နေရာတိုင်းမှာ သူတို့ ရှိနေကြတယ် .............
အင်တာနက် စာမျက်နှာပေါ် မှာ သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ဗုဒ္ဓဂါယာမှာ မြန်မာပြည်မှ ဓမ္မကထိကဆရာတော်တစ်ပါး ပျံလွန်တော်မူ တဲ့သတင်း ပါ။ ဖြစ်ပုံက ကားနှစ်စင်း တိုက်မိရာက ဆရာတော်တစ်ပါးနှင့် ဒကာမတစ်ဦး ဆေးရုံတင်လိုက်ရတယ်။ အဲဒီမှာ ဆရာတော်က ဦးနှောက်ထဲ သွေးစိမ့်တဲ့အတွက် ပျံလွန်တော်မူခဲ့ပြီး၊ ဒကာမတစ်ဦးက ခြေထောက် သုံးပိုင်းကျိုးသွားပါတယ်။
တခါ တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ မြန်မာအမျိုးသားတစ်ယောက် A H1 N1 ရောဂါဖြင့် မကြာသေးခင်က သေဆုံးသွားတယ်။
လန်ဒန်မြို့ရဲ့ ရပ်ကွက်တစ်ခုဖြစ်တဲ့ docklands မှာ အင်ဂျင်နီယာမြန်မာအမျိုးသားလေးတစ်ယောက်ရှိတယ်၊သူ့ရဲ့ မိဘများက ဆရာဝန်တွေပါ။ တစ်နေ့ ရပ်ကွက်ထဲ ဒီဘက်ကနေ ဟိုဘက် လမ်းအကူးမှာ အရိုက်ခံရလို့ ပွဲချင်းပီး သေသွားပါသတဲ့။
တစ်ခါက အင်္ဂလန်နိုင်ငံ မန်းစဖီးလ်မြို့မှာ မြန်မာဆရာဝန်တစ်ယောက် ဆိုင်ကယ်လေးနဲ့ တောလမ်းအတိုင်း မောင်းလာတာ ကားနဲ့ဝင်တိုက်မိတယ်။ ဆေးခန်းရောက်တော့ အတိုက်ခံရတဲ့ ဆရာဝန်ရဲ့ ခန္ဓာကိုယ်ဟာ ဖွဲအိပ်လိုဖြစ်နေပြီ၊မရတော့ဘူး၊ မကြာဘူး သေသွားပါတယ်။
ကြားရတဲ့သတင်းများကြောင့် “နေရာတိုင်းမှာ သူတို့ရှိနေတယ်၊ သူတို့ နေရာယူ မင်းမူနေကြတယ်” ဆိုတဲ့အတွေးက ၀င်လာပါတယ်။ သူတို့ ဆိုတာက တခြား မဟုတ်ဘူး၊ အို - နာ - သေ ဆိုတဲ့ သူတို့တွေပါ။ သူတို့ နေရာတိုင်းမှာ ရှိသလို အချိန်တိုင်းမှာလည်း ရှိနေတယ်ဆိုတာ အထက်ပါအဖြစ်အပျက်က သက်သေခံနေ ပါတယ်။ ဒါကြောင့် သတ္တ၀ါရယ်လို့ ဖြစ်လာကတည်းက သူတို့နဲ့ ရင်ဆိုင်နေကြရတာပါ၊ မျက်နှာလွဲပြီး မသိယောင်ဆောင်နေလို့လဲ မရ၊ မျက်နှာချင်းမဆိုင်ချင်လဲ ဆိုင်နေရ၊ မတွေ့ချင်လဲ တွေ့နေရ ၊ မခံစားချင်လဲ ခံစားနေကြရတယ်။
တစ်ခါက သက်မဲ့ပစ္စည်းများ ဆုံးပါးသွားတာ ကြုံခဲ့ရဖူးပါတယ်။ ရုတ်တရက် စိတ်ထဲ အရမ်းခံစားလိုက်ရတယ်။ ဒီလိုခံစားမှုပြင်းထန်သွားရတဲ့ အကြောင်းအရင်းကို ရှာဖွေ တဲ့အခါ သက်ရှိ/သက်မဲ့ပစ္စည်းအပေါ်မှာ စွဲငြိတာတွေ၊ နမြောတာတွေ များနေတဲ့အတွက် ကြောင့်လို့ သိလာရတယ်။ တစ်နေ့ကျရင် သက်မဲ့ ပစ္စည်းကိုမပြောနဲ့၊ သက်ရှိခန္ဓာကိုယ်ကြီးကိုပါ စွန့်ခွါသွားရမှာပါ။
ဒါကြောင့်လည်း…. “ဟေ့............ ဒီသက်မဲ့ပစ္စည်းတွေ မင်းဆီက စွန့်ခွါသွားတာကို ခံစားမှုသိပ်ပြင်းနေရင် မင်းရဲ့ အသက်နဲ့ခန္ဓာကိုယ် တကယ်တန်း စွန့်လွတ်ရမဲ့အချိန် ရောက်ရင် မင်းဘယ်လို လုပ်မလဲ။ ဒီလိုပဲ ခံစားမှု ပြင်းထန်နေမယ်ဆိုရင် ရင်လေးစရာကောင်းတယ်။ မင်း ဘာမဟုတ်တဲ့ စွန့်ခွာ မှုအပေါ် ဥပေက္ခာချနိုင်ရမယ်” လို့ ကိုယ့်စိတ်ကို ကိုယ် သတိဥာဏ်နဲ့ ဆုံးမလိုက်ရပါတယ်။ ဒိလိုပါပဲ စာဖတ်သူများလည်း အရေးကြုံလာတဲ့အခါ (ဒီအဖြစ်မျိုး ကြုံလာတဲ့အခါ ) မိမိကိုယ်ကို ဆုံးမနိင်တဲ့ သူတစ်ယောက်ဖြစ်အောင် သတိဥာဏ် ဦးစီးထားဖို့ လိုပါလိမ့်မယ်။
အဲဒီလို စိတ်ကို သတိပေးလိုက်တော့မှ စိတ်သက်သာရာ ရသွားပါတယ်။ စကားက လမ်းကြောင်းလွဲသွားတယ်၊ ဖေါ်ပြခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဆက်ပြောပါရစေ။ လူတွေဟာ နေရာတိုင်းမှာ အချိန်မရွေး အိုနေကြတယ်၊ နာနေကြတယ်၊ သေနေကြတယ်။
လူတိုင်းကို သူတို့ကပဲ လွမ်းမိုးနေပါတယ်။ တကယ်တမ်း စွန့်လွတ်မှု၊ စွန့်ခွါမှုဆိုတာတွေ နဲ့ ကြုံရတော့မယ် ဆိုရင် ဘယ်နေရာမှာ ပဲ ပုံးပုံး၊ ကုန်ကုန်ပြောမယ်၊ စကြ်ာဝဠာအပြင်ဘက်မှာပဲ ပုံးစေဦးတော့ မလွတ်နိုင်ပါ ဘူး။
တခါတရံ အချို့လူများက ခရီးသွားရင် အန္တရာယ်တွေ့နိုင်တယ်လို့ မှတ်ထင်ပြီး အန္တရာယ်က ကင်းအောင် ခရီးမသွားပဲ အိမ်မှာပဲ နေလေ့ရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဘေးတွေက အိမ်မှာနေတော့ရော လွတ်နိုင်မှာတဲ့လား။ မလွတ်နိင်ပါဘူး။ ဘယ်ကိုပဲ ပြေးပြေး သူတို့ရဲ့ လက်က ပြေးမလွတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုရင် သူတို့က နေရာတိုင်းမှာ ရှိနေလို့ပါပဲ။
ဒါနဲ့စပ်ပြီး ဘုရားစကားတော်တစ်ပုဒ်
န အန္တလိက္ခေန သမုဒ္ဒမဇ္စျေ ၊ န ပဗ္ဗတာနံ ၀ိဝရံ ပ၀ိဿ။
အထက်ကောင်းကင်တခွင်ကို တက်သွား တက်သွား၊ သမုဒ္ဒရာအလယ် ပြသာဒ်ကြီးနဲ့ပဲ နေနေ၊ သုမဒ္ဒရာကြမ်းပြင်အောက်မှာပဲ ပုန်းပုန်း၊ တောင်ခေါင်းတောင်ကြားတွေမှာ ၀င်သွား၍ ပုန်းပုန်း၊ အရှင်သေမင်းရဲ့ အနှိပ်စက်ခြင်း မခံရတဲ့ မြေအရပ်ဟာ တလောကလုံးမှာ ရှိရိုး ထုံးစံမဟုတ် လို့ ဘုရားရှင်က ဓမ္မပဒပါပ၀ဂ်၊ သုပ္ပဗုဒ္ဓ၀တ္ထုမှာ ဟောတော်မူထားပါတယ်။
သူတို့ရဲ့ပိုင်နက်က ရှောင်လွဲလို့ မရတော့ဘူးဆိုရင် ရေနစ်တဲ့သူများ မြက်ပင်လေး လှမ်းဆွဲပြီး အားကိုးပြုစရာရှာကြသလို အားကိုးစရာ ရှာရတော့မှာပေါ့၊ ဘယ်မှာလဲ အားကိုးစရာ….
တခါက ဗာရာဏသီပြည်၊ ဗြဟ္မဒတ်မင်း အုပ်စိုးစဉ် ဗာရာဏသီမြို့တံခါးအနီး၊ ၀က်မတကောင်ရဲ့ ၀မ်းမှ ၀က်ကလေး နှစ်ကောင် မွေးလာတယ်။ တစ်နေ့ အမျိုးသမီးအိုကြီးတစ်ယောက် ၀က်လေးတွေ ရှိတဲ့နေရာကို တောင်ဝှေးထောင့်ပြီး လျှောက်လာတယ်။ ဒီအခါ မိခင်ဝက်မကြီးဟာ တောင်ဝှေးထောက်သံ ကြားရတဲ့အတွက် သေဘေးကြောက်ရွံ့ပြီး ၀က်ကလေးနှစ်ကောင်ကို ထားခဲ့ကာ ထွက်ပြေးသွားရှာ ပါတော့တယ်။ အော်….လောကကြီးမှာ သေဘေးကို မကြောက်တဲ့ ပုထုဇဉ်ရယ်လို့ မရှိပါလား….
အမျိုးသမီးကြီးဟာ ကျန်ခဲ့တဲ့ ၀က်ကလေးနှစ်ကောင် မြင်လိုက်တာနဲ့ ကိုယ့်ရဲ့သားသမီးလိုပဲ ချစ်ခင်သွားတဲ့အတွက် ၀က်ကလေးတွေကို တောင်းထဲထည့်ပြီး အိမ်သို့ ယူလာပါတယ်။ ၀က်ညီနောင်အနက် အကိုယ်ဖြစ်သူ ဘုရားအလောင်းကိုတော့ “မဟာတုဏ္ဍိလ” ၊ ညီဖြစ်သူကိုတော့ “စူဠတုဏ္ဍိလ” လို့ အမည်ပေးပါတယ်။ ဒီလိုနဲ့ ၀က်လေးနှစ်ကောင် ကြီးပျင်းလာတဲ့အခါ အသားကဆူဖြိုးဝကစ်နေတော့ ဗာရာဏသီပြည်မှ ၀က်ကလေးများကို မျက်စိကျတဲ့သူများက ငွေကြေးပေးပြီးဝယ်ကြတယ်၊ တချို့က မတန်မရာ ဈေးကြီးပေးပြီး ၀ယ်ကြပြန်တယ်။
ဒါပေမဲ့ အမျိုးသမီးကြီးကတော့ သားလိုချစ်လှတဲ့အတွက် ဘယ်လောက်ပေးပေး မရောင်းပါဘူး။ တစ်နေ့… နေက္ခတ်ပွဲသဘင်အချိန် အခါ ရောက်လာတော့ လူတွေပျော်ကြတယ်။ ဒီအထဲ အရက်သမားများလည်း ပါပါတယ်။ အရက်သမားများဟာ အရက်နဲ့ မြည်းဖို့အတွက် အသားကုန်သွားတဲ့အခါ အသားရမဲ့နေရာ စုံစမ်းတော့ ၀က်ညီနောင်နှစ်ကောင် ရှိတဲ့နေရာကို သိသွားပါတယ်။
အရက်သမားများက အမျိုးသမီးကြီးထံသွားပြီး
“အို မိခင် ၀က်လေးတွေကို ရောင်းပါလား” ။
“ သူငယ်တို့ ဒီဝက်လေးတွေဟာ သိပ်လိမ်မာတယ် သူတို့ကို ငါ သားသမီးလို ချစ်လည်းချစ် သံယောဇဉ်လဲရှိတယ်၊ ငါ မရောင်းနိုင်ဘူး” ၀က်ကလေးအပေါ် အမျိုးသမီးကြီးရဲ့ ချစ်ခြင်းကို သိရတဲ့အတွက် ရောင်းမှာ မဟုတ်ဘူးဆိုတာကို အရက်သမားများက သိတယ်။ ဒါနဲ့ အမျိုးသမီး ကြီးကို အရက်မူးအောက် တိုက်ပါတယ်။ အရက်မူးတော့ အမှန်မမြင်နိုင်တော့ဘူး၊ အဲဒီအခွင့်အရေးကို စောင့်နေတဲ့ အရက်သမားများက ၀က်လေးတစ်ကောင် ရောင်းပါ ဆိုတော့ မဟာတုဏ္ဍိလကိုတော့ မရဘူး၊ စူဠတုဏ္ဍိလကို ယူသွားလို့ ခွင့်ပေးလိုက်တယ်။
ဝက်ကလေးအား အမျိုးသမီးကြီးက အစာနဲ့များပြီး “စူဠတုဏ္ဍိလရေ …အမေ့ဆီလာပါအုံး” လို့ခေါ်လိုက်တယ်။ ညီဖြစ်တဲ့ဝက်ကလေးက အနားသို့ မယောင်မလည်နဲ့သွားပြီး စုံစမ်းကြည့်တော့ မဟန်မှန်းသိတဲ့အတွက် အစ်ကိုဆီ ပြေးလာတယ်။ စိတ်ဂရောင် ခြောက်ချား၊ တုန်လှုပ်မှုများနေတဲ့ ညီထွေး စူဠတုဏ္ဍိလရဲ့ ဖြစ်အင်ကို မြင်တော့ မေးတယ်။ ညီဖြစ်သူကလဲ အဖြစ်မှန်ကို ပြောပြတယ်။ အစ်ကိုလုပ်တဲ့သူက သိတယ် ခါတိုင်းဆို အစာကျွေးမယ်ဆိုရင် မဟာတုဏ္ဍိလ ရဲ့နာမည်ကိုသာ ခေါ်လေ့ရှိတယ်၊ ဒီနေ့တော့ ညီဖြစ်သူရဲ့ နာမည် ကို ခေါ်တယ်ဆိုတော့ ဒီနေ့အဖို့တော့ သူတို့ညီအစ်ကို သေဘေးနဲ့ရင်ဆိုင်ရတော့မယ်ဆိုတာကို သိလိုက်တယ်။
ဒါနဲ့ ညီဖြစ်သူအား “ညီထွေးစူဠတုဏ္ဍိလ…… ငါ့ညီက သေဘေးကို ကြောက်တဲ့အတွက် တစ်နေရာရာမှာ ပုန်းခိုမယ်ဆိုအုံးတော့ ပြေးမလွတ်ဘူး၊ ဒီထက်လုံခြုံတယ်လို့ ထင်ရတဲ့ နေရာတွေမှာ ပုန်းပုန်း၊ လူတွေ မလာနိုင်တဲ့ သမုဒ္ဒရာကြီးရဲ့ အလယ်ဗဟိုမှာပဲ သွား ပုန်းပုန်း တောင်ကြီး လှိုဏ်ခေါင်းအတွင်းမှာပဲ ပုန်းပုန်း အိုနာသေဆိုတဲ့ သူတို့ရဲ့လက်က ပြေးလို့ပုန်းလို့ မလွတ်နိုင်ဘူး၊ ညီထွေးရေ….. ဒါကြောင့်လေ သေဘေးကို ကြောက်နေလို့လည်း မထူးပါဘူး သေချိန်ကျသေမှာပဲ၊ သေဘေးကြီး ကိုယ့်ဆီမရောက်သေးခင်လေးမှာ ကိုယ်ကျင့်သီလဆိုတဲ့ ရနံ့တို့နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်များဟာ ကိုယ့်အသက် သေမယ်ဆိုတာတောင်မှ မကြောက်မရွံ့ နောက်မတွန့်ဘဲ သေဘေးကို ရဲရဲကြီး ရင်ဆိုင်နိုင်ကြတယ်” လို့ ဘုရားအလောင်းအစ်ကိုယ်ဖြစ်သူ မဟာတုဏ္ဍိလက ညီထွေး စူဠတုဏ္ဍိလအား ပြောလိုက်ပါတယ်။
ဝတ္ထုဇာတ်ကြောင်းက မဆုံးသေးဘူး၊ ဒါပေမဲ့ ဒီမှာလိုရင်းကတော့ အို နာသေ ဘေးတွေဟာ ဘယ်မှာပုန်းပုန်း ပြေးလို့ မလွတ်ဘူး၊ သေဘေးကို ကြောက်နေမဲ့အစား ကိုယ့်မှာ သီလတရားတွေကို ခိုင်မာအောင် ဆောက်တည်ထားကြမယ်ဆိုရင် သေဘေးကို ရင်ဆိုင်နိုင်တယ်ဆိုတဲ့ အကြောင်းအရာလေးက အဓိကမို့လို့ ဇာတ်တော်ကို ဒီလောက်နဲ့ပဲ ရပ်ထားလိုက်တော့မယ်။
လောကမှာ အနာဂါမ်၊ရဟန္တာများမှအပ သေဘေးကို ကြောက်ကြတာချည်းပါပဲ၊ ကြောက်လဲသေကြမှာပါ။မကြောက်လဲသေကြမှာပါ ။ ဒါကြောင့် လာမဲ့ဘေး ပြေးတွေ့နိုင်အောင် ကိုယ့်ဖက်က အဆင်သင့်ဖြစ်နေဖို့ အရေးကြီးတယ်ဆိုတာ သတိပေးပါရစေ။ ဇာတ်တော်ထဲမှာတော့ အသက်စွန့်ဖို့ အဆင်သင့်ဖြစ်အောင် ကိုယ်ကျင့်သီလများကို ပြည့်စုံအောင်ကျင့်သုံးကြလို့ ဟောတော်မူထားပါတယ်။
ကိုယ်ကျင့်တရားကို လုံခြုံအောင် စောင့်ထိန်းသူများလည်း ရှိသလို စားဝတ်နေရေးအရ မတတ်သာလို့ သီလဖေါက်ဖျက်ကျူးလွန်နေ ကြတဲ့သူများလည်း ရှိကြပါတယ်။ တချို့ တံငါရွာတွေမှာဆိုရင် သီလပေးတောင်မှ ပါဏာတိပါတ သိက္ခာပုဒ်ကို တစ်ချို့မဆိုချင်ကြဘူး၊ အခု သီလ ဆောက်တည်ထားလဲ တော်ကြာ ကျိုးပေါက်သွားမှာမို့လို့ ဆောက်တည်ထားလို့ ဘာမှထူးလာမှမဟုတ်ဘူးဆိုပြီး သီလမဆောက်တည်ချင် ကြတာ ရှိတယ်။ ဒီအတွက် အားငယ်စရာမလိုပါဘူး။
ပေါက်တဲ့နဖူး မထူးတော့ဆိုပြီး မထူးဇာတ်ခင်းကာသီလမဆောက်တည်ပဲ နေရင် အနာဂါတ်ခရီးဟာ မလှမပ ဖြစ်သွားပါ လိမ့်မယ်။ရဝေနွယ်ရဲ့ “မြင့်မြတ်သူတို့ရဲ့ အလုပ်” ဆိုတဲ့ စာအုပ်ထဲမှာ သီလအကြောင်းနဲ့ ရေးထားတာ သိပ်ကို ကောင်းပါတယ်။
သီလဆောက်တည်တဲ့အခါမှာ ကာလပရိယန္တသီလ ကာလအပိုင်းအခြားနဲ့ ဆောက်တည်တဲ့ သီလဆိုတာရှိတယ်။ ဆိုပါစို့ တစ်နာရီလောက် သီလဆောက်တည်နိုင်တယ်လို့ထင်ရင် တစ်နာရီအထိ ဆောက်တည်မယ်ဆိုပြီး သီလဆောင်တည်လို့ရပါတယ်။ တကယ်လို့ နေ့အခါမှာ သီလစောင့်ထိန်းဘို့ လုံးဝမဖြစ်နိုင်ဘူးဆိုရင် ညအချိန်ရောက်တဲ့အခါ အိပ်ပျော်မဲ့အချိန်ကနေ နိုးမယ်ထင်တဲ့အချိန်အထိ သီလစောင့်ထိန်းလို့ လည်းရပါတယ်။ တစ်နေ့ကို (၅)နာရီလောက် သီလစောင့်ထိန်းနိုင်တယ်ဆိုရင် တစ်လမှာ နာရီပေါင်း(၁၅၀) သီလကုသိုလ်တွေ ရသွား မှာပါ။
ဒါမှမဟုတ် ကိုယ်ရတဲ့အချိန်လေးမှာ ဘုရားရှေ့ သီလယူပြီး သီလနဲ့ ဘုရားရှင်ကို ပူဇော်နေတယ်ဆိုရင် သီလစောင့်နေတဲ့အချိန်မှာ ဘုရားရှင်အား ပူဇော်ခွင့်ရတဲ့အတွက် ကြည်နူးပီတိဖြစ်မိမှ အမှန်ပါ။ ဒီလိုပါပဲ ကုသိုလ်ရနိုင်တဲ့ လုပ်ငန်းတွေကို စွမ်းနိုင်သရွေ့ ပြုလုပ်လေ့ကျင့် ထားရမယ်။
ဒါဟာ ဘ၀နေ၀င်အချိန်အတွက် ပြင်ဆင်တဲ့နေရာမှာ အရေးပါလှပါတယ်။ ဘ၀မှာ အသက်ရှင်နေရတယ်ဆိုပေမဲ့ အထက်က အဖြစ်အပျက်လို ရုတ်တရက် ဖြစ်လာခဲ့ရင် အဆင်သင့်ဖြစ်ဖို့ အရေးကြီးပါတယ်။ နောက်ဆုံး သတိပေးချင်တာက…..
သုံးဆယ့်တစ်ဘုံအတွင်း နေရာတိုင်းမှာ သူတို့ ရှိနေကြ တယ်ဆိုတာပါပဲ…….

0 comments:
Post a Comment