောက်ရဲ့သဒ္ဓါတရားကို ချီးမကျူးပဲ မနေနိင်တော့ပါ။ တရားအားထုတ်ရဖို့အခွင့်အရေး ဆုံးရှုံးသွားမှာစိုးလို့ တစ်ညလုံးပေါက် အလုပ်လုပ်ပြီး မနက်ဖန် တရားစခန်းဝင်ကြမယ်ဆိုပါလား။
အသက်အားဖြင့် (၁၈)နှစ်ဝန်းကျင် လောက်ပဲ ရှိအုံးမှာပါ။ အသက်ငယ်သော်လည်း သဒ္ဓါတရား အားကြီးတဲ့ သူတွေပါလားလို့ သတ်မှတ်လိုက်ရတဲ့အထိ ဖြစ်သွားပါတယ်။
ဒီလိုပါပဲ ဘုရားရှင်လက်ထက်က သဒ္ဓါတရားကောင်းလွန်းတဲ့ သူများကို ပိဋကတ်စာပေမှာ ဖတ်ခဲ့ရပါတယ်။ တစ်ခါက အယျမိတ္တဆိုတဲ့ ရဟန်းတော်လေးတစ်ပါးဟာ တရားအားထုတ်ဖို့ ဆိုပြီး ကဿက လှိုဏ်ဂူသို့ ရောက်ခဲ့ပါတယ်။ ထိုလှိုဏ်ဂူနဲ့ မနီးမဝေးမှာ ရွာလေးတစ်ရွာရှိတယ်။
ထိုရွာရဲ့ ရွာတံခါးပေါက်အနီးမှာ တဲကုတ်လေးထိုးပြီး နေနေကြရှာတဲ့ သားအမိနှစ်ယောက်ရှိတယ်။ သူ့တို့ရဲ့ အခြေအနေက တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ဘ၀ပါ။ မနက်လင်းတယ်ဆိုရင် အမေဖြစ်တဲ့သူက တောထဲ ထင်းခွေသွား ၊ ရလာတဲ့ ထင်းပိုင်းလေးများကို ရောင်းချပြီး ဆန်၊ဆီ။ဆားတို့ကို ၀ယ်ရပါတယ်။ အမေအိုကြီးခမျာ အသက်ကြီးပေမဲ့ ၀မ်းစာရေးအတွက် မနေသာပဲ ဖွေရှာခဲ့ရတာဟာ တစ်ရက်လည်းမဟုတ် တစ်လလည်းမဟုတ်၊ တစ်နှစ်လည်းမဟုတ် ၊ ကြာခဲ့ပါပြီ။
ဒီလိုနဲ့ တစ်နေ့တော့ ကဿကလှိုဏ်ဂူမှာ တရားအားထုတ်နေတဲ့ ရဟန်းတော်လေးဟာ တောင်ခြေအနီး ရွာလေးဆီသို့ ဆွမ်းခံဝင်ပါတယ်။ ရဟန်းတော်လေးဟာ တရားအားထုတ်နေတာ ဖြစ်တဲ့အတွက် ဆွမ်းခံတဲ့အခါမှာလဲ ခြေလှမ်းတိုင်း သတိလေးကပ်ပြီး တရားရှုမှတ်နေတာပါတယ်။ဒါကြောင့်လည်း သူ့ရဲ့ ခြေလှမ်းများဟာ “ခြေတစ်လှမ်း ကုဋေတစ်သန်း” ဆိုတဲ့အတိုင်း ဣနြေ္ဒ ရှိလွန်းနေပါတယ်။ ဒါကို ရွာတံခါးဝနားမှာ နေတဲ့ အမေအိုကြီးတို့ သားအမိက မြင်လိုက်ပါတယ်။ အဲဒီမှာ အမေကြီးက စားလို့မရှိသော်လည်း ရဟန်းတော်လေးအပေါ်မှာ သားကဲ့သို့ ချစ်ခင်လှတာကြောင့် ဆွမ်းလောင်းလှူလိုက်ပါတယ်။ ပြီးတော့ သူ့ရဲ့နေအိမ်သို့ နေ့တိုင်း ကြွပြီး ဆွမ်းအလှူခံဖို့ကိုလည်း လျှောက်ထားလိုက်သေးတယ်။
တစ်နေ့တော့ ရဟန်းတ်ာလေးဟာ ဆင်းရဲတဲ့ သားအမိနှစ်ယောက်ရဲ့ အိမ်ပေါက်ဝနားမှာ ဆွမ်းရပ်ပါတယ်။ အဲဒီမှာ အိမ်ထဲက သားအမိနှစ်ယောက် ပြောနေတဲ့ စကားသံများကို နားထောင်နေလိုက်တယ်၊ သူတို့ပြောပီးမှ အိမ်ထဲဝင်မယ်ဆိုတဲ့ သဘောနဲ့ပေါ့။
တဲအိမ်လေးထဲမှာ သမီးဖြစ်သူက “ အမေ….ဒီနေ့ အမေရဲ့သားကြီး သမီးရဲ့ အစ်ကို ဆွမ်းခံလာတယ်ဆိုရင် ဘာနဲ့ လှူလိုက်ရမလဲ အမေ…” ။
“သမီးရယ်…..ဆန်အိုးထဲမှာလေ သားတော်အတွက် ဆန်ဟောင်းလေးတွေ ရှိတယ်၊ ပြီးတေ့ ဒီဖက်နားမှာ ထောပတ်၊တင်လှဲစတဲ့ အရသာကောင်းတဲ့ အစားအစာများလဲ ရှိတယ်သမီးရဲ့ အဲဒါလေးတွေကို သမီးချက်ပြုတ်ပြီး သားတော်ရဟန်းလာရင် လောင်းလှူလိုက် သမီးနော်…..”
“အမေ…..ဒီလိုဆို အမေ တောထဲကနေ မောမောပန်းပန်းနဲ့ ထင်းခွေရာက ပြန်လာတဲ့အခါ ဘာနဲ့စားမှာလဲအမေ….”
“ သမီးရယ်….အမေတို့ကလေ အလုပ်ကြမ်းသမားတွေဆိုတော့ ဆန်ကွဲလေးကို ကြိုသောက်ရင်လဲ ဖြစ်တာပဲသမီးရယ်၊ အရေးကြီးတာက သမီးမောင်တော် အမေ့ရဲ့သားတော်လေး လာရင်သာ ကောင်းပေ့ဆိုတဲ့ အရာလေးတွေကို ယူပြီး လောင်းလှူလိုက်နော် သမီး……”။
သားအမိနှစ်ယောက် ပြောဆိုနေတဲ့ စကားကို အိမ်အပြင်ဝက နားထောင်နေတဲ့ ရဟန်းတော်လေးက ကြားတော့ “ ငါ့အတွက်တော့ ကောင်းပေ့ဆိုတဲ့ ဟင်းတွေကို ပေးလှူမယ်။ သူတို့အတွက်တော့ ဆန်ကွဲလေးတွေကို ကျုချက်သောက်မယ်တဲ့၊ ရှာမှ ရှားတဲ့ သဒ္ဓတရားပိုင်ရှင်တွေပါလား၊ ဟဲ့….အယျမိတ္တ…ဒီသားအမိနှစ်ယောက်ရဲ့ သဒ္ဓါတရားနဲ့ ထိုက်တန်တဲ့ သီလ၊သမာဓိ၊ပညာ မင်းဆီမှာ ရှိနေပီလား၊ တကယ်လို့ မရှိသေးဘူဆိုရင် သူတို့လှူတဲ့ဆွမ်းကို မင်း အလှူမခံသင့်ဘူး၊ မင်းနဲ့ မထိုက်တန်သေးဘူး။ သူတို့ရဲ့ ရှာမှ ရှားတဲ့ သဒ္ဓါတရားနဲ့ ထိုက်တန်အောင် ငါ တရားထူးရအောင် အားထုတ်မယ်” ဆိုပြီး ဆွမ်းမခံတော့ဘဲ လာရာလမ်းကို ပြန်လှည့်ကာ ကဿကလှိုဏ်ဂူထဲကို ပြန်ကြွ လာပါတယ်။
ရဟန်းတော်လေးဟာ တရားထူးမရသမျှ ဒီနေရာကနေ မထတော့ဘူး၊ တရားအားထုတ်ရင်းသေချင်သေပါစေ ဆိုတဲ့ စတုရင်္ဂ ၀ီရိယနဲ့ အားထုတ်လိုက်တာ မကြာခင်မှာပဲ ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ရဟန္တာဖြစ်တော်မူမှ သားအမိနှစ်ယောက်ရဲ့ ဆွမ်းကို အလှူခံပြီး သားအမိနှစ်ယောက်ကို ငှဲ့ကာ အိမ်မှာပဲ ဆွမ်းဘုဉ်းပေးတော်မူရှာပါတယ်။
ဒါဟာ ရှာမှရှားတဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့ သူများ ရှေးယခင်ကတည်းကလည်း ရှိခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြတာပါ။ ဒီအ ကြောင်းကို နာယူမှတ်သားပြီး စာဖတ်သူများ သဒ္ဓါတရားတိုးပွားကာ မရှိသေးတဲ့ သီလ၊ သမာဓိ၊ ပညာတရားများ ရှိလာအောင် ဘာဝနာတရားများ အားထုတ်နိုင်ပါစေလို့ ဆန္ဒပြုရင်း အညာကျေးလက်ဒေသမှ သဒ္ဓါတရား ကောင်းလွန်းတဲ့ ရွာသူလေးနှစ်ယောက်ရဲ့ သဒ္ဓါတရားကို အသိအမှတ်ပြုလျက်…………………………..

0 comments:
Post a Comment