Thursday, November 19, 2009

ပတ်ဝန်းကျင်က မြတ်ဓမ္မ(၁၀)

အဖန်ငါးရာ ငါးကမ္ဘာ
“အရှင်ဘုရား……အရှင်ဘုရားကျောင်းမှာ သာသနာအတွက် တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ ဦး………………..လေဘုရား၊ ဘယ်လို ပြဿနာများ ရှိလို့လည်းတော့မသိဘူး ပြီးခဲ့တဲ့ နှစ်က ကိုယ့်ဟာကိုယ် ကြိုးကွင်းဆွဲချ သတ်သေသွားပါတယ်ဘုရား၊ သွားပီပေါ့ဘုရား၊ ကိုယ့်ကိုယ်ကို သတ်သေတဲ့သူတွေဟာ အဖန်ငါးရာ ငါးကမ္ဘာ၊ ဘ၀ပေါင်းများစွာ ခံပေအုံးတော့ပေါ့ဘုရား”
ဒါယကာ တစ်ယောက် လျှောက်ထားလိုက်တဲ့ စကားကြောင့် သေသူအတွက် စိတ်မကောင်း ဖြစ်မိတာအမှန်ပါ။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အတွေးရေယဉ်ကြော မျောခဲ့ရပါတယ်။

လူတွေဟာ စိတ်ညစ်လို့ ဒေါသဖြစ်လို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံ ကြတဲ့သူတွေ လောကမှာ ဘယ်လောက်များ ရှိနေမလဲ။ တစ်ခါက ကြားလိုက်ရတယ် ဂျပန်နိုင်ငံမှာ စိတ်ညစ်လွန်းလို့ အခက်အခဲတွေကနေ ရုံးထွက်ဖို့အတွက် တံတားကြီးပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့သူများဟာ နှစ်စဉ် တစ်သောင်းဝန်းကျန်လောက် ရှိတယ်လို့ ကြားလိုက်ရပါတယ်။
သတ်သေရတဲ့အကြောင်းတွေက အများကြီးရှိကြမှာပါ။ စီးပွားရေး ယိုယွင်းလာတဲ့အတွက် ကြွေးတင်ရာက ပြန်မဆပ်နိုင်တာရယ်၊ ကိုယ့်ရဲ့ ပြင်လို့မရတဲ့ အမှားတွေကြောင့်ရယ်၊ လင်ကောင်မပေါ်ပဲရခဲ့တဲ့ ကိုယ်ဝန်ကြောင့် အရှက်ကို အသက်နဲ့လှဲလိုက်တာာ ရယ်၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်ဆိုတဲ့ လောကကြီးကို မရင်ဆိုင်ခြင်တာရယ်၊ ထိုထို အကြောင်းအရင်းတွေရယ်ကြောင့် ကိုယ့်ကိုယ်ကို သတ်သေကြတယ်။
လူ့ဘ၀ဟာ ရခဲလှပါတယ်လို့ ဘုရားရှင်ဟောတော်မူခဲ့တယ်။ ဗြဟ္မာ့ပြည်မှ အပ်တစ်ချောင်း ကျလာမယ်။ လူ့ပြည်ကလည်း အပ်တစ်ချောင်း ထောင်ထားမယ်ဆိုရင် ထိုအပ်နှစ်ချောင်းတို့ရဲ့ အပ်သွားထိပ်ချင်း ထိသွားနိုင်တယ်။ ဒါပေမဲ့ လူ့ပြည် လူတစ်ယောက်ဖြစ်ဖို့ မလွယ်ပါဘူး ။ အလွန်ခဲယဉ်းလှပါတယ်။ ဒါနဲ့တောင် လူ့ဘ၀အရတော်နေပါလျက်နဲ့ ဘာပြုလို့များ မိမိကိုယ်ကိုယ် သတ်သေကြရတာပါလိမ့်။
ပြည်ပနိုင်ငံများမှာ လူများဟာ အခက်အခဲမျိုးစုံကို ငါမရှိရင် အေးသွားမှာပါဆိုပြီး ကိုယ့်ကိုယ်ကို သတ်သေကြတယ်။ဒါဟာ လွဲမှားတဲ့ ထွက်ပေါက်ရှာနည်းတစ်ခုပါ။ လက်ရှိပစ္စုပ္ပန် ဘ၀အခက်အခဲကိုသာ အမြင်ကျဉ်းမြောင်းစွာ ကြည့်တတ်ကြတယ်။ သေသွားပါပြီတဲ့ ကျန်ရစ်တဲ့ ပြဿနာတွေ ပြေလည်နိုင်မလား၊ မပြေလည်နိုင်တဲ့အပြင် ကျန်ရစ်သူမိသားစုမှာ ပိုပြီး အပူတွေ များလာတာကို တွေ့ရ ပါတယ်။
ဒါဟာ အတွေးမှား၊ အသိမှားတဲ့အတွက် အလုပ် မှားသွားခြင်းပါ။
နောင် လူပြန်ဖြစ်ဖို့ ဆိုတာ မတွေးရဲအောင်ပါပဲ။ တစ်ချို့ကပြောကြတယ် ၀ဋ်ရှိလို့ ခံရတာပါ။ အရင်ဘ၀များစွာက ကိုယ့်ကိုယ်ကို သတ်သေခဲ့လို့ အခုလို ကိုယ့်ကိုယ်ကို သတ်သေရတာပါ စသဖြင့် မမြင်ရတဲ့ ကံကြမ္မာအတွက် အမျိုးမျိုး ဝေဖန်ပြောဆိုနေကြပါတယ်။
ဘယ်လိုအကြောင်းပဲ ရှိရှိ ဖြစ်လာတဲ့ အပေါ်မှာ သတိတရားနဲ့ လုပ်သင့်မလုပ်သင့် ဆင်ခြင်တုံ(ပညာ)တရားထားကြမယ်ဆိုရင် ယခုလို အဖြစ်မျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘ၀မှာ ဘယ်အချိန်မဆို သတိရှိရမယ်။ ပညာနဲ့ နှလုံးသွင်းဆင်ခြင်ရပါမယ်။ ဒီနေရာမှာ ဘုရားရှင်ဟောတော်မူခဲ့တဲ့ ဒုလ္လဘငါးတရားတွေကို ဖတ်ရှုလေ့လာပြီး ဆင်ခြင် နှလုံးသွင်းရင် ကောင်းမှာပါ။
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို နစ်နာအောင် မပြုလုပ်မိဖို့ အရေးကြီးပါတယ်။ ရလာတဲ့ လူ့ဘ၀လေး တန်ဖိုးရှိအောင် နေတတ်၊ ပြောတတ်၊ တွေးတတ်သွားဖို့ပဲ လိုတာပါ။
ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတာ အဖန်ငါးရာ ငါးကမ္ဘာ ခံရတတ်တယ်၊ ဘ၀ပေါင်းငါးရာ မိမိကိုယ်ကို ပြန်သတ်ရတတ်တယ် ……….တဲ့ ဒါက လူတို့ ပြောနေကြတဲ့ စကားတစ်ခုပါပဲ။ ကျမ်းဂန်မှာတော့ ဒီလိုမျိုး မလာပါဘူး။ ဒီဘ၀ငါးရာနဲ့ ပတ်သက်ပြီး ဧကနိပါတ် ၊ မတကဘတ္တဇာတ်မှာ…
ဗာရာဏသီပြည် ဒိသာပါမောက္ခဆရာကြီးဟာ တစ်နေ့ သေသူကို ရည်မှန်းပြီး လှူမယ် လို့ဆိုကာ ဆိတ်ကုလားတစ်ကောင်ကို ရေချိုးပြီး၊ ပန်းနံ့သာတွေနဲ့ လိမ်းခြယ်ပေးဖို့ ပန်ကုန်းစွပ်ပေးဖို့ တပည့်များအား ပြောပါတယ်။ တပည့်များကလည်း ဆိတ်ကုလားကို ရေချိုးပေးကာ ပန်းကုန်းစွပ်ပေးပြီး ကမ်းနားတစ်ခုမှာ ထားထားတယ်။ ဒီအချိန်မှာ ဆိတ်ကုလားက ရယ်လည်း ရယ်တယ်၊ ငိုလည်း ငိုတယ်။ ဒီအကြောင်းကို တပည့်များက “ဘာကြောင့် ရယ်ပြီး ဘာ့ကြောင့် ငိုရတာလဲ” ဆိတ်ကို မေးပါတယ်။ “ အခုမမေးပါနဲ့ ၊ သင်တို့ဆရာ ထံရောက်မှ မေးပါ” လို့ ဆိတ်ကပြန်ပြောပါတယ်။
ဒိသာပါမောက္ခဆရာထံရောက်တော့ တပည့်များရဲ့ ပြောဆိုချက်နဲ့ ငို ၊ ရယ်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဆိတ်ကုလားကို မေးပါတယ်။ “ဆရာကြီး ကျူပ်ဟာ တစ်ခုသောဘ၀တုံးက သင်လိုပဲ ဆရာကြီးဖြစ်ခဲ့ဖူးပါတယ်။ အခုလိုမျိုး သေသူကိုရည်မှန်း အလှူလုပ်ဖို့အတွက် ဆိတ်တစ်ကောင်ကို သတ်ခဲ့ဖူးပါတယ်။ ဒီမကောင်းမှုကံကြောင့် ဘ၀ပေါင်း ၄၉၉ ဘ၀တိုင်အောင် လည်ပင်းပြတ်ကာ သေပွဲဝင်ခဲ့ရပါတယ်။ ယခုဒါဟာ ငါ့အတွက် နောက်ဆုံးတစ်ဘ၀ပဲ ခံရတော့မှာပါ။ ဒါပြီးရင် လည်ပင်းပြတ်သေရတဲ့ ဘ၀က လွတ်ပါပြီဆိုပြီး တွေးမိလို့ ရယ်တာပါ။
နောက်တစ်ခုကဲ သင်ဆရာကြီးလည်း ငါ့ကိုသတ်ပြီး ဘ၀ငါးရာခံရအုံးမှာကို တွေးမိပြီး ဆရာကြီးကို သနားလို့ ငိုမိတာပါ” လို့ ဆိတ်ကပြောတော့ ဒိသာပါမောက္ခဆရာကြီးလည်း ဆိတ်ကို မသတ်တော့ဘဲ ချမ်းသာပေးလိုက်ပါတယ်။ ဒါပေမဲ့ ကံက မျက်နှာမလိုက်ပါဘူး။ တစ်နေ့ ဆိတ်ကုလားဟာ မြက်စားနေခိုက် အနီးရှိ ကျောက်ဖြာပေါ်ကို မိုးကြိုးထိမှန်ကာ ကျောက်ချပ်တစ်ခုလွင့်ထွက်လာပြီး ဆိတ်ကုလားရဲ့ လည်ပင်းကို ဖြတ်မိလျှက်သား ဖြစ်သွားပါတယ်။ လှံထမ်းလာတာကိုသာ မြင်ပြီး ကံထမ်းလာတာတော့ ဘယ်သူမှ မမြင်ကြဘူးဆိုတာ မှန်လိုက်ပါဘိ။
ဒီဝတ္ထုဟာ ဇာတ်တော်ထဲက လာတာပါ ။ဒီဝတ္ထုကို ရည်ရွယ်ပြီး အဖန်ငါးရာ ဆိုတာ ဖြစ်ပေါ်လာတာပါ။ တကယ်ကတော့ ကိုယ့်ကိုယ်ကို သတ်သေတာဟာ အဖန်ငါးရာ ငါးကမ္ဘာဆိုတာ မဟုတ်ပါဘူး။ သူများကို သတ်လို့သာ အဖန်ငါးရာခံရတာပါ။
ပြောချင်ပါသေးတယ် မိမိကိုယ်ကိုယ် သတ်သေတာဟာ နှစ်မျိုးရှိတယ်။ (၁) မိမိခန္ဓာရဲ့ အပြစ်ကိုမြင်ပြီး သတ်ခြင်း။(၂) အပြစ်ဒေါသကြောင့်သတ်ခြင်း တို့ဖြစ်ကြတယ်။
မိမိခန္ဓာရဲ့အပြစ်မြင်ပြီး သတ်တာ ဟာ ပါဏာတိပါတကံမထိုက်သလို အပြစ်လည်းမရှိပါဘူး။ ပါဏာတိပါတကံထိုက်တဲ့ အင်္ဂါ ငါးချက် ရှိပါတယ်။ (၁)သတ်အပ်တဲ့သတ္တ၀ါရှိရမယ်။ (၂) သတ္တ၀ါရယ်လို့ အမှတ်သညာရှိရမယ်။(၃)သတ်လိုစိတ်ရှိရမယ်။(၄)လုံ့လပြုရမယ်။(၅) လုံ့လကြောင့် သေသွားတာရယ်။ ဆိုပြီး အင်္ဂငါးချက်နဲ့ပြည့်စုံရင် ပါဏာတိပါတကံထိုက်ပါတယ်။
အတ္တာနံ မုဉ္စိတွာ ပရပါဏိမှ ပါဏသညိတော လက္ခဏဿ အင်္ဂဿ အဘာဝတော နေ၀တ္ထိ ပါဏာတိပါတော လို့ ၀ိမတိဝိနောဒနီ ပ-၂၂၈ မှာ ပြထားပါတယ်။ အဓိပ္ပါယ်က….. မိမိကိုယ်ကို ထားပြီး တစ်ပါးသတ္တ၀ါရယ်လို့ အမှတ်သညာလက္ခဏာ မရှိတဲ့အတွက်ကြောင့် ပါဏာတိပါတကံ မဖြစ်ဘူး လို့ဆိုထားပါတယ်။
တစ်ခါတုန်းက ၀ဂ္ဂလိထေရ်ဟာ သူ့လည် ပင်းကို သူ့ဓားနဲ့ ဖြတ်ခဲ့တာပဲ။ သူ့ကိုယ်သူသတ်လို့ အပါယ်မကျတဲ့အပြင် ရဟန္တာဖြစ်သွားကြောင်းကို ခန္ဓ၀ဂ္ဂသံယုတ်ပါဠိ(၉၇)မှာ အထင်အရှားရှိပါတယ်။ အဖန်ငါးရာဆိုတာ မဟုတ်ပါဘူး။
နောက်တစ်ခု အပြစ်ဒေါသကြောင့် ကိုယ့်ကိုယ်ကို သတ်သေရင်တော့ အပြစ်ဖြစ်တတ်ပါတယ်။
“ကောဓံ နိဿာယာတိ- သတ္တော သတ္ထံ အာဒါယ အတ္တနာဝ အတ္တာနံ ပဟရန္တိ၊ ၀ိသံ ခါဒန္တိ၊ ရဇ္ဇုယာ ဥဗ္ဗန္ဓ န္တိ၊ ပပတာ ပပတန္တိ၊ ဧ၀ံ ကောဓ၀သေနကာလံ ကတွာ နိရယာဒီသု ဥပ္ပဇ္ဇ န္တိ” လို့ ဧကနိပါတ်၊ ဋ္ဌ -၅၃၁ မှာ ဖေါ်ပြထားပါတယ်။ အဓိပ္ပါယ်က…
အပြစ်ဒေါသကြောင့် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို သတ်သေကြတယ်။ အဆိပ်စားခြင်း၊ ကြိုးကွင်းလည်ပင်းစွတ်ခြင်း၊ ကမ်းပါးပြတ်မှခုံချခြင်းစတဲ့ အပြစ်ဒေါသရဲ့ အစွမ်းနဲ့ ကိုယ့်ကိုယ်ကို သတ်သေလို့ သေလွန်တဲ့အခါ ငရဲ စတာတွေကို ရောက်တတ်တယ် လို့ ဟောတော်မူထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပုထုဇဉ်လူသားများအနေနဲ့ ကိုယ့်ကိုယ်ကိုသတ်သေတဲ့ အကျည်းတန်တဲ့အဖြစ်မျိုးမှ လွတ်ကင်းအောင် နေတတ်ဖို့ပါသာ လိုတာပါလို့ ပြောရင်း သာယာဖြောင့်ဖြူးတဲ့ ဘ၀ကို ပိုင်ဆိုင်သူများ ဖြစ်ကြပါစေ……….

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More