Sunday, September 6, 2009

သောတာပန်ဟာ တဏှာရူး လောဘရူးလား

ဘုရားရှင်ရဲ့ အဆုံးအမတရားတော်များကို ရဟန်းရှင်လူများ အသက်ပေးပြီး သယ်ဆောင်ခဲ့တာ ယနေ့ထိတိုင်အောင်ပါပဲ့။ ဒီလို သာသနာတော်ကြီးကို လက်ဆက်ကမ်းသယ်ဆောင်လာခဲ့တဲ့နေရာမှာ အခက်အခဲမျိုးစုံနှင့် ကြုံခဲ့တာလည်းရှိတယ်။ ဆန့်ကျင်ဖက်ဝါဒမျိုးစုံကို ကြံ့ကြံ့ခံကာ ကျော် လွှားခဲ့ရတာလည်း ရှိပါတယ်။
ဒီဆန့်ကျင်ကွဲပြားတဲ့ဝါဒများဟာ ဘုရားရှင်သက်တော်ထင်ရှားလက်ထက်ကလည်း ရှိခဲ့သလို၊ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နောက်ပိုင်းမှာ လည်း အနည်းနှင့်အများ ရှိခဲ့ပါတယ်။ သဘောထားကွဲလွဲကာ စဉ်ပြိုင်ဝါဒတွေလည်း ပေါ်ပေါက်ခဲ့ တယ်။ ဒါ့အပြင် လာဘ်လာဘကိုငှဲ့ပြီး သာသနာအတွင်းသို့ ၀င်ကြတဲ့အတွက် ရဟန်းအတုအယောင်တွေနဲ့ အုတ်ရောရော ကျောက်ရောရော ဖြစ်လာခဲ့တယ်၊ အဲလိုအခြေအနေမှာ တာဝန်ရှိ မင်းနှင့်ရဟန်းရှင်လူများက သာသနာသန့်ရှင်းရေး စီမံကိန်းဖြင့် ရဟန်းအတုအယောင်များကို လူထွက်စေကာ သာသနာကို သန့်ရှင်းအောင်ပြုခဲ့ရတဲ့အခါ လည်း ရှိပါတယ်။

ရဟန်းရှင်လူအများ အသက်ပေးပြီး လက်ဆက်ကမ်း သာသနာပြုခဲ့ပုံများကိုလည်း ဓမ္မာစရိယဦးဌေးလှိုင်ရဲ့ သီဟိုဠ်ခေတ်စံတော်ဝင်အရိယာများ စာအုပ်မှာ ကြည်ညိုဖွယ်ရာ ဖတ်ခဲ့ရပါတယ်။ ဒီလိုနဲ့ သာသနာတော်ကြီး ရှင်သန်တည်တံ့နေတာဟာ ယခုဆိုလျှင် နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပြီဖြစ် ပါတယ်။ ယနေ့ခေတ်မှာလည်း အတ္တနောမတိဖြင့် ကိုယ်လိုရာဆွဲတွေးပြီး ဗုဒ္ဓ၀ါဒပဲ လို့ ဘန်းပြကာ အဆန်းထွင်နေကြသူများလည်း ရှိလာကြပြန်ပါပြီ။
တစ်နေ့ ဘာသာရေးမဂ္ဂဇင်းကြီးတစ်စောင်ရဲ့ အယ်ဒီတာချူပ်တစ်ဦးထံမှ ဖုန်းလာပါတယ်။ အကြောင်းက မကြာမီ ထုတ်ဝေမဲ့ စာရေးသူရဲ့စာအုပ်ကိစ္စကို ဆွေးနွေးဖို့ပါ။ ဒါပေမဲ့ တကယ်ဆွေးနွေးဖြစ်သွားတာက ယနေ့ခေတ်နာမည်ကြီးနေတဲ့ လူပုဂ္ဂိုလ်သာသနာပြုအဖွဲ့တဖွဲ့အကြောင်း ပါ။ အယ်ဒီတာချူပ်ကြီးရဲ့ ပြောပြချက်က “ အရှင်ဘုရား….လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်လောက်တုန်းက လူပုဂ္ဂိုလ်ဦးဆောင်တဲ့ သာသနာပြုအဖွဲ့တဖွဲ့က လူအများအား ဖိတ်ပါတယ်၊ ဒီအထဲမှာ တပည့်တော်တို့ စာနယ်ဇင်းအဖွဲ့တွေ၊ အယ်ဒီတာတွေလည်း စုံစုံလင်လင်ပါပါတယ်။ သူတို့ဖိတ်ရခြင်းအကြောင်းက သူတို့်တရား နဲ့ပတ်သက်ပြီး မသိတာတွေ မေးမြန်းနိုင်ဖို့ အတွက် ရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ကြပါတယ်ဘုရား… အဲဒီမှာ တပည့်တော်က ‘ခင်ဗျားတို့က အပါယ်ပိတ်နေပီဆိုတော့ သောတာပန်ဖြစ်နေပီလား’ လို့မေးတော့ ……..အဖွဲ့ခေါင်းဆောင်ရဲ့လက်ထောက်တစ်ယောက်က မထင်မှတ်တဲ့ စကားကို ပြောလာပါတယ်၊ ‘သောတာပန်ဆိုတာ ဘာမှမဟုတ်သေးဘူး။ လူထက်အနည်းငယ်ပဲ သာတာ။ တကယ်တော့ သောပန်တွေဟာ တဏှာရူး - လောဘရူး တွေအဆင့်ပဲ ရှိသေးတာပါ၊ သောတာပန်မဖြစ်လဲ အပါယ်မကျနိုင်အောင် ကျင့်သုံးနိုင်ရင်ပီးတာပဲ မဟုတ်လား’၊ လို့အရိယာကို စော်ကားတဲ့စကားနဲ့ ပြန်ဖြေလိုက်ပါတယ်။ ကြားရတာ ကိုယ့်နားကိုယ် မယုံနိုင်အောင်ပါပဲ၊ တပည့်တော် ကြက်သီးထမိ တာအမှန်ပါဘုရား၊ ဒီစကားကို ဘ၀င်မကျတဲ့အတွက် ပြန်မေးလိုက်ချင်ပါတယ်၊ဒါပေမဲ့ သူတို့ပွဲဆိုတော့ တပည့်တော် မမေးတော့ပဲ ပြန်ခဲ့ပါတယ်ဘုရား” လို့ အယ်ဒီတာချူပ်တစ်ဦးက သူ တွေ့ကြုံခဲ့ရပုံများကို ပြောပြပါတယ်။
ယခုအခါ အင်တာနက်များပေါ်ပေါက်လာတဲ့အတွက် အင်တာနက်စာမျက်နှာပေါ်မှာ ကိုယ်လိုရာ ဆွဲပြီး ဗုဒ္ဓ၀ါဒဖြစ်လေဟန် ဟောပြော ရေးသားနေကြတာဟာ သာသနာအတွက် အလွန်ဝန်လေးစရာကောင်းလှပါတယ်။ စာဖတ်သူများကလည်း အင်တာနက်စာမျက်နှာပေါ်ရှိ စာများကို ဖတ်ပြီး အရမ်းမယုံကြည်သင့်ပါ။ ကိုယ်ပိုင်အသိဥာဏ်ဖြင့် စဉ်းစားတွေးခေါ်စေလိုပါတယ်။ ကိုယ်ဥာဏ်မမှီဘူးပါ့ဆိုရင်လည်း ထေရ၀ါဒ အခြေခိုင်တဲ့ ပညာတတ်ဆရာဘုရားကြီးများကို မေးမြန်းလျှောက်ထားသင့်တယ်လို့ အကြံပေးပါရစေ။
မကြာသေးမီက အင်တာနက်စာမျက်နှာပေါ်မှာ “ သောတာပန်ဟာ ငါးပါးသီလလုံပါရဲ့လား” ဆိုပြီး ရူးကြောင်မူးကြောင် အမေးမျိုးကို လာရောက်မေးမြန်းထားတာ တွေ့ရပါတယ်။ ဒါဟာ သောတာပန်အတု ဖြစ်ကြောင်း တစ်ယောက်က ပြန်လည် ဖြေထားတာကို တွေ့လိုက်ရတယ်။ စာရေးသူကလည်း ထပ်ဆင့်ဖြေလိုက်ပါရစေ…. သောတာပန် ငါးပါးသီလ လုံ/မလုံဆိုတာကို သိချင်ရင် နည်းစနစ်မှန်စွာနဲ့ အားထုတ်ပါ။………………ကိုယ်ကိုယ်တိုင်က အပျင်းကြီးပြီး ကြိုးစားတရားအားမထုတ်ဘဲနဲ့ သောတာပန်အရိယာများကို အတင်းအဖျင်းပြောကာ အပါယ်လက်မှတ်ကို မ၀ယ်နေကြပါနဲ့ လို့ ပြောချင်ပါတယ်။
ဒီနေရာမှာ သောတာပန်တို့ရဲ့ စိတ်နေစိတ်ထားကို ဖေါ်ပြပါဦးမယ်။
သက္ကပဥှသုတ်မှာ သိကြားမင်းက ဘုရားရှင်အား “ အရှင်ဘုရား…. လူ နတ် ဗြဟ္မာ သတ္တ၀ါတွေဟာ ဘေးရန်ကင်းပ ချမ်းသာစွာ နေလိုပါသော်လည်း မနေရတာဟာ ဘာကြောင့်ပါလဲဘုရား” လို့ လျှောက်တယ်။ ထိုအခါ ဘုရားရှင်က “ လူ နတ် ဗြဟ္မာ သတ္တ၀ါတွေ ဘေးရန်ကင်းပ ချမ်းသာစွာ နေလိုပါသော်လည်း မနေရတာက ဣဿ မစ္ဆရိယ တရားကြောင့်ပါပဲ” လို့ မိန့်တော်မူတဲ့အတွက် ဣဿာ မစ္ဆရိယဟာ သတ္တ၀ါတွေကို အလွန်ဆင်းရဲစေတတ်တဲ့ တရားဆိုးဖြစ်တယ်။ ထိုတရားဆိုးတွေဟာ သောတာပန် မှာ မရှိတော့ဘူးလား၊ ပယ်ပြီးပြီလား ဆိုတာနဲ့ ပတ်သက်ပြီး ပြောရအောင်ပါ။
မဂ်လေးပါးဖြင့် ကိလေသာအဆင့်ဆင့်ကို ပယ်ပုံကို မူလပဏ္ဏာသအဋ္ဌကထာ၊ ပ ၊ ၁၇၀ -၀တ္တသုတ်အဖွင့်မှာ ဖွင့်ပြထားပါတယ်။
(၁)အဘိဇ္ဈာ ၀ိသမလောဘ, ထမ္ဘ,သာရ မ္ဘ, မာန, အတိမာန, မဒ ကိလေသာ ခြောက်ပါးကို အရတ္တမဂ်က ပယ်ခွာတယ်။
(၂)ဗျာပါဒ, ကောဓ, ဥပနာဟ, ပမာဒ ကိလေသာလေးပါးကိုတော့ အနာဂါမိမဂ်က ပယ်ခွာတယ်။
(၃)မက္ခ, ပလာသ, ဣဿာ, မစ္ဆရိယ, မာယာ, သာဌေယျ ကိလေသာ ခြောက်ပါးတို့ကို သောတာပတ္တိမဂ်က ပယ်ခွာတယ်။
(သုတ်မဟာဝါ အဋ္ဌကထာ နှင့် သမ္မော - ဋ္ဌ တို့မှာလည်း အတူတူပဲ ဖွင့်ဆိုထားပါတယ်) ဒီပယ်စဉ်အရ အလွန်ဆိုးဝါးတဲ့ ဣဿာ မစ္ဆရိယတရား များကို သောတာပတ္တိမဂ်က အညွန့်အညောက်မထွက်အောင် ပယ်ခွာကြောင်း သိသင့်ပါတယ်။
ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာတရားကို အကြွင်းမဲ့ပယ်ပြီးဖြစ်လို့ ရတနာသုံးပါးအပေါ်မှာ သက်ဝင်ယုံကြည်တဲ့ စိတ်ရှိတယ်။ ဘယ် သိကြားဗြဟ္မာများက လာရောက်ဖျက်ဆီးသော်လည်း ဘယ်သောအခါမှ ရတနာသုံးပါးအပေါ်မှာ ယုံကြည်မှု မပျက်တော့ပါ။ အရိယာတို့နှစ်သက် မြတ်နိုးတဲ့ ငါးပါးသီလအကျင့်နဲ့လည်း လုံခြုံတယ်။( မဟာဝဂ္ဂသံယုတ်၊ ဝေဠုဒွါရသုတ်)
သောတာပန်ဟာ ဘ၀တစ်ပါးရောက်ပြီး မိမိကိုယ်ကိုယ်ကို သောတာပန် မှန်းမသိ ဖြစ်နေစေဦးတော့ ငါးပါးသီလတော့ မဖေါက်ဖျက်တော့ဘူး။ “သတ္တ၀ါအသက်ကို မသတ်ရင် သင့်ရဲ့ခေါင်းကို ဖြတ်သတ်ရလိမ့်မယ်” ဆိုတာတောင်မှ ကိုယ့်အသက်ပဲ အသေခံမယ် သီလအကျင့်ကိုတော့ လုံးဝမဖျက်တော့ပါ။ ထို့အတူ သူတစ်ပါးဥစ္စာ မခိုးတော့ဘူး၊သူတစ်ပါး သားမယား မပျက်မှားတော့ဘူး၊ လိမ်ပြောခြင်းလည်း မရှိတော့ဘူး၊ သေရည်အရက်လည်း မသောက်တော့ဘူး။ (ဗဟုဓာတုကသုတ်)
တကယ်လို့ သောတာပန်ဟာ တဏှာရူး လောဘရူးပဲဖြစ်သေးတယ်ဆိုရင် ငါးပါးသီလထဲက ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ကို လွန်ကျူး ဦးမှာပါ။ သီလအကျင့်လုံပြီး လုံးဝမပျက်တော့တာကို ထောက်ပြီး သောတာပန်များဟာ တဏှာရူး၊လောဘရူး မဟုတ်ကြကြောင်း ပြောရင်း အဆုံး သတ်လိုက်ပါရစေ……………….

3 comments:

အရှင်ဘုရားများ သိကြတဲ့အတိုင်းပဲ သူတော်ကောင်းများနဲ့ ပေါင်းသင်းထိတွေ့ဖူးတဲ့ သူများကတော့ သောတာပန်ပုဂ္ဂိုလ်ရဲ့ အင်မတန်ခေါင်းပါးတဲ့ ကိလေသာကို သိရှိ ကြည်ညိုတတ်ပါတယ်။ သောတာပန်ပုဂ္ဂိုလ်ဟာ ပုထုဇဉ်နဲ့နှိုင်းယှဉ်လျှင်ကို အင်မတန်ခေါင်းပါးတဲ့ ကိလေသာ ရှိတယ်လို့ ဆရာတော်ဘုရားများက ထောက်ပြလေ့ရှိပါတယ်။

ကျင့်ဆဲ သေက္ခ ပုဂ္ဂိုလ်များရဲ့ ဂုဏ်ကျေးဇူးကိုသတိမပြုဘဲ လျှော့လျှော့ပေါ့ပေါ့ တွက်ဆပြောဆိုကြတဲ့ သဘောကတော့ အလွန်တိမ်တဲ့ အသိဥာဏ်ကြောင့် မဟုတ်ရင် စဉ်းလဲကောက်ကျစ်မှု သက်သက် ပါပဲဘုရား။

Sayardaw, did you really hear what they said like that? You just blindly believe what the editor said and posted it in your blog. You should know Kar Lar Ma Sutta. Have you visited to their dhamma talk? Have you pointed out them directly to their office? They always welcome all the feedback and comments. If you really want to write all bad things about that group, you should go and see first. Then you write your view based on what you see, what you hear.
"ယခုအခါ အင်တာနက်များပေါ်ပေါက်လာတဲ့အတွက် အင်တာနက်စာမျက်နှာပေါ်မှာ ကိုယ်လိုရာ ဆွဲပြီး ဗုဒ္ဓ၀ါဒဖြစ်လေဟန် ဟောပြော ရေးသားနေကြတာဟာ သာသနာအတွက် အလွန်ဝန်လေးစရာကောင်းလှပါတယ်။ စာဖတ်သူများကလည်း အင်တာနက်စာမျက်နှာပေါ်ရှိ စာများကို ဖတ်ပြီး အရမ်းမယုံကြည်သင့်ပါ။" you are the one who is spreading bad things about that group only with your own personal judgment without valid points.
"ကိုယ်ပိုင်အသိဥာဏ်ဖြင့် စဉ်းစားတွေးခေါ်စေလိုပါတယ်။ ကိုယ်ဥာဏ်မမှီဘူးပါ့ဆိုရင်လည်း ထေရ၀ါဒ အခြေခိုင်တဲ့ ပညာတတ်ဆရာဘုရားကြီးများကို မေးမြန်းလျှောက်ထားသင့်တယ်လို့ အကြံပေးပါရစေ။" They are not blindly giving Dhamma talk around the country. U Ku Mar Ra (Pann Kone Sayardaw) is their guidance Sayardaw. And their method of meditation mainly refers to The` Inn Guu's method and followed the guidance of Thote Than Sayardaw.

To AHla Taya...
"ကျင့်ဆဲ သေက္ခ ပုဂ္ဂိုလ်များရဲ့ ဂုဏ်ကျေးဇူးကိုသတိမပြုဘဲ လျှော့လျှော့ပေါ့ပေါ့ တွက်ဆပြောဆိုကြတဲ့ သဘောကတော့ အလွန်တိမ်တဲ့ အသိဥာဏ်ကြောင့် မဟုတ်ရင် စဉ်းလဲကောက်ကျစ်မှု သက်သက် ပါပဲဘုရား။" You cannot blame them that it is cunning. Why they need to be cunning? to get money? to get famous?
They said that because they want to motivate the people to get Nibbanna even in this life. It's not about they are not respecting such person.

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More