အမေး။ ။အရှင်ဘုရား…. ဗုဒ္ဓဟောကြားတဲ့ ၀ိဘဇ္ဇ၀ါဒကို တပည့်တော် ၀က်ဘ်ဆိုက်မှာ တင်ထားပါတယ်။ အဲဒါကို တစ်ယောက်က ဒီလိုလာမေးပါတယ်။ ဘုရားရှင်က ကေသမုတ္တိသုတ္တန်တရားတော်ကို ကာလာမ တို့ကိုသာပြောခြင်းဖြစ်တယ်။ buddhism တို.ကိုပြောတာ မဟုတ်ဘူးလို့ အငြင်းပွားနေတုံးပါဘုရား။ တပည့်တော်သိချင်တာက ကေသမုတ္တိသုတ္တန်တရားတော်ဟာ ကာလာမတို့ကို သာဟော တာလား၊ တခြား သူများကိုလည်း မဟောဘူးလား ဆိုတာကို အချက်အလက်နှင့် တကွ ရှင်းပြပေးစေလိုပါတယ်ဘုရား။ ။
သူရသော်သော်
ကော့သောင်
အဖြေ။ ။မောင်သူရသော်သော်ရေ….အမေးရှိလို့သာ ဖြေလိုက်ရတယ်။ ဘယ်လိုဖြေရမလဲ အချက်အလက်အထောက်အထားဘယ်မှာ ရှာရမလဲဆိုတာ စဉ်းစားမတတ်အောင်ဖြစ်နေတယ်။ ဒါပေမဲ့ ဝေးဝေးမတွေးလိုက်ရဘူး။ အဲဒါက ဘုရားရှင်ဟောထားတဲ့ ပိဋကသုံးပုံပဲပေါ့။
ဘုရားရှင်ဟောကြားတဲ့ တရားတော်မှန်သမျှဟာ တစ်ဦးတစ်ယောက်အတွက်၊ မျိုးနွယ်စုတစ်ခုအတွက် မရည်ရွယ်ပါဘူး၊ တစ်ဦးတစ်ယောက်အတွက်၊ မျိုးနွယ်စုတစ်ခုအတွက်သာဆိုရင် လေးသင်္ချေ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတာလည်း မတန်ပါဘူး။
ကေသမုတ္တိတရားဟာ ကာလာမတွေကို ဟောတာမှန်ပေမဲ့ လူ၊နတ်၊ဗြဟ္မာအားလုံးအတွက် ဖြစ်တယ်။
ပိဋကတ်သုံးပုံမှာ ဟောထားတဲ့တရားတော်များဟာ အများအားဖြင့် ပုဂ္ဂိုလ်တစ်ဦး၊ မျိုးနွယ်စုတစ်ခုကို အကြောင်းပြုပြီး ဟောကြားထားတာဖြစ်တယ်။ ဆိုကြပါစို့ ဘုရားရှင်ဟာ ပဉ္စ၀ဂ္ဂီငါးဦးကို အကြောင်းပြုပြီး ဓမ္မစကြာတရားကို ဟောတော်မူခဲ့ပါတယ်။ တကယ်လို့ ကေသမုတ္တိတရားဟာ ကာလမများ အတွက်သာ ဖြစ်ခဲ့မယ်ဆိုရင်…… ဓမ္မစကြာတရားတော်ဟာလည်း ပဉ္စ၀ဂ္ဂီငါးဦးနဲ့သာ ဆိုင်ရမှာပါ။ ပဉ္စ၀ဂ္ဂီငါးဦးမှတစ်ပါး အခြား ဗုဒ္ဓဘာသာဝင်တိုင်း ဓမ္မစကြာတရားကို လိုက်နာကျင့်သုံးစရာ မလိုဘူးလို့ ထင်မှတ်စရာရှိနေပါ တယ်။
ဓမ္မပဒအဋ္ဌကထာ ပ-ဒု နှစ်အုပ်စလုံးမှာတဲ့ တရားအပုဒ်တိုင်းဟာ ဘယ်သူ့ကို အကြောင်းပြုပြီး ဟောတယ်ဆိုတာ ပါပါတယ်။ ဒါဆိုရင် အကြောင်းပြုတဲ့သူနဲ့သာ ဆိုင်တယ် ၊ အခြားဗုဒ္ဓဘာသာဝင်များနဲ့ မဆိုင်ဘူး၊ ကျင့်သုံးစရာမလို ဖြစ်နေတာပေါ့။ ဥပမာ…ဗာဟိယဒါရုစီရိယ ၀တ္တုမှာ ဘုရားရှင်က ဗာဟိယကို “တသ္မာတိဟ တေ ဗာဟိယ ဧ၀ံ သိက္ခိတဗ္ဗံ ‘ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘ၀ိဿတီ တိ” လို့ မိန့်တော်မူပါ တယ်။ အဓိပ္ပါယ်က… “ဗာဟိယ…သင်ဟာ မြင်လျှင် မြင်ရုံမျှ ဖြစ်ရမယ် ဆိုတဲ့အတိုင်း ကျင့်သင့်တယ်” လို့ မိန့်တော် မူထားပါတယ်။
>ဒီမှာလည်း ဗာဟိယကိုသာ နာမည်တတ်ပြီး ဟောတာဆိုတော့ ဗာဟိယတစ်ယောက်ထဲသာ ကျင့်သုံးရမလိုဖြစ်နေတယ်။ ဗာဟိယမှတစ်ပါး အခြား ဗုဒ္ဓဘာသာဝင်များ ကျင့်သုံးစရာ မလိုဘူးလို့ မှတ်ထင်စရာရှိပါတယ်။ ဒါဆိုရင် ယနေ့အထိ ဒီတရားတွေကို လူအများ ကျင့်သုံးနေတယ်ဆိုတာ ပေါ်လွင်လောက်ပါပြီ။ အချူပ်ဆိုရရင် ဘုရားရှင်ဟာ ဒေသနာခံကို အကြောင်းပြုပြီး ဟောပေမယ့် တရားအားလုံးဟာ လူမျိုးမရွေး ဘာသာမရွေး လူတိုင်း နဲ့သက်ဆိုင်တဲ့ (Universal )သာဖြစ်ပါကြောင်း ဖြေကြားပေးလိုက်ရပါတယ်။

0 comments:
Post a Comment